သိပ္ပံပညာကမ္ဘာ
လျှပ်စစ်ခေတ်ကို လမ်းပြခဲ့သူ
(အောင်ဆုလူငယ်ဂျာနယ်၂ဝဝ၆၊ အောက်တိုဘာလ၊ ၁၅ ရက်)
သင်တို့ ဒီကနေ့လျှပ်စစ်ဓာတ်အား ဘယ်နှစ်ကြိမ်သုံးခဲ့ပြီလဲ။ သုံးခဲ့သည့် လျှပ်စစ်ဓာတ်နည်းလမ်းတွေကို ဥပမာပြရရင်တော့... မီးထွန်း ခြင်း၊ ရေဒီယို၊ မီးဖို၊ ပေါင်မုန့်ကင်စက်၊ ရေခဲသေတ္တာ၊ တယ်လီဗေးရှင်းနှင့် အဝတ်လျှော်စက်။ ဒီတော့ အဲဒီလိုအသုံးပြုတဲ့အခါတိုင်း၊ အခါ တိုင်းမှာ အင်္ဂလိပ်သိပ္ပံပညာရှင် Michael Faraday (မိုက်ကယ် ဖာရာဒေး)၏ ကျေးဇူးတရားကို အောက်မေ့သတိရပါ။ သူကတော့ လျှပ်စစ် ဓာတ်ခေတ်ကိုလမ်းညွှန်ခဲ့သူပါပဲ။
ဖာရာဒေးက ပထမဦးဆုံးလျှပ်စစ်ဓာတ်ကို တွေ့ရှိခဲ့သူတော့ မဟုတ်ပါ။ ဂရိခေတ်မှာဆိုရင် ''ပယင်း'' အစတစ်စနှင့် ပွတ်ခြင်းဖြင့် မီးစတွေ့ရခဲ့တာတွေရှိခဲ့ပါသည်။ ''ပယင်း''ဟူသည်မှာ ထင်းရှူးပင်များမှ ရရှိလာသော မာကြောသည့် ဝါညိုရောင်ထင်းရှူးစေးဖြစ်ပါသည်။ ဂရိတွေက အဲဒီပယင်းကို ''အီလက်ထရွန်''ဟု ခေါ်သည်။ ယနေ့ကျွနု်ပ်တို့ခေါ်နေသော ‘Electricity’ 'လျှပ်စစ်'ဖြစ်ပါသည်။
၁၇၅၂ ခုနှစ်မှာ Benjamin Franklin က သူ၏ စွန်လွှတ်သည့် စမ်းသပ်မှုကနေ လျှပ်စစ်သည် လျှပ်စစ်ဓာတ်ကိုပေးပါသည်ဟူသော အချက်ကို တွေ့ရှိခဲ့သည်ဟူသတဲ့။ ၁၈ဝဝ ခုနှစ်မှာ Volta (ဗိုလ့်တာ) အမည်တွင်သော အီတလီသိပ္ပံပညာရှင် တစ်ဦးက ပထမဦးဆုံးသော လျှပ်စစ်ဓာတ်သုံးဘက်ထရီကို တီထွင်ခဲ့ပါသည်။ ယင်းသည် အဆက်မပြတ်စီးဆင်းစေသည့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ပါသည်။
သို့သော်လည်း လျှပ်စစ်ဓာတ်ကို အလုပ်လုပ်စေသော အရာအဖြစ်ပြောင်းလဲ အသုံးချပေးသူကတော့ Michael Faraday ဖြစ်ပါသည်။ သူက ကမ္ဘာကြီးကို လျှပ်စစ်ဓာတ်ဖြင့် မော်တာကိုဘယ်လိုမောင်းမလဲဆိုတာနှင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်သော မော်တာဘယ်လိုလုပ်တယ် ဆိုတာတွေကို ပြသခဲ့ပါသည်။ သူ၏ စမ်းသပ်ချက်များသည် လျှပ်စစ်ခေတ်၏ အစများဖြစ်နေတော့သည်။
ဖာရာဒေးကို ၁၇၉၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ မွေးပါသည်။ ဖာရာဒေးသည် သူ့ခေတ်အခါမှာတော့ အင်္ဂလိပ်ဓာတုဗေဒ ပညာရှင်၊ သဘာဝရူပဗေဒပညာရှင်၊ လျှပ်စစ်သံလိုက်လျှပ်စစ် ဓာတုဘာသာကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။ သူ့ဖခင်က ပန်းပဲဆရာတစ်ဦး ဖြစ်ပြီး ဆင်းရဲလွန်းသဖြင့် သူ့ကို ကျောင်းပင် မပို့နိုင်ခဲ့ရှာပေ။ အသက် ၁၃ ခုနှစ်အရွယ်မှာ စာအုပ်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ရသည်။ ယင်းအဖြစ်သည် သူစာအုပ်တွေ အထူးသဖြင့် သိပ္ပံဘာသာရပ်စာအုပ်တွေ ဟူသမျှကို ရှိရှိသမျှသော စာအုပ်စင်တွေဆီမှ ဖတ်ဖို့အခွင့်အရေး ရရှိခြင်းဖြစ်တော့သည်။ သူပိုက်ဆံ တစ်ပဲ နှစ်ပဲရရသမျှကို စုဆောင်းကာ အင်္ဂလန်က သိပ္ပံပညာရှင်ကြီးတွေ၏ ပို့ချချက်များကို တက်ရောက် မှတ်သားခဲ့သည်။ ထိုခုနစ်နှစ်တာ ဆည်းပူးခဲ့ရမှုသည် သူ့ကို အတော်လေးပညာရည် ဝစေခဲ့သည်ဟု ဆိုရပေမည်။ သူအလွန်နှစ်သက်ခံစား မိသော စာအုပ်တစ်အုပ်ကJane Marcet ရေးသားသည့် Conversation in Chemistry (ဓာတုဗေဒအကြောင်း) စာအုပ်ဖြစ်သည်။ ဖာရာ ဒေး တက်ရောက်ခဲ့သော ပို့ချသင်တန်းများမှာ အင်္ဂလိပ်ဓာတုဗေဒပညာရှင်၊ ရူပဗေဒ ပညာရှင် Royal Institute အဖွဲ့အစည်းမှ Humphry Davy နှင့် City Philosophical Society ကို တည်ထောင်သူ John Tatumတို့ဖြစ်သည်။
သူ့အသက် (၂၁) နှစ်မှာ သူတက်ခဲ့သော ပို့ချစာများ နမူနာများကို သိပ္ပံပညာရှင်ကြီး Humphry Davy ဆီ ပေးပို့ခဲ့သည်။ Davyက ကြင်နာသနားမှုအပြည့်၊ လေးစားမှုအပြည့်ဖြင့် ချက်ချင်းဆိုသလို စာပြန်ခဲ့သည်။ တစ်နေ့ Davy မှာ နိုက်ထရိုဂျင်ထရိုင်ကောလို ရိုက်ဖြင့် စမ်းသပ်နေစဉ် ထိခိုက်မှုဖြစ်ပွားပြီး မျက်စိထိခိုက်သွားခဲ့သည်။ ထိုအခါ Davy က ဖာရာဒေးကို သူ့အတွင်းရေးမှူးအဖြစ် ခန့်ထားဖို့ ဆုံးဖြတ် ခဲ့သည်။ ၁၈၁၃ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဖာရာဒေးသည် Royal Institute (တော်ဝင်တက္ကသိုလ်) တွင် ဓာတုဗေဒလက်ထောက်ရာထူး ရခဲ့သည်။ သို့သော် အစပိုင်းမှာ သူ့လုပ်ရသော အလုပ်တွေက နိမ့်ကျလှသည်။ ဥပမာ- ဖန်ခွက်တွေ ဆေးကြောတာ၊ ဓာတ်ခွဲခန်းကို သန့်ရှင်း တာ။ သို့သော် ဖာရာဒေးက သူ့မျက်လုံးတွေကို ဖွင့်၊ နားကိုစွင့်ထား၏။ သူ့မှာ အခွင့်အရေးရသည်နှင့် သူ့ကိုယ်ပိုင်စမ်းသပ်မှုတွေ လုပ်တော့ ၏။
လျှပ်စစ်ဓာတ်က သူ၏ အထူးစိတ်ဝင်စားစရာဖြစ်သည်။ သိပ္ပံပညာရှင်တွေသည် အရည်ထဲသို့ လျှပ်စစ်ဓာတ်ကို စီးဆင်းစေလျှင် သူ့ကို ဖြစ်စေသော ဒြပ်ဝတ္ထုုများအဖြစ် ကွဲထွက်သွားသည်ဟူသော အချက်ကို သိကြပြီးဖြစ်သည်။ ဥပမာ ရေထဲသို့ လျှပ်စစ်ဓာတ်လွှတ်လျှင် အောက် စီဂျင်နှင့် ဟိုက်ဒရိုက်ဂျင်အဖြစ် ကွဲထွက်သွားသည်။ ငွေနိုက်ထရိတ် ပျော်ရည်ထဲကို လျှပ်စစ်ဓာတ်စီးစေလျှင် ငွေစစ်စစ်ကို ရသည်။ ဤလုပ်ငန်းစဉ်ကို လျှပ်စစ်ဓာတ်ဖြင့် ပြုလုပ်သော ခွဲခြမ်းစိတ်ဖြာခြင်းဟု ခေါ်သည်။ ဖာရာဒေးသည် ထိုကဲ့သို့သော လုပ်ငန်းစဉ်ကို များစွာ ပြုလုပ်ခဲ့သည်။ ထိုဖြစ်စဉ်ကို Electolysis ဟု ခေါ်သည်။ ‘Electrolysis’ ပြုလုပ်နေစဉ်အတောအတွင်း ပျက်ပြယ်သွားသော ဒြပ်ဝတ္ထုု ပမာဏသည် အသုံးပြုသော လျှပ်စစ်ဓာတ်ပမာဏနှင့် အမြဲတစေ တိုက်ရိုက် အခိုျးကျသည်။ ဤကား ဖာရာဒေး၏ Electrolysis ဥပဒေသ ဖြစ်လေသည်။
၁၈၂၁ ခုနှစ်တွင် ဖာရာဒေးသည် ပထမဦးဆုံး လျှပ်စစ်မော်တာကို တီထွင်ပြုလုပ်ခဲ့သည်။ ထိုမော်တာ တည်ဆောက်ပုံက ရိုးရိုးဖြစ် သည်။ သူ့မှာ ဘက်ထရီကနေရလာသော လျှပ်စစ်ဓာတ်ဖြင့် လည်စေသည့် ကြေးနီးတုတ်တစ်ချောင်းသာရှိသည်။ တကယ် လက်တွေ့ကျသော အလုပ်ကို လုပ်ဖို့သေးငယ်သော ပမာဏမျှသာ လုပ်နိုင်ပါစေ ဤကားကြီးကျယ်သော တီထွင်မှုဖြစ်လေသည်။ တစ်နေ့မှာတော့ ကျွနု်ပ်တို့၏ စက်ရုံအလုပ်ရုံတွေမှာ ကြီးမားသော စက်ပစ္စည်းတွေကို လည်ပတ်စေသည့် မော်တာများအဖြစ်ကို တိုးတက်တီထွင်လာနိုင်ပြီ ဖြစ်လေသည်။ ဖာရာဒေး၏ စမ်းသပ်မှုများသည် ယနေ့သိပ္ပံပညာကမ္ဘာ၏ အာရုံစိုက်အခံရဆုံးဖြစ်နေတော့သည်။
၁၈၂၄ ခုနှစ်မှာ လန်ဒန်ရှိ Royal Insiitute (တော်ဝင်တက္ကသိုလ်)တွင် ပါမောက္ခဖြစ်လေသည်။ သာမည ပန်းပဲဆရာ၏သား လျှောက်လှမ်းခဲ့သောလမ်းသည် အဆုံးတွင် အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။ ၁၈၃၁ ခုနှစ်တွင် မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ် မော်တာ ပြုလုပ်ခဲ့သော သူ၏ လုပ်ပုံလုပ်နည်းကို ပြောင်းပြန်ပြန်လုပ်ခဲ့သည်။ စက်မှုပိုင်းဆိုင်ရာစွမ်းရည် သို့မဟုတ် စက်ကိုလည်အောင် ပြုလုပ်ခြင်း အတွက် လျှပ်စစ်ဓာတ်ကို သုံးရမည့်အစား စက်ကိုလည်စေအောင်လုပ်၍ လျှပ်စစ်ဓာတ်ကို ထုတ်လိုက်ခြင်းဖြစ်သည်။ သူက အရင်ဆုံးသံလိုက် ဖြင့် စမ်းကြည့်သည်။ သံလိုက်ဟူသည်မှာ ဓာတ်သတု္တုဖြစ်၍ တခြားသော သတ္တုများကို ဆွဲဆောင်တတ်သည့် စွမ်းရည်ရှိသည်။ သံလိုက်များ ကို သံမဏိ၊ သံသတု္တု၊ နီကယ်တို့ဖြင့် ပြုလုပ်သည်။ ဖာရာဒေး၏ သံလိုက်က သံသတ္တုဖြင့် လုပ်သည်။ သံလိုက်တစ်တုံး၏ သံလိုက်ဓာတ် အားသည် သူ့ပတ်ဝန်းကျင် ပတ်ပတ်လည်သို့ ဖြန့်ထုတ်လျက်ရှိ၏။ သူ၏ ထိုအားများရှိရာ ဧရိယာကို သံလိုက်စက်ကွင်းဟု ခေါ်သည်။ ထိုနေရာကို မမြင်ရပေ။ ဖာရာဒေးသည် ထိုသံလိုက်စက်ကွင်းထဲကို ကြေးနီကို ဖြတ်ခိုင်းခြင်းဖြင့် ရိုးစင်းစွာ လျှပ်စစ်ဓာတ်ထုတ်သည့် နည်းကို တွေ့ရှိခဲ့သည်။ သူက အလွန်လျင်မြန်သော အသွင်ဖြင့် သံလိုက်စက်ကွင်းထဲကို ကြေးနီကို ဖြတ်ခိုင်းသောအခါ စဉ်ဆက်မပြတ် စီးဆင်းသွား သော လျှပ်စစ်ဓာတ်ကို ရစေသည်။
၁၈၃၉ ခုနှစ်နှင့် ၁၈၅၅ ခုနှစ်ကြားတွင် ဖာရာဒေးသည် Experimental Researches in Electrocity (လျှပ်စစ်ဓာတ်နှင့် ပတ် သက်သော စမ်းသပ်သုတေသန လုပ်ဆောင်မှုများ) ဟူ၍ အတွဲ ၃ ပါ ကျမ်း တစ်စောင်ကို ပြုစုခဲ့သည်။ သူ၏ ရူပဗေဒနှင့်ပတ်သက်၍ အရေးပါသောဖြစ်ရပ်ကား ၁၈၄၅ ခုနှစ်တွင် ပြသခဲ့သော သံလိုက်ဓာတ်အားနှင့် လျှပ်စစ်ဓာတ်အားတို့နှင့် ပတ်သက်သောနယ်ပယ်များနှင့် ပြသမှုများ ဖြစ်သည်။ ဖာရာဒေး၏ ပထမဦးဆုံး ဒိုင်နမိုသည် မြင်းခွာပုံသဏ္ဌာန်ရှိသော သံလိုက်၏ အစွန်းနှစ်ဘက်ကြားတွင် ကြေးနီပြား တစ်ခုကို ထားရှိလည်ပတ်စေသော လျှပ်စစ်ဓာတ်အားသုံး ကိရိယာဖြစ်သည်။ လက်ဖြင့်မောင်းတင်ရသော လက်တန်းဖြင့် ကြေးနီပြားကို လည်စေသည်။ ထိုအခါအဆက် မပြတ်လည်သော ကြေးနီးပြားသည် သံလိုက်စက်ကွင်းထဲတွင် ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ် စေတော့သည်။ ဤသို့နည်းဖြင့် ထွက်ရှိလာသော လျှပ်စစ်ဓာတ်သည် ကြေးနီစ နှစ်စဖြင့် ဆက်ထားသော ဝါယာကြိုးများကို ဖြတ်သွားသည်။
ထိုဥပဒေသသည် ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်။ ထိုဥပဒေသကို သုံးပြီး ကြီးမားသော ဒိုင်နမိုကြီးများလည်ပတ်လျက် ရှိနေကြ သည်။ မိုက်ကယ်ဖာရာဒေးသည် စမ်းသပ်မှုများစွာလုပ်ခဲ့ပြီး အရေးပါသော အချက်များကို တွေ့ခဲ့သည်။ သို့သော် သူ့အမည်သည် လျှပ်စစ် မော်တာနှင့် ဒိုင်နမိုကို လျှပ်စစ်ဓာတ်ထုတ် လုပ်ပေးခဲ့သောသူ အဖြစ်အထူးထင်ရှားခဲ့ပါသည်။
၁၈၆၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဖာရာဒေးသည် Hampton Court အရပ်က သူ့နေအိမ်မှာ ကွယ်လွန်ခဲ့သည်။ သူသည် ဆာဘွဲ့အပ်နှင်းခြင်းကို ငြင်းပယ်ခဲ့သူဖြစ်ပြီး Royal Society ၏ ဥက္ကဋ္ဌအဖြစ်ကိုလည်း နှစ်ကြိမ်တိုင်တိုင် ငြင်းခဲ့သူဖြစ်ပါသည်။ သူ့ဘဝ၏ အချိန်တော်တော်များများကို သူ့အခန်းပြူတင်းပေါက်ကနေ မိုးကောင်းကင်ကို မျှော်ကြည့်ရင်း ကုန်လွန်ခဲ့သည်ဟု ဆိုပါသည်။ သူ့အတွက် Westminster Abbey ရှိ Sir Issac Newton (နျူတန်) အုတ်ဂူနားတွင် အမှတ်တရကျောက်ပြားထားရှိခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၂ဝဝ၁ တိုင် ဗြိတိသျှပိုက်ဆံပေါင် ၂ဝ တန်ငွေစက္ကူတွင် သူ၏ ရုပ်ပုံကို ရိုက်နှိပ်ခဲ့ကြသည်။ ဤကား ကျွနု်ပ်တို့ အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ် ကို လမ်းပြခဲ့သူ တစ်ဦးဖြစ်သည့် ဖာရာဒေးအကြောင်း ဖြစ်ပါသည်။
Ref 1. Famous Scientist (Jean Bethell)
2. Encyclopedia Britanique
No comments:
Post a Comment