ဂျူနီယာ၀င်း
ကျွန်မ၏ တွေးမိသော အတွေးများ
(အမှတ် ၂၃ဝ၊ အတွေးအမြင်)
ကျွန်မ စာစရေးခဲ့တာ ၁၉၉၆ ခုနှစ်မှာ ဖြစ်ပါတယ်။ အဲသည် ၁၉၉၆ သြဂုတ် ၂၈ ရက်မှာ ဘဘကြီး ကွယ်လွန်ခဲ့တယ်။ ဘဘကြီး ဟာ ကျွန်မရေးတဲ့စာဆိုလို့ အတွေးအမြင်မှာ စတင်ဖော်ပြခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်လောက်သာ သိသွားခဲ့ရတယ်။ ဘဘကြီးက မေမေကြီးထက် ပိုပြီး ကျွန်မစာရေးတာကို သိပ်ကို ဂုဏ်ယူအားပေးခဲ့တယ်လို့ ခံစားခဲ့ရဖူးတယ်။ အဲသည် ပါလာတဲ့ ဆောင်းပါးတစ်ပုဒ် နှစ်ပုဒ်လောက်ကို လာတဲ့သူတွေပြပြပြီး ပြောနေတာကို ကျွန်မဟာ ရှက်တောင်လာရတဲ့အထိ ဖြစ်ရပါတယ်။ မေမေကြီးနှင့်ကျွန်မက ဘဘကြီးကွယ်လွန် ပြီးနောက်မှာ စာအကြောင်း ပေအကြောင်း၊ ကျွန်မစာတွေ ဘာတွေရေးတယ်ဆိုတာတွေကို ပြောကြဆိုကြဖြစ်ခဲ့ရတာပါ။ ကျွန်မ စာစရေးတဲ့ ကာလမှာ ကျွန်မက ပညာရေးလောကထဲကို ဝင်ဖို့ ကြိုးစားနေဆဲဖြစ်ပါသည်။ ဘဘကြီးက ကျွန်မ အချိန်ပိုင်းဝန်ထမ်းလုပ်တာ သဘောမကျ ဘူး။ ကူျတာလျှောက်တာကို အကြီးအကျယ် ကန့်ကွက်ခဲ့တယ်။ ဒေါသတကြီး အော်ပြီးဆူတယ်။ ဘဘကြီး ကိုယ်တိုင်တောင် အပြင်လောက ကို ထွက်ခဲ့သူမို့လို့ နေမှာပဲလို့ ခပ်ပေါ့ပေါ့ပဲ စဉ်းစားခဲ့မိသေးတယ်။ တကယ်တမ်းကျတော့ ကျွန်မလည်း အချိန်ပိုင်းဘဝနှင့်တောင် သက်ဆိုး မရှည်ခဲ့ဘူးလေ။ ကျွန်မက ဖေဖေ့ကို ဖေဖေကမှ ပါမောက္ခအထိ ဖြစ်လိုက်သေးတယ်။ ကျွန်မက အချိန်ပိုင်းတောင် မခံပါလားလို့ နောက်ဖြစ် ကြတယ်။ ကျွန်မ ဖေဖေဟာဆိုရင်လည်း ရန်ကုန်တက္ကသိုလ်မှာ သင်္ချာပါမောက္ခအဖြစ်နှင့် သုံးလပဲလုပ်ပြီး ထွက်ခဲ့တယ်။ ဆက်လုပ်မယ်ဆိုရင် နောက်သုံးနှစ်လုပ်လို့ ရသေးတယ်။ တက္ကသိုလ်ပါမောက္ခတိုင်း ဆယ်တန်းမေးခွန်းထုတ်ခွင့်ရှိတဲ့ ခေတ်ကြီးမှာ ဖေဖေဟာ ပါမောက္ခဖြစ်ပြီး ဆယ်တန်းမေးခွန်းမထုတ်လိုက်ရတဲ့ တစ်ဦးတည်းသော ပါမောက္ခပဲဖြစ်ပါတယ်။ မေမေကြီးဟာ အဲသည်အဖြစ်အပျက်တွေ အကုန်လုံးကို သိမြင်သွားခဲ့ရတယ်။ မေမေကြီးကတော့ ကျွန်မတို့ကို အမြဲတမ်း အားပေးခဲ့တဲ့ တစ်ဦးတည်းသော ချစ်ရသူပါပဲ။ မိသားစုအရေးများကို အားပေးတယ်။ စိတ်ဝင်စားတယ်။ ဘဘကြီးရဲ့ blessing in disguise အဆိုးထဲက အကောင်းဆိုတာကို သတိရစေတယ်။ ဒါတွေကြောင့် လည်း ကျွန်မတို့ဟာ စိတ်ဓာတ်မကျခဲ့ကြပါဘူး။
ကျွန်မရဲ့ ဘဝစာမျက်နှာတွေကို တစ်နေ့ပြီးတစ်နေ့ ကျော်ဖြတ်ရင်း ကျွန်မရဲ့ ဘဝအကြောင်းတွေကို ဆောင်းပါးတွေအဖြစ် ရေးဖြစ်ခဲ့ တယ်။ စိတ်ကလည်း ပေါ့ပါးနေတော့ ဘာကိုမှမကြည့်ဘဲ ကိုယ့်ခံစားချက်တွေ ရေးဖြစ်ခဲ့တယ်ပေါ့။ အခုမှသာ ရေးဖြစ်ရင် အဲသည်လောင် တောင် ပွင့်လင်းခဲ့ပါ့မလား မသိဘူး။ မေမေကြီး ကွယ်လွန်ပြီးနောက်မှာ တွေ့ခဲ့ရတဲ့ ဘဘ(ဦးဝင်းတင်)က ''ညည်းအဘွားက သူ့မြေး ပထမဆုံးရေးတဲ့ ဆောင်းပါးကို ဘဘဆီ ပို့ပြီး ဘယ်လိုကြွားတာ''လို့ ဆိုတာကို ကြားရတော့ သြော် မေမေကြီးက ထုတ်သာမပြောတာ ကျွန်မ စာရေးတာကို တော်တော် ဝမ်းသာဂုဏ်ယူခဲ့တာပဲလို့ မျက်ရည်ဝဲပြီး ပျော်ခဲ့ရပါတယ်။ ပြောရရင်တော့ အဲသည်ရှေ့က ဆောင်းပါးများကို ''တွေးမိသော အတွေးများ'' ဆောင်းပါးများ စုထုတ်တဲ့ စာအုပ်အထဲမှာ ဖတ်နိုင်ပါတယ်။ ကျွန်မကျော်ဖြတ်ခဲ့ရတဲ့ ပညာရေးလှေကားထစ်များကို ခံစားမိ သလို ရေးခဲ့တာတွေပဲ ဖြစ်ပါတယ်။
အဲသည်စာအုပ်ကလေး ထွက်လာတော့ ကျွန်မစိတ်ထဲမှာ စာဖတ်ပရိသတ်မရှိနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ထူးဆန်းစွာပဲ သည်စာအုပ်ကို မြတ်မြတ်နိုးနိုး ဖတ်ကြတဲ့ လူငယ်တွေကို တွေ့ခဲ့ရတယ်။ တခို့ျသော မိန်းကလေးတွေဆိုရင် ''ညီမတော့ အစ်မစာအုပ်လေးကို ရင်ဘတ်ထဲမှာ ဖက်ထားတယ်''လို့တောင် ပြောတယ်။ ဒါဆိုရင် လူငယ်ပရိသတ်ရဲ့ ရင်ထဲကို ရောက်ခဲ့တယ်ပေါ့။ လူငယ်တစ်ယောက်ကလည်း သည်စာအုပ် လေးကို ဖတ်ပြီး သူ့ရဲ့လမ်းကြောင်းတည့်သွားတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တွေ ပြတ်သားသွားရတယ်လို့ ကျွန်မကိုလာပြောဖူးပါတယ်။ ပညာရေး လှေကားထစ်တွေကို သူတို့လေးတွေ ဘယ်လိုတက်လှမ်းရမယ်ဆိုတာကိုလည်း သိမြင်ကြတယ်ပေါ့။ အဲဒါက ကျွန်မရဲ့ မျှော်လင့်ချက်တစ်ခု ပါပဲ။
ရေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ များစွာထဲမှာ ကျွန်မတို့ရဲ့ ပညာရေးဟာ ကျောင်းသားတွေ အကျင့်စာရိတ္တနှင့် သက်ဆိုင်တဲ့ အချက်တွေလည်း ပါပါတယ်။ စာမေးပွဲမှာခိုးချကြတဲ့ ခေတ်တစ်ခေတ်ကို ကျွန်မ တပ်အပ်မြင်တွေ့ခဲ့ရတာပါပဲ။ အဲသည့်ခေတ်ထဲမှာ ဒီလမ်းစဉ် ကို မလိုက်ဘဲ ကြိုးစားခဲ့သူတွေလည်း ရှိပါတယ်။ သို့သော် ရာခိုင်နှုန်းအတော်ကို ပျက်စီးခဲ့တဲ့ အကျင့်စာရိတ္တဟာ ဘယ်လိုလုပ်မလဲတဲ့။ ကျွန်မ ဂုဏ်ထူးတန်းတက်နေတဲ့အချိန် စာသင်နှစ်တွေမှာ သည်လိုအဖြစ်တွေကို တွေ့ခဲ့ရတယ်။ မဟာသိပ္ပံတက်နေတဲ့အချိန်မှာ အချိန်ပိုင်း နည်းပြဘဝနှင့် စာပေးစာယူတွေ၊ လုပ်သားကောလိပ်ကျောင်းတွေနှင့် တက္ကသိုလ်စာမေးပွဲခန်းများကို စာမေးပွဲစောင့်ခဲ့ရဖူးတယ်။ ကျွန်မရှေ့မှာ ကျွန်မထက်အသက်ကြီးတဲ့ အရွယ်တွေဟာ ရဲရဲတင်းတင်း စာခိုးချကြတာကို မြင်ခဲ့ရတယ်။ သူတို့ကူးနေတဲ့ စာရွက်ကို သိမ်းဖို့အရေး ကျွန်မ မှာ ဘုရားစာရွတ်ပြီး သူတို့အနားကပ်ခဲ့ရဖူးတယ်။ ကျွန်မနှင့် သက်တူရွယ်တူတွေ ငယ်ရွယ်သူတွေ ရေပုလင်းမှာ ကပ်ခွာလိုစာတွေကပ်ပြီး တစ်ရွက်အခွာခံရလည်း နောက်တစ်ရွက် ဘယ်ကပေါ်လာမှန်းမသိပြန်ကပ်တယ်။ ဖမ်းရတဲ့ဆရာလည်း အရှုံးပေးရတယ်။ ဆံပင်ရှည်ရှည်နှင့် ကျောင်းသူတစ်ယောက်ဆိုရင် သူ့ဆံပင်ရှည်တွေကြားထဲ ပြောင်ပြောင်လက်လက်နှင့် ဘာလဲအနီးကပ်ကြည့်မိတော့မှ ကပ်ခွာတွေကို တွေ့ရပါ တယ်။ ကျောင်းသားတစ်ယောက်ကဆိုရင် စာမေးပွဲဖြေပြီးတော့ ကျွန်မဆီလာပြောတယ်။ ''ကျေးဇူးတင်ပါတယ်ဆရာမ''တဲ့ ကျွန်မက ဘာအဓိပ္ပာယ်ပါလိမ့်လို့ စဉ်းစားရခက်မိတယ်။ အမှန်က သူစာခိုးချတာကို ကျွန်မက တကယ့်ကို မမြင်မိတာပါ။ အဲဒါကို ကျွန်မက မသိချင် ယောင်ဆောင်နေတယ် ထင်ပြီး ကျေးဇူးတင်စကားလာပြောတာလေ။ ဖြစ်ပုံများ။ သူတို့ကျောင်းသားအချင်းချင်းလည်း ဒီကိစ္စကို ဂုဏ်ယူပြော ဆိုနေကြတယ်။ ရှက်စရာလို့ မမြင်တော့ဘူး။ မလုပ်တဲ့သူတောင် ဒုက္ခရောက်မလို ဖြစ်နေတယ်။ ဆရာ-ဆရာမတွေဟာ သည်လိုခိုးချကြတာ တွေကို ဖမ်းရဆီးရတာများ ရှေ့က စားပွဲပေါ်မှာ အပုံလိုက်ကြီးရှိပါတယ်။ ခိုးချတဲ့ ကျောင်းသားတွေကို ဆရာမက မဖမ်းရဘဲ ခိုးချတဲ့ စာရွက်များကိုသာ သိမ်းဆီးခဲ့ရတယ်။ ဒီအဖြစ်အပျက်ဟာ လက်မခံချင်လည်း လက်ခံနေရပြီ။
အလုပ်လျှောက်ရင်တောင် အဲသည်ခေတ်တုန်းက ကျောင်းသားတွေဆိုရင် မခန့်တာတို့၊ စာမေးပွဲပြန်စစ်တာတို့တောင် ရှိခဲ့ဖူးတယ်။ နိုင်ငံ ခြား ကုမ္ပဏီတစ်ခုကဆိုရင် သူခန့်ထားတဲ့ တက္ကသိုလ်ဘွဲ့ရ ၆ဝ လောက်ကို ထရိန်နင်အဖြစ်နှင့် သင်္ချာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒဘာသာများကို သုံးလလောက်ပြန်ပြီး သင်ခဲ့တာကို တွေ့ခဲ့ရဖူးပါတယ်။ အဲသည်စာသင်နှစ်တွေက ကျောင်းသားတွေရဲ့ ပညာအရည်အချင်းကို မယုံကြည်တဲ့ သဘောတွေ။ အဲသည်လို အပြောမိုျးတွေ ကြားဖူးခဲ့တယ်။ အကျင့်စာရိတ္တကောင်းတဲ့ ကျောင်းသားတွေ ရှိနိုင်ပေမယ့်လည်း အုတ်အရောရော၊ ကျောက်အရောရောနှင့် ခံရတာပေါ့လေ။ ကျွန်မဟာ သည်လိုစားခိုးချကြတဲ့ ကျောင်းသားတွေကို မုန်းတီးပြီး နာကြည်းပြီး ဒေါသထွက်ပြီး ဆောင်းပါးတွေ ရေးဖြစ်ခဲ့တယ်။ ကိုယ့်သွေးသားသာဆို အသေကို ရိုက်ပစ်လိုက်ချင်ပါရဲ့။ ကိုယ့်အကျင့်စာရိတ္တ ဘာလို့အပျက်ခံရသလဲ။ သူတို့ တွေ လူကြီးဖြစ်လာရင် ဘာဖြစ်ကုန်ကြမလဲ။ သည်လိုကနေ လူကြီးတွေ ဖြစ်သွားရင်။ ကိုယ်က မိဘဖြစ်သွားရင် ကိုယ့်သားသမီးများ၊ မြေးများကို ဘယ်လိုဆုံးမကြမလဲ။ ငါလုပ်ခဲ့သလို မလုပ်နဲ့ ငါပြောသလို လုပ်တဲ့လား။
ဗြိတိသျှ အရင်းရှင်ခေတ်မှာ ကျွန်မတို့ အဘိုးအဘွားများ ခေတ်မှာ ပညာလိုလားလွန်းလို့ အမိုျးသားကျောင်းများမှာ ပညာသင် နို့စိုု့ခဲ့ရ တယ်တဲ့။ ပညာကို ဘယ်လိုခက်ခက်ခဲခဲ သင်ခဲ့ရသလဲဆိုတာတွေကို ပြောပြမှ သိကြမှာလား။ ကိုယ့်အဘိုးအဘွားများ ပြောလွန်းလို့ နားကို အူနေအောင် ကြားခဲ့ရတယ်။ မဟုတ်တာမလုပ်ရဲလောက်အောင် ဆရာ-ဆရာမများကို ရိုသေလိုက်ရ၊ ကြောက်လိုက်ရတာတွေ။ မိမိရဲ့ အကျင့် စာရိတ္တကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်နေခဲ့ရတာတွေ။
ကျွန်မရဲ့ ပညာရေးဆောင်းပါးများဟာ သည်လိုခေတ်ကို ပြန်လည်ကြည့်မြင်ရင်းနှင့် သင်ခန်းစာယူဖို့ ဖြစ်မလား... ဒါတော့ မသိဘူး။ မပြောတတ်ဘူး။ ကျွန်မဟာ ၁၉၉၇ ခုနှစ် မဟာသိပ္ပံဘွဲ့ရခဲ့ပြီး နောက်မှာ ပညာရေးလောကကြီးကို အပြီးအပိုင်ကျောခိုင်းခဲ့ပြီ။ နောက်ပိုင်းဘာ တွေ ဆက်ဖြစ်ကုန်သလဲ ကျွန်မ စိတ်မဝင်စားတော့ဘူး။ ပိုဆိုးလာသလား။ ပိုကောင်းသွားသလား ဆိုတာလည်း မသိဘူး။ ကျွန်မရေးခဲ့တဲ့ အဲသည်ဆောင်းပါးများဟာလည်း သမိုင်းမှာကျန်ရစ်ခဲ့ပြီလား သို့မဟုတ် ထူးဆန်းတဲ့ ဟာသတွေလို ဖြစ်ခဲ့ပြီလား။ ဒါကို ကယ်တင်နိုင်ခြင်း နည်းကတော့ ဒီသမိုင်းစာမျက်နှာများကို သိမြင်ပြီး ဒီအဖြစ်မှန်များကို လက်ခံသင်ခန်းစာယူခြင်းပဲ ဖြစ်ပါတော့တယ်။
No comments:
Post a Comment