ဂျူနီယာဝင်း - ကြောက်တာတခုပဲသိတယ်
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၁ကိုယ့်အဘိုးအဘွားတွေလက်ထက်တုန်းကတောင် ထမင်းအိုးတန်းဟင်းအိုးတန်း ဝင်ခဲ့သေးတယ် ။ သူတို့မြေး ကိုယ့်လက်ထက်ကျမှပဲ ထမီတန်းအောက်က မထွက်တော့တာ။ ဆိုတော့ ကိုယ်လည်း ကိုယ်ရေးချင်တာလေးတော့ ရေးခဲ့ဦးမှပါ။ အထင်တော့မကြီးလိုက်ပါနဲ့ ကိုယ်လုပ်တာဆိုလို့ ကြောက်တာတခုပဲ ရှိပါတယ်။
ဖွင့်ဝန်ခံရရင်
အမှန်ကိုဝန်ခံရရင်တော့ ကိုယ့်မိခင်ကွယ်လွန်ခဲ့ပီးတဲ့နောက်မှာ ပရိတ်များမရွတ်ခဲ့ စိတ်ပုတီးမစိတ်ခဲ့တာ ဆိုပါတော့။ ဒါနဲ့ပဲ ကိုယ့်ကို ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလားလို့ မထင်လိုက်ပါနဲ့။ ပရိတ်တွေ မရွတ်မဖတ်ခဲ့တာ ဘာအကြောင်းပြချက်မှ မရှိပါ။ ပြစရာလည်မ လိုပါ။ ဒါပေမယ့် တရားတော့ထိုင်ပါတယ်။ စွန်းလွန်းဝိပဿနာကို အားထုတ်ပါတယ်။ ကြိုးစားပီးတော့ပေါ့။ ကိုယ့်စိတ်တွေ တည်ငြိမ်အောင် အချိန်တွေ ကုန်မြန်အောင်။ ဒါပေမယ့် ကိုယ်က ခုထိ စိတ်လှူပ်ရှားလွယ်နေတုန်းပါ။ စိတ်ကလည်း တခါတခါ မထိန်းနိုင်တုန်းပါပဲ။
အခုတော့ ဘုရားစာတွေ ပြန်ရွတ်တာ အမြီးအမောက်မတည့်တော့ဘူး။ မရွတ်တာလည်း ကြာပီကိုး။ ဒါနဲ့ ဘုရားစာအုပ်တွေ တော်တော် ပြန်ရှာရပါတယ်။ စာလုံးပေါင်းမှန်အောင် ပြန်ဖတ် ပြန်ရွတ်ဖတ်နေရပီ။ မကိုင်ဖြစ်တဲ့ စိတ်ပုတီးလည်း ပြန်ကိုင်ဖို့ စိတ်ကူးပါတယ်။ ဘဝမှာ မလုပ်ဖူးတဲ့ အဓိဌာန်တွေဘာတွေတောင် ဝင်ဖို့ ကြိုးစားတော့မယ်။
တိုက်တိုက်ဆိုင်ဆိုင်
ကိုယ်တွေရဲ့မွေးနေ့လေး အမှတ်တရ ဘာမှ မလုပ်ဖြစ်ပါဘူး။ ဒီလိုပဲ မွေးနေ့မှန်းတောင် မသိတော့ဘူး။ ရှိတာလေးဖြစ်သလို စားသောက်ဖြစ်တာပါပဲ။ အဲဒီနေ့မယ် သေနတ်သံတွေ ညဘက် တောက်လျောက်ကြားနေ ရတယ်။ အမယ် … ကိုယ်တွေတော့ တော်တော် တိုးတက်လာတယ်။ ဟောဒါက အသံဗုံး ၊ ဟောဒီအသံက လက်ပစ်ဗုံး ၊ ဟောဒီအသံက တကယ့်ဗုံး သိနေပီ။ မီးတောင်မဖွင့်ဝံ့ဘူး။ လရောင်ရဲ့ အရိပ်ကလေးကို ခိုပီး ဘုရားစာအုပ်ကြည့် စာလုံးပေါင်းမမှားအောင် ဖတ်နေရတယ်။ ဖတ်ရင်းနဲ့ မျက်ရည်တောင် ကျပါတယ်။ ငါတို့အဖြစ် အဘိုးအဘွားများ မြင်ရင် ရင်ထဲ ဘယ့်နှယ့်နေရှာမလဲ။
ဗုံးတွေတကယ်ပေါက်နေတယ်
နေ့ခင်းကြောင်တောင်တောင် ဗုံးတွေပေါက်နေပါတယ်။ လမ်းပေါ်လည်း ပေါက်နေတယ်။ ကြောက်တာပေါ့။ ခက်တာက စားစရာမရှိတော့ စျေးထွက်ဝယ်ရတယ်။ ရှေ့ကြည့် တောင်ကြည့် မြောက်ကြည့်။ မတော်တဆ ကိုယ့်ရဲ့ ကားဘီးတွေ အန္တရယ်ဝင်တိုးမိရင် မတွေးဝံ့စရာ။
စစ်က တကယ်ဖြစ်မှာလား
အကြားအမြင်တွေ ဗေဒင်ဆရာတွေက ဟောတာတွေ ကြားတာပဲ။ သူတို့က လူတွေရဲ့ ကံကြမ္မာ က အခုတော့ တကယ်သေရေးရှင်ရေးဖြစ်နေပီတဲ့။ သတိသာ ထားနေကြတဲ့။ အစားအသောက် ၁လစာကနေ ၃လစာလောက် ရှာထားစုထားတဲ့။ ဗုံးခိုကျင်းတွေတောင် တူးထားကြတဲ့။ အသက်ကို ဖက်နဲ့ထုတ်ထားဖို့ ကို ပြောသံတွေကြားတာပဲ။ ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမယ်။ ကိုယ်ကတော့ တခြားဟာတွေ တွေးနေမိတယ်။ ရုပ်ရှင်ထဲ တွေ့ဖူးတာပဲ သေခါနီးသူတွေက မသေခင် နောက်ဆုံးစကားတွေ ပြောကြ မှာကြတာတွေ။ အဲဒီတော့ ကိုယ်လည်း ပြောမယ်လေ … “ကိုယ်သေသွားခဲ့ရင် ကိုယ့်အချစ်ဆုံးမင်းကို …“ (ရိုဆက်တီရဲ့ ကဗျာမဟုတ်လား။ တခြား လေးနက်တာလေး ပြောတာပိုကောင်းပါတယ်။)
ပြောချင်တာတွေရှိပါတယ်။ ကိုယ့်အဝေးက မိတ်ဆွေတွေ ချစ်ရသူတွေဆီ မက်ဆေ့တွေ ပို့တယ်။ ကိုယ်က မဆိုးပါဘူးကွယ်၊ ကိုယ်က တကယ်တော့ မရိုင်းပါဘူး … စသဖြင့်။ ဟုတ်တယ် … ဗုဒ္ဓဘာသာမှာ ရှိတယ်လေ၊ အပြစ်တွေကို ခွင့်လွှတ်ဖို့ တောင်းပန်ရင် တဖက်သားကလည်း ခွင့်လွှတ်ကြတာမျိူး။ အထူးသဖြင့် သတင်းကျွတ် လူကြီးမိဘကန်တော့ကြတဲ့အခါ အဲသလို ပြောဆိုကြတယ်ဆိုတော့။ ကိုယ်လည်း လျောက်တွေးနေမိတာပါ။
နတ်ကောင်းနတ်မြတ်တွေ မနင်းတဲ့မြေ
ကိုယ်နေတဲ့မြေက နတ်ကောင်းနတ်မြတ်တွေ မနင်းတဲ့ အရပ်ပါ။ ပထမဦးဆုံးအကြိမ် ကိုယ့်မိခင်ကို မလွမ်းမိပါဘူး။ ၂၀၂၀ မတိုင်မှီ ကွယ်လွန်သွားတဲ့မိခင်ကို အခုအခါမယ် တကယ် မလွမ်းတော့ပါဘူး။ ၂၀၂၀ ကိုဗစ်နှိတ်စက်တဲ့ဒဏ်တွေ မတွေ့သွားရလို့ပေါ့။ ဆိုးဝါးတဲ့ ခေတ်ကြီးကို မကြုံလိုက်ရလို့ပေါ့။ တော်ပါသေးတယ် မေမေရယ်။ မေမေသာဆို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဘဝဆိုတာ ဒီလိုပဲနေမှာပါ။ တစ်ခုမဟုတ် တစ်ခု ကြုံနေကြရမယ်။ ဖြစ်လာသမျှ ရင်ဆိုင်သွားကြရမယ်။ ကိုယ်တောင်းတဲ့ဆုတွေ ပြည့်ဖို့ဆို … ရတနာသုံးပါး ဆည်းကပ်၊ ငါးပါးသီလ တတ်နိုင်သလောက် စောင့်ထိန်းပီး၊ လောဘ ဒေါသ မောဟ ကင်းအောင် ကြိုးစား နေကြရမယ်လေ။
ဂျူနီယာဝင်း
No comments:
Post a Comment