Friday, January 23, 2015

ဂျူနီယာဝင်း – ဗိုလ်ချူပ်အောင်ဆန်းရာပြည့် နှင့် အမှတ်တရ ဒေါ်ခင်ကြည်


 ဂျူနီယာဝင်း – ဗိုလ်ချူပ်အောင်ဆန်းရာပြည့် နှင့် အမှတ်တရ ဒေါ်ခင်ကြည်

 (မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅


ငယ်ငယ်တုန်းကတော့ ဗိုလ်ချူပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်ကြီးဟု သိခဲ့ ကျက်ခဲ့ မှတ်ခဲ့  တေးသီချင်းများအော်ဆိုခဲ့။ ဗိုလ်ချူပ်ပုံပါသော ပိုက်ဆံပြားအကြွေများ ငွေစက္ကူများကို နေ့စဉ်လိုလို တွေ့ခဲ့သုံးခဲ့ဖြုန်းခဲ့စုခဲ့။ တခါတခါ ဗိုလ်ချူပ်ပုံပါတဲ့ ကျပ်တန်လေးကို ခေါက်ပုံခေါက်နည်းနဲ့ ဗိုလ်ချူပ်နဲ့ ဦးထုတ်လေး ပေါ်အောင်လုပ်တတ်ဖို့ သင်ခဲ့ဖူးပါရဲ့။ မှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကလေးများနေ့မှာ မိဘများခေါ်ရာ လိုက်ပါရင်း ကိုယ်တို့တွေအတွက် ကစားကွင်းထဲ အလကားဝင်ခွင့် ရခဲ့ဖူးတာ ပျော်ခဲ့ရတာ မှတ်မိသည်။ အဲဒါဗိုလ်ချူပ်အောင်ဆန်းကြောင့် ရခဲ့ဖူးတဲ့ အခွင့်အရေး။ 

ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီး ဘယ်တော့မှ ပြန်မတွေ့ရတော့မယ့် သူရဲကောင်းကြီး လို့စဉ်းစားလိုက်ရင် မြန်မာပြည်လွတ်လပ်ရေး ရအောင်အသက်ပေးသွားသူ ဗိုလ်ချူပ်၊ ကျွန်မတို့ ယခုလို အေးအေးချမ်းချမ်း အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် အပူပင်ကင်းမဲ့ အစိုးရိမ်ကြောင့်ကျမဲ့ ကြောက်ရွံ့ခြင်းကင်းမဲ့ နေခဲ့ထိုင်ခဲ့ရတာ ဗိုလ်ချူပ်ကြောင့်လို့ သတိတရ ဖြစ်မိခဲ့ရတာပေါ့။ ကျောင်းမှာလဲ ဆရာဆ၇ာမများက နင်တို့တတွေ အခုလို အေးအေးချမ်းချမ်းစာသင်ရတာ ဘယ်သူ့ကြောင့်လဲ၊ ပညာတတ်တွေဖြစ်အောင်လုပ် စသဖြင့် ကြားဖူးနာဖူး မှတ်သားဖူးခဲ့သကိုး။ သည်တော့ ဗိုလ်ချူပ်ကို ကျေးဇူးရှင်အဖြစ် အမြဲလိုလို အမှတ်ရ ကျေးဇူးတင် သည်လိုနဲ့ အချိန်တွေ နဲ့အတူ ကျော်ဖြတ်ခရီးဆက်ခဲ့ရ။

တဖြေးဖြေး ကျွနု်မတို့ အဘိုးအဘွားများစကား နားလည်တဲ့အရွယ်ရောက် လာတော့ အင်း… တယ်ဟုတ်ပါလားပေါ့လေ။ အဘိုးဖြစ်သူ ဘဘကြီး ဦးခင်မောင်လတ်က ဗိုလ်ချူပ် ပီအေ လုပ်ခဲ့ဘူးသတဲ့။ ဗိုလ်ချူပ်နဲ့ စကားပြောဖူး ရင်းနှီးခဲ့ဖူးတယ် ဆိုတဲ့စကားကြားတော့ စိတ်ထဲပီတိဖြစ်ခဲ့ရဖူးတယ်။ တန်ဖိုးထားတဲ့သူတစ်ယောက်က ကိုယ့်အဘိုးနဲ့ ရင်းနှီးတယ်ဆိုတာ ဂုဏ်ယူစရာပေါ့။ သို့သော်လည်း အဘိုးဖြစ်သူက ပြောပြတဲ့ ဗိုလ်ချူပ်အကြောင်းများ ပြန်ပြောဖို့ ခပ်ခက်ခက်ပဲ။ ဘဘကြီးကလည်း လူကြီးသူမဆို အင်မတန်ရိုသေ ကိုင်းရှိုင်းသူဖြစ်လေတော့ အစည်းအဝေးကိစ္စများ နဲ့ကြုံရတိုင်း ဗိုလ်ချူပ်နဲ့ မကြာခန ဆိုသလို စကားများ ရန်ဖြစ် အော်ဟစ်ဆဲဆို၊ သဘောထားခြင်းမတိုက်ဆိုင်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြ ဒီအသံတွေကို အောက်ထပ်မှာ ဆော့ကစားနေကြတဲ့ ကျွန်မဖေဖေနဲ့ ဒေါ်အောင်ဆန်စုကြည်တို့က ကလေးတွေပီပီ ကြားခဲ့ဖူး ကြသပေါ့။ သိပ်မကြာပါဖူး အခန်းထဲက ဗိုလ်ချူပ်နဲ့ ကျွန်မအဘိုးတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် လည်ပင်းဖက်ပြီး ရယ်မော ထွက်လာကြတာတွေ့တော့ အံ့သြစရာပေါ့။ ခုနက အော်ဟစ်ရန်ဖြစ်နေကြတာ သူတို့မဟုတ်တဲ့အတိုင်း။ ဒါမျိုး တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်၊ ဒီလို နဲ့ တခါတော့ ဘဘကြီးက ဗိုလ်ချူပ်နဲ့ စိတ်ဆိုးရန်ဖြစ်ပြီး ပီအေအဖြစ်က ထွက်မယ်ဘာမယ်ဖြစ် ထွက်သွား၊ တရက်နှစ်ရက်နေတော့ ဗိုလ်ချူပ်က မေမေကြီးကို “ကိုခင်မောင်လတ် စိတ်ဆိုးမပြေသေးဘူးလား။ ဘယ်တော့ပြန်လာမလဲ“ မေးတယ်။ အဲဒီ စကားသံလေးကို ကျွန်မစိတ်ထဲ ဗိုလ်ချူပ်ပြောတဲ့လေသံ နဲ့နားထောင်မိတယ်။ လွမ်းစရာ ကောင်းပါတယ်။ အဲဒါ ဘဘကြီးဆီကနဲ့ ကျွန်မဖေဖေ့ဆီ ကကြားကြားနေခဲ့ရတဲ့ အကြောင်းတွေပါ။

မေမေကြီးဒေါ်ခင်မျိုးချစ်ဆီကတော့ သိပ်ကြားလေ့ကြားထမရှိလှပါဘူး။ မေမေကြီးက ဗိုလ်ချူပ်ကတော် ဒေါ်ခင်ကြည်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းပါ။ ဒါကိုကျွန်မက ဘာကြောင့်သိခဲ့သလဲဆိုတော့ ဒေါ်ခင်ကြည်က မေမေကြီးနဲ့ ဖုန်းဆက်ပြီး ချိမ်းဆိုကြရင် ကျွန်မက ဒိုင်ခံ မေမေကြီးနဲ့ဒေါ်ခင်ကြည့်ဆီ အဖော်လိုက်လိုက်ပေးခဲ့ရဖူးတယ်။  အဲဒီသွားရင် ဗမာဆန်ဆန်ဝတ်ရစားရတယ်။ ထမီဝတ်ရတယ်။ ကျွန်မက အဲဒါတွေ မ၀တ်ချင်ဘူး။ အဘွားကြီး၂ယောက် စကားပြောကြတာ ထိုင်စောင့်ရတာ ပျင်းစရာ။ 

ပိုဆိုးတာက ဒေါ်ခင်ကြည်က ကျွန်မကို တွေ့တိုင်း အမြဲမေးတဲ့ မေးခွန်းတွေ – “ဘယ်နှစ်တန်းရောက်ပီလဲ“ “အတန်းထဲမှာ အဆင့် ဘယ်လောက်ရသလဲ“ “သချာင်္ဘယ်နှစ်မှတ်ရလဲ“ – သည်လောက်ဆို ကျွန်မအကြောင်းသိတဲ့ စာဖတ်သူများ ကျွန်မဘယ်လောက်စိတ်ဆင်းရဲရသလဲ သဘောပေါက်လိမ့်မယ်။ သချာင်္လဲကျ အတန်းထဲမှာ အဆင့်ကလည်း ဟိုးနောက်ဆုံးနားမှာ … 

သူ့မေးခွန်းတွေ ဖြေပြီးသွားရင်၊ ကျွေးတဲ့မုန့်စား ကော်ဖီသောက်ပြီးတော့ ကျွန်မကို လွတ်လွတ်လပ်လပ် ဆော့ခိုင်းတယ်၊ အိမ်ထဲ သွားချင်တဲ့နေရာသွားပေါ့။ မေမေကြီးက အိမ်ထဲပစ္စည်းတွေ ဟိုဟာမကိုင်နဲ့သည်ဟာမကိုင်နဲ့ အမြဲတန်း သတိပေးတယ်။ ကျွန်မက ခြံထဲဆင်းဖို့လုပ်ရင် ဒေါ်ခင်ကြည်က ရေနားမသွားနဲ့ လို့တချိန်လုံး ပြောတတ်တယ်။ စိတ်မချပဲခနခန ထွက်ကြည့်တယ်။ 

ကျွန်မမေမေရဲ့ အမေ ကျွှန်မတို့ရဲ့ အဘွား ဒေါ်ချစ်တင် ကွယ်လွန်စဉ်တုန်းက ဒေါ်ခင်ကြည်က မေမေ့ကို နှစ်သိမ့် ပေးတဲ့အနေနဲ့  အာဖရီကန်ရို့စ် အပင် လက်ဆောင်ပေး ခဲ့ဖူးတယ်။ သူဂျာမဏီသွားတုန်းက ပါလာတာလို့ ဆိုပါတယ်။ အိမ်မှာ ရှိနေဆဲ သည်အပင်တွေက သူ့ရဲ့ အမှတ်တရတွေ ပေါ့။ ၁၉၈၈ လောက်မှာ ဒေါ်ခင်ကြည် နေမကောင်းဖြစ်တယ် ကြားပြီးနောက်တော့ ဆုံးတော့မှပဲ ရောက်ခဲ့တော့တယ်။ ၀၀ဖြိုးဖြိုး နဲ့ခန့်ခန့်ထည်ထည် တွေ့ခဲ့ဖူးတဲ့ သူကို နောက်ဆုံးတွေ့ခဲ့ရတုန်းက မေမေကြီးလဲ စိတ်ထိခိုက်ခဲ့ရသလို ကျွန်မလဲ မျက်ရည်ဝဲခဲ့ရပါတယ်။ 

နောက်ပိုင်းတော့ မေမေကြီးရေးခဲ့တဲ့ Quest For Peace ထဲက မေမေကြီးတို့ လျောက်ခဲ့တဲ့ စစ်တွင်းကာလ အဖြစ်တွေ နိုင်ငံရေးသမားတွေနဲ့ ရင်းနှီးပတ်သက်ခဲ့ဖူးတဲ့ အကြောင်းတွေ ဘာသာပြန်တော့ ဗိုလ်ချူပ်အောင်ဆန်း အကြောင်းလေးတွေ ဟိုတစ သည်တစ သိလာရပြန်တယ်။ စစ်အတွင်းကာလ၊ စစ်ပြီးကာလ စစ်ဗျူဟာ စစ်နည်းပရိယယ်တွေ များလှတယ်။ ဟိုးရှေးရှေးက နိုင်ငံရေးလှည့်ကွက်တွေ စစ်ဗျူဟာတွေဟာ သူ့နည်းသူ့ဟန်နဲ့ လက်ဆင့်ကမ်း နေကြတယ်လို့ မြင်မိတယ်။ 

မေမေကြီး ဒေါ်ခင်မျိုးချစ် ပြောခဲ့သလိုဆိုရရင် “ အသက်ငယ်ငယ် သွေးပူသွေးဆူတဲ့အရွယ်မှာ (မေမေကြီးက သူ့ကိုယ်သူ ပြောတာပါ။) သူ တိုင်းပြည်အတွက်လို့ ကြွေးကျော်ပြီး လုပ်ခဲ့သမျှအတွက် နောင်တစကားပဲ ဆိုချင်ပါတယ် …”  လို့ဆိုသလို။ မေမေကြီးတို့နဲ့ ဗိုလ်ချူပ် အခုတော့ မိုးကောင်းကင်မှာ ပြန်တွေ့ကြရင် မေမေကြီး သည်စကား ဗိုလ်ချူပ်ကို ပြောဖို့မေ့နေဦးမယ်။
 ဗိုလ်ချူပ်ပုံနဲ့ ကျပ်တန်ခေါက်နည်းလေးလည်း အချိန်ဇာတ်ဆရာအလိုကျ မေ့သွားခဲ့ပြီမို့ … ဗိုလ်ချူပ်နှစ်တစ်ရာပြည့်မှာ အလွမ်းစကားမဆိုနိုင်၊ လွမ်းတေးသီမဖွဲ့နိုင်ပဲ နာကျင်တဲ့နှလုံးသားနဲ့ ဗိုလ်ချူပ်ရာပြည့် အချိန်မှီ စာတစ်ပုဒ်ခပ်သွက်သွက် ကောက်ရေးလိုက်မိတာကို ခွင့်လွှတ်ပေးပါလို့ပဲ စကားပါးပါရစေတော့။


No comments: