Wednesday, April 8, 2020

ဂျူနီယာဝင်း - ကိုဗစ်ဆယ့်ကိုး စစ်ပွဲ

ဂျူနီယာဝင်း - ကိုဗစ်ဆယ့်ကိုး စစ်ပွဲ

(မိုးမခ) မတ် ၃၁၊ ၂၀၂၀



ကိုဗစ်ဆယ့်ကိုး ဗိုင်းရပ်စ်က လွန်ခဲ့တဲ့ ၂လကစလို့ ကမ္ဘာအနှံ့အပြား ပြန့်နှံ့ လျက်ရှိနေပါတယ်။ ကြောက်စရာကောင်းလောက်အောင် လူတွေ သေကြေပျက်စီးနေကြတာ တချိူ့တိုင်းပြည်တွေမှာ ဆိုးဝါးနေဆဲပါ။ ဗမာပြည်မှာတော့ အဲသည် ဗိုင်းရပ်စ် အသံ မကြားတာ ၂၀၂၀ မတ် လ ၂၄ ရက်နေ့ မြန်မာသတင်းထဲပါလာတဲ့တို်င်အောင် ဆိုပါတော့လေ။

စွန်လွန်းကျောင်းတိုက်ဆီ မနက်စောစော တရားထိုင်ဖို့သွားတော့ ”သင်္ကြန်အထိ တရားလာအားထုတ်သူများ လက်မခံတော့ဘူး” ဆိုတဲ့ ဆိုင်းဘုတ်ကြီး နဲ့ဆီးကြိုနေ့တော့ ကျွန်မရင်ထဲ ရုတ်တရက် လန့်သွားတယ်။ ဒီလိုအခြေအနေတစ်ခုကို ချက်ချင်း ရင်ဆိုင်ဖို့ သတ္တိမရှိဘူး။ နိုင်ငံတကာသတင်းတွေ ဖတ်နေတုန်း ကြည့်နေတုန်း အခုပဲ ကိုယ့်အိမ်တခါးကို လာခေါက်နေပီလေ။ ကမ္ဘာအနှံ့က ကိုဗစ်စစ်ပွဲသံတွေ ကြားနေရဆဲပဲ။ ဒီစာတွေချရေးနေရင်း ကျွန်မ စိုးရိမ်နေမိတယ်။ ပျော်ရွှင်စွွာ ဇာတ်သိမ်းခန်းဖြစ် နိုင်ပါ့မလားမသိသေးဘူး။

သည်လို ရုတ်တရက် ဗိုင်းရပ်စ်တွေ့နေပီဆိုတဲ့ ကြေငြာချက်ကြောင့် မြန်မာလူသားတွေ ချက်ချင်းဆိုသလို ချိမ်းခြောက်ခံလိုက်ရတယ်ပေါ့။ သူတို့တွေ ဆူပါမားကက်တွေ စျေးတွေထဲ အလုအယက်ဆိုသလို ပြေးဝယ်ချမ်းကြတယ်။ ဟုတ်တယ် ဟုတ်တာပေါ့ မနက်ဖြန်ကို ကြောက်ကြတယ် မနက်ဖြန်ပီး နောက်တ နေ့ကိုကြောက်တယ် မနက်ဖြန်ပေါင်းများစွာရဲ့ နောက်နေ့ နောက်တနေ့ တွေကို ကြောက်နေကြတယ်။

တချိူ့ကကျွန်မကို အစားအသောက်တွေ ဝယ်နိုင်သမ ျှဝယ်ပီး စုထားဖို့ အကြံပေးကြတယ်။ တချိူ့ကတော့ ပိုက်ဆံတွေ လက်ထဲဆောင်ထားတဲ့။ ပိတ်တယ်ဆို့တယ် ဆို ဘယ့်နယ့်လုပ်ကြမလဲတဲ့။ ကျွန်မရဲ့အိမ်နီးချင်းတစ်ယောက်ကတော့ အသားငါးတွေ များများဝယ်ထားပီး ရေခဲသေတ္တာထဲ ထည့်ထားပါလို့ သတိပေးတယ်။ ကျွန်မတော့ ရုတ်တရက်ကြီး ဒီလိုစကားတွေ တနေ့ထဲ ကြားလိုက်ရတာ တော်တော်လေး တုန်လှူပ်မိတယ်။ သူတို့ပြောသလိုတွေ လုပ်သင့်တယ်လို့ စစချင်းတော့ တွေးမိတယ်။ ဒါပေမယ့် စဉ်းစားတယ် ထပ်တလဲလဲစဉ်းစားတယ်။ 

မေမေကြီး (ဒေါ်ခင်မျိူးချစ်) အကြောင်းတွေ တွေးတယ်။ ဒီလို အခြေအနေမျိူးမှာ မေမေကြီးဆိုရင် ဘာလုပ်မလဲ။ ပြောပါဦး မေမေကြီးရေ။ မေမေကြီးတော့ ပြောလေ့ရှိတယ် .. “စစ်အတွင်း ဒီလို အဖြစ်တွေ ကြုံရတိုင်း ကိုယ်တော့ ဘယ်တော့မှ စိုးရိမ်တကြီးနဲ့ ဝယ်ချမ်းတာမျိူး ဘယ်တော့မှ မလုပ်ဘူး။ တစ်ယောက်ငတ်၊ ကိုယ်တို့အားလုံးငတ်ပဲ။“ တဲ့။ အင်း….. အဲဒါရှေးတုန်းကစကား ကိုယ်နဲ့မဆိုင်ပါဘူး.. စစ်ဆိုတာလည်း မရှိတာကြီး… ကျွန်မအတွေး။

ဒီနေ့ စျေးသွားရဦးမယ်။ ညက နောက်နေ့စျေးသွားမယ့်အရေး စဉ်းစားရင်း အိပ်လို့တောင် မပျော်ဘူး။ သေချာ စဉ်းစားပီး ခေါင်းလျော်မယ့်နေ့ ရွေးထားတာ။ အိမ်မှာ ငရုတ်သီးစိမ်းကအစ နည်းနေပီ။ အစားအစာတွေ ဘယ်နက်ရက်စာ ဝယ်ထားရပါ့။ ဟမ်းဖုန်းတော့ ထားခဲ့မယ်။ ယူမိရင် ဟိုဟာလုပ်ရ သည်ဟာလုပ်ရ နဲ့။ ရူပ်ပါတယ်။ ဖိနပ်လည်းအိမ်စီးဖိနပ်ပဲ စီးမယ်။ အကျီလည်း အပေါ်ကချွတ်ရတာ ထက် ရှေ့ကျယ်သီးပါတာ ဇစ်ဆွဲဖွွင့်ရတာ ဝတ်။ ပြန်လာရငခပ်မြန်မြန်ချွတ်ပီး အဝတ်လျော်စက်ထဲပစ်ထည့် ဆပ်ပြာရည် ကောက်ထည့်ပီး လျော်ထည့်လိုက်မယ်။ စျေးခြင်းတော့မယူတော့ဘူး။ အဲဒါကြီး ဆေးကျောရတဲ့အလုပ်သက်သာ အောင်ပေါ့။ ကျွတ်ကျွတ်အိတ်တွေ ဆို ပစ်လိုက်ရတာ လွယ်တယ်လေ။ အင်း သည်လောက်ဆို ရပါပီ။

စျေးထဲမှာ စျေးဝယ်လာသူ အများအပြားရှိပြီး စျေးသည်တွေကလည်း ရောင်းကောင်းနေကြတယ်ပေါ့။ ဘုရားပန်းသည်တွေလည်း ရောင်းကောင်းကြတယ်။ ဘုရားပန်းတွေကို ကိုင်ပီး ပြန်သွားနေကြသူတွေ ဆိုက်ကားပေါ်မှာ လမ်းပေါ်မှာ တက်စီပေါ်မှာ စျေးထဲမှာ လှမ်းမြင်နေရတော့ မျက်စိအေးတယ်။ ဗုဒ္ဒဘာသာတိုင်းပြည်မှာ သည်လို ဘုရားတရားကို မမေ့မလျော့ နဲ့ သည်လို ဂုဏ်ကျေးဇူးနဲ့ နေထိုင်နေကြတာကို မြင်ရတော့ ငါတို့တိုင်းပြည် ဒီဘေးဒီကပ်က လွတ်မြောက်ရမယ်လို့ အားပေးနေမိတယ်။ သတင်းထဲမှာ တွေ့ရတဲ့ နေရေးစားရေး ဒုက္ခရောက်နေကြသူတွေကို စဉ်းစားမိပြန်တော့ သူတို့ရင်မှာ လောင်ကျွမ်းနေတဲ့ အပူမီးက သည်ဗိုင်းရပ်စ်ပိုးကို လောင်ကျွမ်းတိုက်ခိုက်နိုင်ပါေစလို့ ဆုတောင်းမိတယ်။

စျေးဝင်းထဲကနေပီး လျောက်တွေးနေမိတာ။ အနည်းဆုံး ၁၄ ရက်စာတော့ ဝယ်ထားရမယ်လေ။

”ဘာကနေစဝယ်ရမလဲ။ ကြက်ဥ ဘယ်နှယ်လုံး ဝယ်ရပါ့။ ဟင်းသီးဟင်းရွက်တွေ ဘယ်လောက်ဝယ်ရင ်ကောင်းမလဲ။ သူတို့က ၁ပတ် ဆယ်ရက် ခံပါ့မလား။ ကြက်ဥ အလုံး၂၀ ဆိုရင် လုံလောက်ပီလား။ ဟင်းသီးဟင်းရွက်တွေက တကယ်ပဲ လတ်လတ်ဆတ်ဆတ် ရှိနေမှာလား။ အသားငါးကျတော့ အများကြီး ဘယ်လိုဝယ်ပီး သိမ်းဆည်းထားရမှာတုန်း။ ရေခဲ့သေတတ္တာ မဆန့်ရင် ဘယ်လိုလုပ်ရမလဲ။ ဆန်ကျတော့ အကြာကြီးခံမှာမို့လား။ အိမ်မှာ တခါဝယ် ၃ပြည် ၆ပြည်တောင် ပရွတ်ဆိတ်လက်ချက်မိတာနဲ့ ပိုးတက်တာနဲ့ ဒုက္ခရောက်နေရတာ။ အဲလိုတွေ ဝယ်ချမ်းဖို့ ပိုက်ဆံရော လောက်ပါ့မလား။ အင်း ထူးပါဘူး ။ “တစ်ယောက်ငတ်၊ ငါတို့အားလုံးငတ်ပဲ “ ဆိုတဲ့ မေမေကြီး ပြောတတ်တဲ့စကား။ အဲ့စကားပဲ နားထောင်လိုက်တာ ကောင်းပါတယ်လေ။

ကျွန်မစျေးထဲမှာ ဟိုသည် ငေးမောရင်း ဘာဝယ်ရမလဲ လျောက်ကြည့် နေမိတယ်။ မေမေကြီး ကျွန်မကို ပြောခဲ့တာ“တစ်ယောက်ငတ် ငါတို့အားလုံးငတ်“ ဆိုတဲ့စကား ကြားနေမိတယ်။ ကျွန်မက လွန်ခဲ့တဲ့ နှစ်များစွာက မြုပ်နှံ့ပီးထားခဲ့တဲ့ မေမေကြီးရဲ့ ရှေးစကားကို အခုပဲ တူးဆွနေမိပီ။ မေမေကြီးကတော့ သူဘာပြောပြော နားထောင်တဲ့ သူ့ရဲ့ ညဏ်မရှိတဲ့ မြေးမကို ကြည့်ပီး ကျေနပ်နေမှာလား ဒါမှမဟုတ ်ဂုဏ်ယူနေမှာလား။

ကျွန်မတို့ ကမ္ဘာသူကမ္ဘာသားအပေါင်း မြန်မာပြည်သူပြည်သားအပေါင်း ရတနာသုံးပါး ဂုဏ်ကျေးဇူးဖြင့် ယခုကျရောက်လျက်ရှိသော ကပ်ဘေးမှ အမြန်ဆုံးကင်းလွတ် ချမ်းသာ ကြပါစေ။ ချစ်သူခင်သူအပေါင်း အတွက် မေတ္တာဖြင့် ဆုတောင်းလိုက်ရပါသည်။

No comments: