Tuesday, August 23, 2016

ေပျာ်ဖုုိ့အတွက်သာ စာဖတ်ပါ ၂ - ဂျူနီယာဝင်းBook Review

ေပျာ်ဖုုိ့အတွက်သာ စာဖတ်ပါ ၂  - ဂျူနီယာဝင်း

ထုုတ်ဝေသူ - ဦးသိန်းလွင်
လင်းလွန်းခင်စာပေ
လိပ်ကန်ပန်းခြံစျေး လိပ်ကန်လမ်း တုုိက် (ဒီ) ပထမထပ် ပုုဇွန်တောင်မြို့နယ် ရန်ကုုန်
မျက်နှာဖုုံးဒီဇုုိင်း - ဗဂျီလင်းဝဏ
အုုပ်ရေ - ၅၀၀
တန်ဖုုိး - ၂ဝဝဝကျပ်
စာမျက်နှာ - ၁၆၀
ပထမအကြိမ်
သြဂုုတ်လ ၂၀၁၆

ပျော်ဖုုိ့အတွက်စာဖတ်ပါ စာအုုပ်၏အဆက်ဖြစ်သည်။ ပထမတစ်အုုပ်တွင် အုုပ်၄၀ ဖော်ပြထုုတ်ဝေပြီးနောက်ထပ် ကျန်ရှိနေသေးသော ဝတ္တုစာအုုပ် ၄ဝ၏ အကြောင်းများဖြစ်သည်။ အဘုုိးအဘွားများဖြစ်သော ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိူးချစ်တုုိ့၏ ကြွေးကျော်သံဖြစ်သည့် ”ပျော်ဖုုိ့အတွက်သာ စာဖတ်ပါ” အတုုိင်း စာအုုပ်များကုုိ ပျော်ဖုုိ့အတွက် သက်သက်ဖြင့်သာ ဖတ်ရင်း ပျော်ရွှင်ခဲ့ရသော စာအုုပ်များအကြောင်းဖြစ်သည်။ ၂၀၀၉ ခုုနှစ် ဒီဇင်ဘာလကနေ ၂၀၁၂ဧပြီလတုုိင် မြန်မာသစ်အယ်ဒီတာ ကုုိသီဟလတ်၏ တုုိက်တွန်းမူဖြင့် ရေးသားဖြစ်ခဲ့သည်များကိုု စုုစည်းထုုတ်ဖြစ်ခဲ့တာ ဖြစ်သည်။ ယခုုစာအုုပ်၄ဝထဲတွင် စာဖတ်ခြင်းကုုိ မွေးမြူဖုုိ့တုုိက်တွန်းထားသော The Art of Book Reading နှင့် ပညာရေးစနစ်ကုုိ သုုံးသပ်ပြထားသော ဆာရစ်ချက်လစ်ဗင်းစတုုန်း၏ Some Task for Education တုုိ့ကုုိ ဝတ္တုစာအုုပ်များကြား ထူးထူးခြားခြား တွေ့ကြရမည်။ အင်္ဂလိပ်စာအုုပ်စာပေရှားပါးသော၊ အထူးသဖြင့် ကိုုယ်ကုုိယ်တုုိ်င် ဖတ်ချင်လှသော စာအုုပ်များ ရှာရခက်လှသော ဤတုုိင်းပြည်မှာ သည်လုုိစာအုုပ်တွေ ဖတ်ဖုုိ့တုုိက်တွန်းရသည်မှာ ခက်လှသည်။ သိုု့သော် စာရေးသူမှာလည်း ဤသိုု့သော ဒုုက္ခများကုုိ ခံကာ ထုုိထုုိသော စာအုုပ်များကိုု အပင်ပန်းခံရှာဖွေဖတ်ရူခဲ့ရတာကြောင့် ထုုိထုုိသော အရသာကုုိလည်း စာဖတ်ရသည့်အရသာအဖြစ် ထည့်သွင်းရမည် ဖြစ်ပါသည်။ စာဖတ်ရင်းဖြင့် ပျော်ရွှင်ကြပါစေ။

Saturday, July 9, 2016

1984 Junior Win. တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး ဂျူနီယာဝင်း

တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး
ဂျူနီယာဝင်း
(အတွေးအမြင် အမှတ် ၂၈၈ ၊ ၂၀၁၆ ဇွန်လ)
Nighteen – Eighty – Four ( တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး ) (1984) အမည်တွင်သော စာအုပ်တွင် အစစ အရာရာဆိုးရွားနေသော ခေတ်တစ်ခေတ်ကို George Orwell က ပုံဖေါ်ရေးသားထားသည်။ လက်တစ်ဆုပ်စာ လူနည်းစုတစ်စုက တို်င်းပြည်ကြီးတစ်ခုလုံး ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိန်းချုပ်လျှှက်ရှိသော အခြေအနေ တစ်ခုကို တွေ့ရသည်။ 
Oceanian အမည်ပေးထားသော ဒေသတစ်ခုမှာ မပြီးဆုံးသော စစ်ပွဲတစ်ခုကို တိုက်လျှက်ရှိသည်။    Big Brother ဟူသော ‘ သင်တို့အား စောင့်ကြည့်နေသော မျက်လုံးများ’ က လူ့အဖွဲ့အစည်းတစ်ခုလုံး၏ နေရာ တိုင်းမှာ ရှိနေသည်။ မိမိတို့အား အုပ်ချုပ်လျှက်ရှိသူကို မတွေ့သော်လည်း ကိုယ့်ကို မယုံသင်္ကာစွာကြည့်နေ သော မျက်လုံးများရှိနေတာကို သိနေရသည်။ လှုပ်ရှားသွားလာလျှက်ရှိသော လူတွေ၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ််ပိုင်းဆိုင်ရာ စိတ်ယန္တရားကြီး တစ်ခုလုံးကိုပင် လွှမ်းမိုးလျှက်ရှိသည်။ လမ်းပေါ်မှာ ၊ လမ်းကြားထဲမှာ ၊ စျေး မှာ ၊ အိမ်ရှေ့ခန်းမှာ ၊ ထမင်းစားခန်း ၊ အိပ်ခန်း ၊ အိမ်သာပါမကျန်စေရ။ နံရံတွေ၏နောက်ဘက်မှာ ၊ စား သောက်ဆိုင်တွေ၏နံရံတွေမှာပင် မျက်လုံးတွေရှိနေသည်။ သင့်ကိုစောင့်ကြည့်နေသော ရုပ်မြင်သံကြားစက် တွေကို ပိတ်ပစ်ဖို့တော့ စိတ်မကူးလိုက်ပါနှင့်။ သင်တို့စကားပြောတာ မျက်လုံးချင်းနှုတ်ဆက်တာကအစ မလွတ် စေရပါ။ သင့်လှုပ်ရှားမှုတွေကိုလည်း ထိုရုပ်မြင်သံကြားစက်ကနေ ဝေဖတ်ထောက်ပြနေဦးမည်ဖြစ်သည်။   သင်္ကာမကင်းခံရလို့ကတော့ ချက်ချင်းလက်ငင်း အဖမ်းခံရဖို့သာရှိသည်။ ထို့ပြင် ဝါဒဖြန့်စကားလုံးတွေ ၊ ပါတီ၏ သဘောထားတွေ ၊ အတွေးအခေါ်တွေကိုလည်း မပြတ်ထုတ်လွှင့်နေမည်ဖြစ်သည်။ 
သင်သွားသည့်နေရာတိုင်းတွင် ‘ Big Brother က စောင့်ကြည့်နေသည်’ ဟူသော ပိုစတာများ ၊ ဆိုင်း ဘုတ်များ ၊ ဖန်သားမျက်နှာပြင်များ ရှိနေမည်ဖြစ်သည်။ ပါတီခေါင်းဆောင်ကို ဆန့်ကျင်တော်လှန်မှုများလုပ်ဖို့ စိတ်နှင့်တောင် မပြစ်မှားလိုက်ပါနှင့်။ ထောင်နန်းစံကာ အနှိပ်စက်ခံရဖို့သာရှိသည်။ ထို့ထက်အရေးကြီးသောအ ချက််ကတော့ လက်ရှိအခြေအနေနှင့် အတိတ်ကသမိုင်းကို ယောင်လို့တောင် စိတ်မဝင်စားမိစေရန်ဖြစ်သည်။  Oceanian က လူများသည် ထိုအခြေအနေအောက်တွင် နေသားကျလျှက်ရှိသည်။
ဝထ္ထုထဲကဇာတ်ကောင် Winston Smith ၏ဘဝကို ၁၉၈၄ ခုနှစ် ဧပြီလ ၄ရက်နေ့ကစထားသည်။   Smith သည် သူ၏ကလေးဘဝက ၁၉၄၉ မှ ၁၉၅၃ ကြားကာလကို ဥရောပ ၊ ရုရှအနောက်ဘက်နှင့် မြောက်အ မေရိကတို့မှာ အဏုမြူစစ်ပွဲကြီး ကျင်းပခဲ့ချိန်အတွင်း ကုန်လွန်ခဲ့ရတာကို မှတ်မိနေသည်။ သို့သော် သူ့စိတ်ထဲ တွင် ပြည်တွင်းစစ်က အရင်လား ၊ အမေရိကက ဗြိတိသျှအင်ပါယာကို စတိုက်တာလား ၊ ‘ ကိုချက်စတာ’ ဟူ သောဒေသကို ဗုံးကြဲတာက အရင်လား စတာတွေကို သဲသဲကွဲကွဲမမှတ်မိပါ။ သို့သော်လည်း နူကလီးယားစစ်ပွဲ ကအရင်ဖြစ်လိမ့်မည်ဆိုတာကိုတော့ သူ့မိသားစုတွေ တကွဲတပြားဖြစ်သွားတာကို စဉ်းစားမိတော့ အဖြေပေါ်လာ သလိုပဲ။ ဟုတ်တယ် …… နောက်မှပြည်တွင်းစစ်ကဖြစ်တာ။ အဲဒီတော့ လန်ဒန်ဟာ ပျက်စီးသွားတယ်ပေါ့။  Smith ဟာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ကြီးပြင်းလာတယ်။ တော်လှန်ရေးအတွင်းမှာ ပါတီကအာဏာရလာ တယ်။ Smith သည် အတိတ်ကိုစဉ်းစားရင်း သမိုင်းကြောင်းကိုသိချင်လာသည်။ တကယ်ဘာတွေဖြစ်ခဲ့လဲ။
Winston Smith ဆိုတာ သာမန်အဆင့်နိမ့်လူတန်းစား ၊ အလုပ်သမား ။ လက်လုပ်လက်စား။ တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ အလုပ်သမားတစ်ယောက်။ သူ့လိုလူတန်းစားက ဒါတွေကိုစိတ်ဝင်စားလာတာ ဘာဖြစ် စရာရှိလဲ။ ဒါတွေသိတော့ကော ကမ္ဘာကြီးက ပြောင်းပြန်လည်သွားမှာမှမဟုက်တာ။ နေကရော အနောက်ဘက် ကထွက်မှာမှမဟုက်တာ။ ဒါပေမယ့် သူနေထိုင်တဲ့အရပ်က ‘ သင့်ကိုစောင့်ကြည့်နေသည်’ ဆိုတဲ့ စာတန်းတွေ စကားလုံးတွေ ဝိုင်းရံနေတဲ့တိုင်းပြည်။ 
သူ့ရဲ့အလုပ်ချိန် အားချိန်လေးအတွင်းမှာ သမိုင်းကြောင်းကို စဉ်းစားမိလာပြီး အတွေးဝင်လာသည်။ အမှန်တရားကဘာလဲ။ သမိုင်းဆိုတာကို သူလိုလူအဆင့်က သိချင်လာတာကိုက မတန်မရာဖြစ်လာသလား။  တိုင်းပြည်ရဲ့အခြေအနေကို သုံးသပ်ကြည့်ရအောင်။ 
သူတို့ရဲ့တိုင်းပြည်မှာ အုပ်ချုပ်တဲ့အပိုင်းမှာ လူမှုအဖွဲ့အစည်းရေးရာ အဆင့် (၃) ဆင့်ရှိသည်။ (၁) ပထ မတန်းစားအဆင့်ကို ပါတီအတွင်းရေးဟုခေါ်သည်။ (၂) အလယ်အလတ်တန်းစား အဆင့်ကို ပါတီပြင်ပဟုခေါ် သည်။ (၃) အဆင့်နိမ့်လူတန်းစား ၊ အလုပ်သမား ၊ လက်လုပ်လက်စား အဆင့်အတန်း။ Smith က အဲဒီအဆင့် နိမ့်အတန်းအစားပေါ့။ တိုင်းပြည်လူဦးရေ၏ ၈၅ရာခို်င်နှုန်းက အဆင့် (၃) လူတန်းစားဖြစ်သည်။ စားဖို့သောက်ဖို့ နေဖို့လောက်သာသိတဲ့ အဲဒီအဆင့်နိမ့်လူတန်းစားက သမိုင်းကို စိတ်ဝင်စားလာတော့ကော ဘာများထူးပြီး ကောင်းလာမှာလဲ။
ပါတီသည် ဝန်ကြီးဌာနလေးခုဖြင့် အုပ်ချုပ်လျှက်ရှိသည်။ ၄င်းတို့ှမှာ ငြိမ်းချမ်းသာယာရေးဝန်ကြီးဌာန ၊ ပေါများကြွယ်ဝသော ဝန်ကြီးဌာန ၊ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော ဝန်ကြီးဌာနနှင့် အမှန်တရားဝန်ကြီးဌာနုတို့ ဖြစ်သည်။ ဝထ္ထုုထဲက အဓိကဇာတ်ကောင် Winston Smith သည် အမှန်တရားဝန်ကြီးဌာန ( Ministry of   Truth ) တွင် အလုပ်လုပ်လျှက်ရှိသည်။ သူ့အလုပ်က သမိုင်းဝင်မှတ်တမ်းများကို ပြန်လည်တည်းဖြတ်ရသော အယ်ဒီတာဖြစ်သည်။ အတိတ်ကဖြစ်ရပ်များနှင့် ယခုဖြစ်ပျက်နေတာတွေကို ဟန်ချက်ညီအောင်စီစစ်ခြင်း ၊ နေ့ စဉ်နှင့်အမျှ ပြောင်းလဲမှုတွေထဲက တရားဝင်ပုဂ္ဂိုလ်များ၏ အမည်များကို ပြောင်းလဲသင့်ရင် ပြောင်းလဲပစ် ဖြုတ် ပစ်တန်ရင် ဖြုတ်ပစ်ကာ အသိအမှတ်မပြုဘဲဖယ်ပစ်ရသောအလုပ်။  Smith သည် သမိုင်းကြောင်းများကို စိစစ် တည်းဖြတ်ရာကနေ တကယ် ဘာဖြစ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားလာသည်။ ထိုသို့စိတ်ဝင်စားလာရာကနေ  သူသိချင် တာတွေနောက်ကိုလိုက်ရင်း Big Brother ၏ ဖမ်းဆီးခြင်းကိုခံရကာ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော ဝန်ကြီးဌာ န ( Ministry of Love ) တွင် ညှဉ်းပန်းနှိပ်စက်ခံရသည်။ 
Smith က စကတည်းကိုက လူဆင်းရဲအရပ်သားတစ်ဦးသာဖြစ်သည်။ သူ့ခေါင်းထဲမှာဝင်နေသော သိ ်ချင်စူးစမ်းလိုစိတ်များကို ဖျောက်ဖျက်ပစ်လိုက်ဖို့ ၊အလွယ်တကူစွန့်လွှတ်ဖို့ အသင့်ဖြစ်နေတော့သည်။ Smith   သည် ပါတီအပေါ်မယုံကြည်သော အတွေးများဝင်လာမှုဖြင့် ချစ်ခြင်းမေတ္တာဝန်ကြီးဌာနတွင် အနှိပ်စက်ခံရကာ ပါတီအပေါ်မုန်းတီးမှုကို ဆေးကြောပစ်ခဲ့ရသည်။ သူအကျဉ်းကျနေစဉ်တွင် အဆင့်သုံးဆင့်ကို ကျော်ဖြတ်ရ သည်။ ၄င်းတို့မှာ ‘ သင်ယူခြင်း ၊ နာလည်လာခြင်း ၊ လက်ခံခြင်း’ တို့ဖြစ်သည်။ Smith သည် သူမလုပ်ခဲ့သော အပြစ်တွေကို ကျူးလွန်မိကြောင်းဝန်ခံရသည်။ ယင်းသည် ပထမအဆင့်သင်ယူခြင်းဟုခေါ်သည်။ ဒုတိယအ ဆင့်တွင် သူချစ်ခဲ့သော ဂျူလီယာကို မေ့မရဖြစ်နေရတာကို ဖျောက်ခြင်းဖြစ်သည်။ ဂျူလီယာသည် သူစိတ်ဝင် စားလာမိသော ၊ စူးစမ်းမိသော သမိုင်းခြေရာများနောက်တွင် ကပ်လျက် အလိုလိုလိုက်ပါနေသည်။ ဤအဆင့်ကို မကျော် နိုင််ပါက Room 101 သို့် အပိုု့ခံရမည်ဖြစ်သည်။ သို့သော် ဂျူလီယာကိုမေ့မရဘဲ စွဲလမ်းနေသေးရာ အဆိုးရွား ဆုံးနှိပ်စက်ခန်း Room 101 ကိုအပို့ခံရတော့မည်ဟူသော ကြောက်ရွံ့စိတ်ဖြင့် ဂျုလီယာကို သူ့အပြစ်တွေကို ပုံ ချပစ်လိုက်ကာ ကိုယ်လွတ်ရုန်းစိတ်များ ဖြစ်လာသည်။ ထိုအချိန်မှာဖြစ်ပေါ်လာသော ကြောက်ရွံ့စိတ်သည် ဂျူ လီယာ့ကို လုံးဝဥသုံ စွန့်ပစ်ချင်စိတ်များ နိုးကြားလာကာ ပါတီ၏အယူဝါဒများကို အကြွင်းမဲ့လက်ခံလာပြီး Big  Brother ကို ချစ်မြတ်နိုးစိတ်များဖြစ်လာသောကြောင့် တတိယအဆင့်ထိအောင်မြင်သွားသည်။ 
ထိုကဲ့သို့ Brain Wash ( ဦးနှောက်တွင်းရှိနေသောစိတ်များအားဆေးကြောပစ်ခြင်း) အဆင့်များတွင် အမှန်တကယ်ရှိနေသော Smith ၏ အတွေးများကို စစ်ဆေးမေးမြန်းနေသူ O’brain က နားလည်နေသောသ ဘောများတွေ့နေရပါသည်။
Smith သည် သူအသက်ရှင်ဖို့အတွက် သူချစ်ခဲ့သော ဂျူလီယာကို ပျော်ပျော်ကြီးစွန့်လွတ်ခဲ့ကာ ပါတီ ၏ အယူဝါဒများကို အသက်နှင့်ယှဉ်ကာ ယုံကြည်သွားသည်။
သူတို့နှစ်ဦးပြန်လည်တွေ့ဆုံခန်းကား ပျော်ရွင်စွာဇာတ်ပေါင်းခြင်းဆိုတာထက် ပို၍ကြေကွဲဖွယ်ကောင်း နေသည်။ 
‘ ကျွန်မက ရှင့်ကို သစ္စာဖောက်ခဲ့တယ်’ ဟု ဂျူလီယာက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ 
‘ ကျွန်တော်လည်း ခင်ဗျားကို သစ္စာဖောက်ခဲ့တယ်’ ဟု သူကပြောလိုက်ပါသည်။ 
‘ တစ်ခါတလေကျတော့’ ဟု ဂျူလီယာကပြောသည်။ 
‘ သူတို့ကရှင့်ကို စဉ်းတောင်မစဉ်းစားမိတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ ခြိမ်းခြောက်ကြတယ်။ ကျွန်တော့်ကို မလုပ်ပါနဲ့ ၊ တစ်ခြားတစ်ယောက်ကိုလုပ်ပါ စသည်ဖြင့် ရှင်ပြောထွက်လာတယ်။ တကယ်တော့ ဒါရှင့်ကိုယ်ရှင်  ကာကွယ်တာဖြစ်ကောင်းဖြစ်ပေမယ့် လှည့်စားမှုသက်သက်သာဖြစ်တယ်။ သူတို့ရှင့်ကို နှိပ်စက်နေတာတွေ ရပ် တန့်သွားအောင် လုပ်တယ်ဆိုတာ …….ဒီလိုရှောင်ဖယ်လိုက်လို့ လွတ်သွားမယ်၊ တခြားနည်းလမ်းမရှိတော့ဘူး လို့ တွေးမိမယ်။ တခြားသူဖြစ်ချင်တာဖြစ် ရှင်မဖြစ်ရင်ပြီးရော အဲသလိုပေါ့’
‘ မင်းလည်း အဲဒီလိုပဲပေါ့’ ဟု သူက သံယောင်လိုိက်ကာပြောလိုက်သည်။ 
‘ အခုတော့ရှင့်မှာ တခြားသူတွေအတွက် ဘာခံစားချက်မှ မရှိတော့ဘူူး’
‘ မရှိတော့ဘူး’ ဟု သူကပြောသည်။ ‘ မင်းလည်းအဲဒီလိုပဲ ခံစားမိတာပေါ့’
သူတို့နှစ်ဦးမှာ နောက်ထပ်ပြောစရာစကားမရှိတော့ပါ။ လေက သူတို့ခန္တာကိုယ်ကို ဆန့်ကျင်စွာ တိုက် ခတ်နေသည်။ ယခုလိုနှုတ်ဆိတ်နေရတာ ရှက်စရာကောင်းလာသလိုပဲ။ ရာသီဥတုကလည်း အေးဆေးတည် ငြိမ်လှသည်။ ဂျူလီယာကသူ့ကို တစ်ခုခုပြောဖို့ပြင်ရင်း ထရပ်လိုက်သည်။ 
‘ ကျွန်တော်တို့ထပ်တွေ့ကြမယ်’ ဟု သူကပြောလိုက်ပါသည်။ 
‘ အင်း’ သူမကပြောလိုက်သည်။
‘ ကျွန်မတို့ထပ်တွေ့ကြမယ်’ 
ဒါ သူမနှင့် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်မှာလားဆိုတာကို မရေမရာ အဆုံးသတ်ထားသည်။ Smith သည် အမှန်တရားဝန်ကြီးဌာနတွင် အလုပ်ဆက်လုပ်သည်။ သူ့အလုပ်ထဲမှာနှစ်မြုပ်ရင်း မေးခွန်းတစ်စုံတစ်ရာ ပေါ်လာပါ ကွင်းစ ၊ ကွင်းပိတ်ဖြင့် အတွင်းမှာ ထားလိုက်သည့်အခါထား ၊ ကွင်းအပြင်ကို ပို့သည့်အခါပို့ရင်း နေ့ ရက်တို့သည် ပုံမှန်လည်ပတ်သွားသည်။ အဲဒီလိုဘယ်တော့မှ မပြီးဆုံးသေးသည့်အလုပ်တွေကို စက်ရုပ်တစ် ရုပ်လို လှုပ်ရှားရင်းနဲ့ ကိုယ့်အလုပ်က ဒီနေ့ပြီးသွားတာလားလည်းမသိ၊ နောက်တနေ့ ဆက်ချင်သလိုဆက်နေဦး မည်ကို မစဉ်းစား။ လုပ်ဖော်ကို်င်ဖတ်အချင်းချင်းလည်း တစ်ယောက်နဲ့တစ်ယောက်လည်း အသက်မပါတဲ့ အ ကြည့်တွေနဲ့ပဲ ဆုံစည်းလို့ သရဲတစ္ဆေအချင်းချင်း မတော်တဆဆုံမိကာ ခွဲခွာသွားတဲ့ပုံစံမျိုးလိုလို နေ့ရက်တွေ ကျော်ဖြတ်။ နောက်ဆုံးတော့ ပါတီကိုပဲ ယုံကြည်ကိုးစားကာ Big Brother ကိုပဲချစ်ပါတယ် …. ဟူသောအတွေး များသာ သူ့ဦးနှောက်ထဲမှာ ယိုိစီးနစ်ဝင်မှုသာ ကျန်ရစ်ပြီဖြစ်လေသည်။ တစ်စုံတစ်ယောက်နှင့် ဆွေးနွေးတိုင်ပင် ဖို့ စိတ်တောင်မကူးနဲ့။ သံယောဇဉ်လည်းမတွယ်နဲ့။
George Orwell က ငြိမ်ချမ်းရေးဝန်ကြီးဌာန (Ministry of Peace) ဆိုတာ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ၊   ပဋိပက္ခတွေနှင့် ဆိုင်တယ်။ အမှန်တရားဝန်ကြီးဌာန (Ministry of Truth) ဆိုတာ လိမ်ညာမှုများနဲ့ဖြစ်တယ်။  ချစ်ခြင်းမေတ္တာဝန်ကြီးဌာန (Ministry of Love) ဆိုတာ နှိပ်စက်ညဉ်းပန်းခြင်းဖြစ်ပြီး ပေါများကြွယ်ဝခြင်းဝန် ကြီးဌာန (Ministry of Plenty) ဆိုတ ငတ်မွတ်ခြင်းနှင့်အတူပါပဲဟု စာအုပ်၏ အပိုင်း (၂) အခန်း (၉) တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။
1984 ဝထ္ထုကြီးကို George Orwell က ၁၉၄၉ ခုနှစ်မှာ ရေးသားခဲ့သည်။ သူက ၁၉၈၄ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက အဲဒီလိုအခြေအနေမှာ ရောက်နေလိမ့်မည်ဟု အတွေးအခေါ်မြင့်စွာရေးသားခဲ့သည်။ ကမ္ဘာပေါ်မှာ ခွန်အားကြီးမားတဲ့သူတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့သူတွေနဲ့ စစ်မက်ဖြစ်ပွားဖို့လောက်သာ စိတ်ဝင်စားတဲ့သူတွေ  ပဲ ရှိနေမယ်ဟု ဟောကိန်းထုတ်လိုက်တာဖြစ်ပါသည်။ ထို့ပြင် အလွန်အကျွံအလုပ်လုပ်ရခြင်း၊ အစာရေစာလျော့ နည်းစွာ စားသုံးရခြင်း၊ အတိတ်နဲ့အနာဂတ်ကို အဖျက်ဆီးခံထားရခြင်းတွေကြောင့် ပြည်သူပြည်သားများဟာ ပညာညဏ်မဲ့ပြီး စက်ရုပ်တွေဖြစ်လာကာ အစိုးရရဲ့ဖယ်ကြဉ်ခံထားရတဲ့ ကမ္ဘာထဲမှာ ပိတ်မိနေကြလိမ့်မည်ဟု   တွက်ပြခဲ့သည်။ အကယ်၍များ ယင်းအဖြစ်ကို တစ်စုံတစ်ယောက်က ဒေါသနဲ့ ဆန့်ကျင်လိုစိတ်ဖြစ်လာမယ်ဆို ရင် သင့်ကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေက သင့်ကိုအပြစ်ပေးဖို့ စောင့်နေလိမ့်မယ်ဟု Orwell က ထောက်ပြ ထားရုံမက တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့များ သယောဇဉ်တွယ်မိရင် ဒါဟာ ပါတီရဲ့အမြင့်ဆုံး ပြစ်ဒဏ်ကို ခံရဖို့သာရှိတယ်ဟု Smith နှင့် ဂျူလီယာတို့၏အဖြစ်ကို ဖော်ပြထားလေသည်။
George Orwell ၏ ‘1984’  ဝထ္ထုကို စိတ်လှုပ်ရှားစရာ အကောင်းဆုံးဝထ္ထုအဖြစ်လည်းကောင်း၊ စာ ဖတ်သူများ ရင်အခုန်ရဆုံးအဆင့်အဖြစ်လည်းကောင်း သက်မှတ်ခြင်းခံရပါသည်။ 1984 စာအုပ်ကို  ဖတ်ပြီးတဲ့နောက် စာဖတ်သူတွေက မိမိဘေး ပတ်ဝန်းကျင်ကမ္ဘာကြီးကို စောင်းငဲ့ကြည့်ကာ မဖြစ်နိုင်တာတွေ ရေးဖွဲ့ထားတဲ့ ကမ္ဘာတစ်ခု အကြောင်းပဲဟု … အဲဒီလိုတွေးကြသူတွေများပါသည်။ သင်ရော ဘယ်လိုတွေးမိပါသလဲ။
ဂျူနီယာဝင်း

Tuesday, June 21, 2016

ဂျူနီယာဝင်း – ကွိုင်းမြစ်ပေါ်က တံတား

ဂျူနီယာဝင်း – ကွိုင်းမြစ်ပေါ်က တံတား
(အတွေးအမြင် ၂၀၁၆ မေလ အမှတ် ၂၈၇)။ မိုုးမခ၊ ဇွန် ၈၊ ၂၀၁၆
ပြင်သစ်စာရေးဆရာ Pierre Boceille ၏ ဝတ္ထုတပုဒ်ဖြစ်သော Le Pomt de la Rievere Kwai (1952) ကို The Bridge on the River Kwai အမည်ဖြင့် ၁၉၅၇ ခုနှစ်တွင် ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သည်။ ဝတ္ထုသည် ဒုတိယကမ္ဘာစစ်အတွင်းကာလ ၁၉၄၃ ခုနှစ်ကို နောက်ခံပြုထားသည်။ ၁၉၄၃ခုနှစ် ဒုတိကမ္ဘာစ်အတွင်းမှာ ဗြိတိသျှစစ်သားပေါင်းတစ်သောင်းကျော်ဟာ တံတားတည်ဆောက်နေစဉ်အတွင်း အသက်ဆုံးရှုံးရကာ ထို တံတားတလျှောက် မြေနေရာတွေမှာမြှုပ်နှံခဲ့ရသည်။ အနီးအနားက မြို့ရွာများမှ လူပေါင်းတစ်သိန်းနီးပါးဟာလည်း တံတားတည်ဆောက်မှု အတွင်း အသက်ဆုံးကြရသည်။
Kwai (ကွိုင်း)မြစ်သည် ဘန်ကောက်နှင့် ရန်ကုန်ကိုခြားထားသောမြစ်တစင်းဖြစ်ပြီး ထိုမြစ်ကိုဖြတ်၍ တံတားသံလမ်းတခုကို မြန်မာပြည် မှာစခန်းချနေသော ဂျပန်စစ်ဗိုလ် Saito (Sessue Hayakwai) (ဆေးတို)က ဖမ်းဆီးရရှိလာသော ဗြိတိသျှစစ်အကျဉ်းသားများကို ထိုတံတား တည်ဆောက်မှုတွင် အတင်းအဓမ္မလုပ်ကိုင်စေသည်။ Kwai (ကွိုင်း) မြစ်သည် ထိုင်းနိုင်ငံနောက်ဘက်တွင်ရှိပြီး သူ့ကိုဖြတ်သော မီးရထား သံလမ်းသည် အရှည်အားဖြင့် မီတာ ၁၀၀(၃၃ဝပေ)ရှိသည်။ စစ်အတွင်းတုန်းက သံမဏိ၊ ဗုံးဒဏ်ကြောင့် ပျက်စီးသွားပြီး ၁၉၄၅ တွင် သစ် သားဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ ဝတ္ထုသည် ဗြိတိသျှအကျဉ်းသားများအား ဂျပန်စစ်တပ်က ထိုတံတားဆောက်မှုတွင်လုပ်ကိုင်စေ ခြင်း၊ ဂျပန်စစ်တပ်နှင့် ဗြိတိသျှစစ်ဗိုလ်များကြားဆက်ဆံရေး၊ စစ်အတွင်းအခြေအနေများကို ရေးသားထားသည်။ ယင်းဝတ္ထုကိုပုံဖော်ရိုက်ကူး ခဲ့ရာ အော်စကာ ခုနှစ်ဆုရအောင်မြင်သော ရုပ်ရှင်တကားဖြစ်ခဲ့သည်။
ရုပ်ရှင်တွင်တော့ အမှန်တကယ်တံတားမှာ ရိုက်ကူးခဲ့ခြင်းမဟုတ်ဘဲ ထိုတံတားနှင့် ဆင်တူဆောက်ထားပြီး သီရိလင်္ကာရှိ တောတခုတွင် ဖန်တီးကာ ရိုက်ကူးခဲ့ကြသည်။ သို့သော် အပြင်အဆင်ကောင်းခြင်း၊ အပင်ပန်းခံကာ အနုပညာရသမြောက်အောင် ရိုက်ကူးနိုင်ခဲ့ခြင်းတို့ကြောင့် တကယ့်ဖြစ်ရပ်သဖွယ်ခံစားကြည့်၍ရသည်။ စစ်အတွင်းအခြေများသာမက ဘေးပတ်ဝန်းကျင်အနေအထားများကိုပါ ယုံကြည်လောက်အောင် ရိုက်ရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါ။
ဂျပန်အကျဉ်းသားစခန်းဆီကို ဗြိတိသျှစစ်အကျဉ်းသားတွေ ရထားဖြင့် ရောက်လာကြသည်။ ဂျပန်စစ်ဗိုလ်ချုပ်ဆေးတိုက ဗြိတိသျှ အကျဉ်းသားတွေကို “ရာထူးရာခံတွေကို ဂရုမစိုက်ဘူး။ အကျဉ်းသားဟာ အကျဉ်းသားပဲ” ဟုသဘောထားကြောင်း၊ သတိပေးလိုက်သည်။ သည်တော့ သူတို့ဆောက်လုပ်လျက်ရှိသော ကွိုင်တံတားကို ဝင်ရောက်လုပ်ကိုင်ရမည်ဟု အမိန့်ပေေးသည်။ သည်နေရာမှာ အကျဉ်းသားဖြစ် သူ ဗြိတိသျှစစ်ဗိုလ် နစ်ကိုဆင်(Nicholoson) (Alec Guinness) က စစ်အကျဉ်းသားများဆိုင်ရာ လူ့အခွင့်အရေးဥပဒေ ဂျီနီဗာသဘောညီမှု ပြဋ္ဌာန်းချက်ကို ထောက်ပြပြီး စစ်တပ်အရာရှိများအား ယခုလို ခိုင်းစေမျိုး လုပ်ခွင့်မရှိကြောင်း သတိပေးလိုက်သည်။
သည်နေရာမှာ ဂျီနီဗာသဘောတူညီမှု စာချုပ် (Geneva Conventions) ဆိုတာ ၁၈၆၄ ခုနှစ်မှာ လူ့အခွင့်အရေးဆိုင်ရာ စစ်ဥပဒေ ဖြစ်ပါ သည်။ စစ်အတွင်းမှာ လူ့အခွင့်အရေးမချိုးဖောက်ဖို့၊ စစ်အကျဉ်းသားများကို လူ့အခွင့်အရေးအရ ဆက်ဆံဖို့ဆိုတာတွေ ပါဝင်ပါသည်။ ဒဏ်ရာရ သူတွေ၊ ထိခိုက်ခံရသူတွေ၊ စစ်အကျဉ်းသားအဖြစ် ဆွဲယူခံလိုက်ရသောစစ်သားတွေ သာမန်လူတွေကို ကာကွယ်ဖို့ ၁၉၂၉ နောက်ပိုင်းမှာ ထပ်မံ ဖြည့်စွက်ချက်တွေနှင့် ဖြစ်ပါသည်။ ဒါကို ၁၉၄၉ ခုနှစ်မှာ နိုင်ငံပေါင်း ၁၉၆ နိုင်ငံက လက်မှတ်ရေးထိုး သဘောတူခဲ့ကြသည်။ စစ်အတွင်း ကာလမှာ လူ့အခွင့်အရေးမချိုးဖောက်ဖို့၊ ကြက်ခြေနီများအပေါ် မပစ်ခတ်ရတို့၊ နေမကောင်းဖြစ်နေသူတွေ၊ ဒဏ်ရာရသူတွေနဲ့ ဗုံးဒဏ်ကြောင့် ဖြစ်ဖြစ် သင်္ဘောပျက်ကနေလွှင့်လာကြသူ စစ်သားများ၊ လူသာမန်များအပေါ်မထိခိုက်စေရ အစရှိသဖြင့် စစ်၏ဓားစာခံများအပေါ် ဒီစစ်ဥပဒေ ချိုးဖောက်ခြင်းမပြုရအောင် ထပ်မံဖြည့်စွက်ချက်တွေနဲ့ ရေးခဲ့ကြတာဖြစ်လေသည်။
သည်တော့ စစ်ဗိုလ်ချုပ် နစ်ကိုဆင်က ထိုဂျီနီဗာ သဘောတူညီမှုကို ထောက်ပြပြီးဂျပန်စစ်ဗိုလ်ချုပ် ဆေးတိုကို သတိပေးတော့ ဆေး တိုက အဲဒီစစ်ဥပဒေဆိုင်ရာ ဂျီနီဗာပြဋ္ဌာန်းထားတဲ့ စာရွက်စာတမ်းတွေကို နစ်ကိုဆင်ရဲ့မျက်နှာပေါ်ပစ်ပေါက်ပြီး သတ်ပစ်မယ်ဟု ခြိမ်းခြောက် လိုက်သည်။ သူပြောတဲ့စကားက “အခုအချိန်မှာ ဥပဒေတွေ၊ ဘာတွေကျုပ်ကိုလာမပြောနဲ့၊ ဒါစစ်ဖြစ်နေတာ၊ ခရစ်ကတ်ကစားနေတာ မဟုတ် ဘူး” တဲ့။ ပြီးတော့ ဗြိတိသျှစစ်အရာရှိတွေကို အပြစ်ပေးတဲ့အနေနှင့် နေပူထဲမှာချုပ်နှောင်ပြီး ပစ်ထားသည်။ နစ်ကိုဆင်ဟာလည်း သံတိုင် အကျဉ်းအကျပ်ထဲမှာ လှောင်ပိတ်ခံထားရသည်။ နစ်ကိုဆင်က ဆေးတိုနှင့် အလျှော့အတင်း မလုပ်တဲ့အပြင် သူ့တပည့်စစ်တပ် အရာရှိတွေကို လည်း အလျှော့မပေးဖို့ အမိန့်ထုတ်ထားပါသည်။
Nicholsonက ဝတ္ထုထဲမှ စိတ်ကူးယဉ်ဇာတ်ကောင်တကောင်ဖြစ်ပါသည်။ စာရေးဆရာကိုယ်တိုင် ထိုင်းနို်င်ငံမှာ စစ်အကျဉ်းသားအဖြစ် နေထိုင်ခဲ့ရစဉ် သူ့အဖြစ်တွေကို ထည့်သွင်းသရုပ်ဖော်ထားသည်ဟု ယူဆရသည်။ အပြင်လက်တွေ့မှာတော့ အဲဒီနေရာမှာ ဗြိတိသျှစစ်ဗိုလ်ချုပ် Philip Toosey ရှိခဲ့တာပါ။ Toosey ကအဲဒီတုန်းက ဂျပန်စစ်တပ်နဲ့ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်။ မရတဲ့အဆုံး တံတားတည်ဆောက်မှုကို နှေး ကွေးအောင််တတ်နိုင်သလောက် ကြိုးစားခဲ့တယ်။ အုတ်တွေ၊ ကွန်ကရစ်တွေ ရောစပ်မှုမှာ အရည်အသွေးညံ့တာတွေ သုံးခဲ့တယ်။ သစ်သား တွေသုံးတဲ့အခါ ခြစားထားတာတွေ၊ ခြတွေတက်နေတာတွေကို အသုံးပြုခဲ့တယ်။ ဒါတွေကိုတော့ရုပ်ရှင်ထဲမှာ ထင်ရှားအောင် ပြမသွားနိုင်ဘူး လို့ ယူဆရမည်ဖြစ်ပါသည်။ ရုပ်ရှင်ထဲက ဇာတ်ကောင်တချို့ရဲ့အမည်တွေဟာ ထိုရထားလမ်းတည်ဆောက်တုန်းက ပါခဲ့တဲ့အမည် အရင်းတွေ သုံးခဲ့ကြပါသည်။ ဥပမာ- ဂျပန်စစ်ဗိုလ်ချုပ်ဆေးတိုက အပြင်မှာရှိခဲ့တဲ့ ဂျပန်စစ်တပ်က အရာရှိအမည်ပါ။ သူကအဲဒီတုန်းကဆိုရင် အပြင်လက် တွေ့မှာအကြင်နာတရားရှိပြီး မျှတတဲ့စိတ်ထား ရှိသူလို့ ဆိုပါသည်။ Toosey ဟာ စစ်ကာလအတွင်းမှာ ဆေတိုနှင့် အတိုက်အခံလုပ်ခဲ့ပေမယ့် စစ်ပြီးသွားတဲ့နောက် မိတ်ဆွေတွေ ဖြစ်သွားကြပါသည်။
ရုပ်ရှင်မှာပါတဲ့ တံတားက လုံးဝကိုစိတ်ကူးပါပဲ။ အပြင်လက်တွေ့မှာတော့ သစ်သားနဲ့လုပ်တဲ့ အရန်တံတားတစခုရယ်၊ သံမဏိ၊ အုတ်၊ အင်္ဂတေကိုင်ထားတဲ့ ခိုင်မာတဲ့တံတားရယ် နှစ်စင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါသည်။ တံတားနှစ်ခုစလုံးကို နှစ်နှစ်လောက်အသုံးပြုခဲ့ပြီး မဟာ မိတ်တပ်များဗုံးကြဲလို့ ပျက်စီးသွားခဲ့ပါသည်။ ယနေ့မြင်တွေ့ရတဲ့ ကွိုင်းမြစ်ပေါ်ကတံတာက သံမဏိတံတားကို ပြန်လည်ပြုပြင် ထားတာဖြစ်ပါ သည်။ ဂျပန်တွေက သည်ရုပ်ရှင်နဲ့ပတ်သက်ပြီး သဘောမကျတာတွေအများကြီးပါ။ အထူးသဖြင့်ကတော့ သူတို့အင်ဂျင်နီယာတွေက ဗြိတိသျှ အင်ဂျင်နီယာတွေလောက် မတော်ဘူးဆိုတာရယ်၊ ဗြိတိသျှလူမျိုးတွေအပေါ် ဂုဏ်တင်ပြီး ရိုက်ပြထားတာတွေရယ်ကို မကြိုက်ကြပါဘူး။
အတိုချုပ်ဆိုရရင်တော့ ဝတ္ထုကိုမဖတ်ဖူးပေးမယ့် ရုပ်ရှင်တခုလုံးမှာ အဓိကအားဖြင့် ဂျီနီဗာသဘောတူစာချုပ်ကိုဖောက်ဖျက်ခြင်းကို အသားပေးပြထားလို့ ယူဆရပါသည်။ ထိုရုပ်ရှင်ကို လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က ကြည့်ခဲ့ဖူးတာကိုပြန်ပြောင်းတွေးမိသည်။ အဲဒီတုန်းက ဂျပန် စစ်ဗိုလ်ချုပ်က စာရွက်စာတမ်းတွေနဲ့ဗြိတိသျှစစ်ဗိုလ်ချုပ်မျက်နှာကို သူ့တပည့်တွေရှေ့မှာ ပစ်ပေါက်ပစ်လိုက်တဲ့ အခန်းကို ဝိုးတိုးဝါးတား မှတ်မိ နေသည်။ အဲဒီတုန်းကတော့ ဘာစာရွက်စာတမ်းတွေနဲ့ပါလိမ့်ဟုတွေးမိတာသာရှိပြီး အဓိပ္ပာယ်လည်းနားမလည်ပါ။ သြော် …. အခု အနှစ်၂၀ ကျော်ကြာခဲ့ပြီးမှ ထိုဝတ္ထုအကြောင်း၊ ရုပ်ရှင်အကြောင်းဖက်ရင်း အဲဒီအခန်းကိုသဘောပေါက်သွားရသည်။ သည်လိုအပြည်ပြည်ဆိုင်ရာချုပ်ဆို ထားတဲ့ စာချုပ်စာတမ်းများဟာ တကယ့်အပြင်လက်တွေ့ဘဝမှာ ဂျပန်စစ်ဗိုလ်ချုပ်ဆေးတိုပြောခဲ့သလိုပဲ ဘာမှအရာမရောက်ပါလားဟု ရုပ်ရှင် ဇာတ်လမ်းအကြောင်းတွေးရင်း စဉ်းစားနေမိလေတော့သည်။
ဂျူနီယာဝင်း


စာအုပ်ကြော်ငြာ




အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ - ဂျူနီယာဝင်း

ပထမအကြိမ် ၂၀၁၆ ဧပြီ

ထုတ်ဝေသူ - ဦးလှတိုး ရန်အောင်စာပေ
တိုက် ၁၇ အခန်း၂၃ ရွှေအုန်းပင်အိမ်ယာ
အနောက်ရန်ကင်း ရန်ကုန်

ရန်အောင်စာပေ
အထက ၁ ရန်ကင်းကျောင်းရှေ့ ဆိုင် အမှတ် H
၁၂လုံးတန်းမှတ်တိုင်အနီး ရန်ကင်းမြို့နယ်
ဖုန်း - ၀၉  ၅၁၇ ၉ ၃၉ ၈၊ ၀၉  ၇၃၂ ၄၃ ၈၅၁။

အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၃၀၀၀ ကျပ်
မျက်နှာဖုံးဒီဇိုင်း - ကိုနေလင်း
ကွန်ပြူတာစာစီ - ကိုမင်းထွတ်
စာမျက်နှာ - ၄၁၂
စာအုပ်ဆိုဒ် - ၃၀ x ၂၀ စင်တီ

၂၀၀၈ခုနှစ်တုန်းက သိပ္ဗံနဲ့နည်းပညာ ဂျာနယ်တွင် အပတ်စဉ်ရေးသားခဲ့သော စွယ်စုံကျမ်း ဆိုင်ရာ ဆောင်းပါးတချို့နှင့် ထွက်ရှိခဲ့ပြီးဖြစ်သော အမေးအဖြေစွယ်စုံကျမ်း စာအုပ်များဖြစ်သော စကြ၀ဌာ၊ ကမ္ဘာဂြိုလ်၊ ကမ္ဘာ့သမိုင်း၊ လူ့ကိုယ်ခနာ၊ သိပ္ဗံနဲ့နည်းပညာ၊ ကမ္ဘာတခွင်နှင့် အနုပညာအားကစားဖျော်ဖြေရေး စာအုပ် ၇အုပ်အပါအ၀င် မထွက်ရသေးသော သဘာဝကမ္ဘာတို့ကို တစည်းတပေါင်းတည်း ထုတ်ခဲ့သော စာအုပ်ဖြစ်သည်။ Steve Parker, Brian William Q&A Encyclopedia 2004 စာအုပ်ကို အခြေခံကာ ဘာသာပြန်ခဲ့တာဖြစ်ပြီး ၂၀၁၅တိုင် ထူးခြားသော စွယ်စုံကျမ်းအချက်အလက်များကို ဖြည့်စွက်ထားတာကြောင့် ၂၀၁၅ အမေးအဖြေစွယ်စုံကျမ်း အဖြစ်ပြည့်စုံသော၊ သတင်းအချက်အလက်များ စုံလင်သော စာအုပ်ဖြစ်သည်။

စာအုပ်တွင် ဘာသာရပ် ၈ခုကို တပိုင်းစီ တပိုင်းစီ ဖြင့်မေးခွန်းများနဲ့ အဖြေများကို စိတ်ဝင်စားဖွယ်ရေးသားထားသည်။ ထို့ပြင်မြန်မာပြည်အကြောင်းများကိုလည်း သင့်တော်ရာ အခန်းများတွင် ထပ်မံဖြည့်စွက်ကာ ရေးသားထားသည်များ ပါဝင်သည်။ ဥပမာ - ရာသီဦးတု အခန်းတွင် မြန်မာပြည်တွင်ဖြစ်ပျက်ခဲ့သော နာဂစ်မုန်ုတိုင်းအကြောင်းများ ပါဝင်သည်။ ကမ္ဘာ့သမိုင်းအခန်းတွင် ပုဂံရာဇ၀င်ပါဝင်ထားသည်။ ဒဏာရီအကြောင်းတွင် ရွှေတိဂုံဘုရား သမိုင်းအကြောင်းပါဝင်သည်။ ယနေ့ခေတ် မြို့ကြီပြကြီးများတွင် ယခုအခါ ရင်ဆိုင်နေရသော noise pollution အကြောင်းကို မေးခွန်းထုတ်ထားသည်။ အာကာသအကြောင်းများ၊ ကမ္ဘာကြီးအကြောင်းများ၊ တိရိစာန်လေးများအကြောင်း၊ လူ့ကိုယ်ခနာများ၊ လျှပ်စစ်အကြောင်း ….စသဖြင့်  သင်စဉ်းစားမိသော အကြောင်းအရာမှန်သမျှကို မေးခွန်းနဲ့ အဖြေပုံစံများဖြင့် တိုတိုနဲ့လိုရင်းေ၇းသားထားပါသည်။ စာမျက်နှာအားဖြင့် ၄၀၀ကျော်တာကြောင့် အားပါးတရ ဖတ်ရူကြရမည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

Encyclopedia စာအုပ်များဖြင့် ငယ်စဉ်ကတည်းက ရင်းနှီးလာခဲ့ရပြီး ဖတ်ရတာလည်း အလွန်ပျော်စရာကောင်းပါသည်။ စာဖတ်သူများကို သူ့လိုပဲ ဖတ်ရင်းပျော်ရွှင်စေချင်သော စေတနာအပြည့်ဖြင့် ရေးသားခဲ့တာဖြစ်ပါသည်။ ထို့ပြင် စွယ်စုံကျမ်းစာအုပ်များကို သည်စာအုပ်တစ်အုပ်  ဖတ်ရုံနဲ့လည်း မလုံလောက်ပါ။ သည်လိုစာအုပ်တွေကို အပြင်မှာ အင်္ဂလိပ်လိုတွေကို ရှာဖွေဖတ်ရူရင်း သည့်ထက်မကသော ပညာများတိုးပွားစေလိုပါသည်။ ယင်းသည် စာရေးသူ၏ ရည်ရွယ်ချက်ဖြစ်ပါသည်။ စာဖတ်ရင်းဖြင့် ပျော်မွေ့ကြပါစေ။



Monday, May 9, 2016

Book Review - ပျော်ဖို့အတွက် စာဖတ်ပါ

စာအုပ်ကြော်ငြာ -

စာအုပ်အမည် - ပျော်ဖို့အတွက် စာဖတ်ပါ
ရေးသူ - ဂျူနီယာဝင်း
ထုတ်ဝေသူ - ဦးသိန်းလွင် (လင်းလွန်းခင်စာပေ)
လိပ်ကန်ပန်းခြံဈေး၊ လိပ်ကန်လမ်း တိုက်(ဒီ) ပထမထပ် ပုဇွန်တောင်မြို့နယ်
၇န်ကုန်မြို့ ဖုန်း - ၀၉ ၂၂၀၁၇၃၀၊ ၀၉  ၄၂၀၁၄၅၂၃၁။
မျက်နှာဖုံး - ဗဂျီလင်းဝဏ
ပထမအကြိမ် မေလ ၂၀၁၆
အုပ်ေ၇ - ၅၀၀
တန်ဖိုး - ၂၀၀၀ကျပ်

ကိုသီဟလတ်၏ တိုက်တွန်းမူဖြင့် မြန်မာသစ်မဂ္ဂဇင်းတွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၂ ဧပြီလတိုင် ရေးသားဖြစ်ခဲ့သော ပျော်ဖို့အတွက်သာစာဖတ်ပါ ဟူသောလစဉ်ဂဏထဲက စာအုပ် ၈၀ကနေ ယခုအခါ စာအုပ် ၄၀အကြောင်းကို လင်းလွန်းခင်စာပေကနေ ထုတ်ပေးလိုက်လို့ ယခု ထွက်ရှိလာတာဖြစ်ပါသည်။ စာဖတ်တယ်ဆိုတာ ပျော်ဖို့အတွက်ပဲ ဖတ်ရမည် ၊ ပျော်ဖို့အတွက်သာ စာဖတ်ပါ ဟူသော ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ မိသားစုလက်စွဲ ယုံကြည်မူဖြင့် ယနေ့ခေတ်စာဖတ်သူများကို စာဖတ်ဖို့အားပေးလိုက်သော စာအုပ်တစ်အုပ်ဖြစ်သည်။ စာရေးသူကိုယ်တိုင် စာဖတ်ဖို့အားပေးအားထုတ်ရင်းကနေ စာဖတ်တာစွဲသွားအောင် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ခံစားချက်ကနေ ရေးသားဖြစ်ခဲ့သော စာအုပ်တွေအကြောင်းဖြစ်သည်။ စာဖတ်ဖို့အချိန်ပေးရခြင်း၊ တခြားသော ကိစ္စများအပေါ် အာရုံများခြင်း အစရှိသော အကြောင်းပြချက်များဖြင့် စာဖတ်ဖို့ အချိန်မပေးနိုင်ပါက စာဖတ်ဖို့မည်သို့မျှ ဖြစ်နိုင်မှာမဟုတ်ပဲ အချိန်တွေကုန်မှန်းမသိကုန်သွားမည်ဖြစ်ကြောင်းကို ထိုညွှန်းထားသော စာအုပ်များကို  ဖတ်မိရင်း ခံစားမိကြလိမ့်မည်။

စာရေးသူကိုယ်တိုင် မူရင်းအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များကို ဖတ်ရူပြီး ရေးသားချက်များဖြစ်တာကြောင့် စာဖတ်ပရိသတ်များအနေနှင့် သူရေးတာတွေဖတ်ရင်း စာဖတ်ဖို့စိတ်ဝင်စားလာမည်ဆိုပါက အတိုင်းထက်အလွန် ၀မ်းမြောက်မိမည် ဖြစ်ပါသည်။ အာဏာရှင် ဟစ်တလာသည် သူကိုယ်တိုင်စာဖတ်ခြင်းကြောင့် သူဘယ်လောက်ပညာတတ်ခဲ့ တာလဲဆိုတာကို သူအာဏာရချိန်မှာ ပြည်သူလူထုကို စာဖတ်ခွင့်မပေးပဲ စာအုပ်တွေကို မီးရူို့ဖျက်စီးခဲ့ပါသည်။ သူတို့ စစ်အာဏာရှင်တွေ၏ အိမ်မှာတော့ စာကြည့်တိုက်နှင့်၊ စာအုပ်တွေအပြည့်ထားရှိတာ တွေဟာလည်း သမိုင်းမှာ တကယ်ဖြစ်ခဲ့တာပါပဲ။ လူတွေစာဖတ်တာများ သည်လောက်ကြောက်ရသလားဟု အတွေးဝင်လာပါက သင်စာဖတ်ဖို့နည်းနည်းစိတ်ပါလာပြီဟု ယူဆရမည်ဖြစ်ပါသည်။ ဘယ်နှစ်အုပ်ဖတ်ရင် စာဖတ်တာ အကျူိးရှိမှာလဲ ဟုသော မေးခွန်းကိုလည်း မဖြေတတ်ပါ။ ပျော်ဖို့အတွက်သက်သက်ဖြင့်သာ စာဖတ်ဖို့လိုပါသည်။ ဘာရည်ရွယ်ချက်နဲ့မှ စာဖတ်တာမျိုးကို မလုပ်စေချင်ပါ။ စာဖတ်ရင်းနဲ့ ပျော်လာဖို့သာ လိုပါသည်။ စာဖတ်ရင်းပျော်လာလျင် စာဖတ်ပြီးရင်းဖတ်ချင်လာပါလိမ့်မည်။

စာအုပ်တစ်အုပ်ဖတ်ပြီးတဲ့အခါ စာရေးဆရာ အကြောင်းသိချင်လာမည်။ သူရေးသားချိန်တုန်းက သမိုင်းနောက်ခံကို သင်သိချင်လာမည်၊ သည်ဇာတ်လမ်းဘယ်လိုရသလဲဟု သင်စိတ်ဝင်စားလာမည်၊ ၀တ္တုဇတ်ကောင်များကို သင်စိတ်ကူးယဉ်မိလာမည်၊ ၀တ္တုထဲက ဇတ်ဝင်ခန်းများကို သင်မမေ့နိုင်ဖြစ်လာမည် …. သူတို့ပြောသော စကားလုံးတွေကို အလွတ်ရလာမည်၊ ထိုဝတ္ထုကို ရုပ်ရှင်ရိုက်တာတွေကို သင်ကြည့်ချင်လာမည်၊ ထိုရုပ်ရှင်များကို ၀တ္ထုနဲ့ ယှဉ်တွဲကြည့်မိကာ အားမလိုအားမရတွေဖြစ်လာမည်၊ ထိုစာရေးဆ၇ာ၏ အရေးအသားများ အလွန်ကြိုက်လာကာ သည်စာရေးဆရာရေးတာတွေ အကုန်ရှာဖတ်ချင်လာမည်၊ တခါတရံ စာကြောင်းတစ်ခုတွေ့တာနဲ့ ဒါသောမတ်ဟာဒီရေးတာပေါ့၊ ဒါက ချာ်းဒစ်ကင်းပေါံ့ဟု သူတို့ရေးသားမူတွေကို နည်းနည်းလောက် ဖတ်မိရုံနဲ့ သိလာမည်။ သင်ဖတ်ချင်သော စာအုပ်တစ်အုပ်ရှာမရရင် စိတ်မကြည်မလင်ဖြစ်ကာ အိပ်မပျော်နိုင်ဖြစ်လာမည်၊ ကိုယ်ဖတ်ချင်သော စာအုပ်တစ်အုပ်မရမချင်း ဘာမှစိတ်ဝင်စားလို့မရအောင် စိတ်တိုနေမည်၊ စာအုပ်ရှားတဲ့တိုင်းပြည်မှာ နေနေရလေခြင်းဟု ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်ကာ ပတ်ဝန်းကျင်ကို မကျေမနပ်ဖြစ်လာမည်။  ဒါတွေဟာ စာဖတ်တာစွဲရင်းကနေ ရတဲ့အရသာတွေပဲဖြစ်ပါလိမ့်မည်။ သည်တော့ စာဖတ်ဖို့တနေ့ကို ၃နာရီလောက်ပေးပြီး ကိုယ့်ဘ၀မှာ စာဖတ်တာနှင့်ကျေနပ်နေပြီဟု သင့်မှာခံစားမိဖို့ ကြိုးစားရမှာ လွယ်တော့မလွယ်ပါ။ သို့သော် ဤသို့သောစိတ်ဖြင့် တကယ်စာအုပ်တွေဖတ်ပြီး ပျော်ရွှင်နေသူတစ်ဦးက ရေးလိုက်သော စာအုပ်တွေအကြောင်းကို သင်ဖတ်လိုက်ပါကလည်း သူ့လိုစိတ်လေးဝင်သွားမည်ဆိုပါလျှင် အလွန်ကျေနပ်စရာဖြစ်ပါလိမ့်မည်။




Book Review - မောင်တို့ယောင်္ကျား

စာအုပ်ကြော်ငြာ

စာအုပ်အမည် - မောင်တို့ယောင်္ကျား
ရေးသူ - ခင်မျိုးချစ်
ပထမအကြိမ် - ၁၉ ၄၈
ဒုတိယအကြိမ် - ၂၀၀၃
တတိယအကြိမ် - ၂၀၁၆ဇန်န၀ါရီ
ဇွန်ပွင့်စာအုပ်တိုက် အမှတ် ၂၅၇၊ ၃၉ လမ်း
ကျောက်တံတား၊ ရန်ကုန်။
မျက်နှာဖုံးဒီဇိုင်း - ၀င်းမြင့်ဦး
အုပ်ရေ - ၅၀၀
တန်ဖိုး - ၁၈၀၀ကျပ်

ဂျပန်ခေတ်တွင်း ဆိုးဝါးစွာကျော်ဖြတ်ခဲ့ရသည့် ကံတရားလှိုင်းတံပိုးကို အပျော်ခရီးထွက်သလို ပျော်ပျော်ကြီးစီးနေကြသော ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ မောင်နှံ၏ အဖြစ်အပျက်တစိတ်တဒေသကို လှစ်ဟပြခဲ့သည့် သည်ဝတ္ထုအဖြစ် ဆရာတင့်တယ်က ရည်ညွန်းရေးသားထားလေသည်။ ဘာလို့ဆို သူကိုယ်တိုင်က သူတို့နှစ်ဦးအကြောင်း အနီးကပ် သိထားသောကြောင့် ဖြစ်လေသည်။ ထိုဝတ္ထုထဲကအဓိကဇာတ်လိုက်သည် မုဆိုးဖိုတစ်ဦးဟု ရေးသားခဲ့ခြင်းကြောင့် ဒေါ်ခင်မျိုးချစ်၏ ခင်ပွန်းဦးခင်မောင်လတ်ကို စာဖတ်ပရိသတ်က မုဆိုးဖိုဟု အထင်ရောက်ရပုံကို သူတို့နှစ်ဦးပြန်ပြောင်းပြောဆိုကြကာ ရယ်မောနေကြတာ တွေ့ဖူးပါသည်။ ၀တ္ထုသည် သွက်လက်စွာပင် လှူပ်ရှားလျက်ရှိကာ စာဖတ်သူများအား ပွင့်လင်းတောက်ပသော အမြင်များဖြင့် ဇာတ်ကွက်များသည် သင့်စိတ်အာရုံအား တဖြေးဖြေးဖမ်းစားသွားမည် ဖြစ်ပါသည်။ ဆရာတင့်တယ်၏ မှတ်ချက်အရ ဤ၀တ္ထုကြီးကား တကယ်ပင်ထူးသော ၀တ္ထုဆန်းကြီးတစ်ပုဒ်ဟု ဆိုပါက ဒေါ်ခင်မျူိးချစ်ကတော့ “ကြံကြံဖန်ဖန်….. ရိုဇာအီလီရစ်ခ်ျ ဘလူးရီးဖေးစကီး ကိုဖတ်ဖူးဖူးလား“ ဟု ပြန်ပြောလေမည် ဖြစ်ပါသည်။ သည်တော့ စာကြီးပေကြီးများ ဖတ်ရည်ဝနေသော ဒေါ်ခင်မျိုးချစ်က သူ့ပညာစွမ်းဖြင့် ဖန်တီးလိုက်သော မောင်တို့ယောင်္ကျား ၀တ္ထုကြီးသည် တကယ်ပဲ မြန်မာ့တေးသံများစီးဝင်နေသော၊ အနှစ်သာရပြည့်ဝသော၊ မြန်မာအမျိုးသမီးလေးများ၏ သဘောသဘာဝကို ပေါ်လွင်သော၊ အိမ်ထောင်ရှင်အမျိုးသား အမျိုးသမီးများ၏ဘ၀ကို စူးရှသောအမြင်များဖြင့် ရေးသားထားသည့် ချစ်စရာ မြန်မာဝတ္ထုကောင်းတစ်ပုဒ် ဖြစ်သွားလေတော့သတည်း။ 

Wednesday, March 23, 2016

ကိုယ်တွေ့ဖြစ်ရပ်များကို ရေးသားခဲ့သူ ဂျူနီယာဝင်း

(အတွေးအမြင် အမှတ် ၂၇၄)     
ကိုယ်တွေ့ဖြစ်ရပ်များကို ရေးသားခဲ့သူ
            ဂျူနီယာဝင်း


ဂျာမန်စာရေးဆရာ Erizh Maria Remarque ရေးသားခဲ့သော All Quite on the Western Front (1929) တွင် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဆိုးဆိုးရွားရွားအတွေ့အကြုံများကို အခြေခံ၍ ရေးသားထားသောကြောင့် ဖတ်ရသူအပေါင်း သူနှင့် ထပ်တူ နက်ရှိုင်းသော ခံစားချက်များ ရခဲ့ခြင်းဖြစ်လေသည်ဟု ကောက်ချက်ချခြင်း ခံရပါသည်။ Remarque သည် စာအုပ်ထဲတွင် သူ၏ ဆိုးရွားခက်ခဲလှသည့် ဘဝအတွေ့အကြုံ အဖြစ်အပျက်များ၊ အတွေ့အကြုံများကို မည်သို့ မည်ပုံ ကျော်ဖြတ် ရင်ဆိုင်ခဲ့ရပုံများကို ဝတ္ထုကြီးတစ်လျှောက် ရေးသားထားခြင်းဖြစ်ပါသည်။
            Remarque သည် ပြင်သစ်မျိုးနွယ်မိသားစုမှ ဆင်းသက်လာကာ ဖခင်က ဂျာမန်လူမျိုး စာအုပ်ချုပ်သမားဖြစ်သည်။ ၁၈၉၇ ခုနှစ်တွင် ဂျာမနီ၌ မွေးဖွားပြီး မွေးရပ်မြေ Westphalia တွင် ပညာဆည်းပူးခဲ့ကာ အသက် ၁၈နှစ်အရွယ်မှာ ဂျာမန်စစ်တပ်ထဲဝင်ခဲ့ရသည်။ ပထမ ကမ္ဘာစစ်အတွင်း စစ်မှုထမ်းဖို့ဖြစ်သည်။ ငါးကြိမ်လောက် ဒဏ်ရာရရှိခဲ့ကာ နောက်ဆုံးအကြိမ်မှာ အဆိုးရွားဆုံးဖြစ်သည်။
            စစ်ပြီးနောက်သူ ဇာတိမြို့သို့ပြန်ခဲ့သည်။ အစိုးရကပေးသော ကျောင်းဆရာအလုပ်ကို လုပ်ခဲ့သည်။ သူ တစ်နှစ်လောက်သာ စာသင်ပြီး ထွက်လိုက်သည်။ သူသည် ကျောက်တုံးများ ဖြတ်သော အလုပ်ကြမ်းများ၊ စက်ပြင်ဆရာ၊ လက်သမား စသည်ဖြင့် အလုပ်များ ပေါင််းစုံအောင်လုပ်သည်။ သို့သော် သူကား ဂနာမငြိမ်ဖြစ်နေဆဲ ဖြစ်သည်။ သူ့စိတ်အစဉ်သည် စစ်မူထမ်းခဲ့ရသော အတွေ့အကြုံများ၏ ဆိုးရွားလှသည့် စိတ်ခံစားချက်များကြောင့် အနှောင့်အယှက်ဖြစ်ကာ တစ်နေရာတည်း စိတ်ကိုမမြဲနိုင်၊ မထားနိုင် ဖြစ်နေရသည်။ ထို့နောက် သူနှင့် သူ့သူငယ်ချင်းအုပ်စုပေါင်းကာ ဂျစ်ပစီတွေလို ခရီးတွေလျှောက် ထွက်ကြ သည်။
            Remarque သည် ဘာလင်အရောက်တွင် မော်တော်ကားတာယာ ကုမ္ပဏီတွင် အစမ်းဒရိုင်ဘာ ဝင်လုပ်သည်။ ထိုသို့လုပ်နေစဉ် Swiss မော်တော်ကားမဂ္ဂဇင်းအတွက် ဆောင်းပါးများ ရေးသားသည်။ ထို့ပြင်သူလုပ်ကိုင်နေသော မော်တော်ကားကုမ္ပဏီအတွက် ကြော်ငြာစာတန်းများလည်း ရေးသည်။ မကြာမီ ဂျာမန်အားကစားမဂ္ဂဇင်းတွင် လက်ထောက်အယ်ဒီတာ ဖြစ်လာသည်။
            ၁၉၂၉ ခုနှစ်တွင် Remarque သည် ပထမဆုံးဝတ္ထုကြီး ‘All Quiet On The Westem Front’ ထုတ်ဝေခဲ့ရာ အလွန်အောင်မြင်သွားသည်။ ထိုဝတ္ထုဇာတ်လမ်းအား သူ၏ စစ်အတွင်းမှာ ကြုံခဲ့ရသော ဆိုးရွားသော နေ့ရက်များဖြစ်ကာ သူ့ခေါင်းထဲ မမေ့မဖျောက်နိုင် ရှိနေဆဲအကြောင်းအရာများ ဖြစ်လေသည်။ သူ့ရေးသားချက်၏ အဓိက ရည်ရွယ်ချက်ကတော့ စစ်၏ အနိဌာရုံများကို ပေးလိုခြင်းနှင့် စစ်အတွင်းမှာ ဘယ်သူမှ အနိုင်မရှိအရှုံးချည်းသာ ရှိသည်ဟူသော အချက်ကို သိရှိစေရန် ဖြစ်သည်။ သို့သော် အစပိုင်းထုတ်ဝေသူများက သူ့စာအုပ်ထုတ်ဖို့ စိတ်မဝင်စားကြပါ။ သူရေးသားချက်တွေက ဘယ်သူမှ ဖတ်မှာမဟုတ်ဟု ယူဆထားကြသည်။ တစ်ယောက်သောထုတ်ဝေသူက စိတ်မပါ့တပါဖြင့် ထုတ်ခဲ့ခြင်းဖြစ်သည်။
            ထိုပထမဆုံး ထုတ်ဝေစဉ် အချိန်မှာပင် စာအုပ်သည် အရောင်းသွက်ခဲ့သည်။ ပထမတစ်နှစ်မှာ ဂျာမနီတစ်ခုတည်းတွင်ပင် စာအုပ်တစ်သန်းကျော်ရောင်းရသည်။ ထို့ပြင် ဘာသာပေါင််းစုံဘာသာပြန်ခြင်းခံရပြီး ရုပ်ရှင်အထိပင် အထူးအောင်မြင်သွားသည်။ Remarque လည်း ချက်ချင်းပင် ချမ်းသာသွားသည်။
            သူ၏ အောင်မြင်မှုသည် သူ့ကို ပြန်ဒုက္ခပေးသလို ဖြစ်သွားသည်။ ဂျာမနီသည် စစ်တပ်အုပ်ချုပ်သောနိုင်ငံဖြစ်သည်။ သူ၏ စစ်တပ်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်မှုများသည် အာဏာရှိသောရန်သူများကို တိုးပွားစေလေသည်။ သူသည် စိတ်ဓာတ်ပြင်းထန်ပြီး သဘာဝအားဖြင့် တက်ကြွသူဖြစ်သော်လည်း ရှက်တတ်သူတစ်ဦးသာ ဖြစ်သည်။ သူ့အား ဖိအားပေးမှုများကြောင့် ဆွတ်ဇာလန်သို့ ထွက်သွားသည်။ ၁၉၃၂ခုနှစ်တွင် Lake Maggiore တွင် အိမ်ဆောက်ကာ နေသည်။ စစ်အတွင်းရခဲ့သော ဒဏ်ရာများသည် သူ၏အဆုတ်ကို ထိခိုက်စေကာ ဆွတ်ဇာလန်မှာပင် ဆက်လက်အနားယူနေရသည်။ မိခင်တိုင်းပြည်သို့ မပြန်နိုင်သေးပါ။ သူ့ရောဂါတော်တော်လေး ပြန်ကောင်းလာကာ ခရီးပြန်ထွက်နိုင်သော အခြေအနေရောက်လာသောအချိန်တွင် ဂျာမနီသို့မပြန်နိုင်တော့။ နာဇီတပ်များက ဂျာမနီတွင် တန်ခိုးအာဏာကြီးမားနေချိန်ဖြစ်လေသည်။
            နာဇီများသည်  Remarque ၏စာအုပ်များကို မီးရှို့ပစ်ကာ ၁၉၃၈တွင် Remarque ကို ဂျာမနီနိုင်ငံသားအဖြစ်မှ ပယ်ဖျက်ပစ်လိုက်သည်။ ၁၉၃၉ တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူလိုက်သည်။
            Rimarque သည် တေးဂီတကို ချစ်မြတ်နိုးသူဖြစ်ပြီး သူကိုယ်တိုင်လည်း ဂီတသမားတစ်ဦးဖြစ်လေသည်။ Remarque သည် နာမည်ကြီးစာရေးဆရာတစ်ဦးအဖြစ် အသိအမှတ်ပြုခံရကာ သူရေးသော ဝတ္ထု၏ စိတ်ကူးများကား တစ်မူထူးခြား နက်ရှိုင်းလှသည်ဟု ပြောစမှတ်ပြုကြပါသည်။ ‘All Quiet On The Westem Front’ အပြင် “The Road Back’ နှင့် ‘Axh of Triumph’ တို့သည်လည်း  ထင်ရှားသောစာအုပ်များဖြစ်သည်။
            စာရေးဆရာက သူ၏ ‘All quiet on the Westem Front’ ဝတ္ထုနှင့် ပတ်သက်၍ ယခုလိုဆိုထားသည်။
            ‘ဒီစာအုပ်ဟာ တစ်ပါးသူကို စွပ်စွဲတာလည်းမဟုတ်၊ ဝန်ခံတာလည်း မဟုတ်ပါဘူး။ ပြောရရင်စွန့်စားခန်းတောင်မဟုတ်ပါ။ သေမင်းတမန်နဲ့ မျက်နှာချင်းဆိုင် စစ်ခင်းနေရတဲ့ သူတွေအတွက် ဘယ်လိုလုပ် စွန့်စားခန်းဖြစ်မှာလဲ။ လူ့မျိုးဥတွေထဲက ပေါက်ဖွားလာတဲ့လူမျိုးနွယ်တစ်စုဟာ စစ်ကြောင့် အဖျက်ဆီးခံလိုက်ရတာကို ရေးသားထားခြင်းသာဖြစ်ပါတယ်။’
            ဟူ၍ သူ့စာအုပ်ရှေ့စာမျက်နှာတွင်ဖော်ပြထားတာတွေ့ရသည်။
            ဝတ္ထုတစ်ခုလုံးတွင် ဂျာမန်စစ််််််သားများ လွန်လွန်ကျူးကျူးပင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ စစ်အတွင် အဖိနှိပ်ခံရပုံများကို ရေးသားဖော်ပြထားသည်။ သူတို့အားလုံးသည် ဂျာမန်ပြည်သူပြည်သားများ၏ သားသမီးများဖြစ်သော်လည်း အလွန်ဆိုးရွားသော နှိပ်စက်ခံရမှုများကြောင့် စစ်မျက်နှာမှ မိဘများရှိရာ ခေတ္တခဏပြန်လာချိန်မှာပင် သွေးသားများအပေါ် သံယောဇဉ်လျော့နည်းသွားကာ မိမိအိမ်ရာကိုပင် မခင်တွယ််နိုင်။ မိသားစုဘဝဖြင့် မနေနိုင်ဖြစ်ပြီး စိတ်များယောက်ယက်ခတ်လျက်ရှိနေပုံများကို ရေးသားထားတာတွေ့ရသည်။ စစ်မျက်နှာသို့ ခွင်စေ့၍ စစ်တလင်းထဲ ပြန်ရမှာကိုပင် ကိုယ့်အိ်မ်ကိုယ့်ရာ ပြန်သွားရတော့မည်ဟုခံစားမိပုံများကို ဖော်ကျူးရေးသားထားသည်။ ယင်းအဖြစ်သည်ပင် ဂျာမန်စစ်ခေါင်းဆောင်ကြီးများ၏ ရည်ရွယ်ချက် အောင်မြင်ခြင်း ဖြစ်ပေလိမ့်မည်။ စာရေးဆရာသည် ယင်းအဖြစ်အပျက်များကို ကိုယ်တိုင်ကြုံတွေ့ကာ ရေးသားခဲ့ခြင်းများဖြစ်ကြောင်းကို သူ့ဇာတ်ကောင် Paul Baumer ၏ စိတ်တွင်းခံစားချက်များကို ဖတ်ရင်း သိရှိရပေသည်။ သူတို့တစ်တွေဟာ သူစိမ်းတွေဖြစ်ကာ ပတ်ဝန်းကျင်နှင့် ကင်းကွာ၊ စစ်တိုက်ခြင်းသာလျှင် သူတို့ဘဝ၊ လက်နက်များသာလျှင်လည်း စစ်၏ဇာတ်သွင်းခံရမှုကြောင့် လူသားများမဟုတ်သည့် စစ်သားကောင်တွေအဖြစ် ရောက်သွားကာ ဘဝပျက်သွားတာမဟုတ် ဘဝပြောင်းသွားသူများအဖြစ် မြင်မိသည်။
            အဓိကဇာတ်ကောင် Paul Barmer သည် မိဘများက ခေတ်ပညာတတ်များဖြစ်သော်လည်း စစ်ထဲဝင်လိုက်ရပြီးနောက်မှာ မိသားစုဘဝကို ပြန်ပြီးခံစားနိုင်စွမ်းမရှိတော့ခြင်းကို စာရေးဆရာက အသေးစိတ်ရေးသားထားတာကို တွေ့ရသည်။ ယင်းဖြစ်အင်သည် သူကိုယ်တိုင် စစ်ကြီးပြီးသွားလို့ ကိုယ့်နေရပ်ပြန်လာချိန်မှာ စိတ်မတည်မငြိမ်ဖြစ်ကာ ဘာအလုပ်မှ စွဲပြီး လုပ်၍မရနိုင် ကယောင်ချောက်ချားဖြစ်ရခြင်းများကို ခံစားထားသည်ကို တွေ့ရမည်ဖြစ်သည်။ စစ်မျက်နှာပြင်မှ အိမ်ပြန်ချင်၍ မရနိုင်၊ တချို့က အိမ်ကိုအာဏာဖီဆန်၍ ပြန်သွားလို့ အပြစ်ပေးခံကြရ၊ တချို့မှာ အိမ်ကိုလွမ်းသည့်စိ်တ်ဖြင့် စိတ်အဆင်းရဲကြီးဆင်းရဲကြ၊ ဒါတွေကိုတွေ့မြင်ရသော်လည်း Paulသည် အိမ်ခဏပြန်ရချိန်မှာ ပျော်ရွှင်ရတာထက် စိတ်ဆင်းရဲရတာ ပိုများနေရသည်။ ပတ်ဝန်းကျင်ကလည်း အရင်ကနဲ့ မတူသလိုလို၊ မိမိနေအိမ်ကိုလည်း စိမ်းနေမိကာ အလွန်နှိပ်စက်သော ရှေ့တန်းက စစ်ဗိုလ်ချုပ်များ ဒဏ်ကို မခံနိုင်သော်လည်း အတူတကွနေခဲ့သည့် သူငယ်ချင်းများကို လွမ်းမိကာ ထိုနေရာကိုပင် ကိုယ့်အိမ်ရာဟု စိတ်ထဲမှာ တွေးထင်ခံစားမိရလေသည်။
            Paul သည် ခွင့်ရ၍ အိမ်ခဏပြန်လာသည်။ နေမကောင်းဖြစ်နေသော မိခင်၊ ဂုဏ်ယူနေသော ဖခင်၊ စိတ်ပူပင်စွာ စောင့်နေရှာသော ညီမနှင့် မိခင်တို့နှင့် တွေ့ရသည်။ မိခင်နှင့်တွေ့ရတာ စိတ်ကျေနပ်မိကာ မျက်ရည်ကျသည်အထိ စိတ်ထိခိုက်ရသည်။ မိသားစုကိစ္စများသည် သူ့အတွက် ဝေးကွာသွားသည်။ ထိုအဖြစ်ကို Remarque က အခုလိုု ရေးသားထားပါသည်။

            “ ကျွန်တော် စစ်ထဲမဝင်ခင်ကာလကို သတိရမိတယ်။ ကျွန်တော်ဟာ လုံးဝကို ကွာခြားသွားပြီ၊ ဟုတ်တယ်… ဒီတစ်နှစ်အတွင်းမှာ ကျွန်တော်ပြောင်းလဲသွားပြီ၊ အဲဒီကာလဟာ ချောက်ကမ်းပါး တစ်ခု ခြားသွားသလိုပါလား။ အဲဒီတုန်းက ကျွန်တော်ဟာ စစ်ဆိုတာ ဘာမှန်းတောင်မသိခဲ့ဘူး။ သိပ်ကို တိတ်ဆိတ်ငြိမ်သက်တဲ့ ဘဝမှာ နေခဲ့ရတယ်။ အခုဒါတွေဟာ အိပ်မက်ဖြစ်သွားတယ်။ ဒီနေရာဟာ ကျွန်တော့်နေရာမဟုတ်တော့ဘူး။ ဒီအိပ်ရာဟာ တခြားကမ္ဘာ။ သူတို့တွေက မေးခွန်းတွေမေးကြတယ်။ တချို့က ဘာမှမမေးကြဘူး။ မမေးတဲ့သူတွေက အဲဒီလို ဆိတ်ဆိတ်နေခြင်းကို ဂုဏ်ယူနေကြလိမ့်မယ်။ ဒီလိုမေးခွန်းမျိုးမမေးသင့်၊ မပြောသင့်ကြောင်းကို သူတို့ ကိုယ်သူတို့ ပညာတတ််ပုံစံနဲ့ ပြောကြလိမ့်မယ်။

            “ ကျွန်တော်တစ်ဦးတည်းပဲ နေချင်တယ်။ ကျွန်တော်ဟာ သူတို့နဲ့ ဘာမှမဆိုင်တော့ဘူး။ ကျွန်တော်နေထိုင်ရှင်သန်ခဲ့တဲ့နေရာဟာ ကျွန်တော်နဲ့ ဘာမှ မပတ်သက်တော့ဘူး။ ဒီအခန်းက ကျွန်တော်စစ်သားမဖြစ်ခင်က ကျွန်တော်နေခဲ့တဲ့ ကျွန်တော့်အခန်း၊ ကျွန်တော်ပိုက်ဆံစုပြီး ဝယ်ခဲ့တဲ့ စာအုပ်တွေ၊ ကျွန်တော်ရဲ့ကျောင်းစာအုပ်တွေကတော့ ဟောင်းနွမ်းနေပြီ။ ကျွန်တော်ကိုယ်ကျွန်တော် ဒီအိမ်သားတစ်ယောက်လို ကြိုးစားပြီးနေကြည့်တယ်။ ပြတင်းပေါက်က လှမ်းမြင်လိုက်ရတဲ့ မြင်နေကျလမ်းကလေး၊ ဘုရားရှိခိုးကျောင်း ဒါတွေဟာ ရင်းနှီးနေတဲ့ နေရာတွေ။

            “ စားပွဲပေါ်မှာ ပန်းတွေ၊ ဘောပင်ထည့်တာ၊ စာရွက်ဖိတာ၊ မင်အိုးအားလုံးဟာ ဘာမှမပြောင်းလဲဘူး။

            “ကျွန်တော်ကံကောင်းရင်ပေါ့လေ။ စစ်ကြီးပြီးသွားရင် ဒီနေရာကို ပြန်ရောက်လာမယ်။ အခုလိုပဲ ထိုင်ပြီး အခန်းလေးကို ကြည့်မယ်… အခုတော့… စာအုပ်တစ်အုပ်ကောက်ကိုင်ပြီး ဖတ်ဖို့ကြိုးစားတယ်။ ပြန်ချထားမိတယ်။ နောက်တစ်အုပ်…စာမျက်နှာတွေမှာ ဟိုတုန်းက မှတ်ထားတာလေးတွေ တွေ့နေရတယ်။

            “ အခန်းထဲက ပြန်ထွက်လာတော့ ကိုယ့်အခန်းထဲကို ပြန်မသွားချင်ဘူး။ ဒီရက်ပိုင်းကလေးမှာ ကျွန်တော်ဘာမှတ်ချက်မှ မချလိုဘူး။ အချိန်တွေအများကြီးရှိနေရင်ရှိနေဦးမှာ။ ကျွန်တော်ပြန်သွားရတော့မယ်။ မပြန်ခင်သေဆုံးသွားတဲ့ သူငယ်ချင်းမိတ်ဆွေတွေဆီ သွားတွေ့ရတာ နာကျင်စရာကောင်းလိုက်တာ။ အသေဆိုးနဲ့ သေဆုံးသွားသူတွေအကြောင်းကို သူတို့မိခင်တွေရှေ့ လိမ်ပြောရတာ ပင်ပန်းတယ်။      ‘အန်တီ့ရဲ့သား … ဘာမှမခံစားရဘဲ သေဆုံးသွားတာပါ’။ သိပ်ကိုသိချင်နေတဲ့ သူငယ်ချင်းရဲ့ မိခင်ဖြစ်သူ စိတ်ချမ်းသာအောင် ပြောရတဲ့စကားတွေ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ပျက်မိတယ်။ ‘ရှေ့တန်းမှာ စားစရာ သောက်စရာတွေ တစ်ပုံကြီးပါ။ ကောငး်ကောင်းလည်းအိပ်ရပါတယ်။ ဘာမှ အန္တရယ်မရှိပါဘူး။ ဘာမှစိတ်မပူပါနဲ့၊ ကျွန်တော်ပြန်လာခဲ့မယ်”

            “ ကျွန်တော် နောက်နေ့မနက် ပြန်ရတော့မည်။ ကျွန်တော့်ခေါင်းအုံးကို ကျွန်တော်ကိုက်ဖြတ်၊ ကုတင်တိုင်ကို လက်သီးနဲ့ ဆုပ်ကိုင်…ကျွန်တော်ဒီနေရာကို မလာသင့်ဘူး။ ဒီနေရာကနေ ထွက်သွားတာနဲ့ ကျွန်တော်ဟာ တခြားလူဖြစ်သွားပြီ။ မျှော်လင့်ချက်လည်းမရှိဘူး။ အခုကျွန်တော့်မှာ စိတ်ဆင်းရဲတာရယ်၊ မိသားစုလည်း စိတ်ပူပင်စွာ ကျန်ခဲ့မှာရယ် ဒါတွေပဲရလိုက်တယ်။”

“နောက်တစ်ခါ ခွင့်ရရင် ကျွန်တော်ပြန်မလာတော့ဘူး”

            အထူးသဖြင့် ကောင်းကောင်းမွန်မွန်ဆက်ဆံမခံရခြင်း။ အထက်အရာရှိများ၏ အနှိပ်စက်ခံရခြင်းများက ကိုယ့်အိမ်ကိုယ့်ရာမှာ အသက်ရှင်ရက် ပြန်လာရင်တောင်မှ တော်တော်ကြီးကို စိတ်တည်ငြိမ်မှုထားနိုင်မှသာ ရူးသွပ်မသွားနိုင်ကြောင်းကို Remarque ရေးသားချက်များအရ သိရှိရပေသည်။

            နိဂုံးချုပ်ဆိုရလျှင်တော့ Remarque ဟာ သူကြုံတွေ့ခဲ့ရသော စစ်အတွင်းအတွေ့အကြုံများကို အခုလို ပွင့်ပွင့်လင်းလင်း နှင့် အမှန်အတိုင်း ရေးသားတင်ပြလိုက်ခြင်းအတွက် စာဖတ်ပရိသတ်များ အားပေးမှု၊ စာဖတ်သူများ၏ နှစ်သက်မှုများခံခဲ့ရခြင်းသည် ထင်ရှားသည်။ အမှန်အတိုင်း ရေးသားထုတ်ဖော်မှုကို လူတိုင်းက သဘောကျနှစ်သက်သည် မှန်သော်လည်း စစ်အာဏာရှင်များ သဘောမကျမနှစ်သက်ပါက ကံမကောင်းလျှင် ဒုက္ခအကြီးအကျယ်ရောက်နို်ငတာတွေ့ရသည်။ ဝတ္ထုထဲ တွင် Paul သည် စစ်တိုက်ရင်း သေဆုံးသွားသည်။ လက်တွေ့ဘဝတွင် စာရေးဆရာ Remarque သည် ပြင်ပနိုုိ်င်ငံမှာ နေထိုင်ရင်း သေဆုံးသွားသည်။ သေဆုံးသွားသည့်နေရာဌာနချင်း မတူသော်လည်း သူကြုံတွေ့ခဲ့ရသော ဘဝဇာတ်ကြောင်းသည် စစ်အတွင်းမှာရော၊ ပြင်ပလူသာမန်ဘဝမှာရော ကြုံခဲ့ရသောအဖြစ်ချင်းက အတူတူပါပဲ။ လက်နက်ကိုင်ရသောအခြေအနေနှင့် ကလောင်တံကိုင်ရသော အခြေအနေနှစ်ခုသာ ကွာခြားသွားတာပါ။ လူတိုင်းလူတိုင်းဟာ ဘဝတိုက်ပွဲကို အမှန်အတိုင်းလျှောက်လှမ်းသူတိုင်း ကြမ်းတမ်းခက်ခဲပါပေတယ် Remaque ၏ ဘဝကို နှိုင်းယှဉ်မိရင်း ကောက်ချက်ချမိလိုက်ရပါတော့သည်။

                                                                                                                                                                                                                                                ဂျူနီယာဝင်း