Monday, July 13, 2009

Painting Appreciation - Miss Ellen Terry as Lady Macbeth

အတွေးအမြင်မဂ္ဂဇင်း အမှတ် ၂၀၆ မေလ ၂၀၀၉ ခုနှစ်တွင်ဖော်ပြခဲ့သောနိုင်ငံတကာပန်းချီခံစားမူ


လေဒီမက်ဘက် သရုပ်ဆောင် မစ် အယ်လန်

ဂျူနီယာဝင်း


မစ္စတာ ဆာဂျန့် (John Singer Sargent) သည် အဓိကအားဖြင့်လူပုံတူတွေရေးဆွဲ


သောပန်းချီဆရာတစ်ဦးဖြစ်သည်။ပန်းချီအနုပညာသည်သူငယ်ရွယ်စဉ်


စာသင်ရွယ်ကတည်းကစလို့သူ့အားဆွဲဆောင်ခဲ့လေသည်။လူပုံတူဆွဲရတာငယ်စဉ်


ကတည်းကဝါသနာပါလေသည်။ယင်းသည်သူ့ကိုနံမယ်ကျော်သွားအောင်တွန်းပို့ခဲ့သည်ဟု


ဆိုနိုင်ပါသည်။ သူရေးဆွဲလိုသောဇာတ်ရုပ်သည်လေးလေးနက်နက်သူ့ရင်ကို


ဝင်ရောက်စူးနစ်စေပြီးနောက် သူ့ပန်းချီကားကမ်းဗတ်စ်ပေါ်မှာပေါ်လာစေတော့သည်။


သူ့ဖခင်ကဘော့စ်တွန်(Boston) အရပ်ကဆေးဆရာတစ်ဦးဖြစ်သောလည်း


သူ့ကိုတော့ ဖလောရင့်(Florence)မှာမွေးပါသည်။ထိုအရပ်ဒေသကားအနုပညာရပ်ဝန်း


ဒေသ အနုပညာယဉ်ကျေးမူအရိပ်အငွေ့များလွှမ်းခြုံုရာမဟုတ်ပါလား။ထိုအရပ်မှာသူ့


ငယ်ဘဝကုန်လွန်ခဲ့ရသည်။သူ့အသက် ၂၀ မှာ ပါရီသို့ရောက်လာသည်။ကာရိုလပ်စ်


ဒူရမ်(Carolus Duran) ရှိစတူဒီယိုတစ်ခုမှာပညာသင်ကြားဖို့ဖြစ်သည်။ထိုစဉ်ကသူအလွန်လေးစား


ခဲ့သောဆရာတစ်ဦး၏ပုံတူကိုရောက်လျှင်ရောက်ခြင်းဆိုသလိုရေးဆွဲပြခဲ့လေသည်။


ထို့နောက် ၂ နှစ်ကြာသောအခါစပိန်သို့ရောက်ခဲ့သည်။


စပိန်မှာကုန်လွန်ခဲ့သောအချိန်များသည်သူ့အားကျေနပ်စရာတွေပေးခဲ့သည်ဟုဆိုရမည်။


စပိန်မှာ ပန်းချီပညာရှင်Velazquez ၏လက်အောက်မှာသူပညာကောင်းကောင်းသင်ယူခဲ့ရသည်။


စပိန်၏သြဇာသက်ရောက်ခဲ့သောပန်းချီအနုပညာရပ်ကိုသူ့ပန်းချီကားတွေထဲတွေ့


ကြရလေသည်။ တကယ်တော့သူကသူ၏ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဖန်တီးမူ များဖြင့်


ပန်းချီကားများကိုရေးဆွဲခဲ့ခြင်းဖြစ်သည်။သို့ရာတွင်သူ့ဆရာကြီးများ၏နည်းပညာများကိုတော့


သူ့ပန်းချီကားတွေရေးဆွဲသည့်အခါမွေးစားယူခဲ့ပုံရပါသည်။


ယခုဖော်ပြထားသောပန်းချီကား Miss Ellen Terry as Lady Macbeth(လေဒီမက်ဘက် သရုပ်ဆောင်


မစ် အယ်လန်)မှာ တချိန်က ဆာ ဟန်နရီ အိုင်ဗင်း (Sir Henry Irving)


ပိုင်ဆိုင်သောပန်းချီကားတစ်ခုဖြစ်ခဲ့သည်။နောက်တော့ ၁၉၀၆ ခုနှစ်တွင် ပန်းချီပြခန်းသို့ပေးအပ်ခဲ့သည်။


ပန်းချီကားထဲကပြဇာတ်မင်းသမီး မစ် တယ်ရီ(Miss Terry) သည်ဆာ ဟင်နရီ အိုင်ဗင်း


၏ဒီဇိုင်းလက်ရာဝတ်စုံကိုဆင်မြန်းထား၏။ ယင်းသည် မတ်ဘက် (Macbeth) ပြဇာတ်ထဲက


ဇာတ်ကွက်ဖြစ်သည်။Lyceum ပြဇာတ်ရုံတွင်ကပြခဲ့သောပြဇာတ်ဖြစ်သည်။နံမယ်ကျော်


ရှိတ်စပီးယား (William Shakespeare) ၏ပြဇာတ်တစ်ပုဒ်ဖြစ်သည်။


အပြာရောင်တောက်တောက် ဝတ်စုံ၊ ရှည်လျှားသောအစိမ်းရောင်ကွပ်ထားသော


လက်ပေါက်ကျယ်ကျယ်သည်ထူးခြားသောဝတ်စားဆင်ယင်မူဖြစ်သည်။


သူမ ၏လက်မောင်းများသည်သူမ၏ရွှေအိုရောင်နီကျင်ကျင်ဆံပင်ထက်တွင်ရှိ၏။


သူမလက်ထဲမှာ ဘုရင် ဒမ်ကန် (Duncan)၏သရဖူကိုကိုင်မြှောက်ထားသည်။


လူပုံပန်းသဏာန်ဟန်ပန်ကိုရေးဆွဲသူပန်းချီဆရာသည်သရုပ်ဆောင်မင်းသမီး၏


တိကျသေသပ်သောဟန်အမူအယာကိုအပြည့်အ၀ရေးဆွဲထားသည်။သူမ၏


မျက်လုံးများကိုကြည့်လိုက်ရုံနှင့်ပင်တကိုယ်လုံးကိုခြုံ၍မြင်ရသကဲ့သိုခံစားသွားရပေသည်။


ပန်းချီကားကိုကြည့်လိုက်သူတိုင်းသည်သူမ၏မျက်လုံးကိုဦးစွာ


အာရုံစိုက်မိသွားကာနောက်မှပန်းချီကားတခုလုံးကိုစိတ်ဝင်စားသွားကြပေတော့သည်။


Macbeth ပြဇာတ်သည် ရှိတ်စ်ပီးယား (William Shakespeare) ရေးသားခဲ့သော


နံမယ်ကျော်ပြဇာတ်တစ်ပုဒ်ဖြစ်သည်။ပြဇာတ်သည် ၁၁ ရာစုကအဖြစ်အပျက်တစ်ခုဖြစ်သည်။


မက်ဘက်(Macbeth) သည်စကောတလန် ဘုရင်ဒမ်ကန်(Duncan) ၏ ညီအကိုဝမ်းကွဲတော်စပ်သူ၊


စကော့တလန် စစ်ဗိုလ်ချူပ်ဖြစ်သည်။ဇာတ်လမ်းအရမက်ဘက်သည် သူ့ညီအကိုဝမး်ကွဲအကို


ဒမ်ကန် ကိုလုပ်ကြံကာဘုရင်ဖြစ်လာသည်။ဤနေရာတွင် ဘုရင်ဒမ်ကန်ကိုသူ့အိမ်ဂေဟာသို့


အလည်ခေါ်ကာလုပ်ကြံဖို့ဇနီးသည် လေဒီမက်ဘက်၏အကြံအစည်အတိုင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။


ထို့ပြင် မက်ဘက်သူငယ်ချင်းစကော့တလန်စစ်ဗိုခ်ချူပ်တစ်ဦးဖြစ်သူ ဘန်ကို-Banqu၀ ကိုလညး်


လေဒီမက်ဘက်၏အကြံအစည်အတိုင်းလုပ်ကြံခဲ့ကြပြန်သည်။


ဤပြဇာတ်ကိုမင်းသားမင်းသမီးများဖြင့်ကပြခဲ့ကြသည်။ယခုပန်းချီကားထဲကမငး်သမီး အယ်လန်တယ်ရီ


(Ellen Terry )သည်လေဒီမက်ဘက်အဖြစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့သည်။


မက်ဘက်ပြဇာတ်ဟုဆိုလိုက်လျှင်ပရိသတ်သည် သူ့ဇနီးသည်လေဒီမက်ဘက်ကို တခြားသော


သရုပ်ဆောင်များထက်သာမက မက်ဘက်ထက်ပင် ပို၍စိတ်ဝင်စားကြရသည်။


ယင်းသည်ရှိတ်စပီးယား၏ ရေးသားချက်တစ်ခုဖြစ်သောဖြစ်သော


“အမလေး ငါ့လက်တွေဘာလို့သွေးတွေနဲ့စွန်းထင်းနေရတာပါလိမ့်၊


အို ငါ့လက်တွေကသွေးညှီနံ့တွေရနေတုန်းပါလား။


အာရေဗီရမ်က ရေမွှေးတွေနဲ့ငါ့လက်တွေဆေးလည်းငါ့လက်ကလေးတွေ


သန့်ရှင်းပါဦးမလား၊


ညအိပ်ဝတ်ရုံကိုဝတ်ပြီးအိပ်ရာဝင်တော့ ။


အိုး အိုး အိုး ဘန်ကိုသေပြီလေ သူကမြေကြီးထဲရောက်သွားပေါ့။


သူကဘယ်လိုလုပ်ပြီးသင်္ချိုငး်ကထလာမလဲ ကဲ ကဲ အိပ်တော့ အိပ်တော့ ။


အိုး လုပ်ခဲ့ပြီးတာတွေကိုနောက်ဆုတ်လို့မရတော့ဘူးလေ


အိပ်ချေတော့ အိပ်ချေတော့။“


ဟူသောလေဒီမက်ဘက်၏တကိုယ်တည်းခြောက်ခြားစွာရေရွတ်သံများ၊


ဘာမှမရှိသန့်ရှင်းနေသောလက်ဖဝါးများကိုအထပ်ထပ်ဆေးကြောရင်းညစဉ်အိပ်မရ


ဖြစ်နေသည့်လေဒီမက်ဘက်၏တက်ိုယ်တော်ဇာတ်ဝင်ခန်းများကြောင့်ပရိသတ်ကထူးထူးခြားခြား


စွဲလန်းနေကြတာများလား ဟုတွေးလိုက်မိပါသည်။


ဂျူနီယာဝင်း

No comments: