Friday, July 20, 2012

Unforgettable ....၁၉ ဇူလိုုင် မမေ့နိုင်စရာများ ဂျူနီယာဝင်း


၁၉  ဇူလိုုင် မမေ့နိုင်စရာများ
ဂျူနီယာဝင်း
ဇူလိုုင် ၂၀၊ ၂၀၁၂
၁၉၄ရခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ကို ကျွန်မတို့ လွယ်လွယ်နှင့် မမေ့နိုင်ပါ။ ကျွန်မ၏ အဘိုးအဘွားများက ထုုိနေ့ဟာဖြင့် မျက်ရည်များနဲ့ ဝမ်းနည်းကြေကွဲစရာများ လွှမ်းမိုးနေသောနေ့ဟု အမြဲပြောကြတာကို ကျွန်မမှတ်မိနေပါသည်။
“မြို့ထဲမှာ ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက်၊ ဘတ်စကားပေါ်၊ ရထားပေါ်၊ စျေးထဲ၊ ယောကျင်္ားကြီးတွေ မျက်လုံးတွေစိုစွတ်၊ အမျိူးသမီးတွေ ငိုရှိုက်နေလိုက်ကြတာများ သူတို့အသည်းနှလုံးတွေကွဲကြေသွားကြသလို မြင်တွေ့ကြရတယ်”
သူတို့ ဘာကြောင့် ငိုနေကြသလဲ၊ သူတို့မျက်ရည်တွေက ဘာကိုဖော်ညွှန်းနေသလဲ ဆိုတာ မေးစရာမလိုပါ။
ကျွန်မအဘိုးက ပြောပါသည်။ အကယ်၍ တစ်စုံတစ်ဦးသေဆုံးရင် သူ့မိသားစု သူ့ဆွေမျိူး မိတ်သင်္ဂဟများသာ ငိုကြွေးကြမှာပဲ တဲ့။ သို့သော် ထိုနေ့မှာတော့ အာဇာနည်တွေလုပ်ကြံခံရတဲ့ အဲသည်နေ့မှာတော့ သူတို့ရဲ့မိသားစုဝင်တွေ ဆွေမျိူးတွေသာမက မြို့ထဲက လူတိုင်း လူတိုင်း ပူဆွေးကြ၊ မျက်နှာပေါ် မျက်ရည်တွေ စီးကျနေလိုက်ကြတာ ပဲ တဲ့။ အားလုံးသည် ရုတ်တရက်ကြီး ထိတ်လန့်၊ ပူဆွေးလွန်းလို့ ဆွံ့အ၊ သူတို့ရဲ့ချစ်လှစွာသောသူတွေနဲ့ ပတ်သက်တဲ့ ကြောက်စရာသတင်းဆိုးကြီးကို ကြားလို့ ဖြစ်ပျက်ကုန်ကြတာ။
၁၀ နာရီ ၃ရမိနှစ်။ နေရာကတော့ အလုပ်အမူဆောင်ကောင်စီ ပြည်နယ် အုပ်ချူပ်ရေးအဖွဲ့ဝင်များ အစည်းအဝေး လုပ်နေတဲ့အခန်းတစ်ခုမှာ … ဥက္ကဌအဖွဲ့ဝင်တစ်ဦးဖြစ်သော ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်မူအောက်က ပြုလုပ်တဲ့အစည်းအဝေးမှာ စိတ်ကူးနဲ့တောင် ပုံဖော်လို့မရတဲ့ အလွန်ရက်စက် ကြမ်းကြုတ်တဲ့ လူသတ်မှုရဲ့ သားကောင်တွေ ဖြစ်သွားရသည်။ လူထုယုံကြည်ရသည့် ဗိုလ်ချူပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချိူ၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ကိုသက်ထွေးတို့ ပစ်သတ်ခံခဲ့ရသည်။
၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်အထိမ်းအမှတ် စာအုပ်ကလေး၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့စာအုပ်လေးထဲမှာ ’Our Fallen Leader’ ဟူသည့် ထိုနေ့ ထိုအဖြစ်အပျက်အကြောင်း ရေးထားတာကို ယခုလိုတွေ့လို်က်ရသည်။
“ကာဘရိုက်တာ သေနတ် ရဲ့ စူးရှတဲ့ အသံရယ်၊ လေးလံထူထပ်တဲ့ မီးခိုးငွေ့တွေက အဲသည်အခန်းထဲက ထိုးထွက်လာကြတယ်။”
(အဲသည် ဇာတ်ဝင်ခန်းကို The Lady ဆိုသည့်ု ရုပ်ရှင်ထဲ ထည့်ရိုက်ထားလိုက်ပုံကတော့ တက်တက်စင်အောင် လွဲနေတယ်လို့ ဆိုရမှာပဲ။ ကျွန်မတို့ရဲ့ ဗိုလ်ချူပ်ကို လက်မ အနည်းငယ်အကွာလောက်ကနေ  ပစ်စတိုသေနတ်နဲ့ ပစ်လိုက်ပုံကို ရိုက်ပြထားလေရဲ့။ အိုး … ကျွန်မ အဲသည်လောက်တော့ သိတယ်။ အဲဒါ ကာဘရိုက်တာ မဟုတ်မှန်း။ ဘယ်အရူးမဆို သိနိုင်တာ။ ကျွန်မတောင် သိတယ်။ အဲသည်ရုပ်ရှင်ထဲက အခန်းက ကျွန်မတို့ရဲ့ သမိုင်းဝင်အဖြစ်အပျက်ကြီး ဖျက်ဆီးပစ်လိုက်တာပဲ။)
ရက်စက်ပါတယ် ဆိုတဲ့ ထိုနေ့ကို လေးလံတဲ့တိမ်လိပ်တွေ၊ လျပ်စီးမိုးကြိုးတွေ၊ မိုးသားတွေက ထပ်မံဖြည့်စွက်လိုက်တာ တတို်င်းပြည်လုံးကို ပို၍ ပို၍ ကြေကွဲဖွယ်ဖြစ်အောင် ဖန်တီးလိုက်ပြန်လေသည်။ ကျွန်မ၏အဘွားးက ပြောတာကတော့ ထူထပ်တဲ့ မိုးသားတိ်မ်လိပ်ကြီးတွေ သူတို့ပေါ် ဖိနှိပ်ထားလိုုက်တာ ပြန်ပြီး မရုပ်သိမ်းတော့တဲ့ အတိုင်းပဲ တဲ့။ ဆိုးရွားတဲ့ သဘာဝတရားကြီးက တတိုင်းပြည်လုံးကို ပိုပြီးထိတ်လန့် တုန်လှူပ်သွားစေသတဲ့။
ထိုကဲ့သို့သော ဝမ်းနည်းစရာများ ရှိနေသော်လည်း ဘဝသည် ဆက်လက်ဖြတ်သန်းနေပါသည်။ အချိန်သည် ကုစားပေးလိုက်သလို အစစအရာရာ ပုံမှန်ဖြစ်သွားသည်။
ရာသီစက်ဝန်း တပတ်လည်နေသလို ထိုနေ့သည်လည်း နှစ်စဉ် တပတ်ပြန်လည်လာပါသည်။ ကျွန်မက ထိုနေ့ကို ကလေးတွေ တွေးသလို ကျောင်းပိတ်ရက်ဟု မှတ်မိနေမိသလို ကျွန်မတို့၏ သူရဲကောင်းများ ဆုံးရှုံးရလို့ တတိုင်းပြည်လုံး မျက်ရည်ကျကာ ကြေကွဲခဲ့ရသော နေတစ်နေ့လည်း ဖြစ်ပါသည်။ အချိန်သည် မျက်ရည်စများကို သစ်တုံးလို ခြောက်သွေ့သွားအောင် လုပ်နိုင်သလို ကျွန်မတို့၏ နှလုံးသားများကိုလည်း ရေခဲလို အေးစက်သွားအောင် ဖန်တီးလို်က်နိုင်ပါသည်။ သို့သော် ညှာတာမှုမရှိစွာ ရွာသွန်းနေသောမိုးနှင့် ကြမ်းတမ်းစွာ တိုက်ခတ်နေသော လေပြင်းကို အခု သည်ဆောင်းပါးရေးနေသောအခိုက်မှာ ပြူတင်းပေါက်ကနေ လှမ်းမြင်နေရပါသည်။
ထိုနေ့ ထိုရက်က ကျခဲ့သော မျက်ရည်များကို စိတ်ကူးနှင့်သာ ပုံဖော်နို်င်သော်လည်း ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တုန်းက ရွာခဲ့သောမိုးကိုတော့ အခုလက်တွေ့ ခံစားနေရပါသည်။
(The Unforgettables အမည်နဲ့့ ကျွန်မအင်္ဂလိပ်လိုရေးသားထားသောThe Unforgettables ဟူသောဆောင်းပါးကို ဘာသာပြန်ကာ စာဖတ်သူများအတွက် တင်ဆက်လိုက်ပါသည်။)

Photo Credit - http://www.layoutsparks.com/1/37812/red-rain-clouds-fall.html

No comments: