Friday, November 2, 2018

ဂျူနီယာဝင်း – အိပ်မက်ထဲက စက်ပစ္စည်း

ဂျူနီယာဝင်း – အိပ်မက်ထဲက စက်ပစ္စည်း

(အတွေးအမြင် နိုဝင်ဘာ ၂၀၁၈ ၊ အမှတ် ၃၁၅)
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၈


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine မှ နိဒါန်းကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။)

(Joseph Carl Robnett Licklider (March 11, 1915 – June 26, 1990)

ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ ကို သိကြပါသလား။ သူ့ကို အတိုကောက် J.C.R ဒါမှမဟုတ် ‘Lick’ လစ် လို့သိထားပါတယ်။ သူက အမေရိကန်လူမျိုး စိတ်ပညာပညာရှင်၊ ကွန်ပြူတာသိပ္ဗံပညာရှင် တစ်ဦးဖြစ်ပါတယ်။ ကွန်ပြူတာ သိပ္ဗံဘာသာရပ်နဲ့ ကွန်ပြူတာသမိုင်းကြောင်းကို လေ့လာ လိုက်စားနေကြသူတွေများ စာဖတ်သူတွေထဲမှာ ပါလာရင် သူ့ကို မသိမဖြစ်တဲ့ အရေးပါဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ် ဆိုတာကို ပြောလိုပါတယ်။ သူက ကွန်ပြူတာ နဲ့ပတ်သက်တဲ့ အသုံးချပုံစနစ် နည်းပညာကို ရုပ်လုံးကြွလာအောင် လုပ်ပေးခဲ့တဲ့ ခေတ်မှီစနစ်တစ်ခုကို ကြိုတင် လှမ်းမျော်ကာ အကောင်အထည်ဖော်ပေးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အင်တာနက်လမ်းကို ခင်းပေးခဲ့သူလို့ ဆိုရင်မမှားပါဘူး။ နက်ဝေါ့ခေတ်ဆိုတာ ဘာမှန်းမသိခင်မှာ သူက ဒါကို ပုံစံချ သုတေသနတွေ လုပ်ပေးခဲ့သူပါ။ သူ့ကို “ကွန်ပြူတာ ဂျွန်နီအက်ပဲလ်စိ“ လို့ချစ်စနို်းခေါ်ပါတယ်။ သူက ကွန်ပြူတာ အုတ်မြစ်ကို ချပေးခဲ့သူ ဆိုပါတော့။ ဒစ်ဂျစ်တယ် ခေတ်ကို ဦးဆောင်ခဲ့သူ။

ဇီရို ပါခ်ကွန်ပြူတာ စမ်းသပ်ခန်းနဲ့ ဒစ်ဂျစ်တယ်သုတေသနစင်တာ ကိုတည်ထောင်ခဲ့သူ ရောဘတ်တေလာ က “ကျွန်တော်တို့ လေ့လာ လုပ်ကိုင်နေကြတဲ့ ဇီရိုပါ့ခ် ကွန်ပြူတာနည်းပညာဟာ လစ် ရဲ့စိတ်ကူးအိပ်မက်တွေ ကြီးပါပဲဗျာ။ အသစ်ဖန်တီးမူတွေ မဟုတ်ပါဘူး။ လစ် သာလျှင် ကွန်ပြူတာ အင်တာနက် နက်ဝေါ့ တွေရဲ့ဖခင်ကြီး ဖြစ်ပါတယ်။“လို့ ဆိုခဲ့ပါတယ်။ ဒီစာအုပ်က သူ့အကြောင်းကို အခြေခံထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စစချင်းတော့ လစ်ရဲ့ သားဖြစ်သူရဲ့ သူ့ဖခင်အပေါ် အမြင်ပုံစံမျိုးနဲ့ ထူးခြားတဲ့ မိတ်ဆက်ပုံမျိုးနဲ့ ရေးသားထားပါတယ်။ နောက်ကျရင်တော့ သည်စာအုပ်ထဲက စိတ်ဝင်စားစရာလေးတွေ ကြုံရင်ကြုံသလို ဘာသာပြန်ပေးသွားပါ့မယ်။)

သုံးဘီးတပ်ယာဉ် …

ထရေစီက အဲသည်သုံးဘီးတပ်ယာဉ်တွေကို ကောင်းကောင်းမှတ်မိနေတယ်။ ပင်တာဂွန် က သုံးဘီးတပ်ယာဉ်။

အချိန်က ၁၉၆၂ခုနှစ် အကုန်ပိုင်း သို့မဟုတ် ၁၉၆၃ အစောပိုင်း စနေနေ့ နေ့လည်ပိုင်းလောက် ကနေဒီရုံးတစ်နေရာဆိုပါတော့။ အဲသည်နဲ့ သိပ်မဝေးတဲ့နေရာကို ထရေစီတို့မိသားစု ဘွန်စတွန်ကနေ ပြောင်းရွေ့လာကြတယ်။ သူ့အဖေက ရုံးချူပ်မှာ အလုပ်လုပ်ရမယ်။ အဲသည်အချိန်တုန်းက ၀ါရှင်တန်က အခြေအနေက လျင်မြန်သွက်လက် လှူပ်ရှား စွမ်းရည်အပြည့်နဲ့ သစ်လွင်တောက်ပနေတဲ့ ကာလပေါ့။ ငယ်ငယ်ရွယ်ရွယ် လန်းလန်းဆန်းဆန်းနဲ့ ဌာနချူပ်က တော်တော် လေးနုပျိုနေတယ်။ ကူဘန်လက်နက် ပစ်ခတ်မူ၊ ဘာလင်တံတိုင်းကိစ္စ၊ ပြည်တွင်းရေးလှူပ်ရှားမူတွေနဲ့ ၁၅နှစ်တာ လျောက်ခဲ့တဲ့ လမ်း။ သည်တော့ အဲသည်တနေ့မှာ သူ့အဖေက အိမ်ပြန်ပြီး ကျန်ရစ်ခဲ့တဲ့စာရွက်စာတမ်းတွေ ပြန်ယူရင်း သူ့ကို ရုံးခေါ်သွားတယ်။ ထရေစီတစ်ယောက် ခုန်ပေါက်လိုက်ပါသွားလေရဲ့။ သူက ပင်တာဂွန်ကို စိတ်ကူးထဲပဲ မြင်ကြည့်ဖူးတာကိုး။

အိုး… ပင်တာဂွန်ဆိုတာ တကယ့်ကို ထူးခြား အံ့သြဖွယ်ကောင်းလှပါလား။ သင့်အနေနဲ့ အနီးကပ်မြင်လိုက်ရရင် ပိုပီးသိလိမ့်မယ်။ ပင်တာဂွန်ဟာ တဖက်ကနေ နောက်တဖက်ကို ပေတစ်ထောင်လောက်နီးပါး ကျယ်ဝန်းတယ်။ ပြောရရင် ဘေးပတ်ပတ်လည်က နံရံတွေကြောင့် နံရံမြို့ကြီးတစ်မြို့ နဲ့တောင် တူနေပါတယ်။ ထရေစီတို့သားအဖ သူတို့ရဲ့ကားကို ကျယ်ပြောလှတဲ့ ကားပါကင်ထဲ ထိုးထားပီးတဲ့နောက် ဂိတ်ဝကို ထွက်လာကြတယ်ပေါ့။ သူတို့ဟာ အလွန့်အလွန် စည်းကမ်းတင်းကြပ်တဲ့ လုပ်ငန်းစဉ်တွေကို ကျော်လွှားဖြတ်သန်းလာခဲ့ ကြတယ်။ ထရေစီဟာ လက်မှတ်ထိုး၊ မှတ်တမ်းရေး၊ ပြီးတော့ ချိတ်ဆွဲထားဖို့ ကဒ်ပြားရခဲ့တယ်။ သားအဖ၂ယောက် ကျယ်ပြန့်တဲ့ အခန်းကျယ်ကြီးထဲကို ဖြတ်သန်းလမ်းလျောက်ခဲ့ကြတယ်။ လွတ်လပ်တဲ့ ကမ္ဘာကြီးတစ်ခုထဲ ရောက်သွားသလိုပါပဲ။ ပထမဦးဆုးံထရေစီ မြင်တွေ့ရတာက ခန်းမကြီးထဲ အပေါ်တက် အောက်ဆင်းနဲ့ စာပို့စာယူအလုပ်တွေ လုပ်နေကြတဲ့ တက်ကြွလန်းဆန်းနေတဲ့ တပ်သားငယ်လေးတွေ ဖြစ်ပါတယ်။ သူတို့က သုံးဘီးတပ်ယာဉ်တွေကို စီးပြီး သွားလာနေလိုက် ကြတာ။

အဲဒါ ထူးဆန်းနေတယ်။ ဒါပေမယ့် သုံးဘီးတပ်ယာဉ်ပေါ်က သူတို့ကြည့်ရတာ သူတို့အလုပ်ကို သိပ်ပြီး တလေးတနက် ထားနေပုံရပါတယ်။ ပြောရရင် ထရေစီ့စိတ်ထဲ သုံးဘီးတပ်ယာဉ်တွေဟာ ရှည်လျားတဲ့ ခန်းမထဲ အခုလို သွားလာဖို့ တမင်လုပ်ထားတယ် လို့ယူဆတယ်။ သူနဲ့သူ့အဖေအတွက်တော့ မပြီးဆုံးနိုင်မယ့် လမ်းရှည်ကြီးကို ခြေထောက်နဲ့ လျောက်လှမ်းနေကြရတယ်။

အမှန်ပြောရရင် အဖေက သည်လို ပင်တာဂွန်လိုနေရာမှာ အလုပ်လုပ်နေတာ ထူးဆန်းနေတယ်။ စစ်တပ်အရာရှိ၊ စီးပွားရေးသမား၊ ဒါမှမဟုတ် နိုင်ငံရေးသမား တို့လောက်တော့ အနည်းဆုံးရှိနေရမှာ။ ပြောရတော့ အဖေကလေ… ကလေးကြီးတစ်ယောက် လိုပဲ။ သူ့ပုံစံက သာမန်လောက်သာ။ အရပ်ရှည်ရှည်၊ အားကစားအကျီကို ခပ်ကပ်ကပ်ဝတ်ဆင်ထားပြီး မျက်မှန်အနက်တပ်လေ့ရှိတယ်။ အေးအေးဆေးဆေး ရှိတယ် ဆိုသောလည်း သူ့မျက်နှာပေါ်မှာ တစ်ခုခုကို လုပ်လိုက်ရမှ ဆိုတဲ့ မျက်နှာအသွင်အပြင် ကပေါ်နေတတ်တယ်။ ဥပမာ တစ်ခုြုေ့ပာရရင် – ညနေစာစားချိန်ဆိုပါတော့။ အဲသည်အချိန်ကို သူ့ကို ရုံးမှာ ရှာဖို့မကြိုးစားနဲ့။ ညနေစာကို မိသားစုနဲ့အတူ အိမ်ပြန်စားတယ်။ ပြီးမှ ရုံးကို ညအလုပ်ဆင်းပါတယ်။ အဲသည်အချိန် ပင်တာဂွန်က အပြင်ကိစ္စခိုင်းလိုက်တဲ့ အချိန်ကလွဲလို့ ဆိုပါတော့။

ပြီးတော့ အဖေက ပုံပြင်တွေပြောပြတယ်၊ တခါတရံ ဘာတွေမှန်းမသိတာတွေ လည်းပါတယ်။ သူရယ်တဲ့အခါ လိုက်ရယ်ရတာပေါ့။ သူအမြဲတမ်းလုပ်နေကျအရာကတော့ ထရေစီရဲ့ ညီမ အသက် ၁၃နှစ် သမီးလေး လင်ဒီ့ကို “ပြောပြပါဦး ဒီနေ့ သမီးဘာတွေလုပ်သလဲ ဘာတွေတီထွင်သလဲ ဘာစာတွေလုပ်သလဲ“ လို့မေးတာပါ။ သူဆိုလိုပုံကတော့ သူ့သားနဲ့သမီးဟာ သူ့အဖေမေးရင် တစ်ခုခုပြောဖို့ ပြင်ဆင်ထားဖို့၊ တနေ့လုံး ဘာတွေလုပ်သလဲ ဆိုတာကို ရှာဖွေထားဖို့ ၊ ဒါကို ရည်ရွယ် ထားတာလို့ယူဆပါတယ်။

အပြင်ထွက်စားရတာလည်း ပျော်စရာပါ။ အဖေနဲ့အမေက စားသောက်ဆိုင် အသစ်တွေရှာရတာ သဘောကျကြတယ်။ သို့သော် စားသောက်စရာတွေ မှာထားပြီး မရောက်ခင်မှာ စောင့်ရင်းနဲ့ အဖေက လင်ဒီနဲ့ ထရေစီ့ကို ဥနှောက်စားတဲ့ မေးခွန်းတွေ မေးတယ်။ “ရထားက အနောက်ဖက်ကို ၁နာရီကို မိုင်၄၀နဲ့ ခုတ်မောင်းနေတဲ့အချိန်မှာ လေယာဉ်ပျံတစ်စင်းက သူ့အပေါ်ကနေပျံသန်းနေ…….“ ထရေစီက သည်လိုမေးခွန်းမျိုးကို လက်တန်းဖြေနိုင်တယ်။ ဒါပေမယ့် ၁၃နှစ်သမီး လင်ဒီခင်မျာ လိုက်မမှီရှာပါဘူး။
သည်တော့ အဖေက လင်ဒီ့ကို မေးတယ် – “ကဲ.. လင်ဒီ။။ အကယ်၍ စက်ဘီးရဲ့ ဘီးက မြေပြင်တလျောက်လည်နေတယ် ဆိုပါတော့။ ဒါဆိုရင် အဲသည် အလျင်အတိုင်း ဘီးရဲ့စပုတ်တွေကရော လိုက်လည်နေမလား။“

“အိုး… လိုက်လည်နေမယ် ဖေဖေ။“

“မဟုတ်ဖူး သမီးရဲ့။ “ အဖေလုပ်သူက ဘာဖြစ်လို့လဲ ဆိုတာကို ရှင်းပြပါတယ်။ အောက်ခြေက စပုတ်တွေဟာ ဒီအတိုင်းပဲနေနေတယ်။ အပေါ်က စပုတ်တွေက စက်ဘီးမြန်ရင်မြန်သလို ၂ဆပြေးနေတဲ့အခါ သူတို့က သည်အတိုင်းရှိနေတဲ့အကြောင်း ဖျာပေါ်မှာ မြေပုံလေးဆွဲပြီး ရှင်းပြတာ လီယိုနာဒိုတောင် ဂုဏ်ယူလောက်ပါ၇ဲ့။ (အဲသည်အချိန်မှာ အဖေ့ပုခုံးထက် အပေါ်စီးကနေ ကြည့်နေတဲ့ လူတစ်ယောက်က ဒေါ်လာ ၅၀ ချပေးသွားတယ်။)

ဟော… ပြောရင်းဆိုရင်း ပြခန်းတွေဘက်ရောက်လာပီ။ သည်ပိတ်ရက်မှာတော့ အမေက သူ့အတွက် အချိန်တောင်မပေးနိုင်ရှာပါဘူး။ သည်တော့ အဖေက ထရေစီနဲ့ လင်ဒီ့ကို ပန်းချီကားတွေရှိရာကို ခေါ်သွားလိုက်တယ်။ အများအားဖြင့် မောတွေဆီက (Washington DC က The Mall ဆိုတဲ့ ဥယျာဉ်သဖွယ် ရင်ပြင်ကျယ်) အနီး အနုပညာဆိုင်ရာ အမျိုးသားပြတိုက် တွေဘက်သွားတာပါပဲ။ အဲသည်မှာ အင်ပရှင်နစ် ပန်းချီကားတွေ အဖေ့အကြိုက်ပေါ့လေ။ ဂေါ်ဂွင်၊ ပီကာဆို၊ မိုနေး၊ စေးဇန်းတို့ ။ အဖေက အလင်းရောင်တွေပါတာကို သဘောကျတယ်။ တောက်ပနေတဲ့ အရောင်တွေ က ပန်းချီကားတွေကနေ ထိုးထွက်နေသလိုပဲ။ ဒါပေမယ့် အဖေက အရောင်တွေ ဘယ်လိုနေရာချသလဲ ဆိုတဲ့ လူတွေစဉ်းစားတဲ့ နည်းပညာမျိုးကိုပဲ လေ့လာတတ်ပါတယ်။ (သူက ဟားဗက်နဲ့ အန်အိုင်တီကနေ စိတ်ပညာဆရာ ဖြစ်ခဲ့သေးတာကိုး) အဖေကပြောတယ် မျက်စိတစ်ဖက်ကို လက်တစ်ဖက်နဲ့ပိတ်ထားပြီး ပန်းချီကားကနေ နောက်ဖက်ကို ခြေလှမ်း၅လှမ်းလောက် ဆုတ်ပီးတာ့ မျက်စိ၂ဖက်စလုံးနဲ့ ကြည့်ပါတဲ့။ အဲသည်အခါ ပြားနေတဲ့ ပန်းချီကားမျက်နှာပြင်ဟာ သုံးဖက်မြင်ဖြစ်သွားလိမ့်မယ်တဲ့။ ဟာ… တကယ်ပဲဗျာ။ အဖေ၊ ထရေစီနဲ့ လင်ဒီတို့က အမျိုးသားပြတိုက်မှာနာရီပေါင်းများစွာ လျောက်ကြည့်ကြပါတယ်။ သူတို့အားလုံး မျက်စိတစ်ဖက်ပေါ်လက်အုပ်ပီးတော့ ပန်းချီကားတွေကို ကြည့်ကြတယ်။

သူတို့က ထူးဆန်းတဲ့သူတွေလို ကြည့်ကြတယ်။ တော်တော် ထူးဆန်းတဲ့မိသားစုပေါ့ သူတို့နည်းသူတို့ဟန်နဲ့ လို့မြင်ရမှာပါပဲ။ ထရေစီနဲ့ လင်ဒီတို့ရဲ့ သူငယ်တွေကြားထဲမှာလည်း သူတို့က မတူခြားနားနေပြန်တယ်။ တကယ့်ကို ကမ္ဘာအနှံ့စူးစမ်းနေလိုက်ကြတာပေါ့။ ဥပမာ တစ်ခုပြောရရင် သူတို့အဖေက ခရီးသွားရတာ သဘောကျတယ်။ ဒီတော့ ထရေစီနဲ့ လင်ဒီတို့ရဲ့စိတ်ထဲမှာလည်း ဥရောပနဲ့ ကယ်လီဖိုးနီးယားတခွင် အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ လည်ပတ်နေရတာကို သမရိုးကျခရီးသွားနေရသလို သဘောထားကြတယ်။ သူတို့မိဘတွေက အိမ်အသုံးအဆောင် ပရိဘောဂတွေထက် ခရီးတွေထွက်ပြီး ပိုက်ဆံပိုအသုံးပြုကြတယ်။ ဒါကြောင့်လည်း မက်စက်ချူးဆက်က သူတို့ရဲ့ဗစ်တိုးရီးယမ်းအိမ်အိုလေးဟာ ပိုပြီး အိုဟောင်းနွမ်းနယ်သွားရတယ်။ အဖေနဲ့အမေက သူတို့အိမ်လေးကို ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ၊ အစရှိသဖြင့် ရှိရှိသမျှသော ပုဂ္ဂိုလ်ထူးတွေကို လာရောက်ခိုနားဖို့ ပေးထားပါတယ်။ အမေက အဖေ့ရဲ့၃ထပ်က ရုံးခန်းကို သူတို့ကို လွှတ်လိုက်ပါတယ်။ အဲသည်အခန်းမှာအဖေ့ရဲ့ စာရွက်ပုံကြီးက မြေမဆုံးမိုးမဆုံးပါ။ အဖေက ဘယ်တော့မှ မရှင်းဘူး။ တခါတလေ သူ့စားပွဲပေါ်မှာ သူ့အကြိုက် အိုင်စ် ဆိုတဲ့ သကြားလုံး တွေတွေ့ရတတ်ပါတယ်။ သင်လည်း စားချင်စိတ်ဖြစ်လာနိုင်ပါတယ်။

သည်တော့လေ ပြောရရင် အဖေ့ပုံစံနဲ့ အဖေလုပ်နေတဲ့ ပင်တာဂွန်နဲ့က ဆက်စပ်လို့မရဘူး လို့ဆိုချင်တာပါ။ အခု အဖေက ထရေစီနဲ့ အဲသည် ခန်းမထဲမှာ အတူလမ်းလျောက်နေတယ်ပေါ့။

သူတို့ အဖေ့ရုံးခန်းကို ရောက်သွားပြီ ဆိုကြပါစို့။ ထရေစီ့စိတ်ထဲတော့ ဘောလုံးကွင်း အကြီးကြီးကို ဖြတ်ပီး ရောက်သွားတယ်လို့ ခံစားနေရပါတယ်။ တကယ်ပဲ သွားရမယ့်နေရာ ရောက်တော့ သူမြင်လိုက်ရတာက… အင်း… စိတ်များတောင် ပျက်မိပါရဲ့။ တံခါးပေါက်တွေတန်းစီးပြီး တွေ့နေရတဲ့ လမ်းကြောင်းက တံခါးတစ်ပေါက်ပဲ ဆိုကြပါစို့။ အတွင်းကလည်း စစ်စိမ်းရောင်မွဲခြောက်ခြောက် ဆေးသုပ်ထားတဲ့ ပျင်းခြောက်ခြောက် အခန်းသေးသေးလေး။ စားပွဲတစ်လုံး၊ ခုန်တစ်စုံ၊ ဖိုင်တွေစီရီထားတဲ့ စင်တွေရယ် ဒါပဲ။ ပြူတင်းပေါက်တစ်ပေါက်၊ ကျန်တာ နံရံ။ သည်တော့ ထရေစီက ဘာတွေများတွေ့ရမယ်လို့ မျော်လင့်ထားတာတုန်း လို့ဆိုတော့လည်း သူလည်းသိပ်တော့ မသိပါဘူး။ ဒါပေမယ့် ဒီလိုမျိုးတော့ မဟုတ်ဘူးလေ။

ထရေစီက သူ့အဖေသည်လို အခန်းလေးထဲ တနေကုန်အလုပ်လုပ်နေတာလား ဆိုတာ မသေချာပါဘူး။ ဒါလျို့ဝှက်စရာမှ မလိုတာ။ ဒါပေမယ့် သည်ရုံးက ကာကွယ်ရေးနှင့်ဆိုင်သော ဌာနချူပ်ဆိုတော့ အဖေက သိပ်ကို အလေးအနက်ထားတယ် အိမ်မှာ သူ့ရုံးကိစ္စ ဘာမှ သိပ်မပြောဘူး။ ပြောရရင်တော့ ထရေစီ အသက်၁၅နှစ် ထရေစီက အဖေဘာလုပ်နေတယ် ဆိုတာ သိပ်ပီး ဂရုမစိုက်လှပါဘူး။ သေချာတာတစ်ခုကတော့ ဖေဖေက သိပ်ကို အလုပ်ကြီး အကိုင်ကြီးလုပ်နေတယ်ဗျာ။ လူတွေ သူတို့အလုပ်တွေ လုပ်နေကြတာကို အဖေက အချိန်တွေပေးပီး လုပ်ပေးနေတယ်။ ကွန်ပြူတာတွေ အများကြီးနဲ့ အလုပ်တွေ လုပ်နေတယ်။

အံ့သြစရာတော့ သိပ်မရှိပါဘူး။ သူ့အဖေက ကွန်ပြူတာကို ခရေဇီးဖြစ်တယ်။ ကန်းဘရစ်က အိမ်မှာတုန်းက ဘော့လ်ဘရန်နက် အင် နယူးမင်း ဆိုတဲ့ကုမဏီမှာ လုပ်တုန်းကဆို ရေခဲသေတ္တာလောက်ကြီးတဲ့ ကွန်ပြူတာတွေနဲ့ အဖေတို့ အုပ်စုတွေ ကိုယ့်ဘာသာ ကိုယ်အလုပ်လုပ်နေကြတာကိုး။ ဒါပေမယ့် ခေတ်မှီပါတယ်၊ ကီးဘုတ်ပါတယ်၊ မျက်နှာပြင်က သူတို့ရိုက်သမျှ ပေါ်နေတယ်၊ ပေါ့ပါးတဲ့ ဘောပင်လေးကလည်း သင်ဘာရေးရေး မျက်နှာပြင်မှာပြနေတယ်။ ပါဝင်တဲ့ ဆော့ဝဲလ်က အထူးစပယ်ရှယ်ပေါ့။ အဝေးကနေ ထိန်းချူပ်တဲ့ စနစ်လည်း ပါပါတယ်။ အဖေက အဲဒါနဲ့ နေနေလိုက်တာ နေ့နေ့ညည၊ ပရိုဂရမ်တွေလည်း ဆွဲရပါတယ်။ ပိတ်ရက်တစ်နေ့တော့ သူက ထရေစီ့နဲ့ လင်ဒီ့ကို အဲဒါနဲ့ ကစားလို့ရအောင် ၀င်ပါခိုင်းပါတယ်။ အဖေကသူတို့ကို ကွန်ပြူတာ ဘာသာစကားဆိုင်ရာ စာလုံးတွေ ရေးပြခိုင်းပါတယ်။ အကယ်၍ သူရေးတာ မှန်ရင် ကွန်ပြူတာက “ကွန်မန်းဒေးဘဲလ်“ လို့တုန့်ပြန်ပါတယ်။ အကယ်၍မှားရင်တော့ “ဒန့်လ်ခေါ့ဖ်“ လို့တုန့်ပြန်တယ်။ (သူ့အသံထွက်မှာ ဘီ သံမပါရပါဘူး ဂျာမန်စကားလုံးပေါ့။)

ထရေစီက ဒီလိုဟာတွေ သဘောကျတယ်ဆိုတာ သဘာဝကျပါတယ်။ ဒါမျိုး သူကိုယ်တိုင် ပရိုဂရမ်ဆွဲနည်း လေ့လာနိုင်ရဲ့သားနဲ့ပေါ့လေ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၄၀ ကိုပြန်သွားကြည့်လိုက်တော့ သူ့အဖေပင်တာဂွန်မှာ ဘာတွေလုပ်နေလဲ ဆိုတာကို အာရုံမစိုက်မိပဲ နေနေခဲ့တာတွေကြောင့်လို့ ထင်ပါတယ်။ သူက အလိုလိုက်ခံရလို့ ပျက်စီးသွားတာမျိုးလား။ သူက အခုခေတ်ကလေးတွေ သရီးဒီကွန်ပြူတာဂရပ်ဖစ်တွေ ကြားထဲ နစ်မွန်းနေသလို၊ ဒီဗီဒီတွေနဲ့ ဂိန်းတွေထဲ နစ်မြုပ်နေမိသလို၊ အင်တာနက်နယ်ပယ်ထဲ ကမ်းခြေမဲ့ ကူးခပ်နေမိသလို ပဲ ဆိုပါတော့။ သူ့ဘ၀မှာ သူ့အဖေကိုင်တဲ့ ကွန်ပြူတာကိုပဲ မြင်တွေ့ဖူးခဲ့တာပါပဲ။ ထရေစီ့စိတ်ထဲ အဲသည်တုန်းကတော့ တွက်ချက်ခြင်းအလုပ်ကို ဘယ်သူမဆို လုပ်နိုင်ရမယ် လို့ထင်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ် စိတ်ကူးထဲမှာတော့ ကွန်ပြူတာဆိုတဲ့ စကားလုံးဟာဖြင့် ကြီးမား ကျယ်ပြန့် လျို့ဝှက် ဆန်းကျယ် ညှို့ယူ ဖမ်းစား နေတယ်။ ပန့်ခ်ျ ကဒ်ကလေးတွေက နံပါတ်တွေဟာ ပျံဝဲလွင့်ပြန့် နေတယ်။ ထရေစီ့စိတ်ထဲမှာလို လူတိုင်းအနေနဲ့လည်း သူ့အဖေဟာ ကွန်ပြူတာ ကိုင်တဲ့ လူနည်းစုထဲမှာ ပါဝင်ပတ်သက်နေပီး လူတွေမသိသေးတဲ့ နည်းပညာထဲ ၀င်ရောက်လိုက်ပါနေတယ်လို့ မြင်ကြမှာပါ။

ထရေစီ့အဖေကတော့ တစ်နေ့ကျရင် ရှိသမျှ ကွန်ပြူတာတွေဟာ အခုစက်ကြီးမျိုးတွေလို ကန်းဘရစ်တစ်ခုလုံး အသုံးပြုလာကြမယ်လို့ ယုံကြည်နေပါတယ်။ ဒီစက်ကြီးတွေက လူနဲ့လည်း ပိုတူတယ်၊ ရင်းရင်းနှီးနှီးလည်း ရှိတယ်လေ။ သူတို့က လူတွေရဲ့အလုပ်တွေကို ကူညီပေးမယ်၊ ပုံစံသစ်နဲ့ လူတွေကို ဆက်ဆံမယ်၊ အချက်အလက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင် ပေးဦးမယ်၊ တကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မူတွေကို တွေ့မြင်ရမယ်၊ စီးပွားရေး လူမူရေးစသဖြင့်ပေါ့။ အဆုံးစွန်ပြောရရင်တော့ လူတွေ မစဉ်းစားမိတာတွေကို နီးနီးကပ်ကပ် အဆိုတွေတင်သွင်း၊ ပို့ဆောင်ပေးမယ့် တကယ့်ကို ခွန်အားအပြည့်နဲ့ ရောက်လာမယ့် ဘယ်စက်ပစ္စည်းတွေမှ လိုက်မမှီအောင် အကျိုးပြုသွားဦးမှာပါတဲ့။

ကဲ အခု သူက ပင်တာဂွန်မှာ အလုပ်လုပ်နေပါတယ်။ ထရေစီ့အဖေက စိတ်ကူးတွေကို တကယ်ဖြစ်လာအောင် အရာရာကို ပြောင်းလဲပေးနေတယ်ပေါ့။ ဥပမာ အန်အိုင်တီ (MIT)  ကိုကြည့်ကြရအောင်။ အမ်အေစီဆိုတဲ့ ပရောဂျက်ကို တည်ထောင်တဲ့ထဲပါခဲ့တယ်။ အမ်အေစီ ဆိုတာ ကြီးမားကျယ်ပြန့်သော ပါစင်နယ် ကွန်ပြူတာစနစ်ပေါ့။ ပရောဂျက်မန်နေဂျာကတော့ ဒေါ်လာ ရာချီထောင်ချီတဲ့ စက်ကြီးကို လူတိုင်းသုံးနိုင်ဖို့တော့ သိပ်မမျော်လင့်ထားပါဘူး။ ဒါပေမယ့် သည်စက်ကြီး တစ်ဒါဇင်လောက်တော့ တချို့သော နေရာတွေနဲ့ လူနေအိမ်တွေမှာ အဝေးထိန်းစနစ်များနဲ့ သုံးကြပါတယ်။ သုးံတဲ့သူစိတ်ထဲ သည်စက်ကြီးက ကိုယ်နဲ့ထိတွေ့မူမှာ လျင်မြန်တယ်၊ ကိုယ့်ကို တုန့်ပြန်အားကောင်းတယ်လို့ ယူဆကြပါတယ်။ တကယ်လည်း အံ့သြဖွယ်အလုပ်လုပ်ပါတယ်။ အမ်အေစီပရောဂျက်ဟာ လူ ရာ နည်းစုသာမကပဲနဲ့တဲ့၊ တကမ္ဘာစာကို အွန်လိုင်းဆက်သွယ်မူတွေ ပေးလာပါတယ်တဲ့။ ပထမဦးဆုံး ဆက်သွယ်ရေးစနစ်။ အီးမေး အွန်လိုင်း ဟက်ကာ။ ဒါဟာ အင်တာနက်ခေတ်ထဲကို ၀င်လာတဲ့သဘော။ ဒီလမ်းတလျောက်မှာ ၁၉၇၀ တိုင်အောင် ဆက်သွယ်မူနည်းပညာတရပ်ကို ဖော်ဆောင်ပေးမယ့် “အိမ်တွင်း အချက်အလက်များ စနစ်” တစ်ခု ဖြစ်လာပါသတဲ့။ မိုက်ကရိုကွန်ပြူတာ စနစ်လို့ ခေါ်ဝေါ်လိုက်သော ဈေးကွက်တစ်ခုကို ဆွဲယူပို့ဆောင်ပေးလိုက်ပါတယ်။

ထရေစီအဖေက လူသားဆန်သော ကွန်ပြူတာ စနစ်လို့ပြောမလား၊ အသိညဏ်ရှိသော ကွန်ပြူတာလူသား လို့ဆိုမလား အဲသည်နည်းပညာတစ်ခုကို ပန်တာဂွန်မှာ အလုပ်စဆင်းတဲ့ ပထမဦးဆုံးနေ့မှာ တကယ်လက်တွေ့ကွင်းဆင်းခဲ့တယ်လို့ ဆိုရမှာပါ။ ဒေါက်ကလက်စ် အန်ဂျယ်ဘာ့တ် က အဲသည်အချိန်ကတည်းက သြဇာသက်ရောက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဆိုပါတော့။ သူ့ရဲ့ဆရာသမားတွေရှိတဲ့ အက်စ်အာရ်အိုင် က နောက်တော့ စီလီကွန်ဗယ်လီဖြစ်လာတယ်။ (ဒီနေရာမှာ ရှင်းပြရရင် စီလီကွန်ဗယ်လီ ဆိုတာက Silicon Valley (အတိုကောက် SV) ဖြစ်ပါတယ်။ ဆန်ဖရန်စစ်စကို ဘေးဧရိယာ ကယ်လီဖိုးနီးယား မြောက်ဖက်ပိုင်းက ဆန်တာကလာရာ ဗယ်လီ ကိုခေါ်တာပါ။ အဲသည်နေရာဟာ အဆင့်မြင့်နည်းပညာ၊ နက်ဝေါ့ဆိုင်ရာ၊ ဆိုရှယ်မီဒီယာ အစရှိသဖြင့်တို့ရဲ့အချက်အချာ ဒေသတစ်ခု ဖြစ်ပါတယ်။ ဆန်ဟိုဇေး (San Jose) က အဲသည်ဒေသရဲ့တတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်ကာ ကာလီဖိုးနီးယား၇ဲ့တတိယမြောက်အကြီးဆုံး၊ အမေရိကရဲ့၁၀ခုမြောက် အကြီးဆုံး ဖြစ်ပါတယ်တဲ့။)

သူက လူတိုင်းနဲ့မတူ သမရိုးကျမဟုတ်တဲ့သူ လူထူးလူဆန်း ဂျီးများတဲ့သူ။ ဒါပေမယ့် သူ့ကို ထရေစီ့အဖေက အကြံဥာဏ်တွေ၊ အလုပ်တွေ ချပြလိုက်တော့ အင်မတန် ဂျီးဂျွတ်နဲ့သူက သူနဲ့ အဖွဲ့အုပ်စုဖြစ်သွားတယ်။ မောက်စ် တီထွင်တယ်၊ မျက်နှာပြင်ဝင်းဒိုးပေါ်လာတယ်၊ ဟိုက်ပါတက်စ်တို့၊ (hyper text, word-processing) ဝေါ့ဒ်ပရောဆက်ဆင်းတို့ တခြားသော အထူးအဆန်းတွေ တစ်ခုပီးတစ်ခု ပေါ်လာတယ်။ ဆန်ဖရန်စစ်စကိုမှာ ကျင်းပတဲ့ ကွန်ပြူတာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အန်ဂျယ်ဘာ့တ်ရဲ့၁၉၆၈ခုနှစ် ဟောပြောတင်ပြမူလုပ်တော့ လူထောင်ပေါင်းများစွာရဲ့ အာရုံတွေကို တခါတည်း ဆွဲယူလိုက်နိုင်ခဲ့တယ်။ ကွန်ပြူတာသမိုင်းမှာ အချိုးအကွေ့တစ်ခုကို တသက်လုံးအမှတ်ရစေအောင် ဖြစ်လာရတယ်။ ကွန်ပြူတာဆိုတာ ဘာမှန်းမသိတဲ့သူတွေအတွက် သမိုင်းစာမျက်နှာတစ်ခုကို ဖွင့်လှစ်ပေးလိုက်နိုင်တယ်ပေါ့။

ထရေစီ့အဖေက ပင်တာဂွန်မှာပဲ သူ့ရဲ့ အမွေကိုဆက်ခံမယ့် ပညာတတ်တွေ မွေးဖွားလာဖို့ သင်တန်းတွေပို့ချပေးခဲ့တယ်။ သိပ်မကြာပါဘူး ပါလိုအာလ်တို (Pal alto) သုတေသနဌာန ဆိုတဲ့ အတိုကောက် ပီအေအာရ်စီ မှာ အရည်အချင်းရှိသူတွေ စုဝေးလာကြတယ်။ ဒါဟာ နောက်အနှစ် ၃၀ မှာ အသုံးပြုလာတော့မယ့် အသိပညာတွေ စတင် ပျိုးစေ့ချကြတဲ့သဘော။ ကိုယ်ပိုင်ကွန်ပြူတာတွေ အဖြစ် လူသိများ လူကြားထဲကို မောက်စ်ရယ် မျက်နှာပြင်ရယ်နဲ့ ၀င်ရောက်လာတော့မယ့် သဘော။ ၀င်းဒိုးမှာ ဂရပ်ဖစ်တွေ အသုံးပြုလာဖို့၊ အိုက်ကွန်တွေ၊ မီးနူးတွေ၊ စကရိုးဘားတွေ အစရှိသော အရာတွေ ပေါ်လာတော့မယ့် အခြေအနေတစ်ခု။ လေဆာပရင့်တာကနေ စာရွက်တွေ ထုတ်ပေးဖို့ ဖြစ်လာတော့မယ်။ အီသာနက် (Ethernet)  ခေါ်တဲ့ ဒေသဆိုင်ရာ နက်ဝေါ့ဧရိယာကနေ အားလုံးကို ဆက်သွယ်ချိတ်ဆက်ပေးဖို့ ခြေလှမ်းတွေ။

နောက်ဆုံးတော့ နက်ဝေါ့တွေ ပေါ်လာပီ ဆိုပါတော့။

အခုတော့ သူက ပင်တာဂွန်မှာ အလုပ်လုပ်နေတယ်။ ထရေစီအဖေက လေယာဉ်ပျံတွေဆီမှာပဲ အချိန်တွေ ကုန်လွန်နေတယ်လို့ ပြောရမှာပါ။ ဆက်တိုက်ဆိုသလိုပဲ သူက လူသားဆန်တဲ့ ကွန်ပြူတာတွေနဲ့ပတ်သက်လို့ သုတေသနလုပ်တဲ့ အုပ်စုတွေနဲ့ အလုပ်လုပ်နေပါတယ်။ သူ့ရည်ရွယ်ချက်က ကမ္ဘာတခွင့် ပြန့်နှံ့သွားစေဖို့ပါ။ ဆက်သွယ်ရေးကွန်ယက်တွေ ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ သူဝါရှင်တန်ကနေ ထွက်ခွာလာကတည်းက ရှိခဲ့တဲ့ သူ့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ပါ။ ၁၉၆၃ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ ချပြခဲ့တဲ့သူ့ရဲ့ နက်ဝေါ့ကွန်ပြူတာ ကိုအခြေခံလိုက်တဲ့ စာစောင်ကနေ အဖွဲ့တွေ ဖွဲ့လာနို်င်ခဲ့တယ်။ တကိုယ်တော်ကွန်ပြူတာတွေကနေ (stand alone computer) ဖြန့်ကျက်ရှယ်တဲ့ စနစ်ဆိုပါတော့။ တကယ်လည်းဟုတ်ပါတယ်။ နက်ဝေါ့နည်းပညာက အခုလက်ရှိမှာကို အဓိကကျတဲ့ စနစ်တစ်ခုလို လည်ပတ်လာနေခဲ့တာ နောင်မှာလည်း ဆက်လက် သွားနေဦးမှာပါ။ ဒါပေမယ့် အဖေ့စိတ်ထဲမှာက သည့်ထက် ရှေ့ရောက်နေတယ်။ အာကာသတွေကြားက လွတ်နေတဲ့ နေရာတွေနဲ့ ပတ်သက်တဲ့ နက်ဝေါ့တွေအကြောင်းကို မကြာခင်မှာ ပြောမယ်။ နက်ဝေါ့ဆိုတာကလည်း လူုတိုင်းလက်လှမ်းမှီတဲ့ ဖွင့်ထားတဲ့ စပေ့တစ်ခုကိုး။ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ အလုပ်အကိုင်တွေ၊ တကိုယ်တော်တွေနဲ့ ပတ်သက်တဲ့ ကွန်ယက်တွေကို ချိတ်ဆက်ပေးနေတယ်။ ဟော… အခုဆို အီး-ဘဏ်၊ အီး-စီးပွားရေး၊ အီး-စာကြည့်တိုက်။ ရှိရှိသမျှ စဉ်းစားမိသမျှ ရှေ့မှာ အီး သာတပ်လိုက်။ သည်လို ဖြန့်ကျက်လာနိုင်ဖို့ သူကတွေးခေါ်စဉ်းစားခဲ့တာပါ။ ယနေ့ခေတ်မှာတော့ အင်တာနက် ဆိုတဲ့စကားလုံးပေါ့လေ။

(ဒီလိုနည်းပညာကို ၁၉၆၀ နောက်ပို်င်းလောက်က အဖေဟာ သူ့စိတ်ကူးတွေနဲ့ သန္ဓေတည်ခဲ့ပြီး ၁၉၇၀ လောက်မှာ အကောင်အထည်ဖော်ဖို့ အဲသည်ကတည်းက ကြိုးစားလာကြတယ် ဆိုတာလေး စာဖတ်သူတွေ စိတ်ထဲ နည်းနည်းလောက် ၀င်သွားရင် တော်ပါပီ။ ) (အဲသည်ကွင်းစကွင်းပိတ်ထဲက စာပိုဒ်ကတော့ ဘာသာပြန်သူအနေနဲ့ ကိုယ်နားလည်သလို ပြန်ပေးထားတာပါ။ သူရေးထားတာတွေက နည်းနည်းရူပ်ထွေးနေလို့ သည်လိုသဘောပေါက်သလို ရေးပေးခြင်း ဖြစ်ပါတယ်။)

အတိုချူပ် ဆိုရသော် ထရေစီ့အဖေသည် ယနေ့ခေတ် ခေတ်မှီလျက်ရှိသော ကွန်ပြူတာစနစ်၊ အချိန်နဲ့အမျှ ရှယ်ပေးနိုင်သော စနစ်၊ ပါစင်နယ် ကွန်ပြူတာစနစ်၊ မောက်စ်၊ ဂရပ်ဖစ်ဆိုင်ရာ အင်တာဖေ့စ်၊ ဇီရွန်ပီအေအာရ်စီ ဖန်တီးမူနယ်ပယ်၊ အင်တာနက် စသည်ဖြင့် ရှိရှိသမျှသော အရာတွေကို ရုပ်လုံးပေါ်လာအောင် အားနဲ့အင်နဲ့ ပေးဆပ်ခဲ့ပါသည် ပေါ့ဗျာ။ ဟုတ်ပါတယ် ၁၉၆၂ခုနှစ် သူ့စိတ်ကူးတွေ ဟာ စိတ်ကူးထဲမှာတင် မနေတော့ဘူး ဆိုပါတော့။ သူ့အတွက်တော့ အဆုံးမရှိသော စိတ်ပျော်ရွှင်မူတွေရခဲ့တယ်။ ဒါတွေကြောင့်လည်း သူဟာ သူ့မိသားစုကို သူတို့ချစ်သော နေရပ်ကနေ အမြစ်ကနေ ဆွဲထုတ်ခဲ့ကာ ၀ါရှင်တန်ကို အလုပ်အရ၊ ပြောရရင် သူမုန်းတီးသော ဗြူရိုကရပ်ပုံစံခွက်ထဲကို အလုပ်လုပ်ဖို့ ရောက်လာခဲ့ရတယ်ပေါ့လေ။ ခက်တာက သူက သူ့အိပ်မက်တွေကို ယုံကြည်တာကိုး။

ဘာဖြစ်လို့လဲဆို သူက သူ့အိပ်မက်တွေ တကယ်ဖြစ်လာမှာကို မြင်ချင်တဲ့စိတ်က ကြီးစိုးနေတာကိုး။

ဘာဖြစ်လို့လဲဆို ဟောဒီ ပင်တာဂွန် – သိပ်နားလည်းချင်စရာမကောင်းတဲ့ သိပ်ကို မြင့်မားလွန်းလို့ လက်လှမ်းမမှီနိုင်တဲ့ နေရာတစ်ခု – သည်မှာကိုကပဲ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ငွေရေးကြေးရေးအရ ဖြည့်ဆည်းပေးနိုင်မှာကိုး။

ထရေစီ့အဖေက သူ့ရဲ့စာရွက်စာတမ်းတွေအကုန်လုံးကို အတူတကွ စုစည်းပြီးတဲ့သကာလ သွားဖို့အဆင်သင့်ဖြစ်ပီ။ သူ့လက်တပွေ့မှာ အစိမ်းရောင်ပလတ်စတစ်အထုတ်အပို်းတွေ ကို ကိုင်ဆောင်လို့။ အဲဒါ ဗြူရိုကရက်တွေ ပျော်ရွှင်တဲ့ပုံစံတဲ့လား။ တစ်နေ့တာ အလုပ်ပြီးလို့ အလုပ်ကနေ ပြန်မယ့်အချိန်တိုင်း သင့်ဖိုင်တွေအားလုံးကို လေဘယ်တွေ တပ်ပါ၊ ရောင်စုံအမှတ်အသားပြုတဲ့ စက္ကူစကလေးတွေ ကို ဆွဲအံတွေမှာ သုံးပါ၊ အစိမ်းရောင်က မစီရသေးတဲ့ အရာတွေ၊ အ၀ါရောင်က.. အနီရောင်က …. စသဖြင့် စသဖြင့် ဒါတွေဟာ လုံခြုံရေးအတွက်လည်း ပါပါတယ်။ ပြောရရင် ရယ်ချင်စရာတောင်ကောင်းနေသေး။ သူ့အတွက်တော့ အစိမ်းရောင်ပြီးရင် တခြားဟာ ကပ်ထားစရာ မလိုပါဘူးတဲ့။ ဒါပေမယ့်လည်း အဲဒါက ဥပဒေတစ်ခုလို လိုက်နာရမှာ။ အင်း…

ထရေစီ့အဖေက အစိမ်းရောင်ကလေးတွေကို နေရာတော်တော်များများမှာ လိုက်လံနေရာချနေတယ်။ တစ်ယောက်ယောက်ကတွေ့ရင် ဒါတွေကို ဂရုတစိုက်နဲ့ လုပ်ခဲ့ပါလားလို့ ထင်စရာ။ “အိုကေ“ သူက သူ့သားကို “အခု ပြန်ကြရအောင်“လို့ ပြောလိုက်ပါတယ်။
ထရေစီနဲ့ သူ့အဖေ တံခါးကို ပိတ်ကာ နောက်မှာ ချန်ထားခဲ့ပီ။

“အဆင့်မြင့် သုတေသန အလုပ်ရုံ အေဂျင်စီ“

“နည်းပညာနဲ့ ထိန်းချူပ်ရေး သုတေသန“

ဂျေ.စီ.အာရ်. လစ်လီဒါ. ဒါရိုက်တာ

ပင်တာဂွန်ရဲ့ ရှည်လျား ရှည်မျောသော ခန်းမများကို စတင်ဖြတ်သန်း လမ်းလျောက်လာကြတယ်။ သူတို့ရဲ့နဘေးမှာတော့ လူငယ်တွေက သုံးဘီးတပ်ယာဉ်လေး တွေပေါ်မှာ သတင်းအချက်အလက်တွေသယ်ဆောင်လို့ ဟိုမှသည် သည်မှဟို ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဗြူရိုကရေစီတွေကြားထဲ သွားလာနေကြပါတယ်။

ဂျူနီယာဝင်း
(ဆက်လက်ဖော်ပြပါမည်)