Thursday, September 14, 2017

သိပ္ပံပညာကမ္ဘာ နေစကြဝဠာပုံစံကို ဖော်ထုတ်ခဲ့သူ ၈ျူနီယာ၀င်း



သိပ္ပံပညာကမ္ဘာ

နေစကြဝဠာပုံစံကို ဖော်ထုတ်ခဲ့သူ

၈ျူနီယာ၀င်း


(အောင်ဆုလူငယ်ဂျာနယ်



၂ဝဝ၆၊ နိုဝင်ဘာလ၊ ၁ ရက်)




မနက်အိပ်ယာက နိုးလာတဲ့အခါ နေသည် အရှေ့ဘက်မှ ထွက်လာသကဲ့သို့ ရှိသည်။ ညနေစောင်းသို့ရောက်သောအခါ နေသည် အနောက်ဘက်သို့ ဝင်ရောက်သွားသကဲ့သို့ရှိသည်။ နေကတကယ်ပဲ ရွေ့လျားနေသတဲ့လား။ အဲဒီလိုပဲ အဝင်အထွက်လုပ်နေတယ်တဲ့လား။ Copernicus(ကိုပါးနီးကပ်)ဟု အမည်တွင်သော ပိုလန်နက္ခတဗေဒ ပညာရှင်လက်ထက်ကျမှသာလျှင် သက်သေပြချက်တွေနှင့် အမှန်တရား ပေါ်ထွက်လာရသည်။ လူတော်တော်များများက နေသည်ကမ္ဘာကို ပတ်နေသည်ဟု ယုံကြည်နေခဲ့ကြသည်။

လူတွေက အခုလို တွေးနေခဲ့ကြသည်။

''မြင်တာဟာ ယုံကြည်ဖို့ပါပဲ''

''နေကတကယ်ပဲ ရွေ့နေတယ်''

''နေဘယ်အချိန် ထွက်လာမလဲ''

''လှလိုက်တဲ့ နေဝင်ဆည်းဆာ''

''ကမ္ဘာကြီးကစကြဝဠာရဲ့ အလယ်ဗဟိုမှာ ရှိတယ်'' ပြောနေကြပုံများအရ နေတကယ့်ကို ရွေ့လျားနေသယောင်ဖြစ်သည်။ အမှန် တကယ်တော့ ရွေ့နေတာက နေမဟုတ်ဘဲ ကမ္ဘာကြီးဖြစ်လို့နေသည်။ ရာစုပေါင်းများစွာ နက္ခတဗေဒပညာရှင်တွေသည် ကမ္ဘာကြီးက မလှုပ် မရှားရှိနေပြီး စကြဝဠာကြီးက ကမ္ဘာပေါ်မှာ ရှိနေသည်ဟု ယုံကြည်နေခဲ့ကြသည်။

A.D၁၅ဝ က Ptolemy (တိုလမီ) ဟု ခေါ်တွင်သော အီဂျစ်နက္ခတဗေဒ ပညာရှင်တစ်ဦးက ကမ္ဘာကြီးသည် စကြဝဠာ၏အလယ် ဗဟိုမှာရှိသည်ဟု ယူဆခဲ့ပြီး ဂြိုဟ်တွေ၏အကြောင်းကို သေသေချာချာ မလေ့လာမစူးစမ်းဘဲ ထိုအဆိုကိုချပြခဲ့သည်။ ဂြိုဟ်ဟူသော အသုံး သည် ဂရိဘာသာစကားအရ 'လှည့်လည်သွားလာသူ'ဟု အဓိပ္ပာယ်ရသည်။

Nicholas Copernicus (၁၄၇၃-၁၅၄၃) ကို ၁၄၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပိုလန်နိုင်ငံ Torun မြို့ကလေးမှာ မွေးဖွားခဲ့သည်။ သူ့မှာ အစ်ကိုနှစ်ယောက်၊ အစ်မ နှစ်ယောက်ရှိသည်။ သူ့မိဘတွေက မြို့က အထင်ကရမြို့ခံ လူကြီးများဖြစ်ကြသည်။ Torun ဟူသော မြို့ကလေးသည် စီးပွားဖွံ့ဖြိုးသော အဓိကရမြို့ကလေးဖြစ်ပြီး ကိုပါးနီးကပ်၏ ဖခင်က ချမ်းသာသော ကုန်သည်တစ်ဦး မဟုတ်သော်ငြားလည်း တရားရေးဆိုင်ရာ၊ လူမှုရေးအဖွဲ့အစည်းဆိုင်ရာခေါင်းဆောင် တစ်ဦးဖြစ်သည်။ ကိုပါးနီးကပ် အသက် ၁ဝ နှစ်မှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီးနောက် ကိုပါးနီးကပ်အပါအဝင် သူတို့မောင်နှမတစ်စုကို သူတို့ဦးလေး ဘုန်းတော်ကြီး Lucas Waczenrode က မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ပညာတတ်လည်းဟုတ်၊ ဘုန်းတော်ကြီးလည်းဟုတ်သည့် ဦးလေး Lucas ၏ သြဇာသက်ရောက်မှုကြောင့်ပင် ကိုပါးနီးကပ်သည် ဘုရားရှိခိုးကျောင်းမှာပင် နောက်လိုက်နောက်ပါတစ်ဦးအဖြစ် နေထိုင်ဖို့ဆုံးဖြတ်ခဲ့သည်။ သူ့အလိုရှိသော ပညာရေးကို အောင်မြင်စွာ လိုက်စားနိုင်ခဲ့သည်။

သူ့အသက် ၁၈ နှစ်မှာ ပိုလန်ရှိ Cracow တက္ကသိုလ်သို့ ဝင်ရောက်ခဲ့သည်။ ထိုစဉ်က Cracowသည် ပိုလန်၏ မြို့တော်ဖြစ်သည်။ စီးပွားရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးသည့်အတွက် ဥရောပ၌ နာမည်ကျော်မြို့ တစ်မြို့ဖြစ်ခဲ့သည်။ Cracow တက္ကသိုလ်သည် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ ဆွစ်ဇာလန်နှင့် ဆွီဒင်တို့မှ ကျောင်းသားများကို တော်တော်ဆွဲဆောင်နိုင်သော တက္ကသိုလ်ဖြစ်သည်။ ကျောင်းသားများသည် လက်တင်ဘာသာကို မသင်မနေရသင်ကြားရသည်။ စာအုပ်များကား လက်တင်ဘာသာနှင့် ရိုက်နှိပ်ထားတာပဲဖြစ်သည်။ ပညာတတ်ပုဂ္ဂိုလ်များ အားလုံးမှာ လက်တင်ဘာသာ ကျွမ်းကျင်ဖို့ လိုအပ်လှသည်။ ကျောင်းသားကလေး ကိုပါးနီးကပ်သည် ဒဿနိက၊ နက္ခတ်ဗေဒ၊ ဂျီသြမေကြီနှင့် ပထဝီတို့ ပါဝင်သော သင်တန်းများကို တက်ခဲ့သည်။ ၁၅ဝ၃ မှာ ဥပဒေပါရဂူဘွဲ့ရပြီး ဆေးပညာလိုက်စားခဲ့ရာ ဆေးသိပ္ပံဘွဲ့ရခဲ့သည်။

ထိုခေတ်က နက္ခတဗေဒသည် တော်တော်ခေတ်မီ၍ စိတ်ဝင်စားကြသော ဘာသာဖြစ်သည်။ ထိုအချိန်တုန်းကဆိုရင် ပင်လယ် ရေကြောင်း စီးပွားရေးက မြန်မြန်ဆန်ဆန် တိုးတက်လျက်ရှိသည်။ သင်္ဘောတွေက ပိုကြီးလာသည်။ ကျယ်ဝန်းလာသည်။ ခရီးဝေးသထက် ဝေးသွားနိုင်လာကြသည်။ ကိုပါးနီးကပ်အသက် ၁၉ နှစ်မှာ ကိုလန်ဘတ်က ပင်လယ်သမုဒ္ဒရာကို ဖြတ်ပြီး အမေရိကကို တွေ့ရှိခဲ့သည်။ အဲဒီ တုန်းက ရေကြောင်းသွားလာမှုသည် နက္ခတဗေဒမြေပုံများဖြင့် တွက်ချက်လျက်ရှိကြသည်။ သူတို့မှာ တိကျသော ပြက္ခဒိန်ဆိုတာမရှိသေးပါ။

ကိုပါးနီးကပ်၏ ပညာရေးက ပြောင်းလဲမှုတွေဖြစ်လာသည်။ သူက Cracow တက္ကသိုလ်မှာ အီတလီရှိ Bolognaမြို့က ဥပဒေ ကျောင်းကို ရောက်သွားသည်။ Bologna မှာ သူ၏ ပညာရေးကို Padua တက္ကသိုလ်မှာ ဆက်တက်ခဲ့သည်။ ၁၅ဝ၃ ခုနှစ်မှာ Ferraraတက္ကသိုလ်မှ ဥပဒေဒေါက်တာဘွဲ့ကို ရခဲ့သည်။ ထိုခေတ်အခါက ကျောင်းသားများသည် တက္ကသိုလ်တွေကို တစ်ခုမှတစ်ခုသို့ ကူးသန်းကာ တက်ရောက်လျက်ရှိကြသည်။ ကိုပါးနီးကပ်သည် အီတလီက ရောမတက္ကသိုလ်တွင် နက္ခတ်ဗေဒဆရာဖြစ်လာပြီး သူ့အရင်နှစ် ၁၃၅ဝ လောက်က တိုလမီ၏ သီအိုရီအဟောင်းများကို သင်ကြားခဲ့ရလေသည်။

'စကြဝဠာကြီးတစ်ခုလုံးက ကမ္ဘာကို ပတ်နေတယ်'ဟု ကျောင်းသားများကို သင်ကြားရသည့်အခါ သူ့စိတ်ထဲမှာ ထိုအချက်ကို ဆန့်ကျင်လျက်ရှိ၏။ အဓိပ္ပာယ်မရှိဟုလည်း ခံစားနေမိသည်။ အဲဒီလိုပဲ တိုလမီ၏ သီအိုရိများမှာ မဖြေရှင်းနိုင်ဘဲ ဖြစ်နေခဲ့ရလေသည်။ ဘာဖြစ်လို့ ကြယ်တွေဟာ နေနှင့်လကို မတူညီသောအလျင်ဖြင့် ရွေ့လျားနေရသလဲ။ ဘာဖြစ်လို့ ကြယ်တွေကို ကြည့်ရတာဟာ စကြဝဠာထဲမှာ လှည့်လည်သွားလာနေသည်ဟု ထင်နေရပါသလဲ။ တိုလမီ၏ သီအိုရီတွေသည် မှားယွင်းနေပြီလား။ အကယ်၍ မှားနေတာတွေရှိနေရင်တော့ ကိုပါးနီးကပ်အနေနှင့် ဆက်သင်ဖို့ မဖြစ်နိုင်တော့ပါ။

သူအဲဒီဘာသာရပ်ကို လေ့လာကြည့်လိုက်တော့ သူ့ရှေ့က ပညာရှင်အနည်းငယ်လောက်ကလည်း တိုလမီ၏ သီအိုရီတွေကို မယုံကြည် ကြကြောင်း တွေ့ရှိခဲ့သည်။ သို့သော် အဲဒီအတွက် သက်သေပြချက်ဘာမျှမရှိ။ ဒီတော့ တိုလမီ၏ အဆိုတွေကို ဘုရားရှိခိုးကျောင်းများ၏ သဘောဖြင့် လက်ခံခဲ့ကြရသည်။ သို့သော်လည်း ကိုပါးနီးကပ်ကဲ့သို့ ဒွိဟဖြစ်နေရသော အချက်များကို သက်သေမရှိဘဲ ဘာကြောင့် လက်ခံရ မည်လဲ။ ဒီတော့ ကိုပါးနီးကပ်သည် စာသင်ခြင်းမှ ရပ်နားခဲ့ပြီး နက္ခတဗေဒဘာသာ၏ သိပ္ပံပညာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖို့ ဆုံးဖြတ်ခဲ့ သည်။ နောက်တော့ ဘုရားရှိခိုးကျောင်းမှာ ဘုန်းတော်ကြီးဖြစ်လာပြီး အချိန်တော်တော်များများသည် သူ့အတွက်လေ့လာဖို့ ဖြစ်လာရသည်။ ဒီတော့ သူ့မှာ ပို၍ ပို၍ အလုပ်များနေတော့သည်။ သူ့ဦးလေးဖြစ်သူ ကွယ်လွန်ပြီးနောက်မှာတော့ ကိုပါးနီးကပ်သည် ဘုရားရှိခိုးကျောင်းက ဦးလေး၏ နေရာမှာ စတင်လုပ်ကိုင်ခဲ့ရလေသည်။ သူ့ဦးလေးရှိစဉ်က ကိုပါးနီးကပ်ကိုယ်ပိုင် စမ်းသပ်ခန်းနေရာအဖြစ် Frauerberg ဘုရား ရှိခိုးကျောင်းအမိုးမှာ မျှော်စင်တစ်ခုဆောက်ပေးထားသည်။ ထိုနေရာက အခုတော့ ကိုပါးနီးကပ်အတွက် 'ကိုပါးနီးကပ်မျှော်စင်' ဖြစ်လေတော့ သည်။

ကိုပါးနီးကပ်သည် ပိုလန်မှ Frauerberg က တောင်သေးသေးလေးပေါ်က တောရွာရှိဘုရားရှိခိုးကျောင်းမှာ ဘုန်းတော်ကြီးအဖြစ် တရားကိစ္စများကို လုပ်ဆောင်လျက်ရှိပြီး ဆရာဝန်အဖြစ်နှင့်လည်း ရောဂါဝေဒနာရှင်များကို ကုသပေးလျက်ရှိသည်။ ထို့ပြင် တောင်အောက် နှစ်မိုင်အကွာမှရေကို ရွာကလေးဆီးသို့ရောက်အောင် ဆည်နှင့်ရေသယ်ယူစနစ်များကို တီထွင်တည်ဆောက်ပေးခဲ့သည်။ ပြီးတော့ ဘုရားရှိခိုး ကျောင်းအတွက် မြင့်မြတ်သော နေ့များကို တိကျလောက်သည့် ပြက္ခဒိန်ကို ရေးဆွဲခဲ့လေသည်။

လူတွေတော်တော်များများအတွက် အဲဒီလို လုပ်ဆောင်မှုတွေက တစ်နေကုန်တစ်နေခမ်း ကုန်ပေတော့သည်။ သို့သော်လည်း အံ့သြစရာ က ကိုပါးနီးကပ်အတွက်တော့ သူ၏ စိတ်ကြိုက်ဘာသာဖြစ်သော နက္ခတဗေဒအတွက် အချိန်ရအောင်ယူနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ အဝေးကြည့် မှန်ပြောင်းဆိုတာ သူကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာမှ ပေါ်လာတာဖြစ်သည်။ ကိုပါးနီးကပ်ကတော့ သူ့မျက်စိကိုသာ အားထားပြီး စကြဝဠာထဲက အရာဝတ္ထုတွေကို လေ့လာခဲ့လေသည်။ သူက ဘုရားရှိခိုးကျောင်းခေါင်မိုး၏ မျှော်စင်ထိပ်ကနေပြီး ကောင်းကင်ယံကိုလေ့လာ ပါသည်။ သူက ကောင်းကင်ယံထဲက ကြယ်တွေ၏ နေရာဌာနများ နောက်ကို လိုက်လျက်ရှိသည်။ ပြီးတော့သူတို့ ဘယ်လောက် မြန်မြန် ရွေ့လျားနေသလဲဆိုတာ စာရင်းဇယား ချတွက်ချက်လေသည်။

ကိုပါးနီးကပ်သည် သူတွေ့ရှိသမျှတွေကို တိကျစွာမှတ်တမ်းတင်ထားသည်။ ပြီးတော့ သင်္ချာဖော်မြူလာများဖြင့် သူမြင်သမျှတွေကို ဖြေရှင်းထားသည်။ နည်းနည်း ... နည်းနည်းနှင့် စုဆောင်းလာသမျှသော အချက်အလက်တွေသည် ယနေ့ ကျွနု်ပ်တို့မှန်သည်ဟု လက်ခံထားကြ ရသည့် ကိုပါးနီးကပ်၏ နက္ခတဗေဒသီအိုရီများ ဖြစ်လာပေတော့သည်။ ကိုပါးနီးကပ်သည် ထိုအချက်အလက်များ၊ လေ့လာမှုများ ပြည့်စုံစေဖို့ နှစ်လေးဆယ်ခန့် ရင်းနှီးခဲ့ရသည်။ သူလေ့လာမှု ပြီးပြတ်ချိန်မှာတော့ တိုလမီ၏ သီအိုရီများမှားနေပြီဆိုသည်ကို သက်သေပြနိုင်ပြီဖြစ်သည်။

နေသည် စကြဝဠာ၏ အလယ်မှာ ရှိသည်။ ကမ္ဘာသည်နေကို ပတ်နေသော ဂြိုဟ်တစ်ခုဖြစ်သည်။ ကမ္ဘာကဲ့သို့ တခြားဂြိုဟ်တွေရှိသည်။ သူတို့ကလည်း နေကို ပတ်နေကြသည်။ ကိုပါးနီးကပ်က ဂြိုဟ်ငါးလုံးတွေ့ရှိခဲ့သည်။ မာကူျရီ၊ ဗီးနပ်၊ မား(စ်)၊ ဂျူပီတာနှင့် ဆေတန်တို့ဖြစ်ပြီး ယူရေးနပ်၊ နက်ပကူျးနှင့် ပလူတိုတို့ကို နောက်မှာသာ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ထိုဂြိုဟ်ကြီးကိုးလုံးကို 'ကျွနု်ပ်တို့၏ နေစကြဝဠာ' (Solar System) ဟုခေါ်သည်။ (ယခုပလူတိုကို အပြည်ပြည်ဆိုင်ရာနက္ခတပညာရှင်များ၏ အစည်းအဝေးက ဂြိုဟ်အဆင့်မှ လျော့လိုက်သဖြင့် ရှစ်လုံးသာ ကျန်ပါတော့သည်။) ဆိုလာ (Solar) ဟူသည်မှာ လက်တင်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်မှာ 'နေ'ဖြစ်သည်။ ထို့ကြောင့် Solar System သည် နေစကြဝဠာကို ဆိုလိုပါသည်။

ထို့အပြင် အရေးကြီးလှသော ကိုပါးနီးကပ်၏ သီအိုရီရှိသေးသည်။ ကမ္ဘာသည် နေကို တစ်ကြိမ်အပြည့်ပတ်ဖို့ တစ်နှစ်ကြာသည်။ ထိုအချိန်မှာပင်လျှင် သူက သူ၏ကိုယ်ပိုင်ဝင်ရိုးပေါ်မှာပင် လည်ပတ်လျက်ရှိနေ၏။ ထိုမျဉ်းသည် ကမ္ဘာ၏ အလယ်ကို ဖြတ်သွားသော စိတ်ကူးဖြင့် ပုံဖော်သောမျဉ်းဖြစ်သည်။ ဒီတော့ ကမ္ဘာပေါ်က ကျွနု်ပ်တို့ရှိနေသော အပိုင်းက နေဘက်သို့ရောက်သွားသောအခါ ''နေ့''ဖြစ်၏။ အခြား တစ်ဖက်သို့ရောက်သွားသောအခါ ''ည''ဖြစ်၏။ ထိုသို့လည်ပတ်ဖို့ ၂၄ နာရီကြာသည်။ (တစ်နေ့နှင့်တစ်ည) ဤသို့ဆိုလျှင် လ၏ အခန်းကဏ္ဍကဘာလဲ။ ဒီနေရာမှာတော့ ကိုပါးနီးကပ်က တိုလမီနှင့်သဘော တူသည်။ တိုလမီက 'ကမ္ဘာသည် နေကို ပိတ်နေသည့်အချိန်တွင် လသည် ကမ္ဘာကို ပတ်နေသည်' ဟုဆိုခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို လက်ခံသည်။

ကိုပါးနီးကပ်က ရှေးအယူအဆများ၏ အမှားပြင်ဆင်ထားသော အဆိုများကို လက်ခံဖို့ ရာစုပေါင်းများစွာကြာခဲ့ ရသည်။ ယင်းသည် ကျွနု်ပ်တို့၏ ခေတ်မီသော သိပ္ပံပညာ နက္ခတဗေဒအတွက် အဆင့်တစ်ဆင့်တိုးတက်ကာ သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

ကိုးပါးနီးကပ်သည် သူ၏တွေ့ရှိချက်များကို စာအုပ်တစ်အုပ်ရေးသားပြုစုခဲ့သည်။ သို့ရာတွင် ထိုစာအုပ်ကို နှစ်ပေါင်းများစွာသူ၏ စားပွဲထဲမှာ သိမ်းဆည်းထားခဲ့ရသည်။ ဒီတွေရှိချက်အသစ်သည် လူများရယ်စရာဖြစ်နေမည်ကို သူသိ၏။ ပြီးတော့ သူ့ကို အရူးလို့ ပြောတာ ခံရဦးမည်။ ဘုရားရှိခိုးကျောင်းကလည်း တိုလမီ၏ အဆိုကို မှန်သည်ဟု တရားဝင် ထောက်ခံထား၏။ သူက ဘုန်းတော်ကြီးတစ်ဦး အနေဖြင့် လည်း ယင်းအချက်ကို သဘောမတူပါ။

၁၅၄၃ ခုနှစ် သူ့အသက်အရွယ်ကြီးရင့်ပြီး မကွယ်လွန်မီ အချိန်လေးတွင်မှာ သူ့စာအုပ်ကို ထုတ်ဖို့ဆုံးဖြတ်ခဲ့သည်။ သူ၏စာအုပ် ထုတ် ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ၏စာအုပ် အမည်ကို “Revolution of the Heavenly Orbits” စကြဝဠာဆိုင်ရာ ဂြိုဟ်နက္ခတ်သွားရာလမ်းများ၏ လည်ပတ်ခြင်းဟု ခေါ်သည်။ ပုံနှိပ်ထားသော ထိုစာအုပ်ကော်ပီလေး သူ့အိပ်ရာနံဘေးမှာ ရောက်ရှိလာပြီး မကြာမီမှာပင် ကွယ်လွန်ခဲ့ရှာသည်။ အသက် (ရဝ) အရွယ်၊ လေဖြတ်ထားသောဝေဒနာ၊ မျက်စိလည်းမကောင်းတော့သောကြောင့် သူ့ဘဝအချိန်များစွာ အကုန်ခံပြီး ပြုစုထားသည့် ထိုစာအုပ်ကလေးကို သူမြင်တွေ့သွားသလား ဆိုတာကတော့ စဉ်းစားစရာဖြစ်တော့သည်။

ကိုပါးနီးကပ်သည် ကမ္ဘာကြီးအတွက် တာဝန်ကြီးတစ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်ဆိုတာကို သူမသိသွားရရှာပေ။ ပြောရရင်တော့လည်း... နောက်နှစ် ၁၅ဝ ကြာမှသာလျှင် သူ၏ အယူအဆများကို လုံးဝ ဥဿုံယုံကြည်လက်ခံခဲ့ကြသည်ဟု ဆိုရပေမည်။ ယနေ့ သူကွယ်လွန်ပြီး ရာစုလေးရာစုမကသော အချိန်အခါမှာ သူ၏ အမည်သည် သိပ္ပံပညာကမ္ဘာထဲက စစ်မှန်သော သိပ္ပံပညာရှင်ကြီးတစ်ဦး အဖြစ် အသိအမှတ်ပြု နေကြပြီဖြစ်တော့သည်။ ကိုပါးနီးကပ်သည် သူ၏ကိုယ်ပိုင်အယူအဆများကို လှပသေသပ်စွာ ချပြခဲ့သူတစ်ဦးဖြစ်တော့ သည်။ ကိုပါးနီးကပ်က သူကြုံခဲ့ရသော ကိုယ်တွေ့ဖြစ်ရပ်များနှင့် ပတ်သက်၍ နောက်ဆုံးမှာ သူချခဲ့သော မှတ်ချက်တစ်ခုကို တင်ပြရင်း သူ့ အကြောင်းကို နိဂုံးခုျပ်လိုက်ရပါသည်။

''ကျွန်တော်ဟာ တခြားသူတွေ စဉ်းစားသလို မစဉ်းစားမိတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆတွေနှင့် ပတ်သက်လို့ သိပ်ပြီးတော့ လည်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ပါတယ်လို့ မြင်မထားပါဘူး။ ပြီးတော့ ဒဿနိကပညာရှင်ရဲ့ အယူအဆတွေဟာ သာမန်လူတွေရဲ့ အဆုံး အဖြတ်မှာ မရှိပါဘူးဆိုတာကို ကျွန်တော်ကောင်းကောင်း သိထားပါတယ်။ အကြောင်းကတော့ အရာအားလုံးရဲ့ အမှန်တရားကို ရှာဖွေခြင်းဟာ ဒဿနိကပညာရှင်ရဲ့ အလုပ်ဖြစ်လို့ပါပဲ။ ယင်းသည်ပင်သူ၏ အာသီဿ၊ သူ၏ ဘဝပါပဲ''

(အောင်ဆုလူငယ်ဂျာနယ်



၂ဝဝ၆၊ နိုဝင်ဘာလ၊ ၁ ရက်)

No comments: