Sunday, June 29, 2014

The Golden Age of Writers' Theatre - Junior Win



စာရေးဆရာပြဇာတ်တို့၏ ရွှေခေတ်
ဂျူနီယာဝင်း
ဇွန် ၂၈၊ ၂၀၁၄
The Golden Age of Writers’ Theatre
Junior Win ၏ Walking Through The Wonderand ကင်ဒဲယ် အီးဘုတ်မှ The Golden Age of Writers’ Theatre ကိုကိုယ်တိုင်ဘာသာပြန်ထားပါသည်။


(၁၉၅၀? လောက်က ကပြခဲ့ကြသော ဒိုင်းခင်ခင်ပြဇာတ်အတွက် အစမ်း ရီဟာဇယ် လေ့ကျင့်နေကြစဉ်။ (၀ဲမှယာ) (ဦး) သုခ၊ ဦးခင်မောင်လတ်၊ (ဒေါ်) ခင်မျိုးချစ်နှင့် (ဒေါ်) မလှသန်း။)

“စာရေးဆရာပြဇာတ်“ မြန်မာပြည်မှာ မြန်မာပြည်က စာရေးဆရာတွေ တီထွင်လိုက်တာ ဖြစ်ပါသည်။ သူတို့က ရုပ်ရှင်မင်းသား မင်းသမီးတွေတော့ မဟုတ်ကြပါဘူး။ သို့သော် သူတို့က တကယ့်သရုပ်ဆောင်တွေလိုပဲ သရုပ်ဆောင်ကပြ ကြပါသည်။ စာရေးဆရာ များ၏ပြဇာတ် ပေါ်လာတာ မြန်မာပြည်မှာ ဂျပန်တွေခေတ် ကနေစလာလိုက်တာ ၁၉၅—? အထိကဟုပဲ ခန့်မှန်းပါသည်။ ကျွန်မတို့၏ အဘိုးအဘွားများက စာရေးဆရာများဆိုတော့  အဲသည်ပြဇာတ်ထဲ ပါဝင်ကြတာ အသေအချာပေါ့။

● စာရေးဆရာပြဇာတ် ဘယ်လိုစဖြစ်ပေါ်?

အဲသည်အချိန်အခါတုန်းက မြန်မာစာရေးဆရာများ အဖွဲ့ကနေ ရန်ပုံငွေ အတွက် ပြဇာတ်တစ်ပုဒ်ကဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။ အဖွဲ့ဝင် တွေဟာ ဦးပုည၏နံမယ်ကြီး ပြဇာတ်များအပါအ၀င် မြန်မာပြဇာတ်များစွာကို ရွေးချယ် ကပြကြဖို့ စဉ်းစားခဲ့ကြပါသည်။ (ဦးပုညဆိုတာ မြန်မာ့နံမယ်ကျော် စာရေးဆရာ ကဗျာဆရာကြီးဖြစ်သည်။ ကဗျာတွေလည်းများစွာ ရေးသားခဲ့သူ ဖြစ်သည်။ သူကသမိုင်းဝင် နံမယ်ကျော် စာကြီးပေသားများကို ရေးသားခဲ့သူဖြစ်ပါသည်။ သူရေးသားသော ကဗျာစာကြောင်းများမှာ ရှည်လျားပြီးခက်ခဲလှ၏။ ဘယ်လိုရုပ်ရှင်မင်းသားမင်းသမီးတွေ မှပင် သူ့စာကြောင်းကြီးများကို သံနေသံထား မှန်မှန်ဖြင့် အလွတ်မရွတ်နိုင်ကြပါ။ အင်း….. စာရေးဆရာများကလွဲ လို့ပေါ့။ သည်ထဲမှာ ရုပ်ရှင်သရုပ်ဆောင်လဲ ဟုတ်နေသည့် စာရေးဆရာကြီး ဦးသုခ လို နံမယ်ကျော် စာရေးဆရာ အဆိုတော်ကြီး အတွက် ချွင်းချက်ထားရပေတော့မည် ဖြစ်ပါသည်။)
စာရေးဆရာပြဇာတ်အတွက် ပြဇာတ်များ
စာရေးဆရာပြဇာတ်ထဲတွင် စာရေးဆရာများက မင်းသား မင်းသမီးများ ဖြစ်လာသည်။ သူတို့ကပြခဲ့သည့် ပြဇာတ်များမှာ ဒိုင်းခင်ခင် (သီပေါမင်း၏ ကြင်ယာတော် အကြောင်းရေးထားသည့် ဇာတ်လမ်း) ပြဇာတ်၊ ၀ိဇယ (မင်းသားအမည်)၊ နတ်သျှင်နောင် (မြန်မာစစ် သည်နှင့်ကဗျာဆရာ အကြောင်းဇာတ်လမ်း) ပြဇာတ်၊ မြ၀တီမင်းကြီးဦးစ (မြန်မာစစ်သည်တော် ပညာတတ် ကဗျာဆရာ အကြောင်း) ပြဇာတ်၊ စသည်စသည်ဖြင့်တို့သည် စာရေးဆရာ ပြဇာတ်များဖြစ်လာကြပါသည်။
(ပုံတွင် စာရေးဆရာကြီး (ဦး) သင်္ခက ဘုရင်အဖြစ်၊ (ဒေါ်)ခင်မျိုးချစ်က ဘုရင်မကြီးအဖြစ် သရုပ်ဆောင်နေကြပုံ။)
● ဘယ်သူတွေက ဘယ်လိုဇာတ်ကောင်တွေ သရုပ်ဆောင်ကြသလဲ?
(ဦး)သင်္ခ (စာရေးဆရာ) က အမြဲတမ်း ဘုရင်လုပ်ကာ ကျွန်မအဘွား (ဒေါ်)ခင်မျိုးချစ်က အမြဲတမ်း ဘုရင်မကြီး လုပ်လေ့ရှိကြပါသည်။ ရွှေညာမောင် (စာရေးဆရာ) က အဓိကသရုပ်ဆောင် လုပ်လေ့ ရှိပါသည်။ မေနွဲ့(သူက စာရေးဆရာမ အရင်ဖြစ်တာဖြစ်ပါတယ်။ နောက်မှ စာရေးဆရာပြဇာတ်ကနေ မင်းသမီးတကယ် ဖြစ်သွားတာပါ။) က အဓိကမင်းသမီး လုပ်ပါသည်။ ဗိုလ်ဗကို (စာရေးဆရာ) ကဒိုင်းခင်ခင် ပြဇာတ်တွင် သီပေါမင်းသား လုပ်ပါသည်။ (ဒေါ်) မလှသန်း (စာရေးဆရာ) က ဒိုင်းခင်ခင် လုပ်ပါသည်။ ဦးချင်းစိန် (စာရေးဆရာ) က နတ်ရှင်နောင် လဲလုပ်ကာ မြ၀တီမင်းကြီးဦးစ လဲလုပ်ပါသည်။ (ဦး) သုခ (စာရေးဆရာ) က ၀ိဇယမင်းသား အဖြစ်လည်းကောင်း၊ မောင် ဖေငယ်အဖြစ်လည်းကောင်း သရုပ်ဆောင်ပါသည်။ သူသရုပ်ဆောင်တဲ့ ၀ိဇယ ဇာတ်ကောင်သည် ဦးသုခအား ဒရာမာ ဇာတ်ကောင်အဖြစ် တွန်းပို့ခဲ့ပါတော့သည်။ ဂျပန်ခေတ်တစ်ခေတ်လုံးမှာ (ဦး)သုခသည် သီချင်းပြဇာတ်များစွာ ထုတ်လုပ်ခဲ့ပါသည်။ ဇ၀န (စာရေးဆရာ)သည် ပြဇာတ်တွေမှာ ဟာသသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ပါသည်။ မေနွဲ့သည် စုဖရားလတ် (သီပေါမင်း၏ အလွန်သ၀န်တိုသော ဇနီးသည် လည်းဟုတ် ဘုရင်မကြီးလဲဟုတ်) အဖြစ်လည်းကောင်း၊ (ဒေါ်) ကြည်မာ(စာရေးဆရာမ) သည် စုဖရားလေး (စုဖရားလတ်၏ ညီမတော်) အဖြစ်လည်းကောင်း သရုပ်ဆောင်ကြကာ ကျွန်မအဘိုးနှင့်အဘွားသည် ဒိုင်းခင်ခင်၏ မိဘများအဖြစ် အမြဲသရုပ်ဆောင်ကြပါလေသည်။ 
(ကျွန်မအဘွား (ဒေါ်) ခင်မျိုးချစ်အား စာရေးဆရာပြဇာတ်တစ်ခုတွင် မိဖုရားအဖြစ် တွေ့ရပုံ)
● စာရေးဆရာပြဇာတ်တွေ ဘယ်ရုံမှာပြကြသလဲ?
စာရေးဆရာပြဇာတ်တွေသည် မြန်မာပြည်တွင် အလွန်ပရိသတ်စိတ်ဝင်စားကြသော ပြဇာတ်တွေ ဖြစ်ခဲ့ပါသည်။ ၀ဇီ၇ာ ရုပ်ရှင်ရုံ မှာ ကပြခဲ့ကြသည်။ သူတို့၏ စာဖတ်ပရိသတ်များကလည်း သူတို့အသည်းစွဲ စာရေးဆရာများ ၏သရုပ်ဆောင်မူများကို တွေ့မြင်ရမှာမို့ အလွန်နှစ်သက်ကြကာ ဦးပုည၏ ကြီးကျယ်ခန်းနားသော ဂန္ဓ၀င်မြောက်စာသားများကို နားနှင့် ဆတ်ဆတ်ကြားလိုလှလေသည်။ မြန်မာလူမျိုးတွေဆိုတာ ဂီတာတို့ အကတို့ သီချင်းတို့နှစ်သက်သူများ မဟုတ်ပါလော။ 

(မေမေကြီး (ဒေါ်) ခင်မျိုးချစ်ကို စာရေးဆရာပြဇာတ် ဒိုင်းခင်ခင်ပြဇာတ်တွင်း တကယ်သရုပ်ဆောင်ဖို့ ရိုက်ထားပုံ။)

ဝမ်းနည်းစရာကောင်းတာကတော့ ရှားပါးဓါတ်ပုံများကလွဲပြီး ဘာမှတ်တမ်းမှ မကျန်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုခေတ်လို ဒစ်၈ျစ်တယ် ဟမ်းဖုန်းခေတ် သာဆိုပါရင် ထိုမှတ်တမ်းမှတ်ရာများသည် ယနေ့ခေတ်အတွက်တော့ ဂန္ဓ၀င်မြောက် စာရေးဆရာပြဇာတ် ရွှေခေတ်တစ် ခေတ်ကို လှစ်ဟပြသ လျက်ရှိနေတော့မည်မှာ သေချာပါသည်။

စာအုပ်အမည် – My Life Will Go On. ရေးသူ – Junior Win


စာအုပ်အမည် – My Life Will Go On. ရေးသူ – Junior Win
ဂျူနီယာဝင်း၊ ဇွန် ၂၄၊ ၂၀၁၄

ရန်အောင်စာပေ
အ-ထ-က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H) ၁၂လုံးတန်းမှတ်တိုင်အနီး ရန်ကင်းမြို့နယ်
ဖုံး ၀၉  ၅၁၇ ၉ ၃၉ ၈။ ၀၉  ၇၃၂ ၄၃၈ ၅၁။
ထုတ်ဝေသူ – ဦးလှတိုး
ပထမအကြိမ် ၂၀၁၄ ဇွန်လ
အုပ်ရေ – ၅၀၀
တန်ဖိုး- ၁၀၀၀ ကျပ်
မျက်နှာဖုံး ပန်းချီလက်ရာ – ပေါ်ဦးသက်
မျက်နှာဖုံး ဒီဇိုင်း – ကိုမြင့်စိုး
နောက်ဖုံးပန်းချီကား – A Girl in the Wood (Vincent Van Gogh)
စာမျက်နှာ – ၇၀
အခန်းပေါင်း – ၁၉  ခန်း
သည်စာအုပ်ကလေးက အမေဇုံကင်ဒဲယ်မှာ တင်ဖြစ်ခဲ့တာ မနှစ်ကပါ။ ၂၀၁၃ခုနှစ် မတ်လ ၁၄ရက်နေ့ ဖြစ်ပါတယ်။ အဲသည်မတိုင်ခင်တုန်းက ကာလတစ်ခုဆီကို ပြန်သွားချင်တယ်။ အမေဇုံမှာ အင်္ဂလိပ်လိုစာအုပ်တစ်အုပ်ရေးမယ်လို့စိတ်ကူးနဲ့ စာစီနေစဉ်မှာ စာအုပ် ဘီဒိုဟောင်းထဲက အမှိုက်ပုံထဲကလို့ ဆိုမလား။ ပြဇာတ်တစ်ပုဒ်ကို ရှာတွေ့ခဲ့ပါတယ်။ ပြဇာတ်နံမယ်က Pride and Prejudice လို့အမည်ပေးထားတဲ့ ကိုယ်တွေ့ပြဇာတ်ပါ။ အဲသည်ပြဇာတ်က ၁၉ ၉ ၉  ခုနှစ်နောက်ပိုင်းက လောက်ကလို့ ထင်တာပဲ။ ဒါမှမဟုတ်လဲ အဲသည်ဝန်းကျင်ပေါ့။ ဘီဘီစီကနေ ပြဇာတ်ပြိုင်ပွဲတစ်ခု လုပ်တုန်းက ပြိုင်ပွဲဝင် ပြဇာတ်တစ်ခုအနေနဲ့ ၀င်ပြိုင်ခဲ့ဖူးတဲ့ ပြဇာတ်ဟောင်းတစ်ပုဒ် ဖြစ်ပါတယ်။ စာမျက်နှာ ၂၀ ကျော်လောက်ရှိပြီး ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်တွေထဲက ပညာရေးနယ်ပယ်ထဲကနေ ကြိုးစားခဲ့ရပုံများနဲ့ နောက်ဆုံးနှစ် မဟာသိပံစာမေးပွဲ အထိ ရေးထားတဲ့ အင်္ဂလိပ်လိုရေး ပြဇာတ်ပါ။
ကျွန်မရဲ့ အတွေးအမြင် ပရိသတ်ကတော့ ကျွန်မရေးခဲ့တဲ့ ဘ၀စာမျက်နှာ တွေ ဖတ်ဖူးထားခဲ့ရင် အဲသည်ပြဇာတ်ထဲ ဘာတွေလဲဆိုတာ သိကြမှာပါပဲ။ ဒါပေမယ့် နောက်ပိုင်း စာရေးဖြစ်လာခဲ့တဲ့ အကြောင်းတွေ မပါသေးပါဘူး။ အဲဒီဟာကို ပြန်ရှာတွေ့လိုက်တာဟာ သည်စာအုပ်လေး ဖြစ်လာဖို့ အစပါပဲ။ ပြဇာတ်ဆိုတော့ ဒိုင်ယာလော့တွေနဲ့ ပဲတည်ဆောက်ထားတာပါ။ ဒါကို စကားပြေပြန်ရေးရတယ်။ ပြီးတော့ စာရေးဆရာ ဖြစ်လာပုံများကို ထပ်ဖြည့်ဖြစ်ခဲ့ပါတယ်။ ဒါကို ပြည်တွင်းမှာ ထုတ်ချင်ခဲ့ပေမယ့် ထုတ်ဝေသူတော်တော်များများက ဗမာလိုပြန်ခိုင်းတာကြောင့် ကြန့်ကြာသွားခဲ့ပါတယ်။ အခုတော့ ရန်အောင်စာပေက ထုတ်ပေးခဲ့ပါပြီ။ ဘာသာပြန်ဖို့စိတ်ကူးမရှိပါဘူး။ အကြောင်းကတော့ အဲသည်ထဲက အခန်းတွေဟာ ကျွန်မရေးနေတဲ့ အတွေးအမြင်ထဲက ရေးခဲ့ပြီး ဖော်ပြခဲ့ပြီးတဲ့ ပညာရေးဆိုင်ရာဆောင်းပါးတွေ ဘ၀စာမျက်နှာတွေ ဖြစ်နေလို့ပါပဲ။ ဒီတော့ အခုလို အင်္ဂလိပ်လို ထုတ်ဖြစ်ခဲ့တော့ နည်းနည်းပါးပါးတော့ မြန်မာလိုဆောင်းပါးများထဲက ထည့်မရေးဖြစ်ခဲ့တာတွေတော့ ပါတာပေါ့လေ။ စာအုပ်တစ်အုပ် လိုရေးရတာဆိုတော့ အဖွင့်အပိတ် အစအဆုံးရယ်လို့ ဖြစ်အောင် စီစစ်ရေးသားရတာပေါ့။ သည်အထဲက နိဒါန်းကို ဘယ်လိုရေးထားတယ်ဆိုတာလေး ကို နည်းနည်း ဘာသာပြန်ပေးလိုက်ပါတယ်…..
“……………
………………………
…………………
ကျွန်မရဲ့ဘ၀မှာ ကျွန်မနဲ့ တခြားသူတွေကြား အရေးကြီးတယ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး တော်တော့်ကို မတူညီတဲ့ အမြင်တွေ ရှိနေပါတယ်။ အဲသည်အချက်ဟာ ကျွန်မလျောက်ခဲ့တဲ့ ပညာရေးလမ်းကြောင်းမှာရော ကျွန်မရဲ့ စာပေနယ်ပယ်မှာပါ အရေးပါလှတဲ့ အစိတ်အပိုင်းအနေနဲ့ တည်ရှိနေပါတယ်။
ကျွန်မက ဟောဒါကတော့ဖြင့် အရေးကြီးတယ်လို့ ယူဆမိပေမယ့် တခြားသူတွေက ဒါကို အရေးမကြီးဘူးလို့ ယူဆကြပါတယ်။ ဒါကတော့ အလကားဟာတွေ၊ အေ၇းမကြီးပါဘူးလို့ ကျွန်မက ထင်ပေမယ့် တခြားသူတွေက သိပ်ကိုအရေးကြီးလှချေရဲ့၊ ဘ၀အတွက် အရေးပါလှချေရဲ့ လို့ မြင်ကြပြန်ပါရော။ တစ်ယောက်ယောက်ကတော့ အခုလိုဆိုချင် ဆိုနိုင်ပါတယ် …. အရေးကြီးတယ် အရေးမကြီးဘူးဆိုတဲ့ အချက်က ဘယ်လောက်တောင်အရေးကြီး နေလို့လဲ…..။ အင်း…. အဲဒါပေါ့ အခုကျွန်မ ရေးမှာ….
………….
………….“
အဲဒါ ကျွန်မရဲ့ My Life Will Go On စာအုပ်ကလေးရဲ့ အမြည်းဘာသာပြန်ပေး ထားပုံပါပဲ။ ဗမာလိုဖတ်ချင်သူများ ရှိလာရင် မေးသူများလာရင်တော့လဲ မြန်မာလိုပြန်ဖို့ စဉ်းစားရမှာပါ။
စာဖတ်သူများ၏ အလိုတော်အတိုင်းပါပဲ………။
အခုတော့ ဘိုလိုပဲ ခံစားကြည့်ကြတာပေါ့။


တေးဆိုငှက်ကလေးနိုက်တင်းဂေး၊ နှင်းဆီပန်းတစ်ပွင့်  လျို့ဝှက်သည်းဖိုသိပံ္ပဘာသာပြန်ဝတ္ထုများ (ဘာသာပြန်သူ – ဂျူနီယာဝင်း)

တေးဆိုငှက်ကလေးနိုက်တင်းဂေး၊ နှင်းဆီပန်းတစ်ပွင့်  လျို့ဝှက်သည်းဖိုသိပံ္ပဘာသာပြန်ဝတ္ထုများ (ဘာသာပြန်သူ ဂျူနီယာဝင်း)

မိုးမခစာအုပ်စင်၊ ဇွန် ၁၉၊ ၂၀၁၄

အမွှာညီနောင်စာပေ
ထုတ်ဝေသူ ဒေါ်စန်းစန်းဝေ
ထုတ်ဝေရာအရပ် အမှတ် ၄၇၉ ၄၈၁ မြေညီထပ် (ယာ) မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆန်ပက်၊ လမ်း၃၀ကြား ပန်းဘဲတန်း။
မျက်နှာဖုံးပန်းချီ အံ့ဖွယ်ဇင်
အတွင်းသရုပ်ဖော်လက်ရာ မောင်ရစ်
အမှာစာ ဒေါက်တာခင်မောင်ဝင်း သင်္ချာ
စီစဉ်သူ ဦးကြည်နိုင်
ဖုန်း ၀၁ ၂၄၅၃၆၈၊ ၀၉  ၈၆၃၃၀၄၄၊ ၀၉  ၄၉၃၄၆၂၁၁။
အုပ်ရေ ၅၀၀
တန်ဖိုး ၂၈၀၀ ကျပ်
ပထမအကြိမ်
၂၀၁၄ မေလ
စာမျက်နှာ ၂၉ ၉
စာအုပ်ပုံစံ ဘာသာပြန်ဝတ္ထုများ
ထူးခြားချက် မူရင်းစာရေးဆရာကြီးများ၏  ဓါတ်ပုံများနှင့်သူတို့၏ အကြောင်း အကျဉ်းချူပ်များ ပါဝင်ခြင်း။
မူရင်းကမ္ဘာကျော်စာရေးဆရာကြီးများ အော်စကာဝိုင်းလ်၊ အက်ဂါအယ်လန်ပိုး၊ ဆာအာသာကိုနင်ဒွိုင်း၊ ရေးဘရက်ဘာရီ။
မူရင်းဝတ္ထုအမည်များ Happy Prince, Devoted Friend, Nightingale and the rose, Star Child; The Cask of Amontillado, The Pit and the Pendullum, Morella; The Last Camtomb; Calling Mexico, Fever Dream, Leave Taking, The Coffin, The Murderer, The One Who Waits.
ဘာသာပြန်ခေါင်းစဉ်များ ပျော်နေတဲ့မင်းသားလေး၊ ချစ်ခင်ရသောမိတ်ဆွေ၊ တေးဆိုငှက်ကလေးနိုက်တင်းဂေးနှင့် နှင်းဆီပန်းတစ်ပွင့်၊ ကြယ်ကလေး။ စပျစ်ဝိုင် သို့မဟုတ် အာမွန်တီလာဒို၊ တွင်းနှင့်ချိန်သီး၊ မောရစ်လာ။ မြေအောက်လှိုင်ခေါင်းအသစ်။ မက္ကစီကို ခေါ်တယ်၊ အဖျားအိပ်မက်၊ နှူတ်ဆက်ထွက်ခွာ၊ အခေါင်း၊ လူသတ်သမား၊ အင်္ဂါဂြိုလ်မှာစောင့်နေသူ။
မဟေသီ၊ အင်္လကာဝတ်ရည်၊ မြန်မာသစ်၊ ရနံ့သစ်၊ တို့တွင်ဖော်ပြခဲ့သော ဘာသာပြန်များနှင့် ဘယ်မဂ္ဂဇင်းမှာမှ ဖော်ပြခြင်းမရှိသေးသော The Pit and the Pendulum တွင်းနှင့်ချိန်သီး, နှင့် Morella မော်ရစ်လာ ပါဝင်ပါသည်။ စုစုပေါင်းဘာသာပြန် ၁၄ ပုဒ်ဖြစ်ပါသည်။
ဂျူနီယာဝင်းက သူ့စာအုပ်ကို သည်လိုမြင်ထားပါတယ်။
၂၀၀၉ ခုနှစ်ကစလို့ ဘာသာပြန်ဝတ္ထုများရေးသားဖို့ စိတ်ပါလာခဲ့ပါသည်။ ဖတ်ရင်းနှင့် အလွန်နှစ်သက်မိသော ၀တ္ထုများ၊ အရေးအသားများ၊ သူတို့ရေးထားသောအကြောင်းအရာများက ကိုယ်တိုင်ရေးချင်မိသော စိတ်ကူးအတွေးများ ပါလာတာတွေ ဒါတွေကိုတေးမှတ်မိထားရတာတွေ များလာရာက ဘာသာပြန်တွေ ရေးဖြစ်ခဲ့ပါသည်။ ၀တ္ထုတစ်ပုဒ်စီတွင် ဘာသာပြန်ဖြစ်ခဲ့သောအတွေးများကို ထပ်မံဖြည့်စွက်ထားပါသည်။ ကမ္ဘာကျော်စာရေးဆရာကြီးများ၏ ကမ္ဘာကျော်ဝတ္ထုများဟု ကြော်ငြာထားတာကိုတွေ့တော့ အမွှာညီနောင်စာပေ၏ သည်စာအုပ်လေးအပေါ် ထားရှိသောအမြင်ကို သိလိုက်ရတာ ကျေးဇူးတင်ဝမ်းမြောက် မိပါသည်။
ကိုယ်ကြိုက်နှစ်သက်တာတွေကိုသာဖတ်ပြီး ပျော်ရွှင်ရပါသည်။ စာဖတ်တာပျော်ဖို့အတွက် သက်သက်သာ ဖြစ်ပါသည်။ အခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ ဖတ်ပြီး ကြိုက်တာတွေကို သာဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ မေမေကြီးဒေါ်ခင်မျိုးချစ် ပြောသလိုဆိုရင်တော့ သူများစာ ကိုယ့်စာ လုပ်လိုက်တာပါပဲ။ ကြိက်နှစ်သက်၍ ရေးထားသောစာများဖြစ်တာကြောင့် စာဖတ်သူများလည်း ကြိုက်ကြမှာပါပဲ။
စာဖတ်ပြီးပျော်ရွှင်ကြပါစေ။