၂ဝဝဝခုနှစ်အမှတ်၁၄၄ဇွန်လအတွေးအမြင်မဂ္ဂဇင်းမှာဖော်ပြခဲ့သောဆောင်းပါးတစ်ပုဒ်
လွယ်မယောင်နှင့်ခက်သောအင်္ဂလိပ်စာလုံးများ. ဂျူနီယာဝင်း
၂ဝဝဝခုနှစ်အမှတ်၁၄၄ဇွန်လအတွေးအမြင်မဂ္ဂဇင်းမှာဖော်ပြခဲ့သောဆောင်းပါးတစ်ပုဒ်
လွယ်မယောင်နှင့်ခက်သောအင်္ဂလိပ်စာလုံးများ. ဂျူနီယာဝင်း
What’s in a name?ဆိုတဲ့စကားလုံးကို Sheakspeare ပြဇာတ်တစ်ပုဒ်ဖြစ်တဲ့ Romeo And Juliet ထဲမှာ
တွေ့ဖူးခဲ့တာပါ။ဒီစကားလုံးကိုအဘွားဖြစ်တဲ့မေမေကြီးဒေါ်ခင်မျိူးချစ်ကအကြောင်းတစ်ခုနဲ့တိုက်ဆိုင်လို့ရှင်းပြခဲ့ဖူးပါတယ်။
What’s in a name?ကိုတိုက်ရိုက်ဘာသာပြန်ရင်“နံမယ်ထဲမှာဘာရှိလဲ”ပေါ့။အဲဒီလိုတိုက်ရိုက်ပြန်လိုက်ရင်
အဓိပ္ပါယ်သိပ်မရှိဘူး။ဒီတော့ဘယ်လိုပြင်ရေးမလဲ။
နာမည်ထဲမှာဘာရှိလဲလို့တတွတ်တွတ်ရွတ်ကြည့်လိုက်မိတယ်။Romeo and Juliet ပြဇာတ်ထဲမှာJuliet
ကပြောတာဖြစ်ပါတယ်။
နာမည်ထဲမှာဘာရှိလဲ။နာမည်ထဲမှာဘာရှိပါလိမ့်။နှင်းဆီပန်းလို့ခေါ်တဲ့ပန်းကိုတခြားနာမည်ပေးလိုက်လည်းသူ့ရန့ံကတော့မွှေးမြဲမွှေးနေမြဲပါပဲ။
နှင်းဆီဆိုတဲ့အမည်ကိုမခေါ်လည်းသူ့ရန့ံကပျောက်မသွားပါဘူး။ဆိုလိုတာကနှင်းဆီဆိုတဲ့အမည်ကဘယ်လောက်များအရေးကြီးလို့လဲ။သူ့ကိုတခြားအမည်ပေးလိုက်လည်းသူ့ရန့ံကပျောက်မသွားပါဘူး။ဒါဆိုရင်What’s in a name? ဆိုတာ“နာမည်ကဘာအရေးကြီးလဲ”လို့ဆိုလိုလိုက်တာပါပဲ။
“နာမည်ဘာအရေးကြီးလဲ”လို့ဘာသာပြန်လိုက်ရင်သူ့အဓိပ္ပါယ်ကပြည့်စုံသွားပြီဖြစ်ပါတယ်။နောက်စကားလုံးတစ်ခုကိုမေမေကြီးကရွေးပြီးရှင်းပြပါတယ်။
For Your Eyes Only. ။ဒါက James Bond ရုပ်ရှင်ကားတစ်ကားရဲ့အမည်ဖြစ်ပါတယ်။ဒါကိုတိုက်ရိုက်ဘာ
သာပြန်လိုက်ရင်“သင့်မျက်စိဖြင့်သာ”တဲ့။ဒီလိုဆိုရင်လည်းနားထောင်လို့သိပ်အဆင်မပြေဘူး။မြန်မာစကား
မဟုတ်ဘူး။
“သင့်မျက်စိဖြင့်သာ”(For Your Eyes Only)လို့ရေးထားရင်ဒါကမင်းတစ်ယောက်တည်းကြည့်ဖို့၊ဖတ်ဖို့
လို့ဆိုလိုတာပဲ။အဓိပ္ပါယ်က“ထိတ်တန်းလျိူ့ဝှက်”(Top Secret)နဲ့အတူတူပဲ။
မေမေကြီးကဆက်ပြီးမှတ်ချက်ချပြပါတယ်။What’s in a name?, For Your Eyes Onlyဆိုတဲ့စကားလုံး
တွေမှာမသိတဲ့စကားလုံးတစ်လုံးမှမရှိဘူး။အကုန်လုံးလွယ်လည်းလွယ်၊ကိုယ်သိတာတွေချည်းပါပဲ။ဒါပေမယ့်တိုက်ရိုက်ဘာသာပြန်ယူလို့မရသလိုမြန်မာစကားနဲ့ကိုက်ညီအောင်စဉ်းစားရတာနက်နဲလှတယ်လို့ဆိုပါတယ်။
ကျွန်မအဘိုးဖြစ်သူအင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ်ကလည်းမေမေကြီးနဲ့အတူသဘောထားရှိသူဖြစ်ပါတယ်။ကျွန်မတို့မြေးမောင်နှမနှစ်ယောက်ကိုအင်္ဂလိပ်စကားတစ်ခုသင်ပေးခဲ့ကြပါတယ်။
“Were I anything but what I am, I would wish me only he.”တဲ့။
ဘာသာပြန်စမ်းလို့ကျွန်မတို့ကိုခိုင်းပါတယ်။အဲဒီအချိန်တုန်းကျွန်မတို့၉တန်းလောက်ပဲရှိဦးမယ်။
ကျွန်မမှတ်မိသလောက်ပြောရရင်ဒီစာကြောင်းရဲ့နောက်ဆုံး“he”ဆိုတာဟာ“I”ကိုပြောတာပဲဆိုတဲ့အချက်ကြောင့်ဒီစာကြောင်းရဲ့အဓိပ္ပါယ်ကရှင်းသွားတယ်ဆိုတာပါပဲ။အဓိပ္ပါယ်က-
“ငါနဲ့ငါသာနှိူင်းစရာ”ဖြစ်ပါတယ်။
ကျွန်မဟာအင်္ဂလိပ်စကားလုံးလွယ်လွယ်လေးတွေနဲ့တည်ဆောက်ထားတဲ့စာကြောင်းတွေကိုစိတ်ဝင်စားခဲ့ပါတယ်။ဘဘကြီးမေမေကြီးတို့ကလည်းဒီလိုစကားလုံးလေးတွေတွေ့ရင်ကျွန်မတို့ကိုခေါ်ပြီးရှင်းပြ၊ဘာသာပြန်ခိုင်းလွန်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ကျွန်မနဲ့မေမေကြီးအဲဒီအကြောင်းတွစကားစပ်မိရင်Shakespeareရဲ့ Julius Caesar ပြဇာတ်ထဲက
“The Evil that men do”ဆိုတဲ့စာကြောင်းဆီကိုရောက်သွားတတ်ပါတယ်။အဲဒီနေရာရောက်တိုင်း
မေမေကြီးက“မေမေကြီးတော့ဒီစကားလုံးကိုဘာသာပြန်ဖို့မြန်မာဆန်ဆန်စဉ်းစားလို့မရဘူးကွာ”
လို့ပြောပါတယ်။ဒါနဲ့မေမေကြီးနဲ့ကျွန်မအဲဒီအကြောင်းကိုအတူတကွစဉ်းစားခဲ့ဖူးကြပါတယ်။အဓိပ္ပါယ်ကိုတော့သိနေကြတယ်။စာလုံးတစ်လုံးချင်းကလည်းမသိတဲ့စာလုံးမပါ။ဒါပေမယ့်သူ့အဓိပ္ပါယ်ပေါ်လွင်အောင်ဘာသာပန်ဖို့ခက်လှတယ်။
ဒီစကားလုံးကိုပြောခဲ့သူက Antony ဖြစ်ပါတယ်။Julius Caesarရဲ့အလောင်းကိုလူတွေရှေ့မှာချရင်း
သူကအဲဒီလိုပြောခဲ့တာပါ။သူဆိုလိုတာကအခုလိုအဓိပ္ပါယ်ထွက်ပါတယ်။
“Caesar ကတော့ကွယ်လွန်ရှာပါပြီ။သူလုပ်ခဲ့တဲ့ကောင်းတဲ့လုပ်ရပ်တွေကိုတော့ဘယ်သူကမှစကား
လုပ်ပြီးပြောနေကြမှာမဟုတ်ပါဘူး။သူ့နာမည်နဲ့အတူကျန်ရစ်ခဲ့မှာကတော့သူလုပ်ခဲ့မိတဲ့အပြစ်အနာအဆာတွေပဲဖြစ်ပါတော့တယ်။”
ဒီစကားလုံးတွေနဲ့သူ့လူတွေကိုAntonyကသူ့ဘက်ပါအောင်ဆွယ်လိုက်တာဖြစ်ပါတယ်။Brutusတို့စွပ်စွဲသလိုCaesarဟာအာဏာမက်သူဖြစ်တယ်ဆိုတဲ့စကားကိုတိုက်ရိုက်ဆန့်ကျင်မပြောပဲပညာသားပါပါပြောတဲ့စကားတွေထဲကတချိူ့ဖြစ်ပါတယ်။
(လူ့သဘာဝကိုကအဲဒီလိုပါပဲ။မကောင်းတာကိုပဲပိုမှတ်မိကြ၊မဟုတ်တာလုပ်မိတာလေးတွေကိုပဲရွေးပြီသတိရမိကြ..ဒါကိုဆိုလိုတာဖြစ်ပါတယ်။လူပဲကောင်းတာရှိသလိုမကောင်းတာလည်းရှိတာပေါ့။သို့သော်Caesarခင်ဗျာသူလုပ်မိတဲ့အပြစ်ကလေးတွေကိုပဲရွေးပြီးပြောတာခံနေရတယ်….)
ကျွန်မတို့အခုလိုစဉ်းစားနေတဲ့အကြောင်းအရာကိုပြန်ကောက်လိုက်ရင် The evil that men do,
lives after them. ဆိုပြီးမူရင်းစာကြောင်းကိုပြန်ယူရမှာဖြစ်ပါတယ်။ကျွန်မတို့ကလွယ်လင့်တကူ
The evil that men do လို့ဆိုလိုက်ရင်ဒါအလိုလျောက်သူ့အဓိပ္ပါယ်ပါပြီးသွားတဲ့သဘောဖြစ်ပါတယ်။
ကျွန်မတို့နားလည်သလိုပြောရရင်လူတွေဟာကျွန်မတို့လုပ်မိတဲ့မှားယွင်းမူတို့၊အပြစ်တို့ကိုကောင်းတဲ့လုပ်ရပ်တွေထက်ပိုပြီးမှတ်မိတတ်ကြပါတယ်။အဲဒီလိုဘာမဟုတ်တဲ့အမှားလေးတွေကကျွန်မတို့ဘဝတလျာက်လုံးမှာလိုက်ပါနေပါတော့တယ်လို့အဲဒီလိုအဓိပ္ပါယ်ဖော်ရမှာဖြစ်ပါတယ်။
(အဲ….ကျွန်မကိုယ်ကျွန်မဥပမာထားပြီးပြောပြရရင်….ကျွန်မငယ်ငယ်တုန်းကသချင်္ာညံ့လွန်းလို့သုညတောင်ရဖူးတယ်။အဲဒီသုညရဖူးတဲ့အဖြစ်ကိုဖုံးချင်လွန်းလို့သချင်္ာမှာတော်အောင်ကြိုးစားလိုက်ရ၊ဂုဏ်ထူးတန်းဝင်အောင်လုပ်လိုက်ရနဲ့။သို့သော်လည်းအဲဒီသုညရတာကိုသိထားတဲ့အဲသည်တုန်းကဆရာဆရာမတွေကတော့ကျွန်မကို…သြော်….အတန်းထဲမှာသချင်္ာသုညရတဲ့ကျောင်းသူလေ။သူ့အဖေသချင်္ာဆရာကြီးခင်ဗျာသူ့သမီးသချင်္ာ၂ဘာသာလုံးကျလို့သူ့ဆရာမနဲ့လာတွေ့ရသေးတယ်…လို့ပြောကြလေရဲ့။အဲသည်တုန်းကတကယ်ဆိုတခြားပြောစရာတွေအများကြီးရှိတာပဲ…သချင်္ာဆရာကြီးသမီးဆိုတော်ရောပေါ့။အတန်းထဲမှာစာ…(အဲ…စာကလည်းမတော်တော့….အင်း…ပြောစရာကအဲဒါပဲရှိတယ်ထင်ပါရဲ့။)ခက်တာကအဲသည်လို...လို့ဆိုလိုက်တာနဲ့….အဲသည်လိုပြောလိုက်ရင်ကျွန်မကိုထင်းကနဲတန်းမြင်တော့တာပဲ။ဆိုလိုတာကလူတွေဟာမကောင်းတာ၊အပြစ်လုပ်မိတာ၊အမှားလုပ်မိတာတွေကိုကောင်းတာလုပ်တာထက်ပိုမှတ်မိကြတယ်…အဲဒါကိုဆိုလိုတာပါ။)
ဒီစကားလုံးဟာကျွန်မတို့မိသားစုကြားမှာတော်တော်ခေတ်စားပါတယ်။လူတွေရှေ့ဖတ်ရမယ့်စာတမ်း
ဖတ်ပွဲတွေတက်ရတော့မယ်ဆိုရင် The Evil That Men Do ဖြစ်မယ်နော်လို့သတိပေးကြပါတယ်။ဘာ
အဓိပ္ပါယ်လဲလို့တစ်ယောက်ယောက်ကမေးရင် What’s in a name? For Your Eyes only, တို့လို
တစ်ခွန်းတည်းနဲ့ဖြေလို့မပြီးနိုင်ပါဘူး။ဒါပေမယ့်အရေးပါတဲ့ကိစ္စတစ်ခုခုပြင်ဆင်နေတဲ့အချိန်တွေမှာဒီလိုသတိပေးသံကြားလိုက်ရင်အလုပ်မအားလို့စိတ်ရူပ်နေတဲ့
ကြားကပြုံးမိသွားကြရပါတယ်။
ကျွန်မဖေဖေသချင်္ာဆရာကြီးမှာလည်းပြောစမှတ်တွင်လောက်တဲ့The Evil That
Men Do ဥပမာရှိပါ
တယ်။ဖေဖေငယ်ငယ်တုန်းကကော်လုပ်တဲ့အကြောင်းပါ။ဖေဖေတီထွင်လိုက်တဲ့
ကော်ကအရောင်အဆင်းရော၊ပုံသဏာန်ရောကော်နဲ့တူပါသတဲ့။ဒါပေမယ့်မကပ်တာတစ်ခုပဲလို့ဆိုပါတယ်။အဲဒီအကြောင်းကိုမေမေကြီးကဖော်ထုတ်ပြောလေ့ရှိတယ်။“သချင်္ာဆရာဘာသီအိုရီတွေတီထွင်သလဲတော့မသိဘူး။သချင်္ာဆရာလုပ်တဲ့ကော်ကကော်နဲ့တော့အကုန်တူတယ်။မကပ်တာတစ်ခုပဲ”လို့ဆိုပါတယ်။အဲဒီအရိပ်ကဒီအဖြစ်သိသူတွေကြားထဲမှာယနေ့တိုင်အရိပ်လိုလိုက်နေပါတယ်။
နောက်Shakespeareရဲ့ကမ္ဘာကျော်စကားလုံးဖြစ်တဲ့“To be or not to be”ဟာဆိုရင်လည်းလွယ်လွယ်
လေးနဲ့တိုက်ရိုက်ဘာသာပြန်ဖို့ခက်တဲ့စကားဖြစ်ပါတယ်။ဒါ Hamlet ပြဇာတ်ထဲမှာရေးထားတာဖြစ်ပါ
တယ်။စာကြောင်းအပြည့်အစုံက“To be or not to be, that is a question” ဖြစ်ပါတယ်။
ဒီစာကြောင်းဟာ“စာဖတ်ရင်ကောင်းမလား၊အိပ်ရင်ကောင်းမလား”ဆိုရင်လည်းဖြစ်ပါတယ်။စားရင်ကောင်းမလား၊မစားရင်ကောင်းမလား၊ဒီအလုပ်လုပ်ရင်ကောင်းမလား၊ကျောင်းပဲတက်ရင်ကောင်းမလား။သွားရင်ကောင်းမလား၊မသွားရင်ကောငး်မလားစသည်စသည်ဖြင့်ကြိုက်ရာထည့်လို့ရတဲ့အတွက်အဓိပ္ပါယ်များစွာအကျူံးဝင်နေပါတယ်။သူ့မူရင်းကိုတိုက်ရိုက်ပြန်ဆိုဖို့စဉ်းစားနေမယ့်အစားတစ်ခုုခုလုပ်ဖို့ချီတုံချတုံဖြစ်နေတဲ့အခါ“To be or not to be”လို့ညည်းလိုက်ရင်ဒါဟာလုံလောက်တဲ့အဓိပ္ပါယ်ဖြစ်သွားပါတယ်။
အင်္ဂလိပ်စာလုံးလွယ်လွယ်လေးတွေနဲ့တည်ဆောက်ထားတဲ့စာကြောင်းတွေကိုကျွန်မရဲ့အဘိုးအဘွားတွေကဂရုတစိုက်အလေးထားပြီးသင်ပေးတတ်ကြပါတယ်။ဒါ့အပြင်လွယ်ပါတယ်ဆိုတဲ့အင်္ဂလိပ်စာလုံးတစ်လုံးတည်းဟာအဓိပ္ပါယ်ပြန်ဖို့ခက်လှကြောင်းကိုလည်းဥပမာတွေနဲ့ရှင်းပြတတ်ကြပါတယ်။
Hairy Joe ဆိုတဲ့ရေဒီယိုပြဇာတ်တစ်ပုဒ်မှာဖြစ်ပါတယ်။ပြဇာ်ရေးဆရာက Sol Panitzဖြစ်ပါတယ်။ပြဇာတ်
အဆုံးမှာစာရေးဆရာကကဗျာလေးစပ်ပြီးအဆုံးသတ်ထားပါတယ်။ပြဇာတ်အဆုံးမှာစာရေးဆရာကကဗျာလေးစပ်ပြီးအဆုံးသတ်ထားပါတယ်။သူ့ကဗျာကဆယ်ကြောင်းလောက်ရှိပါတယ်။အောက်ဆုံးအကြောင်းကအခုလိုရေးထားပါတယ်။
“They all make a free man so tall.”
ဘဘကြီးကဒီကဗျာတစ်ပိုဒ်လုံးမှာအခက်ဆုံးကဒီ tall ဆိုတဲ့စကားလုံးပဲလို့ပြောခဲ့ပါတယ်။ကျွန်မဒီစာကြောင်း
ရဲ့အပေါ်နှစ်ကြောင်းကိုရေးပြချင်ပါတယ်။ဒါမှအဓိပ္ပါယ်ဖော်လို့ရနိုင်ပါလိမ့်မယ်။
There is no freedom too small,
Every man is as good as another,
And they all make a free man so tall.
အပေါ်နှစ်ကြောင်းကိုဆီလျော်အောင်ဘာသာပြန်ုလိုက်ရင် -
“လွတ်လပ်ပါတယ်ဆိုမှတော့ဘယ်လောက်ကလေးလွတ်လပ်ပါတယ်လို့ပြောစရာမလိုဘူး။
လွတ်လပ်သူတွေအားလုံးရဲ့လွတ်လပ်မူကအတူတူပါပဲ။”
လို့ဖြစ်လာပါတယ်။ကျွန်မတို့နောက်ဆုံးစာကြောင်းကိုဆက်စဉ်းစားကြည့်လိုက်ပါတယ်။ဒီနေရာမှာtallဆိုတဲ့
စကားလုံးကိုဘယ်လိုဘာသာပြန်မှာလဲ။tallဆိုတဲ့စကားလုံးဟာလူတိုင်းအလွယ်တကူသိကြပါတယ်။ရှည်သောဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ဒီနေရာမှာအဲဒီလိုတိုက်ရိုက်ဘာသာပြန်လိုက်ရင်“ဒါကြောင့်လွတ်လပ်တဲ့လူတွေကသိပ်အရပ်ရှည်ကြတယ်”လို့ဖြစ်သွားပါလိမ့်မယ်။ဒီလိုုဆိုရင်တော့မဖြစ်နိုင်ဘူးလို့တော့ကျွန်မတို့လက်ခံမိကြပါတယ်။ဒီလိုတို်က်ရိုက်ပြန်လို့မရတာဟာစာရေးဆရာကဒီtallကိုအရပ်ရှည်သောဆိုတဲ့အဓိပ္ပါယ်နဲ့ရေးထားတာမဟုတ်လို့ဖြစ်ပါတယ်။
ဘဘကြီးကtallဆိုတဲ့စကားလုံးဟာစာရေးဆရာအမှန်တကယ်ဆိုလိုတာ“great”ဖြစ်တယ်လို့ပြောပြပါတယ်။ဒါမှကဗျာရဲ့ဝိသေသအရsmallနဲ့tallနဲ့ကာရန်မိသွားမှာဖြစ်တယ်လို့ရှင်းပြပါတယ်။ဒီတော့အခုလိုပြန်လိုက်ရင်အဆင်ပြေသွားပါတော့တယ်။“ဒါကြောင့်လွတ်လပ်တဲ့သူတွေကသိပ်ကြီးကျယ်ကြတယ်။”
အဓိပ္ပါယ်ချင်းကိုက်လိုက်မယ်ဆိုရင်tallဆိုတာအရပ်ရှည်တာ၊သူများထက်ခေါင်းတစ်လုံးပိုမြင့်တော့သူများထက်သာတယ်၊ကြီးကျယ်တယ်စသည်ဖြင့်ဆက်စပ်တွေးယူလို့ရသွားပါတော့တယ်။
***** *****************
ဒီလိုအဓိပ္ပါယ်တွေရှိတယ်လို့ဘဘကြီးတို့မေမေကြီးတို့ရဲု့ဆုံးမထားချက်တွေကြောင့်လွယ်တဲ့စကားလုံးလေးကိုတောင်မှအထင်မသေးရဲပါဘူး။ဒီလိုအတွေ့အကြုံတွေကြောင့်ကျွန်မစာတွေဖတ်ရရေးရတဲ့အခါအထောက်အကူတွေများစွာရလာရပါတယ်။ဥပမာပြောရရင်ငါးမန်းတွေရဲ့အကြောင်းကိုဖတ်ဖြစ်တုန်းကဖြစ်ပါတယ်။စာရေးသူကငါးမန်းတွေကကြောက်စရာကောင်းတယ်၊အန္တရယ်ရှိတယ်စသည်ဖြင့်ဆိုရင်းကComicalဖြစ်တဲ့သတ္တဝါတွေလို့လည်းဆိုလိုက်ပါတယ်။Comicalဆိုတဲ့အဓိပ္ပါယ်ကရယ်စရာကောင်းသော၊ရယ်ရွှင်ဖွယ်ဖြစ်သောဖြစ်ပါတယ်။ငါးမန်းတွေကိုကြောက်စရာကောင်းတယ်လည်းပြောပြီးဘာကြောင့်Comicalလို့ဆိုရသလဲလို့ကျွန်မဦးနှောက်ခြောက်သွားရပါတယ်။ဘဘကြီးတို့မေမေကြီးတို့ပေးခဲ့တဲ့သင်ခန်းစာတွေအရနောက်အဓိပ္ပါယ်ရှိရမယ်လို့ကျွန်မတွေးတတ်ခဲ့ပါပြီ။ကျွန်မကThesaurusထဲမှာသူနဲ့အဓိပ္ပါယ်ဆင်တူတာတွေလိုက်ရှာကြည့်ပါတယ်။ဒီတော့မှကျွန်မကစာရေးသူရဲ့ဆိုလိုချက်ကိုိလိုက်ရပါတော့တယ်။
ဆိုလိုတာကEntertainmentဖြစ်ပါတယ်။ငါးမန်းတွေကိုမှန်လုံရေထဲမှာထားပြီးလူတွေကိုဖျော်ဖြေရာသတ္တဝါအဖြစ်သဘောထားကြတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်။ဒီလိုရှာဖွေတဲ့နည်းနဲ့ကျွန်မစာရေးသူဆိုလိုချင်တာကိုလိုက်မှီအောင်ကြိးစားလိုက်ရပါတယ်။
ဘဘကြီးမေမေကြီးတို့သာသက်ရှိထင်ရှားရှိနေရင်အတူတကွရှာဖွေကြရင်းထူးခြားတဲ့စကားလုံးလေးတွေအကြောင်းကိုအရသာခံပြီးပြောဖြစ်နေကြမှာသေချာပါတယ်။ဘဘကြီးတို့ပေးခဲ့တဲ့သင်ခန်းစာများကိုပြန်လည်အောက်မေ့ရင်းအမှတ်တရရေးဖွဲ့လိုက်ရပါတယ်။

2 comments:
ကောင်းပါတယ်။ ဒီိလိုမျိုးလေးတွေ မဖတ်ဖြစ်တာတောင် ကြာပြီ။ Thanks !
လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက် တဲ့ အင်္ဂလိပ်အသုံးလေးတွေအတွက် ဘာသာပြန်ဆိုမှုအတွေ့အကြုံလေးတွေ ရေးပြထားတာ အလွန်စိတ်ဝင်စားဖို့ကောင်းပြီး ပညာယူမှတ်သားရပါတယ်ရှင်။
For Your Eyes Only ကို လျှို့ဝှက်ချက်အဓိပ္ပါယ်လည်းပါဝင်စေပြီး "မင်းတစ်ယောက်သာသိပါစေ" လို့ ပြန်ဆိုသုံးတာ တွေ့ဖူးပါတယ်။
မြန်မာစကားလုံးတွေမှာလည်း တစ်ခုခုကို လုပ်သင့်သလားမလုပ်သင့်လား ဇဝေဇ၀ါ မပြတ်မသားဖြစ်နေတဲ့အခါမျိုးမှာ လုပ်မယ်လို့ဆုံးဖြတ်မိလိုက်/ လုပ်လို့မဖြစ်သေးပါဘူးရယ်လို့တွန့်ဆုတ်လိုက်နဲ့ ယတိပြတ် မဆုံးဖြတ်နိုင်ရှာပဲ ချီတုံချတုံ ဖြစ်တတ်တာရယ်၊ ဟိုဟာကိုလုပ်ရကောင်းနိုးနိုး ဒီဟာကိုလုပ်ရကောင်းနိုးနိုး စိတ်အတွေးတွေ လူးလာဆန်ခပ်(လူးလာတုန့်ခေါက်)ဖြစ်နေတာ ကွာခြားချက်ရှိလေမလား တွေးမိပါသေးတယ်။
အထက်က နှစ်မျိုးလုံးဟာ ထပ်တူ တူခြင်လဲတူမယ် ကွဲခြင်လဲကွဲပြားမယ် ဒါပေမယ့် ထိတ်လန့်ကြောက်ရွံ့ပြီး ဆောက်တည်ရာမရ တုန်လှုပ်တဲ့ အဓိပ္ပါယ်မျိုးတော့မဟုတ်ဘူးလို့ထပ်တွေးမိပြန်တော့
ဘာသာခြားမှတဆင့် ကိုယ့်ဘာသာစကားဖြင့် ဆီလျော်ပြေပျစ်အောင် ပြန်ဆိုပေးနေကြတဲ့ မမတို့အားလုံးကို အထင်ကြီးလေးစားကာ အားကျမိပါတယ်ရှင်။
လေးစားစွာဖြင့်
အေ၇ာမေ
Post a Comment