Sunday, December 28, 2014

ဂျူနီယာ၀င်း ဘာသာပြန်ရခြင်းဒုက္ခ

ဂျူနီယာ၀င်း

ဘာသာပြန်ရခြင်းဒုက္ခ


(အမှတ် ၂၃၁၊ အတွေးအမြင်)


ကျွန်မသည် အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရသည့် အလုပ်မိုျးကို တစ်ခါတစ်ရံတွင် အလုပ်သဘောအရ လုပ်ဖူးပါသည်။ သို့ရာတွင် ကိုယ်ဘာသာပြန်ရသည့် အကြောင်းအရာက ကိုယ်နှင့်ဘာမှမဆိုင်၊ ကိုယ်ကလည်း စိတ်မဝင်စားသည့် အခါမိုျးတွင် ငြင်းရပါသည်။ မေမေကြီး ဒေါ်ခင်မိုျးချစ် ရေးသားသော အင်္ဂလိပ်လိုစာများ၊ ဆောင်းပါးများကျတော့ ကျွန်မက စိတ်လည်းဝင်စားပြီး၊ ဘာသာပြန်ရတာ ပျော်စရာလည်း ကောင်းပါသည်။ ထိုအခါ ကျွန်မကို တစ်ခါတစ်ရံ ဘာသာပြန်ခိုင်းသူများကို ရှင်းပြရတာ တော်တော်ခက်ပါသည်။ ကျွန်မတို့ က စာရေးဆရာများဖြစ်ပေမယ့် ဘာသာပြန်သည့် အလုပ်ကို လုပ်သူများမဟုတ်ကြောင်း၊ မေမေကြီးရေးသော စာများကျတော့ ခံစားလို့ရ ကြောင်း ... စသည်ဖြင့်။ သို့သော် နောက်ပိုင်းတွင် ဘာသာပြန်သော အလုပ်မိုျးကို လုံးဝကို လက်မခံတော့ဘဲ ကိုယ့်အလုပ်ကိုယ် စိတ်ဝင်စား သလိုပဲ လုပ်ပါသည်။ ကိုယ်ကြိုက်မှ ကိုယ်ခံစားလို့ရမှ ဘာသာပြန်တာ ဆိုသည့်အချက်ကို နားလည်သွားအောင် ပြောဖို့ အတော်ခက်ပါသည်။ ပိုက်ဆံဘယ်လောက်ရမှ လုပ်မှာလဲဟူသော မေးခွန်းမိုျးမှာ အတော်ဖြေရခက်ပါသည်။ ဒါကို စာရေးဆရာများ၏ ခံစားတတ်သော စိတ်မိုျးရှိမှ ပင် နားလည်ပါလိမ့်မည်။


လွန်ခဲ့သော ငါးနှစ်ခန့်က ကျွန်မကို နိုင်ငံခြားသားတစ်ဦးက ဘာသာပြန်အလုပ်တစ်ခုကို အပ်ပါသည်။ ၎င်းတို့ ထရိန်နင်ပေးထားသော ကျောင်းသားများ ရိုက်ထားသည့် သတင်း၊ မှတ်တမ်း ရုပ်ရှင် Documentary တိုလေးများကို အချောမသတ်ခင်မှာ ကားထဲရိုက်ထား သမျှ စကားလုံးများအားလုံးကို အင်္ဂလိပ်လို ဘာသာပြန်ပေးဖို့ဖြစ်ပါသည်။ ကျွန်မက ငြင်းမိပါသည်။ သို့သော် နားထောင်ကြည့်လိုက်တော့ စိတ်ဝင်စားစရာကောင်းပါသည်။ သူက အရင်တစ်နှစ်က ရိုက်ကူးတည်းဖြတ်ပြီးသား မှတ်တမ်းရုပ်ရှင်များပါသော အင်္ဂလိပ်စာတမ်းထိုးအခွေကို ပေးကာ လေ့လာကြည့်ဖို့ ပြောပါသည်။


သည်လိုနှင့် ကျွန်မ ထိုအလုပ်ကို လက်ခံဖြစ်ခဲ့ပါသည်။ သူတို့ဌာနမှာ ကျွန်မလိုပဲ ဘာသာပြန်ဖို့ အချိန်ပိုင်းငှားထားသူများကို တွေ့ရပါ သည်။ သည်တော့ ကျွန်မဆီရောက်လာသော ရိုက်ထားသမျှ ရုပ်ရှင်ကားကို ဗမာမှ အင်္ဂလိပ်သို့ ဘာသာပြန်သော အလုပ်ကို လုပ်ခဲ့ပါသည်။ ကျွန်မက ဘာသာပြန်ရင်းကနေ ထိုရုပ်ရှင်လေးများကိုပါ ကြည့်ရသည်ပေါ့။ အဲသည်မှာ ကျွန်မ၏ ဒုက္ခကစပါသည်။ (ဘာသာပြန်တဲ့ အလုပ်ကိုပဲ လုပ်နေရင်တော့ ဘာဒုက္ခမှ ရောက်မလာနိုင်ပါ။) ထိုရုပ်ရှင်များမှာ မြန်မာပြည်တွင်းက အဖြစ်အပျက်တိုကလေးများ၊ အကြောင်း အရာလေးများ၊ လူပုဂ္ဂိုလ်များ အကြောင်းရာစုံလင်လှပါသည်။ ခက်နေတာက အားလုံး၏ ရှုထောင့်က ဆင်းရဲခြင်းဖြစ်နေသည်။ ဆင်းရဲခြင်းဆို တာကို အခြေခံထားပြီး ရိုက်ထားတာများ ဖြစ်နေသည်။ ဥပမာ- ရေသန့်ဘူးရောင်းတဲ့ ကလေးတစ်ယောက်၏ ဘဝ၊ နယ်ကနေတက်လာပြီး စာလည်းမသင်ရဘဲ ဆင်းဆင်းရဲရဲ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်း။ ထားပါတော့... အဲသည် ကလေးတွေကိုက ဆင်းရဲတဲ့အခြေအနေမို့လို့။ ခက်တာက မြန်မာအနုပညာသည် အချို့ရဲ့ ရုပ်ပုံလွှာတခို့ျကိုလည်း အဲသည် ရှုထောင့်ကနေ ကြည့်ပြီး ရိုက်ထားခြင်းများဖြစ်သည်။ ထိုဇာတ်လမ်းတိုများကို ရိုက်ကြသော ကျောင်းသားများ အရည်အချင်းကိုတော့ ကျွန်မ ချီးကူျးရပါ မည်။ သူတို့သည် တကယ့်ဝါရင့်သူများကဲ့သို့ပင် တော်ကြတာကို တွေ့ရပါသည်။ သို့သော် သူတို့ကို သင်ပေးသော သူတို့ရိုက်ထားသမျှကို တည်းဖြတ်လိုက်သော နိုင်ငံခြားသား ဆရာ၊ ဆရာမများက ဇာတ်ညွှန်းများကို ပြင်လိုက်ပုံရပါသည်။ သည့်ထက်ပိုဆိုးသည်မှာ ၎င်းတို့၏ ထရိန်နင်ကြောင့် လူငယ်ကျောင်းသားများ၏ စိတ်ထဲတွင် သတင်း၊ မှတ်တမ်းရုပ်ရှင်ဆိုတာ ဆင်းရဲတာကို ရိုက်တာပဲဟု ထင်သွားကြသူများကို ကျွန်မတွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။


ထိုအချက်ကိုတော့ ထိုသင်တန်းက လူငယ်လေးများ၏ အင်တာဗျူးအခို့ျကို ကျွန်မက အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့ရသောကြောင့် ဖြစ် ပါသည်။ သတင်းမှတ်တမ်းဆိုတာ သတင်းကား၊ သတင်းရုပ်ရှင်လို့ အဓိပ္ပာယ်ဖော်လို့ ရနိုင်ပါသည်။ လူတစ်ဦးတစ်ယောက်အကြောင်း၊ ဘဝ၊ အနုပညာရှင်တွေရဲ့ အတ္ထုပ္ပတ္တိလေးတွေ၊ မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝအလှများ၊ ဘုရားသမိုင်းများ၊ ဒဏ္ဍာရီများကိုလည်း ရိုက်ကူးလို့ရနိုင် ပေသည်။ ယခုလို ဆင်းရဲ၊ စုတ်ပြတ်နေသော ဘဝများကိုသာ ရိုက်ကူးခြင်းမဟုတ်ပါ။


ဤသို့နှင့် မနေနိုင်၊ မထိုင်နိုင်ပင် ကျွန်မကို အလုပ်လာအပ်သော အဖွဲ့ခေါင်းဆောင် နိုင်ငံခြားသူ အမိုျးသမီးကြီးထံသွားကာ စကား သွားပြောကြည့်မိပါသည်။ ကျွန်မကို အလုပ်အပ်စဉ်က သူပေးခဲ့သော အခွေထဲက ရုပ်ရှင်တစ်ခုကို ထောက်ပြီး ဆွေးနွေးကြည့်မိပါသည်။ အဲသည်မှာ ဘာသာပြန်ထားသော အချက်များသည် မြန်မာလို မူရင်းခံစားချက်လွဲနေကြောင်း၊ တခို့ျနေရာများတွင် ရှင်းပြဖို့လိုကြောင်း၊ တခို့ျအခန်းများတွင် ဘာသာမပြန်ဘဲ ထားထား၍ မြန်မာစာမတတ်တဲ့၊ မြန်မာမဟုတ်တဲ့ နိုင်ငံခြားသားများက တကယ့် မူရင်းအဓိပ္ပာယ် လွဲသွားနိုင်ကြောင်း၊ သည်လို လွဲသွားတဲ့အတွက် မြန်မာတွေကို အထင်သေးစရာ ဖြစ်ရကြောင်းတို့ကို ထိုဇာတ်ဝင်ခန်းများတစ်ခုချင်းစီ အသေး စိတ် ရှင်းပြခဲ့မိပါသည်။ ထို့ပြင် မြန်မာပြည်၏ အလှအပများ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုလည်း ရိုက်ကူးဖို့ အကြံပေးလိုက်ပါ သည်။ သည်လိုနှင့် ၄င်းတို့ သတ်မှတ်ထားသည့် ကာလတိုင်အောင် လုပ်ပေးခဲ့ပါသည်။ ဘာမှ ထူးမလာပါ။ သည်အတိုင်း သည်အတိုင်းပဲ ဖြစ်ပါသည်။ ဤသို့နှင့် အလုပ်နားသည့်ကာလသို့ ရောက်သွားပါသည်။


နောင်တစ်နှစ်တွင် ထိုဘာသာပြန်အလုပ်ကို ထပ်လုပ်ဖို့ အကြောင်းကြားပါသည်။ ကျွန်မ ငြင်းလိုက်ပါတော့သည်။ ကျွန်မစိတ်ထဲတွင် ငွေရေးကြေးရေးအရ မက်မောစရာကောင်းသော အလုပ်မှန်းတော့ သိပါသည်။ ထိုရုပ်ရှင်များကို နိုင်ငံခြားသားအဖွဲ့များက ဝိုင်းကြည့်ကာ ဟားတိုက်ရယ်မောနေကြသည့် မြင်ကွင်းကို မြင်တွေ့ရသည်မှာ ကျွန်မစိတ်မသက်သာပါ။ ထို့ပြင် မြန်မာတွေကို အထင်သေးသော စိတ်ရှိသူ များနှင့် တွဲပြီး အလုပ်မလုပ်ချင်ပါ။ ဤကား ကိုယ်လည်း စိတ်ဝင်စားရဲ့သားနှင့်၊ ပျော်စရာလည်းကောင်းရဲ့သားနှင့် သည်ဘာသာပြန်အလုပ် ကို ငြင်းရကောင်းလားဟူသော အမေးကို ဘယ်လိုနားလည်အောင် ရှင်းပြရမှန်းမသိသည့် ဒုက္ခတစ်ခု တိုးလာပါတော့သည်။


(အမှတ် ၂၃၁၊ အတွေးအမြင်)






No comments: