ပုံမှန်ဘဝ။။။။ ဂျူနီယာ၀င်း
(အမှတ် ၁၉၈၊ ၂ဝဝ၈၊ စက်တင်ဘာလ)
မေလ ၂ ရက် ၂ဝဝ၈ ခုနှစ် သောကြာနေ့ ည ၉ နာရီကျော်လောက်ကတည်းက မီးပျက်သွားပါသည်။ ထိုနေ့ညပြမည့် 'ဘဝဆက် တိုင်း'ဟူသည့် ကိုရီးယားကား ဇာတ်သိမ်းရုပ်မြင်သံကြားဇာတ်လမ်းကို ကြည့်ချင်စိတ်နှင့် ကျွန်မလွမ်းနေရပါသည်။ ဘာဖြစ်သွားပါလိမ့်။ မနက်ဖြန်ကျမှ မောင်တွေ၊ ညီမတွေဆီ ဖုန်းဆက်ကာ ထိုဇာတ်သိမ်းပိုင်းကို မေးမည်ဟု အားခဲထားပါသည်။ မီးမပျက်ခင်ည ၈ နာရီလောက် မှာ အင်တာနက်ကြည့်ခဲ့တာမို့ ‘Mostrous Cyclone’ 'ဘီလူးသရဲလိုဝင်လာ မည့်ဆိုင်ကလုန်နး' မုန်တိုင်းကြီးကို ဂူးဂဲလ်မိုးလေဝသမှာ ဖတ်ဖြစ်ခဲ့သည်။ ရန်ကုန်မြို့ကို ဖြတ်သွားမယ်တဲ့။ တစ်နာရီကို ၁၅၆ မိုင်ခန့်ရှိမယ်တဲ့။
ဥက္ကလာမှာနေသည့် ဦးလေးကတော့ မုန်တိုင်းပြီးသွားပြီနော်ဟု ဖုန်းဆက်ပြောသည်။ ရန်ကင်းက အန်တီကလည်း မုန်တိုင်းဖြတ်သွားပြီ ဟု လှမ်းပြောသည်။ ကျွန်မက ဂူးဂဲလ်မှာ အဲသည်လိုတဲ့။ ၂ ရက်နေ့ညသန်းခေါင်ယံမှနေ ၃ ရက်နေ့ထိ မုန်တိုင်းကြီးဝင်မည်ဟု ပြောမိတာ ရယ်စရာလိုဖြစ်နေခဲ့သည်။ မီးကလည်း မှောင်မှောင်မဲမဲမှာမို့ ဘာသတင်းမှလည်း မသိ။ ကိုယ်သိလိုက်တာက အဲသည် ၈ နာရီလောက်က ဖွင့် ကြည့်ခဲ့သည့် အင်တာနက်မိုးလေဝသသတင်း။ မေမေကတော့ အခုလို ကောက်ချက်ချသည်။ 'ကြည့်ရတာ မုန်တိုင်းက ရန်ကုန်ကိုမဝင်ဘဲ ကွေ့သွားပုံရတယ်။ သမီးရဲ့ အင်တာနက်က ည ၈ နာရီကဆိုတော့ အခု ရုတ်တရက် လမ်းကြောင်း ပြောင်းသွားတာ သိပုံမရသေးဘူး''ဟု ပြောပါသည်။
အင်တာနက်ထဲက မိုးလေဝသက ဟောသည်လိုပါ။ ''ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်လျက်ရှိသော ဆိုင်ကလုံးမုန်တိုင်းသည် နှေးကွေးစွာဖြင့် ဆက်လက်တည်ရှိနေပြီးနောက် မည်သည့် ဒေသသို့ ဦးတည်လျက်ရှိသည်ကိုပင် ကြိုတင်မပြောနိုင်သော်လည်း ထိုအပူပိုင်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်းTropical Cyclone Nargis သည် ရုတ်တရက်ဆိုသလိုပင် အင်အားပြင်းထန်သော ဘီလူးသရဲ ဆိုင်ကလုန်း အဆင့် ၄ ဆင့်ရှိ ၁ နာရီ ၁၃၂ မိုင် အဖြစ်သို့ ရောက်သွားနိုင်သည်ဟု 'တိုင်ဖုန်းကြိုတင် အသိပေးဌာန'မှ ထုတ်ပြန်ထားသည်ဟု ဆိုပါ သည်။
နောက်ဆုံးကြိုတင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းသို့ နှေးကွေးစွာ ဝင်ရောက်နိုင်သည်ဟု ဆိုပါသည်။
''သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ ထိုမပြည့်စုံသော မုန်တိုင်းသတိပေးမှုများစွာရှိနေသောကြောင့် ထိုတိုင်ဖုန်းမုန်တိုင်း သတိပေးဌာန ၏ သတင်းအချက်အလက်များအပေါ် တိကျသေချာသည်ဟု ပြောဖို့ခက်ပါသည်။ သတင်းထုတ်ပြန်ချက်များစွာမှ သိရသည်မှာ ထိုမုန်တိုင်းသည် ဘင်္ဂလားဒေရှ်နိုင်ငံကို တိုက်ရိုက်ဝင်ရောက်ခြင်း မပြုတော့ဟူသော အချက်ကိုတော့ ထိုနိုင်ငံအတွက် စိတ်အေးရသည်ဟု ဆိုရပါမည်။ လွန်ခဲ့သော လအနည်းငယ်က ထိုအဆင့် ၄ ဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလူးအလဲ ခံလိုက်ရပါ သည်။ လူတွေ ထောင်ချီသေကာ လူပေါင်း သန်းပေါင်းများစွာကိုလည်း အစာရေစာ ဆန်စပါး ပြတ်လပ်ပျက်စီးမှုဒဏ်ခံခဲ့ကြရသည်။
''ဟောသည် နာဂစ်မုန်တိုင်းကြီး၏ နောက်ဆုံးကြိုတင်ဟောကိန်းအရ အဆင့် ၁ သို့မဟုတ် အဆင့် ၂ မုန်တိုင်းအဖြစ် ရှိနိုင်သည်ဟု ဆိုသည်။ သို့သော် နောက်ဆုံးရရှိသော အချက်အလက်များအရ မုန်တိုင်းကြီးသည် ရုတ်တရက်ဆိုသလိုပင် အင်အားမြင့်တက်သွားသည်ကို တွေ့ကြရသည်။
''အောက်တွင်ဖော်ပြထားသော မြေပုံအရ မေလ ၂ ရက်နေ့အချိန် သန်းခေါင်ယံတွင် တစ်နာရီ ၁၃၂ မိုင်ဖြင့် နာဂစ်မုန်တိုင်း ဝင်ရောက်ဖွယ်ရှိကာ ယင်းသည် တစ်နာရီ ၁၆၁ မိုင်နှုန်းဆီသို့ အင်အားတိုးသွားဖွယ်ရှိသည်ဟု ဆိုထားပါသည်''
အောက်ကမြေပုံမှာတော့ မုန်တိုင်းကြီး၏ ဗဟိုချက်လေးရွေ့သွားရာ လမ်းကြောင်းကို ပြထားပါသည်။ ဟိုင်းကြီးကျွန်းမှသည် ဝင်ရောက် လာသောမုန်တိုင်းဗဟိုချက်သည် ရန်ကုန်မြို့ကို တည့်တည့်ပင် မေလ ၂ ရက်နှင့် မေလ ၃ ရက်တွင် ဖြတ်ကျော်သွားသည့်ပုံ ဖြစ်ပါသည်။ ကျွန်မသည် ထိုမြေပုံကို ကြည့်ပြီးတော့ လုံးဝကြောက်လည်းမကြောက်ပါ။ စိုးရိမ်စိတ်လည်း မဖြစ်ပါ။ လွန်ခဲ့သော အနှစ် ၃ဝ ကျော်လောက်က ကျွန်မတို့ငယ်ငယ်တုန်းက ခံခဲ့ရဖူးသော ပုသိမ်မုန်တိုင်းကို ရုတ်တရက် သတိရသွားမိသော်လည်း အဲသည်လောက်တော့ မပြင်းထန်နိုင်ဟု တွေးလိုက်ပါသည်။
မီးကလည်း ၉ နာရီကျော်လောက်ကတည်းက ဖြတ်လိုက်ပုံရပါသည်။ လေပြင်းတိုက်လျှင် အဲသည်လိုပဲ မီးဖြတ်လိုက်တာ အန္တရာယ် ကင်းပါသည်။ အဲသည်လိုလည်း ကြုံဖူးပါသည်။ ရေတွေကြီးတုန်းကလည်း မီးဖြတ်ထားတာမိုျး သိထားတော့ လေတိုက်တာပြင်းလို့ အခုလို ဖြတ်တာဟု ခပ်ရိုးရိုးလွယ်လွယ် စဉ်းစားလိုက်ပါသည်။
ည ၁ဝ နာရီခွဲလောက်တော့ အိပ်ဖြစ်ကြသည်။ ဘာမှလည်း လုပ်စရာမရှိတော့ စောစောအိပ်ဖြစ်သည်။ သို့ပေမယ့် လေတိုက်သံကို တော့ ကြားနေရသည်။ ကျွန်မတို့ခြံထဲမှာ သစ်ပင်ကြီးတွေရှိတာမို့ မဆန်းပါ။ မုန်တိုင်းရှိသည်ဆိုတော့ အဲသည်လောက်တော့ တိုက်မှာပေါ့။ ည ၁၂ နာရီခွဲမှာ ထူးဆန်းလှသည့် လေတိုက်သံတွေကြောင့် ကျွန်မတို့တစ်တွေ တစ်အိမ်လုံးလန့်နိုးကုန်တော့သည်။ လေတိုက်သံကလည်း လေယာဉ်ပျံကြီးခေါင်းပေါ် တည့်တည့်ပျံနေသည့် အသံတွေဖြစ်သည်။ သိပ်မကြာခင်မှာပင် မှန်ကွဲသံနှင့် ပစ္စည်းပြုတ်ကျသံတွေက တဝေါဝေါ နှင့်ပါလာသည်။ ည ၂ နာရီ (မေလ ၃ ရက်သို့ရောက်လာချိန်) လောက်မှစ၍ ကျွန်မအခန်းပြင်ဘက်တံခါးက တဝုန်းဝုန်းနှင့် ရိုက်သံအဆက် မပြတ်တော့ပါ။ ကျွန်မတို့ ဝင်းတံခါးကြီး၏ သွပ်ပြားနှင့် အောက်ခံမြေကြီးရိုက်သံသည် နားစူးလှစွာ တစ်ချက်တစ်ချက် ဝင်လာသည်။
ကျွန်မ ဖေဖေနှင့် မေမေတို့လည်း မအိပ်နိုင်တော့ပါ။ အိမ်ရှေ့မှာ ထွက်ထိုင်ပြီး နေနေကြပါသည်။ ညမှောင်မှောင်နှင့် မဲမဲမို့ အပြင်မှာ ဆူညံသံတွေသာ ကြားနေရပြီး ဘာမှလည်း သဲသဲကွဲကွဲမတွေ့ရပါ။ ကျွန်မအခန်းအပြင်ဘက် ဝရံတာမှ သံဇကာများကွာကျသွားကာ မိုးရေများ အဆက်မပျက် ပက်လာကာ စာအုပ်စင်များ စိုကုန်ပါသည်။ မှန်တရုတ်ကပ်မှ ရေများကလည်း ဖြည်းဖြည်းရေများပက်လာရာမှ အိမ်ရှေ့ခန်း လည်း ရေတွေ ရွှဲကုန်ပါပြီ။ ထို ၃ ရက်နေ့ မနက် ၃ နာရီခွဲလောက်မှာတော့ အားလုံးကိုယ့်အိပ်ရာပြန်ဝင်ကြပါသည်။ လေယာဉ်ပျံသံနှင့်တူ သည့် လေတိုက်သံ၊ ဝင်းတံခါးသွပ်ပြားနှင့် မြေကြီးတို့ တဂျိဂျိရိုက်ခတ်သံ၊ ပစ္စည်းပြုတ်ကျသံများ၊ မှန်ကွဲသံများ၊ ခေါင်မိုးပေါ်ဘာတွေမှန်းမသိ ကျလာသံများ၊ ကျွန်မကိုယ်ကျွန်မ ယဉ်လာအောင် မှတ်ယူရင်း မှေးခနဲအိပ်ပျော်သွားပါသည်။
မနက် ၅ နာရီခွဲလောက် ရုတ်တရက် ပြန်နိုးလာစဉ်တွင် ထိုအသံဗလံများကြားနေရဆဲဖြစ်နေသည်ကို အံ့သြမိပါသည်။ မနက်ရောက်ရင် တော့ တိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေမည်ဟု ထင်ထားတာမဟုတ်လား။ ကျွန်မ ချက်ချင်းပင်တယ်လီဖုန်းကို ကောက်ကိုင်နားထောင်မိတော့ ဖုန်းက ကောင်းနေသည်။ ဒါဆိုလျှင်မဆိုးပါ။ ရိုးရိုးမုန်တိုင်းမို့ တယ်လီဖုန်းကြိုး မထိတာနေမှာဟု တွေးမိပါသည်။ ကျီးကန်းတွေ အော်သံတွေ က တော်တော့ကို ဆိုးပါသည်။ သူတို့လည်း ဒုက္ခရောက်နေရှာမှာပဲ။ မိုးရောလေရောဆိုတော့ဟု စိတ် မကောင်းဖြစ်မိပါသည်။
ကျွန်မအိမ်ရှေ့ထွက်ကြည့်ဖို့ ဆုံးဖြတ်ကာ ကျွန်မအခန်းတံခါးဖွင့်လိုက်တော့ ဝရံတာတစ်ခုလုံး ရေတွေရော၊ လေတွေရော ဝင်ရောက်ကာ ရှုပ်ယှက်ခတ်နေတော့သည်။ အသံမြည်နေသောအခါ တံခါးကို ဖွင့်ကာ တရုတ်ကပ်မှန်မှ အပြင်ကို ကြည့်မိတော့ ကျွန်မတို့ အိမ်ရှေ့က ှအမေ ဗစစူန ပင်ကြီးနှင့် မန်ကျည်းပင်ကြီးက ကျွန်မတို့ အိမ်ခေါင်မိုးပေါ်လဲနေသည်ကို တွေ့လိုက်ရပါတော့သည်။ ကျွန်မ ထိုအခါမှတကယ့်ကို လန့်သွားပါတော့သည်။ ကျွန်မ မိဘများသို့ ကမန်းကတန်းသွားနိုးကာ အခြေအနေကို ပြောပြမိပါသည်။ ယခုထိလေက တိုက်နေတုန်း။ နောက်ထပ်လဲစရာအပင်တွေ ရှိသေးသည်။ ပြီးတော့ ရေစင်ကြီးလဲရင် မလွယ်။ အခုတော့ ကောင်းကင်က လင်းကာ အပြင်ဘက်က ကြောက် လန့် စရာမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့နေကြရတော့သည်။ ခြံဝက ပိန္နဲပင်ကြီးလည်း ခြံထဲမှာ ကန့်လန့်ဖြတ်လဲနေသည်။ ဝင်းတံခါးနှစ်ချပ်လည်း လှမ်းကြည့်တာ မတွေ့တော့ပါ။ ကျွန်မတို့ အိမ်ရှေ့မှာ သွပ်ပြားများ၊ သစ်တိုသစ်စများ၊ သံများထိုးထိုးထောင်ထောင် နှင့် ပြန့်ကျဲလျက်ရှိနေသည်ကို တွေ့ပါသည်။
ခဏနေတော့ ဥက္ကလာမှ ကျွန်မ ဦးလေးက ဖုန်းဆက်ပါသည်။ သူတို့အိမ်တော့ ခေါင်မိုး ၂ ချပ် လွင့်သွားကာ ရေတွေယိုလို့ အောက်ထပ်မှာ နေနေရတယ်ဟု ပြောပါသည်။ ကျွန်မလည်း ကျွန်မတို့အိမ် အခြေအနေကို ပြောပြကာ ဖလှယ်ရင်း အားမွေးနေရပါသည်။ နောက် ကိုယ့်ကိုယ်ကိုယ် မကျေနပ်သည်မှာ ဒီလောက်လေတွေ မိုးတွေ ကြီးနေသည့်ကြားက တစ်ချိန်လုံး ဗိုက်ဆာနေခြင်းဖြစ်သည်။ ကော်ဖီ ဖျော်သောက်၊ မုန့်စားလို့လည်း မဝပါ။ အများကြီးလည်း မစားနိုင်ပါ။ ခဏနေတော့ ပြန်ဆာနေပြန်သည်။ တော်တော်စိတ်ညစ်စရာကောင်းပါ သည်။ ကျွန်မ ဖေဖေနှင့် မေမေကတော့ ဘာမှ စားချင်စိတ် ရှိပုံမရပါ။ ကျွန်မမှာတော့ ဗိုက်ဖြည့်နေရသည့် အလုပ်နှင့်ပင် တော်တော်ဒုက္ခ ရောက်နေပါသည်။
ကျွန်မတို့ ခြံဝင်းတံခါးလည်း မတွေ့ပါ။ အပြင်မှာတော့ လေက ကြမ်းတမ်းစွာတိုက်နေဆဲဖြစ်ပါသည်။ ကျွန်မတို့ ရေစင်ကြီးကိုတော့ ခြံထောင့်မှာ ထိုးထိုထောင်ထောင်နှင့် တွေ့နေရဆဲဖြစ်ပါသည်။ သူပြိုလဲကျလို့ မဖြစ်ပါ။ မုန်တိုင်းကြီးရေ ရေစင်ကြီးကိုတော့ မလုပ်လိုက်ပါနဲ့ နော်ဟု စိတ်ထဲက တောင်းပန်နေမိပါသည်။ (၃) ရက်နေ့ နေ့လည် ၁ နာရီခွဲလောက်မှာတော့ ကျွန်မနှင့် မေမေတို့ မနေနိုင် မထိုင်နိုင် ထွက်ကြကာ သရက်သီးတွေ ကောက်ကြပါသည်။ သရက်ပင်၊ မန်ကျည်းပင်၊ Star Apple ၃ ပင်စလုံး ကျွန်မတို့ အိမ်ခေါင်မိုးထောင့်မှာ လဲကျကာ၊ မှန်တရုတ်ကပ်တွေမှာ ပိနေကြသည်။ အဲဒီအပင်တွေကြားထဲက ေြွကကျနေသော မချစ်စု သရက်သီးများ အလုံး ၃ဝ-၅ဝ လောက်ကိုရသည်။ သစ်ကိုင်းတွေအောက် ပိနေသော ကျီးကန်းသေများ၊ မသေမရှင်ဖြစ်နေသော ကျီးကန်းများကို တွေ့ရသည်မှာ ရင်နာစရာကောင်းလှပါသည်။ ကျီးကန်းတွေကို မချစ်ပါဘူး။ ဒါပေမဲ့ ခုလိုအဖြစ်မိုျးက ကျွန်မ သူတို့အတွက် မျက်ရည်ကျမိပါသည်။ အသက် ရှင်နေသေးသော ကျီးကန်းများကို ခုန်တွေပေါ်တင်ပေးပြီး သက်တောင့်သက်သာ နေဖို့ လိုက်လုပ်ပေးနေသော်လည်း ရှင်ဖို့တော့ မလွယ်ပါ။ လေတွေ မိုးတွေ ကျနေဆဲမို့ မေမေက စိုးရိမ်နေပါသည်။
နောက်တော့ ဘဘကြီး မေမေကြီးတို့ အိမ်အပေါ်ထပ်ကို တက်ကြည့်ကြပါသည်။ အိုး... လင်းထိန်လှချေလားဟု အောက်မေ့မိတော့ ခေါင်မိုးတစ်ဝက်လောက်မရှိတော့ပါ။ သို့နှင့် ဘုရားများကို အောက်သို့ ပင့်ကြပါသည်။ ဝင်းတံခါးကိုလည်း သစ်ပင်တွေကြား ကျော်လွှားကာ ပြန်ထောင်ရင်း သံကြိုးနှင့် သွားချည်ကြပါသည်။ ပြီးတော့ အိမ်ထဲပြန်ဝင်ကာ လေတွေ မိုးတွေ ပြန်အတိတ်ကို စောင့်ကြည့်နေကြရပါသည်။
၂ နာရီခွဲလောက်မှာတော့ ကျွန်မတို့တွေ အိမ်ပြင်ထွက်ကြည့်ကြပြန်ပါသည်။ အိမ်နီးနားချင်းများ လမ်းသွားလမ်းလာများနှင့် ပြန်တွေ့ကြ ကာ စကားတွေ ရေပက်မဝင် ပြောကြပါသည်။ ကျွန်မတို့ခြံလည်က ပိန္နဲပင်ကြီးလည်း အမြစ်မှ ကျွတ်ထွက်ကာ အသီးများ မြေပေါ်လဲနေ ပါသည်။ ထိုအချိန်မှာပင် ဘယ်ကမှန်းမသိသော လူတွေက ခြံစည်းရိုးကို ကျော်ခွကာ ဝင်ယူနေကြပါသည်။ သူတို့ကို အော်ကာ မောင်းထုတ် ရင်း အသီးတွေကို မဖြစ်ချေတော့ဟု ယူဆ၍ အိမ်နီးနားချင်းများကို လာယူကြဖို့ ဆော်သြကြရပါတော့သည်။ သူများတကာ ဝမ်းနည်းဒုက္ခရောက်နေသည့် အချိန်အခါမိုျးတွင် အကူအညီပေးဖို့ နေနေသာသာ ကိုယ့်ကိုယ်ကိုျးကိုသာ ကြည့်တတ်သော လူတွေရှိနေတာကို ကျွန်မ တအံ့တသြ ဖြစ်မိပါသည်။ သူတို့ ကျော်ခွသွားသော ယိုင်သွားသည့် ခြံစည်းရိုးကို ပြန်ထောင်မရပါသည်။ ပိန္နဲသီးတွေကို လမ်းထဲက မိသားစုများအား အလှူပေးသလို ပေးရင်း ဝမ်းသာနေရတော့ ညက စိတ်ညစ်တာတွေ ပျောက်သွားပါသည်။ ဒီလိုနှင့်ပင် နောက်မုန်တိုင်း တစ်ခုရှိဦးမှာဟု ဆိုလာတော့ အားလုံးမှာ ကိုယ့်အိမ်ထဲကိုယ် ပြန်ဝင်ကြရပါသည်။
လေနည်းနည်းငြိမ်လာချိန်ညနေခင်းမှာတော့ မီးသွေးမီးဖိုနွေးရင်း ညနေစာချက်ကြပါတော့သည်။ သစ်ပင်တွေခုတ်ဖို့ ခေါ်လာတဲ့ သူတွေ က တစ်ပင်ကို ၅ သောင်းတဲ့။ ၄ ပင်ဆိုရင် ၂ သိန်းခွဲပေါ့။ ကျွန်မတို့လည်း မခုတ်နိုင်ပါ။ ကိုယ့်ခြံထဲပြိုလဲနေတာဆိုတော့ နေပါစေတော့ဟု ငြင်းရပါသည်။ ဒီလိုပဲ ကျော်ခွပြီး သွားတော့မယ်။ အိမ်ရှေ့ကလေူတွေက သွပ်ပြားတွေကလည်း မ မနိုင်ပါ။ လမ်းထဲကလူတွေက ကျွန်မတို့ ခြံထဲကို ကြည့်ပြီး ဒီအိမ်က လူတွေတော့ ပိတ်မိနေပြီဟု ပြောကုန်ကြပါသည်။ ထိုနေ့ညက ည ၈ နာရီလောက်ကတည်းက အိပ်ရာဝင်ကြ သည်။ မနေ့က တစ်ညလုံး တစ်နေ့လုံး မအိပ်ရသဖြင့် မောမောနှင့်အိပ် ပျော်သွားပါသည်။ အို... အိပ်မက်ပဲ ဖြစ်ပါလိမ့်မည်။ နောက်တစ်နေ့ မနက်ကျရင် အရာအားလုံးဟာ ပုံမှန်...
ညက အစောကြီးအိပ်ကြသဖြင့် မနက် ၆ နာရီခွဲလောက်မှာ နိုးလာပါသည်။ အိပ်ရာပေါ်ကနေ ကျွန်မက တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားနေမိသည်။ ဘယ်သူ့အိမ်ကမှ ရေတင်သံ မကြားရပါ။ ဒီနေ့ မနက်ပိုင်း မီးပျက်တဲ့နေ့ဖြစ်ရမည်။ ကြားနေကျ ကျီးကန်းတွေ ငှက်အော်သံ တွေ ကြားနေရသည်။ ဟိုမုန်တိုင်းကျတာ၊ သစ်ပင်တွေအမြစ်ကနေ ကျွတ်ထွက်သွားတာ၊ ဝင်းတံခါးကြီးလဲသွားတာတွေ ဒါတွေက အိပ်မက် တွေပါ။ ကျွန်မ ရုတ်တရက် ထိုင်ကာ အိမ်ရှေ့သို့ ပြေးထွက်သွားခဲ့မိသည်။ အိပ်မက်ပါဆိုနေမှ...။ တကယ့်ကို သစ်ပင်တွေ ပြိုလဲနေပါလား။ အိမ်ရှေ့မှာ သွပ်ပြားတွေ မြင်မကောင်းအောင် ပြန့်ကျဲနေ၊ ပိန္နဲပင်ကြီး ခြံကို ခွပြီးလဲကျနေ။ ဒါဆို တကယ်ပဲဖြစ်ပျက်ခဲ့ပြီပေါ့။
၂ ရက်လောက်နီးပါး ပိတ်ထားသော ကျွန်မကြောင်လေးတွေကို တံခါးဖွင့်ပေးလိုက်ပါသည်။ သူတို့လည်း အလန့်တကြားနှင့် ပြေးထွက်ပြီး ပြောင်းလဲသွားသည့် ခြံဝင်းထဲ စူးစမ်းနေကြသည်။ သူတို့တစ်တွေ တောကြီးလိုဖြစ်သွားသည့် ခြံထဲသွားရင်းလမ်းပျောက်နေဦး မယ်ဟု စိုးရိမ်မိသေးသည်။ ရေခဲသေတ္တာထဲမှာလည်း အခဲဓာတ်မရတော့သည့် နေရာတွေမှာ ထည့်ထားသည့် အစားအသောက်များကို မေမေ က ထုတ်နေပါသည်။ မုန်တိုင်းမတိုင်မီက ဖရီဇာထဲထည့်ထားသော ငါးများ၊ ဘယ်လိုလုပ်မည်မသိ။ ထိုနေ့က ၄ ရက်နေ့ မနက်ပေါ့။
ကျွန်မအိမ်မှာ နေရင်း စိတ်တွေ ချောက်ချားမိသလိုပါပဲ။ တောအုပ်ကြီးလိုဖြစ်သွားသည့် ခြံဝင်းကြီးကို ကြည့်ရင်း ထွက်ပြေးချင်စိတ်တွေ ပေါက်လာသည်။ ဒါနဲ့အပြင်လမ်းထွက်လျှောက်ဦးမည်ဟုဆိုကာ ပတ်ဝန်းကျင်တစ်ခွင်ကို လိုက်လျှောက်ကြည့်ခဲ့မိတော့ သည်။ ဝင်းတံခါးကို အသေနီးပါးပိတ်ထားခဲ့သဖြင့် ဘေးခြံဝင်းလဲသွားသည်ကို အခွင့်ကောင်းယူကာ တစ်ဘက်ခြံမှတစ်ဆင့်ပဲ အပြင်ထွက် လိုက်တော့သည်။
ကျွန်မတို့ ဝင်းခြံကြီးလိုပဲ တောအုပ်ကြီးလိုဖြစ်သွားသော တက္ကသိုလ် ဓမ္မာရုံဝင်းကြီးရယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းကြီးရယ်၊ ကံကောင်း စွာ မလဲခဲ့သော သစ်ပုပ်ပင်ကြီးရယ်၊ ဈေးထဲမှာ အစားအသောက်များ၊ ဖယောင်းတိုင်များကို ဝယ်ယူနေကြသူတွေရယ်၊ တာလပတ်များ၊ ဓာတ်ခဲသုံး ဓာတ်မီးများ၊ သစ်ပင်ခုတ်ဓားများ၊ သွပ်ပြားများကို အလုအယက် ဝယ်နေကြသူတွေရယ်၊ ပြိုလဲနေသော ဓာတ်တိုင်များ၊ သစ်ပင် ကြီးတွေရယ်၊ ဘာဘတ်စ်ကားမှမရှိ၊ ကားအခို့ျသာသွားလာနေကြတာတွေရယ်၊ နှစ် ၁ဝဝ အတွင်း တစ်ခါပဲ ဖြစ်သည့် ကြုံတောင့်ကြုံခဲ နာဂစ် မုန်တိုင်းကြီးအကြောင်း ပြောနေကြသံတွေရယ်၊ ပြီးတော့ နာဂစ်မိုးလေဝသအကြောင်းပေါ့။
ကျွန်မ အိမ်ပြန်လာပြီး ကျွန်မတွေ့ခဲ့တာတွေ၊ ကြားခဲ့တာတွေကို ပြန်ပြောရသည်။ အံ့သြစရာ၊ တယ်လီဖုန်းက မပျက်ပါ။ တယ်လီဖုန်း ကပျက်သာ မပျက်တယ်၊ သူ့ကြိုးက ဘယ်ရောက်နေမှန်းတောင်မသိပါ။ သစ်ပင်တွေကြားထဲမှာ ရှိလိမ့်မည်။ ရေဒီယိုလည်း နားထောင်လို့ မရပါ။ ဘာစတေရှင်မှလည်း မကြားရတော့။ ပျက်စီးသွားသော ခြံဝင်းနှင့် အမိုးတစ်ဝက်ပွင့်သွားတာတွေ ဘယ်ကနေ စလုပ်ရမှန်း မသိတော့ ပါ။ ကျွန်မတို့ရှိတာတွေကို ကြော်လှော် ချက်ပြုတ် စားသော်လည်း ရေခဲသေတ္တာမရသဖြင့် မနက်ချက်လည်း ညနေကုန်အောင်စား၊ နောက်တစ်နေ့ဆို သိုးကုန်သည်။ ဟင်းသီးဟင်းရွက်များမှာ မနက်ဝယ်လည်း၊ ညနေနွမ်းကုန်ပြီ။ ဈေးကလည်း နေ့တိုင်းမသွားနိုင်။ မေမေ့ အစ်ကိုနှင့် မောင်၊ ကျွန်မဦးလေးနှင့် အဒေါ်များက ထမင်းဟင်းတွေချက်ပြီး လာပို့ကြပါသည်။ သည်လိုနှင့် ၃ ရက်၊ ၄ ရက်လောက် နေသား ကျအောင် နေရသည်။ ခြံလည်း မရှင်းနိုင်သေး။ သစ်ပင်ခုတ်သူလည်းမရ၊ ခေါင်မိုးလည်းသည်အတိုင်း။ မိုးရွာလည်း ကြည့်နေရသည်။
ကျီးကန်းသေးသေးလေးတွေက ခြံထဲမှာ လမ်းလျှောက်နေကြသည်ကို အိမ်ကကြောင်တွေက ကစားစရာလို လိုက်ဆော့နေကြသည်။ ကျီးကန်းတွေ၊ ငှက်တွေကို သနားသဖြင့် စားြွကင်း စားကျန်များကို အကျအနထည့်ကာ ကျွေးဖြစ်ခဲ့သည်။ ''အဓိကပြဿနာက ရေဖြစ်သည်။ ရေစင်မှာ ရေက ၄ ပုံ ၁ ပုံဆိုတာ ပြနေသည်။ သည်တော့ အဲသည်ရေကို ချွေတာသုံးရမည်။ ကျွန်မက အဲသည်ရေကို ညအိပ်ခါနီးကျရင် မျက်နှာသစ်၊ သွားတိုက်သည့်အခါ သုံးသည်။ ထမင်းချက်သည့်အခါ သုံးသည်။ မိုးရေခံရသည်။ မိုးရေဖြင့် ရေခိုျး၊ ပန်းကန်ဆေးရသည်။ ည ၈ နာရီလောက်ကျတော့ ဘုရားစာရွတ် စိပ်ပုတီးစိပ်၊ တရားထိုင်ကာ ၉ နာရီလောက် အိပ်ကြသည်။ စောစောအိပ်တော့ မနက် ၅ နာရီလောက် ပုံမှန်နိုးသည်။ ဘယ်တော့မှ မနိုးသည့် အချိန်။ ရှုပ်ပွကာ တစ်စစီပြန့်ကျဲနေသော သွပ်ပြားများလည်း မကောက်နိုင်သေး။ သစ်ပင်ခုတ်မည့်သူလည်း မရသေး။ အမိုးကလည်း ဟောင်းလောင်းဖြစ်ဆဲ။
မုန်တိုင်းအပြီး ၄ ရက်အကြာမှာ သစ်ပင်ခုတ်သမားရသည်။ ဖြစ်ဖြစ်ချင်းနေ့က ဈေးထက် ထက်ဝက်လောက် သက်သာသွားသည်။ ၆ ရက်မြောက်နေ့မှာ ဖေဖေက မီးစက်တစ်လုံးကို ဝယ်ဖြစ်သည်။ သည်တော့ ညနေ ၆ နာရီခွဲလောက် မီးစက်ဖွင့်ကာ ည ၈ နာရီကြတော့ မေမေက ရေဒီယိုနားထောင်မည်ဖြစ်၍ မီးစက်ပြန်ပိတ်။ မီးစက်ကလည်း အတော်နားငြီးသည်။ နားက မခံနိုင်တော့။ ပုံမှန် ၉ နာရီအိပ်တာက တော့ မပြောင်းလဲ။ မနက် ၅ နာရီထတာလည်း အကျင့်ဖြစ်သွားသည်။ ၇ ရက် မြောက်နေ့မှာ တစ်နာရီ ၂ သောင်းဖြင့် ရေတင်ကြသည်။ ရေတင်သည့်သူတွေက ရေစင်ပေါ်တက်ကြည့်ကြရာ ရေစင်ထဲ ကျီးကန်းတွေ ၆ ကောင်လောက် ပုပ်ပွကာ သေနေကြသည်တဲ့။ ရေစင်ဖုံးသည့် အဖုံးလည်း ဘယ်လွင့်သွားသည်မသိ။ ကျွန်မမှာ ထိုရေကို မျက်နှာသစ်၊ သွားတိုက်လုပ်လာတာ ဘယ်လောက်ကြာပြီလဲ။ သူတို့က ဘာအနံ့မှ မရဘူးလားဟု မေးကြသည်။ တကယ်ပဲ ဘာအနံ့မှကို မရတာ။ ရေတင်သည့်သူတွေက တော်တော်သဘောကောင်းပါသည်။ ရေစင်ကို သေချာ ဆေးကြော သန့်စင်ပေးပြီး အဖုံးဖုံးပြီးမှ ရေကိုတင်ပေးသွားကြသည်။ နောက်ပိုင်းရက်တွေတော့ ဈေးလျှော့ပေးကြပါသည်။
ဆွေမိုျး၊ မိတ်ဆွေများက ငှက်ပျောသီးများ၊ မုန့်များ၊ ကြက်သွန်၊ အာလူးနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူလာပေးကြသဖြင့် ကျွန်မတို့မှာ ကျေးဇူးတင်နေကြရသည်။ ရေခဲသေတ္တာကြီးလည်း မီးမရှိသဖြင့် ဖွင့်လိုက်တိုင်း အတော်နံစော်နေပါပြီ။ ရေခဲသေတ္တာကို မှီခိုခဲ့ တာ အကျင့်ပါနေသောကြောင့် စားဖို့ သောက်ဖို့ သိမ်းဆည်းရတာတော်တော် ဒုက္ခတွေ့လာပါသည်။
ဘဘကြီး မေမေကြီးတို့ စာအုပ်ဗီရိုများ ရေစိုကုန်သွားသည့်အတွက် စာအုပ်တွေကို ထုတ်၊ နေပူလှမ်း၊ ပြန်သိမ်းနှင့် တစ်နေ့တစ်နေ့ မနားကြရပါ။ သစ်ပင်ခုတ်အလုပ်သမားများ မပြီးမချင်းလည်း စောင့်ကြည့်နေရသည်။ တစ်နေ့တစ်နေ့ကို အလုပ်တွေကလည်း ပေါ်ပေါ်လာသည်။ ဓာတ်ကြိုးက သစ်ပင်တွေကြားထဲ ပြုတ်ကျသွားတာတွေ၊ ပန်းအိုးတွေလဲနေတာပြန်ထောင်ရ၊ မိုးရွာရင် မိုးပက်မှာစိုးလို့ ကာရနှင့် ညဆိုမောမောနှင့် စောစောအိပ်ဖြစ်နေတော့သည်။ တခြံလုံးလည်း ကျီးကန်းသေများကြောင့် ပုပ်စော်နံနေတာတွေကို အလုပ်သမား တွေကို ရှာရှင်းခိုင်းကာ မြှုပ်ခိုင်းရသေးသည်။ သစ်ပင်တွေ ခုတ်လဲပြီးသွားတော့ ရှင်းလင်းသွားသည့် မြင်ကွင်းကို တွေ့ကြရပါသည်။ ထူးဆန်းစွာ ပိန္နဲပင် အမြစ်ကြားမှ အပင်ပေါက်လေး ၂ ပင်က ထိုးထိုးထောင်ထွက်လာသည်။ မန်ကျည်းပင်တွေ ခုတ်လိုက်သော်လည်း အရွက်များက မနွမ်းသေး။ ပြတ်သွားသော ရှောက်ပင်၊ သံပုရာပင်တွေ၊ ဒန့်ဒလွန်ပင်များမှ အညှောင့်လေးတွေ ထွက်လာသည်။ ှအမေ ဗစစူန အပင်ပေါက်တွေကိုလည်း ဟိုမှာ သည်မှာ တွေ့ကြရသည်။ ဒါဆို မိုျးတော့ မပြတ်တော့ပါ။ သူတို့ကလေးတွေကို စောင့်ကြည့်ကြရတော့မည်။
ထိုသို့ အိမ်ကိစ္စ၊ ခြံကိစ္စများ လုံးချာလိုက်နေသည့်ကြားမှပင် ကိုယ့်ထက် ဆိုးရွားစွာ ခံစားနေကြရရှာသော ဧရာဝတီတိုင်း၊ ဟိုင်းကြီး ကျွန်းတို့ဘက်သို့ သွားရောက်ကြမည့် စေတနာရှင်များအား အဝတ်အစား၊ ဆေးဝါးများနှင့် တတ်နိုင်သလောက် အလှူငွေများကို လှူဖြစ်ခဲ့သေး သည်။ ကျွန်မသည် ထိုအချိန်၌ သူတို့ကို ပို၍ ကိုယ်ချင်းစာမိသည်။ အဝတ်အစားဆိုလည်း ကိုယ်ပြန်ဝယ်လို့ရသည်။ သူတို့က ဝယ်စရာမရှိဟု တွေးကာ ရှိသမျှကို ဆိုင်းမနေဘဲ ထည့်လှူဖြစ်ခဲ့သည်။ ဒီလို အခွင့်အရေးကို ရရှိခြင်းကို ဘယ်လောက် ကျေးဇူးတင်စရာ ကောင်းပါသလဲ။ ကိုယ်တိုင်ကိုယ်ကျ သွားလှူသူများကို ကျေးဇူးတင်ဝမ်းသာမိပါသည်။ ကျွန်မတို့မှာတော့ တခြံလုံးနီးပါး လဲပြိုခဲ့သဖြင့် မျက်နှာလွှဲမရ ဖြစ်နေဆဲဖြစ်ပါသည်။
မေလ ၁၉ ရက်မှာတော့ မီးပြန်လာပြီ။ မေလ ၁၈ ရက်နေ့က အီးပီစီကလူတွေ လာလုပ်သွားကြပါသည်။ ကျွန်မတို့ ခြံထဲက ဓာတ်ကြိုးများ ပြတ်သွားသည်ကို လဲဆက်ပေးသွားကြပါသည်။ ကျွန်မတို့ ရေခဲသေတ္တာကြီးမှာ တော်တော်ကို နံစော်နေပါပြီ။ ပြန်ရှင်းပြန်ဆေး သော်လည်း တော်တော်နှင့် အနံ့မပျောက်ပါ။ ထိုနေ့မှာပင် ဖေဖေ့ မိတ်ဆွေတစ်ယောက်ထဲမှ ခေါင်မိုးမိုးဖို့ အလုပ်သမား ၂ ယောက် လွှတ်ပေး လိုက်သဖြင့် ခေါင်မိုးကိစ္စ ပြေလည်သွားခဲ့ပါသည်။ သွပ်သံတစ်ပိဿာလောက်ကုန်ပါသည်။ သွပ်ပြားများ ပြန်ရသဖြင့် တော်ပါသေးသည်။ ၃ ရက်လောက်အကြာမှာ ခေါင်မိုးမိုးပြီး ဝင်းတံခါးပြင်ပြီးနှင့် တော်တော်လေး အလုပ်ပြီးပါသည်။ မီးလာပြီး ရေတင်မရသဖြင့် စစ်ဆေးကြည့် တော့မှ လေပိုက်မှာ ပြဿနာ ရှိနေပါသည်။ ကျွန်မတို့မှာ မီးလာပြီး ရေတင်မရသဖြင့် ရေပြဿနာနှင့် ၃ ရက်လောက်ရင်ဆိုင်လိုက်ရသေး သည်။
ကျွန်မတို့ နာဂစ်မုန်တိုင်းကြီးကြောင့် သစ်ပင်တွေပြို၊ အိမ်အမိုးတွေ ပျက်စီး၊ ရေဒုက္ခ... စသည်ဖြင့် ရက် ၂ဝ ကျော်ခံလိုက်ရသည့် ကာလအတွင်းတွင် သင်ခန်းစာတွေ တော်တော်ရလိုက်ပါသည်။ ရေခဲသေတ္တာထဲမှာ သား၊ ငါး၊ ဟင်းသီးဟင်းရွက် အပြည့်ရှိမှ နေလို့ဖြစ်သည် ဟု ယူဆချက်မှားသည်။ မနက်ဈေးက ဝယ်လာသော ဟင်းရွက်တစ်မိုျး၊ ဟင်းတစ်ခွက်စာနှင့် တစ်နေ့လုံးစားလို့ ဖြစ်ရင်ကို ဘဝက ပြည့်စုံသွားပြီဖြစ်ပါသည်။ နောက်တစ်နေ့ ကိစ္စကို နောက်နေ့ကျမှ စဉ်းစားပါ။ ဒီနေ့စားလို့လုံလောက်ရင် တော်ပြီ။ ဈေးက နှစ်ရက်စာဆိုပြီး ဝယ်လာတာတွေတောင် နောက်တစ်နေ့ မှိုတက်၊ သိုးကုန်ပြီဖြစ်သည်။ သည်တော့ တစ်နေ့စာကလေးပဲ စဉ်းစားလိုက်တော့ စိတ်က အရမ်းချမ်း သာသွားသည်။
ရေကို သုံးသာသုံး၊ ရေများများသုံးမှ ဖြစ်မည်ဟု ယူဆချက် မှားသည်။ ရေကို ချွေတာသည့် နေရာတွင် ပန်းကန်ဆေးသည့် ကိစ္စကို တော်တော်ကြီး ချွေတာခဲ့ရသည်။ မိုးတွင်းဖြစ်သဖြင့် မိုးရေတွေခံထားကာ မိုးရေကို သုံး၍ရသည်။ သောက်ရေသန့်ကိုသာ ကြိုချက်သောက်ရ သည်။ ထိုစဉ်က ဧည့်သည်ကိုတောင် သောက်ရေတိုက်၍ ဧည့်မခံနိုင်။ အိမ်လာလုပ်သည့် အလုပ်သမားများကိုလည်း ရေမတိုက်နိုင်။ ခိုျးသည့် ရေကိုလည်း မိုးရေပဲခိုျး။ သည်တော့မှ ဟိုးအရင်က ရေတွေ ငါတို့ တော်တော်ဖြုန်းခဲ့ပါလားဟု စဉ်းစားမိသည်။
ည မီးမရှိသဖြင့် ညနေ ၅ နာရီခွဲလောက်ဆို ထမင်းစား၊ ပြီးရင် ပန်းကန်တွေသည် အတိုင်းပုံထား (မှောင်ကြီးထဲဆေးလျှင် ရေပိုသုံးမိမည်စိုးတာလည်း ပါမှာပေါ့)၊ မနက်မှ ဆေးကြသည်။ ထမင်းစားပြီးတာနှင့် စိပ်ပုတီးစိပ်၊ ဘုရားရှိခိုးနှင့် ည ၈ နာရီခွဲဆို အိပ်ငိုက် နေပြီ။ ည ၉ နာရီအိပ်ရာဝင်ကြကာ မနက် ၅ နာရီလောက်ဆို သူ့အလိုလို နိုးလာခဲ့ပြီဖြစ်သည်။ တစ်နေ့လုံး ခြံကိစ္စ၊ အိမ်ကိစ္စများနှင့် စာလည်း မရေးနိုင်၊ စာလည်းမဖတ်နိုင်။ နောက်ဆုံးမီးပြန်လာပြီး သစ်ပင်ခုတ် ကိစ္စ ပြတ်၊ အိမ်အမိုး မိုးပြီးပြီ ဆိုတော့မှ ကျွန်မတို့၏ နေ့စဉ် ပုံမှန်ဘဝ ပြန်ရောက်ပြီလားဟု သုံးသပ်မိသည်။
ထိုပုံမှန် အခြေအနေဆိုသည့်အထဲတွင် ဆုံးရှုံးခဲ့ရသော သစ်ပင်တွေ မပါပါ။ ကုန်ခဲ့သော ငွေကြေးများ မပါပါ။ ကိုျးသွားသော တံခါး ရွက်ကြီးကို သည်အတိုင်းလက်ပိုက်ကြည့်နေရသေးတာ မပါ။ ယိုင်နဲ့သွားသော ခြံစည်းရိုးတွေ မပြင်နိုင်သေး။ သပ်အမိုးများ လွတ်နေသေးဖြင့် မိုးပက်နေ၊ မိုးယိုနေတာတွေ မပါ။ ယခုထိ စာအုပ်တွေ ရေစိုသွားတာတွေကို ထုတ်လှန်းရ ရုပ်ရတာတွေ မပါသေး။ သည်တော့ ကိုယ့်နေ့စဉ် ဘဝဆိုတာ စာရေးစာဖတ်အလုပ်များကို ပြန်ကိုင်မိရုံလေးကိုပဲ ခေါ်လိုက်ကြပါစို့။ ဧရာဝတီတိုင်းဘက်က ရွာကလေးတွေမှာတော့ နေအိမ်တွေ သာမက အသက်တွေတောင် စတေးကြရရှာတော။ သူတို့ရဲ့ ပုံမှန်အခြေအနေဆိုတာ ဘာလဲ။ သူတို့ရဲ့ အားကိုးရာဆိုတာ ဘာလဲ။ အသက်ရှင်လျက် ကျန်ရစ်သူတွေအတွက် အသက်ဆက်လက်ရှင်သန်ဖို့ ခွန်အားတွေ ဘယ်လိုမွေးကြမလဲ။ ကျွန်မတို့ကရော ဘာလုပ်ပေးနိုင်ပါ သလဲ။
နာဂစ်မုန်တိုင်း ဝင်ခဲ့ပြီး တစ်လကျော်ကြာခဲ့ပါပြီ။ အဲသည်တုန်းက အဖြစ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်လာခဲ့ရာမှ ပုံမှန်ဘဝကို ရောက်ဖို့ ဘယ်လိုဖြတ်ကျော်ခဲ့ရ၊ ဘယ်လို စိတ်ဒုက္ခရောက် ခံစားခဲ့ရသည်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်မိရပါသည်။ ပုံမှန်ဘဝကို ရောက်ဖို့ သူတို့အချိန် ဘယ်လောက်ယူရမှာလဲ။ ရင်ထဲက ဒဏ်ရာတွေပါ ပျောက်ဖို့ဖိုရင်တော့ ပုံမှန်ဘဝကို ရောက်ခွင့်တောင် ရပါတော့မလား ဟုသာ...။
(ဧရာဝတီတိုင်းဘက်က ဒုက္ခသည် စခန်းများသို့ ရောက်ခဲ့စဉ်က ဒုက္ခသည်များနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံအားပေးခဲ့စဉ်သူတို့၏ ဝမ်းနည်းသောက မျက်နှာများကို တွေ့မြင်စာနာစွာဖြင့် ဤဆောင်းပါးကို ရေးဖြစ်ခဲ့ပါသည်။)