ဘဝဇာတ်ခုံပေါ်က ဒွန်ကွီဇုတ် ဂျူနီယာဝင်း
(ပိတောက်ပွင့်သစ်
ဇန်နဝါရီလ၊ ၂ဝဝရ ခုနှစ်။)
Don Quixote (ဒွန်ကွီဇုတ်)၏ ဖခင်က စပိန်စာရေးဆရာကြီး Miguel De Saavedra Cervantesသူ့ကို စပိန်နိုင်ငံ Alcala de Henares ၁၅၄၇ မှာ မွေးပါသည်။ သူ့ငယ်ဘဝ ၁၅ရဝ တိုင် သူဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်သူ့မှ မသိကြပါ။ ၁၅ရဝ အီတလီစစ်မှု ထမ်း ဘဝဖြင့် Marquesa သင်္ဘောမှာ အမှုထမ်းခဲ့ရသည်။ သူသည် သင်္ဘောဝမ်းဗိုက်ထဲမှာ ဖျားပြီးလဲနေရာကပင် တိုက်ပွဲထဲ ရဲရဲရင့်ရင့် ဝင်ခဲ့သူ ဖြစ်သည်။ သူ့ကိုယ်ထဲက ကျည်ဆံ ၃ ခုကို ထုတ်ပစ်ခဲ့ရရာ ကျည်တစ်ခုမှာ သူ့လက်ဝဲဘက် သုံးမရအောင် ဒဏ်ရာပေးခဲ့လေသည်။ ဒါကို သူက ''မှန်ကန်သောတိုက်ပွဲအတွက် ပေးဆပ်ခဲ့ရသည်''ဟု ကင်ပွန်းတပ်ခဲ့သည်။ သူ့ဘဝမှာ ပြင်းထန်သော ရိုက်ခတ်မှုတွေ၊ အလှည့် အပြောင်းတွေ ကြုံခဲ့ရသည်။ သူ့အဖြစ်ကလည်း သူမွေးထုတ်ပေးခဲ့သော ဒွန်ကွီဇုတ်နှင့် မခြားလှပေ။
၁၅ရဝ စစ်မှုထမ်းဘဝကနေ ၁၅၇၅ ခုနှစ်မှာ စပိန်သို့ ပြန်ခွင့်ရခဲ့သည်။ အပြန်ခရီး မြေထဲပင်လယ်ထဲမှာ သူ့သင်္ဘောကို Corsairsအရိုင်းများ၏ ဖမ်းဆီးခံခဲ့ရသည်။ နောက်တော့သူ့ကို Algiers မှာ ဂရိတို့ထံသို့ ကျွန်အဖြစ် အရောင်းခံခဲ့ရသည်။Cervantesမှာ ထွက်ပြေး ဖို့ ကြိုးစားသော်လည်း မအောင်မြင်ပါ။ သို့နှင့်ထောင်ထဲရောက်သွားသည်။ သူထွက်ပြေးဝံ့သော သတ္တိက Algiers ဘုရင်ခံကို ဆွဲဆောင် သလိုဖြစ်ကာ ဂရိထံမှ သူ့ကို ငွေဒင်္ဂါး ၅ဝဝ ဖြင့် ဝယ်လိုက်သည်။ နောက်တော့ ကုန်သည်များထံမှငွေဖြင့် ဘုရင်ခံထံမှ လွတ်လပ်ခွင့်ကို ပြန်ရအောင်လုပ်ကာ သူ့နေရပ် စပိန်သို့ ပြန်ခဲ့သည်။
၁၅၈၂ ခုနှစ်မှာ သူ့ဘဝခြေလှမ်းက စာရေးတာဖြစ်သည်။ ရှေ့က ကြုံခဲ့ရသော ဒုက္ခတွေက သူ့အတွက်လှပသော အိပ်မက်တွေလို့ သဘောထားခဲ့ပုံရသည်။ ပထမဦးဆုံး ဝတ္ထုက ၁၅၈၅ ခုနှစ်မှာ ထုတ်ခဲ့သော The Galate ဖြစ်သည်။ ထိုစာအုပ်ဖြင့် သူ့နာမည် အတော် အသင့် ရခဲ့သည်။ ငွေအနည်းငယ်တော့ ရလိုက်သည်။ သူ့ဘဝရည်မှန်းချက်က စာပေဖြစ်သည်။ သို့သော်လည်း ဒီတစ်ခုတည်းနှင့် သူ့ဘဝရပ် တည်ဖို့ မဖြစ်နိုင်ပေ။ သူ၏စစ်တပ်မှာ ရဲရင့်စွာ ထမ်းဆောင်ခဲ့မှုကြောင့် သင်္ဘောအမှုထမ်းအလုပ်ရှာလို့ ရခဲ့သည်။
၁၅၉၅ ခုနှစ် ကဗျာပြိုင်ပွဲမှာ ပထမရခဲ့ခြင်းသည် သူ့ဘဝလှေကားထစ် တစ်ထစ်တက်ခွင့်ရလိုက်ခြင်းဖြစ်သည်။ ဒီလိုနှင့် ကဗျာလမ်း ထဲ ရောက်သွားပြန်သည်။ သူ့ကဗျာတွေကို Saragossa ဆိုတဲ့ အရပ်ဒေသတစ်ခုမှာ မွေးဖွားခဲ့သည်။ အဲဒီအရပ်ဒေသသည် သူ့ဇာတ်ကောင် ဒွန်ကွီဇုတ်၏ စီးချင်းထိုးပွဲကျင်းပရာ နေရာတစ်ခုအဖြစ် သူရွေးချယ်သည့် နေရာတစ်ခု ဖြစ်ချေ၏။
Cervantes ၏ ကံဆိုးမိုးမှောင်က စောင့်လို့နေသေးသည်။ သုံးနှစ်ကြာအမှုထမ်းဘဝဖြင့် အလုပ်လုပ်နေစဉ် သူယုံကြည်ရသူတစ်ဦး၏ သစ္စာဖောက်မှုကြောင့် ငွေအလွဲသုံးစားမှုဖြင့် အစွပ်စွဲခံခဲ့ရသည်။ အဲဒီအတွက် အလုပ်မှထွက်ရကာ Seville အကျဉ်းထောင်မှာ စံရပြန်သည်။ ထိုအခြေအနေအောက်တွင် 'ဒွန်ကွီဇုတ်'ဟူသော ဇာတ်ကောင်တစ်ကောင် မွေးဖွားဖို့အကြံညဏ်တွေ ရလာခဲ့သည်။ သူစစချင်း အုတ်မြစ်ချခဲ့ တုန်းက ဇာတ်လမ်းတိုလေးတွေ ဖြစ်သည်။ ထောင်မှထွက်ပြီး စာရေးဖို့ အလုပ်ကို ဆက်လုပ်ရင်းမှ ဇာတ်လမ်းရှည်ကြီး ဖြစ်လာရသည်။ လူတွေရှေ့မှာ အလှောင်ခံ၊ သရော်ခံ ရရှာသော ဇာတ်ကောင်တစ်ကောင်သည် ဘဝကို သရော်သော ဇာတ်ရုတ်အဖြစ် လူကြိုက်များခဲ့သည်။ စာအုပ်ထွက်ပြီး ၅ လ အကြာမှာ Cervantesမှာ သုံးစရာမရှိသဖြင့် ထုတ်ဝေသူထံမှ ငွေသား ၅ဝဝ ချေးခဲ့ရသည်။
ဒွန်ကွီဇုတ်အတွက် နောက်လိုက် Sancho Panza (ဆန်ခိုျ)ကို စိတ်ကူးခဲ့ပြီး သူ့ကို ထည့်သွင်းဇာတ်လမ်းဆင်ခဲ့ရာ ပထမဒွန်ကွီဇုတ် ထက်ပင် ပို၍ လူကြိုက်များခဲ့သည်။ ရှိတ်စပီးယားနှင့် တစ်ခေတ်ထဲ မွေးဖွားလာသူ Cervantes ၏ လက်ရာ 'ဒွန်ကွီဇုတ်' ဝတ္ထုကြီးအား ရှိတ်စပီးယားက သူခရီးသွားလေရာ သယ်ဆောင်ဖတ်ရှုခဲ့သည်ဟု ဆိုပါသည်။ ၁၆၁၆ ခုနှစ်မှာတော့ 'အသက်အရွယ်အိုမင်း၊ ရဲရင့်သော စစ် သည်၊ လူကြီးလူကောင်းတစ်ဦးဖြစ်ကာ ဆင်းရဲလှသူ' Cervantes အဖြစ်ဖြင့် ကွယ်လွန်ခဲ့သည်။ Cervantesသည် သူ့ဇာတ်ကောင် ဒွန်ကွီဇုတ်လိုပင် လေဒဟပ်ကြီးနှင့် ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်နေခဲ့ရသူဟု ဆိုရပေမည်။ ထိုလေဒဟပ်တွေသည် သူ့အတွက် ရွှေအိုးတွေ များ ဖြစ်နေမလားဟု စာဖတ်သူတို့က စိတ်ကူးနေမိကြတော့သည်။
ဘဝမှာ နာကျင်ထိခိုက်ခံခဲ့ရသော စာရေးဆရာတစ်ဦးမွေးထုတ်လိုက်သော ဒွန်ကွီဇုတ်က ဘယ်လိုဇာတ်ရုပ်မိုျးပါလဲ။ သူဒွန်ကွီဇုတ်ကို ဖန်တီးခဲ့ပြီး ထုတ်ဝေခဲ့သော အချိန်ကာလ ၁၆ဝ၅ ခုနှစ်ဖြစ်ပြီး ၁၆၁၁ ခုနှစ်မှာ Thomas Shelton က စပိန်မှ အင်္ဂလိပ်သို့ ဘာသာပြန် သည်။ ၁၆၁၅ ခု သူ မကွယ်လွန်မီမှာ ဒုတိယပိုင်းထွက်သည်။ သူ့ဇာတ်လိုက်ဒွန်ကွီဇုတ်သည် ၁၇ ရာစု စပိန်အရပ်ဒေသတစ်ခုမှ အသက် ၆ဝ ဝန်းကျင်အရွယ် ပညာတတ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ သူ၏ ထူးဆန်းသော ကိုယ်ပိုင်ကမ္ဘာထဲမှာ နေထိုင်လျက် ရှိလေသည်။ သူ့စာဖတ်ခန်းထဲ မှာ အချိန်ကုန်လွန်လျက်ရှိကာ ရှေးစာကြီးပေးကြီးတွေထဲက စွန့်စားခန်းများကို အလွန်နှစ်ခိုျက်လျက်ရှိလေသည်။
သူရဲကော်းတစ်ဦးမှာ စံအားဖြင့် ရှိသင့်ရှိထိုက်သော သတ္တိရှိခြင်း၊ ရဲရင့်ခြင်း၊ သဘောထားကြီးခြင်း၊ မြင့်မြတ်သော အမူအကျင့်ရှိခြင်း၊ ဆင်းရဲနွမ်းနယ်သူများကို ကူညီထောက်ပံ့လိုသော သဒ္ဒါတရားထက်သန်ခြင်း၊ ယဉ်ကျေးခြင်းတည်းဟူသော စွမ်းရည်များ တစ်စည်းတစ်လုံး တည်းရှိကာ စံတင်လောက် ပေသည်ဟု ဒွန်ကွီဇုတ်က ခံယူထားလေသည်။ ဒွန်ကွီဇုတ်ဆိုတာ Mancha သူရဲကောင်းစစ်သည် အမှားများကို မှန်အောင်လုပ်မည့်သူ၊ ဒဏ်ရာတွေနဲ့ နာကြင်နေသည်များ၊ မတော်မတရားမှုများကို ကုစားပေးမည့်သူ၊ အမိုျးသမီးများကို ကာကွယ်ပေးမည့်သူ၊ ဘီလူးကြီးများကို ခြောက်လှန့်မောင်းထုတ်ပစ်မည့်သူ၊ တိုက်ပွဲများကို ရဲရဲရင့်ရင့် တိုက်ခိုက်ပေးမည့်သူ ဖြစ်လေသည်။ သူက အဲဒီလိုမြင့်မြတ် ခြင်းဆိုတဲ့ ခေတ်တစ်ခေတ်ကို ပြန်လည်အသက်သွင်းဖို့ သူ့မှာတာဝန်ရှိသည်ဟု ဆုံးဖြတ်ချက်ချထားလေသည်။ ဒါကို သက်သေပြဖို့အတွက် သူ၏ ဂုဏ်သတ္တိသည် မသေ၊ သူရဲကောင်း Galahad လိုပဲ တိုက်ပွဲဝင်မည်။ ကမ္ဘာကြီးသည် မှားယွင်းစွာလည်ပတ်လျက်ရှိ၏။ ထို့ကြောင့် မြင်မြင်သမျှသော အမှားဟူသမျှကို သူပြုပြင်ပေးရမည်။
သူက ဟောင်းနွမ်းစုတ်ပြတ်နေသော စစ်ဝတ်တန်ဆာကို ဝတ်ကာဆိုးရွားသောင်းကျန်းနေသော နဂါးကြီးကို သတ်ဖို့ အသင့်ပြင်လျက် မြင်းအိုကြီးကို စီးလို့၊ အန္တရာယ်ကြားက မင်းသမီးကို ကယ်တင်အံ့။ သူမျက်စိထဲမှာ လေရဟပ်ကြီးကို ကြောက်စရာနဂါးကြီးဟု မြင်ယောင် လျက်၊ သိုးတွေကို ရန်သူတွေဟု စိတ်ကူးကာ ကြောက်မက်ဖွယ်ကောင်းသော အရာတွေအဖြစ် ပုံဖော်လျက်ရှိ၏။
မြင်းကိုစီးပြီး ဓားတရမ်းရမ်းနှင့် တောရွာတွေ၊ မြို့ရွာတွေထဲဝင်လာသော သူ့ကို လူတိုင်းက အရူးလိုသဘောထား ဆက်ဆံကြ၏။ ဆန်ခိုျသည် သူ့အရှင်သခင်ဒွန်ကွီဇုတ် နောက်သို့ သစ္စာရှိရှိလိုက်ခဲ့သူဖြစ်သည်။ သူတို့မှာ ပြဿနာတွေပဲ တွေ့ကာ၊ ဒုက္ခတွေနှင့် ရင်ဆိုင်ခဲ့ရ သည်။ သို့သော်လည်း စိတ်ဓာတ်မကျ၊ အားမလျော့ဘဲ လူစွမ်းကောင်းကြီး ဒွန်ကွီဇုတ်က ရှေ့သို့ ခရီးဆက်လျက်ရှိ၏။ ဒွန်ကွီဇုတ်၏ စွန့်စား ခန်းတွေထဲမှာ မြို့ပိုင်အဖြစ်နှင့် သူ့ကို အစားထိုးပေးကာ တစ်မြို့လုံးသူ့အလိုကျ နေပြကာ အရူးလုပ်ပစ်ကြသည့် အခန်းတွေပါသည်။ မြို့ပိုင် ကလည်း ဒွန်ကွီဇုတ်မိသားစုနှင့် ရင်းနှီးသောကြောင့် မိသားစု၏ တောင်းပန်မှုဖြင့် သူ့ကို ခေတ္တထိမ်းပေးထားသည့် သဘောဖြစ်သည်။ ဆန်ခိုျ သည်လည်း ဒွန်ကွီဇုတ်ပေးသနားလိုက်သော မြို့တစ်မြို့ကို အပိုင်စားရလိုက်၏။ ဆန်ခိုျသည် သူအပိုင်းစားရသော မြို့မှာမြို့ပိုင်ဝင်လုပ်ရင်း ပျော်နေ၏။ မြို့ပိုင်အစစ်က နဘေးမှ ရယ်သွမ်းသွေးလျက်ရှိ၏။ တစ်မြို့လုံးသူ့ကို အရူးလုပ်နေမှန်း မသိရှာသော ဆန်ခိုျသည် သူအရှေ့ရောက် လာသော အမှုများကိုပင် စစ်ဆေးဆုံးဖြတ်ပေးလျက်ရှိ၏။ ဆန်ခိုျ၏ မူဝါဒကလည်း ဒွန်ကွီဇုတ်၏ အမှားကို အမှန်ပြုပြင်မည်ဟူသတတ်။ မြင့်မြတ်သော သူရဲကောင်းဝါဒကို လက်ကိုင်ပြုလေ၏။ နောက်တော့ တစ်မြို့လုံးက ဆန်ခိုျကို သဘောကျကုန်တော့ မဖြစ်ချေဖူးဆိုပြီး မြို့စား အစစ်က ဆန်ခို့ျအား နယ်ပြောင်းမိန့်ရကြောင်းပြောကာ ဒွန်ကွီဇုတ်ဆီ ပြန်ပို့လိုက်၏။
ဒွန်ကွီဇုတ်၏ စွန့်စားခန်းများမှာ အရူးဆန်ဆန် လုပ်ရပ်တွေပါ၏။ ဥပမာ-လေဒဟပ်စက်နှင့် တိုက်ခိုက်ခန်းများ၊ သိုးတွေကို ရန်သူတွေ လို သဘောထားပြီး မောင်းထုတ်သော အခန်းများ၊ အာဖရိကမှ သယ်ဆောင်ဖမ်းယူလာသော ခြင်္သေ့ကြီးကို လွှတ်ခိုင်းပြီးတိုက်သော အခန်း များမှာ သနားစရာ၊ ရယ်စရာဖြစ်ရပြီး ဘဝနာနာဖြင့် ရင်းခဲ့ရသော Cervantes ၏ ထွက်ပေါက်များဖြစ်လေမလားဟု တွေးမိလိုက်ပါ၏။ နောက်ဆုံးတော့ သူ့မိတ်ဆွေတွေက ဒီလိုအရူးလို လျှောက်လုပ်နေတာတွေ ရပ်တန်းကရပ်ဖို့ အစီအစဉ်တွေ ဆွဲရတော့သည်။ အစီအစဉ်အရ Saragossa ဒေသမှာ သူရဲကောင်းဆန်ဆန် စီးချင်းထိုးပွဲတစ်ခုကျင်းပပြီး သူ့ကို တိုက်ခိုင်းရာက ဒွန်ကွီဇုတ်ရှုံးခဲ့လေသည်။ ဒီတော့ ကတိ အတိုင်း သူ့လက်နက်တွေချလျက် သူအိမ်သို့ တစ်နှစ်ပြန်နေရမည်ဟူသော ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ရသည်။
ဒွန်ကွီဇုတ်သည် တစ်နှစ်တာကာလကို စိတ်မရှည်စွာ စောင့်ဆိုင်းနေရရှာ၏။ အချိန်များနှေးကွေးစွာ ကုန်လွန်ပါဘိ။ တစ်နှစ်ပြည့်လျှင် တိုက်ပွဲပြန်ဝင်ဖို့ ဟန်တပြင်ပြင်ဖြစ်နေသော ဒွန်ကွီဇုတ်ကို အိမ်သားတွေက ကြည့်ပြီး စိတ်ပူနေကြရသည်။ 'အဲဒီအခါကျ အသက်ကလည်း တစ်နှစ်ပိုကြီး- အရွယ်ကလည်း ပိုကျလို့ မြင်းတောင်အနိုင်နိုင် စီးနိုင်ချင်မှ စီးနိုင်ရှာလိမ့်မယ်။ စွန့်စားခန်းတွေ လုပ်ဖို့လည်း သူ့ခမျာ အား တောင် ရှိချင်မှရှိတော့မှာမို့ စိုးရိမ်စရာတော့ မလိုပါဘူးကွယ်'ဟု စိတ်ပူနေရှာသော ဒွန်ကွီဇုတ်၏ တူမကို ဖခင်ဖြစ်သူက နှစ်သိမ့်လျက်ရှိလေ သည်။ ဒွန်ကွီဇုတ်၏ ဇာတ်သိမ်းကို Cervantes သည် တခမ်းတနားပင် ရေးဖွဲ့ခဲ့လေသည်။ ဒွန်ကွီဇုတ်သည် အိမ်မှာပင် မကျန်းမမာဖြစ်ကာ သူ့ကို သံယောဇဉ်ကြီးရှာသော ဆန်ခိုျ၊ သူ့တူမနှင့် သူ့မိသားစုလက်ထဲမှာပင် ကွယ်လွန်ခဲ့လေသည်။
ဒွန်ကွီဇုတ်သည် သူ့ဘဝ၏ နိဂုံးတွင် ယခုလို ဆိုထား၏။ သူရဲကောင်းတွေ၏ မြင့်မြတ်သော အရည်အချင်းတွေနှင့် ပတ်သက်သော စာအုပ်များကို ဖတ်ပြီး ရူးသွပ်ခဲ့သော ဒွန်ကွီဇုတ်အတွက် သူ၏ စိတ်နှင့် ဝိညာဉ်ကို အလင်းရောင်ပေးမည့် တခြားသော စာအုပ်များကို ပြောင်းဖတ်ဖို့ အချိန်မရှိတော့ပါဟု ဒွန်ကွီဇုတ်က ဝမ်းနည်းစွာ ဆိုလေသည်။ ထို့ပြင် သေမင်းတံခါးဝသို့ ရောက်နေပြီဖြစ်သော ဒွန်ကွီဇုတ် သည် သူမရူးသွပ်ခဲ့ပါဆိုတာကို သက်သေမပြနိုင်တော့သည့်အပြင် အရူးအနှမ်းဆိုသည့် နာမည်ဆိုးတစ်ခုသာ သူ့နောက်မှာ ထားရစ်ခဲ့ရပေတော့ မည်ဟု ဒွန်ကွီဇုတ်က စိတ်မကောင်းဖြစ်လျက် ရှိ၏။ ယခုတော့ဖြင့် ကမ္ဘကြီးထဲကနေ ဝမ်းနည်းစွာဖြင့် မထွက်ခွာမီ ဤစာရေးဆရာအား Mancha သူရဲကောင်းဒွန်ကွီဇုတ် အောင်မြင်မှုများ'ဟူ၍ ဆက်လက်ရေးသားစေဖို့ တိုက်တွန်းဖို့ပဲ တတ်နိုင်ပါတော့သည်ဟု ဒွန်ကွီဇုတ်က အမှာစကား ဆိုခဲ့သေး၏။
ဒွန်ကွီဇုတ်၏ စွန့်စားခန်းများကို Cervantes သည် စိတ်ဝင်စားဖွယ်ရေးသား ခြယ်မှုန်းထားသည်။ ပထမပိုင်း၊ ဒုတိယပိုင်းဟူ၍ ၂ ပိုင်းရှိရာ ပထမပိုင်း အခန်း ၅ဝ ကျော် ဒုတိယပိုင်း ၇၄ ခန်း ရှိလေသည်။
Cervantes သည် သူ့ဇာတ်ကောင် ဒွန်ကွီဇုတ်၏ပရိသတ်များအား စာအုပ်နိဒါန်းတွင် ယခုလို ဆိုခဲ့ကြောင်း ဖော်ပြရင်းနှင့် ဒွန်ကွီဇုတ် ဘဝ သံသရာရေးသားခဲ့ရသည့် သူ့ခံစားချက်တွေကို သိမြင်စေလိုက်ပါသည်။
'ချစ်စွာသောစာဖတ်သူများသိစေရန် ကျွန်တော်သည် ဤစာအုပ်အား ကလေးတစ်ယောက် နားလည်ညဏ်မှီသလောက်မျှသော ဦးနှောက် အဆင့်ဖြင့် အလွန်ကျေနပ်နှစ်သက်စွာ ရေးဖွဲ့ခဲ့ပါကြောင်း ယုံစေချင်ပါသည်။ အလွန်တရာမျှရဲရင့်သော၊ ချစ်ဖွယ်ကောင်းသော၊ အမြော်အမြင်ရှိ သော ပုံဝတ္ထုတစ်ပုဒ်အဖြစ် ညဏ်စွမ်းရှိသ၍ ထုတ်ဖော်လိုက်ပါသည်။ သို့ပါသော်လည်း ကျွန်တော်သည် သဘဝတရားကြီး၏ ဥပဒေသများကို မခိုျးဖောက်ခဲ့ပါ။ မိုျးစုံသောစိတ်ကူးတွေ အပြည့်ဖြင့်လည်းကောင်း၊ တခြားသူတွေ မတွေးသော အတွေးတွေဖြင့်လည်းကောင်း၊ ဘဝ၏အရသာ ကို ခါးသက်စွာ မြည်းစမ်းလျက်ရှိသည့် ကျွန်တော်၏ ရယ်စရာသားတစ်ယောက်၏ အဖြစ်အပျက်တွေ ဖြစ်ပါ၏။ ကောင်းကင်ပြင်ကြီး၏ အားပေးသံများ၊ လှပသော ရေပန်းများ၏ ဂီတသံများ၊ တိတ်ဆိတ်အေးချမ်းမှု၏ ဝိညာဉ်များသည် ကျွန်တော်တို့၏ ကမ္ဘာကြီးအား လေးစားမှု နှင့် ပျော်ရွှင်မှုများကို မွေးဖွားပေးလျက်ရှိသည် မဟုတ်လော။ ဖခင်တစ်ယောက်မှ မွေးဖွားလာသော သားငယ်အား၏ မကောင်းမှုနတ်ဆိုး ကြောင့် မျက်စိအမြင်မကြည်လင်ခြင်းကို လှောင်ပြောင်သရော်ခြင်းတည်းဟူသော ရယ်ရွှင်ဖွယ်တို့ဖြင့် ဖယ်ရှားသန့်စင်ပစ်နိုင်ခြင်းသည် ကောင်းပေစွ။...'
Cervantes ၏ စာဖတ်သူများကို ပြောသောနိဒါန်းရှည်ကြီး၏ ရှေ့ပိုင်းမျှသာ ဖြစ်ပါ၏။ ဘဝဇာတ်ခုံပေါ်က ဒွန်ကွီဇုတ်အကြောင်း ဤနေရာမှာ ခဏရပ်လိုက်လျှင် ကောင်းမည်ထင်၏။
No comments:
Post a Comment