Saturday, December 28, 2013

ပရိုမီးသီးရစ်အတွက် တာဝန်အသစ် ဂျူနီယာဝင်း


(Junior Win ရေးသော Walking Through The Wonderland – digital စာအုုပ်မှ Unbound Prometheus and A New Task for You  ကုုိ ကိုုယ်တုုိင်ဘာသာပြန်ထားသည်။)
ပရိုမီးသီးရစ်အတွက် တာဝန်အသစ်  ဂျူနီယာဝင်း

ဂရိများ၏အဆိုအရ ဒဏ္ဍာရီနတ်ဘုရား ဇီးယုဇ် (Zeus) နတ်မင်းကြီးကိုဆန့်ကျင်ပြီး Prometheus (ပရိုမီးသီးရစ်) က လူသားများအတွက် မီး ကိုပေးခဲ့သည်။ ထိုအဖြစ်ကြောင့် ပရိုမီးသီးရစ်သည် ဇီးယုဇ်နတ်မင်းကြီး၏ပြစ်ဒဏ်ကိုခံခဲ့ရသည်။ ပရိုမီးသီးရစ်ကို ကျောက်တုံးမှာချည်နှောင် ထားကာ သိမ်းငှက် (သို့မဟုတ်) လင်းတကြီးက သူ့ကိုအဆက်မပြတ် ထိုးဆိတ်စေလေသည်။ ထိုအကြောင်းကို ကျွန်မအဘွားဆီက ပုံပြင် တစ်ပုဒ်သဖွယ် နားထောင်ခဲ့ရသည်။ မေမေကြီးကပြောထားတော့ အဲသည်မီးဆိုတဲ့အရာဟာ တကယ့်မီးစစ်စစ်ကိုပြောတာထက်’ အသိ ပညာ’ ကို ဆိုလိုပါသတဲ့။

လူသားများသည် မီးကိုပိုင်ဆိုင်ခဲ့သည်ကစလို့ ကောင်းကောင်းအသုံးချတတ်သွားသည်။ အရင်က သားစိမ်းငါးစိမ်းများကိုသာ စားတတ်ရာ ကနေ မီးကိုအသုံးပြုကာ ချက်ပြုတ်စားတတ်၍ အရသာရှိမှန်းသိလာသည်။ တဖြည်းဖြည်းနှင့် အသိပညာဉာဏ်အဆင့်အတန်းမြင့်မားလာကာ လူနေမူဘဝများ တိုးတက်လာသည်။ အိမ်တွေဆောက်ကာ နေထိုင်ကြ၊ အဝတ်အစားများချုပ်လုပ်ကြကာ လူသားများအတွက် အကျိုး ရှိမည့်လက်နက်များကိုပင် ကာကွယ်ဖို့အတွက် ပြုလုပ်ဖန်တီးတတ်လာသည်။ သည်တော့ လူသားများ၏ ကောင်းကျိုးချမ်းသာကိုပေးခဲ့ သော ပရိုမီးသီးရပ်စ်ကို ကျေးဇူးတင်ရမည်။

ပရိမီးသီးရပ်စ်ဆိုတာ သူ့ဘဝကိုစတေး၍ လူသားများအတွက် မီးကိုပေးခဲ့သူ၊ သူ့ကြောင့်လူသားများ မီးဆိုတဲ့အသိပညာကို ပိုင်ဆိုင်ခွင့်ရခဲ့။ လူသားများဟာ ကမ္ဘာကြီးထဲက အသစ်အဆန်းဟူသမျှကို ရှာဖွေတွေ့ရှိလာခဲ့ကြ။ မယုံနိုင်စရာများကို တီထွင်ဆန်းသစ်လာခဲ့ကြ။ သူ့ကြောင့် လူသားများတောထဲက တိရိစ္ဆာန်တွေလို မနေထိုင်ရတော့ဘဲ စိတ်ချလုံခြုံစွာ အန္တရာယ်ကင်းကင်နေထိုင်ခဲ့ကြရ။

မီးကိုအသုံးချတတ်လာတော့ လက်နက်တွေတီထွင်တိုးတက်လာကြတော့ လူသားတွေကမုဆိုးတွေဖြစ်လာခဲ့ကြသည်။ သူတုုိ့က တောထဲ ကတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ရာမှာ ပို၍တိုးပွားလာသည်။ တဖြည်းဖြည်းနှင့် အတိုင်းအဆမရှိသတ်ဖြတ်ခဲ့ကြရာမှာ တချို့သော တိရိစ္ဆာန်များမှာ မျိုးတုန်းပျောက်ကွယ်သွားသည်အထိ ကြုံကြရသည်။ ဥပမာ ဒိုဒိုငှက်ဆိုတာ ခုခေတ်မှာ မည်သူမျှမသိတော့ပါ။ လူသားများ အစာအဖြစ် သတ်စားလိုက်ကြတာ ကမ္ဘာပေါ်မှာ မမြင်တွေ့နိုင်တော့ပါ။ ဒိုဒိုငှက်သည် ပျံလည်း မပျံနိုင်၊လူကို ဒုက္ခမပေးတတ်သော သတ္တဝါ ဖြစ်သည်။ ထို့ပြင် နှင်းကျားသစ်ခေါ် အဖြူနှင့်အနက်ကြား ကျားသစ်မျိုးမှာလည်း အရေခွံရောင်းစားဖို့ သတ်ဖြတ်ခဲ့ကြတာ မျိုးတုံးလုနီးပါးဖြစ် သွားသည်။ မြောက်အမေရိကတိုက်ကျွဲများမှာ အမဲလိုက်ခံရတာနှင့် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ အာဖရိကမုဆိုးများက ကြံ့များကို အစွယ်အတွက် သတ်ကြသည်။ ဆိုက်ဗေးရီးယားကျားမျိုးနွယ်များ၏လည်း မျိုးတုံးတော့မည်။ စာပို့ခိုလေးများ သန်းထောင်ချီပြီးရှိခဲ့ရာမှ နောက်ဆုံးလက်ကျန်တစ်ကောင်မှာ ၁၉၁၄ ခုနှစ်က တိရိစ္ဆာန်ရုံမှာ သေဆုံးသွားပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မျိုးတုံးတော့မည့် မျိုးနွယ် ၅ဝဝဝ ကျော်ရှိပြီဟု ထုတ်ပြန်ခဲ့သည်။

လူသားများမီးကိုအသုံးချတတ်ခဲ့ပြီးနောက်ပိုင်း ပိုင်ဆိုင်လာသော အသိပညာ ခွန်အားကြောင့် တဖြည်းဖြည်းလောဘတက်လာပုံဖြစ်လေသည်။ အစားအသောက်အတွက်ဟုဆိုရာကနေ အရေခွံအတွက်၊ ဆေးဖော်ဖို့အတွက် စသည်ဖြင့် မထိန်းချုပ်နိုင်ဖြစ်လာသည်။

လူသားများသည် မီးကို အသုံးချတတ်လာသည်မှစလို့ တိရိစ္ဆာန်များကိုအကြောင်းပြချက်အမျိုးမျိုးဖြင့် သတ်ဖြတ်လာခဲ့သည့်အပြင် တခြား သောနည်းပညာပိုင်းဆိုင်ရာမှာလည်း တိုးတက်မှုတွေဖြစ်လာသည်။ လူသားတွေ ကမ္ဘာ့မြေပြင်အောက်ကရေနံကိုတူးဖော်ကာ ကိုယ် ကျိုး အတွက် အသုံးချလာနိုင်ကြသည်။ ပင်လယ်သမုဒ္ဒရာမှာ ရေနံတူးဖော်စက်ရုံများဆောက်လုပ်ကာ စီးပွားရေးလုပ်လာကြသည်။ အကယ်၍ များ ပင်လယ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးရလျှင် ရေနံများပင်လယ်ထဲယိုဖိတ်တော့သည်။ ရေနံတင်သင်္ဘောကြီးများ ပင်လယ် ထဲပေါက်ကွဲလောင်ကျွမ်းလျှင်လည်း ရေနံများပင်လယ်ထဲရောက်သွားသည်။ ထိုအခါ ပင်လယ်နေ ငါးအမျိုးမျိုးနှင့် ပင်လယ်ငှက်ကလေးများ ပျက်စီးရသည်။ ထိုစေးကပ်သော ရေနံစိမ်းများ ငှက်အတောင်များမှာကပ်သွား၍ မပျံနိုင်ပဲသေဆုံးရသည့်သတင်းများကို တစ်ခါတစ်ရံ တွေ့ရသည်။ ၁၉၈၉ ခုနှစ်တုန်းက အလာစကာ Alasaka မှာ ExxonValdez ရေနံယိုဖိတ်မှုသည် ပထမဦးဆုံးအကြိမ်မဟုတ်သော်လည်း လူထု စိတ်ဝင်စားမှု အာရုံစိုက်မှုများ ခံခဲ့ရလေသည်။

ဂျာမန်မှာမွေးသော အမေရိကန်ဖွား ရူပဗေဒပညာရှင် AlbertEinstein သည် သူတီထွင်ခဲ့သော Relativity Theory ကြောင့် နာမည်ကြီးသိပ္ပံပညာရှင်တစ်ဦးဖြစ်ခဲ့ပါသည်။ သူတီထွင်ခဲ့သော နာမယ်ကျော်ညီမျှခြင်း E=mc2 (E = စွမ်းအင်၊ m = အစိုင်အခဲ၊ c = အလင်း၏အလျင်)သည် အဏုမြူဗုံးတီထွင်မူ၏ အခြေခံသီအိုရီတစ်ခုဖြစ်ခဲ့သည်။ ထိုအဖြစ်ကြောင့် အိုင်စတိုင်း (Einstein) သည် သမ္မတ ရုုိ့စဘက် (Rosevelt) ထံသို့ စာတစ်စောင်ရေးသားပေးပို့ကာ သတိပေးခဲ့သည်။ ဒီဗုံးဟာ သင်္ဘောနဲ့သယ်ယူလို့ ဆိပ်ကမ်းမှာပေါက်ကွဲခဲ့မယ်ဆိုရင် အဲသည် ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံး အန္တရာယ်ရှိလိမ့်မည်။ လေယျာဉ်ပျံနဲ့ သယ်ယူမည်ဆိုပါကလည်း သည်ဗုံးကို သယ်ယူဖို့အတွက် အလွန်လေး လံပါလိမ့်မည်။’ စသည့် စာသားများပါသော စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သည်။ သို့ပါသော်လည်း ထိုအဏုမြူဗုံးသည် ကမ္ဘာကြီးအား ခြိမ်းခြောက်လျက်ရှိ သောအရာတစ်ခုအဖြစ်တည်ရှိခဲ့သည်။အိုင်စတိုင်း၏စာသည်သမ္မတရို့စဘက် (Rosevelt) ကို အမေရိကန်ပြည်ထောင် စုမှာ ကိုယ်ပိုင်အဏုမြူဗုံးအစီအစဉ်တစ်ခုအဖြစ် အလျင်အမြန်ဆောင်ရွက်ဖို့ တွန်းအားပေးလိုက်သလိုသာဖြစ်သွားခဲ့ပါသည်။ ထိုအဏုမြူဗုံး ဘယ်လောက်အင်အားကြီးမားပြီး အန္တရာယ်ရှိသည်ဆိုတာကိုတော့ စာဖတ်သူများသိပြီးဖြစ်ပေမည်။

တိရိစ္ဆာန်များ မျိုးတုံးပျက်တုံးပျက်စီးခဲ့ရရုံမက သဘာဝအရင်းအမြစ်များသည် လူများ၏လုပ်ရပ်ကြောင့် သဘာဝချမ်းသာသမျှသည် အ ခြိမ်းခြောက်ခံနေရသော အခြေအနေများကြုံကြရသည်။ သဘာဝအလျောက် ပျက်စီးဆုံးရုံူးသွားရသည်ထက်လူသားများ၏လက်ထဲမှာ အ ဖျက်ဆီးခံလိုက်ရတာက ပိုများပါသည်။ ဒီလိုအဖြစ်တွေအတွက် လူသားများကိုတားမြစ်ဖို့ ဘာမှမတတ်နိုင်ပါ။ သည်တော့ ကျွန်မက အကြံ တစ်ခုရလာသည်။

ပရိုမီးသီးရပ်စ်ကို အကျဉ်းချထားရာကနေပြန်လွှတ်ပေးလိုက်ကာ လူသားများလက်ထဲကမီးကို ပြန်သိမ်းသွားဖို့ဖြစ်သည်။ ဒါဆိုရင် သဘာဝ ကမ္ဘာကြီးအတွက် အခုထက်ပိုကောင်းသောဘဝများ ပြန်ရနိုင်ပါလိမ့်မည်။


No comments: