Friday, February 7, 2014

ကဗျာကို ဖွင့်ဆိုသော ကဗျာဆရာ - ဂျူနီယာဝင်း

ကဗျာကို  ဖွင့်ဆိုသော  ကဗျာဆရာ - ဂျူနီယာဝင်း

(အမှတ် ၁၆၆၊ ၂ဝဝ၄ ခုနှစ်၊ မတ်လ အတွေးအမြင်)

(ကဗျာသည် ကဗျာဆရာ့ဆီသို့ အလိုအလျောက်
ဝင်ရောက်လာပြီး ကဗျာဆရာသည် ယင်းကို လက်ခံကာ စကားလုံး
များဖြင့် ဖော်ပြပေးလိုက်သည် ဟုဆိုပါသည်။)

          ကဗျာဆရာဆိုသည်မှာ 'စိတ်ကူးထဲမှာပဲရှိသော အရာတွေ၊ ဘာမှန်းမသိသော ပုံပန်းသဏ္ဌာန်တွေကို အမည်ပေး၊ နေရာတွေ ချပေးလိုက် သူ'ဟု ဆိုကြပါသည်။ ကဗျာဆရာကြီး William Wordsworth(၁ရရဝ-၁၈၅ဝ) က ကဗျာကို တိတ်ဆိတ်ငြိမ်သက်မှုထဲမှာသာ ရှာဖွေတွေ့ရှိ နိုင်သည်ဟု ဆိုပါသည်။ ကဗျာဟူသော အရာသည် ကဗျာဆရာ၏ ရင်သို့ ရိုက်ခတ်လိုက်ပုံသည် ခံစားချက်ဖြင့် တစ်စုံတစ်ရာကို ထိတွေ့နှစ်သက်မိလိုက် သကဲ့သို့ သိမ်မွေ့နေပါသည်။
          အလွန်တော်သော ကာရန်စပ်ကျွမ်းကျင်သူတွေ များစွာရှိပါသည်။ သို့သော် တကယ့်စစ်မှန်သည့် ကဗျာဆရာအနည်းငယ်လောက်သာ ရှိပါသည်ဟု H.Martin  ကThe Appreciaation of Poetry စာအုပ်တွင် ဆိုထားပါသည်။ သူက ဆက်လက်၍ အင်္ဂလိပ်စာကြီးပေကြီး သမိုင်းထဲတွင် လက်ခိုျးရေတွက်၍ရသော ထင်ရှားသည့် ကဗျာဆရာကြီးများ ဆို၍ ှ့Shakespeare, Milton, Wordsworth, Keats နှင့် Shelly တို့သာ ရှိပါသည်ဟု ဆိုပါသည်။ စစ်မှန်သည့် ကဗျာကို တခြားဘာသာစကားဖြင့် ဘာသာပြန်ဆို၍ တန်ဖိုးမဲ့ရုံသာရှိ၍ မူရင်းဘာသာ ဖြင့် စာကြောင်းသဏ္ဌာန်ပြင်ရေး၍လည်း ထိုနည်းလည်းကောင်း ဖြစ်ချေသည်ဟု ဆိုပါသည်။
          ကဗျာကို တခြားပုံစုံဖြင့် ပြင်ရေးခြင်းသည် ထိုမှတစ်ပါး တခြားသော အကိုျးဆက် မရှိနိုင်ပေ။ အကြောင်းမှာ အသက်နှင့် ခန္ဓာတို့ ပေါင်းစည်း၍ ရှင်သန်နေသော ကဗျာတစ်ပုဒ်ကို သူ့ကို သတ်ပြီးမှသာ ဖြစ်ပေါ်လာရသောကြောင့် ဖြစ်လေသည်ဟု ဆိုပါသည်။ ထိုအခါက ကဗျာတစ်ပုဒ်ကို ဘာသာပြန်ဖို့ ကြိုးပမ်းရသည်မှာ မမီနိုင်သည့်ပန်းကို လှမ်းယူဖို့ ကြိုးစားနေရသလို မတန်မရာကို မှန်းနေရသလို ခက်ခဲ ပင်ပန်းလှကြောင်းကို ဝမ်းနည်းစရာ ကောင်းစွာ ခံစားလိုက်မိပါသည်။
          ကဗျာဆရာကြီး မင်းသုဝဏ်၏ 'လယ်တောကအပြန်' ဟူသော ကဗျာကို အရင်ဆုံး ခံစားကြည့်လိုက်ပါမည်။
          'လယ်တောကအပြန်
          ပန်ချင်တယ် ခရေဖူးဆိုလို့
          မောင်ခူးကာပေး။
          မနက်တုန်းဆီက
          ကြော့ဆုံးကို မောင်မြင်တော့
          သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
          ဂုဏ်တင့်တယ်လေး'
          မြန်မာပီပီ ဤကဗျာကို ဖတ်ပြီးသည်နှင့် ကဗျာဆရာ ဆိုလိုလိုက်သော အဓိပ္ပာယ်ကို ကောင်းကောင်းကြီး သိမြင်ခံစာမိပေသည်။ မြေမှာ ေြွကသော ခရေပန်းနှင့် တော်ဝင်နှင်းဆီ၏ အဆင့်အတန်းကွာဟပုံကို အလိုအလျောက် သိပြီးသား မဟုတ်ပါလား။ ထိုကဗျာကို အင်္ဂလိပ်လို ပြန်ဆိုဖို့ ကြိုးစားသူသည် အသံဖလှယ်ရုံခရေ Karayနှင့် Roseနှင်းဆီ ဆိုရုံမျှနှင့် မလုံလောက်ကြောင်းကိုလည်း သိကို သိနေပေတော့သည်။ မြန်မာမှ အင်္ဂလိပ်ဘာသာပြန် မရှိရသည်မှာ မည်မျှခက်ခဲကြောင်းကို ဆရာကြီး ဦးခင်ဇော် ရေးသားသော 'မြန်မာစကား ပြေမှ အင်္ဂလိပ်စကားပြေသို့ ပြန်ဆိုခြင်း' စာတမ်းတစ်စောင်တွင် ကဗျာ၏ နောက်ဆုံးအချ 'လေး' ဟူသည့် စကားလုံး၏ ထူးခြားပုံကို ယခုလို ရေးသားတင်ပြထားလေသည်။
          ''မောကြီးပန်းကြီး စိတ်အပျက်ကြီးပျက်ရာက သက်ပြင်းချရင်း ငေါ့လိုက်သည့် 'လေး' ဖြစ်ပါသည်။ သူက 'ငေါ့' ပြောထားသည့် အတွက် ဖတ်ရာမှာလည်း ငေါ့ကို ငေါ့ရမည် ဖြစ်ပါသည်။''
          ထို့ကြောင့် ကဗျာဆရာ၏ ခံစားချက်များ၊ ကဗျာဆရာ ဆိုလိုချင်သော အဓိပ္ပာယ်ကို တိတိကျကျ ပြည့်စုံအောင် ရယူနိုင်ဖို့မှာ အလွန် ခက်ခဲလှပေသည်။ အဓိကအချက်ကတော့ ထိုကဗျာ စပ်ဆိုတုန်းက ရှိနေသော ကဗျာဆရာ၏ ခံစားချက်ကို ရယူဖို့ မဖြစ်နိုင်ခြင်းပင် ဖြစ်ပေ သည်။
          နွေဦးပေါက်ရာသီမှာ ပွင့်သော အထူးသဖြင့် မတ်လလောက်မှာ တွေ့ရတတ်သော အင်္ဂလန်နိုင်ငံအရပ်က တောတွေမှာ ပေါက်သည့် daffodils  အမည်ရှိသော တောရိုင်းပန်းတွေသည် ကဗျာဆရာကြီး Wordsworth ကြောင့်သာ မဟုတ်လျှင် သူ့ရဲ့အလှကို ကဗျာဖတ်သူတို့ ခံစားတတ်ပါမည်လား။
          The Daffodils အမည်ရှိ ကဗျာတွင် အဝါရောင် ခရာပုံသဏ္ဌာန်ပန်းတွေ၏ ဟန်ကို တွေ့လိုက်ရပါသည်။ နွေဦးရာသီ၏ မနက်ခင်း တစ်ခုမှာ ရေကန်နဘေးက လေအဝှေ့မှာ ခေါင်းတညိတ်ညိတ် ယိမ်းနွဲ့ဟန်သည် ကဗျာဆရာ၏ ရင်ကို လှုပ်ရှားစေခဲ့လေသည်။ Wordsworthသည် ထို Daffodils ပန်းများကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးသား ဖြစ်နေမှာ သေချာပေသည်။ သို့သော် ဤမနက်ခင်း ဤအခါမှာတော့ဖြင့် ဒီတောရိုင်းပန်းတွေ၏ အလှကို ဘာဖြစ်လို့ ခံစားမိသွားရတာပါလဲ။ ဤအဖြေကို သူကိုယ်တိုင်ပင် ဖြေနိုင်ပါ့မည်လား။ ဒါပေမဲ့ ဘာမှန်းမသိလိုက်သော လှို့ျဝှက်သော ခံစားမှုမိုျးကို လူတိုင်း ခံစားဖူးတတ်ကြပါသည်။ သို့သော် ထိုခံစားမှုမိုျးကို ခံစားလိုက်ရသူက ကဗျာဆရာ ဖြစ်နေသောအခါ ရလဒ်က ကဗျာတစ်ပုဒ် ဖြစ်လာရပေတော့သည်။
          ကဗျာဆရာသည် ထိုနေ့မနက်ခင်းမှာ တစ်ဦးတည်း အဖော်မပါ လမ်းလျှောက်ရင်း daffodilsပန်းများကို တွေ့ရင်း ခံစားမိသွားသည့် သဘော ရှိပုံရလေသည်။ သူ့မျက်စိရှေ့မှာ မျက်စိတဆုံးတွေ့မြင်လိုက်ရသော daffodilsပန်းများကို အရေအတွက်အားဖြင့် အတိအကျ ဖော်ပြ လို့ မရသည့် ကြယ်များဖြင့် ဖွဲ့စည်းထားသည့် မစ်ကီးဝေး ကြယ်စုတန်းကြီးလေလားဟု တင်စားထားလေသည်။ ကြယ်လေးတွေ တောက်ပနေ သလို daffodilsပန်းများသည် နေရောင်အောက်မှာ လင်းလက်တောက်ပလျက် ရှိနေကြ၏။ လေအဝှေ့မှာဖြင့် တဖျပ်ဖျပ် လှုပ်ခတ်နေကြသော daffodilsပန်းများ၏ မြူးတူးပျော်ရွှင်လျက် ရှိကြသော အသက်ဝင်နေသည့် ဟန်ပန်များကို ကြည့်ရတာနှင့်ပင် ကဗျာဆရာသည် ထိုအပျော် ကို ကူးစက်လာရပုံကို အခုလို ရေးဖွဲ့ထားသည်ကို တွေ့လိုက်ရပါသည်။
          A poet could not but be gay,
          In such a focund company!
          ကဗျာဆရာသည် ကျွန်မတို့အား မြင်နေကျ ဖြစ်နေသော အရာတို့ကို ပုံစံသစ်ဖြင့် မြင်တွေ့သွားအောင် သင်ပေးလိုက်သူ ဖြစ်လေသည်။ ကျွန်မတို့ဘာသာ မမြင်နိုင်သောအရာတို့၏ လှို့ျဝှက်ချက်နှင့် အလှတရားတို့ကို ဖွင့်ပေးလိုက်သူ ဖြစ်ချေ၏။ ကဗျာဆရာသည် ကျွန်မတို့ မြင် နေကျ တွေ့နေကျ အရာတို့ကို ကမ္ဘာမြေပေါ်မှာဖြင့် မရှိသည့် အရာတစ်ခုလေအလား နှစ်သက်မြတ်နိုးသွားတတ်အောင် လမ်းညွှန်ပြသူ ဖြစ်ပေ တော့သည်။
          ထို daffodils ပန်းများကိုပင် Robert Herrick (၁၅၉ဝ-၁၆၇၄)  ကဗျာဆရာတစ်ဦးက နောက်အမြင်တစ်မိုျးဖြင့် တွေ့မြင်ခံစားထား သော ကဗျာ ‘To Daffodils’ တွင် တွေ့ရပေဦးမည်။Herrick က ပန်းကလေးတွေ၏ မတည်မြဲသော အလှကို ဝမ်းနည်းဖွယ် တင်ပြထား လေသည်။ 'မင်းတို့ကလေးတွေ ဘာဖြစ်လို့များ မြန်မြန်ဆန်ဆန်ကြီး ေြွကလွင့်ရသလဲ'ဟု ဆိုကာ မတည်မြဲသော လူ့ဘဝကို မြင်တတ်ဖို့ သတိ ပေးထားလေသည်။
          'ကဗျာဆရာ၏ စကားလုံးများသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတည်း ဟူသော ဘဝ၏ လှို့ျဝှက်ချက်နှင့် ပန်းကလေးတွေ၏ နူးညံ့ သိမ်မွေ့မှုတို့ကို ဖော်ထုတ်တင်ပြထားပေသည်'ဟု ဆိုထားပါသည်။ daffodils ပန်းတွေကို ကဗျာဆရာ Herrick ခံစားမိပုံကတော့ 'မပြော မဆို ေြွကလွင့်လေသော ပန်းကလေးတွေ၏ ဘဝကို ခံစားရင်းနှင့် ကိုယ့်လူ့ဘဝဖြစ်အင်ကိုလည်း သူတို့ကလေးတွေနှင့် ထပ်တူဝေမျှမိပါသည်' တဲ့။ 'ကိုယ်တို့တစ်တွေလည်း မင်းတို့လေးတွေလိုပါပဲ။ တစ်နေ့တော့ ဘဝကို အဆုံးသတ်ရပေဦးတော့မည်။ ခြောက်သွေ့နွမ်းခြောက်ကာ ေြွက လွင့်ရပေမည်'ဟူသော အငွေ့အသက်များသည် ကဗျာတစ်ခုလုံးတွင် ဖုံးလွှမ်းလျက် ရှိနေလေသည်။ ဝမ်းနည်းမှုတွေ အတွေးကွန်ယက်တွေ လေးနက်သော အမြင်တွေကို တွေ့ရပေတော့သည်။
          daffodils  ပန်းများကို ကဗျာဆရာနှစ်ဦး၏ အမြင်နှင့် ခံစားချက်များ မတူညီကြောင်းကို တွေ့ကြရပါသည်။ Wordsworth  သည် daffodils ပန်းများကို မြင်တွေ့လိုက်ရသော မြင်ကွင်းသည် သူ့ဘဝမှတ်ညဏ်ထဲမှာဖြင့် အမြဲတမ်းရှင်သန်နေတော့ပေမည်။ ထိုအချိန်တုန်းက ရရှိလိုက်သော ခံစားမှု၊ ပျော်ရွှင်ကြည်နူးမှုဟူသမျှ အလုံးစုံသည် သူ့ရင်ထဲမှာ မပြောင်းလဲဘဲ ဤအကြောင်းတွေးလိုက်တိုင်းမှာ ပျော်ရွှင်ခံစား နေမိပေတော့ပေမည်ဟု ဆိုပါသည်။ Herrick က မကြာမီ ေြွကလွင့်တော့မည့် daffodils ပန်းကလေးတွေကို မြင်တွေ့နေရတာကိုပင် ဝမ်း နည်းစွာ ခံစားလိုက်ရပါသည်။ ကိုယ်တို့သည်လည်း ေြွကလွင့်ရဦးတော့မှာမို့ အပြေးအလွှား မထွက်ခွာခင်လေးမှာပင် ကိုယ်တို့တစ်တွေ အတူ တကွ တေးသီချင်းဆိုပြီး ဆုတောင်းလိုက်ကြရအောင်လားဟု ဆိုပါသည်။
          ကဗျာဆရာဟူသည် သာမန်လူမမြင်သော အရာတို့ကို မြင်တွေ့နိုင်သော သူဖြစ်ပေသည်။ သာမန်လူသည် ပန်းကို ပန်းအဖြစ်ထက် ပိုမမြင်တတ်ပေ။ ကဗျာဆရာကတော့ မြင်တွေ့လိုက်သည့် အခိုက်အတန့်လေးမှာပင် ထိုအရာပေါ် နားလည်သဘောပေါက်လိုက်သော စွမ်းရည် ရှိနေလေသည်။ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသွားအောင်၊ ဝမ်းနည်းစိတ်မကောင်းဖြစ်သွားအောင် ကဗျာဆရာမို့ပင် စွမ်းဆောင်နိုင်ပေသည်။
          ကာရံစပ် ကျွမ်းကျင်သူက ယခုလို ဆိုပါသည်။
          ''ကျွနု်ပ်သည် ဤအကြောင်းအရာတို့ကို ကဗျာတစ်ပုဒ် ရေးပါသည်။ သူက ထိုင်ပြီး ကာရံအစပ်အဟပ် တည့်သော စကားလုံးများကို သွေးအေးအေးဖြင့် ကဗျာကို ရေးလေသည်။ သူရေးသော အရာများသည် ကဗျာမဟုတ်ဘဲ ခံစားမှုမရှိသော ကာရံဖွဲ့များ ဖြစ်နေလေသည်။ ကဗျာဆရာသည်ပင် အဲဒီလို ကဗျာတစ်ပုဒ်ကို မဖန်တီးပေ။ ကဗျာဆရာက သူ့ဦးနှောက် စိတ်ကူးထဲ ရင်ခုန်စရာအတွေးတွေ ဝင်လာတာကို စောင့်ပါသည်။ ပုံစံတခို့ျဖြင့် ဝင်ရောက်လာသော ခံစားချက်တွေသည် ကဗျာဆရာကို ကဗျာတစ်ပုဒ်ဖြစ်အောင် ရေးလိုက်ခြင်း မမည်ပါ။ သို့သော် ကဗျာတစ်ပုဒ်သည် သူ့စိတ်အတွေးတို့ဖြင့် သူ့ဘာသာ ရေးခြယ်လိုက်လေသည်။ ကဗျာသည် ကဗျာဆရာ့ဆီသို့ သူ့အလိုအလျောက် ဝင်ရောက်လာပြီး ကဗျာဆရာသည် ယင်းကို လက်ခံကာ စကားလုံးများဖြင့် ဖော်ပြပေးလိုက်သည်ဟု ဆိုပါသည်။
          ထို့ကြောင့် ကဗျာဆရာဖွင့်ဆိုလိုက်သော ကဗျာတစ်ပုဒ်ကို ကြည့်၍ အဓိပ္ပာယ်ကို လက်ခံရုံသာ တတ်နိုင်၍ သူခံစားလိုက်သလို ထပ်တူထပ်မျှ ရရှိလိုက်ဖို့မှာ ခက်ခဲပေသည်။ သို့သော် ကဗျာတစ်ပုဒ်ကို ဖတ်၍ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းမိခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ သံဝေဂရခြင်း၊ မျက်ရည်ကျဆင်းရခြင်း စသော ခံစားမှုမိုျးကို ရရှိလိုက်ခြင်းမှာလည်း ခံစားချက်ဖြင့် တည်ဆောက်လိုက်သော ကဗျာဆရာ၏ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရ၍ ဖြစ်ပါသည်။ ထိုကဗျာကို ရင်နှင့်အမျှ ခံစား၍ ဘာသာပြန်ဆိုဖို့ ကြိုးပမ်းခြင်းမှာ ကိုယ်ခံစားမိသလို ပြန်လည် ရေးခြယ်လိုက်ခြင်း သဘောသာဖြစ်၍ ကဗျာဆရာ၏ ခံစားချက်ကို အပြည့်အဝ ရယူလိုက်ခြင်း မဟုတ်ပါပေ။
          Bishop Henry King(၁၆၁၄- ၁၆၆၇) သည် သူ့ဇနီး ကွယ်လွန်သည့်အခါ ဒွှ့န နထနဆကပဒ ဟူသော ကဗျာတစ်ပုဒ်ကို ရေးသားခဲ့လေ သည်။ ဘယ်သူမှ သူ့ရင်ထဲက ကြေကွဲဝမ်းနည်းမှုကို မစာနာနိုင်ပါ။ သို့သော် သူရေးသည့်ကဗျာဖတ်ပြီး သူ့ခံစားချက်တွေကို နားလည်စွာ စိတ်မကောင်းဖြစ်လိုက်ရခြင်းမှာ ခံစားချက်တို့ဖြင့် ရေးဖွဲ့လိုက်သောကြောင့် ဖြစ်လေသည်။
          ‘Sleep on, my love,
          In thy cold bed,
          Never to be disquieted!
          My last good night!
          Thou wilt not wake
          Till I thy fate shall overtake:’
          အချစ်ရေ- အိပ်ရှာပေတော့
          မြေသဥ္ဇာမှာပေါ့။
          မနိုးထခြင်းဖြင့် အိပ်ပေရော့
          ကိုယ်နောက်ဆုံး နှုတ်ဆက်ပြီး
          တစ်နေ့တိုင်တော့
          မင်းကြမ္မာမိုျး
          ကိုယ်တိုးသည်အထိပေါ့။
          (မောင်သော်က)
          ဤကဗျာကို ကျွန်မအဘွား၏ မိတ်ဆွေတစ်ဦးဖြစ်သူ ဆရာမောင်သော်က ဤသို့ ပြန်ဆိုထားသည်ကို တွေ့ရပါသည်။ သူ့ထက် ကောင်းအောင်ဖြင့် ကျွန်မမပြန်ဆိုတတ်ပါ။ ထို့ကြောင့် သူပြန်ထားသည့်အတိုင်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ မူရင်းကဗျာဆရာသည် ကွယ်လွန်သူ သူ့ဇနီးကို ပြောလိုက်သော နှုတ်ဆက်စကားကို ခံစားပြီးရေးဖွဲ့လိုက်ခြင်းဖြစ်သည်။ ထိုကဗျာကို ဘာသာပြန်သူကတော့ ထိုခံစား ချက်မိုျး ထပ်တူထပ်မျှ ရှိခြင်း၊ မရှိခြင်းဆိုသည်ထက် မူရင်းရသ မပျက်အောင် လှပစွာ ပြန်ဆိုပေးလိုက်ခြင်းဖြစ်ပေသည်။ ကဗျာဆရာ နှစ်ဦး ၏ ခံစားမှုခြင်း မတူသော်လည်း ဘာသာပြန်သူ၏ ပညာစွမ်းကြောင့် နှစ်မိုျးစလုံးပင် အရသာ မပျက်ပေ။ နောက်ပိုင်းရှိသော စာကြောင်းများ မှ တခို့ျကို သူဘာသာ ပြန်ထားပုံနှင့် ဆက်လက်ခံစားကြည့်စေလိုပါသည်။
          ‘Stay for me there;
          I will not fail
          To meet thee in that hollow vale.’
          ''ကိုယ့်ကို စောင့်ကြိုလင့်လို့သာနေ
          မပျက်မသွေ
          မင်းကို မြေကျင်းမှာတွေ့ဖို့
          ကိုယ်လာခဲ့မလေ''
          ‘And think not much of my delay;
          I am already on the way,
          And follow thee with all the speed
          Desire can make, or sorrows breed.’
          စိတ်မကောင်း မဖြစ်ပါနဲ့၊
          မင်းလျှောက်တဲ့လမ်းတစ်လျှောက်
          ခရီးပေါက်ခဲ့ပြီကွဲ့၊
          မင်းနောက် အသော့ခရီးကြမ်း
          နှင်လို့ပ
          ရောင်ချင်ဇောနဲ့
          လွမ်းနာတို့က တွန်းပို့သမျှ''
          ကျွန်မသည် မြန်မာပီပီ လူမိုျးဘက် လိုက်သည်ဟု အပြောခံရလျှင် ခံရပါစေ။ ဘာသာပြန်သူ၏ လက်စွမ်းကြောင့်ပင်လား မသိပါ။ မြန်မာလို ခံစားလိုက်ရတာကို ပိုသဘောကျနေမိပါသည်။ အဲဒီလိုပြန်တတ်ချင်လိုက်တာဟုပင် ဖြစ်ရပါသည်။ ကျွန်မ၏ အဘိုးအဘွားတွေသာ သက်ရှိထင်ရှား ရှိနေပေသေးလျှင် အနည်းဆုံး ကဗျာတစ်ပုဒ်၏ အဓိပ္ပာယ်ကို မေးမြန်းဆွေးနွေးဖို့ တအားရပေဦးမည်ဟု လွမ်းဆွတ်လိုက်မိပါ သည်။ ဒါဆိုလျှင် ဒီ့ထက်မကသော ကဗျာဆောင်းပါးတွေ ပိုရေးဖြစ်နေလိမ့်ဦးမည် ထင်ပါသည်။
        

No comments: