Thursday, August 15, 2013

ဆရာမင်းလူအတွက် နှူတ်ဆက်ဂါရဝဖြင့် ဂျူနီယာဝင်း၊

ဆရာမင်းလူအတွက် နှူတ်ဆက်ဂါရဝဖြင့်
ဂျူနီယာဝင်း၊ သြဂုုတ် ၁၆၊ ၂၀၁၃
ဆရာမင်းလူ၏ စာပေရပ်တည်မူနှင့် ဆရာ့ယုံကြည်ချက်ရပ်တည်မူများကို လေးစားမိပါသည်။ ဆရာကွယ်လွန်သွားသောအခါ ကျွန်မ၏ရင်ထဲ ဆရာ့အကြောင်းများစဉ်းစားရင်း ဆရာ့အတွက် Henry Austin Dobson၏ “Friend And Friendship“ ဟူသော ကဗျာတစ်စကို သတိရမိပါသည်။
အဲသည်ကဗျာဆရာက ဆရာ့လိုပါပဲ။ ကျော်ကြားမူကို စားသုံးနှစ်မွန်းနေသူတွေကို အားမကျပါဘူး။ အဲသည်လူတန်းစားနံဘေးက လူတွေဟာ အေးစက်တောင့်တင်းတဲ့ မိတ်ဆွေတွေပါပဲတဲ့။ အနှစ်သာရမရှိ၊ နွေးထွေးလှိူက်လဲမူမရှိ။ သူ့အတွက်တော့ ကျော်ကြားမူဆိုတဲ့အရာကို မမက်မောပါဘူး။ အောင်မြင်ကျော်ကြားခြင်း၏ နံဘေးမှာ ဝိုင်းရံနေသူ အပေါင်းအပါဆိုတာကို သူမုန်းတီးစက်ဆုပ်လှပါ၏ ဟူ၍ ခပ်ရှင်းရှင်းပင်ဆိုထား၏။ ဒါပေမယ့် သူတန်ဖိုးထားသူဆိုတာတွေဟာ စေတနာမေတ္တာများဖြင့် တည်ဆောက်ထားသော မိတ်ဆွေအဖြစ်ပါ။
အို… မိ်တ်ဆွေအဖြစ်ဟာ ပိုပြီးမြင့်မြတ်ပါရဲ့။ မိတ်ဆွေဖြစ်ခြင်း တေးသီချင်း ဆိုလို့ ကောင်းရဲ့။ လူ့သက်တမ်းကုန်သွားတဲ့အခါ င့ါမိတ်ဆွေတွေရဲ့ မှတ်ညဏ်ထဲ သူက ရှင်သန်။ သူ့ရဲ့ ကောင်းကွက်ကလေးတွေကို သတိရလို့၊ သူပြုခဲ့တဲ့ အမှားအယွင်းလေးတွေတော့ သဂြိုလ်လိုက်ပြီပေါ့ … တဲ့။
ဆရာ့ကိုသည် ကဗျာတစ်စဖြင့် ဂုဏ်ပြုလိုက်ပါတယ်ဆရာ။


“ကျော်စောမူသည် အသက်မရှိသူတွေရဲ့အစာ။
ငါ့မှာအဲဒီအစာအတွက် ဝမ်းဗိုက်မရှိ။
မီးမရှိ ကျဉ်းမြောင်းတဲ့အခန်းထဲ အဲဒီအစာကို ငတ်မွတ်စွာ စားသုံးနေကြလေရဲ့။
ဒီစားသောက်ပွဲကို ပျော်ရွှင်စွာအားပေးတဲ့ သစ္စာရှိအဖော်ရဲ့ကြင်နာသံအနားမှာ မရှိ။”


“ငါ့အတွက် စစ်မှန်တဲ့မိတ်ဆွေအဖြစ်က ပိုပြီးမြင့်မြတ်ပါရဲ့။
မိတ်ဆွေဖြစ်ခြင်း တေးသီချင်းဆိုလို့ ကောင်းရဲ့။
အမှန်အားဖြင့် လူ့ဘဝကုန်သွားတဲ့အခါ ငါ့မိတ်ဆွေတွေရဲ့မှတ်ညဏ်ထဲ ငါက ရှင်သန်၊
ငါ့ရဲ့ကောင်းကွက်လေးတွေကို သူတို့က သတိရလို့၊
ငါ့ရဲ့အမှားအယွင်းလေးတွေတော့ သူတို့က သဂြိုလ်လိုက်ကြပြီပေါ့။”


(သရုုပ်ဖော် - Suu Chit Thu, Fscebook, Yu Ya Facebook)



ကဗျည်းမတင်တဲ့ ရှစ်ဆယ့်ရှစ်ကဗျာ ဂျူနီယာဝင်း၊

ကဗျည်းမတင်တဲ့ ရှစ်ဆယ့်ရှစ်ကဗျာ
ဂျူနီယာဝင်း၊ သြဂုုတ် ၉ ၊ ၂၀၁၃

စည်းလုံးခြင်းအင်အားဆိုတာကို ငါတွေ့ခဲ့ရတာ ၈၈။

အနစ်နာခံခြင်းဆိုတာရဲ့သဘောတရား သဘောပေါက်ခဲ့ရတာ ၈၈။

အသက်ဆိုတဲ့အဖိုးတန်ရတနာကို စတေးဝံ့ကြတာကို ငါမြင်ခဲ့ရတာ ၈၈။

ဆုံးရှုံးမှု ဆိုတာ ဒါပဲလို့လက်ခံခဲ့ဖူးတာ ၈၈။

အသက်တွေစတေး၊ ဘဝတွေပျက်၊ ရှင်ကွဲ သေကွဲများနဲ့
ငါတို့တိုင်းပြည်မှာတော့ ဖြစ်တယ်မရှိ၊ ပျက်ခြင်းသာ ရှိခဲ့ရ။

သူက နိုင်လိုက် ကိုယ်ကရှူံးလိုက် ဆိုတဲ့တရားကို ကျင့်ရင်းနဲ့…..

ငါလေ… … … … … … … … … … … … …

ပေးခဲ့ရတဲ့အသက်တွေကို ငါနှမျော…….

အဲသည်လို ကျခဲ့တဲ့သွေးစက်တွေအတွက် ငါရင်နာ….

သူတို့တွေရဲ့ စိတ်ဓါတ်သတ္တိတွေကို ငါလေးစား….

သူရဲကောင်းတို့များ တခါသာ သေ……….

သူရဲဘောကြောင်တဲ့ ငါ့မှာတော့ အဖန်တစ်ရာသေ…။

ပွဲကြည့်ပရိသတ်တစ်ယောက်လို နေခဲ့တဲ့ငါ … …

သည်နေ့အထိ အသက်ရှင်နေတာ ရှက်ပါတယ်လို့ပဲ … …

စိတ်ထဲမပါတဲ့စကား အားနာပါးနာ ပြောရတော့မယ်လေ။

Sunday, August 11, 2013

ဆရာမောင်ဝံသ ကွယ်လွန်ခြင်းအတွက် သတိရမိတဲ့ကဗျာတစ်ပုဒ် ဂျူနီယာဝင်း








ဆရာမောင်ဝံသ ကွယ်လွန်ခြင်းအတွက် သတိရမိတဲ့ကဗျာတစ်ပုဒ်



ဂျူနီယာဝင်း၊ သြဂုုတ် ၁၂၊ ၂၀၁၃



ဆရာကွယ်လွန်တယ် ကြားတဲ့အချိန်မှာ ကျွန်မရင်ထဲရောက်လာတဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ ဆရာ့ရင်ထဲကို ဝင်ကြည့်လို့ မရပေမယ့် ဒီကဗျာဟာဖြင့် ဆရာစိတ်ထဲမှာ ဖြစ်ပေါ်နေမယ်လို့ ခံစားမိပါတယ်။



ကဗျာဆရာက John Keats ဖြစ်ပါတယ်။ ကဗျာနံမယ်က “The Terror Of Death“ ဖြစ်ပါတယ်။ ကဗျာဆရာ ဂျွန်ကိဟာ တီဘီရောဂါနဲ့ သူသေဆုံးရတော့မယ်လို့ သိလာတဲ့အချိန်မှာ သူ့ရဲ့ရင်ထဲမှာ သူသေရတော့မှာကိုတွေးပြီး အခုလိုရေးစပ်ခဲ့တာ ဖြစ်ပါတယ်။ 



သူဆိုလိုတာကတော့ သူက သေရမှာကို မကြောက်ပါဘူးတဲ့။ ဒါပေမယ့် သူမသေဆုံးမီမှာ သူရေးချင်တာတွေ သူဖွဲ့ဆိုချင်တဲ့စာတွေ မရေးမခြစ်လိုက်ရမှာကို ကြောက်ပါတယ်လို့ ဆိုလိုတဲ့ ကဗျာဖြစ်ပါတယ်။



ဒီကဗျာကို ဘာသာပြန်ဖော်ပြခဲ့တဲ့အချိန်တုန်းကတော့ ကျွန်မစိတ်ထဲ ဒီကဗျာဆရာက တော်တော်စိတ်ကူးယဉ်တယ်လို့ ထင်မိပါတယ်။ အခုတော့ ကျွန်မ အလွန်ချစ်ခင်လေးစားရတဲ့ ဆရာမောင်ဝံသ ကွယ်လွန်သွားတယ်လို့ ကြားမိလိုက်တဲ့အချိန်မှာ စာရေးချင် စာဖွဲ့ချင်တဲ့စိတ်တွေအပြည့်နဲ့ ဆရာ့စိတ်ကို ကျွန်မနားလည်လာမိပါတယ်။



ဒီကဗျာလေးထဲက စာသားတစ်ချိူ့ကိုတင်ပြရင်းနဲ့ ဆရာ့ကို ကန်တော့လိုက်ပါတယ်ဆရာ။



“ကျွန်ပ်၏ အတွေးများဖြင့် ပြည့်နှက်နေသော ဦးနှောက်အား



ကျွန်ပ်၏ကလောင်တံဖြင့် ထိုးဆွရေးခြစ်ခြင်း မပြုမီ



ကျွနု်ပ်သေသွားမှာကို ကြောက်၏။



ကျွနု်ပ်ရေးနေသော စာအုပ်များသည် ရင့်မှည့်နေသောစပါးကျီများ



စုပုံထားသကဲ့သို့ အပြုံလိုက် ထွက်မလာမီ



ကျွနိုပ်သေသွားမှာကို ကြောက်၏။



ည၏ ကြယ်ရောင်လင်းလက်သော ကောင်းကင်မျက်နှာအား ကျွနိုပ်ကြည့်မိ၏။



ကျယ်ပြန့်သော တိမ်တိုက်များသည်



ကျွနိုပ်အား လှပသောဇာတ်အိမ်ဇာတ်ကွက်များကို ပြောပြလျက်ရှိ၏။



ခံစားညို့ငင်သော လက်ဖြင့် ထိုလှပသော ပုံပြင်များကို



ကျွနိုပ်မရေးခြစ်လိုက်ရမီ ကျွနု်ပ်သေသွားမှာကို ကြောက်၏။



အချိန်ကာလ၏ တို်က်စားမူကို ခံစားမိရုံဖြင့် ကျွနို်ပ်ကြောက်ပါ၏။



မင်းကို မတွေ့မြင်ရတော့မည်ကို ကျွနိုပ်ကြောက်၏။



ကျယ်ပြန့်သော ကမ္ဘာကြီး၏ ချောက်ကမ်းပါးထက်ဝယ်



တစ်ကိုယ်တည်း ရပ်နေရသည်ဟု ခံစားမိ၏။



ကျွနိုပ်၏ မပျော်ရွှင်သော နှလုံးသားဖြင့် … … … … … … …”








ဂျူနီယာဝင်း (၁၂-၈-၂၀၁၃)
                                                             



(Photo – ၂၀၁၀၊ ဒီဇင်ဘာ၊ ဆန်ဖရန်က အကျဉ်းထောင်ကျွန်း နောက်ခံနဲ့ ဆရာမောင်ဝံသ၊ (မိုုးမခ))

Monday, July 22, 2013

ဆရာမင်းလူ နေပြန်ကောင်းပါစေ ဂျူနီယာဝင်း


ဆရာမင်းလူ နေပြန်ကောင်းပါစေ
ဂျူနီယာဝင်း၊ ဇူလိုင် ၂၃၊ ၂၀၁၃
ကျွန်မကဆရာ့ရဲ့ပရိသတ်ပါ.။ ဆရာရေးတဲ့ အချစ်ဝတ္တုတွေနဲ့ တက္ကသိုလ်တက်ခဲ့။ ဆရာ့ရဲ့လှပသိမ်မွေ့တဲ့ စာသားတွေနဲ့ ကျူတိုရီရယ်ဖြေ။ ဆရာ့ဝတ္တုခေါင်းစဉ်တွေနဲ့ စိတ်ကူးယဉ်ပြီး ဆရာ့ပုံသဏ္ဍန်ကို ပုံဖော်ရင်း ကြီးပြင်းခဲ့ရပါတယ်။
ကျွန်မအကို မောင်ရစ်ရဲ့ အသည်းစွဲစာရေးဆရာလည်းဖြစ်တာမို့ သူဝယ်တဲ့မင်းလူစာအုပ်တွေအကုန် ကျွန်မကလိုက်ဖတ်ရင်း ဆရာ့စာတွေ အရေးအသားတွေ သဘောကျခဲ့ပုံ ရပါတယ်ဆရာ။ ဆရာ့အဖေ ဦးသာဓုက ကျွန်မအဘိုးအဘွားများရဲ့ မိတ်ဆွေရင်းချာလိုဖြစ်၊ မိခင်အမေညိုက မေမေကြီးဒေါ်ခင်မျိူးချစ်ရဲ့ သူငယ်ချင်းအရင်းတွေမို့ပဲလား။ ကျွန်မအကိုက တခါတော့ သူ ဘဘကြီးတို့နဲ့ သာဓုခြံရောက်ရင်းနဲ့ ထင်ပါရဲ့။ ဆရာ့ကို မြင်ဖူးသွားလေတယ်။ သူ့မှာ ဝမ်းသာအားရနဲ့ ကျွန်မကိုကြွွှားသေး။ ကျွန်မက ဘယ်လိုပုံလဲနဲ့ စိတ်ဝင်တစားမေးတာတော့ မဖြေပါဘူး။ ကျွန်မက ဆရာမင်းလူက ဘယ်သူနဲ့တူသလဲ (ဘယ်မင်းသားနဲ့ တူလဲ ဆိုတဲ့အဓိပ္ပါယ်) ဆိုတော့ စာရေးဆရာက စာရေးဆရာနဲ့ တူတာပေါ့ … ဟဲ့ … တဲ့။
ဆရာ့ကို စတွေ့ဖူးတာ ဦးသုမောင် ကွယ်လွန်စဉ်ကပါ။ နှစ်ထောင့်တစ်ဆယ်လောက်က ထင်တယ်။ အဲသည်နေ့က ဆရာတို့သာဓုခြံကို ပထမဦးဆုံး ရောက်ခဲ့ဖူးပါတယ်ဆရာ။ ဦးသုမောင်ရဲ့ သာဓုခြံမိသားစုအကြောင်းတွေကို ဖတ်ရင်းနဲ့ သာဓုခြံဆိုတာကို ရင်းနှီးနေခဲ့ရပါတယ်။ ဆရာဦးသုမောင်မိသားစုနဲ့ နှူတ်ဆက်အပြီးမှာ ဆရာမင်းလူတို့ရှိတယ်ဆိုတဲ့ လက်ဘက်ရည်ဆိုင်လေးကို ရောက်အောင်သွားခဲ့ပါတယ်။ ဆရာ့ကိုတွေ့ဖူးချင်လွန်းလို့ ရင်တွေတောင်ခုန်။ ဆရာရှိတဲ့ လက်ဘက်ရည်ဆိုင်လေးကို သွားပြီး ဆရာ့ကို တွေ့ဖြစ်ခဲ့ပါတယ်။ ဆရာတို့ရဲ့လက်ဖက်ရည်ဆိုင်လေးမှာ ဆရာနဲ့ အတူဓါတ်ပုံရိုက်ခွင့်ရတာ ကျွန်မအတွက် အိပ်မက်လိုပါဆရာ။
ဆရာနေမကောင်းဖူးဆိုတာ ကြားသိရတုန်းက မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ဆရာတို့မိသားစုလို ရိုးသားအေးချမ်း အေးဆေးတည်ညိမ်တဲ့ဘဝမျိူးကို ပိုင်ဆိုင်ထားတဲ့ ဆရာတို့အားလုံးအတွက် ကျွန်မအလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဆရာနေပြန်ကောင်းပြီး စာတွေပြန်ရေးနိုင်ပါစေလို့ ကျွန်မ တို့ မိသားစုအားလုံးက မေတ္တာများစွာဖြင့် ဆုတောင်းပေးနေပါတယ်ဆရာ။

Saturday, July 20, 2013

Unforgettable (2) မမေ့နိုင်စရာများ (၂) ဂျူနီယာဝင်း

မမေ့နိုင်စရာများ (၂)
ဂျူနီယာဝင်း၊ ဇူလိုုင် ၂၀၊ ၂၀၁၃
ဒီကနေ့က အာဇာနည်နေ့။ ကျွန်မအဘိုးအဘွားများ ပြောတဲ့နေ့
ငါတို့အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးကုန်တဲ့နေ့၊ အသတ်ခံရတဲ့နေ့။ အခုဒီကနေ့ အာဇာနည်နေ့ ရောက်လာပြန်ပြီ။
မနေ့က စဉ်းစားနေတာ … …
မိုးသားတွေက အဲဒီ၁၉၄ရတုန်းကလိုပဲပိန်းနေအောင်ရွာပေးမှာလား..
လေပြင်းတွေကရောအဲသည်နေ့တုန်းကလိုပဲကြမ်းတမ်းစွာတိုက်ခတ်ဖြစ်ဦးမလား…
ငါစဉ်းစားကြည့်တယ်…….
၁၉၄ရတုန်းက မျက်ရည်မိုးတွေ ကြွေခဲ့ကြတယ်ဆိုတဲ့ အဖြစ်တွေကို မတွေ့မြင်နိုင်တော့။  တတိုင်းပြည်လုံး တုန်လှူပ်ခြောက်ခြားခဲ့ကြတယ် ဆိုတဲ့ မျက်နှာတွေ မရှိနိုင်တော့။  အဲသည်နေ့တုန်းက ဆုံးရူံးမူကို ရင်နဲ့မမျှအောင် ခံစားကြရတဲ့ အသည်းနှလုံးဆိုတာကို ငါ့ရဲ့ရေခဲလိုနှလုံးသားက မခံစားတတ်လေတော့။
အကယ်၍များ …
မိုးသားတိမ်လိပ်တွေကပါ အဲသည်နေ့တုန်းကလိုမျိူး၊ သည်ကနေ့ကို မည်းနေအောင် မရွာပေးခဲ့ဘူးဆိုရင် …

ငါ့ရင်ထဲ အာဇာနည်နေ့ကို ဘယ်လိုများ လွမ်းရပါ့။

Friday, July 12, 2013

Book Review - Our County by U Khin Maung Latt (BA)

စာအုပ်ရီဗျူး - တို့တိုင်းပြည် ဦးခင်မောင်လတ်(ဘီအေ)
ဂျူနီယာဝင်း၊ ဇူလိုင် ၁၂၊ ၂၀၁၃
စာအုပ်အမည် - တို့တိုင်းပြည်
ရေးသူ - ဦးခင်မောင်လတ် ဘီအေ
ဦးဖိုး (မဟာဝိဇ္ဇာ)တည်းဖြတ်သည်
စိတ်ကူးချိုချို
ဒုတိယအကြိမ်
၂၀၁၃ ဇူလိုင်
တန်ဖိုး ၂၂၀၀ ကျပ်
အုပ်ရေ ၅၀၀
စာမျက်နှာ ၂၀၀
အခန်း ၇ ခန်း
စာအုပ်၏ထူးခြားချက်များ မူရင်းအတိုင်း ရုပ်ပုံကားချပ်များတင်ပြမူ၊ ရှေးဓါတ်ပုံဟောင်းများကို သပ်ရပ်စွာတင်ပြမူနှင့် မြန်မာပြည်မြေပုံများကို သပ်ရပ်သောအဖြူအမဲဖြင့်ဖော်ပြမူများ
မူရင်း ဘဘကြီးဦးခင်မောင်လတ် ပုံနှိတ်စာလုံးများနဲ့ “မျိုးခြားလက်အောက် ကျွန်သပေါက်“ ဆိုတဲ့စာမူထုတ်ကို ဘဘကြီးကွယ်လွန်သွားပြီးတော့မှ ရှာတွေ့ခဲ့တာကို ဖတ်ကြည့်ခဲ့ဖူးတယ်။ အလွန်ကြိုက်နှစ်သက်လွန်းလို့ ၂၀၀၇..၂၀၀၈ ခုနှစ်လောက်က ကျွန်မရဲ့ဘလော့မှာ တင်ပေးခဲ့ဖူးတယ်။ မြန်မာစာလည်း သေချမရိုက်တတ်တော့ ကိုယ့်မောင်နှမများကို ရိုက်ခိုင်းရ၊ ကိုယ်ကိုယ်တိုင်ရိုက်တော့လည်း ကြာပေမယ့် မရရရအောင် ကြိုးစားပြီး ရိုက်တင်ခဲ့ဖူးတာကို အမှတ်ရမိပါတယ်။ အဲသည်တုန်းက တ၀က်တပျက်နဲ့ ဆက်မတင်ဖြစ်ခဲ့တော့ဘူးတာကိုလည်း မှတ်မိတယ်။ ဘယ်သူကမှလည်း ကျွန်မကိုဘဘကြီးရဲ့ “တို့တိုင်းပြည်“က တ၀က်တပျက်နဲ့မို့ ဆက်တင်ပေးပါလို့ တောင်းဆိုတာလည်း မရှိတာကတကြောင်း ဆက်မတင်ဖြစ်ခဲ့ဖူးလေ။
အခုတော့ ဒါကိုစိတ်ကူးချိုချိုက မူရင်းစာအုပ်နဲ့အတူ အဲသည်အတိုင်း ထုတ်ဖြစ်ခဲ့တာမို့ ဒါဟာဝမ်းသာစရာကိစ္စလို့ ဆိုရမှာပါပဲ။ ဒါ့အပြင်ဘဘကြီးဦးခင်မောင်လတ်ကွယ်လွန်ခဲ့တဲ့ သြဂုတ်လ၁ရက်နေ့ကလည်း နီးလာပြီမို့လို့ ဘဘကြီးအတွက် အမှတ်တရ သတိရစရာဖြစ်လာရတယ်။ ဘဘကြီးက သြဂုတ်လမွေးသူမို့လည်း ဒီစာအုပ်လေးထွက်လာကို ဘဘကြီးအတွက် အမှတ်တရအဖြစ် မှတ်တမ်းတင်ရလိမ့်မယ်။
မာတိကာအရ အခန်း ၇ ခန်းလို့ဆိုထားတယ်။ “မျိုးခြားလက်အောက် ကျွန်သပေါက်“ က အခန်း ၄မှာ တွေ့ရတယ်။ အဲသည်ကနေ နောက်ပိုင်းကို ကျွန်မက ကောင်းကောင်း ဖတ်ဖူးထားပါတယ်။ ရှေ့ပိုင်း အခန်း၎ခန်းက ကျွန်မအတွက် အသစ်ပါ။ အခုလို Completeတွေ့ရ ဖတ်ရတာ ၀မ်းသာစရာပါပဲ။ ရှေ့က အခန်း၎ခန်းက ကျွန်မတို့မြန်မာပြည်… တို့တိုင်းပြည်အကြောင်း ပထ၀ီအနေအထားတွေကအစ၊ ရှေးအဆက်ဆက်အစဉ်အလာများကို ရေးသားထားပါတယ်။ မကြားရတာကြာပြီဖြစ်တဲ့ “ဘယ်မြေက စေတီပေါမလဲ“ ဟူ၍ နင်လား ငါလား ယှဉ်ပြိုင်ကြွားနိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု တွင်သော တို့တိုင်းပြည်“ ဟူသော အစဦးဆုံးစာလုံးကား ကျွန်မတို့စာဖတ်သူရင်ကို ထိမှန်သွားစေပါလိမ့်မည်။
တို့တိုင်းပြည်ရဲ့ ပထ၀ီအနေအထားတွေ၊ ထိစပ်နေတဲ့ရေမြေတောတောင်တွေ၊ ပြီးတော့တို့တိုင်းပြည်ထဲမှာ ပဲခူးရိုးမတောင်တဲ့၊ ဧရာဝတီမြစ်ဝကျွန်းပေါ်တဲ့၊ ရှမ်းကုန်းပြင်မြင့်နှင့် တနင်္သာရီတဲ့၊ တနင်္သာရီကမ်းရိုးတမ်းဒေသတဲ့၊ သားငှက်တိရစ္ဆာများရှိကြပုံများတဲ့၊ အပင်ငယ်လေးများအကြောင်းတဲ့၊ ငါးအမျိုးအစားများတဲ့၊ ပင်လယ်ကမ်းရိုးတမ်းတဲ့၊ မြစ်နားဝန်းကျင်ဒေသများတဲ့၊ အင်းအိုင်ချိုင့်ဝှမ်းများ၊ တောတောင်ထူထပ်သောဒေသများတဲ့၊ ပန်းမာန်များပေါများရာတဲ့.. အဲဒါ တို့တိုင်းပြည်ပါပဲကလားဟု ခံစားမိသွားရတာက ရှေ့ကအခန်း ၂ ခန်း ဖတ်ရင်းနဲ့ပါ။
အခန်း၃ဖြစ်တဲ့ “တိုင်းပြည်တည်ထောင်တို့ညီနောင်“ အခန်းမှာတော့ တို့တိုင်းရင်းသားများ ယဉ်ကျေးဖွယ်ရာအမူအရာရှိတဲ့ အခြားလူမျိုးများထက် နှစ်သက်ဖွယ်ရာကောင်းလို့ မှတ်ချက်ချခံကြရပုံများ၊ စေတနာသဒ္ဓါတရားထက်သန်ပုံ၊ စိတ်နေသဘောထားလိမ္မာကြပုံများကို ဖွဲ့ဆိုထားကာ ဇာတ်သဘင်အကအလှများ မြတ်နိုးတွယ်တာကြပုံတွေလည်း ရေးသားထားသည်။ အဲသည်အခန်းမှာပင် စစ်အတွင်းမြန်မာနိုင်ငံသားတို့ရဲ့ ဗမာ့ရန်သူများကို တိုက်ပွဲဝင်ခဲ့ပုံများတွင်တော့ သမိုင်းရာဇ၀င်အဆက်ဆက် အခြေအနေများကို စစ်မြေပြင်ဖြစ်ခဲ့လေတဲ့ ဟောသည်တို့တိုင်းပြည်တွင်း ကိစ္စရပ်များကို တွေ့ကြလေသည်။ သရေခေတ္တရာ၊ ပုဂံရှေးပြည်၊ ကုန်းဘောင်ပြည့်၊ နော်ရထာ ကျန်စစ် ဘုရင့်နောင် အစရှိတဲ့ ရှေးမင်းအဆက်ဆက်များ သမိုင်းအဖြစ်များ၊ ပထမ ဒုတိယ တတိယမြန်မာနိုင်ငံတော်၊ စစ်သူကြီးမဟာဗန္ဒုလ၊ မြ၀တီမင်းကြီးဦးစ အစ၇ှိသော ခေါင်းဆောင်မူ စွမ်းရည်စွမ်းပကားများ၊ ဘကြိးတော်၊ သာယာဝတီမင်း၊ မင်းတုန်းမင်း၊ ပုဂံမင်းတဲ့။ ထိုထိုသော ရာဇ၀င်ခင်းခဲ့လေသော တို့တိုင်းပြည်ကြီးအကြောင်းကို သမိုင်းနှင့်ယှဉ်ကာ ဖတ်ကြရပေအုံးမည်။
အခန်း၎ အခန်း၅ကတော့ မျိုးခြားလက်အောက် ကျွန်အဖြစ်ရောက်ခဲ့ရလေသော တို့တိုင်းပြည်ကနေ လွတ်လပ်ရေးကြိုးပမ်းမူများကို ရှေးဓါတ်ပုံဟောင်းများနှင့် စိတ်ဝင်စားဖွယ်ဖတ်ကြရပါသည်။ အခန်း ၆ တွင်တို့တိုင်းပြည်ဟာဖြင့် ရွှေပြည်ငွေပြည်ပါတဲ့ ဟု ခေါင်းစဉ်တပ်လျက် တကယ်ပဲ တို့တိုင်းပြည်ကြီးက ရှိတဲ့လူဦးရေနဲ့ မျှတယုံမက ပိုလျှံသော စိုက်ပျိုးသီးနှံများပေါများကြွယ်ဝပုံများကို အံ့သြဖွယ် ဖတ်ကြရလေသည်။ တိုင်းပြည်၏အကျယ်အ၀န်းအရပင် ကျွန်းထွက်တဲ့ တို့တိုင်းပြည်ပါတဲ့။ တို့တိုင်းပြည်၏ သစ်တောများပေါကြွယ်ဝပုံများကိုလည်း ပုံများ ရုပ်ပုံများဖြင့် ယှဉ်တွဲဖတ်ရူကြရပါသည်။ ထိုပြင်၁၉၂၄မှ ၃၉ ခုနှစ်ကြာ်း ကျွန်းအထွက်နှူန်း၊ အခွန်စာရင်း၊ အမြတ်ငွေများကို စာရင်းဇယားပုံများလည်း ပါလေသည်။ ပြည်သူလူထု ကျပ်ပြည့်တင်းပြည့် ခံစားရစေရန် သစ်တောများကို နိုင်ငံတော်က မည်သို့စီမံခန့်ခွဲပုံများကိုလည်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရူကြရပါသည်။ ကျွန်းတင်မက ရေနံကလည်း ပြည့်ဖြိုးလိုက်တာမှတဲ့။ ထို့ပြင်နိုင်ငံတကာမှ တင်သွင်းသောကုန်များကိုလည်း စိတ်ဝင်စားဖွယ်တွေ့ကြရသည်။ ရေလမ်းကုန်း လမ်းဝေဟင်လမ်းများကား တို့တိုင်းပြည်သားတို့ ကူးသန်းသွားလာနေကြကုန်သော ခရီးသွားလာမှုများဖြစ်ကြောင်းကိုလည်း သိမြင်လာကြရပေတော့သည်။

နောက်ဆုံးအခန်းကတော့ တို့တိုင်းပြည်ဟာဖြင့် စိုက်ခင်းပျိုးခင်းတို့ဖြင့် စိမ်းလန်းစိုပြည်၊ သမင်ဒရယ်ချေငယ်စိုင်ဆတ်တို့ ပျော်ပါးရာ၊ တောတောင်ရေမြေတို့ဖြင့် သာယာလှစွာ၊ ရွှေတွင်းငွေတွင်း ပယင်းကျောက်မျက်ကြွယ်ဝရာ၊ ဤမြေဤတော အရာရာကား တို့တောတို့မြေတို့ ရတနာမြေ တို့ပိုင်တဲ့မြေ။ အဲဒါတို့တိုင်းပြည် တို့နိုင်ငံ။ တို့ပြည်သားတို့၏ မယှဉ်နိုင်သောသတ္တိထူး။ တို့နိုင်ငံသားတို့၏ လွတ်လတ်ရေးစိတ်ဓါတ်၊ တို့တိုင်းပြည်သားတို့ မိမိတို့အလိုအလျောက် အားရွှင်လန်းစွာ ခံယူတည်ဆောက်ကြလေသော ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ရဟန်းသံယာတော်မြတ်တို့၏ နှစ်ရာ့နှစ်ဆယ်ခုနှစ်သွယ်သောသိက္ခာပုဒ်၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းမူ၊ သာသနာတော်ရေး လောကီရေး၊  နိုင်ငံရေး။ တရားဥပဒေအစရှိသော တို့တိုင်းပြည်သား တို့အကြောင်းများအပြင် တို့တိုင်းပြည်ဟာ တချိန်တခါမှာဖြင့် အခြားနိုင်ငံများနည်းတူ ပျက်စီးယိုယွင်းခြင်းတို့ တွေ့ကြုံခဲ့ရငြားလည်း သာသနာ၊ ယဉ်ကျေးမူ၊ ကိုယ်ကျင့်တရား၊ ပညာရေးအစရှိသော သိမ်မွေ့သော စိတ်တရားစုတို့ကို မဖောက်မပြန်စေရန်၊ မြတ်စွာဘုရား၏ အဆုံးအမ၊ အတွင်းစိတ်နူးညံ့မူ၊ ပညာဥာဏ်အလင်းရောင်တို့ ပြန်လည်ထွန်းပလာသောအခါ တို့တိုင်းပြည်သားတို့၏ ထက်မြတ်သော ကိုယ်ပိုင်ဥာဏ်သည် မီးခဲပြာဖုံးအဖြစ်မှ ထွန်းလင်းတောက်ပသော ဥာဏ်ပညာအမြော်အမြင်တို့ဖြင့် သင့်မြတ်သော ဂုဏ်အရည်အချင်းများ ပြည့်စုံလေသော လောကသစ်ကို တည်ဆောက်နိုင်ပါလိမ့်မည်ဟူ၍ စာအုပ်ကိုဖတ်ရင်း ခံစားမိလိုက်ရပါသည်။

Friday, June 28, 2013

Burmese Days and Flowers by Junior Win


Burmese Days and Flowers by Junior Win
ဂျူနီယာဝင်း၊ ဇွန် ၂၉၊ ၂၀၁၃
ဒီစာအုပ်ခေါင်းစဉ်နဲ့ ဆွဲထားတဲ့ ကာတွန်းမောင်ရစ်ရဲ့သင်္ကြန်အိုးပုံတွေ့တဲ့ မြန်မာလူမျူိးတိုင်းကတော့ သည်စာအုပ်ဟာဖြင့် သင်္ကြန်အိုးမှာထိုးရတဲ့ပန်းတွေနဲ့ နေ့နံတွေအကြောင်းပဲလို့ တွေးမိမှာဖြစ်ပါတယ်။ သည်စာအုပ်စရေးတာက တတိယမြောက် ကျွန်မရဲ့ 96+ ဒစ်ဂျစ်တယ်စာအုပ်ထွက်ပြီး၊ ရက်အနည်းငယ်လောက်ကမှဆိုတော့ မေလလယ်လောက်ကပါ။ ဧပြီ ၂၀၁၃ သင်္ကြန်တုန်းကတောင် စိတ်ကူးမရှိသေးပါဘူး။ ဒါကြောင့် ပြောရရင် ကျွန်မလိုချင်တဲ့ဓါတ်ပုံတွေကို အဲသည်တုန်းက မရိုက်မိလေခြင်းလို့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့ရပါတယ်။
စရေးဖြစ်တဲ့အချိန်ကနေ အခုသည်စာအုပ် အပြီးသတ်တဲ့အထိ တရက်မှမနားရပဲ ကြိုးစားရေးသားခဲ့တာပါ။ ခြံဝင်းကျယ်ကျယ်နဲ့ ပန်းတွေစိုက်တာဝါသနာပါသူတွေဆီကို သွားပြီး ဓါတ်ပုံများ သွားရိုက်ရတယ်။ ပန်းမပွင့်သေးလို့ ၃ရက်လောက်စောင့်ပါ ဆိုလို့ စောင့်ရတယ်။ မိုးကလည်းရွာနေတာကြောင့် အခက်အခဲများကြုံရတယ်။ ဒီကြားထဲ အပြင်သွားဖြစ်တဲ့အခါတိုင်း ကင်မရာဆောင်ထားပြီး တွေ့သမျှပန်းများ အပင်များကို ဓါတ်ပုံရိုက်ယူ။ ဈေးထဲပန်းသည်ဆီသွားပြီး ပန်းနံမယ်များချရေးပြီး၊ နဘေးကလူများကို အားမနာနိုင်၊ တခုချင်း မေးရမြန်းရ မှတ်ရနဲ့။ နောက်ဆုံး ပုံတွေအပြီးသတ်ထည့်ချိန်အားလုံး အဆုံးသတ်တော့မယ်ဆိုမှ ၂ရက်လောက် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားရ။ အရပ်ကူပါ၊ လူဝိုင်းပါဆိုသလို နဘေးကလူတွေလည်း မသက်သာလှပါ။ ဦးလေး၊ အဒေါ်များဆီက အချက်အလက်ဓါတ်ပုံများကို တောင်းယူ၊ မောင်နှမများဆီက ပန်းပုံများတောင်းနဲ့ ပြည့်စုံသလောက် လုပ်ထားတာပါ။
အင်္ဂလိပ်လိုရေးထားတာမို့ နိုင်ငံခြားသားပရိသတ်အတွက်လို့ ပြောမလား။ မြန်မာပရိသတ်လည်း ဖတ်ကြည့်ပြီး နှစ်သက်မယ်လို့ မျော်လင့်မိပါတယ်။ မေမေကြီးဒေါ်ခင်မျူိးချစ်သာရှိရင် သူ့မြေးရဲ့ ကြိုးစားပမ်းစားလက်ရာကိုဖတ်ပြီး အကြံဉာဏ်တွေ ပေးမှာပါပဲ။ ဘဘကြီးဦးခင်မောင်လတ်လည်း ဘယ်လောက်တောင် ပျော်ရွှင်ဝမ်းသာပေးမှာလဲ ဆိုတာ စိတ်ကူးနဲ့ပဲ ပုံဖော်မိတယ်။ သူတို့ရဲ့မေတ္တာများကြောင့် အဆုံးအထိပြီးမြောက်သွားတယ်လို့ ခံယူထားပါတယ်။
စာအုပ်ရေးသားနေတဲ့ ကာတစ်လျောက်လုံးမှာ အကြံဉာဏ်များပေးခဲ့ကြသော ကျွန်မမိဘများ၊ ဦးလေးအဒေါ်များ၊ ညီအကိုမောင်နှမများကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါအပြင် ဒစ်ဂျစ်တယ်စာအုပ်ဖြစ်သည်အထိ အစစအရာရာ ၀ိုင်းဝန်းကူညီပေးခဲ့ကြသော ကျွန်မအကိုမောင်ရစ်၊ အမနဲ့ ချစ်တူမလေး ပွင့်ဖြူနန္ဒာတို့ကိုလည်း အမှတ်တရ မှတ်တမ်းတင်လိုက်ပါရစေ။
သည်တော့ မြန်မာပြည်က သင်္ကြန်အိုးနဲ့ ပန်းများ နေ့ နံများ အကြောင်း၊ ၂၀၁၃ သင်္ကြန်ဆောင်းပါးနဲ့၊ ဒေါ်ခင်မျိုးချစ်ရဲ့လက်ရာ Buddhist Piligrim’s Progress စာအုပ်ရီဗျူး ထပ်မံဖြည့်စွက်ထားပါတယ်။ ကာတွန်းမောင်ရစ်ရဲ့ သင်္ကြန်အိုးပုံနဲ့ သိကြားမင်းပုံများက အသစ်တွေပါ။ မေမေကြီးစာအုပ်တွေမှာလည်း သူက အမြဲပုံတွေဆွဲပေးတတ်တော့ အခုကျွန်မအလှည့်ပေါ့။
(Amazon မှာ စနေနေ့ကျရင် ဖရီးဒေါင်းလုပ်ပေးပါ့မယ်၊ ရန်ကုန်အချိန် ဆန်းဒေးဖြစ်မလားပဲ (မိုးမခ))