စာအုပ်တစ်အုပ်အကြောင်း
ကာမူးကိုမိတ်ဆက်ခြင်း
စာအုပ်တစ်အုပ်အကြောင်း ကာမူးကိုမိတ်ဆက်ခြင်း ဂျူနီယာဝင်း
Introducing Series(မိတ်ဆက်စာစဉ်) တွေကို စာရေးဆရာ ကိုတာက ဖေဖေဒေါက်တာခင်မောင်ဝင်းထံကို ပို့ပေးထားတဲ့ထဲက Introducing Camus စာအုပ်ကို ကျွန်မ ဘာသာပြန်ဖို့ ပေးထားခဲ့တာ ၂ဝဝ၄ ခုနှစ်ပိုင်းလောက်ကပါ။ ကျွန်မကို ပေးရတဲ့အကြောင်းက ကာမူး (Albert Camus) ဟာ ပြင်သစ် စာရေးဆရာတစ်ဦးဖြစ်လို့ပါပဲ။ ပြင်သစ်ဘာသာနှင့် အကျွမ်းတဝင်ရှိနေဆဲ ကျွန်မကို သင့်တော်ဆုံးပဲ လို့ ယူဆပုံရပါတယ်။
ကျွန်မ အဲဒီစာအုပ်ကို ဖတ်ကြည့်ပြီး သူရေးတဲ့စတိုင်ကို အကြမ်းဖျင်း လေ့လာကြည့်လိုက်တဲ့အခါ ရေးရိုးရေးစဉ် မိတ်ဆက်စာစဉ်ပုံစံ မဟုတ်ဘူးလို့ ကောက်ချက်ချပါတယ်။ ကျွန်မဖခင် ရေးသားဘာသာပြန်ထားတဲ့ မိတ်ဆက်စာအုပ်တွေနှင့် ယှဉ်ဖတ်ကြည့်လိုက်ရင်ကို ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ရေးသားထားတာချင်း တူပေမယ့် ပုံစံကွဲပြားနေတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ သူရေးထားတဲ့ ပုံစံမှာ ဘာနဲ့ အလားသဏ္ဌာန်တူသလဲလို့ ခေါင်းစဉ်တပ်ခိုင်းရင်တော့ အတ္ထုုပ္ပတ္တိစာပေပုံစံ ပေါက်ပါတယ်။ အရေးအသားကိုက သမိုင်းဝင် အတ္ထုုပ္ပတ္တိစာပေ ဂိုဏ်းဝင်နေတယ်။ ဒီတော့ သမိုင်းဝင်လို့ ဆိုလိုက်တဲ့အခါကျတော့ စာဖတ်ပရိသတ်က လက်ခံပါ့မလားလို့ သံသယဝင်စရာ ဖြစ်လာတယ်။ ရုပ်ပုံ ကားချပ်တွေနဲ့တော့ ဟုတ်ပါရဲ့၊ အရေးအသားက ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိနဲ့ သမိုင်းနောက်ခံပန်းချီကား ရောယှက်ထားတယ်။ အဲဒီပုံစံ မပျောက်ပျက်အောင် ဘာသာပြန်နိုင်မှ ဖြစ်လိမ့်မယ်။ ပရိသတ် လက်ခံတာ၊ လက်မခံတာကို ထည့်စဉ်းစားရင် ဘာသာပြန်ဖို့ ခက် လိမ့်မယ်။ ဒါပေမဲ့ ထူးခြားပြောင်မြှောက်တဲ့ အရေးအသားတစ်ခုကို စာဖတ်သူတွေကို ပေးရမယ်ဆိုတဲ့ စိတ်ခံစားမှုနဲ့ စဉ်းစားလိုက်ရင် လက်တဲ့စမ်းချင်စရာပဲ။ ဒါနဲ့ ကျွန်မလက်ထဲမှာ တစ်နှစ်လောက် ကြာသွားပါတယ်။ ကျွန်မဟာ အဲဒီမူရင်း အရေးအသားပုံစံကို ရအောင်ရေး နိုင်မှ ဖြစ်လိမ့်မယ်။ မီအောင်ဘာသာပြန်နိုင်မှ ဖြစ်လိမ့်မယ်။ မြန်မာစာဖတ်ပရိသတ်ဟာ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ အရေးအသားပုံစံကို တွေ့မြင်ခံစားဖို့ ကျွန်မ ကြိုးစားဖို့လိုမယ်။ ကာမူးဆိုတဲ့ ပြင်သစ်စာရေးဆရာကြီးတစ်ဦးရဲ့ အတ္ထုုပ္ပတ္တိကို သူရေးသားခဲ့တဲ့ ဝတ္ထုကြီးတွေနဲ့အတူ သူ့သမိုင်းကြောင်းကိုပါ သိမြင်လာရုံမက သူ့ခေတ်သူအခါက သမိုင်းကိုပါ လျှပ်တစ်ပြက်မြင်တွေ့ခံစားရတော့မယ့် ကာမူးမိတ်ဆက်ပေါ့။
ကျွန်မဟာ စပြီး ဘာသာပြန်ဖို့ ကြိုးစားရင်းနဲ့ ပထမတစ်ပိုင်းလောက်မှာ သူ့ရဲ့နာမည်ကျော် ဝတ္ထုကြီးတွေဖြစ်တဲ့ ‘Le Premier Homme’ 'အရင်ရောက်တဲ့လူ'နဲ့ L’Etranger 'သူစိမ်း' ဆိုတဲ့ ဝတ္ထုတွေကို မိတ်ဆက်ပြထားတာကို တွေ့လိုက်ရတယ်။ အဲဒီထဲမှာ L’Etranger က ကျွန်မနဲ့ တော်တော်နီးစပ်တယ်ဆိုလိုတာက အဲဒီဝတ္ထုကို ပြင်သစ်လိုဖတ်ဖူးထားလို့ သိနေပြီးသား ဖြစ်နေတယ်။ 'ကာမူးမိတ် ဆက်' ကို ရေးသားသူများဖြစ်တဲ့ David Zane Mairowitz နဲ့ Alain Korkoတို့ နှစ်ဦးဟာ အဲဒီ L’Etranger ဆိုတဲ့ ဝတ္ထုအကြောင်း ကို ဖော်ထုတ်ပြရာမှာ စာဖတ်သူများကို အဲဒီဝတ္ထုကို ဖတ်ပြီးသားလို့ သဘောထားပြီး ရေးထားတယ်။ ပြောရရင်တော့ တစ်အုပ်လုံးမှာ ကာမူးဝတ္ထုတွေကို ပုံဖော်ထားရာမှာ အဲသည်လိုစတိုင်နဲ့ ပုံဖော်ရေးသားထားတာပါပဲ။ ဒီတော့ ဒီ L’Etranger ဝတ္ထုကို ကျွန်မက သိထားပြီး သားဆိုတော့ အဲဒီထဲက ဇာတ်ကောင်၊ ဇာတ်ရုပ်၊ ဇာတ်လမ်းဇာတ်ကွက်တွေအကုန် ကျွန်မက သိနေပြီးသား။ အဲဒီဇာတ်လိုက်သရုပ်ဆောင် 'မားဆော့'လို့လည်း ဆိုလိုက်ရော၊ ကျွန်မက သူ့အကြောင်း သိပြီးသားဖြစ်နေတာ။ အဲဒီအချက်က သိပ်ကို အရေးပါသွားတယ်။ နောက်ဆုံး ဘယ်လိုဇာတ်သိမ်းတယ်ထိပါ သိထားတဲ့အတွက် သူဘာဆိုလိုသလဲဆိုတာ ကျွန်မက ခံစားလို့ရနေတယ်။ ဒီတော့ သူ့အကြောင်းဖော်ပြတဲ့ အရေးအသားတွေကို ကျွန်မက ဘာသာပြန်တဲ့ ဆီမှာ မခက်ခဲဖူး။ အဲဒီတော့ ဒီနေရာမှာ ပြဿနာက နှစ်ခုရှိနေတယ်။ တစ်ခုက 'ကာမူး မိတ်ဆက်' ထဲမှာ ပါဝင်နေတဲ့ ‘Le Premier Homme’, ‘Entre Oui ou Non’, ‘L’Envers et L’Endroit’..... အစရှိသဖြင့် ဝတ္ထုပေါင်း များစွာကို ကျွန်မက မဖတ်ဖူးဘဲနဲ့ ဘယ်လိုခံစားနိုင်ပါ့မလဲ။ နောက်ပြဿနာတစ်ခုက ကျွန်မက L’Etranger အကြောင်းကို ခံစားပြီးရေး တယ်ပဲ ထားလိုက်ဦး၊ စာဖတ်သူက အဲဒီဝတ္ထုကို ဘာမှမသိဘဲနဲ့ ဖတ်တော့ ရေးထားတဲ့ တစ်စိတ်တစ်ပိုင်းလောက်နဲ့ ခံစားနားလည်နိုင်ပါ့ မလား။
တခြားသော ဝတ္ထုတွေအကြောင်း အပိုင်းအစတွေကို အဲဒီမှာ ဖော်ပြထားသလောက်လေးတွေကို မဖတ်ဘူးဘဲနဲ့ သူတို့ရေးထား သလောက်လေး ဘာသာပြန်ပြရုံတော့ ကျွန်မ မလုပ်ချင်ဘူး။ ဖတ်ပြီးသား L’Etranger တောင်မှ ကျွန်မက စာဖတ်သူတွေ ခံစားလို့ ရပါ့ မလားလို့ သံသယဝင်နေရင် မဖတ်ရသေးတာတွေဆို ကျွန်မကိုယ် ကျွန်မဘယ်လိုစိတ်နဲ့ ဘာသာပြန်လို့ဖြစ်မလဲ။ ဒီတော့ ကျွန်မက 'ကာမူး မိတ်ဆက်'ထဲက သူ့ဝတ္ထုနာမည်တွေကြီး ချရေးလိုက်တယ်။ သူ့ဆောင်းပါးပေါင်းခုျပ် ခေါင်းစဉ်တွေ သပ်သပ်ရေးတယ်။ သူ့ဝတ္ထုထဲက ခေတ် သမိုင်းကြောင်း ၁၈၄၈ ခုနှစ်ကစလို့ ၂ဝ ရာစုကြား အယ်လ်ဂျီးရီးယားသမိုင်းကို စွယ်စုံကျမ်းထဲရှာဖို့ မှတ်ထားလိုက်တယ်။
နောက်တစ်ဆင့်အနေနဲ့တော့ အင်တာနက်ထဲမှာ ကာမူးရဲ့ ဝတ္ထုခေါင်းစဉ်တွေရှာပြီး အဲဒီဝတ္ထုဇာတ်လမ်းတွေကို ရှာဖွေကာ print out ထုတ်ထားလိုက်ပါတယ်။ ဝတ္ထုခေါင်းစဉ်အလိုက် တွဲပြီး ဖိုင်တစ်ခုထဲ ထည့်ထားလိုက်တယ်။ အရင်ဖတ်ဖို့ပေါ့။ အယ်လ်ဂျီးရီးယား သမိုင်း ကြောင်းကိုတော့ ခုနစ်နဲ့တွဲပြီး မှတ်ထားတယ်။ အဲဒါကတော့ ကြိုတင်ပြင်ဆင်မှုပါပဲ။ ဒီလိုနဲ့ အဲဒီကာမူး အကြောင်းရှာရ၊ ဖွေရနဲ့ တစ်နှစ် လောက် သန္ဓေတည်ထားခဲ့တယ်။ သူ့ဝတ္ထုတွေအကြောင်း သိလာသိလာတော့မှ ဝတ္ထုထဲမှာ ထည့်သွင်းထားတဲ့ သူ့ရဲ့ဘဝ အဖြစ်သနစ်တွေကို တွေ့မြင်လာရတယ်။ တစ်ခါတစ်လေ ဝတ္ထုတစ်ပုဒ်ထဲ သုံးထားတဲ့ ဇာတ်ကောင်နာမည်တွေ့လိုက်တော့ ဒီလူက ဝတ္ထုထဲမှာ ဘယ်လို ဇာတ်ရုပ် ဖြစ်တယ်။ သူ့အမည်ဟာ ကာမူးသရုပ်ဖော်ထားတာ သူ့ရဲ့ညီအစ်ကိုတော်သူကို ကိုယ်စားပြုထားတာ (ဒီနေရာမှာလည်း ကာမူးရဲ့ မိသားစု အမည်စာရင်းကို လုပ်ထားရသေးတယ်။) သူ့ရဲ့ စိတ်နေသဘောထားက ဘယ်လိုရှိတယ်။ ဒီလူမွေးတုန်းက ခေတ်က ဘယ်လို၊ ဒါကြောင့် သူ့ရဲ့ လုပ်ရပ်တွေ၊ စကားလုံးတွေဟာ အဲဒီလို အဓိပ္ပာယ်တွေ ဖြစ်နေရတယ်ဆိုတာ တစ်ခါတည်း ကွက်ကွက်ကွင်းကွင်း မြင်သွားတော့ ကျွန်မ ဘာသာပြန်တဲ့ဆီမှာ တော်တော်ထိရောက်သွားခဲ့ပါတယ်။ ဒီဇာတ်ကောင်နာမည် ကာမူးမိတ်ဆက်ထဲ တစ်ခါတည်း ပါနေသော်လည်း ကျွန်မက မဖြုတ်ချင်တော့ဘူး။
တိုတိုပြောရရင် စာအုပ်တစ်အုပ်လုံး ဘာသာပြန်တော့ ၃ လပဲ ကြာတယ်။ အဲဒီစာအုပ်ဘာသာပြန်ဖို့ ကျွန်မ ခံစားလို့ရဖို့ လုပ်လိုက်ရ တာ တစ်ပုံကြီးနဲ့ အချိန်တွေလည်း ကုန်လိုက်တာ။ စာဖတ်ပရိသတ်ဟာ ကာမူးစာအုပ် နည်းနည်းပါးပါး ဖတ်ဖူးထားရင် ကိုယ်ဖတ်ဖူးတဲ့ ဝတ္ထု လေးအကြောင်း သူ သရုပ်ဖော်ထားတာ ဒီလိုပါလားလို့ တွေ့ပြီး ကြည်နူးမိမှာပါ။ ကျွန်မလိုပေါ့။ ထူးခြားဆန်းပြားတဲ့ အရေးအသားနဲ့ မိတ် ဆက် စာစဉ်တစ်ခုကို ခံစားလို့ရအောင် ကြိုးစားတင်ပြထားပါတယ်။ ဒီစာအုပ် မူရင်းရေးသားသူနှစ်ဦး ဘယ်လောက်ကြိုးပမ်း အားထုတ်တယ် ဆိုတာ ကျွန်မ ခံစားသွားမိသွားသလို စာဖတ်သူတွေလည်း ခံစားမိမှာပါ။ ကုန်ကုန်ပြောရရင်တော့ ကာမူးဆိုတာ ဘာလဲလို့ မသိတဲ့လူတစ် ယောက်က ကောက်ဖတ်ကြည့်လိုက်ရင်တောင် ဟောဒီအချက် သုံးချက်ကို တွေ့မိကြပါလိမ့်မယ်။
နံပါတ်တစ် ကာမူးရဲ့စိတ်နေစိတ်ထား၊ သဘာဝနဲ့ သူ့ဝတ္ထုတွေထဲ သူဘယ်လိုပါဝင်သရုပ်ဆောင်ထားသလဲဆိုတာ ခံစားမိမယ်။ နံပါတ်နှစ် ကာမူး ကျော်ဖြတ်သန်းခဲ့ရတဲ့ သမိုင်းနောက်ခံ ပန်းချီကားကို အကြမ်းဖျင်း မြင်မိမယ်။ နံပါတ်သုံးဒီလို အရည်အချင်းရှိတဲ့ ပြင်သစ် စာရေးဆရာကြီးဟာ အခုတော့ဖြင့် ကားမှောက်ပြီး ကွယ်လွန်ရှာလေပြီဆိုပြီး နှမြောတသမိမယ်... ဆိုရင်ကိုပဲ ကျွန်မ ဟောဒီ 'ကာမူး မိတ်ဆက်' ဘာသာပြန်ရကိုျးနပ်ပါပြီ။
No comments:
Post a Comment