Wednesday, May 7, 2014

မိုးမခ ဆိုတဲ့ မြားတစ်စင်း ဂျူနီယာဝင်း



မိုးမခ ဆိုတဲ့ မြားတစ်စင်း
ဂျူနီယာဝင်း၊ မေ ၆၊ ၂၀၁၄
မိုးမခ အွန်လိုင်းမီဒီယာ တစ်ခုက အခုတော့ အင်လိုင်းမီဒီယာ အဖြစ်နဲ့ ပြည်တွင်းမှာ တကယ်ထွက်ရှိ လာပါတယ်။ အင်တာနက်မလို လိုင်းကောင်းဖို့မလို တယ်လီဖုန်းနဲ့ကြည့်ရလို့ စာလုံးချဲ့ ကြီးစရာမလိုတဲ့ တကယ်ပဲ လက်နဲ့ကိုင်ဖတ်လို့ ရတဲ့စာအုပ်ပါ။ တစ်လတစ်ခါ ထွက်ပါတယ်။ စာအုပ်ထုတ်ဝေသူများ အထူးတလည် ရှောင်ကြတဲ့ ဧပြီလဆိုတဲ့ သင်္ကြန်ကာလအတွင်းမှာ စတင်ပြီးထွက်လာခဲ့တာ ဖြစ်ပါတယ်။ အမှန်တရားအတွက် တစ်သက်လုံး ရပ်တည်သွားခဲ့သူ ဟံသာဝတီဦးဝင်းတင်ကိုယ်တိုင် နောက်ဆုံးရေးပေးခဲ့ အားပေးခဲ့တဲ့ မိုးမခ အထူးဆောင်းပါးကို ရှားရှားပါးပါး ရခဲ့တဲ့ မိုးမခ မဂ္ဂဇင်းပါ။
မိုးမခ ဆိုတဲ့အမည်ကိုက မြန်မာဆန်တယ်။ သည်လို မိုးမခ မြန်မာနံမယ်နဲ့ စာပေလောကထဲ ဝင်လာခဲ့တာကို ကြိုဆိုပါတယ်။ အုပ်ရေ ၁ဝဝဝနဲ့ တန်ဖိုး ၁၅၀၀ ကျပ်ကို မြင်တဲ့သူတိုင်းက တန်တယ်လို့ဆိုကြပါတယ်။ စာအုပ်ထွက်ပြီး စာအုပ်တွေ လက်ဆောင်ပေးတယ်။ ဆိုင်ပေါ်လည်း တင်ပါတယ် ။တစ်ပတ်လောက်နေတော့ စာအုပ်လက်ဆောင်ရတဲ့ သူတွေဆီက စာအုပ်ဖတ်ကောင်းကြောင်း ပြန်ကြားရတယ်။ သည်လိုစာအုပ်မျိူး ထူးခြား ဆန်းပြား ကောင်း သတဲ့။
အင်း…… မိုမခ မဂ္ဂဇင်း လူတွေသိသွားဖို့ စာအုပ်ဆိုင်တွေဆီ စာအုပ်တွေလိုက် မိတ်ဆက်ကြ၊  ချွှေးတလုံးလုံး ပြေးလွှားနေကြတဲ့ မိုးမခဝိုင်းတော်သားတွေကို ကြည့်ပြီး မိုးမခ မဂ္ဂဇင်း ကြော်ငြာပေးတာပါ။ ဟော..အခု ဒုတိယ ခြေလှမ်း နံပါတ်၂ ထွက်လာပါပြီ။ ဒုတိယအုပ်ပေါ့။ နာယက နေရာမှာ ဘဘဦးဝင်းတင် မရှိတော့ဘူး။ ဒါစိတ်မကောင်းစရာပေ့ါ။ ဒါပေမယ့် ဘဘရေ … ဘဘက တသက်လုံး အမှန်တရားအတို်င်းရပ်တည် ခဲ့သလို မိုးမခ လည်းကြိုးစားရပ်တည် နေကြပါတယ်။ သူတို့ ဘယ်လောက်ရှင်သန် သွားနိုင်ကြမလဲ ဆိုတာကတော့ မြန်မာပြည်တွင်းက စာဖတ်သူများရဲ့ အားပေးမူနဲ့ ဆိုင်ပါတယ်။
သည်တော့မိုးမခ မဂ္ဂဇင်း မြန်မာပြည်မှာ ထွက်ပေါ်လာခြင်းနဲ့ ပတ်သက်လို့  H.W.Longfellow ရေးတဲ့ The Arrow and the Song ဆိုတဲ့  ကဗျာလေးကို သတိရမိတယ်။ ကဗျာဆရာက သူရေးလိုက်တဲ့ကဗျာ တစ်ပုဒ်ဟာ တဲ့။ လေထဲကို ပစ်လွှတ်လိုက်တဲ့ မြားလေးတစ်စင်းနဲ့ အလားသဏ္ဍာန်တူပါတယ် တဲ့။ သူဟာ သူ့ကိုယ်သူ များပစ်သမားနဲ့ အတူတူပါပဲ လို့ဆိုလိုပါတယ်။ လေထဲတိုးဝင်သွားတဲ့ မြားဟာ တစ်နေရာရာမှာကျသွားသလို သူရေးလိုက်တဲ့ ကဗျာတစ်ပုဒ်မှာလည်း အကျိူးသက်ရောက်မူ ရှိပါတယ် တဲ့။ တချိန်ချိန်မှာ ဝက်သစ်ချပင်တစ်ပင်မှာ စိုက်နေတဲ့မြား ကို မြားပိုင်ရှင်က ရှာတွေ့ချင်တွေ့နိုင်သလိုပဲ ကဗျာဆရာဟာလည်း သူရေးဖွဲ့လိုက်တဲ့ ကဗျာကို ခံစားဖတ်ရူ နေတဲ့ သူစိမ်းတစ်ယောက်ကို ရှာတွေ့ချင်လည်းတွေ့နိုင်ပါသတဲ့။ နောက်ဆုံးစာကြောင်းလေးကို အခုလိုရေးထားတယ်။….
“ဒီလိုနဲ့ သူဟာ သူစိမ်းတစ်ယောက်နဲ့ သူငယ်ချင်းဖွဲ့လိုက်နိုင်ပါတော့တယ်…“ ။
သည်တော့ အခုလည်း မိုးမခ ဆိုတဲ့ မြားလေးတစ်စင်းကို ပစ်လွတ်လိုက်ကြပါပြီ။ တချိန်ချိန်မှာတော့ ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းကို ပြန်ရှာတွေ့နိုင်သလိုပဲ တချိန်ချိန်မှာလည်း မိုးမခဆိုတဲ့ မဂ္ဂဇင်းကို နှစ်ချိူက်စွာ ဖတ်ရူ ခံစားနေတဲ့ သူစိမ်းတစ်ယောက်နဲ့ …. ဒါမှမဟုတ်လည်း သူစိမ်းတွေနဲ့ ….. တွေ့ချင်လည်း တွေ့နိုင်ပါလိမ့်မယ်။
သည်လိုနဲ့ ဒုတိယခြေလှမ်း လှမ်း……
နောက်ခြေလှမ်းများစွာအတွက်…….။

မိုးမခ မဂ္ဂဇင်း
စထွက်သည့်လ – ၂၀၁၄ ဧပြီ၊ ဒုတိယစာအုပ် ထွက်သည့်လ – ၂၀၁၄ မေ၊
နာယကများ – ဦးဝင်းတင်၊ ဦးမိုးသူ၊ မောင်စွမ်းရည်၊ ဒေါ်မာမာအေး
အတိုင်ပင်ခံ – ဇာဂနာ၊ ထွန်းဝင်းငြိမ်း၊ သားကြီးမောင်ဇေယျ၊ ကိုရာဇာ
အယ်ဒီတာ – မြင့်ကျော် ခင်မောင်ထွေး
အွန်လိုင်းအယ်ဒီတာ – မောင်ရစ် ဆောင်းလူ အိမ့်ခိုင်ဦး
မန်နေဂျာ -  ရန်နော် (ဗိုလ်တထောင်)
သတင်းအဖွဲ့ -  ဟန်သစ်နိုင် ဆူးအယ်လင်း
moemaka.com
moemaka.blogspot.com
ရန်ကုန်ဖုံး ၀၉ ၂၅ ၄၂၀၀ ၆၀၆
စာတိုက်သေတ္တာ ၈၂၅ ရန်ကုန်စာတိုက်ကြီး ရန်ကုန်
HOME အမှတ် ၅၀/၆၀ ဗို်လ်အောင်ကျော်လမ်း အောက်
အုပ်ရေ ၁၀၀၀
ရောင်းစျေး – ၁၅၀၀ ကျပ်
စာမျက်နှာ – ၁၆၀ ခန့်
ကဏ္ဍများ – သက်ကြီးစကား အယ်ဒီတာစကား မျက်မှောက်ရေးရာ တွေ့ဆုံမေးမြန်း အင်တာဗျူး လူမူရူခင်း၊ စာပဒေသာ၊ ရသစာပဒေသာ မိုးမခကဗျာ မိုးမခကာတွန်း စသည်ဖြင့် …
မိုးမခရဲ့  လိုဂို – မြန်မာစာပေ ယဉ်ကျေးမူ အနုပညာ လွတ်လပ်တဲ့လူ့ဘောင်သစ်
မိုးမခရဲ့ အလှူ – စာကြည့်တိုက်၊ စာဖတ်အသင်း၊ လူမူရေး နှင့် အရပ်ဖက်အသင်းအဖွဲ့တွေ အခမဲ့


No comments: