စီးပွားရေးတက္ကသိုလ်
(၁၉၆၆-၁၉၇၁)
တက်ခဲ့စဉ်က
၂၀၀၄ခုနှစ်သည် စီးပွားရေးတက္ကသိုလ်၏ နှစ် ၄၀ မြောက် ပတ္တမြားရတုကို ကျရောက် မည်ဖြစ်ပါသည်။ စာရေးသူစီးပွားရေး တက္ကသိုလ်သို့ တက်ခဲ့ရသော ကျောင်းသားဘ၀ကို ပြန်လည်ကြည့်မိသော် နှစ်ပေါင်း ၃၆-၃၇နှစ်ကြာခဲ့ ပြီဖြစ်ပါသည်။
စာရေးသူတို့ စီးပွားရေး တက္ကသိုလ်သို့ ကျောင်းစတက်ခဲ့သည်မှာ ၁၉၆၆-၇၁ ခုနှစ် စာသင်နှစ် ဖြစ်ပါသည်။ ထိုစဉ်က ဆယ်တန်းအောင်သူတို့၏ အမှတ်ကို ILA (Intelligence Level Average)စနစ်ဖြင့်ခွဲပြီး တက္ကသိုလ် အသီးသီးသို့ ၀င်ခွင့်ပြုခဲ့ပါသည်။ ၀ိဇ္ဇာဘာသာ တွဲနှင့် သိပ္ပံဘာသာတွဲရှိ ဘာသာရပ် အသီးသီး၏ ရမှတ်ကိုညှိနှိုင်းပြီး တွက်ချက်သည့်စနစ် ဖြစ်ပါသည်။ ထို ILA ဖြင့် တက္ကသိုလ်ဝင်ခွင့်ပြုသည့်စနစ်မှာ အနည်းဆုံးနှစ်နှစ်၊ သုံးနှစ်သာ ရှည်သည်ဟု ထင်ပါသည်။ ထိုစနစ်အရ ၀ိဇ္ဇာဘာသာတွဲဖြင့် ဆယ်တန်းအောင်သူသည် ဆေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်တို့သို့ ၀င်ခွင့်ရပါသည်။ စာရေးသူမှာဝိဇ္ဇာဘာသာတွဲ ပထ၀ီဝင်၊ သမိုင်း၊ သင်္ချာ ဘာသာတွဲဖြင့် အောင်ပြီး စီးပွားရေးတက္ကသိုလ်ကို ၀င်ခွင့်ရသူဖြစ်ပါသည်။
ထိုစဉ်က စီးပွားရေးတက္ကသိုလ် ပထမနှစ်တွင် ဘောဂဗေဒ၊ ၀ါဏိဇ္ဇဗေဒ၊ စာရင်းအင်း ဘာသာတို့ကို အဓိကဘာသာရပ်အဖြစ်သင်ယူရပါသည်။ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာနှင့် ပထ၀ီဘာသာကို ယူရပါသည်။ ပထ၀ီဘာသာကို စီးပွားရေးပထ၀ီဝင်ဟုခေါ်ပြီး၊ သိပ္ပံဘာသာ တွဲဖြင့် ၀င်ခွင့်ရလာသူတို့ ကြောက်ကြသောဘာသာရပ် ဖြစ်ပါသည်။ သူတို့က ကမ္ဘာ့မြေ မျက်နှာပြင်၊ ရာသီဥတုလည်းမသိ၊ ကွန်တိုလည်းမမြင်ဖူးကြတော့ စိတ်ညစ်ကြပါသည်။ စီးပွားရေးပထ၀ီဝင်ကို ဆရာမကြီးနော်ဖေ့ဝီလျံလေးနှင့် ဆရာဦးမြင့်မောင်တို့ သင်ကြပါ သည်။ အင်္ဂလိပ်ဘာသာကို ဒေါ်ခင်မ၊ ဒေါ်ခင်မမ၊ ဦးမောင်မောင်သန်းနှင့် ဒေါ်ခင်အေးပွင့်တို့ သင်ကြတာ မှတ်မိပါသည်။
ဒုတိယနှစ်ရောက်သောအခါ အဓိကဘာသာရပ် သုံးခုအနက် ကိုယ်ကြိုက်ရာ နှစ်ဘာ သာယူရပါသည်။ စာရေးသူက စာရင်းအင်း ဘာသာနှင့် ၀ါဏိဇ္ဇဗေဒဘာသာတွဲ ယူခဲ့ပါ သည်။ စာရေးသူတို့နှစ်က စာရင်းအင်း နှင့် ၀ါဏိဇ္ဇဗေဒဘာသာတွဲယူသူများပါသည်။ စာရင်းအင်း နှင့် ဘောဂဗေဒယူသူနည်းပါသည်။ အထောက်အကူပြု ဘာသာရပ်များအနေ ဖြင့် ဘောဂဗေဒ၊ အင်္ဂလိပ်စာ၊ သင်္ချာယူရပါသည်။ စာရင်းအင်းဘာသာရပ်ကို ဒေါက်တာ ခင်မောင်ညွန့်၊ ဒေါ်ခင်မမ၊ ဒေါ်ခင်လေးနွယ်၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ထားထား၊ ဦးသန်းဖေ၊ ဦးသိန်းတို့နှင့် သင်ခဲ့ရပါသည်။ သင်္ချာဘာသာတွင် ဒေါက်တာချစ်ဆွေ၊ ဦးလှမြင့်၊ ဒေါက်တာခင်မောင်ဝင်း၊ဒေါက်တာသိမ်းမြင့်၊ ဒေါ်မြင့်မြင့်၊ ဒေါ်ကြင်ကြင်၊ ဒေါ်ခင်နေ၀င်းတို့ နှင့်သင်ရပါသည်။ မြန်မာစာကိုမူ ဒေါ်ခင်ချောချော၊ ဒေါ်ရီရီမြင့်၊ဦးသက်လွင်တို့ သင်ပါသည်။
ဦးသက်လွင်မှာ “မြကျွန်းညိုညို တက္ကသိုလ်” သီချင်းစပ်သူဖြစ်ပါသည်။ ဆရာသည် နောက်ပိုင်းတွင် တွင်မော်ကွန်းထိန်းအဖြစ်လည်းကောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနတွင် လည်းကောင်း တာဝန်ထမ်းဆောင်ကြောင်း သိခဲ့ရပါသည်။ စာရေးသူမှာ ဒုတိယနှစ်ကို နှစ်နှစ်ဖြေပြီး အောင်ခဲ့ရပါသည်။ စာမေးပွဲကျရသည့် အကြောင်းမှာလည်း ကိုယ်လိုချင်သည့် ၀ါဏိဇ္ဇမေဂျာဘာသာဖြေရမည့်နေ့တွင် သားနှင့်သမီးအမြွှာကို မွေးဖွားဖို့ ဆေးရုံတက်ရ၍ ဖြစ်ပါသည်။ထို့ကြောင့် ဒုတိယနှစ်ကို နှစ်ကြိမ်ဖြေခဲ့ရခြင်း ဖြစ်ပါသည်။
စာရေးသူတို့ တတိယနှစ်ရောက်သောအခါ ဒုတိယနှစ်က အဓိကဘာသာနှစ်ခု ယူခဲ့ သည့်အနက် အမှတ်အများဆုံးရသောဘာသာကို ရွေးချယ်ခွင့်ရှိပါသည်။ စာရေးသူမှာ ၀ါဏိဇ္ဇဗေဒ အဓိကယူခဲ့ပါသည်။ ထိုဘာသာတွင် ဘာသာတွဲသုံးမျိုး ရွေးချယ်ခွင့်ရှိပါသည်။ ၎င်းတို့မှာAccounting and Auditing(AA), Banking and Finance (BF) နှင့် Industry and Trade (IT) ဟူ၍ဖြစ်ပါသည်။
စာရေးသူက ဘာသာတွဲကို ယူခဲ့ပါသည်။ ဘောဂဗေဒဘာသာများကို အထောက် အကူပြု ဘာသာများအဖြစ် ယူရပါသည်။ Eco Analysis နှင့် Eco History တို့ဖြစ် ပါသည်။Eco Socialism ပါ။ ပထမနှစ်မှ တတိယနှစ်အထိသင်ခဲ့ရသဖြင့် ဘောဂဗေဒဌာန၏ ပါမောက္ခများ၊ ဌာနမှူးများအဖြစ် ဒေါက်တာမောင်ရှိန်၊ ဒေါက်တာဗိုလ်လေး၊ ဦးသာထိုတို့အ ပြင် ဒေါ်နှင်းခိုင်၊ဒေါ်မြင့်မြင့်သန်း၊ ဒေါ်တင်တင်စိန်၊ ဒေါ်စိုးမိုးအောင်၊ ဒေါ်ခင်ခင်သိန်း၊ ဒေါ်ညွန့်ညွန့်ရင်၊ ဒေါ်ခင်သိန်းရီ၊ ဒေါ်ရီမေကောင်း၊ ဒေါ်လှကြူ၊ ဒေါ်လှသန်း၊ ဦးသန်းဦး၊ ဦးခင်မောင်ရီ၊ ဦးခင်ညို တို့ကို သတိရမိပါသည်။ တတိယနှစ်တွင် ကျောင်းသားတိုင်း လက်တွေ့ဆင်းရပါသည်။ စာရေးသူတို့ သူငယ်ချင်းတစ်စုမှာ ကော်ပိုရေးရှင်း(၉)ရှိ စာရေးကိရိယာဂိုဒေါင်သွားပြီး လက်ကျန်စာရင်းများ စစ်ဆေးမှုပြုရပါသည်။ ကျောင်းသား ဘ၀နှင့် ရုံးကို ပထမဆုံး ၀င်ရောက်ရသည့် အတွေ့အကြုံ ဖြစ်ပါသည်။
စတုတ္ထနှစ်တွင် ဘောဂဗေဒဘာသာ မသင်ရတော့ဘဲ ၀ါဏိဇ္ဇဘာသာကြီးပဲ သင်ရပါ တော့သည်။ ၎င်းဝါဏိဇ္ဇဗေဒဘာသာများအပြင် Commercial Law, Commercial Audit နှင့် Computer ဘာသာတို့သင်ရပါသည်။ ဥပဒေဘာသာရပ်ကို ဆရာကြီး ဦးချိန်ဖိုးနှင့် ဦးမြင့်စိုးတို့ သင်ပါသည်။နံနက်စောစောတက်ရသော အတန်းများဖြစ်ပါသည်။ စာရေးသူ အောင်မြင်ခဲ့သော ၀ါဏိဇ္ဇဗေဒဘာသာဘွဲ့အတွက် သင်ယူစဉ်က ပါမောက္ခများအဖြစ် ဆရာ ကြီး ၀ီလျံပေါ၊ ဒေါက်တာခင်မောင်ကြည်၊ ဒေါက်တာခင်မောင်ကြွယ်တို့နှင့် ဆရာများအဖြစ် ဦးတင်ညွန့်၊ ဦးတင်ထွဋ်၊ ဒေါ်ကြည်ဝင်း၊ ဒေါ်ငွေတင်၊ ဒေါ်ရီရီမြင့်၊ ဒေါ်ခင်သန်းကြွယ်၊ ဒေါ်ခင် မေဖြူ၊ ဒေါ်ညွန့်ညွန့်ရီ၊ ဒေါ်ပိုပိုခင်၊ ဒေါ်ဝေေ၀မြိုင်၊ မစ္စစ်လှအောင်၊ ဦးသိန်းအောင်၊ ဦးအုန်း မောင်၊ဒေါ်တင်တင်၊ ဦးမျိုးမြင့်၊ဦးမြသိန်းတို့ကို တွေ့ဆုံခဲ့၊ ပညာသင်ယူခဲ့ကြပါသည်။
စတုတ္ထနှစ်တွင်Term Paper စာတစ်စောင်ရေးရပါသည်။ စာရေးသူက Punch Card System အကြောင်းရေး ရပါသည်။ကြီးကြပ်သူမှာ ဆရာမဒေါ်တင်တင်ဖြစ်ပါသည်။ ထိုစာ တမ်းအတွက် Punch Card System သုံးသောစာရင်းရုံးနှင့် ဆိပ်ကမ်းဌာနကို သွားရောက် လေ့လာခဲ့ပါသည်။ စတုတ္ထနှစ်စာမေးပွဲဖြေဆိုပြီးသောအခါ ဆရာမရှေ့တွင် ရှင်းပြပြီး ဆရာမ က သိလိုသည်များ ကိုမေးပါသည်။
စာရေးသူတို့ ၁၉၆၆-၆၇ခုနှစ် သစ်လွင်ကြိုဆိုသည့်နေ့သည် အမှတ်ရစရာ ဖြစ်ပါသည်။ ဘွဲ့နှင်းသဘင်ခမ်းမတွင် သစ်လွင်ကြိုဆိုပွဲကျင်းပပါသည်။ ထိုနေ့က ကျောင်းသားတိုင်းကို အချိန်စာရင်းတစ်ခုစီ အလကားဝေပါသည်။ ထိုအချိန်စာရင်းတွင် တစ်ပတ်စာ တနင်္လာနေ့ မှ စနေနေ့အထိ တက်ရန်အတန်းတွေ၊ ဘာသာရပ်တွေကို စနစ်တကျ ရေးဆွဲထားသော အချိန်စာရင်းဖြစ်ပါသည်။ သစ်လွင်ကျောင်းသားကျောင်းသူများအဖို့ ဘာတွေရေးထားမှန်း မသိကြသော်လည်း ဘွဲ့နှင်းသဘင်ခမ်းမထဲရောက်၍ ပါမောက္ခချုပ်က ပါမောက္ခတွေ၊ ဌာန မှူးတွေနှင့် မိတ်ဆက်ပေးပြီးသောအခါ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမတွေက ဘာသာရပ် တွေအကြောင်း၊ သင်တန်းတက်ရမည့် အခန်းတွေ၊ ဖြေရမည့် အခန်းတွေအကြောင်း ရှင်းလင်းပြလိုက်တော့ သိသွားကြပါသည်။
ကျောင်းစဖွင့်ဖွင့်ခြင်း၊ ခုံနံပါတ်များသည် ကျောင်းဝင်ခွင့်အလိုက်စီထားခြင်းဖြစ်၍ တကယ့်ခုံနံပါတ်မထွက်သေးပါ။ ခုံနံပါတ်အလိုက် အတန်းခွဲများ တက်ရမည်ဖြစ်ရာ ခုံနံပါတ် မထွက်သေး၍ ရှိသည့်အတန်းတိုင်းကို လိုက်၍တက်နိုင်ပါသည်။ ထို့ကြောင့်လည်း ဆရာ များ၏ အာဘော်များကို တစ်ယောက်တစ်မျိုး မြည်းစမ်းခွင့်ရသည်။ ထိုအခါ ပြဿနာ ဖြစ်ပါ တော့သည်။ စာသင်ကောင်းသောဆရာအတန်းတွင် ခန်းလုံးပြည့် ကော်ရစ်ဒါပါမကျန် Lecture လိုက်ကြသည်။ ပြတင်းပေါက် တံခါးဘောင်ပင် ချမ်းသာမပေးဘဲ ထိုင်၍တက်ကြပါ သည်။ ခုံနံပါတ်များထွက်လာသောအခါ ကိုယ့်ခုံနံပါတ်သည် ထိုစာသင်ကောင်းသော ဆရာ အခန်းတွင် မပါလျှင် မျက်နှာငယ်ငယ်နှင့် ကိုယ်ကျရာအခန်းကို ပြောင်းတက်ရပါသည်။ ပေပြီးတက်၍လည်း မရပေ။ ကျောင်းသားအချင်းချင်းလည်း သိနေကြသဖြင့် အခန်းရှင် ကျောင်းသားများက ငြူစူကြလေသည်။ လက်မှတ်ထိုးသည့် Roll Sheet မှာလည်း ကိုယ့် ခုံနံပါတ်မပါသဖြင့် လက်မှတ်မထိုးရပါ။ ထိုအခါတွင် ကိုယ်ကျရာအခန်း ပြောင်းတက် ကြရ ပါသည်။ နောက်ပိုင်းတွင် ကိုယ်တက်ရသော အခန်းရှိ ဆရာ၏အာဘော် ကိုသဘောတွေ့ သွားကြသည်ချည်းပင် ဖြစ်ပါသည်။ စာရေးသူတို့တက်ခဲ့ရသော နှစ်များက ဆရာ၊ ဆရာမ များသည် စာသင်ကောင်းကြပါသည်။
အတန်းတက်တိုင်း Roll Sheet တွင် အမြဲလက်မှတ်ထိုးရသည်။ အခန်းထဲရှိ ကျောင်း သားအခြေအနေကို သိသောဆရာက ကျောင်းပျက်သောသူများလာလျှင် Roll Sheet စာရွက်ကိုသိမ်းပြီး Roll Sheet ခေါ်သည်။ သူငယ်ချင်းအတွက် ကိုယ်စားလတ်မှတ်ထိုးရတာ အလွန်တာဝန်ကြီးပါသည်။ ထို့ကြောင့် ကျောင်းသားတိုင်း ကျောင်းတက်ချိန် မှန်မှန်တက် သည်။
ယခုခေတ်နှင့် မတူသော အချက်တစ်ချက်မှာ ဘာသာရပ်တစ်ခုနှင့် တစ်ခုအကြားတွင် ၁၀မိနစ် အချိန်ရပါသည်။ ထို ၁၀မိနစ်သည် အချိန်ပြောင်းရန် ဖြစ်ပါသည်။ ထိုစဉ်က စာသင်ချိန်တစ်ခုကုန်ခါနီးတွင် ဆရာလည်း စာသင်လို့မရ။ ကျောင်းသားလည်း Lecture လိုက်လို့ မရပါ။ အကြောင်းမှာ ကျောင်းသားတွေက စာအုပ်တွေ၊ လွယ်အိတ်တွေကိုင်ပြီး အတန်းပြောင်းဖို့ ဟန်ပြင်နေသလို၊ အပြင်မှအခန်းထဲဝင်ရန် စောင့်နေကြသော ကျောင်း သားတို့ အသံကြောင့် ဆရာလည်း စာသင်လို့မရပါ။ ခေါင်းလောင်းထိုးတာနှင့် ၀င်သူနှင့် ထွက်သူမှာ တိုးဝှေ့နေကြပြီး အခုခေတ် ကလေးတွေ နားလည်မည်မဟုတ်ပါ။ Lecture တစ်ခုပြီးလျှင် အတန်းပြောင်းကြရပါသည်။ စီးပွားရေး တကသိုလ် အောက်ဆုံးထပ် 101H ကနေ အလယ်ထပ်108 ၊ တစ်ခါ အပေါ်ဆုံးထပ် 205, Tutorial ဖြေလျှင် 113,213 တစ်ခါတစ်လေ ပထ၀ီဝင်ဘာသာနှင့် ဥပဒေဘာသာ အဆောက်အအုံကြားရှိ AE ခေါ်ဝိဇ္ဇာ တိုးချဲ့ဆောင်တွေဆီ သွားရပါသည်။ မိုးတွင်းဆိုလျှင် စီးပွားရေးတက္ကသိုလ် ဆင်ဝင်အောက် တွင် မကြာခဏ ချော်လဲကြပါသည်။ ထိုဆင်ဝင်အောက်ရှိ လှေကားနှင့် လမ်းမှာဘယ် လောက်ပဲ တိုက်တိုက် မိုးတွင်းမှာ ဆရာကြီးများ၊ ဆရာမကြီးများ အပါအ၀င် ကျောင်းသား ကျောင်းသူတွေ ချော်လဲကြတာ အဆန်းမဟုတ်သော မြင်ကွင်းဖြစ်ခဲ့ပါသည်။
စီးပွားရေးတက္ကသိုလ်ရှိ စာကြည့်တိုက်မှာလည်း အလွန်မှပင် တိတ်ဆိတ်လျက် ကျောင်းသားတို့လိုအပ်သော စာရွက်စာတမ်းများ သိုလှောင်ထားရာဌာနတစ်ခု ဖြစ်ပါသည်။ စာရေးသူတို့ကျောင်းတက်စဉ်က စာကြည့်တိုက်မှူးမှာ ဒေါ်လှိုင်လှိုင်ချို ဖြစ်ပါသည်။ စာ ကြည့်တိုက်ရှိ ၀န်ထမ်းများမှာ စေတနာအပြည့်နှင့် စိတ်ရှည်ကြသည်ကို မှတ်မိပါသည်။
ထိုစဉ်က ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရင်းနှီးမှုရှိခဲ့ကြပါသည်။ ဟိုက်စကူးတုန်းက ဆရာနှင့် ကျောင်းသား ဆက်ဆံရေးမှာ မိဘနှင့် သားသမီး ဆက်ဆံရေး နှင့် တူပါသည်။ယခု တက္ကသိုလ်တွင်မူ တူဝရီး၊ ညီအစ်ကို မောင်နှမ ဆက်ဆံရေးနှင့် တူပါ သည်။ ပို့ချတန်းရှိ သင်ခန်းစာများ၊ Tutorial မှစာများ နားမလည်လျှင် သွားရောက် မေးမြန်းရန် မကြောက်ကြသလို၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုလည်း ရင်ဖွင့်ဆွေးနွေး ကြပါသည်။ ကိုယ်မသိသောစာများကို ရင်းရင်းနှီးနှီးဆွေးနွေးကြသည်။ ထို့ကြောင့်လည်း ကျူရှင်ဆိုတာ မပေါ်ခဲ့ပါ။
စာရေးသူတို့သည် တစ်နှစ်ကို Term နှစ်ခုတက်ရပါသည်။ First Term တွင်စာမေးပွဲ တစ်ခါ စစ်သည်။ Second Term တွင်စာမေးပွဲကြီးစစ်သည်။ Mid-Term Test ဆိုတာ လည်း ရှိပါသေးသည်။ ဆရာ၊ ဆရာမများ အလွန်အလုပ်များမည်ဟု ယခုအခါစဉ်းစားမိပါ သည်။ ထိုစဉ်က ထိုကဲ့သို့ တစ်ခါမျှ မစဉ်းစားခဲ့မိပါ။ ဆရာ၊ဆရာမများထံမှ ညည်းညူသံ မကြားခဲ့၍လည်း ဖြစ်နိုင်ပါသည်။
Lectureချိန်ပျက်မှာကို ကျောင်းသားတိုင်းကြောက်ကြသည်။အဘယ့်ကြောင့်ဆိုသော် ပို့ချသောဆရာက သူအရေးကြီးသည် ထင်သောအချက်ကို သေသေချာချာ ရှင်းပြသည်။ ထိုအခါLecture လိုက်ရင်းမှတ်ထားရသည်။ ကိုယ့်အတန်းပျက် သူများဆီက Lecture ကို ကူးယူပါက ထိုကဲ့သို့ပြောဆိုချက်ကို မည်သည့်နည်းနှင့်မျှ ရလိုက်မည်မဟုတ်ပါ။ တချို့ အချက်က ကိုယ်ကအရေးကြီးသည် မှတ်ယူသော်လည်း တခြားကျောင်းသားက ကိုယ့်လို ယူဆချင်မှယူဆပေမည်။ထို့ကြောင့်အတန်းမှန်မှန်တက်ကြသည်။Tutorialမှန်မှန် ဖြေသည်။
အထက်ပါရေးသားချက်များကိုကြည့်၍ စာရေးသူတို့ကျောင်းတက်စဉ်က လူတိုင်း စာ မေးပွဲအောင်ကြမည်ဟု ထင်စရာရှိပါသည်။ ထိုထင်မြင်ချက်သည် မှားပါသည်။ စာမေးပွဲကျ သူများရှိပါသည်။ စာမေးပွဲတစ်ခါကျလျှင် ကျောင်းပြန်တက်ပြီး နောက်တခါဖြေဆိုခွင့်ရှိပါ သည်။ စာမေးပွဲနှစ်နှစ်ဆက်တိုက်ကျလျှင် ပြင်ပကျောင်းသားအဖြစ် Supple နှစ်ခါဖြေခွင့်ရှိ ပါသည်။ ထိုကြောင့် စာရေးသူတို့ ကျောင်းတက်စဉ်က Supple ထိသော ကျောင်းပျော် ကျောင်းသား ကြီးများကို တွေ့ခဲ့ဖူးပါသည်။
ထိုစဉ်က အပျော်တမ်းဝင်ကြသော UTCသင်တန်းဆိုတာ ရှိပါသည်။ သူတို့ သင်တန်း တက်သောနေ့များတွင် ယူနီဖောင်းတွေနှင့် ကျောင်းတက်ကြပါသည်။ ထိုအခါမျိုးတွင် သူတို့ ၏ ဖိနပ်သံတွေ၊ ဦးထုပ်ပြုတ်ကျသံတွေကို ဆရာ၊ဆရာမတွေ၏ စာသင်သံများကြားတွင် ကြားနေရပါသည်။ တချို့တိုင်းရင်းသားများသည် ရိုးရာဝတ်စုံများကို ၀တ်ဆင်ပြီး ကျောင်း တက် တတ်ကြပါသည်။ ရောင်စုံဖြာပြီးလှနေသော စီးပွားရေးတကသိုလ်ဖြစ်ပါသည်။
ထိုစဉ်ကကျောင်းစာအပြင် အားကစား၊ အနုပညာသင်တန်းများ ရှိပါသည်။ ၀ါသနာပါ ရာကို လုပ်နိုင်ပါသည်။ အနုပညာ သင်တန်းတွင် အဆို ၊အက ၊အတီး ၊ပန်းချီစသဖြင့် သင်နိုင်ပါသည်။ အားကစားတွင် ရေကူး၊ ပြေးခုန်ပစ်၊ ဘောလုံး၊ ခြေလျင်နှင့်တောင်တက် စသဖြင့်ရှိပါသည်။ စာရေးသူတို့ကျောင်းတက်စဉ်က ဗိုလ်မှူးကြီးလှအောင်နှင့် ကျောင်းသား ကျောင်းသူအဖွဲ့ဝင်များ တောင်တက်တာမှတ်မိပါသည်။ ၀ါသနာပါသူတွေ ၀င်ရောက်ကြပါ သည်။ စာရေးသူကတော့ ဘာသင်တန်းမှမတက်ဖြစ်ဘဲ သူငယ်ချင်းတွေ အကသင်၊ အဆိုသင်သည့် Recreation Centre (RC)မှာ သွားရောက် အားပေးခဲ့တာ မှတ်မိပါသည်။
ဘွဲ့နှင်းသဘင်ခန်းမမှာ ပထမနှစ်တုန်းက စာမေးပွဲဖြေရသည်နှင့် ပြည်ထောင်စုနေ့ တစ်ရက်မှာ စီးပွားရေးမှ တိုင်းရင်းသားပေါင်းစုံ မုန့်ရောင်းပွဲတော် လုပ်ကြသည်ကိုလည်း မှတ်မှတ်ရရရှိရ ပါသည်။ ထိုနေ့က တိုင်းရင်းသားကျောင်းသားကျောင်းသူများသည် သူတို့၏ ရိုးရာအင်္ကျီများဝတ်ဆင်ပြီး ရိုးရာအစားအစာများကို ရောင်းချကြပါသည်။ အလွန်လှပသော မြင်ကွင်းဖြစ်ခဲ့ပါသည်။ တိုင်းရင်းသားဝတ်စုံ အပြည့်အစုံက ဓာတ်ပုံတွေထဲမှာသာ မြင်ဖူးရာမှ ကိုယ့်သူငယ်ချင်းတွေကိုယ်တိုင် ၀တ်ဆင်ပြီးထားတာတွေ တွေ့မြင်ရခြင်းဖြစ်ပါသည်။ သူတို့ အချင်းချင်း သူတို့ဘာသာစကားများ ပြောကြ။ ရယ်မောကြနှင့် ကြည်နူးဝမ်းသာစရာ ဖြစ်ပါ သည်။
မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခုမှာ ၁၉၇၀-၇၁ကြားတွင် ငလျင်လှုပ်သည့် အဖြစ် ဖြစ်ပါသည်။ ကျောင်းရောက်ပြီးမှ အဲဒီရက်၊ ဘယ်အချိန်မှာ ငလျင်လှုပ်မယ်ဆိုသည့် သတင်း ရောက်လာပါသည်။ ငလျင်လှုပ်တာကို ကြိုတင်သိဖို့ အလွန်ခက်သည်ဟု ထင်ပါသည်။ ထိုစဉ်က ဘယ်လိုက ဘယ်လိုကို သတင်းရသည်မသိပါ။ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမ အတော်များများ ကျောင်းပေါ်မှဆင်းပြီး မြက်ခင်းတွေ လမ်းတွေမှာနေကြတာ မှတ်မိပါသည်။ တချို့ ဆရာ၊ဆရာမတွေကတော့ အောက်မဆင်းဘဲကျောင်းပေါ်မှာ ကျန်ခဲ့ တာ လည်းရှိပါသည်။ ငလျင်လှုပ်ပြီးနောက် ကျောင်းပေါ် တပျော်တပါး ပြန်တက်ကြသည်ကို မှတ်မိပါသည်။ နောက်မှတ်မိသည် တစ်ခုမှာ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ (5th SEAGAMES) ဖြစ်ပါသည်။ စီးပွားရေးတက္ကသိုလ်မှ ကြည်ကြည်ဟန်က အားကစားအဖွဲ့ တစ်ဖွဲ့၏ အလံကိုင်ရတာဖြစ်ပါသည်။ စီးပွားရေးတက္ကသိုလ်မှ ဘယ်သူဘယ်ဝါ ကျွန်းဆွယ် မှာ ၀င်ပြိုင်သည်ကိုတော့ အမှတ်မရတော့ပါ။
အထက်ဖော်ပြပါ အကြောင်းအရာအားလုံးသည် စာရေးသူပညားဆည်းပူးခဲ့သော ငါးနှစ်တာအချိန်အတွင်း စီးပွားရေးတက္ကသိုလ်အကြောင်း လွမ်းဆွတ်စရာ၊ တမ်းတစရာ၊ ကြည်နူးစရာ အကြောင်းများဖြစ်ပါသည်။ ခရစ်နှစ် ၂၀၀၄ခုနှစ်တွင် ကျရောက်မည့် စီးပွားရေးတက္ကသိုလ်၏ နှစ်(၄၀) မြောက် ပတ္တမြားရတုနေ့အတွက် ကျေးဇူးကြီးမားလှသော ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးကို သတိရလျက် ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။
No comments:
Post a Comment