
ဒေါက်တာဂျက်ကဲလ် နှင့် မစ္စတာဟိုက်
ဂျူနီယာဝင်း (အတွေးအမြင်-အမှတ်၂၉၀)
Robert Louis Stevenson (1850-1894) ရေးသားခဲ့သော Strange Case of Dr. Jekyll and Mr. Hyde (ဒေါက်တာ ဂျက်ကဲလ် နှင့် မစ္စတာဟိုက်) ဝတ္တုသည် ၁၈၈၆ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ စာရေးဆရာသည် အဆုတ်ရောဂါပြင်းထန်စွာ ခံစားနေရစဉ်ကာလအတွင်း ထုတ်ဝေသူ၏ တောင်းဆိုမှု၊ သူကိုယ်တိုင်အတွက်လည်း ငွေရေးကြေးရေး အခက်အခဲ ရင်ဆိုင်နေရစဉ်မှာ ထို်ဝတ္တုကို ရေးသားခဲ့သည်။ ဝတ္တုသည် သိပ္ပံပညာရပ်ဆန်ဆန် ထူးခြား ဆန်းကြယ်ရုံမက တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်သည်။
ဝတ္တုထဲတွင် ဒေါက်တာဟင်နရီဂျက်ကဲလ် (Henry Jekyll) ကို လူကြီးလူကောင်းတစ်ဦး၊ ဆရာဝန်တစ်ဦးအဖြစ် မိတ်ဆက်ထားသည်။ အဓိကဇာတ်ကောင် နောက်တစ်ယောက်မှာ လန်ဒန်မြို့က ရှေ့နေဂါဘရီရယ်ဂျွန်အက်တာဆင် (Gabrial Utterson) ဖြစ်သည်။ ဒေါက်တာဂျက်ကဲလ်သည် သူ၏ မူလရုပ်သွင်ဖြစ်သော အေးဆေးတည်ငြိမ်သော ဆရာဝန်တစ်ဦး ရုပ်သွင်ကနေ ဆိုးရွားယုတ်မာသော စိတ်ရိုင်းရှိရုံမက ရုပ်ရည်ရူပကာ ဆိုးရွားကြမ်းတမ်းသော လူကြမ်းကြီးတစ်ယောက်အသွင်အပြင်ကို ပြောင်းပစ်နိုင်သည့်ဆေးတစ်မျိုးကို တီထွင်နို််င်ခဲ့သည်။ ထိုလူကြမ်းအသွင်ဖြစ်သွားသော သူအဖြစ်မစ္စတာဟိုက် (အက်ဒ်ဝက်ဒ်ဟိုက်) (Edward Hyde) ကို တွေ့ရမည်ဖြစ်သည်။ ဒေါက်တာဂျက်ကဲလ်နှင့် မစ္စတာဟိုက်တို့ကြားက ထူးဆန်းသော ဆက်သွယ် ချက်ကို ရှေ့နေဖြစ်သူ အက်တာဆင်က စုံစမ်းထောက်လှမ်းမှုများဖြင့် ဇာတ်လမ်းဖွဲ့ထားသည်။
ဒေါက်တာဂျက်ကဲလ်သည် ဆေးသောက်ပြီး ပြောင်းသွားသည့် စိတ်ရိုင်းဝင်သွားသော မစ္စတာဟိုက်အသွင်ဖြင့် လန်ဒန်မြို့က လမ်းတွေပေါ်မှာ မိမိ၏စိတ်များကို အဆုံးစွန်အထိ ရူးသွပ်ကာ မိုက်ရိုင်းသောအပြုအမှုများ လုပ်သွားရုံမက လူသတ်မှုများပင် ကျူးလွန်ခဲ့သည်။ ပြီးလျှင် ဖြေဆေးကို ပြန်သောက်ကာ လူအများချစ်ခင်သော ဒေါက်တာဂျက်ကဲလ်အဖြစ် ပြန်နေသည်။ သို့သော် သူ တီထွင်လိုက်သောဆေး၏ တုန့်ပြန်မှုများကို မကာကွယ်နိုင်ခြင်း၊ သူ့ကိုယ်ထဲ ဝင်လာသော မကောင်းဆိုးဝါး မစ္စတာဟိုက်၏ လွှမ်းမိုးမှုအောက်က မရုန်းထွက်နိုင်ခြင်း၊ ဟိုက်၏အသွင်ကို မတားဆီးနိုင်တော့ခြင်းများတို့ကြောင့် အသက်ဆုံးသွားရသည်။ မကောင်းဆိုးဝါးအသွင်ဖြင့် သေဆုံးသွားစဉ်မှာ သူကိုယ်တိုင်ရေးသားခဲ့သော ဖြောင့်ချက်ကြောင့် သူ့ဘဝ အမှန်တရားကို လူအများ သိသွားရလေသည်။
Robert Louis Stevenson သည် သူငယ်စဉ်က ကြားခဲ့ဖူးသော Edriburge မြို့စား William Bordie ၏ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးသားခဲ့တာဖြစ်သည်။ William Bordie သည် ရိုးသားပြီး စိတ်ကောင်းရှိသူတစ်ဦး အဖြစ်လည်းကောင်း၊ တစ်ဖက်တွင် တရားမဝင်သော ဒုစရိုက်အမှောင် လုပ်ရပ်များကို ကျူးလွန်သူအဖြစ်လည်းကောင်း ဘဝနှစ်ခု၊ အိမ်ထောင်နှစ်ခု တည်ထောင်ကာ လျှို့ဝှက်စွာ နေထိုင်ခဲ့သူ ဖြစ်သည်။ Bordie သည် သူ့အပေါင်အပါများနှင့် ဘဏ်ပိုက်ဆံများ ခိုးထုတ်၊ ရတနာရွှေငွေများ ခိုးယူရင်း တဖြည်းဖြည်းနှင့် လူဆိုးများနှင့် ပူးပေါင်းရင်း မထိန်းနိုင်ဖြစ်လာသည်။ Bordie က အမှန်တော့ John Gay ရေးသားသော ကပ္ပတိန် Macheath ဝတ္တုကြီးကို အားကျပြီး အဲသည်လို နေထိုင်ဖို့ စိတ်ကူးရလာသည်ဟု ဆိုသည်။ ဝတ္တုထဲက ကပ္ပတိန်ကတော့ လူရမ်းကား (ဗီလိန်) လူဆိုးတစ်ဦးဖြစ်ကာ ဥပဒေကို ယဉ်ကျေးစွာ ရှောင်လွှဲနေထိုင်သူ တစ်ယောက်ဖြစ်ပါသည်။ Bordie ကတော့ ထိုဘဝကို သဘောကျကာ ဘဝနှစ်ခု ဖန်တီးခဲ့တာ ဖြစ်လေသည်။ Bordie သည် နောက်ဆုံးတွင် အမေရိကသို့ ထွက်ပြေးဖိ်ု့ ကြိုးစားစဉ် အဖမ်းခံလိုက်ရကာ သူ့ဘဝအစစ်အမှန် ပေါ်သွားသည်။ သြစတြီးယားရှိ Botany ပင်လယ်အော်နားတွင် ကြိုးဆွဲချသတ်မိန့်ကျစဉ် သူ့သမီးတစ်ဦးသာ သူမသေခင် လာတွေ့သွားလေသည်။ Robert Louis Stevenson သည် ဘဝသေဆုံးသွားသူ Bordie ဇာတ်လမ်းကို ထပ်မံအသက်သွင်းခဲ့တာ ဖြစ်ပါသည်။
Dr. Jekyll and Mr. Hyde ဝတ္တုကြီးကို ရုပ်ပြအင်္ဂလိပ်စာပေတွင် Illustrated Classice အဖြစ် ငယ်စဉ်က ဖတ်ခဲ့ဖူးသည်။ Dr. Jekyll ၏ ရုပ်ရည်ကို ချောမောပြေပြစ်သောအသွင် ရေးဆွဲထားကာ ပြောင်းလဲသွားသော Mr. Hyde ကို လူ့ဘီလူးကြီးသဖွယ် ဖော်ပြခြယ်မှုန်းထားသည်။ ဒေါက်တာဂျက်ကယ်လ်သည် လူ့ယဉ်ကျေးမှု၊ လူအလေးစားခံပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း၊ သူ့အတွင်းစိတ်သည် လူ့သဘာဝအလျောက် ပြောမထွက်သော စိတ်ခံစားမှုများ၊ ပေါက်ကွဲမှုများနှင့် အပြည့်ဖြစ်နေသည်။ ထိုမကောင်းသောစိတ်နှင့် ကောင်းသောစိတ်ကြား လွန်ဆွဲမှုတွင် မကောင်းဆိုးဝါးကသာ သူ့ကို ၀ါးမျိုသွားရပုံကို ဖော်ညွန်းခြင်းသည် စာရေးဆရာ၏ အဓိကဆိုလိုရင်း ဖြစ်ပုံရသည်။
Robert Louis Stevenson သည် ဒေါက်တာဂျက်ကဲလ်ကို ပုံဖော်ရာတွင် “ သူက အသက် ၅၀ အရွယ်၊ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး မျက်နှာချောမွေ့တဲ့ ရုပ်ရည်ပိုင်ဆိုင်ပါတယ်။ ပြီးတော့ သူ့ရဲ့ရုပ်သွင်ဟာ တစ်ခုခုကို ကြံစည်နေတဲ့ပုံတေ့ာ နည်းနည်းပေါက်တယ်” ဟု ဆိုထားသည်။ သူဟာ မကောင်းတဲ့စိတ်တော့ နည်းနည်းဝင်စီးနေတဲ့ ပုံသဏ္ဍာန်ရှိပြီး မကောင်းမှုနဲ့ကောင်းမှုဆိုတဲ့ ဆန့်ကျင်ဘက်နှစ်ခုကြားမှာ လွန်ဆွဲနေပုံရတဲ့ ဟန်ပန်ကိုပေါ်အောင် ရေးဖွဲ့ထားသည်။ ဒေါက်တာဂျက်ကဲလ်ဟာ သူနဲ့ဘာမှမသက်ဆိုင်ဘူးလို့ ယူဆရတဲ့ မကောင်းဆိုးဝါးလုပ်ရပ်တွေ လုပ်ဖို့အတွင်းမှာ အားပေးနေတာကို ကြာရှည်မထိ်န်းသိမ်းနိုင်တာကြောင့် သူ့ရုပ်သွင်ကို မကောင်းဆိုးဝါးဟန် ဖန်တီးရယူကာ မကောင်းမှုတွေ ကျူးလွန်ခဲ့ရပုံကို ဒေါက်တာဂျက်ကဲလ်၏ စိတ်တွင်းအားပြိုင်မှုများကို တွေ့ရသည်။ သူဟာ မစ္စတာဟိုက်အဖြစ် သူယုတ်မာအသွင် ပြောင်းသွားချိန်မှာ သူ့ရုပ်သွင်ဟာ ဘီလူးကြီးလို ကြမ်းတမ်းပြီး တန်ခိုးပါ၀ါဟာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားသည်။
ဒါဟာ ဘာကိုပြချင်တာလဲဆိုတော့ လူသားတစ်ဦး၏ စိတ်တွင်းမှာ မကောင်းမှုနှင့် ကောင်းမှုဟာ မကြာခဏဆိုသလို တိုက်ပွဲဝင်နေရပြီး တိရစ္ဆာန်စိတ်ရိုင်းတွေက လွှမ်းမိုးသွားမည်ဆိုပါက အဲသည်အားပြိုင်မှုမှာ အရှုံးနှင့်သာ အဆုံးသတ်သွားနိုင်ကြောင်းကို ဝတ္တုက ဆိုထားတာ တွေ့ရသည်။ မစ္စတာဟိုက်ဟာ ကြောက်စရာသတ္တဝါကြီးအဖြစ် ဒေါက်တာဂျက်ကဲလ်ကို လွှမ်းမိုးသွားကာ သူ့ကိုကိုယ်ထဲက ထွက်သွားဖို့ မတတ်နိုင်တော့တဲ့အဖြစ်ဟာ လျှို့ဝှက်သော ပေါက်ကွဲမှုတစ်ခု ဖြစ်လာပါသည်။ ဒေါက်တာဂျက်ကဲလ်က မှန်ကို ကြည့်လိုက်ရင် သူ့ရဲ့ချောမောပြေပြစ်တဲ့ ရုပ်ရည်အစား မစ္စတာဟိုက်ဆိုတဲ့ လူ့ဘီလူးကြီးသာ တွေ့ရတော့သည်။
ဝတ္တုထဲတွင် အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်သော ဒေါက်တာဂျက်ကဲလ်၏ မိတ်ဆွေ ရှေ့နေတစ်ဦးဖြစ်သူ ဂါဘရီရယ် ဂျွန်အက်တာဆင်အား ဇာတ်လမ်းကို ပြောပြနေသူ၊ မျက်မြင်သက်သေတစ်ဦးသဖွယ် ရေးသားထားတာ တွေ့ရသည်။ သူက မစ္စတာဟိုက်နှင့် ဆက်စပ်ပတ်သက်နေသည်ဟု ဒေါက်တာဂျက်ကဲလ်အာ မယုံသင်္ကာ ဖြစ်လာရာကနေ စုံစမ်းထောက်လှမ်းခဲ့သူ ဖြစ်သည်။ Robert Louis Stevenson က သူ့ကို ပုံဖော်ရာတွင် “ ဂါဘရီရယ်ဟာ ရိုးသားတယ်။ ယုံကြည်ရတယ်။ တစ်ပါးသူရဲ့ အပြစ်အနာအဆာကိုလည်း သည်းခံတတ်တယ်။ ဘယ်လောက်ပဲခင်ခင် အမှန်တရားဘက်က ရပ်တည်ပေးတယ်။ ဒါပေမဲ့ နားလည်လက်ခံပေးတတ်တဲ့ သဘာဝ ရှိပါတယ်” ဟူ၍ ရေးသားထားလေသည်။ နောက်ဆုံးမှာ သူ အင်မတန်ခင်မင်ရတဲ့ ဒေါက်တာဂျက်ကဲလ်၏ အဖြစ်မှန်ကို သိလိုက်ရတဲ့အချိန်မှာ လူသားတစ်ဦးမှာ ဖြစ်တတ်တဲ့ သဘာဝတရားကို ဆင်ခြင်မိကာ ကောက်ချက်ချမိရင်း “ ဘဝ၏ အရသာဆိုတာ သည်လိုပါပဲလား”ဟု လူ့သဘာဝ လူ့ခံစားချက်ကို သုံးသပ်ပြထားပါသည်။ ထို့ပြင် “ ဂျက်ကဲလ် တစ်ယောက်ဟာဖြင့် သူ အသက်ရှင်နေတဲ့ဘဝတစ်လျှောက်လုံးမှာ သူလုပ်ချင်တာတွေ လုပ်သွားနိုင် ရှာတာပဲ” ဟု ဂါဘရီရယ်၏ နောက်ဆုံးမှတ်ချက်ကတော့ ကြက်သီးထစရာပဲ ဖြစ်ပါတော့သည်။
ဒေါက်တာဂျက်ကဲလ်ဟာ သူ့အတွင်းထဲမှာ ကိန်းအောင်းနေတဲ့ မကောင်းဆိုးဝါးစိတ်များကို မတွန်းလှန်နိုင်ဖြစ်ရပုံကို စာရေးဆရာက ယခုလို ပုံဖော်ရေးသားထားတာ တွေ့ရပါသည်။
“ကျွန်တော့အတွက်တော့ လူတစ်ယောက်အတွက် မကောင်းမှုနဲ့ကောင်းမှု အားပြိုင်နေခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားပဲလို့ သုံးသပ်ပါတယ်။ ကျွန်တော့်ရဲ့ အသိစိတ်ထဲမှာလည်း အဲဒီသဘာဝနှစ်ခုကို သိနေတယ်။ ဒါ့အပြင် သူတို့နှစ်ခုနဲ့လည်း ကျွန်တော်က ပြောဆိုဆက်ဆံနိုင်တယ်။ အဲဒါဘာကြောင့်လဲ သိလား။ ကျွန်တော်ကိုယ်တိုင်က အဲဒီစိတ်နှစ်ခုစလုံးကို လက်ခံထားလို့ပါပဲ”
ဝတ္တုကြီးတစ်ခုလုံးကို Robert Louis Stevenson က ဒေါက်တာဂျက်ကဲလ်၏ စိတ်တွင်း ခံစားမှုများနှင့် ပုံဖော်ခဲ့သလို မစ္စတာဟိုက်အတွက် စိတ်ရူးသွပ်စွာ ဆိုးသွမ်းနေတဲ့စိတ်ရိုင်းများကိုလည်း ဖွင့်ထုတ်ပြထားလေသည်။ “လူတွေအားလုံးဟာ အတူတူပါပဲ။ ကောင်းတဲ့စိတ်၊ မကောင်းဆိုးဝါးစိတ် ယှဉ်တွဲရှိနေကြတယ်။ မစ္စတာဟိုက် တစ်ဦးတည်းသာလျှှင် သူ့ရဲ့အတွင်းသဏ္ဍာန်ကို ဖော်ပြခဲ့တဲ့ စစ်မှန်တဲ့ မကောင်းဆိုးဝါး ဖြစ်ပါတယ်။ သိပ်ကိုပြောင်မြောက်တဲ့ အရိုးသားဆုံး မကောင်းဆိုးဝါး ဖြစ်တယ်” ဟူ၍ Robert Louis Stevenson က ဆိုထားပါသည်။
အချုပ်ဆိုရရင်တော့ လူ့စိတ်လူ့သဘာဝကို ဖော်ကျူးနိုင်တဲ့ စိတ်ပညာဆိုင်ရာ ဝတ္တုတစ်ပုဒ်အဖြစ် အညွှန်းဆိုခံရပြီး အကယ်၍များ မစ္စတာဂျက်ကဲလ်ဟာ ထိုအဖြစ်ကို စိတ်ဝင်တစား နောက်ကလိုက်ခဲ့တဲ့သူတစ်ဦး ဖြစ်ခဲ့ရင် သူမွေးဖွားခဲ့တဲ့ မစ္စတာဟိုက်ဟာ သူ့ရဲ့ အမွေကို ဆက်ခံခဲ့တဲ့ သားဆိုးသားမိုက်တစ်ဦးသာ ဖြစ်ပေသည်ဟု ဝတ္တု၏ ကောက်ချက်တစ်ခုအဖြစ် ချထားတာ တွေ့ရပါသည်။ အကယ်၍များ သင်လည်း တစ်နေ့နေ့မှာ မစ္စတာဂျက်ကဲလ်၏ အဖြစ်လို ကြုံတွေ့ရမည်ဆိုပါက ဘယ်ဘက်ကို လိုက်မှာလဲဟု စာရေးဆရာက မေးခွန်းထုတ်ထားပါသည်။


