(လက်နှစ်ဖက်နဲ့ကိုင်ပြီး စာတစ်အုပ်ကိုဖတ်တဲ့အချိန်မှာ ကိုယ့်စိတ်ထဲယုံကြည်မူရှိနေတယ်။ ဒီစာအုပ်ကို ကျွန်မပိုင်တယ်။) ဒစ်ဂျစ်တယ်စာအုပ်များနှင့် ကျွန်မ ဂျူနီယာဝင်း၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ ကျွန်မသူငယ်ချင်းတွေက တက်ဘလက်သုံးပြီး စာဖတ်ဖို့ အကြံပေးကြတယ်။ ပိုကောင်းသတဲ့။ တက်ဘလက်ဆိုတဲ့ အမည် စ ကြားတုန်းက သောက်ဆေးလား၊ ဆေးလုံးလားနဲ့ တွေးမိသေးတယ်။ နောက်တော့မှ အဲဒါက အိုင်ပေါ့တို့ အိုင်ဘွတ်တို့လို အသုံးကျမှန်း သိသွားတယ်။ တက်ဘလက်က သယ်ဆောင်လို့ရတဲ့ ပစ္စည်းတစ်ခုပဲ။ အဲဒီပစ္စည်းလေးကို ကျွန်မသူငယ်ချင်းတစ်ယောက်ဆီမှာ ပထမဦးဆုံးမြင်ဖူးခဲ့တယ်။ သူက ထောင့်မှန်စတုဂံ အဖြူရောင်ကျောက်သင်ပုန်းလေးလိုပဲ။ ၆လက်မ ၁၂လက်မ အလျားအနံ အရွယ်အစားရှိတယ်။ သူ့အထူကတော့ တော်တော်ပါးတယ်။ သူငယ်ချင်းကပြောတာတော့ အဲသည်ထဲ အချက်အလက်တွေ စာအုပ်တွေ ဓါတ်ပုံတွေ သိမ်းထားလို့ရသတဲ့။ အကယ်၍ စာအုပ်အဟောင်းတွေ စာအုပ်ဆိုင်တွေမှာ ရှာမရတာတွေကို အင်တာနက်ထဲရှာပြီး တက်ဘလက်ထဲ ဒေါင်းလုပ်လုပ်ထားလို့ ရတယ်လို့ ဆိုတယ်။ အကြံဉာဏ်များရယူခြင်း ကျွန်မရဲ့ ဝမ်းကွဲမောင်လေးကို မေးကြည့်တော့ သူကပြောတာတော့ ကျွန်မတို့တိုင်းပြည်က ဒစ်ဂျစ်တယ်စာအုပ်တွေရဖို့ မလွယ်ဖူးတဲ့။ ဘာပဲဖြစ်ဖြစ်တော့ ဖရီးတွေတော့ အများကြီးရှိသတဲ့။ တက်ဘလက်က အိုင်ဘွတ်လိုလဲသုံးရ၊ မိုဘိုင်းလိုလဲ သုံးလို့ရသတဲ့။ သူကအကြံပေးတာတော့ မိုဘိုင်းထဲ ဒေါင်းလုပ်လုပ်ပြီး ဖရီးစာအုပ်တွေ ဖတ်ကြည့်ပေါ့တဲ့။ အကယ်၍ ကျွန်မအတွက် အဆင်ပြေရင် တက်ဘလက်နဲ့ စာအုပ်တွေ ဖတ်ပေါ့တဲ့။ ဒါနဲ့ကျွန်မလည်း ဖရီးစာအုပ်တွေ မိုဘိုင်းထဲ ကောက်ထည့်လိုက်တယ်။ အရင်ဆုံးတော့ Moby Dick စာအုပ်ကို ဖတ်မလားလို့။ ဒါပေမယ့် ကျွန်မရဲ့မျက်နှာပြင်က သေးလွန်းတယ်။ ချဲ့လို့တော့ ရပါရဲ့။ စာမျက်နှာတစ်ခုပြီး တစ်ခု ဖတ်နို်င်တယ်။ ပို့စကပ်တို့ ဘာတို့ကို ရောက်နေတဲ့စာမျက်နှာမှာ ညှပ်ထားဖို့ မလိုဘူး။ သူ့စနစ်က ကိုယ့်ရလဒ်ကို မှတ်ပေးထားတယ်။ ကောင်းပုံတော့ ရပါတယ်။ ဒါပေမယ့် ကျွန်မက ဝတ္ထုထဲက အကြောင်းအရာတွေ မမှတ်မိဘူး။ အသေးစိတ်ပြန်စဉ်းစားလို့လည်း မရဘူး။ စာမျက်နှာတွေကလည်း မြန်လို်က်တာမှ။ ကျွန်မလက်နှစ်ဖက်နဲ့ကိုင်ပြီး စာတစ်အုပ်ကိုဖတ်တဲ့အချိန်တုန်းကဆို ကိုယ့်စိတ်ထဲ ယုံကြည်မူရှိနေတယ်။ ဒီစာအုပ်ကို ကျွန်မပိုင်တယ်။ ဒါပေမယ့် အခုတော့ ဒီဒစ်ဂျစ်တယ်စာအုပ်ကို ကျွန်မစာအုပ်လို့ မခံစားရဘူး။ အားလုံးပိုင်နေသလိုပဲ။ စဉ်းစားခန်း ထိုင်ဝမ်မှာနေတဲ့ အဒေါ်တစ်ယောက်ကို သတိရမိတယ်။ သူက ကွန်ပြူတာထဲမှာ သိမ်းထားတဲ့ဓါတ်ပုံတွေကို သဘောမကျဘူး။ ကျွန်မကဓါတ်ပုံတွေ သူ့ဆီမေးနဲ့ပို့ရင် သူကစာတိုက်ကပို့ဖို့ ပြောတယ်။ မေးနဲ့မပို့ပါနဲ့တဲ့။ သူက ကွန်ပြူတာထဲက ဓါတ်ပုံတွေရရင် ဘယ်လိုသိမ်းရမှန်းလဲမသိ၊ ဒေါင်းလုပ်လုပ်ရမှန်းလဲ မသိ။ သူ့ကို ကျွန်မက စိတ်ဆိုးမိတယ်။ အခုခေတ်ကြီးထဲမှာ ဓါတ်ပုံတွေကို မေးနဲ့ပို့ရတာ ဘယ်လောက်လွယ်၊ ဘယ်လောက်မြန်သလဲ။ အဲယားမေးနဲ့ ပို့ရတာ ခက်လိုက်တာ။ ကျွန်မတို့ရဲ့စာတိုက်ကလည်း ဝေးတယ်။ သူက ကျွန်မကို ဒီလိုအရေးမပါတာတွေအတွက် သက်သက်အလုပ်များအောင် လုပ်တာပဲလို့ ထင်မိတယ်။ ကျွန်မလည်း သူ့အတွက်လုပ်ပေးဖို့ စိတ်ကိုမရှည်တော့ဘူး။ ကျွန်မအဒေါ်က အီးမေးနဲ့ပို့တဲ့စာကိုလည်း ဖတ်ရတာ သဘောမကျပြန်ဘူး။ ကျွန်မတို့လက်ရေးလေးကမှ ပိုပြီး နွေးထွေးပြီး ပျော်ရွှင်ရသတဲ့။ ပြီးတော့ ပို့စကဒ်ဆိုလည်း စာတိုက်က ပို့စေချင်သေးတယ်။ ကျွန်မမေမေလည်း အဲသည်သူ့ညီမလိုပဲ စိတ်တူတယ်။ နိဂုံး ကျွန်မ ဒစ်ဂျစ်တယ်အီးဘွတ်တွေနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစားနေမိတယ်။ ဟုတ်ပါရဲ့။ တစ်ခုခုတော့ လိုနေတယ်။ ဘာလဲဆိုတာ ရှင်းပြရခက်တယ်။ ကျွန်မလည်း မနှစ်က မွေးနေ့တုန်းက သူငယ်ချငး်တွေဆီက အီးပို့စကဒ်တွေ ရပါတယ်။ ဒါပေမယ့် ဒါတွေ ပြန်မှတ်မိဖို့ ဘယ်လိုပြန်ရှာရပါ့။ ကျွန်မရဲ့ မေးစာရင်းထဲမှာလား။ ဒါတွေဟာ စက်မူတော်လှန်ရေးလိုပဲ အီလက်ထရွန်နစ်တော်လှန်ရေး ဆိုတာကို ဦးတည်နေပြီလား။ အကယ်၍များ အီလက်ထရွန်နစ်တော်လှန်ရေး တစ်နေ့မှာဖြစ်လာရင် ကျွန်မတို့ကမ္ဘာကြီးက အီလက်ထရွန်နစ်ကမ္ဘာကြီးဖြစ်လာပြီး ကျွန်မတို့ရဲ့အသည်းနှလုံးတွေကကော အီလက်ထရွန်နစ်အသည်းနှလုံးတွေ ဖြစ်လာကြမှာလား။ (Junior Win ၂၀၁၂ခုနစ် စက်တင်ဘာ ၃ ရက်တုန်းက ရေးသားခဲ့ပြီး၊ အခုအခါ Walking Through the Wonderland ဒစ်ဂျစ်တယ်စာအုပ်မှာ ဖော်ပြခဲ့သော E.Books And I ဆောင်းပါးကို ကိုယ်တိုင် ဘာသာပြန်ထားသည်။) |
Wednesday, February 20, 2013
ဒစ်ဂျစ်တယ်စာအုပ်များနှင့် ကျွန်မ ဂျူနီယာဝင်း
Labels:
Articles
Subscribe to:
Post Comments (Atom)

No comments:
Post a Comment