အဲလစ်နှင့်အံဖွယ်ကမ္ဘာ (Lewis Carroll ၏ Alice in Wonderland)
ဘာသာပြန်သူ – ဂျူနီယာဝင်း
ပထမအကြိမ်- မုံရွေး ၂၀၀၇
ဒုတိယအကြိမ် – နေရီရီစာပေ ၂၀၁၆ ဇန်နဝါရီ
အမှတ်၂ / က၊ အောင်ရတနာလမ်း လမ်းမတော်မြို့နယ်။
တန်ဖိုး – ၁၈ဝဝကျပ်
စာမျက်နှာ – ၁၅၀
လူဝီကာရိုး၏ ပထမတစ်အုပ်ဖြစ်သော Alice in Wonderland က ပထမအကြိမ် မုံရွေးကထုတ်စဉ်က ထွန်းဖောင်ဒေးရှင်းကနေ ကလေးစာပေ ဘာသာပြန်ဆု ရခဲ့ဖူးပါသည်။ ယခုဒုတိယအကြိမ်က ယခုနှစ်ကျင်းပသော နိုဘယ်မြန်မာကလေးစာပေ စာအုပ်စာရင်းဝင်အဖြစ် ပါဝင်ထားပါသည်။
ဇာတ်ကောင် ကလေးမလေး အဲလစ်တစ်ယောက် ယုန်တွင်းထဲကျသွာားပြီး ထူးဆန်းသော အကောင်တွေနဲ့ တွေ့ဆုံကြုံရပုံများပါဝင်ပါသည်။ လူးဝစ်ကာရိုး၏ မူရင်းအတိုင်း ဘာသာပြန်ထားတာဖြစ်ပါသည်။ သူရေးသော ကဗျာများသည် ဘာသာပြန်ဖို့ခက်ခဲယုံမက သူတို့တိုင်းပြည်က သင်ကြာားသော ကဗျာရှည်များကို ဖျက်ကာ ရယ်စရာဖြစ်အောင် ရေးသားထားတာများ ဖြစ်ပါသည်။ ယင်းအတိုင်း ဘာသာပြန်ဖို့ တော်တော်လေး စဉ်းစားပြီး ဂရုတစို်က်ဘာသာပြန်ခဲ့ရပါသည်။ သချာင်္အတွေးအခေါ်များ၊ လောဂျစ်များသည် စာအုပ်တစ်အုပ်လုံး လွှမ်းနေတာကြောင့် ဝေဖန်ရေးဆရာများ၏ လူးဝစ်ကာရိုးအပေါ် တော်တော်လေး အဝေဖန်ခံရသော စာအုပ်လဲဖြစ်ပါသည်။
သို့သော် ထိုဝေဖန်ရေးဆရာများမသိတာက စာရေးဆရာ အဓိကရည်ညွန်းသော ပရိသတ်မှာ ကလေးငယ်ကလေးများအတွက် ဖြစ်ပါသည်။ သူတို့ကို မဟုတ်ပါ။ ကလေးငယ်များဆိုတာ အင်မတန်ဖြူစင်သော စိတ်အတွေးလေးများ ပိုင်ဆိုင်ပါသည်။ သူတို့လေးတွေက ပုံပြင်ကို အဲသည်လိုပဲ ဆွဲခေါ်သွားတာကို လိုက်ပါသွားသူများဖြစ်ပါသည်။ ကလေးများနဲ့အတူ အဲသည်လိုစိတ်ကူးလေးအတိုင်း လိုက်ပါရင်းဖြင့် ထိုစာအုပ်ကို ဘာသာပြန်ဖြစ်ခဲ့တာ ဖြစ်ပါသည်။
အဲလစ်နှင့် မှန်၏ဟိုဘက် (Alice Through the Looking Glass by Lewis Carroll)
ဘာသာပြန် – ဂျူနီယာဝင်း
နေရီရီစာပေ
ပထမအကြိမ်
၂၀၁၆ ဇန်နဝါရီ
အမှတ် ၂ (က)၊ အောင်ရတနာလမ်း လမ်းမတော်မြို့နယ်
အုပ်ရေ – ၅၀၀
တန်ဖိုး- ၂ဝဝဝကျပ်
စာမျက်နှာ -၁၈၀
သည်စာအုပ်ကို ဘာသာပြန်ဖြစ်ခဲ့တာ ၂၀၀၉ ခုနှစ်လောက်ဖြစ်ပါသည်။ မုံရွေးစာပေက မထုတ်ဖြစ်သဖြင့် ရိုက်ပြီးသားစာမူကို သိမ်းထားခဲ့ပါသည်။ နောက်တော့ ၂၀၁၅ လောက်ကျတော့ ကင်ဒဲယ်မှာ အီးဘုတ်ထုတ်ဖြစ်ခဲ့ပါသည်။ မြန်မာပြည်တွင်းမှာ ထုတ်မယ့်သူမရှိပဲ နေလာတာ ကြာပြီ ဖြစ်ပါသည်။ ယခုတော့ နေရီရီစာပေကနေ အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ နှင့်အတူတူ ထုတြ်ဖစ်ခဲ့တာဖြစ်လို့ ဝမ်းသာကျေးဇူးတင်ပါသည်။
ဤစာအုပ်တွင် အဲလစ်တစ်ယောက် ကြည့်မှန်၏ တဖက်ကို ရောက်သွားရင်း ဇာတ်ကောင်လေးတွေနဲ့ တွေ့ကြပုံဖြစ်ပါသည်။ တအုပ်လုံးသည် ရှေ့ကစာအုပ်ကဲ့သို့ပင် သချာင်္သဘောတရားများ၊ လောဂျစ်များသာမက ရူပ်ထွေးသော စစ်တုရင်အကွက်များကိုပင် ထည့်သွင်းထားတာကြောင့် ပိုပြီး ခက်ခဲသော စာအုပ်တစ်အုပ်ဖြစ်နေပါသည်။ သည်တော့ ကလေးတွေက ကြိုက်နိူ်င်ပါ့မလားဟု တွေးစရာဖြစ်ပါသည်။ သို့သော ်လူးဝစ်ကာရိုးရေးသားသောာ ထိုဒုတိယစာအုပ်သည်လည်း ကလေးပရိသတ်များ ဆထက်တပိုး ရခဲ့တာကို တအံ့တသြ သိရှိရပါသည်။
ထိုစာအုပ်နှစ်အုပ်ကိုပေါင်း၍ Walt Disney က Alice in Wonderland ကာတွန်းကားကို ရိုက်တာဖြစ်ပါသည်။ ထိုကာတွန်းကားထဲတွင် စာအုပ်နှစ်အုပ်ထဲက ဇာတ်ကောင်များ ပါဝင်ထားသလို ကဗျာများသည်လည်း ထိုစာအုပ်နှစ်အုပ်ထဲက ပေါင်းပြီး သုံးထားတာ ဖြစ်ပါသည်။ ကာတွန်းဇတ်ကောင်များ ပြောသော စကားများ၊ ကဗျာလင်္ကာများသည် Walt Disney ၏ ပညာဖြင့် ရိုက်ပြထားတာကြောင့် လူုးဝစ်ကာရိုးရေးသော ခက်ခဲသည့် စာကြောင်းများကို လူတိုင်း ပေါ့ပေါ့ပါးပါး လက်ခံနိုင်ကြတာကို တွေ့ရပါသည်။ အလွန်ခက်ခဲသော ကဗျာရှည်ကြီးများနှင့် ဘာမှန်းမသိလောက်အောင် ရောက်တတ်ရာရာ ရေးထားသည်များကို ကာတွန်းတွင် တေးဂီတများထည့်သွင်းကာ ကာတွန်းရုပ်ကလေးများ သီဆိုကြတာကြောင့် အလွန်သဘောကျစရာ ဖြစ်သွားပါသည်။
နိဂုံး –
ယခုထွက်ရှိသော စာအုပ်၂အုပ်စလုံးကို မူရင်းအတိုင်း ဘာသာပြန်ထားပါသည်။ ၁၈၅၆ – ၅၈ ကာလများမှာ ထွက်ရှိခဲ့သော ထိုစာအုပ်၂အုပ်ကို ဘာသာပေါင်းစုံပြန်ဆိုခဲ့ကြပါသည်။ မြန်မာပြည်တွင် ထိုမူရင်းစာအုပ်ကို၂၀၀၇ ခုနှစ်ကျမှ ပထမဦးဆုံး ဘာသာပြန်ထွက်ရှိလာတာ ဖြစ်တာကြောင့် နှစ်ပေါင်း ၁၅၀ ကျော်ကြာခဲ့ပြီမှ မြန်မာစာဖတ်သူတွေ လက်ထဲ ရောက်လာတာ ဟုဆိုရမည် ဖြစ်ပါသည်။ ငယ်စဉ်တုန်းက မြန်မာပြည်က ကာတွန်းဆရာများ၏ ကျေးဇူးကြောင့် အဲလစ်အံ့ဖွယ်ကမ္ဘာ ဇာတ်လမ်းသရုပ်ဖော် ဇာတ်လမ်းတိုလေးများ ဖတ်ခဲ့ဖူးတာ မှတ်မိနေပါသည်။
အဲလစ်စာအုပ်နှစ်အုပ်စလုံးသည် နိုင်ငံတကာ အဆင့်မှီပုံပြင်စာအုပ်များ ဖြစ်ပါသည်။ ယနေ့တိုင် ကလေးများကြား မှတ်မိနေသော ဇာတ်ကောင်များ ပါဝင်ထားပါသည်။ ထို့ကြောင့် ဘာမှမပြောင်းလဲထားပဲ သည်အတိုင်းပင် ခံစားပြီး ဘာသာပြန်ဆိုထားပါသည်။ အဲလစ်နဲ့ လ္ဘက်ရည်ပါတီသည် အလွန်နံမယ်ကြီးသော အခန်းဖြစ်ကာ၊ ဘုရင်မကြီး၏ ဟာသမြောက်လှသော ခရစ်ကတ်ကစားပွဲကိုလည်း တွေ့ရပါသည်။ ဗစ်တိုးရီးယားဘုရင်မကြီးက အဲလစ်ပုံပြင်စာအုပ်၂အုပ်ကို ဖတ်ပြီးတဲ့နောက် အလွန်နှစ်သက်လှသဖြင့် လူးဝစ်ကာရိုး၏ နောက်ရေးတဲ့စာအုပ်တွေ ယူခဲ့စမ်းဟုဆိုရာ သူ့အမတ်တွေက လူးဝစ်ကာရိုးရေးသားသော သချာင်္စာအုပ်များကို ယူလာကြလေသည် ဟူသတဲ့။
လူးဝစ်ကာရိုး၏ ဇာတ်ကောင်လေးများဖြစ်သော တွီဒယ်ဒန်နဲ့ တွီဒယ်ဒီ အမွှာညီနောင်နဲ့ ဟမ်ပတီဒန်ပတီကတော့ ကာတွန်းထဲက ချစ်စရာ ဇာတ်ကောင်လေးများ ဖြစ်နေပါသည်။ မြင်းစစ်သည်တော် ရွတ်ပြသည့်ကဗျာတွေကလည်း ဘာတွေမှန်းကို မသိပါ။ ကမာကောင်ကလေးတွေကို စားပစ်သည့်အခန်းကတော့ တော်တော်ဆိုးပါသည်။ လူးဝစ်ကာရိုးက ဒါမျိူးတွေလည်း ရေးပါလားဟု တွေးစရာဖြစ်ရပါသည်။ သို့သော် ကလေးဆိုတာ အဲသည်လိုလေးတောင် မတွေးပါ။ အဲသည်လိုတွေးမိပါက သင်လူကြီးဖြစ်နေပြီဟု ဆိုရမည်ဖြစ်ပါတော့သတည်း။


No comments:
Post a Comment