ဆက်ခံသူ. ဂျူနီယာဝင်း
အတွေးအမြင် (၁၁၇)၊ ၁၉၉၆ မတ် + ဧပြီ
တစ်နေ့သ၌ ကျွန်မထံသို့ စာတိုက်မှ ဖြတ်ပိုင်းတစ်ခု ရောက်လာပါသည်။ ၁၉၈၅-၈၆ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်သို့ သင်္ချာဘာသာရပ်ဖြင့် ပထမနှစ် တက်ရောက်ခွင့်ရကြောင်း အကြောင်းကြားသည့် ဖြတ်ပိုင်း ဖြစ်ပါသည်။ ဆယ် တန်းအောင်သည့် အမှတ်ဖြင့် လျှောက်မည်ဆိုလျှင် ရနိုင်သော ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ်များကို မလျှောက်ဘဲ သိပ္ပံဘာသာရပ်တွင် အနိမ့်ဆုံးဖြစ်သော သင်္ချာကိုလျှောက်ခဲ့ခြင်းမှာ သင်္ချာဆရာတစ်ဦးဖြစ်သော ကျွန်မ၏ ဖခင် တိုက်တွန်း ချက်ကြောင့် မဟုတ်ဘဲ စာကျက်ရမှာပျင်းသော ကျွန်မ၏ မွေးရာပါ စိတ်ဓာတ် ကြောင့်သာ ဖြစ်ပါသည်။
တက္ကသိုလ် ပထမနှစ်တွင် ကျွန်မသည် အတန်းငယ်စဉ်တုန်းကလို စာမေး ပွဲ အောင်မှတ်ရရန်သာ စိတ်ဝင်စားခဲ့ကြောင်း ဝန်ခံပါသည်။ တက္ကသိုလ်ဒုတိယနှစ် တွင် ကျွန်မ၏ အသက်အရွယ်ကြောင့်လား၊ ကျွန်မ၏ အမြွှာအစ်ကိုက စက်မှု တက္ကသိုလ်ကျောင်းသား၊ ကျွန်မက သင်္ချာအဓိကကျောင်းသူဟူသော ကျွန်မတို့ မောင်နှမနှစ်ယောက်၏ ပညာအဆင့်အတန်း ကွာဟမှုကြောင့်လား၊ ကျွန်မ သင်္ချာ တွက်နေလျှင် စိတ်ဝင်တစားနှင့် အနားမှ သင်ပြပေးနေသော ကျွန်မ၏ ဖခင် ကြောင့်လားတော့ မသိပါ။ ကျွန်မ၏ အတွေးအခေါ်များ ပြောင်းလဲခဲ့ရပါသည်။ ကျွန်မ ငယ်ငယ်က သင်္ချာကျသဖြင့် မျက်နှာငယ်နှင့် ဆရာမဆီ လိုက်ခဲ့ရသော ကျွန်မ၏ဖခင်။ သင်္ချာဆရာကြီးသမီးက သင်္ချာကျတယ်ဟူသော ဖေဖေ့တပည့်၏ လှောင်ပြောင်ရယ်မောသံတွေကို ခံနိုင်ရည် မရှိတော့သောကြောင့် ဂုဏ်ထူးတန်း ဝင်ချင်သော ရည်ရွယ်ချက်များဖြင့် သင်္ချာဘာသာရပ် အပေါ်တွင် စိတ်ဝင်စားမှု များသည် ကျွန်မထံသို့ပြင်းပြစွာ ရောက်ရှိလာခဲ့ပါတော့သည်။ သို့ရာတွင် ကျွန်မ၏ အကြီးမားဆုံး အခက်အခဲတစ်ခုမှာ အလွတ်ကျက်ခြင်း ဖြစ်သည်။ ကျွန်မသည် မည်မျှ ခက်ခဲသော သင်္ချာပုစ္ဆာများ ဖြစ်စေ နားလည် အောင် မှတ်သည်။ အလွတ်ကျက်ရမည့်အဆင့်ကို တတ်နိုင်သမျှ ရှောင်သည်။ ထို့ကြောင့် ကျွန်မငယ်စဉ်က ပြုမူခဲ့သည့်အတိုင်း နည်းနည်းလေး နားမလည် သည်နှင့် ကျွန်မ၏ဖခင်ကို မေးမြန်းပါတော့သည်။ ထိုအခါ ကျွန်မနှင့် ကျွန်မဖခင် အကြားတွင် နားမလည်မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ပုစ္ဆာတစ်ပုဒ်အား ကျွန်မ ဖခင်အား မေးမိလျှင် နာရီဝက် တစ်နာရီ ကြာအောင် စာရွက်ပေါင်းများစွာနှင့် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သောကြောင့် တစ်ခါတစ်ရံ အဆင့်တစ်ဆင့်လောက်ကို နားမလည်ရုံလောက်နှင့် အချိန်ကုန်ခံပြီး မေးရန် တွန့်ဆုတ်ခဲ့ရသည်။ 'ဒီကနေ ဒါ ဘယ်လိုဖြစ်သွားတာလဲ ဖေဖေ' ဟု ကျွန်မက မေးလျှင် 'စာရွက်နှင့်ဘောပင် ယူခဲ့စမ်း၊ ဒီ အတိုင်း ပြောလို့မရဘူး။ အဲဒီနောက်ကွယ်မှာ အတွေးအခေါ်တွေ အများကြီး ရှိတယ်။ ဒီတော့ သဘော တရားကို သေသေချာချာ ပြောမှ နားလည်မှာ' ဟု အမြဲတမ်း အပြောခံရသော ကြောင့် ဖြစ်သည်။
'စာမေးပွဲခန်းထဲမှာ အဲဒီအဆင့်ကို အကြာကြီး စဉ်းစားနေရင် အချိန် တောင် လောက်မှာမဟုတ်ဘူးဖေဖေ။ သမီး အလွတ်ကျက်လိုက်တော့မယ်'ဟု အလွတ်ကျက်ရမှာ ကြောက်သော ကျွန်မပင်လျှင် ကျွန်မဖခင်ကို လက်မြှောက်ပြီး စောဒကတက်ခဲ့ရသော အကြိမ်များ မနည်းခဲ့ပါ။ သို့ရာတွင် unseen ကို ကြောက်သော ကျွန်မ၊ ဒါတွေသိမှ unseen ကို စဉ်းစားတတ်မှာ၊ တော်ကြာ ဂုဏ်ထူးတန်း မဝင်ရင် ဘယ့်နှယ်လုပ်မလဲ ဟူသော စိုးရိမ်ကြောင့်ကြစိတ်များ ကြောင့် ကျောင်းမှာသင်သော lecture အပြင် ဖေဖေ သင်ပြထားသော အချက်များ ကိုnotes ပြန်ထုတ်ထားသော စာအုပ်များကြားတွင် နစ်မြုပ်ရင်း အပင်ပန်းခံ ကြိုးစားခဲ့ရပါသည်။
စာမေးပွဲဖြေခါနီးတွင် အခို့ျသော ပုစ္ဆာများကို အလွတ်ကျက်ခဲ့ရပါ သည်။ ဖခင်ကလည်း ကျက်ရန် တိုက်တွန်းသောကြောင့် ကျွန်မထုတ်ထားသော ညသအန များကို ဘေးဖယ်ထားပြီး ဒုတိယနှစ် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင် ခဲ့ပါတော့သည်။
ဂုဏ်ထူးတန်းကျောင်းသူဘဝ
ငယ်စဉ်ကတည်းက အလွတ်ကျက်ရမှာ ကြောက်သော ကျွန်မသည် နားမလည်သော အကြောင်းအရာများကို ကျွန်မ ဖခင်က မည်မျှပင် အချိန်ကုန်ခံခံ၊ စာရွက် ဘယ်လောက်ကုန်ကုန် လိုက်နာမှတ်သားသော အလေ့အကျင့်ကို ဆက် လက်၍ ကျင့်သုံးခဲ့ပါသည်။ အကြောင်းမှာ ကျွန်မ ဖခင် သင်ပြထားသော အတွေးအခေါ်များ၊ သဘောတရားများ၏ အရေးပါပုံကို ပို၍ သိလာသောကြောင့် ဖြစ်ပါသည်။
ကျွန်မငယ်စဉ်က အသေအလဲ ကြိုးစားမှတ်သားခဲ့ရသော အကြောင်း အရာများသည် ယခု ဂုဏ်ထူးတန်းတွင် ပြန်လည် အသုံးချခွင့်ရလာပါသည်။ အဘယ့်ကြောင့် ကျွန်မ ဖခင်က ဤအချက်တွေကို အလေးပေးခဲ့ရသလဲ ဟူသော မေးခွန်း၏အဖြေကို အတန်းကြီးလာမှ နားလည်ခဲ့ရပါတော့သည်။ သို့ရာတွင် တစ်ခါတစ်ရံ ကျွန်မဖခင်၏ရှည်လျားသော၊ အသေးစိတ်လွန်းသော ရှင်းပြချက်များ ကြောင့် သင်္ချာယူမိတာ မှားပြီ၊ တခြားဘာသာဆို ဖေဖေ့လည်း မေးစရာမလိုဘူးဟု နောင်တရစိတ်များလည်း မကြာခဏ ဆိုသလို ဝင်လာတတ်ပါသေးသည်။
၁၉၉၃ ခုနှစ် တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူဘဝတွင် ဒုတိယနှစ် တုန်းကကဲ့သို့ တက်ြွကသော စိတ်ဓာတ်များ ပြန်ဝင်လာခဲ့ပါသည်။ အကြောင်းမှာ qualify ဖြစ်မှ မဟာသိပ္ပံတက်ခွင့်ရမည် ဟူသော ကန့်သတ်ချက်ကြောင့် ဖြစ် ပါသည်။ ကျွန်မတွင် အလွတ်ကျက်သော စိတ်ဓာတ်များ မရှိတော့ပြီ ဖြစ်သော ကြောင့် ယခု အရေးကြီးသော စာမေးပွဲအတွက် ကျွန်မ၏ လေ့ကျင့်မှု အစီ အစဉ်ကို တစ်မိုျးတစ်ဖုံ ပြောင်းလဲခဲ့ရပါသည်။
ပထမအဆင့်အနေနှင့် လုပ်ရိုးလုပ်စဉ်ဖြစ်သော နားမလည်သော၊ ခက်ခဲ သော ပုစ္ဆာများကို ကျွန်မ ဖခင်ကို မေးပြီး နားလည်အောင် ကြိုးစားပါသည်။ ဒုတိယအဆင့်အနေနှင့် ကျွန်မ ဖခင် ရှင်းပြသော အချက်များကို ဦးနှောက်ထဲတွင် စဉ်းစားတတ်အောင် အစီအစဉ် ချပါသည်။ နောက်ဆုံး အဆင့်အနေနှင့် ထို ပုစ္ဆာကို အလွတ်ချတွက်ခြင်း ဖြစ်ပါသည်။ ထိုသို့ အလွတ်ချတွက်ရာတွင် ဖေဖေ ရှင်းပြထားသော အချက်များကို ဂုဏ်ထူးတန်းပထမနှစ်နှင့် ဒုတိယနှစ်တုန်းကလို ချမရေးတော့ဘဲ အတန်းထဲမှာ သင်ထားတဲ့အတိုင်း တစ်ကြောင်းပြီးတစ်ကြောင်း စိတ်ရှည်ရှည်နှင့် အချိန်ယူ စဉ်းစားပြီး ရေးချပါသည်။ ယင်းကဲ့သို့ အချိန်ယူ ချတွက်ခြင်းကို ပွဲမဝင်ခင် အပြင်မှာကျင်းပဆိုသကဲ့သို့ ထပ်ကာထပ်ကာ လေ့ကျင့် ပါသည်။ ကျွန်မသည် စာမေးပွဲခန်းထဲတွင် အချိန်ကုန် အနည်းဆုံးနှင့် အမှန်ကန် ဆုံး အဆင့်ထိ ဖြေဆိုနိုင်သူတစ်ဦးဖြစ်အောင် ကြိုးစားခဲ့ရပါသည်။
ထိုအရေးကြီးသော တတိယနှစ် ဂုဏ်ထူးတန်း စာမေးပွဲအတွက် ကျွန်မ လုပ်နေကျ အလုပ်တစ်ခုကို လုပ်ပါသည်။ ယင်းမှာ ဘာသာရပ်များနှင့် ပတ်သတ် ပြီး မေးနိုင်သော မေးခွန်းများကို ကျွန်မဘာသာ ထုတ်ခြင်း ဖြစ်ပါသည်။ ထိုဘာသာရပ်များထဲမှာ Algebra ဘာသာအတွက် မေးခွန်း ပေါင်း ရဝ ရလာ ပါသည်။ ထိုဘာသာဖြေရမည့် ညတွင် ကျွန်မဖခင်အားပြပြီး ှစသအ ရိုက်ခိုင်း ပါသည်။ သင်္ချာဆရာကြီးဖြစ်သော ကျွန်မဖခင်က ကျွန်မ ထုတ်ထားသည့်ထဲမှ ရွေးပေးရာ မေးခွန်း ၆ဝ လောက် ရှိသွားပါသည်။ ကျွန်မ လုပ်ရိုးလုပ်စဉ်အတိုင်း spot ရိုက်ခိုင်းတာ ဖြစ်သော်လည်း ဤမျှလောက် ရွေးပေးမည်မှန်း ကြိုတင် ခန့်မှန်းပြီးသား ဖြစ်ပါသည်။ ထို Algebra ကို ကောင်းမွန်စွာ ဖြေနိုင်ပြီး အိမ် သို့ ပြန်လာခဲ့ပါသည်။ ကျွန်မ ပြန်ရောက်ပြီး သိပ်မကြာခင်တွင် ကျွန်မဖခင်သည် ရုံးချိန်ထက် စောလွန်းစွာ ပြန်ရောက်လာပြီး အလောတကြီး မေးပါသည်။
'သမီး ဘယ်နှပုဒ်ရမလဲ၊ မနေ့ညက ဖေဖေရွေးပေးတဲ့ အထဲက တစ် ပုဒ်မှ မပါဘူး' ကျွန်မက 'ဟုတ်လား၊ သမီးက သိပ်တောင် သတိမထားမိဘူး၊ ဒါမိုျး က ဖြစ်နေကျပဲ၊ ဖေဖေ့ကို ရွေးခိုင်းတယ်ဆိုတာလည်း အပျင်းပြေ ရွေးခိုင်းတာပါ၊ စိတ်မပူပါနဲ့ ဖေဖေ၊ သမီး ခြောက်ပုဒ်လုံးရတယ်' ဟု လက်မထောင်ပြီး ပြန် ပြောနိုင်ခဲ့ပါသည်။
အထက်ပါ အလားတူ အဖြစ်အပျက်မိုျးသည် ယခုမှ အသစ်အဆန်း မဟုတ်ဘဲ ကျွန်မ၏ ပညာသင်သော ကာလတစ်လျှောက်လုံး အမြဲတမ်းကြုံတွေ့ နေကျ ဖြစ်သောကြောင့် ကျွန်မ ယခုကဲ့သို့ အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမှတဖန် မဟာသိပ္ပံနောက်ဆုံးနှစ် ကျောင်းသူဘဝသို့ တက်လှမ်း ခဲ့သော ကျွန်မသည် မည်သို့မည်ပုံ ဆက်လက်ကြိုးစား လျှောက်လှမ်းခဲ့ရသည်ကို အထူးရေးသားပြစရာ မလိုတော့ဟု ယူဆမိပါသည်။ ကျွန်မ မဟာသိပ္ပံ ကျမ်းပြု ကျောင်းသူ ဘဝအထိ သင်္ချာဆရာကြီး၏ သမီးအနေနှင့် လျှောက်ခဲ့ရသောလမ်း တွင် ပတ်ဝန်းကျင်၏ ကောက်ချက်ချချက်များနှင့် အမေးခံခဲ့ရသော မေးခွန်းများ အပြင် သင်္ချာဆရာကြီး၏ သမီးဟူသော အပေါ်ယံအမြင်ဖြင့် သုံးသပ်ချက်များ၊ ထင်မြင်ယူဆချက် များစွာကို ရင်ဆိုင်ခဲ့ရပါသည်။ တခို့ျသော မေးခွန်းများမှာ ကျွန်မ ကိုယ်တိုင် ဘာပြန်ဖြေရမှန်းမသိသော မေးခွန်းများ ဖြစ်ပါသည်။ အောက် ပါတို့ကို လေ့လာကြည့်စေလိုပါသည်။
သူငယ်တန်းမှရှစ်တန်း
'ဆရာ့သမီးက ဒီလ သင်္ချာ နှစ်ဘာသာလုံးကျလို့ ဆရာ ကျောင်းလိုက် သွားရတယ် ဟုတ်လား၊ ဆရာက သင်မပေးဘူးလား၊ သမီးကရော ဖေဖေ့ကို မမေးဘူးလား' (ဖေဖေ့တပည့်များ)
တက္ကသိုလ် ပထမနှစ်
သင်္ချာဆရာရဲ့ သမီးမို့ သင်္ချာယူတာလား၊ အဖေက ယူခိုင်းလို့လား' (အသိအကျွမ်းများ)
တက္ကသိုလ် ဒုတိယနှစ်
'နင့်ကိုမေးရတာ စိတ်ကုန်လာပြီ၊ နင် ရှင်းပြတာ အရှည်ကြီးပဲ၊ အဲဒါ မသိလည်း ဒီအတိုင်း ကျက်ပြီး ဖြေရင်လည်း ရတယ်မဟုတ်လား'
(ကျွန်မ၏သူငယ်ချင်းများ)
ပထမနှစ် ဂုဏ်ထူးတန်း
'သင်္ချာဆရာကြီးသမီးဆိုတော့ ဂုဏ်ထူးတန်းဝင်မှာပေါ့'
(အသိအကျွမ်းများနှင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ)
ဒုတိယနှစ် ဂုဏ်ထူးတန်း
'နင် သင်္ချာ တစ်ဘာသာမှ ဂုဏ်ထူးမပါဘူး၊ ဘယ်လိုဖြစ်တာလဲ၊နင့် အဖေတော့ တော်တော်ဆွေးသွားမှာပဲနော်' (အတန်းဖော်တစ်ဦး)
တတိယနှစ် ဂုဏ်ထူးတန်း
'နင်အဖေက သင်္ချာဆရာဆိုတော့ နင် အရမ်းကံကောင်းတာပဲဟာ၊ မေး စရာရှိရင် ချက်ချင်း ကောက်မေးလိုက်ရုံပဲ၊ ငါတို့လို တကူးတကသွားပြီး မေးစရာ မလိုဘူး။ အချိန်ကုန်လည်း သက်သာတယ်' (ကျွန်မ၏ သူငယ်ချင်းများ)
ငါ့ကို ဒီပုစ္ဆာ ရှင်းပြစမ်းပါဟာ၊ ပြီးတော့ အရေးကြီးတာတွေ ပြော ပါဦး၊ နင် ဘာတွေကြည့်လဲဟင်' (အတန်းဖော်များ)
'မဟာသိပ္ပံ နောက်ဆုံးနှစ်
'သမီးက ဂုဏ်ထူးတန်း သိပ်ဝင်ချင်တာပဲ၊ မမတုန်းက ဘယ်လို ကြိုး စားခဲ့သလဲဟင်၊ မမတို့တုန်းက သင်ရိုးနဲ့ အခုသင်ရိုးနဲ့ မတူတော့ဘူးလို့ ပြော တယ်၊ အဲဒါ ဘာဖြစ်လို့လဲဟင်' (ဒုတိယနှစ်မှ ညီမငယ်တစ်ဦး)
ယခု မဟာသိပ္ပံကျမ်းပြု ကျောင်းသူဘဝ
'သင်္ချာဆရာ့သမီးဆိုတော့ ဆရာ့ခြေရာ နင်းတာပေါ့'
(ဖေဖေ့တပည့်များနှင့် တက္ကသိုလ်မှ သင်္ချာဆရာ၊ ဆရာမများ)
ကျွန်မ၏ ဖခင်သည် သင်္ချာဟူသော အမွေကို ပေးဝေသူဖြစ်၍ ကျွန်မက ဆက်ခံသူ ဖြစ်ပါသည်။ ကျွန်မသည် ဆက်ခံသူတစ်ယောက်အနေနှင့် ထို ပညာအမွေကို လွယ်လွယ်ကူကူ ရရှိခဲ့သူ ဖြစ်ပါသလား။ ကျွန်မ၏ ရှေ့ဆက်ရမည့် ခရီးလမ်းသည် အဆင်ပြေချောမွေ့သော ပန်းခင်းလမ်း ဖြစ်ပါမည်လား၊ ထိုမေးခွန်း များ၏ အဖြေကို ကျွန်မ၏ဆောင်းပါးကို ဖတ်ရှုပြီးသော စာဖတ် ပရိသတ်များ ဖြေဆိုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း ကျွန်မ၏ ဆောင်းပါးကို နိဂုံးခုျပ်လိုက် ပါသည်။
အတွေးအမြင် (၁၁၇)၊ ၁၉၉၆ မတ် + ဧပြီ
No comments:
Post a Comment