Saturday, August 19, 2017

ဖရင်ကင်စတိုင်း၏ ဖန်တီးရှင် ဂျူနီယာဝင်း



ဖရင်ကင်စတိုင်း၏ ဖန်တီးရှင်
ဖရင်ကင်စတိုင်း၏ ဖန်တီးရှင်  ဂျူနီယာဝင်း

ပိတောက်ပွင့်သစ်မဂဇင်းမှ)



မေရီရှယ်လီ (၁၇၉၇-၁၈၅၁) Mary Shelly သည် စာရေးဆရာများဖြစ်ကြသော William Godwin နှင့် Mary Wollstonecraft၏ တစ်ဦးတည်းသောသမီး ဖြစ်သည်။ နာမည်ကျော် ကဗျာဆရာ ပါစီရှယ်လီ (Percy Bysshe Shelly) ၏ ဇနီးဖြစ်သည်။ သူတို့ Genera အရပ်တွင် နေထိုင်ကြစဉ် ၄င်းတို့၏ မိတ်ဆွေများဖြစ်ကြသော Byron နှင့် Polidori တို့နှင့် စုပေါင်းကာ အပျင်းပြေပုံပြင်ဇာတ်လမ်းများ ပြောဖို့ အကြံကို အကောင်အထည်ဖော်ခဲ့ကြသည်။ ဤကားဖရင်ကင်စတိုင်း (Frankenstein) သည်းထိတ်ရင်ဖို ကြောက်စရာဇာတ်လမ်း တစ်ပုဒ် ဖြစ်ပေါ်လာရပုံအစဖြစ်ပါသည်။

ထိုသို့ အစပြုရာမှ စာကြီးပေကြီးမှာ ဘယ်လိုမှ နာမည်မရှိ စာပေရေးရာမှာ ဘယ်လိုမှ မပတ်သက်ခဲ့သော သူနှစ်ဦး (Polidori) နှင့် မေရီရှယ်လီတို့၏ ဖန်တီးခဲ့သော ဝတ္ထုဇာတ်လမ်းသည် အမှတ်ရဖွယ် ယနေ့တိုင် တည်မြဲနေတော့သည်။ Polidori (ပိုလီဒိုရီ)က Vanpyre (ဗန်ပါရာ-သွေးစုပ်ဖုတ်ကောင်)၊ မေရီရှယ်လီက ဖရင်ကင်စတိုင် (Frankenstein)။ ၁၈၁၈ ခုနှစ်မှ ပထမဦးဆုံး ထုတ်ဝေခဲ့ သော ထိုဝတ္ထုနှစ်ပုဒ်သည် ယနေ့တိုင် နာမည်ကျော် ပေါ်ပြူလာအဖြစ်ဆုံး စိတ်ကူးယဉ်ဇာတ်ထုတ်များ ဖြစ်လာပေတော့သည်။

အာတိတ်ပင်လယ်ပြင်မှာ တစ်ကိုယ်တည်းသွားလာရင်း အလုပ်လုပ်လျက်ရှိသူ အင်္ဂလိပ်လူမိုျး R. Walton က သူ့ညီမဖြစ်သူထံ ရေး သောစာများမှစ၍ ဇာတ်လမ်းကို ဖွင့်လိုက်ပါသည်။ သူနှင့် တွေ့ဆုံခဲ့သူ ဖရင်ကင်စတိုင်၏အကြောင်းကို စီကာပတ်ကုံး ဇာတ်စုံခင်းလိုက်ပုံဖြစ် ပါသည်။ ဖရင်ကင်စတိုင်သည် ထူးချွန်သော ဆေးပညာကျောင်းသားတစ်ယောက်ဖြစ်ကာမူ အလွန်စိတ်ဝင်စားသော ဘာသာရပ်ကား လူသေကို အသက်သွင်းခြင်းဖြစ်ပေသည်။

သူဖန်တီးလိုက်သော သတ္တဝါသည် တစ်ကိုယ်တည်းအထီးကျန်လှသည်။ သူ့ကို မြင်သူတိုင်းက ကြောက်ရွံ့ကာ မောင်းထုတ်ကြသဖြင့် သူ့ဘဝသည် စိတ်မချမ်းသာစရာဖြစ်ရသည်။ ကြောက်စရာ၊ ရွံ့စရာ သူ့ပုံပန်းသဏ္ဌာန် ဖြစ်နေရခြင်းအပေါ် လက်စားချေလိုစိတ်ဖြင့် လူသတ် သမားဖြစ်ခဲ့ရသည်။ သတ္တဝါကြီးသည် လူစကားကို နားမလည် အဝတ်အစားမပါ၊ လူ့သဘောသဘာဝကို နားမလည်၊ အစားအသောက် ငတ်မွတ်၊ နေစရာ အိပ်စရာမရှိ၊ ခိုနားစရာမရှိဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ၊ အကျပ်အတည်းများစွာဖြင့် ရှင်သန်ခဲ့ရပုံကို ရေးဖွဲ့ခဲ့ရာ၌ တောထဲမှာ သစ်ခုတ်သမားတစ်ဦး၊ မိန်းကလေးတစ်ဦး၊ အဘိုးကြီးတစ်ဦးတို့ ၃ ဦးသား နေထိုင်ကြသည်ကို ချောင်းမြောင်းကြည့်ရှုရင်းဖြင့် ဖြစ်ပေါ်လာသည့် သူ့ခံစားချက်မှာ သနားစရာ၊ တရားရစရာ ဖြစ်ပါသည်။

'သူတို့ကို ကြည့်ရတာ လုံးဝဥသုံပျော်ရွှင်နေကြတာမိုျး မဖြစ်ကြဘူး။ လူငယ်ကလေးက သူ့အဖော်နဲ့ မကြာခဏခွဲခွာနေရတယ်။ ငိုနေတာလည်း တွေ့ရတယ်။ သူတို့မပျော်ရွှင်ကြတဲ့ အကြောင်းအရင်းကို ကျွန်တော် စဉ်းစားလို့မရဘူး။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ လေးလေး နက်နက် ခံစားနေမိတယ်။ သူတို့စိတ်မချမ်းမသာဖြစ်နေကြတာ သိပ်ထူးဆန်းတာပဲ။ ငါ့ထက် ဘာများ စိတ်ညစ်စရာတွေရှိမှာလဲ။ ကျွန်တော့်လို အထီးကျန်၊ မပြည့်စုံတဲ့သူထက် သူတို့က မပျော်ကြဘူး။ ကျွန်တော် မျက်စိရှေ့မှာ သိပ်ကို နေချင်စရာ အိမ်ကလေးသူတို့ ပိုင်ဆိုင်ကြတယ်။ မြင်မြင်သမျှတိုင်းဟာ သူဌေးပစ္စည်းတွေကြီးပဲ။ သူတို့ချမ်းအေးတဲ့အခါ မီးဖိုလေးရှိတယ်။ သူတို့ကို နွေးထွေးစေတယ်။ သူတို့ဆာလောင်တဲ့ အခါ သားငါးတွေစားစရာရှိတယ်။ သူတို့ ဝတ်ထားလိုက်တာလည်း ကောင်းမှကောင်းတဲ့ အဝတ်အစားတွေ၊ ဒီထက်မက ရှိပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုနေနိုင်ကြတယ်။ အချင်းချင်း ပြောကြ၊ ဆိုကြ၊ နှစ်သိမ့်ကြနဲ့။ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ကြင်ကြင်နာနာ ကြည့်ကြ၊ ကြင်နာကြ၊ ဖေးမကြနဲ့။ သူတို့ရဲ့ မျက်ရည်တွေက ဘာကိုများ ဆိုလိုတာပါလိမ့်။ သူတို့မှာ နာကျင်စရာ တစ်ခုခုရှိလို့လား။ အဲဒီအဖြေကို စစချင်းတော့ စဉ်းစားလို့မရဘူး။ ဒါပေမဲ့ အချိန်အတော်ကြာကြာ ဂရုတစိုက်နဲ့ သေချာစောင့် ကြည့်လိုက်တော့မှ အချိန်က အဖြေပေးလိုက်ပါတော့တယ်။ ဒီလိုချစ်စရာ မိသားစုမှာ စိတ်မသက်မသာဖြစ်သွားစေရတဲ့ အကြောင်းရင်းတွေ ထဲက တစ်ခုကတော့ ဆင်းရဲခြင်းပါပဲ။ အဲသည်ဒဏ်ကို သူတို့ဟာ ဆိုးဆိုးဝါးဝါးကို ခံစားနေကြရတယ်။ သူတို့ရဲ့ စားသုံးခြင်းတွေဟာ ခြံထွက်ပစ္စည်းတွေကို လုံးလုံးလျားလျား အားကိုးနေရတယ်။ ဆောင်းရာသီကာလမှာ ခြံထဲကရော၊ ခြံထဲက နို့စားနွားမဆီက နို့ရော၊ နည်း နည်းပဲ ရတော့တယ်။ ကျွန်တော်သိတယ် သူတို့တစ်ခါတစ်လေ အငတ်နေနေရတဲ့ နေ့တွေရှိတယ်။ အထူးသဖြင့် လူငယ်လေး ၂ ယောက်ပေါ့။ အဘိုးကြီးကို စားစရာတွေ ကျွေးမွေးနေပေမဲ့ သူတို့မှာ စားစရာဘာမှမရှိကြဘူး။ အဲဒီကြင်နာခြင်းဆိုတဲ့ အရာဟာ ကျွန်တော့်ရင်ကို လှုပ်ရှား သွားစေပါတယ်'

ဖရင်ကင်စတိုင် ဝတ္ထုကို ငယ်စဉ်က အလွယ်ရေးထားသော စာအုပ်၊ ပုံကလေးများဖြင့် ကလေးများ အလွယ်တကူဖတ်ဖို့ စာအုပ်များ သာ ဖတ်ဖူးခဲ့သည်။ နောက်တော့ ရုပ်ရှင်ကြည့်ဖူးသည်။ ကြောက်စရာလူသတ္တဝါကြီးအကြောင်းဟုပဲ သူရဲကားတစ်ကားသဖွယ် ထိုဇာတ်လမ်း ကို သဘောပေါက်ခဲ့ပါသည်။ ယခုမူရင်း ဝတ္ထုကို ဖတ်ကြည့်လိုက်သောအခါ ဖရင်ကင်စတိုင် ဖန်တီးလိုက်သည့် သတ္တဝါကြီး၏ အတွင်းစိတ် ကို သိလာရသည်။ ဝတ္ထုရေးသားသူ မေရီရှယ်လီသည် လူအဖြစ်သို့ ရုတ်တရက်ရောက်လာခဲ့သူ၊ ဦးနှောက်မှာ ဘာဆိုဘာမှ အသိညဏ်မရှိသူ၊ စားဝတ်နေရေးကိုပဲ သိထားသူ တစ်ယောက်၏ ရင်တွင်းက ခံစားချက်ကို ထုတ်ဖော်ပြခဲ့သည်။

ထို့ပြင် ထိုသတ္တဝါကြီး၏ ရုန်းကန်ရှင်သန်ခဲ့ရပုံတွေကိုလည်း အခုလို ရေးဖွဲ့ထားပြန်ပါသေးသည်။

'ကျွန်တော်ဟာ တဖြည်းဖြည်းနဲ့ ရှာဖွေတွေ့ရှိမှုတွေ ရလာပါတယ်။ ဒီလူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ နည်းလမ်း တွေ သုံးကြတယ်ဆိုတာ တွေ့ရတယ်။ သူတို့ရဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့ခံစားချက်တွေကို အသံတစ်မိုျးနဲ့ ဖော်ပြကြတယ်။ သူတို့ သုံးလိုက် တဲ့ စကားလုံးတွေဟာ တစ်ခါတစ်ရံ ပျော်ရွှင်မှု၊ တစ်ခါတစ်ရံ နာကျင်မှု၊ တစ်ခါတလေ အပြုံးတွေနဲ့၊ စိတ်မကောင်းဖြစ်မှုတွေနဲ့ သူတို့ရဲ့ ခေါင်းထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို မျက်နှာပေါ်မှာ တွေ့ရပါတယ်။ ဒါဟာ တကယ့်ကို ဘုရားကပေးတဲ့ သိပ္ပံပညာပါပဲ။ ကျွန်တော်လည်း အဲဒီဘာသာစကားကို သိကျွမ်းချင်လိုက်တာ။ ဒါပေမဲ့ ကြိုးစားတိုင်း မအောင်မြင်ဘူး။ သူတို့အသံထွက်တာ သိပ်မြန်တာပဲ။ ကျွန်တော် ဒါကို ဘယ်လိုလုပ်ပြီး ဖော်ထုတ်ရပါ့။ သူတို့အသံတွေ၊ စကားလုံးတွေရဲ့ လှို့ျဝှက်ချက်တွေကို သိချင်လိုက်တာ။ ဒါပေမဲ့ အချိန် တွေ အကြာကြီးလေ့လာနေရင်းနဲ့ သူတို့ရဲ့ နံမယ်လေးတွေ သိလာရပြီ။ မီး၊ နွား နို့၊ ပေါင်မုန့်၊ ထင်း အစရှိသဖြင့်။ ပြီးတော့ လူငယ်လေး ၂ ယောက်ရဲ့ အမည်တွေက အချင်းချင်းအမိုျးမိုျး ခေါ်ဝေါ်ကြပေမယ့် အဘိုးကြီးရဲ့ အမည်ကတော့ 'အဖေ'လို့ တစ်ခုတည်းပဲရှိတယ်။ မိန်းကလေးကို 'ညီမ'သို့မဟုတ် 'အဂ္ဂါသာ'။ ကောင်လေးကို 'ဖိလစ်' 'အစ်ကို' 'သား'တဲ့။ ကျွန်တော်လေ အဲသည်လို တစ်ယောက်နဲ့ တစ်ယောက် အခုလို ခေါ်ဝေါ်သုံးစွဲကြတဲ့ အကြံညဏ်ကို သိပ်သဘောကျပြီး အခုလို သူတို့အမည်လေးတွေ သိလာရတာ အရမ်းပျော်ရွှင်မိ တယ်။ တခို့ျစကားလုံးတွေကိုတော့ သိပ်နားမလည်ဘူး။ 'ကောင်းတယ်' 'ဈေးအကြီးဆုံး' 'မပျော်ရွှင်ဘူး' ဆိုတာတွေ။

ဤသို့နှင့် သတ္တဝါကြီးသည် စကားလုံးများကို လေ့လာရင်းနှင့် ထိုစကားများကို နားလည်လာသည်။ သူပုန်းအောင်းနေသည့် နေရာကို ပြန်ရောက်တိုင်း ကျက်မှတ်လျက်ရှိသည်။ ပြီးလျှင် ကြိုးစားပြီး သူ့နှုတ်မှ အပြောကျင့်သည်။ စကားပြောသည့်နေရာမှာ တိုးတက်လာသောအခါ စကားလုံးဝေါဟာရများကို လေ့လာသည်။ ဖိလစ်သည် အသစ်ရောက်ရှိလာသော သူ့ချစ်သူလေး 'ဆာဖီရာ'နှင့် 'အင်ပါယာကြီး ပျက်ဆီးခြင်း' အမည်ရှိ ၁၈ ရာစု အတွေးခေါ်ပညာရှင် Volney ရေးသားချက်များကို လေ့လာသင်ကြားလျက်ရှိသည်။ ဤသို့နှင့် သတ္တဝါကြီးသည် လှို့ျဝှက်စွာ နားဆင်မှတ်ယူရင်း အသိပညာရပ်များ တိုးလာသည်။ အင်ပါယာ၊ ခရစ်ယာန် လွတ်လပ်ခွင့်နှင့် ဘုရင်ဧကရာဇ်ေ တွအကြောင်း သိ လာသည်။ ဥပဒေများ၊ အစိုးရများ၊ ပြည်သူများ၊ သွေးထွက်သံယိုမှုများအကြောင်းကို နားလည်လာသည်။ မိသားစုဘဝ၊ ဆာလောင်မှု၊ ဝမ်းနည်းမှု၊ ပိုင်ဆိုင်မှု၊ ချမ်းသာမှု၊ အမိုျးမြင့်မြတ်သူများ၊ အဆင့်အတန်းခွဲခြားမှုတွေ...။

'ကျွန်တော့်ရဲ့ ဆွေမိုျးတွေ၊ သူငယ်ချင်းတွေ ဘယ်မှာလဲ။ ကျွန်တော် ငယ်ငယ်က ဘယ်အဖေကမှ မစောင့်ရှောက်ခဲ့ဘူး။ ဘယ်အမေက မှ အပြုံးတွေနဲ့ ဂရုတစိုက် မချော့မြူခဲ့ဘူး။ ကျွန်တော့်ရဲ့ အတိတ်ဘဝက ကွက်လပ်။ ဘာဆို ဘာမှမရှိတဲ့ လေဟာနယ်။ ကျွန်တော် အဦးဆုံး မှတ်မိလိုက်တာက ပုံပန်းမကျတဲ့ အရပ်အမောင်းနဲ့ သည်ခန္ဓာကိုယ်။ ကျွန်တော်နဲ့တူတဲ့ သူတစ်ယောက်မှ မမြင်ဖူးဘူး။ ကျွန်တော်နဲ့ ဘယ်သူမှ လည်း လာဆက်မသွယ်ကြဘူး။ သည်တော့... ကျွန်တော်ကဘာလဲ။ တစ်ချိန်လုံးမေးနေမိပေမယ့် အဖြေကတော့ ဒေါသတွေ သက်ပြင်းမှုတ် ထုတ်သံပဲ ထွက်လာတယ်'

သူသိလာခဲ့သော အဘိုးကြီးသည် မျက်မမြင်တစ်ဦးဖြစ်သည်။ တစ်နေ့တွင် အိမ်သားတွေ မရှိခိုက် ထိုမျက်မြင်အဘိုးကြီးနှင့် စကား ပြောဖို့ ကြိုးစားခဲ့သည်။

'ကျွန်တော့်ရဲ့ အသည်းနှလုံးတွေဟာ အဆက်မပြတ်ခုန်နေလိုက်တာ။ ဒါဟာ ကျွန်တော့်ရဲ့ ကြောက်ရွံ့မှုတွေကြောင့်လား။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေကို အဆုံးအဖြတ်ပေးမှာမို့လား။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေတယ်။ သူတို့ တဲအိမ်ကလေးဟာလည်း ငြိမ်သက်လို့၊ ဒါဟာ ကျွန်တော့်အတွက် အခွင့်အရေး။ ကျွန်တော်အစီအစဉ်ကို အကောင်အထည်ဖော်မယ်။ ကျွန်တော့် ဒူးတွေ တုန်နေတယ်။ ကျွန်တော်ဟာ မြေကြီးပေါ် ညွတ်ကျသွားတယ်။ နောက်ထပ် တစ်ဖန် မတ်မတ်ပြန်ရပ်တယ်။ ကျွန်တော့်မှာ ရှိရှိသမျှ ခိုင်မာမှု အင်အားတွေကို အကုန်ထုတ် တယ်။ လေကောင်းလေသန့်လေးက ကျွန်တော့်ကို အားဖြစ်စေတယ်။ စိတ်တွေကို လန်းဆန်းစေတယ်။ ကျွန်တော်ဟာ တဲအိမ်လေးရဲ့ တံခါးကို ခေါက်လိုက်ပါတယ်'

နောက်တော့ မျက်မမြင် အဘိုးကြီးနှင့် မိတ်ဆက်ကာ စပြောကြသည်။ ထိုအချိန်မှာ ဖြစ်ပေါ်လာသောသူ၏ ခံစားမှုများကား သနားစရာ ဖြစ်ရသည်။

'ကျွန်တော်ဟာ အဘိုးကြီးရဲ့ ကြင်နာတဲ့ စကားသံတွေကို လိုက်နာရင်း ထိုင်ချလိုက်ပါတယ်။ တိတ်ဆိတ်မှုက ကြီးစိုးလာတယ်။ သူနဲ့ အခုလို နေနေရတဲ့ မိနစ်တိုင်း၊ မိနစ်တိုင်းဟာ ကျွန်တော့်အတွက် အဖိုးတန်လိုက်တာ။ ကျွန်တော်ဟာ သူနဲ့ဘာစကားစပြောပြီး နေရမလဲဆိုတာ မသိသေးဘူး။ ကျွန်တော်ဒီအတိုင်း ငြိမ်နေမိတာ အဘိုးကြီးက စပြောမှပဲ...'

ဤသို့နှင့် အချိန်အတော်ကြာ စကားများပြောကြရင်း သူအိမ်သားများ ဝင်လာသောအခါ သူ့ကို ကြောက်ရွံ့ပြီး ပစ်ကြ၊ ခတ်ကြနှင့် မောင်းထုတ်ခံလိုက်ရသည်။ နောက်ပိုင်းတွင် ထိုတစ်မိသားစုလုံး သူ့ကို ကြောက်ပြီး ပြောင်းပြေးသွားကြရာ သတ္တဝါကြီး၏ ကမ္ဘာလေးလည်း ပျက်သွားလေတော့သည်။ ဤကား ထိုသတ္တဝါကြီး၏ ရင်ထဲမှာ သူ့ကို ဖန်တီးလိုက်သူ ဖရင်ကင်စတိုင်အပေါ် အမုန်းတရားများနှင့် လက်စား ချေလိုသော စိတ်များဖြစ်ပေါ်လာရခြင်း အကြောင်းများဖြစ်ပေတော့သည်။

ဖရင်ကင်စတိုင် ဝတ္ထုကို ရုပ်ရှင်ကားအဖြစ် မရေမတွက်နိုင်အောင်ရိုက်ကူးခဲ့ကြသည်ဟူ၏။ သို့သော် ဘယ်ရုပ်ရှင်ကမှ ဝတ္ထုထဲမှာ ပါဝင်သော ယုတ္တိဗေဒဆိုင်ရာ အတွေးအခေါ်များ၊ စိတ်ချောက်ခြားရသည့် စိတ်ခံစားမှုများကို ပေါ်လွင်အောင် ရိုက်ကူးနိုင်ခြင်း မပြုနိုင်ခဲ့ကြပါ ဟု ဝေဖန်ခဲ့ကြသည်။ ထို့ကြောင့် ဖရင်ကင်စတိုင်ကို လူသတ်ကား၊ သရဲကားဟုဆိုကာ သိထားကြလျှင်တော့၊ အမှားကြီးမှားပေတော့မည်ဟု ဖန်တီးရှင်မေရီရှယ်လီ၏ အနုပညာမြောက်လှသော လက်ရာကို ဖတ်ရင်းခံစားမိလိုက်ပါတော့သည်။

(ပိတောက်ပွင့်သစ်မဂဇင်းမှ)




No comments: