ဂျူနီယာဝင်း – သတင်းစာဆရာရေးတဲ့ သတင်းတစ်ပုဒ်
(အတွေးအမြင် အမှတ် ၃၀၉ မေလ ၂၀၁၈) မိုးမခ၊ မေ ၂၊ ၂၀၁၈
(James Glen Stovall (ဂျိမ်းစ် ဂလန် စတိုဗယ်) ရဲ့”Journalism“ (သတင်းစာပညာ) လို့ အမည်ပေးထားတဲ့ စာအုပ်က ပထမအခန်းက စာပိုဒ်များကို သင့်လျော်သလို ဘာသာပြန်တင်ပြထားတာပါ။ သူ့ရဲ့အာဘော်အတိုင်း ဘာသာပြန်ထားသောလည်း စာရေးသူ ဖြည့်စွက်ထားတာတွေကို ကွင်းစကွင်းပိတ်နဲ့ လုပ်ပေးထားပါတယ်။)
သတင်းတွေနဲ့ အချက်အလက်တွေဆိုတာ သတင်းစာဆရာက ထုတ်လုပ်လိုက် တဲ့အရာတွေ – ထုတ်ကုန်တွေ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့်လို့ သတင်းတိုင်းဟာ အချက်အလက်တွေ မဟုတ်ဖူးလို့ ဆိုထားပါတယ်။ သတင်းစာဆရာက ထူးခြားတဲ့အချက်အလက်တွေ လို့ခေါင်းစဉ်တပ်လိုက်တဲ့ အမျိုးအစားတွေကိုမှသာလျှင် သတင်းတွေလို့သတ်မှတ်ပါတယ်။ အဲသည်သတင်းတွေဟာ စာဖတ်ပရိသတ်တွေလိုအပ်တဲ့ အချက်အလက်တွေဖြစ်တယ်၊ သတင်းမီဒီယာမှာ ချပြသင့်တဲ့ အချက်အလက်တွေ ဖြစ်ရမယ် လို့ဆိုထားပါတယ်။
ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းထဲမှာ ရောပါမျောပါနေတဲ့ အဓိကအရေးပါတဲ့ သတင်းတွေကို သတင်းစာဆရာက ပေးရမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ တစ်ဦးတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ သတင်းတွေဟာ သင့်ကို ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချပေးဖို့ အထောက်အကူဖြစ်မယ်။ ဥပမာ မိုးလေ၀သ သတင်းဟာ သင်အပြင်ထွက်ဖို့ ကိစ္စတွေကို ဖြစ်ဖြစ်၊ ခရီးထွက်မယ့်ကိစ္စတွေကိုပဲဖြစ်ဖြစ် ဆုံးဖြတ်စေမယ်။ အလုပ်နဲ့ပတ်သက်တဲ့သတင်းတွေ၊ စာမေးပွဲနဲ့ ပတ်သက်တဲ့သတင်းတွေဟာ သင့်အတွက် တစ်ခုခု လုပ်ဖို့ အထောက်အကူဖြစ်မယ်။ ဒီထက်မကကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ သင်ဘယ်လို လူ့အဖွဲ့အစည်းထဲမှာ ရှိနေသလဲ ဆိုတဲ့အဖြေတစ်ခုကို ထုတ်ပေးလိမ့်မယ်။
လူအများနဲ့ သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို ရေးသားဖော်ပြခြင်း ဆိုတာဟာ အင်မတန်မှကို ခက်ခဲတယ်။ ပြောရရင်တော့ ဒီလိုသတင်းတစ်ပုဒ်ရဖို့ ငွေကုန်လူပန်း တယ်ပေါ့။ အဲသည်မှာ သတင်းအဖွဲ့အစည်းဟာ အရေးပါလာပြီ။ ဒီသတင်းကို စားသုံးမယ့် ပရိသတ်ကို ထည့်စဉ်းစားရပြီ။ ဒါလောက်အရေးပါတဲ့ သတင်းကို ပေးမယ့် သတင်းစာဆရာတစ်ယောက်ရဲ့ သတင်းစာပညာဟာ ဘာလဲလို့ မေးခွန်းထုတ်ရပြီ ဖြစ်ပါတယ်။
ဒီအတွက် အောက်ပါအချက်တွေကို ထုတ်ပြထားပါတယ်။
– သတင်းဆိုတာသည် သတင်းစာပညာ၏ အဓိကထုတ်ကုန်ဖြစ်တယ်။ တင်ပြလိုက်သော သတင်းဟာ သတင်းစာဆရာက ပရိသတ်အတွက် အရေးပါသည်၊ အရေးကြီးသည် ဟု သတ်မှတ်လိုက်သော အချက်အလက်ဖြစ်တယ်။
– ပွင့်လင်းသော လူ့အဖွဲ့အစည်းဟု ဆိုထားသည့်အတွက် ဖော်ပြသော သတင်းအချက်အလက်များသည် လူ့အဖွဲ့အစည်းကို ထိမ်းချူပ်ထားတာမရှိစေပဲ အစိုးရ သို့မဟုတ် တခြားသော အဖွဲ့အစည်း တစ်စုံတစ်ရာမှ စွက်ဖက်ခြင်း လုံးဝမရှိ၊ တစ်စုံတစ်ခုနှင့် အလဲအလှယ်လုပ်ထားခြင်းမရှိသော သတင်းများသာ ဖြစ်တယ်။
– သတင်း၏တန်ဖိုးဟူသော စကားလုံး၏ အနှစ်သာရများ အပြည့်အ၀ စီးဝင်နေရမည်။ ပေးသော အချက်အလက်များသည် အဖြစ်အပျက်တစ်ခု သို့မဟုတ် တစ်စုံတစ်ခုနှင့် ပတ်သက်သော သတင်းဖြစ်ရမည်။ ထိုအထဲတွင် အချိန်ကာလ၊ အဖြစ်အပျက်၊ ဖြစ်ပွားမူ၊ လက်ရှိအခြေအနေ၊ အရေးကြီးသော အခြေအနေ၊ အနီးစပ်ဆုံးအခြေအနေတို့ကို အဓိကထား အတိအကျဖော်ပြ ရမည့် အပြင် နေ့စဉ်နေ့တိုင်း သမရိုးကျဖြစ်ပျက်နေတာတွေ မဟုတ်ရပါဘူးတဲ့။ (ဥပမာ- နေမင်းကြီးက အရှေ့ကထွက်နေတာကို သတင်းလုပ်လို့မရဘူး၊ နေက အနောက်ဖက်ကထွက်လာရင်တော့ သတင်းဖြစ်ပြီ။)
– သတင်းဟာ လူ့အဖွဲ့အစည်းအတွက် မေးခွန်းလည်းပေးသလို အဖြေလည်း ထုတ်ပေးရမည်။ တစ်ဦးတစ်ယောက်တည်းအတွက်ရော၊ အများအတွက်ရော အရေးပါသော အချက်အလက်များ ပေးထားရမည်။ (အလုပ်သတင်း၊ စာမေးပွဲ၊ မိုးလေ၀သ၊ ပညာရေး၊ ကျန်းမာရေး စသဖြင့်)
– သတင်းစာဆရာဟာ သူ့ရဲ့ ဘက်လိုက်တဲ့ ယုံကြည်မူ၊ သဘောထား၊ သူ့အမြင်များကို မျှတ၊တိကျတဲ့ သတင်းတွေလို့ မျော်လင့်ဖတ်ရူနေတဲ့ ပရိသတ်တွေကို မပေးရဘူး။(သတင်းရေးသူဟာ ဘက်မလိုက်ရဘူး၊ သတင်းထဲမှာ သူ့အမြင်တွေ ထည့်မရေးရဘူး၊ သူယုံကြည်တာတွေကို မဖော်ပြရဘူး၊ သူ့သဘောထားတွေကို မရေးရဘူး။ သတင်းသည် မျှတရမယ်၊ တိကျရမယ်။ သူရေးတဲ့ထဲမှာ ဘက်လိုက်တဲ့ လေသံတွေ လုံးဝမပါရဘူး။)
– သတင်းအဖွဲ့အစည်းတွေဟာ ပရိသတ်တွေကို သတင်းအချက်အလက်တွေ ပေးတဲ့အခါ လူ့အဖွဲ့အစည်းအတွင်းမှာ ဆက်သွယ်ရေး ကွန်ယက်တစ်ခုကို ဖွင့်ပေးထားရမယ်။ အထူးသဖြင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များဟာ လူထုနဲ့ဆိုင်တယ်၊ ဒါကြောင့် စီးပွားရေးကောင်းမွန်ခိုင်မာဖို့ လူထုနဲ့ ဆက်သွယ်မူကို ဖွင့်ပေးရမယ် လို့ဆိုပါတယ်။
(အဲသည်ပထမအခန်းတစ်ခုလုံးမှာ အထက်ဖော်ပြပါ အချက်အလက်တွေကို ကောက်နှူတ်တင်ပြခြင်း၊ ပြန်လှန်ရှင်းလင်းခြင်းနဲ့ သတင်းစာဆရာရဲ့ လုပ်ပိုင်ခွင့်တွေကို ထပ်ခါတလဲလဲ ရေးသားထားပါတယ်။ သူက အဓိကလိုအပ်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ရေးသားတင်ပြထားပြီး ရေးသားဖော်ပြထားတဲ့ သတင်းတွေကိုတော့ အသေးစိတ် ဖော်ပြထားခြင်းမရှိပါဘူး။ နောက်ပိုင်းအခန်းတွေမှာ တော့ တွေ့ရပါလိမ့်မယ်။)
(သည်တော့သူရေးသားတဲ့ အာဘော်အရ သတင်းရဲ့ သဘောသဘာဝဘယ်လိုရှိရမလဲ ဆိုတာကို အဓိကထားတယ်။ သတင်းကို ဘယ်လိုလိုက်ရတယ်၊ သတင်းကို ဘယ်လိုရှာဖွေရတယ် ဆိုတာကို သူက ဒီပထမအခန်းမှာ အဓိကထားသွားတယ်။ သတင်းရေးတာတော့ ကိုယ့်ဘာသာ ရေး၊ ဘာမှ ဘယ်လိုရေးရမယ် ဘယ်လို တင်ပြရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ပေးမထားဘူး။ သတင်းစာဖတ်သူတွေက ဒီသတင်းဟာဖြင့် သတင်းဆိုတဲ့ ဝေါဟာရနဲ့ကိုက်ညီတယ် မညီဘူး ဆုံးဖြတ်တတ်တယ် ဆိုတဲ့ အသိတစ်ခုကို ပေးထားတယ်။ သတင်းဖတ်တဲ့ ပရိသတ်က ဒီသတင်းစာဆရာဟာ ဘက်လိုက်တယ် ဆိုတာ သူ့အလိုလိုသိတယ်။ ခွဲခြားတတ်တယ်။ သတင်းစာဆရာတစ်ယောက်ရဲ့ တန်ဖိုးဟာ သူရေးတဲ့သတင်းထဲမှာ ပါသွားပြီးပီ ဖြစ်ပါတယ်။)
(၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ နယူးယောက်က ဝေါလ်ထရိတ်စင်တာ၊ ၀ါရှင်တန်ဒီစီက ပင်တာဂွန် တိုက်ခိုက်ခံရမူကို သတင်းထောက်တွေက ဘယ်လိုသတင်းရယူခဲ့ရပုံကို သူကအခုလို တင်ပြထားပါတယ်။ သတင်းတိုလေးတစ်ပုဒ် ရဖို့ ဆိုပါတော့တဲ့။)
သတင်းတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင် ဘေးပတ်ပတ်လည်မှာ ရှိနေတယ်။ ၀ိုင်းရံနေကြတယ်။ ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သိပ်ကို ထူးခြားတဲ့ သတင်းမျိုးပဲဖြစ်ဖြစ်၊ လေမုန်တိုင်းသတင်းမျိုးပဲဖြစ်ဖြစ်ပေါ့လေ။ ဒါတွေဟာ နေ့စဉ် ဖြစ်ပျက်တတ်တဲ့ သတင်းတွေလို့ ဆိုရမယ် ထင်ပါတယ်။ ခွင့်နဲ့ နေရပ်ခနပြန်သွားတဲ့ သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဒေးဗစ် မက်တင်းလီ (David Mattingly) ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က စတုထ္တမြောက် အမေရိကန်လေယာဉ် ဖလိုက် ၉၃ က ပန်နီဆလီဗာနီးယား မှာ ပျက်ကျသွားတယ် ဆိုတာကို သိလိုက်ရတယ်။ သူက အဲသည်ဖြစ်ပွားတဲ့နေရာရဲ့ မနီးမဝေးမှာ ရှိနေတယ်။ သူ့ရဲ့သတင်းအေဂျင်စီ အန္တလန်တာ (Atalanta) က အယ်ဒီတာတွေဆီ ဖုန်းဆက် သတင်းပို့ အကြောင်းကြားပေမယ့် ဖုန်းတွေက ဂျမ်းဖြစ်နေလို့ ဆက်မရဘူး။ ဘယ်သတင်းစာဆရာမှ အနီးအနားမရှိတော့ သတင်းယူဖို့ကိုယ်တိုင် လိုက်ရတဲ့ အကြောင်းကို ရေးသားထားတယ်။ ပျက်ကျသွားတဲ့လေယာဉ်ပျံအကြောင်းကို အလျင်အမြန်သတင်းပို့လိုက်ရတဲ့ သူ့သတင်းဟာ နံမယ်ရ သတင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ စီအန်အန် (CNN) မှာ မျက်နှာဖုံးသတင်းဖြစ်သွားခဲ့တယ်။
သတင်းဆိုတာဟာ သတင်းစာလောကရဲ့ အဓိက အစိတ်အပို်င်းတစ်ခု ဖြစ်ပါတယ်။ သတင်းကဖော်ပြတဲ့ အချက်အလက်များဟာ လူ့အဖွဲ့အစည်းကို ရေရှည်တည်တန့်အောင် ပေးဆပ်ပေးနေတယ်။ (သူက သတင်းစာဆရာတွေနဲ့ သတင်းစာလောကကို သိပ်ပြီး ရှေ့တန်းတင်လွန်းထားတယ်လို့ စာဖတ်သူက တွေးလို့ရတယ်။)
– သတင်းဆိုတာ သတင်းစာဆရာကပေးတာ ဖြစ်တယ်။ သတင်းများသည် သဘာဝအလျောက် ဖြစ်နေတာတွေ မဟုတ်ဘူး။ သတင်းသည် အချက်အလက်တစ်ခု (ဆိုလိုတာက အချက်အလက်ပုံစံ တမျိုးတည်း) တည်းပေးတာမဟုတ်။ မိမိဘေးပတ်ဝန်းကျင်မှာ ပေးစရာအချက်အလက်တွေ တပုံတစ်ခေါင်းကြီး။ အဲသည်ထဲက တချို့သာလျှင် သတင်းအရည်အချင်းရှိတယ်။ အများအားဖြင့် အချက်အလက်တိုင်း သတင်းမဟုတ်။
– အများစုက သူတို့နေ့စဉ် နေ့ဓ၀ူဝ တွေ့ကြုံနေတာတွေ၊ သူတို့ရဲ့နေ့စဉ် အတွေ့အကြုံတွေကို စုဆောင်းကောက်ယူကြတယ်။ အဲသည်လို အတွေ့အကြုံတွေ၊ အချက်အလက် ရယူထားတာတွေကို သတင်းစာဆရာတစ်ဦး သတင်းတစ်ခုတင်ပြသလို တင်ပြနိုင်မယ်၊ အရေးကြီးတာကို ဘယ်လိုရွေးချယ်ပြီး ရေးသားနိုင်မယ် ဆိုတာကသာလျှင် ကျွန်တော်တို့အတွက် သတင်းဖြစ်ပါတယ်။
– အချက်အလက်တွေ လွတ်လွတ်လပ်လပ် ရတယ် ဆိုပါက သတင်းစာဆရာအတွက် သတင်းရေးသား၊ သရုပ်ဖော် တဲ့လုပ်ငန်းစဉ်ဟာ ပိုလွယ်ကူတယ်ပေါ့။ ၂၀၁၁ စက်တင်ဘာ ၁၁ ဖြစ်ပွားမူကို အမေရိကန်အစိုးရက အချက်အလက်တွေကို ထိမ်းချူပ်ခဲ့တာတွေ ရှိတာကြောင့် သတင်းစာဆရာတွေဘက်က သတင်းတင်ပြမူမှာ အခက်အခဲတွေ၊ အားစိုက်ရမူတွေ ကြုံကြရတယ်။ ကိုယ့်ရဲ့ အားထုတ်မူနဲ့ အထိမ်းချူပ်ခံရမူကို စကားလုံးလှလှနဲ့ ပုံနှိပ်ရရင်တော့ “အမျိုးသားလုံခြုံရေး“ အတွက်ပေါ့။
(သတင်းဟုတ်တယ်၊ သတင်းမဟုတ်ဘူးဆိုတာကို ဘယ်လိုခွဲခြားမလဲ ဆိုတာကို သူကဥပမာတစ်ခုနဲ့ ပြထားတယ်။)
သင်ဟာ မော်တော်ကားထိခိုက်မူတစ်ခုမှာ ပါဝင်ပတ်သက်နေတယ်။ ဘာမှ ဒဏ်ရာရတာ မရှိဘူး။ အထိအခိုက်မရှိဘူး။ ဒါဆိုရင် ဒီသတင်းဟာ သင့်ရဲ့ ဒေသဆိုင်ရာ သတင်းစာမှာ မပါနိုင်ပါဘူး။ ဒါပေမယ့် အဲသည် မတော်တဆထိခိုက်မူထဲမှာ ဥပမာ – အဲသည်ကားထဲမှာ သမ္မတပါလာမယ် သမ္မတက ဒီအမူထဲမှာ ပါဝင်ပတ်သက်နေပြီ ဆိုရင်တော့ ဒီသတင်းဟာ ညတွင်းချင်းကို မျက်နှာဖုံးသတင်းဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ သတင်းစာဆရာတစ်ယောက် ရဲ့မျက်စိထဲမှာ သတင်းလို့ သတ်မှတ်ပုံတစ်ခုဖြစ်ပါတယ်။ (ဒီသတင်းဟာ လူတွေစိတ်ဝင်စားမယ့်သတင်းဖြစ်တယ်၊ လူတွေဖတ်ချင်မယ့်သတင်းဖြစ်မယ် လို့ သူကဆုံးဖြတ်မယ်) (တနေ့ကပဲ မင်းသား ဘရပ်ပစ်တစ်ယောက် မော်တော်ကားတိုက်မူမှာ ပါဝင်ပတ်သက်နေတဲ့သတင်း ဖတ်လိုက်ရတယ်။ ဒီနေရာမှာ သင်ဆိုရင် သတင်းထဲ ပါလာစရာမရှိဘူး။)
အဖြစ်အပျက်တွေ ထောင်ချီ သန်းချီပြီး ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာ နေ့စဉ် ဖြစ်ပျက်နေတယ်။ ဒါတွေကို အယ်ဒီတာများနှင့် သတင်းဒါရိုက်တာများက သူတို့ဆီ သတင်းစာဆရာများက ပေးပို့လိုက်တဲ့ ရာချီတဲ့ သတင်းတွေကို ကြည့်ပြီး ဘယ်ဟာကတော့ သတင်းဖြစ်တယ် ဆိုတာကို ခေါင်းချင်းဆိုင်ဆွေးနွေးပြီး ရွေးချယ်စီစစ်ရပါတယ်။ (သတင်းစာထဲမှာ သတင်းတစ်ပုဒ် အဖြစ်သတ်မှတ် ရေးသားဖို့ ဘယ်လောက်ကြီးကျယ်ကြောင်း ကို သူကရေးသားထားတာပါ။) ပြီးရင် စာဖတ်ပရိသတ် (သတင်းစာဖတ်သူများ)ဆီ ပို့ဖို့ သတင်းရေးကြရပါတယ်။
(သူကမိုးလေ၀သသတင်းတိုတစ်ပုဒ်ရဲ့ အရေးပါပုံကို ရေးထားပါတယ်။)
“လူတိုင်းလူတိုင်းက မိုးလေ၀သအကြောင်းပြောကြပါတယ်” (လို့အစချီထားပါတယ်။)
လူတိုင်း မိုးလေ၀သအကြောင်း ပြောကြတယ်။ ကျွန်တော်တို့ မျက်နှာစိမ်းတစ်ယောက်နဲ့ တွေ့တဲ့အခါ၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ ဘာစကားစပြောရမှန်းမသိတဲ့အခါ မိုးလေ၀သအကြောင်း ပြောကြတယ်။
ဒီအကြောင်းက ဆွေးနွေးစရာတွေ အများသား။ သိပ်ပူအိုက်နေသလား၊ သိပ်ခြောက်သွေ့နေသလား၊ သိပ်အေးနေသလား၊ နောက်နေ့ အေးဦးမလား၊ ပူနေဦးမလား၊ မုန်တိုင်းရော ဖြစ်မှာလား၊ ဟာရီကိန်း တော်နဒို ရေကြီးရေလျှံ နှင်းကျ နှင်းမုန်တိုင်း စသဖြင့် ကြုံရမလား။ နွေ မိုး ဆောင်း ဘယ်နှယ့်နေသလဲ။
မိုးလေ၀သဟာ အမြဲပြောင်းလဲနေတာကြောင့် ပြောစရာ အမြဲရှိနေတယ်၊ သိစရာလည်း လိုအပ်နေတယ်။ ဒါဆို မိုးလေ၀သ အကြောင်း သင်ဘယ်လောက်သိသလဲ လို့ဆိုတော့ သိပ်မသိပါဘူး။ ကျွန်တော်တို့သိတာက နွေရာသီဆို ပူတယ်၊ ဆောင်းရာသီဆို အေးတယ်၊ မိုးရာသီ မိုးရွာတယ် ဒါလောက်ပါပဲ။ ဒါပေမယ့် ဘယ်လောက်ပူမလဲ ဘယ်လောက်အေးမလဲ မိုးဘယ်လောက်ရွာမလဲ အဲဒါတော့ မသိပါဘူး။ ကျွန်တော်တို့သိတာက သည်နွေရာသီတော့ မိုးနည်းနည်းရွာတယ်၊ သည်နှစ် ဆောင်းရာသီ ပိုအေးတယ်။ အဲသလောက်တော့ သိတယ်။ ဒါပေမယ့် အတိအကျ ဘယ်လောက် ဆိုတာတော့ မသိဘူး။ မိုးကောင်းကင်ကြီး မှောင်လာတယ်၊ လင်းလာတယ် ဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမယ့် အခု မိုးရွာမရွာတော့ မသိပါဘူး။ ညနေရွာမလားလည်း မသိပါဘူး။ နောက်နေ့ ရွာမလားလည်း မသိပါဘူး။ တခြားတိုင်းပြည်တွေရဲ့ မိုးလေ၀သကျတော့ ပိုမသိတော့ဘူး။ သည်နေရာမှာ လူတွေရဲ့ သိချင်စိတ်၊ လိုအပ်ချက်တွေကို ဖြည့်စည်းပေးမှာက သတင်းစာပညာနဲ့ သတင်းစာဆရာများပဲ ဖြစ်တယ်။ သူတို့ရဲ့လုပ်ငန်း၊ သူတို့ရဲ့ပေးတဲ့ သတင်းတွေကသာလျှင် ကျွန်တော်တို့ ဖတ်ချင်တဲ့၊ စိတ်ဝင်စားမူတွေကို ပေးမှာဖြစ်လို့ သတင်းစာပညာရဲ့ အရေးပါမူကို ဒီမိုးလေ၀သဥပမာလေးနဲ့ပဲ ချိန်ထိုး စဉ်းစားကြည့်ကြဖို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
ဂျူနီယာဝင်း