Thursday, May 15, 2014

မိသားစုအတွက် ပျော်တော်ဆက်မဂ္ဂဇင်း ကျဆုံးခန်း ဂျူနီယာဝင်း

(အင်္ဂလိပ်လိုရေးသားသော Walking Through the Wonderland ကင်ဒဲယ် ebook မှ The Rise and fall of Pyaw Taw Zet Magazine ဆောင်းပါးကိုကိုယ်တိုင် ဘာသာပြန်ထားသည်။)
မိသားစုအတွက် ပျော်တော်ဆက်မဂ္ဂဇင်း ကျဆုံးခန်း
ဂျူနီယာဝင်း
မေ ၁၂၊ ၂၀၁၄

(ပုံတွင် ပျော်တော်ဆက် မိသားစုမဂ္ဂဇင်းတစ်အုပ်၏ မျက်နှာဖုံးပုံတစ်ပုံကို နမူနာပြထားပါသည်။ ထိုအဖုံးကိုရေးဆွဲသူမှာ ပန်းချီဆရာကြီး ဦးဘကြည် ဖြစ်ပါသည်။ မျက်နှာဖုံးကို ကြည့်လိုက်သူတိုင်းသည် ဂယ်လီလီယို၏ တက်လီစကုတ် (အဝေးကြည့်မှန်ပြောင်း)၊ အီတလီက ပီစာမျော်စင်၊ ဘလက်ပါးလ်  ဟူသောပုလဲနက် အမည်ရသည့် ပုံဝတ္ထုကို ကိုယ်စားပြုသောပုံကို လည်းကောင်းတွေ့မိကြပြီး ၎င်းတို့နှင့် သက်ဆိုင်သောဆောင်းပါးများ၊ ပုံဝတ္ထုဇာတ်လမ်းများ ဖတ်ရတော့မည်ဟု ကြိုသိကြပါလိမ့်မည်။ ထို့အပြင်  “ဖိုးပြုံးချိုနှင့် မိရွှေဘုတ်” အမွှာ မောင်နှမပုံကိုကြည့်ပြီး ဆရာဦးခင်မောင်လတ် ရေးသားနေသော အင်္ဂလိပ်စာသင်ခန်းစာလည်း ပါကြောင်းသိကြပါလိမ့်မည်။)

မြန်မာပြည်တွင် လူငယ်များအားဆွဲဆောင်နိုင်ခဲ့သောထူးခြားသည့် မဂ္ဂဇင်းတစ်စောင် တချိန်တုန်းကရှိခဲ့ဖူးပါသည်။ ၁၉၇၁ ခုနှစ် စက်တင် ဘာလလောက် ကစတင်ကာ ဂျွန်လ ၁၉၇၂ ခုနှစ်လောက်တွင်အဆုံးသတ်သွားခဲ့သော မဂ္ဂဇင်းတစ်စောင် ဖြစ်ပါသည်။ ကြယ်စင် တစ်လက် ထွန်းလင်းအတောက်ပဆုံး အချိန်တွင် ကောင်းကင်ယံကနေ အကြွေစောခဲ့လေသည်ကို မည်သူမှ သတိမထားမိလိုက်ကြပါ။ ထိုပုံပြင်လေး၏ အစကား……
စာမျက်နှာ ၄၅ – ၄၇ ခန့်ဖြင့် ထိုလစဉ်ထုတ် မဂ္ဂဇင်းလေးသည် တစ်နှစ်လောက် သာသက်တမ်းရှည်ခဲ့ပါသည်။ ထုတ်ဝေသူမှာ ဦးသန်းထွဋ်ဖြစ်ပြီး ကျွန်မတို့အဘွား မေမေကြီးဒေါ်ခင်မျိုးချစ်၏ မိတ်ဆွေလည်း ဖြစ်ပါသည်။ စာရေးဆရာလည်းဟုတ် သတင်းစာသမားလည်း ဟုတ်သည့် ဒေါ်ခင်မျိုးချစ်သည် ထိုမဂ္ဂဇင်းလေးတွင် အယ်ဒီတာအဖြစ်စတင်လုပ်ကိုင်ခဲ့ချိန်တွင် သူ၏အဖော်အပေါင်းများစွာကလည်း လာရောက်ပူးပေါင်းကူညီကြပါသည်။ သူတို့က မဂ္ဂဇင်းလေး လှလှပပထွက်ပေါ်လာဖို့အကြောင်းသာ စဉ်းစားပါသည်။ မဂ္ဂဇင်းသည် သူတို့ အတွက် အလွန်အဖိုးတန်သော ရတနာတစ်ပါးသဖွယ်ဖြစ်ကာ ဟောသည် စကြာဝဌာကြီးထဲမှာ သူတို့၏နှလုံးသားများ စီးဝင်နေသော မျှော် လင့်ချက်ပမာ ဖြစ်ခဲ့ရပါသည်။
မဂ္ဂဇင်းအတွက် သူတို့၏ကြိုးပမ်းမူများ
ထုတ်ဝေသူက ချမ်းသာပါသည်။ သို့သော် သူက သူ့ပိုက်ဆံတွေကို ကလေးများအတွက် မဂ္ဂဇင်းထုတ်ဖို့သာ အသုံးပြုလိုပါသည်။ သူက သူ့မိတ်ဆွေတွေ ကိုယုံကြည်ပါသည်။ ပန်းချီဆရာကြီးဦးဘကြည်သည် မဂ္ဂဇင်းအတွက် မျက်နှာဖုံးကို တာဝန်ယူပါသည်။ ဦးဘကြည်သည် မြန်မာပြည်တွင် အလွန်နံမယ်ကြီး ပန်းချီဆရာတစ်ဦးဖြစ်သောလည်း အယ်ဒီတာ့ဆီက ပန်းချီဆွဲခကို အပြည့်မယူပဲဆွဲပေးပါသည်။ တခါတရံ စာမူခရကောရရဲ့လားတောင် မသိပါ။ ဦးဘကြည်သည် မဂ္ဂဇင်းလေးက စာဖတ်သူတွေကြားထဲ ပေါ်ပြူလာမဖြစ်ကြောင်းကို သူကောင်းကောင်းကြီး သိထားသောကြောင့်ဖြစ်ပါသည်။ မဂ္ဂဇင်းလေးအတွက် ပါဝင်လုပ်ကိုင်နေကြသူအားလုံးသည် ထိုအလုပ်ကို ပျော်ရွှင် စွာဖြင့်  လုပ်ခဲ့ကြပါသည်။ သူတို့စာမူခတွေလည်း အပြည့်မယူကြပါ။ သူတို့အားလုံးသိကြသည်မှာ ထိုမဂ္ဂဇင်းလေးသည် လူကြိုက်နည်းနေ ရုံမက ထုတ်ဝေသူမှာလည်း လစဉ် လစဉ်ဆိုသလို အရှုံးပေါ်နေတာ ဖြစ်ပါသည်။ သူတို့၏လက်ထဲကသည် မဂ္ဂဇင်းလေးလှလှပပ ထွက် သွားလျှင် သူတို့၏နှလုံးသားများသည် ပျော်ရွှင်မူဖြင့် ပြည့်သျှံသွားကာနောက်ထွက်မည့် စာအုပ်အတွက် မျှော်လင့်ချက်များဖြင့် စဉ်းစားကြ ပါတော့သည်။
ဦးဘကြည်၏ အနုပညာ
ပန်းချီဆရာကြီးဦးဘကြည်သည် မြန်မာပြည်တွင် အလွန်နံမယ်ကြီးသော ပန်းချီဆရာတစ်ဦးဖြစ်ပါသည်။ သူကလစဉ် မဂ္ဂဇင်းမျက်နှာဖုံးကိုဆွဲပေးပါသည်။ ဦးဘကြည် သည်လစဉ်ပါလာမည့် အတွင်းကဆောင်းပါးများကာတွန်းများ ၀တ္ထုများ ရေးထားသမျှကို ဂရုတစ်စိုက် လေ့ လာပါသည်။ အားလုံးကိုသေချာဖတ်ပြီးမှ မျက်နှာဖုံးအတွက် ဘာဆွဲရမည်ဆိုတာကို စဉ်းစားပါသည်။ အတွင်းမှာဖော်ပြမည့် ဆောင်းပါး များ ဇာတ်ကောင်များနှင့်ပတ်သက်သော အချက်အလက်များဖြင့် မျက်နှာဖုံးကိုရေးဆွဲပါသည်။ ထို့ကြောင့်ပင် စာဖတ်သူများသည် အတွင်း မှာ ဘာတွေပါဝင်နေသလဲဆိုတာကို မျက်နှာဖုံးကိုကြည့်ရုံနှင့် လွယ်ကူစွာသိသွားနိုင်ပါသည်။ ကာတွန်းဆရာများနှင့် ပန်းချီဆရာများစာရေးဆရာများ
ဦဘကြည်၊ ကျော်စိန်၊ တင်ဝင်းတို့သည် မဂ္ဂဇင်း၏ ပုံမှန်ပင်တိုင်ရေးဆွဲနေသော ပန်းချီဆရာကာတွန်းဆရာများ ဖြစ်ပါသည်။ ပန်းချီတင်ဝင်း၏ “တူးမာနဲ့ အင်္ဂလိပ်စာ” တစ်မျက်နှာ ကာတွန်းက ယနေ့ခေတ် ကာတွန်းမောင်ရစ် ရေးဆွဲနေသော “ရွှေမိနဲ့ အင်္ဂလိပ်စာ” ပုံစံနှင့် အတူတူ ဖြစ်ပါသည်။ ကာတွန်း ကျော်ဆန်း (ကဆ) (မီးပုန်းပျံဦးကျော်ရင်၏ သား) ၏ “မိမော် ကဆ” ကာတွန်း၊ ဦးလေးမှူးတင် (သိပ္ပံမှူးတင်)-ပန်းချီတင်ဝင်း သိပ္ပံဇာတ်တမ်းသရုပ်ဖော်များကား စိတ်ဝင်စားဖွယ် အပြည့်ဖြစ်ပါသည်။ ပန်းချီဆရာ ကာတွန်းဆရာများက အခန်းဆက် တွေရော တစ်မျက်နှာကာတွန်းတွေရောလစဉ် ရေးဆွဲကြခြင်းဖြစ်ပါသည်။ တချို့နေရာများတွင် စာဖတ်သူများကို အင်္ဂလိပ်စာသင်ခန်းစာများ ပေးပါသည်။ တချို့မှာရှိတ်စပီးယား၏ ပြဇာတ်များကို သရုပ်ဖော်ထားပါသည်။ သူတို့ဆွဲထားတာများ အလွန်ကောင်းပါသည်။ သိပံဝတ္ထု များ စုံထောက်ဝတ္ထုသရုပ်ဖော်များပါဝင်ပါသည်။ ကျွန်မအဘွားသည် ရှိတ်စပီးယား၏ ပြဇာတ်များဖြစ်သော မစ်ဆမ်းမားနိုက်ဒရင်း၊ မားချန့် အော့ဖ်ဗင်းနစ်၊ မက်ဘက်ပြဇာတ်များကိုဘာသာပြန်ကာ ဦးဘကြည်က ရေးဆွဲပါသည်။စာရေးဆရာသော်တာဆွေသည် ၀တ္ထုတိုများနှင့် တခါတရံ မြန်မာ့ရိုးရာယဉ်ကျေးမူဆိုင်ရာအကြောင်းများကို ၀င်ရေးသားပါသည်။ ကျွန်မတို့အဘိုး ဦးခင်မောင်လတ်သည် အင်္ဂလိပ်စာသင်ခန်း စာများကို သူ့မြေးအမွှာနှစ်ကောင်ကို သင်ပေးသောပုံစံဖြင့် ရေးသားပေးပါသည်။ ကျွန်မဖခင်သည် ထိုအချိန်တုန်းက စီးပွားရေးတက္က သိုလ်တွင် သင်္ချာဆရာတစ်ဦးဖြစ်ပြီး ပျော်တော်ဆက်အတွက် မောင်ပညာအမည်ဖြင့် “သချာင်္ပုံပြင်” ဟူ၍ သင်္ချာညဏ်စမ်းများကို ရေးပေးခဲ့ ပါသည်။ ဒိုင်းခင်ခင် မလှသန်း၊ မောင်ခင်မင်၊ တိမ်မိုးလှိုင်၊ သခင်သန်းဖေ (မန္တလေး) တက္ကသိုလ်ကြည်မာ၊ မင်းသုဝဏ်တို့အပြင် တခြားသော ၀ိုင်းဝန်းရေးသားပေးကြသော ပညာရှင်များစာရေးဆရာများ များစွာရှိပါသေးသည်။
ပျော်ဖို့အတွက် စာဖတ်ပါ
မဂ္ဂဇင်းတစ်အုပ်လုံးကိုလေ့လာကြည့်လျှင် ရုပ်ပုံများ သရုပ်ဖော်ကားချပ်များကို အလွယ်တကူတွေ့ကြရပါသည်။ တခါတရံ စာတစ်မျက်နှာလုံးတွင် သိပံ္ပပညာရှင်တစ်ဦး၏ နံမယ်ကျော်အဆိုအမိန့်တစ်ခုကို စာတစ်ကြောင်းမျှဖြင့် တင်ပြထားပြီး စာမျက်နှာ လေးပုံတစ်ပုံက ထို သိပံ္ဗပညာရှင်၏ ကာတွန်းရုပ်ပုံ သို့မဟုတ် ဓါတ်ပုံကို တင်ပြထားပါသည်။ ကျန်သောနေရာက ကွက်လပ်အတိုင်းထားပါသည်။ ထိုအခါ စာဖတ်သူသည် ထိုစာကြောင်းကို အဆိုအမိန့်ကို ဖတ်မိယုံမက စာမျက်နှာ၏ ထူးခြားသောဒီဇိုင်းကြောင့် ထိုထင်ရှားသော သိပံ္ပပညာရှင် ကိုလည်းမှတ်မိသွားကာ သူ့အဆိုအမိန့်ကိုလည်း အလွတ်ရသွားနိုင်ပါသည်။ ပါဝင်သောဆောင်းပါးများ ပုံဝတ္ထုများကိုလည်း ရုပ်ပုံများ ဖြင့်စိတ်ဝင်စားစရာ တင်ပြထားကာစာကြောင်းများသည် စာမျက်နှာများထဲ ချောင်ချောင်ချိချိပင် တွေ့ကြရမည်ဖြစ်ပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာများသည် ရှင်းရှင်းနှင့် ခေါင်းထဲလွယ်လင့်တကူ ၀င်ရောက်သွားနိုင်အောင် တင်ပြမူများကား ဤမဂ္ဂဇင်းလေး၏ ထူးခြားမူများ ဖြစ်ပါသည်။ တခါတရံ နံမယ်ကျော် ရှိတ်စပီးယား ပြဇာတ်တစ်ပုဒ်ဖြစ်သော တန်းပက်စ်ပြဇာတ်ကို အင်္ဂလိပ်လိုသာတင်ပြထားသော အင်္ဂလိပ်စာ အဖတ်လေ့ကျင့်ဖို့ ကဏ္ဍကို တွေ့ဖူးပါသည်။
မေမေကြီးဒေါ်ခင်မျိုးချစ် မကြာခဏပြောလေ့ရှိသောစကားကို ပြန်ကောက်ရရင်တော့ စာဖတ်တယ်ဆိုတာပျော်ဖို့ပါ။ ဒီစာအုပ်လေးကိုလည်း ဖတ်သူတွေ ပျော်ဖို့ပါ။ ဒါဟာဒီမိသားစုပျော်တော်ဆက် ဟာသစာစောင် ထုတ်ရခြင်းပါပဲ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ ဒါကိုဖတ်ရင်း ပညာရတယ်တို့ ပညာတိုးတယ်တို့ ဆိုတာတွေက နောက်ဆက်တွဲတွေပါ။ အဓိကကတော့ ပျော်ဖို့အတွက် စာဖတ်ပါ။
သူတို့၏အိပ်မက်
မဂ္ဂဇင်းထွက်လာတာ လအနည်းငယ်ရှိပြီ ဖြစ်ပါသည်။ သို့သော် ထုတ်ဝေသူမှာ ငွေသောက်သောက်လဲ ရှုံးလျှက်ရှိပါသည်။ သို့သော် သူတို့ အားလုံးစိတ်ဓါတ်မကျပါ။ သူတို့က မဂ္ဂဇင်းလေးထွက်လာတာကို ကြည့်ပြီး ပျော်ရွှင်လျှက်ရှိနေကြပါသည်။ သူတို့မျှော်လင့်သလို တစ်နေ့မှာဖြစ်လာပါလိမ့်မည်……. မဝေးတော့ပါ… ဟူ၍ စိတ်ကူးယဉ်လျက် ရှိနေကြပါသည်။
တကယ်ပဲဖြစ်လာပြီလား
စာဖတ်သူများသည် စစချင်းမှာတော့ သည်မဂ္ဂဇင်းလေးကို ဂရုမစိုက်မိကြပါ။ သူတို့ကမဂ္ဂဇင်းလေးကိုတွေ့တော့ ကောက်ကိုင်ကာ ဖတ် ကြည့်ကြပါသည်။ သူတို့ကသည် မဂ္ဂဇင်းလေးဟာဖြင့် အနုပညာစိတ်အပြည့်အ၀ရှိကြသော စာရေးဆရာတွေ ပန်းချီဆရာတွေ၏ ကြိုးပမ်းမူ ဖြစ်တယ် ဆိုတာကိုမစဉ်းစားမိကြပါ။ ၈ လ သို့မဟုတ် ၉ လခန့်ကြာသောအခါ စာဖတ်သူတွေ က မဂ္ဂဇင်းကိုအာရုံစိုက်မိသွားကာ ၀ယ်ဖတ်ဖို့ စဉ်းစားလာကြပါသည်။ တချို့က ထိုမဂ္ဂဇင်းများကိုစုကာ သူတို့စာကြည့်တိုက်မှာ ထားကြပါသည်။ တချို့ကအရှေ့ကထွက်ပြီးသား မဂ္ဂဇင်းများကို ပြန်ရှာဝယ်ကြပါသည်။ ဒါဟာအောင်မြင်ဖို့အတွက် လမ်းပွင့်လေပြီဟု ထင်စရာဖြစ်ပါသည်။
ဝမ်းနည်းဖွယ် အဆုံးသတ်
ပရိသတ်ဆီက စိတ်ဝင်စားလာသော တရှိန်ထိုးတုန့်ပြန်မူများ ရခဲ့သည့်အချိန်အခိုက်အတန့်လေးတွင် ထို “ပျော်တော်ဆက်”  မိသားစုမဂ္ဂဇင်း လေးသည် နားလည်ဖို့ ညဏ်မမှီနိုင်သည့် ထုတ်ဝေသည့်ဥပဒေတစ်ခုနှင့် ညိကာအပိတ်ခံလိုက်ရပါသည်။
အို … ပျော်တော်ဆက်လေး….
မင်းကပန်းတစ်ပွင့် ကြွေလွင့်ရသလို…..
အကြွေစောလေခြင်း….
ဒါပေမယ့် ….
မင်းသေဆုံးသွားပေမယ့် …..
ငါတို့က အခုထိသတိရနေကြဆဲပါပဲလေ….။
သတိရနေဆဲ……ကျွန်မသည် ပျော်တော်ဆက် မဂ္ဂဇင်းဟောင်းအကြွင်းအကျန်များကို ကျွန်မအဘိုးအဘွားများဆီက တွေ့ဖူးပါသည်။ မဂ္ဂဇင်းထဲတွင် မြန်မာ ပညာရှင်ကြီးများဖြစ်သော ဆရာဦးကိုကိုကြီး၊ သခင်သိန်းဖေ၊ မင်းသူရိန် အစရှိသည်တို့၏ ဆောင်းပါးများကိုတွေ့ရပါသည်။ ကျွန်မဖတ် ရတာ အလွန်နှစ်ခြိုက်လှပါသည်။ ပျော်တော်ဆက်ကိုမမေ့တာ ကျွန်မတစ်ယောက်တည်း မဟုတ်ပါ။
တချို့သော လူငယ်လူရွယ်လေးများလည်း ပျော်တော်ဆက်အကြောင်းကို သတိရနေဆဲပြောနေကြဆဲ ဖြစ်ပါသည်။ တချို့မှာသူတို့ အိမ် က စာအုပ်စင်လေးတွေမှာရှိနေဆဲ ဖြစ်ပါသည်။ တချို့လည်း စာအုပ်အဟောင်းအရောင်းဆိုင်တွေမှာတွေ့ရင် ၀ယ်ယူနေကြဆဲ ဖြစ်ပါသည်။ “ပျော်တော်ဆက်” ကား တချို့သော စာဖတ်သူများရင်ထဲရှိနေဆဲ အမှတ်ရနေဆဲ ဖြစ်ပါသည်။

No comments: