Tuesday, December 23, 2014

နာဂစ်အမှတ်တရ ဂျူနီယာဝင်း


နာဂစ်အမှတ်တရ


နာဂစ်အမှတ်တရ  ဂျူနီယာဝင်း

(အမှတ် ၂၄၂၊ အတွေးအမြင်)


နာဂစ်ဟူသော စကားလုံးကို ကြုံဖူးသူတိုင်း သိကြပြီးဖြစ်၍ အထူးရှင်းစရာမလိုတော့ပြီ။ တစ်နာရီမိုင် ၁၅ဝ ကျော် တိုက်ခတ်ခဲ့သော ကြီးမားပြင်းထန်သည့် မုန်တိုင်းကြီး ၂ဝဝ၈ ခုနှစ် မေလ ၂-၃ ရက်မှာ ဖြစ်ပွားခဲ့တာကို သိကြပါသည်။ ဒီနာဂစ်ဟူသော အသံကိုဖြင့် မကြား လိုပါဟု ခံစားနေရသည့် ကြားမှပင် နာဂစ်အမှတ်တရဟု ဆိုလိုက်တော့ အမှတ်တရဆိုတာ ကောင်းသော အဓိပ္ပာယ်၊ အမှတ်ရဖွယ်အဖြစ်များ ဟုသာ ယူဆထားကြလေတော့ နားမလည်ဖြစ်သွားမည်လားဟု တွေးမိပါသည်။ ကျွန်မလည်း သည်မုန်တိုင်းကြီးကြောင့် ပြိုလဲပျက်စီးသွား သည့် သစ်ပင်ကြီးတွေ၊ အိမ်ခေါင်မိုးသွပ်ပြားတွေ လွင့်စဉ်ကုန်သဖြင့် ကြုံခဲ့ရသည့် ဒုက္ခတွေအကြောင်း ကောင်းကောင်းသိပါ၏။ သို့သော် သည်လို ဒုက္ခ သုက္ခတွေကြားမှပင် အမှတ်တရ များစွာကျန်ရစ်ခဲ့ပါသည်။ သင်ခန်းစားယူစရာတွေလည်း ရလိုက်ပါသည်။ အဲဒီအကြောင်း တွေပဲ ဆိုကြပါတော့။


နာဂစ်မုန်တိုင်းကျရောက်ပြီးနောက် တစ်နေ့မနက်စောစောမှာ မီးမရှိ၊ ရေမရှိ ဒုက္ခကို ကြုံကြရပါသည်။ ရေခဲသေတ္တာထဲ ဈေးဝယ်ပြီး ထည့်ထားသော သား၊ ငါးများက အအေးဓာတ်အြွကင်းအကျန်ဖြင့် မပုပ်သိုးနိုင်သေးပါ။ နောက်တစ်ရက်နှစ်ရက်တော့ တောင့်ခံနိုင်လိမ့်ဦးမည်။ ဟင်းသီးဟင်းရွက်များကတော့ အနံ့တောင်ထွက်ချင်နေပါပြီ။ ကျွန်မ မေမေကတော့ ဟင်းသီးဟင်းရွက်များကို ထုတ်ကာ သည်အတိုင်း အပြင် မှာ ထားတာကမှ ပိုကြာကြာခံလိမ့်မည်ဟု ပြောပါသည်။ ရေစင်က ရေကို လှမ်းကြည့်လိုက်တော့ လေးပုံ တစ်ပုံလောက်သာ ကျန်တော့ သည်။ သည်ရေဖြင့်သာ ရေခိုျး၊ မျက်နှာသစ်၊ ပန်းကန်ဆေးကြောတာ တစ်ရက်ပင် ခံမည်မထင်။ လမ်းပေါ်မှာ ဓာတ်ကြိုးများ လုံးထွေး ရစ်ပတ်ကာ ကျနေကြတာတွေအပြင်၊ အိမ်က အပင်ကြီးများ လဲကျသည့်ကြားမှာ ဓာတ်ကြိုးများကလည်း ပါနေသည်။ ဒီပုံအတိုင်းဆို မီးပြန် လာဖို့က ကြာဦးမည်။ ခြံထဲကို ကြည့်လိုက်ပြန်တော့ သွပ်ပြားများမှာ သံများထိုးထိုးထောင်ထောင်ဖြင့် နေရာအနှံ့ပြန့်ကြဲနေသည်။ ပိန္နဲပင်၊ သရက်ပင်၊ စတားအပယ်လ် (Star Apple) အပင်ကြီးများမှာ ခြံထဲမှာ ကန့်လန့်ဖြတ်များ လဲနေလိုက်ကြတာများ အိမ်ရှေ့ကိုပင် ပိတ်လျက်ရှိ သည်။ ခြံဝင်းတံခါးလည်း ပြုတ်ထွက်လျက် မနည်းကို မယူကာ ကြိုးဖြင့် ချည်ထားရသည်။ တော်တော်ကို စိတ်မသက်မသာ မြင်ရသည့် မြင်ကွင်းပင် ဖြစ်ပါသည်။ ကျွန်မသည် စိတ်ကို တော်တော်ထိန်းကာ အပြင်ထွက်ဈေးဘက် လျှောက်ဦးမည်ဆိုကာ အပြင်ထွက်လိုက်သည်။


အပြင်မှာတော့ လူတွေတော်တော်များများ ဈေးဝယ်နေကြသည်ကိုတွေ့ရသည်။ အထူးသဖြင့် ဓာတ်ခဲသုံးပစ္စည်းများဖြစ်သည်။ ဟင်းသီး ဟင်းရွက် သားငါးရောင်းသူများမှာ ဝယ်သူနည်းပါးလျက်ရှိသည်။ ကျွန်မလည်း ရေခဲသေတ္တာထဲက သားငါးများတောင် ဘယ်လိုလုပ်ရမည် မသိတာ။ အသစ်ထပ်ဝယ်ဖို့ဆိုတာ တော်တော်ခဲယဉ်းသည်။ သားငါးရောင်းသူများမှာ ဝယ်သူက တစ်ဆယ်သားဝယ်သည်ကိုပင် အဆစ်များ ပိုပေးကာ ကုန်အောင်ကြိုးစားရောင်းလျက် ရှိသည်။ ရေခဲ ခဲဖို့ဆိုတာကလည်း လောလောဆယ် သိပ်အဆင်ပြေပုံ မရသေးပါ။ ဒီအရင်ကများ အဆစ်ထည့်မပေးရင်ဘဲ အပြစ်တင်ချင်နေတာ။ ယခုတော့ ပိုပေးမှာပင် ကြောက်နေရသည်။ ကျွန်မတို့၏ အဆစ်ပိုလိုချင်သော စိတ်များသည် ယခုတော့ အလိုလိုပင် ထိန်းခုျပ်ပြီးသားဖြစ်နေသည်။


ကျွန်မသည် ဈေးထဲမှာ ဘယ်သူတွေဘာပစ္စည်းတွေ ဝယ်နေကြသလဲဆိုတာ လျှောက်ကြည့်နေမိသည်။ လူတွေ အဝယ်များတာက ပလတ်စတစ် အကာစတွေ၊ မိုးကာသားအပြာ၊ အနီစများဖြစ်သည်။ ကျွန်မလည်း ခေါင်မိုးသွပ်ပြားများ ကွာကုန်သဖြင့် အိမ်က စာအုပ်၊ ဗီရို များ မိုးကြောင့် ရေစိုကုန်တာကို သတိရမိကာ အိမ်အတွက် ဝယ်မိသည်။ ဓာတ်ခဲများလည်း ထပ်ဝယ်မိသည်။ တခို့ျဆိုင်များမှာ လက်နှိပ် ဓာတ်မီးများပင် ပြတ်ကုန်ပြီဖြစ်သည်။ တခို့ျကတော့ တူတွေ၊ သံတွေ ဝယ်ကြသည်။ လွှအရှည်များလည်း ဝယ်ကာသယ်သွားကြတာ မြင်ရ သည်။ ထိုဆိုင်မှာ ပစ္စည်းများပင် ကုန်လုနီးပါးဖြစ်သွားသည်။ ကျွန်မတို့ ရန်ကုန်မှာ အစားအသောက်တော့ သိပ်စိတ်ပူစရာမရှိပါ။ ဈေးသာနီး ရင် ပိုအဆင်ပြေပေလိမ့်မည်။ အခုတော့ နေရေးထိုင်ရေးနှင့် မီး၊ ရေ ဒုက္ခက ပိုအရေးကြီးလျက်ရှိသည်။


ကျွန်မအိမ်ပြန်ရောက်တော့ တောကြီးအလား သစ်ပင်များ လဲပြိုကျလျက်ရှိသည့် ခြံထဲကို မနည်းဝင်ယူရသည်။ ဒါတွေကို ဘယ်လိုရှင်း ကြရပါ့။ ကျွန်မတို့ မိတ်ဆွေတစ်ဦးနှင့် တွေ့တော့ သူ့အိမ်က ခြံက ခပ်ကျဉ်းကျဉ်းပဲ။ အိမ်ခေါင်မိုးသွပ်ပြား တစ်ချပ်၊ နှစ်ချပ်လောက် ကွာသွားလို့ တက်ရိုက်လိုက်တော့ ပြီးပြီ။ အခု အေးအေးဆေးဆေးပဲ။ မီးမလာတာ တစ်ခုပဲဟု ဆိုသည်။ ခြံကျယ်ကျယ်နဲ့ဆိုတော့ ဒုက္ခပိုကြီး တာပေါ့တဲ့။ သူကတော့ ဒုက္ခငြိမ်းသတဲ့။ သူခြံက ကျယ်ကျယ်မဟုတ်လို့ ကံကောင်းလိုက်တာလို့ ပြောသွားသေး။


လောလောဆယ်တော့ သစ်ပင်ခုတ်သမားများက ဈေးကြီးများတောင်းသဖြင့် မခုတ်နိုင်သေးပါ။ ကိုယ့်အိမ်က အပင်တွေ ကိုယ်ခြံထဲ အကုန်ရောက်နေတာ ဒီအတိုင်းထားလိုက်လို့ရတာပဲဟု ဖြေရသည်။ နောက်ကုန်စရာတွေ ရှိဦးမယ်။ မိုးရွာလျှင် ရေခံထားရသည်။ ပန်းကန်ဆေး တော့ ခါတိုင်းလို ဘုံဘိုင်ကြီးဖွင့်ကာ မဆေးရဲပါ။ ပန်းကန်များရေနှင့် အရင်ဆေးချ။ ပြီးတော့ ဆပ်ပြာတိုက်၊ နောက်အကုန်စုကာ ရေကို ချွေ တာ ဆေးရသည်။ ဒီအရင်ကများ ရေကို ဖြုန်းလိုက်တာပဲဟု သတိရသည်။ အခုတော့ ရေ၏ တန်ဖိုးကို ကောင်းကောင်းသိပြီ။ အခုဆို မိုးရေ တောင် တန်ဖိုးရှိနေသည်။ ရေခိုျးတာ၊ အဝတ်လျှော်တာတွေကအစ တော်တော်မလွယ်ပါ။ ရေကို အလဟဿမဖြုန်းဝံ့ပါ။


သုံးလေးရက်နေတော့ သူများတွေလို မီးစက်နှင့် ရေမောင်းသမားခေါ်ကာ ရေတင်ရသည်။ ရေစင်မှာ ကျီးကန်းတွေသေနေတာ တွေ့ကြ သဖြင့် ရေစင်ကို ရှင်းခိုင်းရသေးသည်။ ကျွန်မက အဲဒီရေစင်က ရေဖြင့် ညတိုင်း မျက်နှာသစ်၊ သွားတိုက်တာ သတိရမိသည်။ မေ့လိုက်တော့ ဟု စိတ်ကိုဖြေရသည်။ ရေတင်သမားကို နှစ်ရက်တစ်ခါ ခေါ်တင်ခိုင်းရသည်။ ကျွန်မတို့ ရေစက်က မြင်းကောင်ရည်များသဖြင့် မီးစက်ကြီး ကြီးဖြင့် ခေါ်ခိုင်းရသဖြင့် ဈေးကြီးသည်။ ဤသို့ဖြင့် ရေကိစ္စတော့ ရှင်းသွားရသည်။ ညတိုင်မီးကလည်း မရှိတော့ ညနေ ၆ နာရီဆို အိပ်ကြ ရသည်။ ဖေဖေက ညတော့ လင်းလင်းနေချင်သည်ဟု ဆိုကာ မီးစက်အသေးတစ်ခု ဝယ်လိုက်သည်။ သို့သော် မီးစက်သံကြောင့် စကားလည်း ကောင်းကောင်းမပြောရ။ နားတွေလည်းအူပြီး စိတ်မချမ်းသာကြပါ။ ဤသို့နှင့် ည ၈ နာရီဆို မီးစက်ပိတ်ကာ အိပ်ကြသည်။


ခြံထဲက လွင့်စဉ်ကျနေသော သွပ်ပြားများမှာ ရှေးကသွပ်ပြားများဖြစ်၍ အလွန်လေးသည်။ ဤသို့နှင့် လာကူညီပေးကြသော သူငယ် ချင်းများလာမှ 'မ' ခိုင်းကာ တစ်နေရာမှာ စုခိုင်းရသည်။ ရေစိုနေသော စာအုပ်ဗီရိုများမှာ ပိုဆိုးသည်။ ရေ၏စိုစွတ်မှုကြောင့် ပိုလေးနေသည်။ ဝိုင်းကူလာသူများကိုလည်း အားမနာနိုင်ပါ။ မိုးရွာလျှင် ရှောင်လို့ရသည့် နေရာများ ရွှေ့ခိုင်းရသည်။


တစ်ပတ်လောက်နေမှ သစ်ပင်ခုတ်သမား ငှားဖြစ်တော့သည်။ ထိုအတောအတွင်းမှာ ကျွန်မ၏ ဦးလေး၊ အဒေါ်များက ထမင်းဟင်းများ ချက်ယူလာပေးကြသည်။ ဈေးများလည်း ဝယ်လာပေးသည်။ ထိုစားစရာများမှာ ကျွန်မတို့အတွက် ဘာနှင့်မှမလဲနိုင်ပါ။ ဈေးတစ်ရက်မသွားရ လည်း ဘယ်လောက်သက်သာသလဲ။ ရေခဲသေတ္တာသုံးမရသဖြင့် ဈေးသွားရတာလည်း ငရဲလိုဖြစ်သည်။ ဈေးရောင်းသူများကလည်း အရင် တုန်းကနဲ့မတူ။ အများကြီးထည့်ပေးသည်။ ဟင်းသီးဟင်းရွက်က အစပိုပိုသာသာပေးကြသည်။ ခက်တာက တစ်ရက်ပင်မခံ။ ညနေဆို မကောင်းတော့။ တစ်နေ့စာနည်းနည်းသာ ဝယ်စားနေရတာကို စဉ်းစားကြည့်လျှင် ဖြစ်တော့ဖြစ်သားပဲ။ ကျွန်မတို့သည် ဒီအရင်က ဒီလိုစိတ်မိုျး မထားနိုင်တာကို ဆင်ခြင်မိသည်။ ဒီလိုလောဘစိတ်များနှင့် နေထိုင်လာခဲ့ကြတာ ဘယ်လောက်ကြာပြီလဲ။ အခုတော့ ဘာပဲဖြစ်ဖြစ် နေနိုင်သွား တာကိုက တန်ဖိုးထားစရာဖြစ်ပါသည်။


ထို့ပြင် ခြံထဲက သစ်ပင်ကြီးများကို ခုတ်ကြ၊ လှဲကြနှင့် အလုပ်သမားများ လုပ်ကိုင်နေကြတာကို ရင်တမမနှင့် စောင့်ကြည့်နေရသည့် ဒုက္ခကလည်း မလွယ်ပါ။ သူ့ဟာသူ အိမ်မှခေါင်းမိုးပေါ်မှာလဲကျနေတာကို အခုတ်မတော်ပါက မှန်တွေကွဲနိုင်သည်။ ဘေးအိမ်က ခေါင်မိုးများ ကို ထိနိုင်သည်။ တော်တော်အင်အားကောင်းကောင်းနှင့် ခုတ်ကြရတာမို့ တကယ့် Professional ကျွမ်းကျင်သူများဖြစ်ဖို့ကလည်း လိုလေ သည်။ သို့သော်လည်း ကိုယ့်လိုအေးအေးဆေးဆေး နေတတ်သူများမို့ ခြံထဲမှာ အလုပ်သမားများ ဝင်ထွက်ကြ၊ ခေတ္တအနားယူကြ၊ စားကြ သောက်ကြ၊ အလုပ်လုပ်ကြတာကို မြင်နေရ၊ ဆက်ဆံရသည်မှာ တော်တော်အနေကျပ်ပါသည်။ ရေနွေးဆိုရေနွေး၊ မီးခြစ်ဆိုမီးခြစ်၊ ရေဆိုရေ စသည်ဖြင့် ဧည့်ခံနေရတာအပြင် ရေခိုျးဖို့ကိစ္စကျတော့ ကိုယ်တောင် ရေတစ်နေ့တစ်ခါပဲ ခိုျးနေရသည့် အခြေအနေမိုျးမှာ ရေတော့မခိုျးဖို့ ပြောထားရသေးသည်။ သူတို့အလုပ်ပြီးမည့်ရက်ကို လက်ခိုျးရေတွက်ရင်း သည်းခံစိတ်ကို များများမွေးတတ်လာပါသည်။ အလုပ်မပြီးခင်၊ မုန်တိုင်းကျပြီး ရက်ပေါင်း ၂ဝ ကျော် (၂၂) ရက် အကြာမှာ မီးသမားများက အိမ်မီးများ ပြင်ဆင်နေကြ၍ မီးလာတော့ မည့်အရေး စိတ်လှုပ် ရှား နေမိပါသည်။ မီးပေးမည့်နေ့မရောက်ခင်တစ်ရက်မှာ ကျွန်မတို့ခြံထဲက သစ်ပင်တွေ ကြားထဲလိမ်ကာဝင်နေသော မီးကြိုးများကို ဆွဲထုတ် ထားရသေးသည်။


သစ်ခုတ်သမားများက အခြေအနေဆိုးနေသော လမ်းပိတ်ကာနေသော၊ အိမ်ပေါ်တင်နေသော သစ်ပင်ကြီးများကို ဦးစားပေးကာ ခုတ်ပေး သွားကြသည်။ သို့သော် ဓာတ်ကြိုးများနှင့် ရစ်ပတ်နေသော သစ်ပင်များကိုတော့ အပေါ်ယံလောက်သာ ခုတ်ပေးသွားနိုင်ကြသည်။ သူတို့ကို လည်း အပြစ်မဆိုသာ။ သူတို့က သစ်ပင်ခုတ်သော တာဝန်သာရှိသည်။ ဒါတွေသာ ရှင်းပေးရလျှင် တခြားအလုပ်များ ဆက်လုပ်ဖို့ အဆင် မပြေနိုင်။ သည်တော့ အဲသည်တာဝန်က အိမ်ရှင်တွေ၏ တာဝန်၊ သစ်ပင်ကိုင်း၊ ပင်စည်ကြီးများအောက် ဝင်နေသော ဓာတ်ကြိုးများကို စိတ်ရှည် လက်ရှည်ထားကာ ဆွဲထုတ်ရသည်။ သည်ကြားထဲမှာ နှစ်ပတ်ကျော်က သေနေသော ကျီးကန်းသေအနံ့များကလည်း တထောင်း ထောင်း ထနေသေးသည်။ ဒါတွေကို မီးသမားတွေမလာခင် မီးကြိုးတွေ ဆွဲထုတ်ထားမှ။ သူတို့လာသည့်အခါ ကျွန်မတို့ မီးကြိုးများက အဆင်သင့် မီးပေးရင်လာနိုင်မှာ ဒီလိုအလုပ်ကို မီးသမားတွေ လုပ်ခိုင်းမည်ဆိုလည်း အဆင်ပြေမည်မဟုတ်။ သူတို့မှာ တခြားရပ်ကွက်များ မီးလာအောင် လုပ်ပေးဖို့တာဝန်များ တန်းစီနေမှာ ကျွန်မတို့တစ်အိမ်ကြောင့် တစ်လမ်းလုံး မီးစောင့်နေရမည်ဆိုလျှင် ဘယ်တရားပါ့မလဲ။ သည် တော့သည်လိုအနံ့တွေ၊ အညစ်အပတ်တွေကြားထဲ နှာခေါင်းကို အဝတ်စည်းကာ လုပ်ကြရသည်။ ဓာတ်ကြိုးများ အားလုံးဆွဲထုတ်ကာ အသင့် အနေအထား ရောက်တော့မှ သက်ပြင်းချနိုင်သည်။ ကျွန်မတို့၏ သည်းခံစိတ်များ တစ်ဖက်သားအပေါ် နားလည်ပေးစိတ်များသည် စိုက်မထုတ် ရဘဲ အလိုလိုပင် ပေါ်လာရသည်။ ပေါ်မလာလို့လည်း မဖြစ်ပါ။ အဲသည်လို စိတ်မထားနိုင်လျှင် ကျွန်မတို့ ရူးသွပ်သွားလိမ့်မည်။


မီးစပေးချိန်တွင် အိမ်မီးများနှင့်အတူ ရေခဲသေတ္တာလည်း မီးလင်းလာပါသည်။ ကျွန်မသည် ရေခဲသေတ္တာလေး မီးလင်းသွားတာကို မယုံနိုင်စွာ ငေးကြည့်နေမိသေးသည်။ ဒါဘာဆန်းသလဲ။ မီးလာပြီပဲ။ သို့သော် ကျွန်မတို့၏ ရင်ထဲမှာ ကာလအတန်ကြာ (အမှန်တော့ ရက် ၂ဝ ကျော်) ခံစားခဲ့ရသော ဒုက္ခတွေများ အဆုံးသတ်ပြီလားဟု တွေးနေမိပါသည်။ ရေခဲသေတ္တာ မီးလင်းသွားတာနဲ့၊ အိမ်မှာ မီးပြန်လာတာနဲ့၊ ရေစက်ရေတင်လို့ ရသွားတာနဲ့၊ မီးစက်ဖွင့်စရာမလိုတော့တာနဲ့ ကြုံခဲ့ရသော ဒုက္ခတွေ အဆုံးသတ်သွားပြီဟု ေြွကးကြော်ရတော့မှာလား။ ထိုကာလအတွင်းမှာ ရေ၏ တန်ဖိုးကိုသိပြီး ရေကို ချွေတာချင်စိတ်တွေ ဖြစ်ပေါ်လာတာတွေကို အဆုံးသတ်လိုက်ရတော့မှာလား။ ကြုံခဲ့ရတဲ့ ဒုက္ခ သုက္ခတွေကြားထဲ သည်းခံတတ်တဲ့စိတ်တွေ၊ လောဘစိတ်များ ထိန်းခုျပ်တတ်လာတာတွေကိုရော မေ့ပစ်လိုက်ရတော့မှာလား။ အချိန်၏ တိုက်စားမှုကြောင့် မေ့လွယ်လျော့လွယ်တဲ့ လူ့စိတ်သဘာဝကို ဘယ်လိုများ သင်ခန်းစာယူကာ ထားရမှာပါလိမ့်။


အခုတော့ ဟိုအရင်ကအတိုင်း ရေကိုသုံးချင်သလို သုံးမိကာ၊ သည်းခံစိတ်များ မမွေးနိုင်သလို၊ လောဘစိတ်များလည်း မသတ်နိုင်ပါ။ သို့သော် တစ်ခါတစ်ရံ လက်ဆေးဖို့ ရေဘုံဘိုင်ဖွင့်ရင်းက နာဂစ်မုန်တိုင်းကာလကို သွားသတိရမိသည်အခါ လက်ကို ဆပ်ပြာတိုက်နေသည့် အချိန်လေးမှာ ခဏတော့ ရေဘုံဘိုင်ပိတ်လိုက်မိပါသည်။ တစ်ခါတစ်ရံ အကြောင်းအမိုျးမိုျးအပေါ် သည်းခံစိတ်မထားမိရင်လည်း နာဂစ် တုန်းက သည်းမခံချင်လည်း ခံရတဲ့ စိတ်များကို သတိရမိပြီး စိတ်ကိုလျှော့ရပါသည်။ လူ့သဘာဝအရ ဖြစ်ပေါ်လာသည့် လောဘစိတ်များ သည်လည်း နာဂစ်တုန်းက သူ့အလိုလိုခုျပ်တည်းနိုင်သည့် စိတ်များကို သတိရမိကာ လက်ခံနိုင်မိလာပါသည်။ ဒါတွေက နာဂစ်အမှတ်တရများ ပဲ မဟုတ်ပါလား။ ထို့ကြောင့် နာဂစ်ကို သည်လို အမှတ်ရစရာများနှင့် တွဲကာသတိရနေဖို့ ကောင်းပါသည်။




(အမှတ် ၂၄၂၊ အတွေးအမြင်)

No comments: