ကျွန်မတစ်ဦးတည်းနှင့် မသက်ဆိုင်သော ဆု
(အမှတ် ၁၉၄၊ ၂ဝဝ၈၊ မေလ)
ဇန်နဝါရီလ ၁ ရက် ၂ဝဝ၈ ခုနှစ်နေ့တွင် ကျွန်မ ဘာသာပြန်ခဲ့သော 'အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ' စာအုပ်က ကလေး/လူငယ် ဘာသာ ပြန်ဆုအဖြစ် ထွန်းဖောင်ဒေးရှင်း စာပေကော်မတီမှ ရွေးချယ်လိုက်ကြောင်းကို သိရှိခဲ့ရပါသည်။ ထိုစာအုပ်သည် မူရင်းရေးသူLewis Carroll ၏ ‘Alice in Wonderland’ ဘာသာပြန် ဖြစ်ပါသည်။ ဆုရရှိကြောင်း သိသိချင်းဆိုသလိုပင် ကျွန်မ ပထမဦးစွာ သတိရမိသော ပုဂ္ဂိုလ်များမှာ ကျွန်မ၏ အဘိုးနှင့်အဘွားဖြစ်ပါသည်။ ကျွန်မ၏ အဘိုးဆိုတာ အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်ပါ။ ကျွန်မအဘွားဆို တာ စာရေးဆရာမကြီး ဒေါ်ခင်မိုျးချစ်ပါ။ သတိရမိခြင်းအကြောင်းကို ရှင်းပါမည်။
ကျွန်မတို့ ငယ်စဉ်ကလေးဘဝကစလို့ အင်္ဂလိပ်စာ အေဘီစီဒီ နည်းနည်းပါးပါး မတောက်တခေါက်ဖတ်တတ်စအရွယ်မှာ အဘိုးနှင့် အဘွားက အင်္ဂလိပ်စာတွေ သင်ပေးခဲ့ပါသည်။ ကိုယ့်အကြောင်း၊ သူ့အကြောင်း၊ အိမ်အကြောင်း၊ အရုပ်ကလေးတွေအကြောင်း စသည် စသည် ချစ်စဖွယ်ပုံပြင် ပုံတို ပတ်စများဖြင့် အင်္ဂလိပ်စာကို သင်ပေးခဲ့ကြတာ ကျွန်မ ယခုတိုင်မမေ့ပါ။ ကျွန်မတို့လို့ ဆိုလိုက်မိတာက ကျွန်မတို့ အမြွှာမောင်နှမနှစ်ယောက်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်မ၏ အမြွှာအစ်ကို ကာတွန်းမောင်ရစ်က ကျွန်မထက် ညဏ်လည်းကောင်းပါသည်။ စာလည်းတော်ပါသည်။ အင်္ဂလိပ်စာလုံး ၁ဝ လုံးလောက်ကို တထိုင်တည်းနှင့် အလွတ်ကျက်နိုင်သလောက် ကျွန်မမှာ တစ်နေ့လုံး ကျက်လဲမရ၊ နှစ်ရက်သုံးရက်နှင့်လည်း မမှတ်မိ၊ တစ်ပတ်လောက်ရှိမှ ရေးတေးတေးပေါ်နှင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခဲ့ဖူးတာကိုလည်း ကျွန်မ ယခုထိ သတိရနေမိဆဲပါ။ ကျွန်မက ညဏ်လည်းမကောင်း၊ စာကိုလည်း စိတ်မဝင်စားပါ။ အင်္ဂလိပ်စာဆိုပိုဝေးပါသည်။ စာကျက်ရမှာလဲ အင်မတန် ပျင်းပါသည်။ သို့သော် စာတော့ တော်ချင်သည့်စိတ်တော့ ရှိပါသည်။ တော်အောင် ကြိုးစားပါသော်လည်း ညဏ်ကလိုက်မလာသောအခါ ကျွန်မက ဒီအတိုင်းပစ်ထားလိုက်ပါတော့သည်။ ကျွန်မ အစ်ကိုက စာကတော်ပြီးရင်းတော်၊ ကျွန်မက ညံ့သထက် ညံ့။
အဲသလိုနှင့် တက္ကသိုလ် ဒုတိယနှစ်သင်္ချာ အဓိကတက်နေပြီးနောက်ပိုင်းမှာ ကျောင်းတွေ ၃ နှစ်လောက် ပိတ်တာနှင့် ကြုံခဲ့ရပါသည်။ ယင်းသည် ကျွန်မ၏ ဘဝကို တစ်ဆစ်ခိုျးပြောင်းလဲလိုက်ခြင်းဖြစ်ပါလိမ့်မည်။ အဲသည်တော့ ကျွန်မတို့မောင်နှမ နှစ်ယောက်စလုံးမှာ အင်္ဂလိပ် စာ ပညာရှင်ကြီးများဖြစ်သော အဘိုးနှင့်အဘွား၏ လက်တွင်းသို့ သက်ဆင်းခဲ့ကြရပါတော့သည်။ တစ်နေ့ တစ်နာရီ အချိန်မှန်မှန် အင်္ဂလိပ်စာ သင်ရပါသည်။ ဘဘကြီးနှင့် မေမေကြီး (အဘိုးနှင့်အဘွားကို အဲသည်လိုပဲ ခေါ်ပါသည်။) တို့၏ ထမင်းစားပွဲပေါ်မှာ အင်္ဂလိပ်စာအုပ်ကိုယ်စီ ကိုင်ကာ စာသင်ရပါသည်။ ဘဘကြီး မေမေကြီးတို့ လက်ထဲတွင် အဘိဓာန်စာအုပ်ထူထူကြီးတွေ ကိုယ်စီကိုင်ထားကြပါသည်။ သူတို့သင်ပေး မည့် ရှိတ်စပီးယားတို့၊ ဘားနတ်ရှောတို့အပြင် ဂရိပြဇာတ်စာအုပ်တွေကိုလည်း ထမင်းစားပွဲပေါ်မှာ အခန့်သားနေရာ ယူထားတာတွေ့ကြရပါ သည်။ ကျွန်မအစ်ကိုတော့ မသိပါ။ ကျွန်မအတွက် ငရဲကျသလိုပါပဲ။ ကြောက်၍သာ စားပွဲရှေ့ထိုင် စာသင်နေရသော်လည်း တစ်နာရီအမြန် ကုန်စေချင်တာက စိတ်ထဲအပြည့်ပါ။ ဘဘကြီးနှင့် မေမေကြီးကတော့ ကျွန်မတို့ကို သူတို့၏ ပညာများသင်ပေးနေရ၍ အလွန်ပျော်ရွှင်နေကြပါ သည်။ အင်္ဂလိပ်စာလုံးလေးတစ်လုံးအကြောင်းကို ကျွန်မတို့အား စာသင်ချိန်မရောက်မီမှာ ဘယ်လိုသင်ရင်ကောင်းမလဲဟု သူတို့အချင်းချင်း ဆွေးနွေးကြတာကိုလည်း မကြာခဏဆိုသလို တွေ့ရကြားရပါသည်။ စာသင်နေရင်းနှင့် အင်္ဂလိပ်စာလုံးလေးတစ်လုံးအတွက် အဘိဓာန်တွေ လှန်လှောကာ ရှာဖွေစူးစမ်းနေရင်း ကျွန်မတို့ကို ဘယ်လိုရှင်းရင် ဘယ်အဓိပ္ပာယ်နှင့်ဟုဆိုကာ တိုင်ပင်နေကြတာကိုလည်း ကျွန်မ ငေးမော ကြည့်နေခဲ့ဖူးပါသည်။ (အဲဒါမသိလည်း ဘာဖြစ်မှာမို့လို့လဲဟု အတွေးနှင့်ငေးနေတာနေမှာပေါ့)
ဘဘကြီးနှင့် မေမေကြီးတို့ သင်ပေးခဲ့သော မှတ်စုစာအုပ်များကတော့ ကျွန်မစာအုပ်ဗီရိုနှင့် အပြည့်ဖြစ်လာပါသည်။ အိမ်မှာ အင်္ဂလိပ် စာအုပ်တွေ ဖတ်ရမည်ဟု စည်းကမ်းတွေ မသတ်မှတ်ထားသော်လည်း အင်္ဂလိပ်စာအုပ်ဖတ်ဖို့ကိုတော့ ပိုအားပေးပါသည်။ အင်္ဂလိပ်စာအုပ်တစ် အုပ် လူကြီးတွေရှေ့ဖတ်ပြနေလျှင် ဘယ်သူမှခိုင်းတောင် မခိုင်းပါ။ (တစ်ခါတလေ ဖတ်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါသည်။) မေမေကြီးကတော့ အင်္ဂလိပ်စာဘာစာဖြစ်ဖြစ် ဖတ်ဟု အမြဲဆော်သြပါသည်။ ကျွန်မကတော့ ပြေးပေါက်မရှိ၍သာ အင်္ဂလိပ်စာ သင်နေရ၊ ဖတ်နေရခြင်းဖြစ်ပါသည်။ အဲသည်လိုနှင့် ကျောင်းတွေပြန်ဖွင့်ခဲ့ပါပြီ။
ကျောင်းတွေ ပြန်ဖွင့်တော့ ဘဘကြီးနှင့် မေမေကြီးတို့၏လက်က လွတ်သွားပြီဟု မထင်လိုက်ပါနှင့်။ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များကို အင်္ဂလိပ်စာသင်ဖို့အတွက် ပေးထားရပါသည်။ ဤနေရာတွင် ထူးခြားမှုတစ်ခုကို ကျွန်မပြောမည်။ တက္ကသိုလ်ပြန်တက် တော့ အင်္ဂလိပ်လိုသင်ရသော ရူပဗေဒဘာသာရပ်သည် ကျွန်မအတွက် အရမ်းကို လွယ်ကူနေခဲ့ပါသည်။ အရင်တုန်းက ဟုတ်သည်။ အရင်တုန်းက ကျွန်မ စောစောက ပြောခဲ့သလိုပေါ့။ ကျွန်မက စာအလွန်ညံ့သော ညဏ်ထိုင်းသူတစ်ယောက်ပါ။ ရူပဗေဒကိုလည်း ဘာမှ နားမလည်ပါ။ နားမလည်ခဲ့ပါဟု ဆိုရမည်။ ယခု ကျွန်မ ပုစ္ဆာများတွက်တော့...။ တော်တော်ထူးဆန်းပါသည်။ အင်္ဂလိပ်လို ရေးထားသော ရူပဗေဒပုစ္ဆာရှည်ကြီးကို ကျွန်မက နားလည်ပြီး သူပေးထားချက်များကို ချရေးလိုက်ရုံနှင့် အဖြေက ထွက်သွားပြီ။ ကျွန်မ ဘာကြောင့်လဲဟု စဉ်းစားမရပါ။ ကျောင်းတွေမပိတ်ခင်တုန်းကနှင့်အခု ဘာကွာသွားလို့လဲ။ ကျွန်မက ညဏ်ကောင်းသွားလို့လား။ မဟုတ်ပါ။ ကျွန်မကို အင်္ဂလိပ်စာ ဒုတ်နှင့်ရိုက်ပြီး သင်ပေးခဲ့သော ဘဘကြီးမေမေကြီးတို့ကြောင့် သူတို့၏ ကျေးဇူးတရားကြောင့် ဖြစ်ပါသည်။ ''ကျွန်မသည် အင်္ဂလိပ်စာ သင်ယူခဲ့စဉ်တုန်းက စိတ်ပါလက်ပါ၊ ကျေကျေနပ်နပ် သင်ယူခဲ့သူမဟုတ်ကြောင်း ကျွန်မသာလျှင် အသိဆုံးပါ။ ဘဘကြီး မေမေကြီးတို့ ဖတ်ခိုင်းသော အင်္ဂလိပ်စာကြောင်းရှည်ကြီးများကိုလည်း ရွတ်ဖတ်၍သာဆိုခဲ့ပြီး နားလည်တာလည်းပါ၊ နားမလည်တာတွေလည်း ပြန်ပေးရကောင်းမှန်းမသိခဲ့ပါ။ သို့သော် ဤမျှလောက်သော အသိပညာကလေးဖြင့် ကျွန်မ တက္ကသိုလ်မှာ ဘာသာရပ်တွေကို လိုက်နိုင်လာခဲ့ပါ ပြီ။ သူငယ်ချင်းတွေကိုတောင် ပြန်ရှင်းပြနိုင်နေပြီ။ အဲဒါ ကျွန်မအတွက်တော့ သိပ်ကိုထူးခြားမှုတစ်ခုပါပဲ။
အဲသည်လိုနှင့် ကျွန်မ တက္ကသိုလ်မှာ သင်္ချာဂုဏ်ထူးတန်းများ၊ မဟာသိပ္ပံတန်းများကို ဆက်လက်တက်ရောက်သင်ကြားရင်းနှင့် တစ်ချိန် က ရခဲ့ဖူးသော ၃ နှစ်တာ ဘဘကြီး၊ မေမေကြီးတို့နှင့် အင်္ဂလိပ်စာသင်ခဲ့ရဖူးသော အခြေအနေကို ပြန်လည်မရရှိခဲ့တော့သည်ကို ရံဖန်ရံခါ သတိရမိခဲ့ပါသည်။ ယခုတော့ ကျွန်မက အချိန်တွေ ပေးပြီး သင်ယူချင်သော်လည်း ကျွန်မမှာ အချိန်မပေးနိုင်တော့၊ ဘဘကြီးမှာလည်း သူ့တပည့်တပန်းများနှင့် စာသင်ပေးရင်း အချိန်တွေကုန်၊ မေမေကြီးကတော့ ဘဘကြီးစာသင်တဲ့ထဲ ဝင်ပါလိုက်၊ စာရေးလိုက်နှင့် ကျွန်မကတော့ စနေ တနင်္ဂနွေနေ့များနှင့်အတူ အင်္ဂလိပ်စာ ဝင်သင်၊ မေမေကြီးနှင့်အတူ စာဖတ်အလုပ်များကို အချိန်ရအောင် ယူရင်းလုပ်။ သြော်... တစ်ချိန်က ရခဲ့ဖူးသည့် တစ်နေ့ ၂၄ နာရီ စာသင်ချင်တိုင်းသင်၊ စာဖတ်ချင်တိုင်းဖတ်ဆိုသည့် အခွင့်အရေးကို တစ်နေ့တစ်နာရီလေး ပေးပြီး အချောင်နေခဲ့ဖူးသည့် ကျွန်မကိုယ်ကျွန်မ တော်တော်မကျေနပ်ပါ။
ဘဘကြီးနှင့် မေမေကြီးတို့က ကျွန်မတို့အား အင်္ဂလိပ်စာသင်ပေးသည့်ပုံစံသည် (ကျွန်မ အထင်ပြောတာပါ) အင်္ဂလိပ်စာကို မကြောက်အောင်၊ ပုတ်လောက်ကြီးတဲ့ အင်္ဂလိပ်စာလုံးကြီးတွေကိုလည်း ရဲရဲတင်းတင်း ဖတ်တတ်အောင်၊ ဆင်လောက်ကြီးတဲ့ အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်ကြီးတွေရဲ့ ပြဇာတ်တွေ၊ ကဗျာကြီးတွေကိုလည်း မကြောက်မရွံ့ဖတ်ရဲအောင် သတ္တိတွေ မွေးပေးပြီး သင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင် လွန်ခဲ့သော နှစ်တရာကျော်က Lewis Carroll ရေးသားခဲ့သော ဝေဖန်ရေးဆရာတို့ အဝေဖန်ခံခဲ့ရသော ထို Alice in wonderland ဟူသော မူရင်းစာအုပ်ကို ကျွန်မသည် မျက်ကန်းတစ္ဆေမကြောက် ရဲရဲတင်းတင်း ဘာသာပြန်လိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတော့ သည်။ ဘဘကြီးနှင့် မေမေကြီးတို့၏ မွေးပေးခဲ့သော သတ္တိများဖြင့် ကျွန်မ မကြောက်မရွံ့ဘာသာပြန်နိုင်ခဲ့ခြင်းပါ။ ငယ်စဉ်က အလွန်အသုံး မကျသော ညဏ်ထိုင်းသော ကျွန်မလိုငတုံးတစ်ယောက်သည် ဤအဘိုး ဤအဘွားလက်ထဲကသာ မထွက်ခဲ့ပါလျှင် ဘယ်လိုနည်းနှင့်မျှ ထို Alice in Wonderland စာအုပ်ကို ကိုင်ရဲစရာ မရှိပါ။ ထို့ကြောင့် 'ကလေး/လူငယ် ဘာသာပြန်ဆု'ရသည်ဟု ကျွန်မသိခဲ့ရသော နေ့က ဘဘကြီး မေမေကြီးတို့ကို အရင်ဦးစွာ သတိရမိပြီး ထိုဆုသည် ကျွန်မတစ်ဦးတည်းနှင့် မသက်ဆိုင်ပါဟု ခံစားမိခဲ့ပါသည်။
ကျွန်မ နောက်ထပ် သတိရမိသော ပုဂ္ဂိုလ်ကLewis Carroll ဖြစ်ပါသည်။ Lewis Carroll ၏ အမည်ရင်းမှာ Charles Ludwidge Dodgsonဖြစ်ပါသည်။ သူက သင်္ချာပညာရင်ဖြစ်ပါသည်။ ပုံပြင်ထဲတွင် အဲလစ်အမည်ရှိ မိန်းကလေး ကိုယုန်ကလေးသွားရာ တွင်းနက်ထဲကျသွားရာမှ တိရစ္ဆာန် အကောင်ငယ်ကလေးတွေနှင့် တွေ့ဆုံကာ ဇာတ်လမ်းဆင်ထားပါသည်။ 'ကျွန်တော်ဟာ ကလေးများ အတွက် ပုံပြင်တစ်ပုဒ်ကို ရေးချင်စိတ်နဲ့ဖန်တီးထားတဲ့ဇာတ်ကောင်အဲလစ် (Alice) ကို ယုန်တွင်းထဲ အရင်ဆုံးကျခိုင်းလိုက်တော့တာပါပဲ'ဟု လူးဝစ်ကားရိုးလ်က ဆိုထားတာကို ကျွန်မ မှတ်မိနေပါသည်။ 'ကလေးများအတွက် ပုံပြင် တစ်ပုဒ်ကို ရေးချင်စိတ်နဲ့' ဟူသည့် လူးဝစ်ကာရိုးလ်Lewis Carroll ၏ စိတ်ကလေးကို ကျွန်မဘာသာပြန်စဉ် အခါတုန်းက စိတ်ကူးဖြင့်တွေးကြည့်ကာ ကြည်နူးခဲ့ရဖူးပါသည်။ ထိုစိတ်ကလေးသည် ကလေးများအတွက် ပုံပြင်တစ်ပုဒ် ဖန်တီးဖြစ်ခဲ့သော စေတနာမေတ္တာ ဖြစ်ပါသည်။ သူ၏ မေတ္တာကြောင့် သူဖန်တီးခဲ့ သော ထို Alice in Wonderlandကို ကလေးတွေနှစ်သက်ခဲ့ခြင်း ဖြစ်ရမည်ဟု ကျွန်မယုံကြည်ပါသည်။ ထိုဝတ္ထုထွက်လာစဉ်အခါက စာ ပေဝေဖန်ရေး ဆရာများက ဤဝတ္ထုသည် စိတ်ကူယဉ်လွန်းပြီး အဓိပ္ပာယ်ကင်းမဲ့သော အရာဟု ဆိုကြတာ သိခဲ့ရပါသည်။ သင်္ချာသမားပီပီ ဝတ္ထုလေးထဲ ထည့်သွင်းရေးသားထားသော သင်္ချာယုတ္တိဗေဒများ၊ သင်္ချာသဘောတရားများသည် ကလေးများအတွက် မြင့်သည်ဟု ဝေဖန်ရေး သမားအခို့ျက ထောက်ပြခဲ့ကြပါသည်။ သို့သော် ကလေးတွေက အဲလစ်ကို ချစ်ခင်စွာ ကြိုဆိုခဲ့ကြတာ အမှန်ပဲမဟုတ်လားရှင်။ ဒီတော့ လူးဝစ်ကားရိုးလ်၏ ကလေးများအတွက် မေတ္တာအပြည့်ဖြင့်ရေးသားခဲ့သော ထိုပုံဝတ္ထုလေးကို ကျွန်မက မြန်မာပရိသတ်အတွက် တစ်ဆင့် ဘာသာပြန်ခဲ့ခြင်းဖြစ်သောကြောင့် အဲဒီအတွက် ဆုရရှိသည်ဟု ကြေညာလိုက်သော အခါ အဲလစ်၏ ဖခင်ရင်းဖြစ်သော လူးဝစ်ကာရိုးလ်ကို သတိရမိသွားခဲ့တာကိုလည်း နားလည်လိမ့်မည်ထင်ပါသည်။ ထို့ကြောင့် ကျွန်မ ရရှိခဲ့သော ဆုသည် ကျွန်မတစ်ယောက်တည်းနှင့် မသက်ဆိုင်တော့ပါ။ လူးဝစ်ကာရိုးလ်နှင့်ပါပတ်သက်ဆက်နွယ်နေပါတော့သည်။
ထို့ပြင် စာအုပ်သည် အင်္ဂလိပ်စာတစ်ခုတည်း တတ်မြောက်ရုံနှင့် မလုံလောက်၊ လူးဝစ်ကာရိုးလ် ထည့်သွင်းရေးသားထားသော သင်္ချာ ယုတ္တိဗေဒများကို ကျွန်မအလွယ်တကူသိမြင်ခံစားတတ်ခြင်းမှာလည်း ကျွန်မ ရရှိခဲ့သော မဟာသိပ္ပံသင်္ချာဘွဲ့ကြောင့်လည်းကောင်း၊ ထိုဘွဲ့ကိုရရှိအောင် ကြိုးစားခဲ့မှုများတွင် ကျွန်မဖခင် သင်္ချာဆရာကြီးနှင့်လည်း သက်ဆိုင်နေပြန်ပါသည်။ ထို့ကြောင့် ကျွန်မရရှိခဲ့သော ထိုဆု၏ နောက်ကွယ်တွင် အလွန်ကြီးမားသော အဓိပ္ပာယ်များ စီးဝင်ဖြတ်သန်းလျက်ရှိနေပါတော့သည်။
တစ်ဖန် ထိုဆုရရှိကြောင်း သိရှိပြီးနောက်ဝယ် ကျွန်မ၏ အိမ်နီးနားချင်းများ၊ ကျွန်မ၏ ဆွေမိုျးအသိုင်းအဝိုင်းများ၊ ကျွန်မ ဘိုးဘွားများ၏ မိတ်ဆွေများ၊ ကျွန်မ၏ သူငယ်ချင်းများ၊ ကျွန်မ၏ ဝမ်းကွဲမောင်လေး ညီမလေးများက ကျွန်မအတွက် ဝမ်းသာကြကြောင်း ပြောကြသောအခါ ကျွန်မကို တော်ကြောင်း ချီးကူျးကြသောအခါ ကျွန်မမှာ စာဖတ်သူများကို ရှေ့တွင် ရင်ဖွင့်ထားသလို ကိုယ့်ကိုယ်ကိုယ် တော်လှချည်ရဲ့ဟု 'လက်မ မထောင်ဝံ့ပါ'။ ကျွန်မတစ်ယောက်တည်းနှင့် မသက်ဆိုင်သော ဆုမို့ ကျွန်မက ကျွန်မ၏ ကျေးဇူးရှင်ကြီးများကိုယ် စားသာ ဆုကို လက်ခံရမည်ဖြစ်ပါသည်။ ကျွန်မ၏ မောင်ငယ်၊ ညီမငယ်များကိုလည်း အင်္ဂလိပ်စာတော်အောင် ငယ်ငယ်ကတည်းက လေ့လာဖတ်ရှုကြကွဲ့ဟု ဟန်လုပ်ပြီးလည်း ဆရာမလုပ်ရဲပါ။ ကျွန်မသူတို့အရွယ်တုန်းက အဲသည်လောက်လေး ဆော်သြရုံနှင့် လုပ်ပါလိမ့်မယ် အားကြီးကြီး။ ဘဘကြီး၊ မေမေကြီးတို့ အပါအဝင် ကျွန်မတို့ မိဘတွေခြောက်လိုက်၊ ဒုတ်ကိုင်လိုက်နှင့် အင်္ဂလိပ်စာကို မလုပ်မနေရ၊ စက္ကန့်မလပ်ကြည့်နေလို့သာ ကျွန်မက ကြောက်ပြီး စာလုပ်ခဲ့ရတာမဟုတ်ပါလား။
အမှန်တကယ် အင်္ဂလိပ်စာ တတ်မြောက်ခြင်း အကိုျးတရားကြောင့် တက္ကသိုလ်မှာ စာတွေလိုက်နိုင်လာတာ၊ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ရတာ ပျော်လာတာ၊ အကောင်းအဆိုး ခွဲခြားတတ်သွားတာတွေကို ကျွန်မသိလိုက်ရချိန်တွင် အတိတ်က ရခဲ့ဖူးသော သုံးနှစ်တာ စာဖတ်ဖို့ စာသင်ဖို့ အချိန်တွေရချင်တိုင်းရခဲ့သည့် အခွင့်အရေးမိုျး ပြန်မရတော့သော်လည်း ကျွန်မမှာ ပြင်ဆင်ချိန်တွေရှိခဲ့ရပါသည်။ ကျွန်မ အခန်းတံခါး ဖွင့်လိုက်ပြီး အိမ်ရှေ့ထွက်လိုက်သည်နှင့် အင်္ဂလိပ်စာသင်ဖို့ ဟန်တပြင်ပြင်ဖြစ်နေသော အဘိုးနှင့်အဘွား၊ အင်္ဂလိပ်စာဖတ်ဖို့ချည်း တစ်ချိန်လုံး တွန်းအားပေးခံခဲ့ရသော ပတ်ဝန်းကျင်အောက်မှာ ကြီးပြင်းခဲ့ရသော ကျွန်မသည် အမှားကို သိ၍ပြန်လည် ပြင်ဆင်လိုက်ချိန်တွင် နောက်မကျခဲ့ ပါဟု ဆိုကောင်းဆိုနိုင်ပါလိမ့်မည်။ သို့ရာတွင် ဘဘကြီးတို့ အပြည့်အဝ စာသင်ပေးခဲ့သော ထိုသုံးနှစ်တာ ကာလကိုတော့ လွမ်းနေမိဆဲ ဖြစ်ပါသည်။ အဲဒီတုန်းက စိတ်ပါလက်ပါ မရှိခဲ့တာကို ယနေ့တိုင် မကျေနပ်ခဲ့ပါ။ ထို့ကြောင့်လည်း ကျွန်မမောင်ငယ် ညီမငယ်များအနေနှင့် အချိန်ရှိခိုက်မှာ နောင်တမရှိအောင် ကြိုးစားသင့်လှကြောင်းကိုတော့ ကျွန်မအဖြစ်ကို နမူနာပြ၍ ဆိုချင်ပါသည်။ ကျွန်မ စာဖက်ကို စိတ်လည် လာပြီး ပျော်လာချိန်တွင် ဘဘကြီး မေမေကြီးတို့နှင့် နောက် ၁ဝ နှစ်လောက် အတူတကွနေပြီး ပညာတွေ ဆက်လက်ရယူလိုက်နိုင်ခဲ့ခြင်း ကြောင့်သာ ကျွန်မ အကျမနာခဲ့ခြင်းပါ။
ကျွန်မ ဆုရရှိပြီးသည့်နောက်တွင် ကျွန်မကို တစ်ယောက်ယောက်က ဆုရသည့်အတွက် ဘယ်လိုများ ခံစားရပါသလဲ... စသည်ဖြင့် မေးခွန်းများ မေးလာမည်ကို ကျွန်မ ကြိုတင်တွေးပူခဲ့မိပါသည်။ ကျွန်မတွေးပူခြင်းမှာ တစ်ထိုင်တည်းနှင့် လုံလောက်သော အဖြေတစ်ခုကို ပေးနိုင်မည်မဟုတ်ဟု ယူဆမိ၍ ဖြစ်ပါသည်။ ကံကောင်းချင်တော့ အဲဒါမိုျး အခုထိ ဘယ်သူမှ မေးမလာကြပါ။ ဒီတော့ ကျွန်မအတွက် အခုလို ဆောင်းပါးရေး၍ ဖြေရှင်းလိုက်ခြင်းဖြင့် ကျွန်မလည်း စိတ်သက်သာရာ ရသွားပါသည်။ ကျွန်မကို အထင်ကြီးနေသူများလည်း သဘောပေါက်သွားပါလိမ့်မည်။
ထွန်းဖောင်ဒေးရှင်း စာပေကော်မတီမှ ၂ဝဝရ ခုနှစ်အတွက် ကလေး/လူငယ်ဘာသာပြန်ဆုအဖြစ် ကျွန်မဘာသာပြန်သော ''အဲလစ်နှင့် အံ့ဖွယ်ကမ္ဘာ'' စာအုပ်ကို ရွေးချယ်လိုက်ခြင်းသည် ကျွန်မ၏ အဘိုးအဘွားနှင့် လူးဝစ်ကာဂိုးလ်တို့၏ ကျေးဇူးတရားကို အသိအမှတ်ပြုပေး လိုက်ခြင်းပင် ဖြစ်ပါတော့သည်ဟု ဆိုလိုက်ချင်ပါတော့သည်။
No comments:
Post a Comment