Monday, February 1, 2021

ဂျူနီယာဝင်း - ကိုဗစ်၁၉ကာကွယ်ဆေး ထိုးရေး မထိုးရေး ဒို့အရေး

ဂျူနီယာဝင်း - ကိုဗစ်၁၉ကာကွယ်ဆေး ထိုးရေး မထိုးရေး ဒို့အရေး

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၁





ကိုဗစ်ကာကွယ်ဆေး ထိုးခြင်း မထိုးခြင်း


ကိုဗစ်ဆယ့်ကိုးကာကွယ်ဆေး ထိုးသင့်မထိုးသင့်ကိစ္စ ဟာ အမှန်တော့ အငြင်းပွားနေရမယ့် ကိစ္စမဟုတ်သလို အမြင်ကွဲလွဲစရာ သဘောထား ကွဲစရာ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေကြားထဲမှာ ကာကွယ်ဆေး ထိုးမယ့်သူတွေ မထိုးချင်တဲ့သူတွေ ကြားထဲ အုပ်စု၂အုပ်စု ကွဲထွက်နေသလို ဖြစ်လာကြတာတော့ စိတ်မကောင်းစရာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ခန္တာ ကိုယ်သာပိုင်တယ်လို့ တရားမရှိသလို ပြောရရင်တော့ ဒီကိစ္စကို ကိုယ့်ဆုံးဖြတ်ချက်ကိုယ်သာ ခံရမှာမို့ သူများတကာ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို တားမြစ်ခွင့် တိုက်တွန်းခွင့် ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။

မိသားစုအတွင်းမှာတောင်မှ ကိုယ်ဆေးထိုးလို့ ဘာမှမဖြစ်တိုင်း ကိုယ့်မိဘ ကိုယ့်ညီအကို မောင်နှမတွေကို ထိုးသင့်တယ်၊ ငါဘာမှမဖြစ်ဘူးလို့ ပြောလို့မရပါဘူး။ ကိုယ်ဘာမှမဖြစ်တိုင်း သူများ မဖြစ်ဘူးလို့ အာမခံချက်မရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာ ကိုယ်က ခေါင်းကိုက်တယ် ။ တခြား တစ်ယောက်ယောက်က အဖျားတက်တယ် စသဖြင့် မတူပါဘူး။ ကိုယ်က ဒါကို ခံနိုင်တယ် တခြားသူက ဘာကို ခံနိုင်သလဲ မသိနိုင်ပါဘူး။ ဆေးထိုးတဲ့ကိစ္စဟာ ကိုယ်ခနာကိုယ်ထဲ ထိုးတာဖြစ်လို့ သူများ ဘာမှမဖြစ်လို့ အာမခံဖို့ ဟာအင်မတန် ခက်ခဲပါတယ်။

ကာကွယ်ဆေးဆိုတာ

၁၇၉၇ ခုနှစ်မှာ ကျောက်ရောဂါ ကာကွယ်ဆေးကို တီထွင်ခဲ့သူ Edward Jenner (အက်ဝဒ် ဂျယ်နာ) (၁၇၄၉ - ၁၈၂၃) ဟာ သူစစချင်း ကျောက်ရောဂါ သုတေသန ရလဒ်ကို တော်ဝင် ဆေးသုတေသန အဖွဲ့အစည်း ကို တင်ပြခဲ့စဉ်တုန်းက သူ့ပေပါကို ပယ်ဖျက်ခြင်းခံခဲ့ရတယ်။ ကျောက်ရောဂါအကြီးကြီးကို ကျောက်ရောဂါ သေးသေးလေး နဲ့ ကာကွယ်ဆေးထုတ်ဖော်ပီး လူ့ကိုယ်ခန္တာထဲ ထိုးသွင်းတဲ့ကိစ္စဟာ မဖြစ်နိုင်ဘူးလို့ ပြသနာတွေ တက်ခဲ့တယ်။ ငြင်းခုန်မူတွေ ဖြစ်ခဲ့တယ်။ သူ့ကို မဖြစ်နိုင်တာတွေ လုပ်တယ်လို့ ဝေဖန်ခံရတယ်။

ဒါပေမယ့် ဂျယ်နာဟာ ၁၇၉၈ ခုနှစ်မှာ စမ်းသပ်မူတွေ ထပ်လုပ်ပြီး ထပ်မံ တင်ပြခဲ့တယ်။ သူ့ဘာသာသူ့ပေပါကို ထုတ်ဝေခဲ့တယ်။ ၁၇၉၉ ခုနှစ်လောက်မှာ သူ့ကို ထောက်ပံ့ပေးမယ့် သူ ရရှိခဲ့တယ်။ စမ်းသပ်ဖို့ လူနှစ်ဦး ရခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ၁၈၀၀မှာ အင်္ဂလန်မှာ ထိုကျောက်ရောဂါ ကာကွယ်ဆေးဟာ အမှားအယွင်းအနည်းငယ်လောက်နဲ့ ထိုးဖောက်နိုင်ခဲ့ကာ နောက်တော့ ဥရောကတခွင် ပြန့်နှံ့အောင်မြင်ခဲ့ပါတယ်။ ကျောက်ရောဂါကာကွယ်ဆေးဟာ ကျောက်ရောဂါကနေပဲ ထုတ်ဖော်ခဲ့တာဖြစ်လို့ ဆေးပညာလောကမှာဖြင့် တကယ့်ကို တော်လှန်ရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဉာဏ်မှီသလောက် စဉ်းစားကြည့်ရင် ကာကွယ်ဆေးဆိုတာ ဒီရောဂါ ဗိုင်းရပ်ပိုးကို ကိုယ့်ခန္တာထဲ ထိုးသွင်းတဲ့ သဘောရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးလည်း သည်လို နည်းပညာနဲ့ ထုတ်ဖော်ခဲ့တယ်လို့ အကြမ်းအားဖြင့် သဘောပေါက်ထားပါတယ်။

သိထားသင့်တဲ့ ကာကွယ်ဆေးအကြောင်း

ထိုးဖို့မထိုးဖို့ ကိုယ့်ဘာသာဆုံးဖြတ်ရာမှာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့အချက်တွေ သိထားရမယ် ၊ ဟိုဘက်သည်ဘက် မျှတစွာ စဉ်းစားချင့်ချိန်ရမယ်၊  ဒီလို side-effect (ဆိုက်အက်ဖက် - တုန့်ပြန်မူများ) တွေအားလုံးကို သိရှိထားပီး ကိုယ်ဟာဖြင့် ဒါတွေကို ခံနိုင်ရည်ရှိမရှိ သုံးသပ်ရမယ်၊ ပြီးမှသာ ဆုံးဖြတ်ချက်ကို ချပါ။ ကိုယ်ဟာ ထိုးဖို့အတွက်လိုအပ်နေသလား မလိုအပ်ဖူးလား လေ့လာပါ။ ဒါကြောင့် ယခုဆောင်းပါးဟာ ဘယ်ဘက်ကိုမှ မယိုင်အောင် သတိထားပီး ရေးသားထားပါတယ်။ စာဖတ်သူများအနေနဲ့ ကိုယ့်သဘောဆနနဲ့ အညီ ဆုံးဖြတ်ပိုင်ခွင့်ရှိပီးသားပါ။

ကျမ်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေး

ဒီနေရာမှာ အရင်ဆုံး ပြောချင်တာကတော့ ဒီကာကွယ်ဆေးကို ကျမ်းမာရေးဝန်ထမ်းများဟာ အားလုံးကိုယ်စား သူတို့မှာ စဉ်းစားပိုင်ခွင့်တောင် နည်းနည်းလောက်သာ ရှိမယ်ထင်ပါတယ် လူအများအတွက် အနစ်နာခံ ရှေ့ဆုံးက ထိုးခံခဲ့ကြတာဖြစ်ပါတယ်။ တိုင်းပြည်မှာ သူတို့ဟာ ပြည်သူလူထုကျမ်းမာရေးအတွက် ထိုးနှံဖို့အသင့်လျော်ဆုံး လူတန်းစားအဖြစ် မြင်ကြပါတယ်။ ဒါကြောင့်လည်း ရှေ့တန်းက သူတို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ သူတို့အတွက်တော့ လူနာတွေနဲ့ထိတွေ့နေရတာဖြစ်လို့ အနည်းနဲ့အများ ကာကွယ်ပေးမယ်ဆိုတဲ့ ဒီကာကွယ်ဆေးကို ထိုးကို ထိုးဖို့လိုအပ်နေတယ်ဆိုတာ တကမ္ဘာလုံးက လက်ခံထားပီးဖြစ်နေပါတယ်။ ဒါကြောင်လည်း ကျမ်းမာရေးဝန်ထမ်းများဟာ အရင်ဆုံး ထိုးနှံခံခဲ့ကြရတယ်။ ဖြစ်လာမယ့် အကောင်းအဆိုး လက်ခံကြရပါတယ်။ သူတို့ဟာ အခွင့်အရေးယူပီးထိုးခွင့်ရတာမဟုတ်ပါဘူး အနစ်နာခံ အရင် ထိုးခဲ့ကြရတာပါ။

ဆိုက်အက်ဖက်များ

ယခု မြန်မာပြည်ကို ရောက်ရှိလာသော အိန္ဒိယ ထုတ် AstraZeneca Covidshield  (ကိုဗစ်ရှီး) ကာကွယ်ဆေးထိုးတဲ့အခါ ဖြစ်တတ်တဲ့ ဆိုက်အက်ဖက် ၃ဆင့်ရှိပါတယ်။ ပထမအဆင့်က လူ၁၀ယောက်မှာ ၁ ယောက်ဖြစ်တတ်တာက အများအားဖြင့် လို့ ရေးသားထားပါတယ်။

“ ထိုးထားတဲ့နေရာဟာ ပူလာတယ်။ နာလာတယ် အနည်းငယ်။ နီလာတယ် ။ ယားလာတယ်။ ယောင်လာတယ်။ အနာဖြစ်လာတယ်။ ကိုယ်ခန္တာအနေနဲ့ဆိုရင် နေမကောင်းချင်သလို ဖြစ်လာတယ်။ ချမ်းလာတယ်။ အားလျော့ပင်ပန်းလာတယ်။ အဖျားတက်ချင်လာတယ်။ ခေါင်းကိုက်လာမယ်။ အန်ချင်လာမယ်။ ကိုယ်ခနာ နာကျင်မူနဲ့ ကြွက်သားများ နာလာတတ်ပါတယ်။“

ဒုတိယ အမျိူးအစားဟာလည်း ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ အများအားဖြင့် ထဲမှာ ပါပါတယ်။ “ ထိုးထားတဲ့နေရာဟာ အားမရှိတော့သလို အားပြတ်သလို ဖြစ်လာတယ်။ အဖျားတက်လာတယ်။ အန်မယ်။ အဖျားတက်- လည်ချောင်းနာ- နှာစေး- ချောင်းဆိုး - ချမ်းတုန် စတဲ့ တုတ်ကွေး လက္ခဏာတွေ ပြလာတတ်ပါတယ်။“

နောက်တတိယ အမျိူးအစားဆိုက်အက်ဖက်ကတော့ လူ ၁၀၀ မှာ ၁ ယောက်ဖြစ်ခဲတဲ့အရာပါ။ မူးလာတာ၊ အစားအသောက် အရသာပျက်တာ၊ အနာရင်းတာ၊ ယောင်ကိုင်းလာတာ၊ ချွေးထွက်လာတာ၊ အရေပြားယားယံလာပြီး နီလာတတ်ပါတယ်။“

အဖြစ်များဆုံး ဆိုက်အက်ဖက်များ ၃ခုရှိပါတယ်။ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အပူချိန်မြင့်လာခြင်း၊ အနံ့အရသာ ပျက်လာခြင်း တို့ဖြစ်ပါတယ်။

ဘယ်လောက်ကြာမလဲ ဘာလုပ်ရမလဲ

ဆေးထိုးပီး ၁၂နာရီ လောက် အတွင်းလောက်မှာ ဆိုက်အဖက်တွေ ဖြစ်လာတတ်ပီး တပတ်လောက်အတွင်းမှာ တဖြေးဖြေး ပျောက်သွားတယ်လို့ ဆိုပါတယ်။ ထိုးထားတဲ့နေရာဟာ တော်တော်လေး နာကြင်လာတာဟာ ၁ ရက်ကနေ ၂ ရက်လောက် ကြာတတ်ပါတယ်။

အဓိကအားဖြင့် ကောင်းကောင်း အနားယူရမယ်။ ယောင်တာသက်သာတဲ့ဆေးကို ဆရာဝန်အကြံပေးသလို သောက်သုံးပါ။ အညှော်တွေဘာတွေလည်း ရှောင်ပါ။ အကယ်၍ ဆိုက်အက်ဖက်ဟာ ပျောက်မသွားပဲ ပိုဆိုးလာတယ် လို့ သင့်စိတ်ထဲ သတိထားမိနေတယ် ဆိုရင် နိးစပ်ရာ ဆရာဝန် ဆေးခန်းကို ပြသသင့်ပါတယ်လို့ အကြံပေးထားပါတယ်။ သင့်ကို ထိုးပေးထားတဲ့ ကာကွယ်ဆေးဆိုင်ရာ ကဒ်ပြားကို ပြပါ။ ဆရာဝန်များက ကြည့်ပီး ကုသပေးပါလိမ့်မယ်။

ဆေးထိုးပီး မူလ အလုပ်တွေ ပြန်လုပ်ဖို့ အချိန်ပေးပါ။ အားရှိအောင် နေထိုင်ပါ။ ဆေးထိုးထားတဲ့လက်မောင်းက မခံမရပ်နိုင်အောင်နာလာခြင်း၊ လက်ကို မ လို့မရခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်းများ ၂ ရက်ကနေ ၃ ရက် ခန့်ကြာမြင့်နိင်ပါတယ်။ သာမန်အားဖြင့် ၁ ပတ်လောက် ဖြစ်တတ်ပါတယ်။

နောက်တကြိမ်ထိုးရဦးမယ်

ကာကွယ်ဆေးကို ၂ခါထိုးရပါမယ် ။ သတ်မှတ်ထားတဲ့ ရက်မှာ ပထမအကြိမ်ထိုးထားတဲ့ ဆေးကို ထပ်ထိုးရပါမယ်။ ပထမတကြိမ်တုန်းက ထိုးထားတဲ့ ဆေးမှတ်တမ်းစာရွက်ကို ပြပါ။ သိမ်းထားပါ။ ဒုတိယအကြိမ်ထိုးတဲ့အခါ ယူသွားပါ။ Pfizer ဆေးက ၃ပတ်ခြားပါတယ်။ Moderna က တလ (၂၈ ) ရက် ခြားပါတယ်။ covidshield က ၂၈ ရက်လို့ ဆိုပါတယ်။

ရောဂါဖြစ်ပီးသူတွေရောထိုးရမလား

ထိုးဖို့လိုအပ်ပါတယ်။ ကိုဗစ်ရောဂါဘယ်လောက်ဖြစ်ထားတယ် ဆိုတာရယ် ပြန်လည်ဖြစ်ပွားနိုငိတဲ့ အခြေအနေ ရှိနေရင် ထိုးဖို့လိုအပ်ပါတယ်။ သင်ဟာ သင့်ကိုယ်ခံအားနဲ့သော်လည်းကောင်း၊ convalescent plasma ဆိုတဲ့ သွေးရည်ကြည် ကုထုံးနဲ့ နဲ့သောလည်းကောင်း ကိုဗစ်၁၉ ကို တိုက်ထုတ်ထားတဲ့သူဆိုရင် ကာကွယ်ဆေးမထိုးခင် ရက် ၉၀ စောင့်ရမယ်။ ဆရာဝန်နဲ့ တိုင်ပင်ရမယ်။

ပညာရှငိတွေအနေနဲ့လည်း လူနာ တယောက်နဲ့တယောက် မတူတဲ့ ဖြစ်ပွားမူ။ ထပ်မံဖြစ်ပွားမူ ။ ကိုယ်ခံစွမ်းအား အစရှိသည်တို့ကို အတိအကျ မတွက်ချက်နိုင်သေးပါဘူး။ ဒါတွေအားလုံးလေ့လာပီးမှသာ ရက်၉၀ ကြာရင် ထိုးဖို့ ဆုံးဖြတ်န်ုင်ပါတယ်။

ကာကွယ်ဆေးထိုးပီးရင်ဘယ်လို နေရမလဲ

ကာကွယ်ဆေးထိုးပီးရင် မာစ်မချွတ်ရသေးဘူး။ လူတွေနဲ့ ခပ်ဝေးဝေးနေဦး။ လက်လည်း ဆေးနေရဦးမယ် ဆိုတာဟုတ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပီးသား လူတစ်ယောက်ဟာ ကိုဗစ်ဗိုင်းရပ်စ် ကူးဆက်ခံရနိုင်သေးတယ်။ ထို့အပြင် ကိုဗစ်ဆယ့်ကိုး ဗိုင်းရပ်စ် ကူးဆက်ခံရတဲ့ ကာကွယ်ဆေးထိုးပီးသားလူဆီကနေ တခြားလူကို ကူးဆက်နိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပီးတိုင်း ကိုယ့်ကိုယ်ကိုယ် လွတ်လပ်စွာ သွားလာမူကို မလုပ်ရပါဘူး။ တော်တော်များများက ဆေးထိုးပီးတဲ့သူဆို စိတ်ချရပီ ကိုယ်က မထိုးလည်း ရတယ် လို့ထင်တဲ့အထင်ဟာ မှားပါတယ်။ ဆေးထိုးပီးတဲ့သူတိုင်းကို မိမိနေအိမ်ကို လာခွင့်ပေးရင်လည်း အရင်တုန်းကလိုပဲ မာစ်တပ် ခပ်ဝေးဝေးထား လက်ဆေးတာ နှစ်ဦးနှစ်ဖက် လိုက်နာကြရပါဦးမယ်။

မာစ်တပ်ပါ တဦးနဲ့တဦး ၆ပေ ခွာနေကြပါ လူစုလူဝေးရှောင်ပါ အန္တရယ်များတဲ့ နေရာမျူ်းကိုရှောင်ရှားပါ မသွားပါနဲ့ လက်ကိုဆေးပါ။

ကာကွယ်ဆေးဆိုမှတော့

ငှက်ဖျားရောဂါ အဖြစ်များတဲ့ အရပ်ဒေသကို အမူထမ်းမယ့် သူတစ်ယောက်ဟာ ငှက်ဖျားကာကွယ်ဆေး ထိုးသွားရပါတယ်။ ဒီတော့ ငှက်ဖျားကာကွယ်ဆေးရဲ့ ဆိုက်အက်ဖက်တွေကို အနည်းနဲ့အများခံရပါတယ်။ တပတ်တန်သည် နှစ်ပတ်တန်သည် ကြာရင် ပျောက်သွားပါမယ်။ သူဟာ ငှက်ဖျားကာကွယ်ဆေးကို အားကိုးပီး စိတ်ရှိလက်ရှိ ကိုယ်သွားချင်သလို သွားလာလို့ မရပါဘူး။ ဂရုတစိုက်နေထိုင်ရပါတယ်။ ကာကွယ်ဆေးထိုးတဲ့သဘောဟာ အဲသည်သဘောပါ။ ပိုလည်းမပို လျော့လည်းမလျော့ပါဘူး။ ထိုအရပ်ဒေသက လူတိုင်းလည်း ငှက်ဖျားကာကွယ်ဆေး မထိုးပါဘူး။ ထိုးချင်ရင်ထိုးတယ် မထိုးချင်မထိုးပါဘူး။ ထိုးထားတဲ့သူနဲ့ မထိုးထားတဲ့သူဟာ ရန်သူလည်းမဟုတ်ပါဘူး။

အခု ကိုဗစ် ကာကွယ်ဆေးဟာ ပြသနာက ဘာလဲဆိုတော့သူက လူလူချင်း ကူးနိုင်တဲ့ သဘောရှိပါတယ်။ ငှက်ဖျားက ဖြစ်ရင် ကိုယ်တစ်ယောက်ထဲဖြစ်မယ် ကိုယ်ပေါ့ဆရင် ကိုယ်ပြန်ဖြစ်မယ် ။ အခုကိုဗစ်က ကိုယ်ပေါ့ဆမိရင်ကိုယ်သာမက ကိုယ်နဲ့တွေ့တဲ့သူတွေလည်း ကူးနိုင်တယ် ဒါကြောင့် ပိုသတိထားနေရတာပါ။

ကာကွယ်ဆေး လူတိုင်းထိုးရမလား

Ashoka University က ဂျယ်မီလ် (Jameel) လို့ခေါ်တဲ့ ဗိုင်းရပ်စသုတေသနဆိုင်ရာ သိပ္ပွပညာရှင် က ပြောရာမှာ “ကာကွယ်ဆေးကို အားလုံး လူတိုင်း ထိုးနှံဖို့မလိုအပ်ပါဘူး။ ဧရိယာတစ်ခုမှာ ၇၀% လူဦးရေပမာဏဟာ ကိုရိုနာဗိုင်းရပ်စကို ခုခံနိုင်တဲ့ ကိုယ်ခံအားစနစ်ရှိထားတယ်ဆိုရင် ထိုဒေသအတွက် ကာကွယ်ဆေး ထိုးဖို့မလိုအပ်ပါဘူး။ “

မေးခွန်းတွေ သည်လိုဖြေထားတယ်

၀ါရှင်တန်က ကူးဆက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Dr. Peter Rabinowitz ဒေါက်တာ ပီတာရာဗင်နိုဝစ် က မေးတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ ကိုဗစ်ကာကွ်ဆေးထိုးထားတဲ့သူက ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်ဖြန့်ဖြူးနေသေးလား ဆိုတာကို သူကအခုလို တိုတိုပဲဖြေပါတယ်။ “ရက်စ် “ တဲ့။ “ကာကွယ်ဆေးက သင့်ဆီကနဲ့ သင့်ဆီကို ကြီးမားတဲ့ကူးဆက်မူမဖြစ်အောင် လျော့ချပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲသည်လိုပြောလိုက်တာဟာ အဲသည် အခြေအနေကို စွန့်စားပစ်လိုက်ဖို့ မဟုတ်ပါဘူး။“

သူကဆက်ပြောတယ်။ “ကာကွယ်ဆေးဘယ်လောက်ကောင်းကောင်း ၁၀၀ ရာခိုင်နှူန်းတော့ ကာကွယ်မူ မရှိပါဘူး“ သူက ကိုဗစ် ဆယ့်ကို းကာကွယ်ဆေးကို လည်းပဲ ရည်ညွန်းပြောတာဖြစ်ပါတယ်။ “၉၀ % ထိရောက်တယ် ဆိုတာဟာကျန်တဲ့ ၁၀% ထိရောက်မူမရှိဘူးလို့ဆိုလိုပါတယ်။ ၁၀% ကူးစက်နိုင်တယ် လို့ပြောတာပါ။ သင်က သိပ်ကို အန္တရယ်များတဲ့ ဇုံမှာ ရှိနေမယ် အလုပ်လုပ်နေရမယ် ဆိုပါတော့ သင့်အနေနဲ့ မာစ်တပ်ရမယ် လူတွေနဲ့ဝေးဝေးနေရမယ် မဟုတ်ပါလား အဲသည်လို လုပ်သင့်တယ် မဟုတ်ပါလား။ အဲတာ ဟုတ်သလား မေးရင် - ကျွန်တော်က ဟုတ်တာပေါ့ ဆက်လုပ်ရမယ်လို့ ဖြေပါမယ်။“

သည်တော့ကူးစက်နိုင်တဲ့နေရာတွေ စဉ်းစားကြည့်ပါ။ ဆေးရုံ ဆေးခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ၊ လူတွေ အများကြီးနဲ့ ဆက်ဆံ အလုပ်လုပ်နေရတဲ့နေရာတွေ၊ အပြင်ထွက် သွားလာနေရတဲ့သူတွေ အလုပ်တာဝန် ထမ်းဆောင်နေရတဲ့သူတွေ၊ ရောဂါဖြစ်ပွားမူ အမြင့်ဆုံးဖြစ်ပွးနေတဲ့နေရာတွေ ကို သွားလာရမယ် အလုပ်လုပ်ရမယ် နေထိုင်ရမယ် ဆိုရင် ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် သူ့ကို ရာခိုင်နှူန်း အတိုင်းအတာ အားဖြင့် ကာကွယ်ပေးနေမှာ ဖြစ်ပါတယ်။

သူကဆက်ပြောသေးတယ် ကာကွယ်ဆေးက ကောင်းကောင်း အလုပ်လုပ်တယ်လို့ ဆိုထားတာတောင်မှ တဲ့ “သိပ်ကိုပြင်းထန်တဲ့ ကူးစက်မူကို ကာကွယ်ပေးထားနိုင်လောက်ပါတယ် လို့ ဖြစ်နိုင်ခြေရှိတာတောင်မှ သင်ဟာ သိပ်ကို ပျော့ပြောင်းတဲ့ အသေးစား ကူးစက်မူမျိူးကို သင်ဟာသတိထားမိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲသည် အချက်ကြောင့် သူတပါးကို ကူးစက်သွားနိုင်တာ ဖြစ်ပါတယ်။“

“ကိုဗစ်ဆယ့်ကိုးဗိုင်းရပ်စ်ဟာ ဗီဇပြောင်းလဲတတ်တာကြောင့်လည်း ဆေးရဲ့ အာနိသင်ကို အမြဲ လေ့လာဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးသဘောသဘာဝဟာ မည်သည့် ကာကွယ်ဆေးမဆို ၁၀၀ ရာခိုင်နှူန်း မကာကွယ်နိုင်တဲ့အတွက် အရင်ကထက်တောင် ပိုပီး သတိထား နေထိုင်ဖို့ ပိုလိုအပ်နေပါတယ်။ မာစ်တွေဆက်တပ်ဆင်ဖို့ စဉ်းစားပါ။ မာစ်တပ်တာ မမှားပါဘူး။ မာစ်ကို လွှင့်ပစ်လိုက်ဖို့ အချိန်မကျသေးပါဘူး“

ကာကွယ်ဆေးမှာ သက်တမ်းရှိသလား

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက် မှာ (စတစ်ဘူနင်) Steve Bunin ရေးတဲ့ဆောင်းပါးတစ်ပုဒ်ကို ကိုးကားရရင် သူက Seattle စီရယ်တယ်က သုတေသန ပညာရှင်တွေဆီက ရလဒ်ကို ရေးသားထားပါတယ်. “ဗိုင်းရပ်စ ကလည်း အသစ်၊ ကာကွယ်ဆေးကလည်း အသစ်ဖြစ်နေတဲ့အတွက် ကာကွယ်ဆေးထိုးထားတဲ့သူဟာ ဘယ်လောက်ကြာကြာ ကာကွယ်မူပေးနေမလဲ မသိပါဘူး။ ဥပမာ - တုတ်ကွေး ဖလူရောဂါ အတွက်ဆိုရင် တခါထိုးထားရင် ၁နှစ်လောက် အနည်းဆုံးတော့ကာကွယ်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးကိုတော့ မပြောနိုင်ပါဘူး။“

ကိုဗစ်ဆယ့်ကိုး ကာကွယ်ဆေးဟာ သင့်ကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးထားနိုင်မလဲ ဆိုတဲ့မေးခွန်းကို အခုလို ဖြေထားပါတယ်။ ဒီအဖြေကို ရဖို့ သုတေသနတွေ လုပ်ကြရပါဦးမယ် ။ ယခုလတ်တလော ကာကွယ်ဆေး များဖြစ်တဲ့ Pfizer , Moderna, AstraZeneca (မြန်မာပြည်ရောက် ကိုဗစ်ရှီး) သုံးမျိူးနဲ့ပတ်သက်ပီးတော့လည်း အြဖေရှာရပါဦးမယ်။ ကာကွယ်ဆေး ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာပေါ်မူတည်ပီး အဖြေထုတ်ရမှာပါ။ ဥပမာ တုတ်ကွေးနဲ့ အအေးမိကာကွယ်ဆေး များကို ထိုးမယ်ဆိုရင် တနှစ်ပီးတနှစ် ထိုးလိုက ထိုးလို့ရပါတယ်။ သာမန်အအေးမိတာတွေ အတွက်က ကာကွယ်ဆေးဆိုတာ မရှိပါဘူး။

ကိုဗစ် ဆယ့်ကိုးရဲ့သဘာဝဟာ ဗီဇပြောင်းလဲတတ်တာကြောင့် အခုထိုးထားတဲ့ ကာကွယ်ဆေးကို ထပ်ခါ တလဲလဲ ဖြစ်စေ တနှစ်တခါဖြစ်စေ ထိုးဖို့ မလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် Moderna ကိုဗစ်ကာကွယ်ဆေးဟာ ကာကွယ်ဆေးထိုးပီး ၁နှစ် အနည်းဆုံးတော့ ကာကွယ်ပေးထားမယ်လို့ ဆိုထားပါတယ် (၂၀၂၁ ဇန်နဝါရီ၁၂ ရက်သတင်း)။ ဒီသတင်းကို Rector ရက်တာ ရီပို့အရ တနေလာင်္နေ့ မှာ (တနင်္လာနေ့ ဆိုတော့ ဇန်နဝါရီ ၁၁ ဖြစ်မယ် ထင်တယ်) လူ သန်း၆၀၀ ကျော် အတွက် ကာကွယ်ဆေး ထုတ်လုပ်ပီးတဲ့အချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သို့သော် တနှစ် ကျော် မှာထပ်မံ သုတေသနတွေ လုပ်ဖို့ လိုအပ်နေပါတယ် လို့ ဆိုထားပါတယ်။ ဒါကြောင့် မေးခွန်း အဖြေ အတိအကျကို ဘယ်သူမှ မဖြေနိုင်သေးပါဘူး။ တနှစ်အကြာမှာ ထိုးထားတဲ့သူဆီက သုတေသန ကိုရယူခွင့်ရမယ်ဆို၇င်တော့ သိပ္ပံပညာရှင်တွေ အနေနဲ့ နှစ်စဉ်ထိုးသင့်မသင့် ဆုံးဖြတ်လို့ရနိုင်လောက်ပါတယ်။

ကူးဆက်ဗေဒဆိုင်ရာ ပညာရှင် Dr, Karry Corey ဒေါက်တာလာရီကိုရေနဲ့ ဝါရှင်တန်က ကူးဆက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Dr. Peter Rabinowitz ဒေါက်တာ ပီတာရာဗင်နိုဝစ် တို့ကလည်းပဲ ကာကွယ်ဆေးရဲ့ သက်တမ်းဟာ ၆လ ကနေ ၁နှစ်ကျော်လောက်ပါတယ်လို့ တကယ်ဖြစ်နိုင်လောက်တဲ့ မျော်လင့်ချက်နဲ့ အဖြေပေးခဲ့ကြပါတယ်။

ဂျူနီယာဝင်း

No comments: