Friday, January 1, 2021
ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (22)
Monday, December 14, 2020
ဂျူနီယာဝင်း - စတေးဟုမ်း၊ စကင်းဝေ့ နှင့် ရလိုက်သော အကျင့်များ
ဂျူနီယာဝင်း - စတေးဟုမ်း၊ စကင်းဝေ့ နှင့် ရလိုက်သော အကျင့်များ
ကိုဗစ် နိုတင်း စကင်းဝေ့မှာ စတေးဟုမ်းကာလက အကြာရှည်ဆုံးပါ။ ခုထိလည်း စတေးဟုမ်း ပါပဲ။ စတေးဟုမ်းကာလကြာရှည် လာတာနဲ့အမျှ အတွေ့အကြုံတွေ လည်းစုံလာပါတယ်။ သည်တော့ ရေရှည်တိုက်ပွဲလား ကိုဗစ်နဲ့ အတူ နေထိုင်ခြင်းလား ဘာလား ကြိုက်ရာ ခေါင်းစဉ်တွေ တပ်ကြပါတယ်။ စတေးဟုမ်းကာလအတွင်းရလိုက်တဲ့ ကောင်းတာလေးတွေကိုပဲ အဓိက ထားဖော်ပြချင်ပါတယ်။
ကိုယ့်ကိ်ုယ်ကိုယ်အားကိုး
အရင်ဆုံး ပြောချင်တာ ကိုယ့်အားကိုယ်ကိုးခြင်းဖြစ်ပါတယ်။ အခုလိုကာလမှာ သူများဆီက အကူအညီ တောင်းတယ်ဆိုတာ ဒုက္ခ ပေးတာနဲ့အတူတူပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း သိပ်ပြီး သူများအကူအညီ တောင်းဘို့ခဲယဉ်းတယ် လို့ထင်ပါတယ်။ သို့သော် အခုလို အခြေအနေမှာ နည်းနည်းလေးတောင် စိတ်က သူများကို ဒုက္ခမပေးမိအောင် ပိုပီး သတိထားဖြစ်လာပါတယ်။
မိမိကိုယ်ကိုယ်သာ အားကိုးရာ
ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး နေရမယ် ဆိုတဲ့ အသိစိတ်ကြောင့် အရင်တုန်းက နေနေတာ ဘယ်လိုနေထိုင်နေခဲ့တယ် ဆိုတာ သိပ်သတိမထားမိပေမယ့် အခုနေခါမှာ ပိုပီး စိုးရိမ်မူတွေ ဖြစ်လာပါတယ်။ ကျွန်းတစ်ကျွန်းမှာ တကိုယ်တည်း ရောက်နေတဲ့သူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ဖြစ်လာတာပါ။ ကိုယ့်မိသားစုကိုယ်နဲ့အတူ ရှိနေတယ်။ ကျွန်းကလေးမှာ ။ ဒါဆို ဘာမှမလိုဘူးပေါ့။ သို့သော် စားဝတ်နေရေးက ရှိနေတော့ ဘာလုပ်လုပ် ဘာကိုင်ကိုင် စိုးရိမ်စိတ်ကြီးနဲ့ နေနေရမှာ။ ကြာရင် တဖြေးဖြေး အဲသည်စိတ်ကြောင့် စိတ္တဇ ဝေဒနာဖြစ်လာတယ်။ ညအိပ်မပျော် တော့ဘူး။ ဒီဝေဒနာတွေ သက်သာအောင် အိမ်မူကိစ္စတွ ၊ ထမင်းဟင်းချက်ပြုတ်တာတွေ၊ အပင်စိုက်ပျိူးတာတွေ၊ စာရေးတာတွေ၊ အချူပ်အလုပ်တွေကို ရှာဖွေလုပ်ကိုင်ဖြစ်လာပါတော့တယ်။

အရင်ကတော့ အပြင်စာ နည်းနည်းပါးပါး ထွက်စားဖြစ်ပေမယ့် အခုကာလမှာ ကိုယ့်ဘာသာချက်ပြုတ်စားသောက်ရင်း စကေးတွေ တက်လာတယ်ပေါ့။ ချက်တာပြုတ်တာ စိတ်မဝင်စားချင်လည်း စိတ်ဝင်စားလာရရုံမက ဈေးကဝယ်လာတဲ့ အသီးအပင်တွေထဲ အမြစ်ကလေးတွေ ပါလာရင်တောင် စိုက်ပျိူးချင်စိတ်တွေ ဖြစ်လာရပါတယ်။ ဥပမာ - ငရုတ်သီး ချဉ်ပေါင်ရွက် ခရမ်းချဉ်သီး အပ်မှိူ စသဖြင့်စသဖြင့်။ များများစားမှ အားရှိမယ် ဆိုတာ အခုကာလမှာ တကယ်လိုက်နာရတော့မှာပါ။ အားရှိတာ ပိုစားရမယ် ဆိုတာ ကို တကယ်ကျင့်သုံးလာရပါတယ်။ ကိ်ုယ့်ကိုယ်လည်း ချက်ပြုတ်တတ်လာအောင် သင်ယူနေရပါတယ်။ မချက်ဖူးတာတွေလည်း မေးမြန်းရပါတယ်။ ဘယ်ဟာကအားရှိလဲ ဘာလဲ စသဖြင့် လေ့လာနေရပါတယ်။
အွန်လိုင်းကို အားကိုး
နောက်ရလိုက်တဲ့အကျင့်ကတော့ ကိုယ်တိုင်ဈေးဝယ်တာမလုပ်တော့ပဲ အွန်လိုင်းကနေပဲ ဈေးဝယ်တတ်လာခြင်းပါ။ ဈေးခြင်းတောင်းဆွဲဈေးဝယ်ခြင်းကို အကိုဖြစ်သူက အားမပေးပါဘူး။ အဒေါ်တွေကလည်း မသွားနဲ့တော့တဲ့။ သည်တော့ အွန်လိုင်းကို အားကိုးလာရပါတယ်။ အွန်လိုင်းကို ရှေးရိုးသမားကိုယ်က သဘောမတွေ့ပေမယ့် အခုတော့ ဒီနည်းပဲ ရှိပါတော့တယ်။ အင်တာနက်ထဲ အဲသည် ဈေးထဲကပစ္စည်းတွေကို ရှာရတယ်။ စာရင်းလုပ်ရပါတယ်။ မှာရပါတယ်။ ပိုက်ဆံမကိုင်ချင်ရင် အွန်လိုင်းနဲ့ ရှင်းရပါတယ်။ သူတို့လာပို့တဲ့အချိန် စောင့်ရပါတယ်။ ခြံဝမှာ စားပွဲရှည်တစ်လုံးချထားရပါတယ်။ သူတို့လာပို့ရင် အဲသည်ပေါ်တင်ခိုင်းပီး ခန ထားရပါတယ်။ လာပို့တဲ့ ကောင်လေးတွေကို မာစ်တပ်ထားတဲ့ကြားကပဲ ကျေးဇူးတင်စကား ကမန်းကတန်းပြောရပါတယ်။ ကျေးဇူးတင်ပါတယ် တကယ်ပါ။ သူတို့လေးတွေ လည်းကျမ်းမာချမ်းသာကြပါစေ။ အခုလိုအခါမှာ သည်လို အလုပ်တွေ လုပ်ပေးကြတာ ကျေးဇူးတင်စရာကောင်းတယ် ။ ဒါဟာ စကင်းဝေ့က ပေးတဲ့ ဆားဗစ်တစ်ခုပါပဲ။

အွန်လိုင်းကျေးဇူးနဲ့ပဲ ဆေးတွေ ဝယ်သောက်နိုင်တာဟာလည်း သည်ကာလမှာ ကျမ်းမာလာခြင်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လူတွေဟာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ လိုအပ်တဲ့ဆေးဝါးများကို ချက်ချင်းဆိုသလို အွန်လိုင်းကနေ ဝယ်နိုင်လာတာ လူကြီးသူမများကို ဆေးဝါးမပြတ် သောက်သုံးဖို့ အခွင့်အရေးရလာတာတွေအတွက် ကျေးဇူးတင်မိပါတယ်။ ဒီကာလမှာ ကိုယ်တိုင် ထွက်ဆေးရှာဖို့ဆိုတာ မလွယ်ဘူးလေ။
ကုသိုလ်ရတဲ့ အကျင့်တစ်ခု
နောက်ထပ် အကျင့်တစ်ခုကတော့ ကိုယ့်ကျမ်းမာရေး ကိုယ်ဂရုစိုက်လာတာပါ။ ဒါ့အပြင် အတူနေ လူကြီးများကို လည်း ပိုပီး ဂရုစိုက်လာ ပါတယ်။ ကိ်ုယ်လည်း ကိုယ့်ဖခင်ကျမ်းမာရေးကို အရင်ကထက်ပိုပီး ဂရုစိုက်တယ်။ (ဖေဖေ နှာခေါင်းမနှိူက်နဲ့တို့ မျက်နှာမကိ်ုင်နဲ့တို့ လက်ဆေးရဲ့လားတို့ ဘာတို့ညာတို့ ပိုလာတာပေါ့။) အရင်တုန်းကဆို ညနေစာ သိပ်မစားရင် ဟင်းမကောင်းလို့ ထင်ပေမယ့် အခုနေခါတော့ ချက်ချင်းကို ကြက်ဥပြုတ်လေး ဟတ်ဖ်ဘွိုင်လေး လုပ်ပေးတယ်။ ညတိုင်း နွားနို့ဖြစ်ဖြစ် တစ်ခုခု အားရှိတာ တိုက်တာ ဂရုစိ်ုက်လုပ်ပေးတယ်။ ကိုယ်ခံအားကို နည်းနည်းမှလျော့လို့မဖြစ်ဖူးဆိုတာ အမြဲသတိထားရတယ်။ ပေးထားတဲ့အားဆေးများကိုလည်း သေချာသောက်ရဲ့လားလို့ အမြဲသတိထား ကြည့်ဖြစ်ပါတယ်။ ပြောရရင် နေမကောင်းမဖြစ်အောင် ပိုပီး အလေးထားလာတယ်။ ဖြစ်တတ်တဲ့ ရေချိူးမှားတာ အအေးမိတာကို သိပ်ကို ဂရုစိ်ုက်ရပါတယ်။ ကိုယ်တိုင်လည်း မကြာခန အအေးမိတတ်တာကြောင့် ပိုသတိထားရပါတယ်။ (ကြာပါပီလေ ညနေကို ရေမချိူးပဲနေလာတာ။ တနေ့ရေတခါပဲချိူးတော့တယ် ဘယ်လောက်အိုက်အိုက် ကြိတ်မှိတ်ပီးနေတယ်။)

ကိုယ်လုံးဝမကြိုက်တဲ့ ကြက်ဥပြုတ်တောင် မျက်စိမှိတ်ပီး ရေ နဲ့မျောချလာတာ ပထမဝေ့ကတည်းပါ။ မိခင်ဖြစ်သူက အားရှိပါတယ် စားပါကွယ် ဆိုတာကို မျက်နှာပုတ်ပီး ငြင်းခဲ့တဲ့ကိုယ်ဟာ အခုတော့ ကြက်ဥပြုတ်စားတိုင်း မျက်ရည်တောင်ကျပါတယ် ။ မကြိုက်မစား ဆိုတဲ့ ကိုယ့်အယူအဆတွေဟာ ကိုဗစ်ကြောင့် မာနတွေ မကြီးနိုင်တာ ကြာပါပီ။ ဒီဟာကဖြင့် လိုအပ်တယ် ကျမ်းမာရေးအတွက် စားရမယ် ဆိုရင် မကြိုက်လည်း ကျိတ်မှိတ်မြိုချ ရပါပီ။
ကိ်ုယ့်အတွက် နောက်ရလာတဲ့ ကောင်းတာတစ်ချက်ကတော့ ကိုယ့်မှာ မကြာခနဆိုသလို အပြင်စာတွေစားပီးတိုင်း အဆင်မသင့်ရင် အစာမကြေတာ အသီးအရွက် မလတ်တာတွေ စားမိရင် အစာအဆိပ် ဖြစ်တာမျူးိ ဖြစ်တတ်ပါတယ်။ အခုကျတော့ အိမ်မှာ ကိုယ့်ဘာသာချက်ပြုတ်တာ အစိမ်းတွေဆိုလည်း ဆားနဲ့ သေချာစိမ်ပီးမှ စားတာမျိူး တွေကြောင့် အဲသည် လို ဖြစ်တတ်တဲ့ ရင်ပြည့်တာ အန်တာတွေဘာတွေ လုံးဝကို မဖြစ်တော့တာပါ။ ဒါဟာလည်း အိမ်မှာချက်ပြုတ်စားသောက်ခြင်းရဲ့ ကောင်းကျိူးများ ဖြစ်ပါတယ်။ အပင်ပန်းခံရကျိူးနပ်တယ် လို့ဆိုရမှာပေါ့။
ချွေတာ
အွန်လိ်ုင်းကဝယ်လိုက်တဲ့ သားငါးများကို သေချာရေဆး သန့်စင် နယ်ဖတ်ပီးမှ ရေခဲသေတ္ထာ ထဲထည့် ဟင်းသီးဟင်းရွက်များကိုလည်း အခြောက်ခံတာခံ ၊ တချိူ့ကိုတာ့ ရေဆေးပီး သေချာသိမ်းဆည်းတာတွေ ကိုလည်း စနစ်တကျ လုပ်ကိ်ုင်တတ်လာပါတယ်။ ဒါ့အပြင် ဆယ်ရက် ၂ပတ် စသဖြင့် ဝယ်ထားတာတွေကို ချွေတာ ချက်ပြုတ် တတ်လာပါတယ်။ ပြောရရင်တော့ ဒိအရင်တုန်းကထက်တောင် ဈေးဖိုး တဝက်လောက် သက်သာလာတာကို တွေ့လာရတယ်။ အံ့သြစရာပါ။ အပိုကုန်ကျမူမရှိတော့ပါဘူး။
စတေးဟုမ်းအချင်းချင်း အားပေးကြ
စတေးဟုမ်းတကယ်နေတဲ့သူတွေ ရှိကြတယ်ဆိုရင် သူတို့တွေနဲ့ ဆက်သွယ်စကားပြောရင်း အကြံဉာဏ်တွေ တောင်းရပါတယ်။ သူတို့က အပြင်ကို ကိစ္စမရှိပဲမထွက်၊ ကိုယ့်မိသားစုအရေး ကိုသာ ဦးစားပေးနေကြလို့ သူတို့နဲ့ စကားပြောရရင် အား တကယ်ရှိပါတယ်။ သူတို့တွေ ဘယ်လိုဈေးဝယ်ကြသလဲ ၊ ဘယ်လို ပစ္စည်းတွေ သိမ်းဆည်းကြသလဲ ၊ ဘယ်လို နေထိုင်ကြသလဲ စသဖြင့်။ ဈေး ဘယ်ဈေး သွားကြသလဲ။ ဈေးပစ္စည်း ဟင်းလျာတွေ ဘယ်လို လက်ခံသလဲ။ ပိုက်ဆံကို ဘယ်လို သိမ်းသလဲ။ ကိုင်သလဲ။ အပြင်ထွက်အလုပ်လုပ်နေ ကြတဲ့သူတွေရှိတယ်ဆိုရင် သူတို့နဲ့ဆက်သွယ်ပီး အခြေအနေ ထောက်လှမ်းရပါတယ်။ ဘယ်လို ဝတ်စားဆင်ယင်ပြီး ကာကွယ်ကြသလဲ။ အပြင်ကပြန်လာရင် ဘယ်လို နေထိုင်သလဲ။ ကိုယ်ကိုယ်တိုင် အပြင်ထွက်ရတဲ့အခါ သူတို့ပြောတဲ့ နည်းပညာအတိုင်း လိုက်လုပ်ပါတယ်။ လက်တွေ့ကျတဲ့ အကြံဉာဏ်များကို ရယူပါတယ်။
ရုံးအလုပ်တွေကို ဝေါ့ခ်ဖရွန်ဟုမ်းလုပ်နေတဲ့သူတွေနဲ့လည်း အဆက်အသွယ်လုပ်ပါတယ်။ သူတို့ အလုပ် ဘယ်လိုလုပ်သလဲ၊ ရုံးကို ဘယ်နရက်တစ်ခါ နှစ်ခါသွားရသလဲ၊ ရုံးကားလာကြိုသလား ၊ ကိုယ်သိချင်တာတွေ မေးမြန်းပီး ဘယ်လို နေထိုင်သွားလာပုံတွေကို မေးပါတယ်။ အပြင်ထွက် နေရတဲ့သူများ၊ မြို့ထဲသွားနေရတဲ့သူတွေရှိရင်လည်း မေးမြန်းပါတယ်။ တက်စီစီးသလား ၊ ဘာဝတ်ဆင်သွားသလဲ၊ ပြန်လာရင် ဘယ်လို အဝတ်အစားတွေ ဘယ်လို လျောဖွတ် ဆေးကျောသလဲ၊ ပါသွားတဲ့ ပစ္စည်းတွေ ဘယ်လို သိမ်းဆည်းသလဲ ၊ ဘာစားသလဲ ၊ ဘာဆေးသောက်သလဲ ၊ နေကောင်းရဲ့လား စသဖြင့်။
ဒီလိုနဲ့ စတေးဟုမ်းတွေအချင်းချင်း အားပေးမူတွေ ရယူရပါတယ်။ ဒါဟာ အားတက်စရာ အားရှိစရာ စကားတွေ ကြားကြရမယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒီအချက်ကတော့ တကယ့်ကို ကောင်းတဲ့အချက်ပါ။ အစစအရာရာ သတိထားတတ်လာပါတယ်။ တစ်ခုခု ဖြစ်မှာ သိပ်ကြောက်လို့ သတိကို ထားပါတယ်။ ဟင်းချက်ရာမှာ မကြာခနဆိုသလို အပူလောင်တတ်တာ၊ လက်ဓါးရှတတ်တာ တွေကို ပိုပီး သတိထားမိတော့၊ အခု တော်တော်လေး သက်သာနေတယ်။ အဖြစ်နည်းလာတယ်။ အသွားအလာမှာဆို ခလုပ်တိုက်တတ်လွန်းလို့ သတိထားနေပါတယ်။ ခလုပ်တိုက် အနာတရဖြစ်မှာ ကျိူးမှာပဲ့မှာ သေလုအောင် ကြောက်ပါတယ်။ အဲယားကွန်းကို အိုက်လည်း ချွေးတွေနဲ့ နေနိုင်သလောက်နေပါတယ်။ အအေးမိဖျားမှာ ကြောက်တယ်။ နေမကောင်းမဖြစ်အောင် ပိုသတိနဲ့နေတတ်လာပါတယ်။ ပြောရရင် သတိ ဆိုတဲ့အရာကို တရားထိုင်ရင်းနဲ့သာ သတိကပ် လုပ်ရမယ်ထင်တာ အခုတော့ ၂၄ နာရီ သတိသတိနဲ့ကို ဖြစ်လာတာပါ။
ကောင်းတာတွေကိုသာ ဆက်လက် သယ်ဆောင်သွားတာပေါ့
သည်တော့ ကိုဗစ်စကင်းဝေ့အတွင်း သည်ကာလကို ကျော်ဖြတ်ရင်းနဲ့ပဲ ကိုယ့်ရဲ့ ရလာတဲ့ အကျင့်ကောင်းလေးတွေကို ဆက်လက် သယ်ယူသွားရပါတော့မယ်။ သည်လိုနဲ့ တနေ့ကျ ဂွတ်ဘိုင် ကိုဗစ် ... ဘယ်တော့မှ ငါတို့ ကမ္ဘာကြီးဆီကို ပြန်မလာနဲ့ တော့ ... ဆိုပီး ကျမ်းကျမ်းမာမာ ချမ်းချမ်းသာသာနဲ့ တာ့တာ ပြကြတာပေါ့လေ။
အားလုံးနေကောင်းကျမ်းမာ စွာဖြင့် ရောဂါကပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေ။ မေတ္တာဖြင့်
ဂျူနီယာဝင်း
Friday, December 4, 2020
ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 21
ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 21
အတွေးအမြင် ၃၃၆ အောက်တိုဘာ ၂၀၂၀
(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )
(အခု The Conjurer ဆိုတဲ့ ခေါင်းစဉ်အသေးလေးကိုဆက်ပါ့မယ်။ ခေါင်းစဉ်ရဲ့ မူရင်းအဓိပ္ပယ် ကတော့ မျက်လှည့်ဆရာပေါ့။ ဒီမှာတော့ Claude Shannon ကလောက်ဒ်ရှနွန်ကို ရည်ညွန်းပါတယ်။ သူက မျက်လှည့်ဆရာတော့ မဟုတ်ပါဘူး။ သူ့ကို တင်စားလိုက်တာပါ။ သူက လူတွေကို သူ့ပညာနဲ့ သူ့နည်းပညာနဲ့ မျက်လှည့်ပြသလိုက်သလိုပဲ လုပ်ပြသွား နိ်ုင်စွမ်းရှိပါတယ် လို့ဆိုလိုပါတယ်။
Claude Shannon (ကလောက် ရှနွန်) က ၁၉၄၈ခုနှစ်မှာ “A Mathmatical Theory of Communication’ (ဆက်သွယ်ရေးနှင့် ပတ်သက်သော သင်္ချာသီအိုရီ) စာတန်းတစ်စောင် ထုတ်ဝေပါတယ်။ သူ့လက်ဦးဆရာ ဖြစ်တဲ့ Bell Labs (ဘဲလ်စမ်းသပ်ခန်း) က သူ့အပေါ် ဒီအလုပ်အပ်လိုက်လို့ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲသည်ပေပါ က တော်တော်လေး လူသိများပါတယ်။ Robert Fano (ရောဘတ် ဖာနို) က အမ်အိုင်တီက သတင်းအချက်အလက်များဆိုင်ရာ အုပ်စုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ သူက အဲသည်စာအုပ်ကို (စာတမ်းလား စာအုပ်လား ဘယ်လောက်ထူသလဲ သေချာမသိပါဘူး။ စာအုပ်လို့လည်း ပြောပါတယ်။ ပေပါ လို့လည်းဆိုထားပါတယ်။) တော်တော်လေး ချီးမွမ်းခန်းဖွင့်ခဲ့တယ်။
ဖာနိုကပြောတာတော့ ရှနွန် က အပျင်းထူပေမယ့် သူ့ပေပါကတော့ အကြံသစ်ဉာဏ်သစ်တွေ ထုတ်ထားပါတယ်တဲ့။ သီအိုရီတွေပါတယ် အတွက်ချက်တွေပါတယ်။ အတွေးသစ်တွေ ထည့်ထားပါတယ်တဲ့။ လူတွေက သူ့ကို ရှက်တတ်တယ်လို့ မြင်ကြပါသော်လည်းပဲ သူက ပွင့်လင်းတယ် လို့ သူ့ကို အမှတ်ပေးပါတယ်။ လူတွေနဲ့တော့သိပ်တရင်းတနှီးမနေပေမယ့် သူက ဂရုစိုက်တဲ့ပုံစံတော့ တွေ့ရပါတယ်။ ၁၉၈၇ ခုနှစ်ထုတ် Omni (အိုမ်နီ) မဂ္ဂဇင်းမှာ သူက အခုလို ပြောထားတယ်။
“ကျွန်တော်က သိချင် စပ်စုချင်စိတ်ရှိပါတယ်။ အရာဝတ္တုတွေက ဘယ်လိုအတူတူ ပေါင်းစည်းကြသလဲ ဆိုတာမျိူးပေါ့။ အခြေအနေတစ်ခုကို အစိုးရက ဘယ်လို ကိုင်တွယ်အုပ်ချူပ်မလဲ ဆိုတာမျိူး။ ဒါမှမဟုတ် လုပ်နိုင်တာဘာလဲ မလုပ်နိုင်တာ ဘာလဲဆိုတာကို ရှင်းချက် ထုတ်ပေးမယ့် သီအိုရမ်မျိူးပေါ့ ကျွန်တော် စိတ်ဝင်စားတယ်။ အဓိကကတော့ ကျွန်တော်ကိုယ်တိုင်က သိချင်နေတာပါပဲ။ အဖြေကို ကျွန်တော် ရှာတွေ့တဲ့အခါတိုင်း ဒါကိုချရေးဖို့ စိတ်ထဲနာကျင်ရတယ်။ ဒါကို ထုတ်ဝေဖို့လုပ်တိုင်း ကျွန်တော် ရင်နာရပါတယ်။ ဒါတော့ မတတ်နိုင်ဘူးပေါ့။” (သူက ရင်နာတယ် နာကျင်တယ် ဆိုတာ ဘာအဓိပ္ပယ်နဲ့ ပြောတာလဲတော့ ရှင်းမပြထားပါဘူး။ ဒါပေမယ့် သူက အနုပညာသမားဖြစ်ပုံရတယ်။ စိတ်ကူးယဉ်တယ်ဆိုတော့လေ။ ဒီတော့ သူ့ရင်ထဲက ထွက်လာတဲ့အရာတွေ အားလုံးက အနုပညာပစ္စည်း တွေဆိုတော့ သူရင်းခဲ့ရတာတွေ များမှာပေါ့။ အနုပညာသည်အချင်းချင်းတော့ နားလည်မှာပါ။ ကိ်ုယ်လည်း ဒါကို နားလည်နေတယ်။)
အတိုချူပ်ပြောရရင် ရှနွန်အတွက် သင်္ချာဘာသာရပ်ဆိုတာ game (ဂိန်း) ထက်တော့ ပိုပါတယ်။ အပျော်ကစားတာမျိူးထက် ပိုပါတယ်။ သူ့သူငယ်ချင်းတွေက သူ့အကြောင်း သိကြပါတယ်။ သူက တကယ်ပဲ ကစားတာကို ပညာရှိရှိဆန်ဆန် နှစ်သက်တယ်ဆိုတာ။ သူ့ကို ရှက်တတ်တယ်ဆိုတာလေး ဖယ်လိုက်ပါတဲ့။ ရှာဖွေစူးစမ်းရတာ ဝါသနာပါတဲ့ ကောင်ကလေးတစ်ယောက် သို့မဟုတ် စိတ်ကူးရေယဉ်ကြောမှာ မျောပါနေပီး မျက်လှည့်အတတ်ပညာကို ကိုင်တွယ်ဖို့ ဝါသနာထုံတဲ့ လူကြီးတစ်ယောက် အဖြစ် မြင်ကြပါလိမ့်မယ်။
“ကလောက် (ရှနွန်ကို ပြောတာပါ) က ရယ်ရယ်မောမောနေတတ်တယ်။ သူ့ရင်ကိုလာထိတဲ့ အရာရာတိုင်းကို စိတ်ကူးယဉ်တယ်။ “ လို့ ၁၉၅၀ခုနှစ်တွေတုန်းက ဘဲလ်ဓာတ်ခွဲခန်းမှာ ရှနွန်နဲ့ အနီးကပ်လုပ်ခဲ့သူ သင်္ချာပညာရှင် David Slepian (ဒေးဗစ် စလီပီရန်) က ပြောပြတယ်။ သူက မျက်လှည့်ပညာရှင်တစ်ယောက်လို လူတွေကို လှည့်စားတတ်ပါသတဲ့။ သူက ဖဲချပ်တွေကစားရတာ နှစ်သက်တယ်။ ဖဲချပ်တွေ မှောက်ပီးလှန်၊ လူတွေကို မျက်လှည့်ပြတတ်တယ်။ သူက တနေကတော့ ဘောလုံးကို လက်နဲ့ မြှောက်လိုက် တောက်လိုက်လုပ်ပီး မြေပေါ်မကျအောင် ကစားရတဲ့ အတတ်ကို သူ့ဘာသာသူ လေ့ကျင့်တေယ်။ နောက်မကြာဘူး သင်္ချာသဘောတရားပါတဲ့သီအိုရီ ကို အဲသည် ဘောလုံးမြေပေါ်မကျအောင် ကစားတဲ့ ပညာနဲ့ ထုတ်ဖော်တယ်။
သူက လည်နေတဲ့ ဘောလုံးပေါ်ကို စီးတဲ့ အတတ်ကိုလည်း လေ့ကျင့်တယ်လို့ သူ့ဇနီး ဘက်တီက ပြောပြတယ်။ သူက ဘဲလ်ဓာတ်ခွဲခန်းကိုတောင် အဲသည် သူစီးတဲ့ဘောလုံး ခရစ်စမတ်လက်ဆောင် အဖြစ်ပေးလိုက်သေးတယ်။ ညဆို အဲသည် ဘောလုံးကို ဟန်ချက်ညီအောင် စီးတာဆိုရင် တော်တော် အကြမ်းခံပီးကစားတာလို့ ဆိုတယ်။ ပြီးတော့ THEROBAC (သာရိုဘက်) ဆိုတဲ့ ကိန်းဂဏာန်း ပေါင်းနှုတ် မြောက်စား (ဂဏာန်းတွက်စက်) ကယ်ကူလေတာကို သူက ပုံစံဆွဲတယ်။ ရောမ သင်္ကေတတွေနဲ့ တဲ့။ အဲသည်မှာ သူသုံးတာက ဝင်ကဘာလမ်းထဲ ရွေ့လျားလို့ရတဲ့ စက်ပစ္စည်းသုံး မောက်စ် ပါတဲ့။ (မောက်စ်ကို အခုခေတ်လူတွေ သိပါတယ် ကွန်ပြူတာမှာ သုံးတဲ့ ကြွက်လို ခုံးခုံးလေးကို ပြောတာပါ။ မောက်စ်နဲ့ ကွန်ပြူတာမျက်နှာပြင်ပေါ် ကိုယ်လိုရာ ရွှေ့ နိုင်တဲ့ စက်ပစ္စည်းလေး)
အဲသည်ခေတ်တုန်းက သိပ္ပံဝတ္ထုရေးဆရာကြီး Sir.ArthurC. Clark (ဆာ အာသာစီကလော့) က Universal Machine ဆိုပီး Voices Across the Sea ဝတ္ထုမှာ စက်ကရိယာတွေ နဲ့ ပတ်သက်လို့ စိတ်ကူးယဉ်ပီး အခုလို ပုံဖော်ပြထားတာ တွေ့ရတယ်။
“ဘယ်အရာမှ မရိုးရှင်းပါဘူး။ ဘာနဲ့တူလဲဆိုတော့ သစ်သားဘူးသေးသေးလေး တစ်ခုဆိုပါတော့။ စီးကရက်ဘူး အရွယ် လောက် မှာ တဖက်ကနေ တွန်းဖွင့်လို့ရတဲ့ အံလေးပဲပါတယ်။ တစ်ယောက်ယောက်က အပြင်ကနေ ဖွင့်တဲ့ ခလုပ်လေးကို ဖွင့်ချလိုက် တာနဲ့ ဝုန်းဆို အသံ တစ်ခု ထွက်လာတယ်။ ပုဇဉ်းတစ်ကောင်ရဲ့ အသံမျိူး။ အဖုံးက ဖြေးဖြေး လေးပွင့်လာတယ်။ ဟော လက်တစ်ဖက် အောက်ထဲက ထွက်လာပီး ခုနက ဖွင့်လိုက်တဲ့ ခလုပ်ကို ပိတ်ပီး ပြန်ဝင်သွားပါရော။ အဲသည် ဘူးလည်း ပြန်ပိတ်သွားတော့ ပုဇဉ်းလိုအသံလည်း ပျောက်သွားတယ်။ အစစအရာရာက ပြန်လည် ငြိမ်းချမ်းသွားပါလေရော။“
(ဒါကို စက်ပစ္စည်းလို့ခေါ်မယ်။ ရိုးရိုးသစ်သားဘူး မဟုတ်ဘူး။ ခလုပ်ပါတယ်။ နှိတ်လို့ရတယ်။ ခလုပ်ကိုနိတ်လို့ရတယ်။ ဘူးက ပွင့်သွားမယ်။ ဒါပေမယ့် ဘူးက သူ့ကို ပိတ်ထားတာ ပို လိုလားတယ်။ သူ့ဘာသာသူ ပြန်ပိတ်လိုက်တယ်။ ကလောက်ရဲ့ သာရိုဘက်စက်ကြီးက အဲသလိုပုံဖြစ်မယ်။ သိပ္ပံဝတ္ထုတွေထဲက ဘာမှန်းမသိတဲ့ စက်ခလုပ်တွေ စက်တွေမျိူး သူက တီထွင်ဆန်းသစ်တတ်တာကို ရည်ညွှန်းလိုပုံရပါတယ်။)
ကလောက်တီထွင်တဲ့ စက်ပစ္စည်းတွေဟာ ဆာအာသာစီကလော့ ရဲ့ ဝတ္ထုထဲက ခလုပ်တွေနဲ့ စက်တွေလိုပဲတဲ့။ လူတွေက သူ့စက်တွေကြည့်ပီး အံ့သြရ ပါတယ်တဲ့။ (ရှနွန် နဲ့ကလော့ အတူတူပါနော်။ လူတစ်ယောက်ထဲကို ပြောတာပါ။ စာရေးဆရာက သူရေးချင်သလိုရေးပါတယ်။)
ရှနွန်ရဲ့သင်္ချာသဘောတရားတွေကို ချီးကျူးပြောဆိုကြတာတွေ အများကြီးပဲ။ (အဲသည်ထဲက တစ်ခုကတော့) “ကလော့ (ရှနွန်) က တကယ်တော်တယ်။ သူက နက်နက်ရှိူင်းရှိူင်း လေ့လာတတ်တယ်။ သင်္ချာသီအိုရီ တွေကို တော်တော်များများသိထားပီး ပြသနာတစ်ခုတွေ့ရင် ချက်ချင်း ဖြေရှင်းဖို့ အသင့်ဖြစ်နေတယ်။ နယ်ပယ်တွေကိုလည်း လေ့လာထားတော့ ဘယ်နယ်ပယ်ကလဲဆိုတာ တန်းမြင်ပီး မှန်မှန်ကန်ကန် ရွေးချက်တတ်တယ်။ (သည်နေရာမှာ နယ်ပယ်ဆိုတာ သင်္ချာဘာသာမှာ သုံးတဲ့ field တွေကို ပြောတာပါ။ ) လျင်မြန်တယ် ဖြတ်ထိုးဉာဏ်ရှိတယ်။ သူလိုတာဘာလဲ အဲဒါကို တီထွင်လိုက်တာပဲ။ ပြသနာကို တပတ်ပတ်ပီး ပတ်ပတ်လည် ထပ်ခါ တလဲလဲ စဉ်းစားတယ်။ မထင်တာတွေ တွေးတတ်တယ်။ “ သူက အဖြေတစ်ခုထုတ်လိ်ုက်ရင် လူတိုင်း အံ့သြသင့်ကုန်တာပဲလို့ ဆိုတယ်။ ပြောရရင် သူထုတ်လိုက်တဲ့အဖြေက လူတိုင်းမျက်စိရှေ့မှာ တချိန်လုံး ရှိနေတာပဲ ။ လူတိုင်းက မမြင်တာ သူပဲ မြင်တတ်တယ် လို့ ဆိုရမလားပဲ။ (အော် ဒါလေးများလို့တော့ မပြောလိုက်နဲ့ပေါ့။ ကိုယ်ကျမမြင်ဘူးလေ သူကပဲ မြင်တတ်တာ။ )
ရှနွန်က ၁၉၃၈ခုနှစ်မှာ MIT (Massachusett Institute of Technology) အမ်အိုင်တီက မာစတာ ဒီဂရီအတွက် စာတမ်းကို လျှပ်စီးပတ်လမ်းတွေနဲ့ လောဂျစ်ကို ဆက်သွယ်ပြခဲ့တာမှာ လျှပ်စစ်အင်ဂျင်နီယာကမ္ဘာကိုတောင် တုန်သွားစေပါတယ်တဲ့။ နောက်ဆယ်စုနှစ်တွေမှာ ဆက်သွယ်ရေးဆိုင်ရာ သင်္ချာသီအိုရီ သဘောတရားဆီကို သူက ဘယ်လို ချည်းကပ်ခဲ့သလဲဆိုတာမှာ နောက်တော့ အချက်အလက်ဆိုင်ရာသီအိုရီအဖြစ် လူသိများလာပါတယ်။
ရှနွန်ရဲ့ အရင်ဆုံးစိတ်ဝင်စားတဲ့ဘာသာက ဆက်သွယ်ရေးလားဆိုတဲ့ အဖြေက တော်တော် ဖြေရခက်ပါတယ်။ ၁၉၃၇ ခုနှစ် လောက်ကို ပြန်သွားရင် အိမ်မှာ ကြေးနန်းလိုင်းတစ်ခုကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ ခြံစည်းရိုးဝါယာကြိုးတွေဆက်ပီး ဖန်တီးခဲ့ကြတာ ပြန်သတိရပါတယ်။ နယူးယောက်စီတီးက ဘဲလ် ဓာတ်ခွဲခန်းကို သူရောက်လာချိန်မှာ သူက မာစတာဒီဂရီ ပြုစုနေတုန်းပါ။ ၁၉၃၈ ခုနှစ် မှာ သင်္ချာ ဘာသာရပ်နဲ့ အမ်အိုင်တီမှာ ဒေါက်တာဘွဲ့အတွက် လှမ်းဖို့ ကူးချိန်မှာ သူက ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ စိတ်ကူးက တော်တော်လေး သူ့ကိုယ်ထဲ နစ်ဝင်နေပီဖြစ်ပါတယ်။ သူက ၁၉ ၃၉ ခုနှစ်ဖေဖော်ဝါရီလမှာ Vannevar Bush (ဗန်နာဗာဘွတ်ချ်) ဆီ ကို “Off and On” (အပိတ်နဲ့ အဖွင့်) ဆိုတဲ့ စာတမ်းတစ်ခု ပေးပို့ခဲ့တယ်။ တယ်လီဖုန်းဆက်သွယ်ရေး ရေဒီယိုလှိူင်း တီဗီရုပ်မြင်သံကြား ကြေးနန်းဆိုတာတွေကို ဘယ်လိုဆက်သွယ်တယ် ဆိုတဲ့သဘောတရား တွေကို သေချာ လေ့လာ နေတယ်လို့ သူကိ်ုယ်တိုင် ပြောဆိုခဲ့ပါတယ်။
ဂျူနီယာဝင်း
Thursday, November 5, 2020
ဒေါ်မြင့်မြင့် အတွေးအမြင် ဂျူနီယာဝင်း

Monday, October 26, 2020
ဂျူနီယာဝင်း - ကိုဗစ် ဆယ့်ကိုး ဒုတိယစစ်ပွဲ ကိုကျော်ဖြတ်ခြင်း
ဂျူနီယာဝင်း - ကိုဗစ် ဆယ့်ကိုး ဒုတိယစစ်ပွဲ ကိုကျော်ဖြတ်ခြင်း
ကိုဗစ် ပထမလှိုင်းကြီးက ငြိမ်သက်သွားတယ်။ ၂လလောက် အသက်ရှူချောင်ခဲ့ကြပါတယ်။ မြန်မာပြည်မှာ။ သို့သော် အဲသည် ၂လကမှာ လူတွေဟာ နိစ္စဒူ၀ သွားလာနေကြသောလည်း ရင်တထိတ်ထိတ်နဲ့ပါ။ ပြုံးနေပေမယ့် မရယ်နိုင်ပါဘူး။ ရယ်တဲ့သူလည်း မပျော်ပါဘူး။ စိတ်ချမ်းသာသာ ကျော်ဖြတ်နေရတာမဟုတ်ပါဘူး။ စိတ်ဆင်းရဲပီး ခရီးဆက်နေကြတာ။
ပထမလှိူင်းကြီးထဲ ကူးခတ်နေလိုက်ကြတာ တဖြေးဖြေး လျော့ပါးလာချိန်ကျတော့ လူတွေလည်း နည်းနည်းတော့ မျက်နှာဖုံးတွေ ချွတ်လာကြပါတယ်။ မာစ်တပ်တဲ့ကိစ္စဟာ ကိုယ့်အတွက်ပြောနေတယ်လို့ မထင်တော့ပဲ မာစ်တပ်ရေးဟာ ဝါဒဖြန့်နေတာပဲလို့ မြင်လာကြပီး မာစ်ကို မတပ်ချင်တော့ဘူး။ အဲသည်ရဲ့ဆန့်ကျင်ဖက်တွေ လုပ်လာတယ်။ သည်တော့ မတပ်တဲ့သူတွေများလာတယ်။ မတပ်တဲ့ သူတို့ကို ဆဲဆိုနေကြပေမယ့် သူတို့ကို ဆဲဆိုနေတဲ့သူတွေလည်း ကြာတော့ မတပ်ချင်တော့ဘူး။
စစ်ကြေငြာ
ဒုတိယစစ်ပွဲ ကြေငြာလိ်ုက်တဲ့နေ့က စက်တင်ဘာလ ၈ ရက်နေ့ပါ။ အဲသည်နေ့ညသန်းခေါင်မှာ စ တေးဟုမ်း အမိန့် ကို အော်လံကြီးနဲ့ ကိုယ့်ရပ်ကွက်ထဲ စအော်တာ ကြားလိုက်ရပါတယ်။ အဲဒါ တဝက်စတေးဟုမ်းလား ဘာလားတော့ မစဉ်းစားအားပါဘူး။ အဲသည်နေ့ကနေစပီး အခုထိ စတေးဟုမ်း အမိန့်အတိုင်း နေခဲ့ကြတာ အခုထိပါ။ အဈေးကို ၂ပတ်တခါပဲ သွားပါတယ်။ အစားအသောက် ချွေတာ စားသောက်ပါတယ်။ ဘယ်ကိုမှ လပ်ယားလပ်ယား မသွားရပါဘူး။ ပြန်ဈေးတက်လာတဲ့ မာစ် တွေ လက်အိတ်တွေကို မတန်တဆဖြစ်နေတဲ့ဈေးအတိုင်း မာနမကြီးနိုင်တော့ပဲ ဝယ်လိုက်ရပါတယ်။ ဈေးသွားတဲ့အခါတိုင်း မာစ်တပ် လက်အိတ်စွပ် ဆံပင်တွေ သိမ်း ဦးထုတ်ဆောင်း မျက်မှန်တပ်ပီး အဝတ်အစားလုံလုံခြုံခြုံ ဝတ်လို့ ပါ။ တခါထွက်တိုင်း အလုပ်တွေ အကုန်လုပ်ပါတယ်။ မီတာဘီလ် ဖုန်းဘီလ်တွေကို ဆောင်ရပါတယ်။ ပြန်လာတဲ့အခါတိုင်း စည်းနဲ့ကမ်းနဲ့ ပစ္စည်းများသိမ်းဆည်းပါတယ်။ အပြင်ထွက်တဲ့နေ့ကစလို့ အားရှိတာတွေ ဂရုတစိုက်စား အားဆေးသောက်ပီး ကိုယ်ခံအားကောင်းအောင် နေထိုင်ပါတယ်။ အခုနောက်ပိုင်း အွန်လိုင်းကနေ ဈေးဝယ်ပါတယ်။ ဈေးခြင်းလာပို့တဲ့အခါလည်း ကိုယ်တိုင်ဈေးသွားရသလိုပဲ မာစ်တပ် လက်အိတ်စွတ်ပီး လက်ခံရပါတယ်။ ပိုက်ဆံကို အွန်လိုင်းနဲ့ ရှင်းတာကြောင့် ပိုက်ဆံကို ကိ်ုင်ရတာ မလုပ်တော့ပါဘူး။ ဒီလိုနဲ့ နေ့တိုင်းဖြတ်သန်းနေရတဲ့ဘဝဟာ သိပ်ကိုကျဉ်းကြပ်လာပါတယ်။ ၂ပတ်တခါ အပြင်ထွက်ရတဲ့အခါ ကိုယ်လိုသူလိုတွေ သွားလာနေကြတာ တွေ့ရမြင်ရရင် မာစ်တွေ လက်အိတ်တွေ ဝတ်ဆင်ထားတဲ့ကြားက စိတ်ထဲ လွတ်လပ်တဲ့ခံစားမူ တမျိူးကို ခံစားရပါတယ်။
အသက်ကိုမာစ်နဲ့ထုတ်
ကိုဗစ်ဆယ်ယ့်ကိုး ဒုတိယစစ်ပွဲမှာ လူနာတွေကလည်း တိုးလာလိုက်တာ သေဆုံးသူများလည်း တရိပ်ရိပ်တက်လာတော့ လူတွေစိတ်ထဲ ပြောင်းလာကြတယ်။ မာစ်တပ်မှဖြစ်တော့မယ် မာစ်တပ်မှ မာစ်တပ်မှ အဲသလို အသွင်ပြောင်းလာတယ်။ ငါတို့မာစ်မတပ်လို့ကတော့ ရောဂါကူးမှာ ဆိုတာ ဖြစ်လာတယ်။ အသက် ကို မာစ် နဲ့ ထုတ်ဆိုသလိုပါပဲ။ တကယ့်ကို မာစ်တပ်ဖို့့လိုအပ်နေပီ။ သူ့အလိုလို ဖြစ်လာတာ။ ဒီတော့ တကယ်တပ်လာကြပီ။
ကိုဗစ်က မပြီးသေးဘူး။ လူတွေရဲ့ နေထိုင်မူစနစ်က ပြောင်းလာတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာမှာ တုန်းက ပြောင်းလဲလာတဲ့ ရေ မြေ သဘာ၀ လိုက်လျောညီထွေ နေထိုင်ခြင်းဖြင့်သာ အသက်ဆက်ရှင်နိုင်မယ်လို့ သိပ္ပံ ပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။ တိရစ္ဆာန်တွေဟာ ကုန်းပေါ်ကနေ ရေထဲဆင်းနေရတဲ့အခါ ရေထဲကူးခတ်နိုင်ဖို့ ခြေထောက်တွေက ကိုယ်နဲ့ ကပ်သွားပီး ယှက်ကလေးတွေဖြစ်လာတယ်။ ရေခမ်းခြောက်သွားလို့ ကုန်းပေါ်တက်လာတဲ့အခါ ကူးခတ်ရတဲ့ အတောင်လေးတွေက ခြေထောက်တိုတိုလေးတွေ ဖြစ်လာတယ်။ သူတို့ရဲ့ကိုယ်ခန္တာဟာ အသွင်ပြောင်းလာတာ နှစ်ရာစုများစွာကြာလာတော့ သူတို့ရဲ့ မူရင်း ပုံသဏ္ဍာန်တွေတောင် မရှိမမှတ်မိတော့ဘူး။ ဒါတွေကို အာခီရောလောဂျစ်သမားတွေက ရှာဖွေပြသခဲ့ကြတယ်။
သည်လိုနဲ့ ကိုဗစ်ဒုတိယစစ်ပွဲကို နောက်ဆုံးတိုက်ပွဲလို့ ကမ္ဓည်းတင်ကြပေမယ့် ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်ဘူး။ စစ်ဆေးမူတွေ သေဆုံးမူတွေဟာလူတွေကို နေ့စဉ်ခြောက်လှန့်နေတယ်။ နေ့စဉ်ညစဉ်ကြားနေရတဲ့ အင်းဗြူးလင့်ကားအသံတွေကို နားပိတ်ထားလို့မရဘူး။ ရင်တထိတ်ထိတ်နဲ့ ညစဉ်သတင်းကို စောင့်ကြည့်နေရတာ စိတ်ရောဂါတွေဖြစ်လာတယ်။ စိတ်ရောဂါတွေ မဖြစ်ဖြစ်အောင် တွန်းပို့နေတဲ့ ကွန်မင့်တွေ ခြောက်လန့်နေတဲ့ စကားလုံးတွေကြောင့် လူတွေဟာ တဖြေးဖြေး စိတ်တွေ လေးလာတယ်။ ဒီတော့ ဒါအတွက် ထွက်ပေါက် တွေရှာရတယ်။
ထွက်ပေါက်
အွန်လိုင်းဟာ ထွက်ပေါက်တစ်ခု ဖြစ်လာတယ်။ လူတွေဟာ စိတ်တွေကို အဲသည်ထဲ ထည့်ထားတယ်။ အပြင်ထွက်ဖို့ကို အတတ်နိ်ုင်ဆုံး ရှောင်ကြရတယ်။ အွန်လိုင်းနဲ့ဈေးဝယ်လာကြတယ်။ အွန်လိုင်းနဲ့ ပိုက်ဆံရှင်းလာကြတယ်။ အခုဆို မီတာဘီလ်တောင် အွန်လိုင်းနဲ့ ဆောင်ကြတယ်။ အရင်တုန်းက အွန်လိုင်းနဲ့ ပိုက်ဆံရှင်းရတဲ့အလုပ်ကို မလုပ်ချင်ဘူး ရှောင်ဖယ်ချင်တယ်။ ကိုယ်တိုင်တန်းစီ ပိုက်ဆံသွင်း ဘီလ်လေးကိုင်ပီး သိမ်းဆည်းရတဲ့အလုပ်ကိုပဲ လုပ်တဲ့သူတောင် အခု အသွင်ပြောင်းလာရတော့တယ်။ အွန်လိုင်းကို မလုပ်ရင် ကိုယ်တိုင် အပြင်ထွက်ရမယ် ဆိုတော့။ သည်တော့ လူတွေဟာ တဖြေးဖြေးနဲ့ အိမ်ထဲကနေ အလုပ်လုပ်တဲ့နည်းကို လုပ်နေကြရပီ။ တတ်နိုင်သလောက် အပြင်ကို မထွက်တော့ဘူး။ လူတွေများတဲ့နေရာကို အလိုလို ရှောင်လာကြပီ။ ဒါပေမယ့် လူတိုင်း ခံစားနေကြရတဲ့ စိတ်တစ ဟာ တဖြေးဖြေး များလာတယ်။ အိမ်ထဲနေနေတဲ့ ကြားထဲကပဲ စိတ္တဇတွေ ဖြစ်လာတယ်။ ဒါကို ဘယ်လို နည်းတွေနဲ့ ကျော်လွှားကြမလဲ။
ကိုယ့်အကြောင်းကိုယ်ရေး
ဒီနေရာမှာ ကိုယ်ဘယ်လို စိတ်ကို ထိန်းပီးနေလဲဆိုတာ ပြောပါ့မယ်။ သူများတွေ လိုက်လုပ်ဖို့မလိုပါဘူး။ အိမ်မှာ အလုပ်တွေ ရှာလုပ်ပါတယ်။ ကွန်မင့်တွေ သိပ်မဖတ်ပဲနေပါတယ်။ (အဲ ခက်တာက တချိူ့သတင်းကျ နားမလည်တော့ ကွန်မင့်တွေ ရှာဖတ်ရပါတယ် ။ ချွင်းချက်။) အခြေအနေတစ်ခုကို သိချင်ရင် သတင်းခေါင်းစဉ်ပဲ နားထောင်ပီးပိတ်လိ်ုက်ပါတယ် ဒီနည်းဟာ စိတ်ကိုသက်သာစေပါတယ်။ ဖဘ မှာ မဟုတ်ကဟုတ်က နိမိတ်မရှိသတင်းတွေ တွေ့ရင် ဟိုက်ဒ်လုပ်ပါတယ်။ သိပ်ဆိုးဝါးတာကျ အဲသည်လို သတင်းထုတ်တဲ့လင့်ခ် ကို ဟိုက်ဒ်အောလ် လုပ်လိုက်ပါတယ်။ ဒါကို ရှယ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် လုပ်တာများလာရင် အမ်ဖောလိုး လုပ်လိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ့် ဖဘ လည်း အတော်ဟုတ်လာပါတယ်။ ဒါပေမယ့် တချိူ့သတင်းကျ သူများ ဖုန်းဆက်ပြောမှ သိတယ်။ အဟိုက်လွန် အန်ဖောလိုးလွန်သွားလို့ပါ။
အဲသည်နည်းတွေအပြင် ကိုယိ့်စိတ်ကို ဆုံးမတဲ့နည်းကို အခုလိုသုံးပါတယ်။ အွန်လိုင်းကနေ အပ်ချူပ်စက်တလုံး စကင်းဟမ်းလေး ဝယ်လိုက်ပီး ချူပ်တဲ့အလုပ်ကို လုပ်ကြည့်ပါတယ်။ ပိုက်ဆံအိတ်တွေ ချူပ်ပါတယ်။ ဒီဇိုင်းတွေ ဆွဲပါတယ်။ အင်တာနက်ကနေ ပုံတွေ ရှာပီး ချူပ်ပါတယ်။ အန်တီတယောက်က မြှောက်ပေးလို့ အကျီချူပ်ကြည့်ပါတယ်။ မဆိုးပါဘူး ဝတ်လို့တော့ရပါတယ်။ စတေးဟုမ်းတွေ များလာတော့ အိမ်နေအကျီတွေ ရှားနေတော့ အတော်ပါပဲ။ ညအိပ်မပျော်တဲ့အခါ နောက်နေ့ ဘာချူပ်ရင်ကောင်းမလဲလို့ စဉ်းစားခန်းဝင်ပါတယ်။ သန်းခေါင်လောက်ကျ အိပ်ပျော်သွားပါတယ်။
တရားအားထုတ်ခြင်းဖြင့် စိတ်ကို ကုစား
ကိုဗစ်ဆယ့်ကိုး ဒုတိယစစ်ပွဲကာလမှာ နေ့စဉ် စွန်းလွန်းဝိပသနာတရား အားထုတ်ခြင်းဖြင့် ကြိုးစားကျော်ဖြတ်ရတာတော့ အတော်လေး အားရှိပါတယ်။ မူလက စွန်းလွန်းကျောင်းတိုက်မှာ နေ့စဉ် မိနစ် ၁၀ဝ သွားထိုင်ခဲ့ကြပါတယ်။ ကိုဗစ်အတွင်းတော့ အိမ်မှာ ထိုင်ပါတယ်။ သို့သော် ကိုယ့်ဘကိုယ်ထိုင်တာဖြစ်လို့ မိနစ် ၁၀ဝတော့ မရပါဘူး။ မိနစ် ၆၀ တော့ ကြိုးစား နေ့စဉ်ထိုင်ပါတယ်။ စစချင်းတော့ နာရီဝက်လောက်သာ ရလာရာကနေ တနေ့တနေ့ ဆိုးဝါးလာတဲ့ ကိုဗစ်သတင်းတွေကြောင့် မိနစ်တွေ တိုးထိုင်ခဲ့တာပါ။ အခုဆို မိနစ် ၉၀ စံချိန်တင်နိုင်လာတယ်။ ဒီလိုတိုးလာတာကို ကြည့်ခြင်းအားဖြင့် ကိုယ်ဘယ်လောက် ကြောက်နေတယ်ဆိုတာ သက်သေပါပဲ။ ပထမပိုင်း ၄၅ မိနစ်မှာ ဝင်သက်ထွက်သက်ပုံမှန်ရှူသွင်းရှူထုတ် ပြင်းတဲ့အခါပြင်း လျော့သွားတဲ့အခါ လျော့ ဆက်တိုက် လုပ်ရပါတယ်။ ၄၅မိနစ်ပြည့်လို့ ကိုယ့်တိုင်မာလေးက အသံပေးတဲ့အခါ ဝင်သက်နဲ့အရှူရပ်ပီး ကိုယ်ခန္တာမှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာများကို လိုက်ရှာပြီး အနာဆုံးဝေဒနာကနေစလို့ ဝေဒနာလိုက်တာ နောက် ၄၅မိနစ်ပါ။
ထို မိနစ်၉၀ဆက်တိုက်ဆိုသလို မလှူပ်ရ မပြင်ရ မျက်စိမဖွင့်ရ ယားမကုတ်ရ ညောင်းမပြင်ရ မောမနားနဲ့ ထိမူ သိမူ ထိုနှစ်ခု သတိကြပ်ကြပ်ပြု အစရှိသဖြင့် လိုက်နာရမှာတွေကို တတ်နိုင်သလောက် ကြိုးစားလိုက်နာ အားထုတ်ရပါတယ်။ (ဘုန်းကြီးကျောင်းမှာ သွားထိုင်ရင် မိနစ် ၅၀ မိနစ် ၅၀ ပေါင်း မိနစ် ၁၀ဝပေါ့နော်။ တရားစောင့်တဲ့ ပုဂ္ဂိုလ်များ ရှေ့မို့ မလှူပ်ရဲ ငြိမ်နေရပါတယ်။) သည်လိုနဲ့ အားထုတ်နေတဲ့ တလျောက်လုံးမှာ ချွေးတွေရော မျက်ရည်တွေရော ဟာ တကိုယ်လုံးမှာ နစ်နေပါတယ်။ အမှန်တော့ မျက်စိဖွင့်ကြည့်လိုက်ဖို့ ကြောက်စိတ်က ပိုပီး ကြီးစိုးလာတာပါ။ တကယ့်ဘဝကြီးကို ရင်ဆိုင်ရမှာ ပိုကြောက်လာတယ်။ ကိုဗစ်ဆယ့်ကိုးစစ်ပွဲကြီးနဲ့ အတူတကွယှဉ်သန်နေရတာကို မြင်တွေ့နေရမှာကို ပိုကြောက်တယ်။ ဒါကြောင့်လည်း စွန်းလွန်းဝိပဿနာ တရားကို ပိုအားကိုးလာတယ်။ အချိန်တွေ ပိုတိုးထိုင်ဖြစ်လာတယ်။ တခါတရံ ညသန်းခေါင်နိ်ုးပီး အိပ်မပျော်တဲ့အခါ တရားထထိုင်ပါတယ်။
မိနစ်၉၀ အိမ်မှာ ထိုင်ဖြစ်လာတာကို ကြွားတာမဟုတ်ပါဘူး။ ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ တချိန်ချိန်ကျ ၁၅ မိနစ်လောက်ပဲ ရချင် ရသွားမှာ ဖြစ်လို့ပါ။ တရားအားထုတ်တာ ကြာလာတော့ မနေ့ကနဲ့ ဒီနေ့ ၊ ဒီနေ့နဲ့မနက်ဖြန် မတူတာသိလာပါတယ်။ ဒီနေ့တော့ မဆိုးဘူးဟ ဆိုပီး သာယာနေလို့မရပါဘူး နောက်တနေ့ တော်တော်ခံနေရပြန်ရော။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း အထင်မကြီးပါဘူး။ အခုအခြေအနေကို ကြောက်လို့သာ တိုးထိုင်နေတာ။ နောက်ကျ ဒီလောက်ရချင်မှ ရတော့မှာ။ ဘာပဲဖြစ်ဖြစ် ငါဒီလောက် အိမ်မှာ ထိုင်နိုင်ခဲ့ပါလား ဆိုတာလေးက ပြန်တွေးကြည့်ရင် ကိုဗစ်ဒုတိယစစ်ပွဲက နေဖြစ်လာတဲ့ အကျင့်တစ်ခုကို တွေးပီး ကျနပ်စရာဖြစ်ပါတယ်။
ဆုတောင်း
တရားထိုင်ပီးတဲ့အခါ ဒီရောဂါကပ်ကြီး ကမ္ဘာပေါ်က အမြန်ဆုံးထွက်သွားဖို့ ဆုတောင်းပါတယ်။ နေမကောင်းတဲ့သူတွေ ကျမ်းမာကြပါစေလို့ မေတ္တာပို့ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ နေကောင်းကျမ်းမာကြဖို့ ဆုတောင်းပါတယ်။ ဒီရောဂါကပ်ကြီး ဘယ်တိုင်းပြည် ဘယ်နိုင်ငံကိုမှ ပြန်မလာပါနဲ့ အားလုံး ရောဂါကင်း ကြပါစေလို့ မေတ္တာပို့ ဆုတွေတောင်းရင် ကြောက်ရွံ့ထိတ်လန့်နေတဲ့ စိတ်ကို ကြုးိစားထိန်းချူပ်ရင်း ကျော်ဖြတ်လျက်ရှိပါတယ်။
Monday, October 12, 2020
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - 'ဒီမိုကရေစီစနစ်များ ကျဆုံးရခြင်း' ထွက်ပြီ မုိးမခ
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - 'ဒီမိုကရေစီစနစ်များ ကျဆုံးရခြင်း' ထွက်ပြီ
(မိုးမခ၊ ဆိပ်ကမ်းသာ) မတ််၂၇၊ ၂၀၂၀
အတွေးအမြင်မဂ္ဂဇင်းမှာ လစဉ်ဘာသာပြန်အခန်းဆက်တက်ဆက်ခဲ့ပြီး မိုးမခအွန်လိုင်းမှာလည်း အပတ်စဉ် မျှဝေခဲ့တဲ့ အနောက်နိုင်ငံစာအုပ်စင်များမှာ လူပြောများတဲ့ စာအုပ် - How Democracies Die - ဒီမိုကရေစီစနစ်များ ကျဆုံးရခြင်း - စာအုပ် ထွက်ပါပြီ။
မိုးမခက ထုတ်ဝေပြီး ဆိပ်ကမ်းသာက ဖြန့်ချိပါတယ်။ စာမျက်နှာ ၁၃၀၊ တန်ဖိုး ၃ထောင် ကျပ်။ ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာစျေးသစ် ။ ဝ၉ ၇၈၆၈၃၇ ၃၀၅ / ဝ၉ ၉၆၃၆၉၉၈၃၄ ကိုဆက်သွယ် မှာယူနိုုုုုုင်ပါပြီ။
(ဒေါ်) ခင်မျိုးချစ် (ဘာသာပြန်) ငွေစင်ရော် စာအုပ် ထွက်ပြီ. မုိးမခ
(ဒေါ်) ခင်မျိုးချစ် (ဘာသာပြန်) ငွေစင်ရော် စာအုပ် ထွက်ပြီ
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၀
“အများမိုးခါးရေသောက်သလို လိုက်သောက်နိုင်ခဲ့လျှင် ယောယိမ်းလိုက် ဘသားယိမ်းလိုက်” သူများနည်းတူ လုပ်နိုင်သ၍ ဘဝမှာ အဆင်ပြေမည်။ အများမိုးခါးရေသောက်သည့်အချိန်တွင် ကိုယ်ချန်နေခဲ့လျှင် ပြသာနာတွေတခုပြီး တခု တက်လာလိမ့်မည်။ အများနည်းတူ မိုးခါးရေသောက်သည့်အလုပ်မှာ လုပ်ရတာ အလွယ်ဆုံးဖြစ်သည်။ အလွယ်ဆုံးအလုပ်ကို မလုပ်နိုင်၊ ကိုယ့်မှာ အခက်ဆုံးဖြစ်နေသူတဦးအဖို့မှာ အသက်နှင့်ကိုယ် မြဲသ၍ ခံလိုက်ဦးတော့၊ မသေမချင်း ခံလိုက်၊ ပျော်ပျော် ကြီးခံလိုက်။ သည်ပင် လူဖြစ်ရသည့် လူ့ဘဝ အရသာဖြစ်ပေတော့သည်။ (ခင်မျိုးချစ် )
ဖြန်ချိရေး – ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာစျေးသစ် ။ ဝ၉ ၇၈၆၈၃၇ ၃၀၅ / ဝ၉ ၉၆၃၆၉၉၈၃၄





