Monday, May 26, 2014

ဘဘဦးဝင်းတင်ဆီက စာအုပ်နဲ့ မေတ္တာစာ ဂျူနီယာဝင်း၊ မေ ၂၀၊ ၂၀၁၄

ဘဘဦးဝင်းတင်ဆီက စာအုပ်နဲ့ မေတ္တာစာ
ဂျူနီယာဝင်း၊ မေ ၂၀၊ ၂၀၁၄

“ဒါလားဟဲ့ လူငရဲ“ ဆိုတဲ့စာအုပ် မူရင်းကို ရှားရှားပါးပါး ရခဲ့စဉ်က အိမ်မှာ ဘဘကြီး ဦးခင်မောင်လတ် အတွက် ၁၄နှစ်ပြည့် ဆွမ်းကျွေး တဲ့နေ့ကပါ။ ဘဘဦးဝင်းတင်ရဲ့ အဲသည်စာအုပ်က လူတိုင်းလိုချင် လူတိုင်းဖတ်ချင်နေတဲ့ကာလမှာ ဘဘဦးဝင်းတင်က သူ့ကိုယ်ပိုင်ရတဲ့ စာအုပ် ၄အုပ် ထဲက ကျွန်မတို့ မိသားစုအတွက် တစ်အုပ်ပေးခဲ့ ပါတယ်။ စာအုပ်ရတော့ ဘဘကိုလက်မှတ်ထိုးခိုင်းတော့ အောက်ကစာက ဘဘရေးပေးတဲ့မူရင်း လက်ရေးပါ။
နောက်ပိုင်းမှာ အဲသည်စာအုပ် ဒါလားဟဲ့ လူ့ငရဲ က မိတ္တူတွေပွားပြီး လူတွေလက်ထဲ ရောက်ခဲ့တယ်။ လက်ထဲရတဲ့ သူတွေက ဘဘဆီကိုသွားပြီး လက်မှတ်တွေထိုးခိုင်းကြတယ်။ အဲသည်မှာလည်း ဘဘက လက်မှတ်လဲထိုး အမှတ်တရ စာတွေလည်းရေးပေးတယ်။ ဒါနဲ့ ဘဘမိတ်ဆွေ ဖျာပုံနီလုံဦးကပြောတယ်။ အကယ်၍များ သည်လက်မှတ် နဲ့စာတွေကိုစုပြီး စာအုပ်ထုတ်ရင်ကောင်းမှာပဲတဲ့။ ဘဘက အရှည်ကြီးရေးပေးတာပဲ။ လက်မှတ်တောင်းတဲ့သူတွေ ကျေနပ်နေကြတာပေါ့။ ဒါပေမယ့် ခက်တာက စာအုပ်မှာလက်မှတ်ထိုးခိုင်းသူတွေက ဘဘလက်မှတ်နဲ့စာတွေ ကိုအမှတ်တရ ယူသွား သိမ်းသွားကြတာကိုး။ အကြံကတော့ ကောင်းပါရဲ့။ ဘဘရေးသမျှ လိုက်သိမ်းဖို့က မလွယ်လှဘူး။ ကျွန်မလည်း ကိုယ်နဲ့ဆိုင်တဲ့စာအုပ်လေး သိမ်းထားခဲ့တာ ကြာပြီပေါ့။
အခုကျွန်မစဉ်းစားကြည့်မိတာပါ။ ဒီစာအုပ်ပိုင်ရှင်တွေ အများကြီးရှိမှာပဲ။ သူတို့ရဲ့ စာအုပ်တွေမှာ ဘဘက အခုလို စာတွေရေးပေးခဲ့တယ်။ ကျွန်မတစ်ယောက်ထဲ အထူးစပယ်ရှယ် ရေးပေးတာမှ မဟုတ်တာ။ လူတိုင်း လူတိုင်းကို ရေးပေးနေတာပဲ။
ဆရာရေးပေးခဲ့တဲ့စာကို ပြန်ပြီး တင်ဆက်လိုက်ပါတယ်။
ဂျူနီယာဝင်းသို့ …
ဒီအတောအတွင်းမှာ ဒီစာအုပ်ရှာရလာတဲ့ လူတိုင်းက ဦးလေးဆီလာပြီး လက်မှတ်ထိုးခိုင်းနေကြတယ်။ ဘာရမလဲ ဦးလေးက လက်မှတ် ထိုးတိုင်း တပြည်လုံးကို ထောင်ချ လူတိုင်းကိုထောင်ချနေတဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးတို့၊ ထောင်မကြောက်တရား တို့ ကို အရှည်ကြီး ရေးပေးလိုက်တော့တာပေါ့။
ဦးလေး စိတ်ထဲမှာလဲ အမှန်တကယ်ပေါ်နေတာက အဲဒီကိစ္စတွေဖြစ်နေတာကိုး။ ဒီတော့ “စာအုပ်ကောင်းတာ မကောင်းတာ ထားလိုက်ကွယ်။ ငါပြောချင်တာလေးတွေတော့ ရင်ဖွင့်ပါရစေ”      ဆိုပြီးတတောင်လောက် ရှိတဲ့  စာအုပ်ရှည်ကြီးမှာ တမျက်နှာပြည့် စာတွေရေးပေးလိုက်တာပေါ့။
အမှန်ပဲလေ။ ဒီနေ့ ဒီအချိန်က ထောင်မကြောက်တရား တွေ များများ ပြော၊ ထောင်မကြောက်တရားတွေ ကျယ်ကျယ်ပြောကြရမယ့် အချိန်မဟုတ်လား။
ဟုတ်တယ်။ ဒီနေ့ဒီအချိန်မှာ စစ်အာဏာရှင်တွေက နိုင်ငံရေးလှူပ်ရှားသူတွေ နိုင်ငံရေး .စေတနာရှိသူတွေကို ထောင်နဲ့ ခြောက် နေတယ်။ ဒီလိုနဲ့ လူတွေစိတ်မှာ ထောင်ကြောက် တဲ့စိတ်တွေ တစိမ့်စိမ့် ၀င်လာနေတယ်။ ဦးလေးသဘောမှာတော့ လူတွေထောင်ကြောက်တာကိုမကြိုက်ဖူး။ ထောင်ကျတာ ဘယ်သူမှ မကြိုက်ဘူး။ ဒီတော့ ထောင်ကိုရှောင်ချင်သပဆို ရှောင်ပေါ့။
“လိမ္မာသလို လုပ်လို့” ပြောသင့်လဲ ပြောဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် လူတွေက ကိုယ်တိုင် ထောင်ရှောင်ရုံမကဘူး အခြားလူတွေကို ထောင်ကြောက်တရားဟောနေ ကြတာတော့ မကောင်းလှ ဘူးပေါ့်။
ဒါကြောင့် ဦးလေး ဒီစာအုပ်ကိုရေးတာ။ ဒါ မူလ စေတနာ ပဲ။ အခုတော့ မဖြစ်ချည်ဘူး ဆိုပြီး စာအုပ်လက်မှတ် ထိုးခိုင်းသူတိုင်းကို ထောင်မကြောက်တရား တွေ စာတွေ ရေးပေးနေမိတော့ တာပေါ့။
ဦးလေး ဒီစာအုပ်ရေးတဲ့အခါများမှာ မှတ်တမ်းရေးသလိုမရေးမိအောင် ထိန်းတယ်။ မှတ်တမ်းရေး နိုင်လောက်အောင် ဦးလေးမှာထောင်အတွေ့အကြုံ မများဘူး။ ဦးလေးကို ထောင်ထဲမှာ နှစ် ၂၀ ထားခဲ့ပေမယ့် အမြဲလိုလို တစ်ယောက်ထဲ ပိတ်ထားတာဆိုတော့ တခြားသူတွေနဲ့ လဲမတွေ့ရ၊ စကားလဲမပြောရဖြစ်နေတဲ့ အချိန်က အမြဲတမ်းပဲဆိုပါတော့။ ဒီတော့ မှတ်တမ်းရေး စရာ အကြောင်းအရာ သိပ်မရှိလှဘူးပေါ့။ ဒါနဲ့ ဒီစာအုပ်ကို ရသဆံဆံ ရုပ်ပုံလွှာတွေ ရေးသလို ကိုယ်တွေ့ ဖြစ်ရပ်တွေကို စိတ်ဖျာပြီး တပိုင်းစီ တပျက်စီ ရေးချသွားတာပဲံ။
အဒီလိုဆိုပုံစံနဲ့ ရေးတော့ မှတ်မိသမျှ ဟိုအကြောင်း ဒီအကြောင်း ဟိုတစ ဒီတစ တို့ထိဆွဲထုတ် ရေးသွားနိုင်တာပေါ့။ အဲဒီမှတ်မိသမျှလေးတွေထဲမှာ အမကြီးတို့ ဆရာတို့ မင်းတို့မိသားစု တို့အကြောင်းတွေလဲ တို့ထိသွားနိုင်တာပေါ့။ ဒီလိုနဲ့ ကိုယ်လဲရေးရတာ ပျော်တယ်။ တဘက်မှာလဲ အပြင်မှာ မပြောဘူး မရေးဘူးတဲ့ အကြောင်းကိစ္စလေးတွေလဲ စာရွက်ပေါ်ရောက် လာတော့တာပေါ့။
စာအုပ်အကြောင်းပြောလို့ စိတ်ထဲခံစားရတာလေး ပြောပြချင်တယ်။
ဦးလေးက သတင်းစာ ဆရာ ဆိုတာတော့ ဟုတ်ရဲ့ ဒါပေမယ့် စာရေးဆရာလို့ ပြောလို့မရဘူး။ ဟုတ္တိပတ္တိရယ်လို့ စာအုပ်ပေအုပ်တွေ မရေးဘူးဘူး။ စုစုပေါင်း ကို လက်ဆယ်ချောင်းပြည့်အောင် ချိုးလို့မရဘူး။ အခုဒီစာအုပ် ကိုရေးမိတော့ သိပ်ဝမ်းသာသွားတယ်။ ပီတိလဲ ဧရာမ ဖြစ်ရတယ်။ အသက်ကရှစ်ဆယ်ပြည့်ပြီ။ လက်တွေလဲတုန်၊ မျက်စိတွေလဲမှူန်ပြီ။ မှတ်ဉာဏ်ကလဲ ဟုန်ပြီ။ တသက်တာရဲ့ နောက်ဆုံးစာအုပ်ကို နောက်ဆုံးရေး လိုက်သလို ရေးလိုက်ရလို့ ၀မ်းသာရတာပေါ့။ ဦးလေးသာ ကိုဝံသတို့လိုပဲ စာအုပ်တွေ ဆယ်ပေါင်းများစွာ ရာဂဏာန်း ထိရေးခဲ့ပြီးပြီဆိုရင် ဘာဝမ်းသာစရာအထူး ဖြစ်ရတော့မှာလဲ။ တကယ်တော့ ဒီစာအုပ်တွေ မရေးဖြစ်တာ တကယ်တော့ အလုပ်တွေပိလွန်းတာ သက်သက်မဟုတ်ပါဘူး။ ပျင်းတာ ကလောင်ကိုင်ရမှာ တွန့်ဆုတ်တာဆိုတဲ့ ပျက်ကွက်စိတ်တွေရဲ့ ဖိစီးမူ ကလဲပါတယ်။
ဒါကြောင့် ဂျူနီယာကို တိုက်တွန်းချင်တာက အချိန်ရှိတုန်း ကလောင်နဲ့ လက်မခွာဘဲ စာအုပ်တွေ ရေးနိုင်သမျှ ရေးသာရေးချပေတော့။ ဦးလှတို့ ၊ ကိုဝံသတို့လို အားထုတ်မူ အင်အားကြီးကြီး မွေးပါလေ။
ဝင်းတင် (သြဂုတ် ၁၊ ၂၀၁၀)

စာအုပ်ကြော်ငြာ

တက္ကသိုလ်ရွှေရီဝင်း၏ မျက်လုံးစိမ်းနှင့် မိန်းခလေး ဘာသာပြန်ဝတ္ထုတိုများ
မိုးမခစာအုပ်စင်၊ မေ ၈၊ ၂၀၁၄
စာအုပ်အမည် – မျက်လုံးစိမ်းနှင့်မိန်းခလေး နှင့် ဘာသာပြန်ဝတ္ထုတိုများ
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း
မူရင်းအင်္ဂလိပ် – Jennifer Bassett
ထုတ်ဝေသူ – ဦးသိန်းလွင် ။ လင်းလွန်းခင်စာပေ
ပထမအကြိမ်။ ၂၀၁၄ မတ်လ။
အုပ်ရေ – ၅၀၀။ တန်ဖိုး – ၁၅၀၀ ကျပ်
မျက်နှာဖုံး – Eagle
စာမျက်နှာ – ၁၅၆ ခန့်
ဝတ္ထု အရေအတွက် – ၇ ပုဒ်
စာအုပ်ပုံစံ – အင်္ဂလိပ် မြန်မာ
The Light of English လစဉ်ထုတ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတချို့၏ စုစည်းမူ ဖြစ်ပါသည်။အင်္ဂလိပ်စာပေတွင် စာကြီးပေကြီးများကို လွယ်ကူသော အင်္ဂလိပ်စာ အရေးအသားများဖြင့် အကျဉ်းချူံး ပြန်လည်ရေးသားထားသော ရီတိုး (Retold)များ များစွာရှိပါသည်။ လွယ်ကူသောဝါကျ များဖြင့်ရေးသားထားသည်ဖြစ်သောလည်း မူရင်းရသ မပျက်အောင် ရေးသားထားသည်များ ဖြစ်သောကြောင့် အင်္ဂလိပ်စာ လေ့လာလိုက်စားသူများအတွက် အကျိုးလည်းရှိကာ စာကြီးပေကြီးများ မဖတ်နိုင်သူများအတွက် လည်း အဆင်ပြေစွာ နားလည်ဖတ်ရူ ရမည် ဖြစ်ပါသည်။
မူရင်းစာရေးဆရာမ ဂျနီဖာဘက်စက်သည် သူကိုယ်တိုင်က အင်္ဂလိပ်စာ သင်တန်းဆရာမဖြစ်ပြီး The Phanton of the Opera နှင့် The President ‘s Murderer ၀တ္ထုကြီး နှစ်ပုဒ်ကို ရီတိုး ရေးသားခဲ့သူ ဖြစ်ပါသည်။ ယခုသူကိုယ်တိုင် ရီတိုးပုံစံဖြင့် ရေးသားထားသော သူ့ကိုယ်ပိုင်မူရင်းဝတ္ထု များ ဖြစ်သည့် သူ့ဝတ္ထု ၇ပုဒ်ကို တက္ကသို်လ်ရွှေရီဝင်းကနေ ဘာသာပြန်ပေးထားခြင်း ဖြစ်ပါသည်။ တဖန် ဘာသာာပြန်ခြင်း အလုပ်ကလည်း မူရင်းကနေ ဘာသာပြန် သည်ဟု အကြမ်းအားဖြင့် ဆိုနိုင်သော်လည်း အင်္ဂလိပ်စကားလုံးများကို တိုက်ရိုက် မြန်မာဘာသာပြန်ခြင်းနှင့် စာရေးဆရာက သူ့အနုပညာကို ထည့်သွင်း ဘာသာပြန်ခြင်းဟူ ရွေ့ ခွဲခြားမည်ဆိုပါလျှင် အီစာအုပ်လေးသည် စာရေးဆရာ၏ အနုပညာဘာသာပြန်လက်ရာ ဟုဆိုရပါလိမ့်မည်။ သည်တော့ ဖတ်ရင်းနဲ့ အင်္ဂလိပ်စာလည်းတိုးကာ မြန်မာလို ဘာသာပြန်ထားသော ပုံစံ ကိုပါ ခံစားရပေတော့မည် ဖြစ်ပါသည်။

Thursday, May 15, 2014

မိသားစုုအတွက် ပျော်တော်ဆက်မဂ္ဂဇင်း ကျဆုုံးခန်း ဂျူနီယာဝင်း

(အင်္ဂလိပ်လုုိရေးသားသော Walking Through the Wonderland ကင်ဒဲယ် ebook မှ The Rise and fall of Pyaw Taw Zet Magazine ဆောင်းပါးကုုိကုုိယ်တုုိင် ဘာသာပြန်ထားသည်။)
မိသားစုုအတွက် ပျော်တော်ဆက်မဂ္ဂဇင်း ကျဆုုံးခန်း
ဂျူနီယာဝင်း
မေ ၁၂၊ ၂၀၁၄

ပုုံတွင် ပျော်တော်ဆက် မိသားစုုမဂ္ဂဇင်းတစ်အုုပ်၏ မျက်နှာဖုုံးပုုံတစ်ပုုံကုုိ နမူနာပြထားပါသည်။ ထုုိအဖုုံးကိုုရေးဆွဲသူမှာ ပန်းချီဆရာကြီး ဦးဘကြည် ဖြစ်ပါသည်။ မျက်နှာဖုုံးကုုိ ကြည့်လုုိက်သူတုုိင်းသည် ဂယ်လီလီယုုိ၏ တက်လီစကုုတ် (အဝေးကြည့်မှန်ပြောင်း)၊ အီတလီက ပီစာမျော်စင်၊ ဘလက်ပါးလ်  ဟူသောပုုလဲနက် အမည်ရသည့် ပုုံဝတ္ထုကိုု ကိုုယ်စားပြုသောပုုံကုုိ လည်းကောင်းတွေ့မိကြပြီး ၎င်းတုုိ့နှင့် သက်ဆုုိင်သောဆောင်းပါးများ၊ ပုုံဝတ္ထုဇာတ်လမ်းများ ဖတ်ရတော့မည်ဟုု ကြိုသိကြပါလိမ့်မည်။ ထုုိ့အပြင်  “ဖုုိးပြုံးချိုနှင့် မိရွှေဘုုတ်” အမွှာ မောင်နှမပုုံကုုိကြည့်ပြီး ဆရာဦးခင်မောင်လတ် ရေးသားနေသော အင်္ဂလိပ်စာသင်ခန်းစာလည်း ပါကြောင်းသိကြပါလိမ့်မည်။)
မြန်မာပြည်တွင် လူငယ်များအားဆွဲဆောင်နုုိင်ခဲ့သောထူးခြားသည့် မဂ္ဂဇင်းတစ်စောင် တချိန်တုုန်းကရှိခဲ့ဖူးပါသည်။ ၁၉၇၁ ခုုနှစ် စက်တင် ဘာလလောက် ကစတင်ကာ ဂျွန်လ ၁၉၇၂ ခုုနှစ်လောက်တွင်အဆုုံးသတ်သွားခဲ့သော မဂ္ဂဇင်းတစ်စောင် ဖြစ်ပါသည်။ ကြယ်စင် တစ်လက် ထွန်းလင်းအတောက်ပဆုုံး အချိန်တွင် ကောင်းကင်ယံကနေ အကြွေစောခဲ့လေသည်ကုုိ မည်သူမှ သတိမထားမိလုုိက်ကြပါ။ ထုုိပုုံပြင်လေး၏ အစကား……
စာမျက်နှာ ၄၅ – ၄၇ ခန့်ဖြင့် ထုုိလစဉ်ထုုတ် မဂ္ဂဇင်းလေးသည် တစ်နှစ်လောက် သာသက်တမ်းရှည်ခဲ့ပါသည်။ ထုုတ်ဝေသူမှာ ဦးသန်းထွဋ်ဖြစ်ပြီး ကျွန်မတုုိ့အဘွား မေမေကြီးဒေါ်ခင်မျိုးချစ်၏ မိတ်ဆွေလည်း ဖြစ်ပါသည်။ စာရေးဆရာလည်းဟုုတ် သတင်းစာသမားလည်း ဟုုတ်သည့် ဒေါ်ခင်မျိုးချစ်သည် ထုုိမဂ္ဂဇင်းလေးတွင် အယ်ဒီတာအဖြစ်စတင်လုုပ်ကုုိင်ခဲ့ချိန်တွင် သူ၏အဖော်အပေါင်းများစွာကလည်း လာရောက်ပူးပေါင်းကူညီကြပါသည်။ သူတုုိ့က မဂ္ဂဇင်းလေး လှလှပပထွက်ပေါ်လာဖို့အကြောင်းသာ စဉ်းစားပါသည်။ မဂ္ဂဇင်းသည် သူတုုိ့ အတွက် အလွန်အဖုုိးတန်သော ရတနာတစ်ပါးသဖွယ်ဖြစ်ကာ ဟောသည် စကြာဝဌာကြီးထဲမှာ သူတုုိ့၏နှလုုံးသားများ စီးဝင်နေသော မျှော် လင့်ချက်ပမာ ဖြစ်ခဲ့ရပါသည်။
မဂ္ဂဇင်းအတွက် သူတုုိ့၏ကြိုးပမ်းမူများ
ထုုတ်ဝေသူက ချမး်သာပါသည်။ သုုိ့သော် သူက သူ့ပုုိက်ဆံတွေကုုိ ကလေးများအတွက် မဂ္ဂဇင်းထုုတ်ဖို့သာ အသုုံးပြုလုုိပါသည်။ သူက သူ့မိတ်ဆွေတွေ ကုုိုုယုုံကြည်ပါသည်။ ပန်းချီဆရာကြီးဦးဘကြည်သည် မဂ္ဂဇင်းအတွက် မျက်နှာဖုုံးကုုိ တာဝန်ယူပါသည်။ ဦးဘကြည်သည် မြန်မာပြည်တွင် အလွန်နံမယ်ကြီး ပန်းချီဆရာတစ်ဦးဖြစ်သောလည်း အယ်ဒီတာ့ဆီက ပန်းချီဆွဲခကုုိ အပြည့်မယူပဲဆွဲပေးပါသည်။ တခါတရံ စာမူခရကောရရဲ့လားတောင် မသိပါ။ ဦးဘကြည်သည် မဂ္ဂဇင်းလေးက စာဖတ်သူတွေကြားထဲ ပေါ်ပြူလာမဖြစ်ကြောင်းကုုိ သူကောင်းကောင်းကြီး သိထားသောကြောင့်ဖြစ်ပါသည်။ မဂ္ဂဇင်းလေးအတွက် ပါဝင်လုုပ်ကုုိင်နေကြသူအားလုုံးသည် ထုုိအလုုပ်ကုုိ ပျော်ရွှင် စွာဖြင့်  လုုပ်ခဲ့ကြပါသည်။ သူတုုိ့စာမူခတွေလည်း အပြည့်မယူကြပါ။ သူတုုိ့အားလုုံးသိကြသည်မှာ ထုုိမဂ္ဂဇင်းလေးသည် လူကြိုက်နည်းနေ ရုုံမက ထုုတ်ဝေသူမှာလည်း လစဉ် လစဉ်ဆုုိသလုုိ အရှုံးပေါ်နေတာ ဖြစ်ပါသည်။ သူတုုိ့၏လက်ထဲကသည် မဂ္ဂဇင်းလေးလှလှပပ ထွက် သွားလျှင် သူတုုိ့၏နှလုုံးသားများသည် ပျော်ရွှင်မူဖြင့် ပြည့်သျှံသွားကာနောက်ထွက်မည့် စာအုုပ်အတွက် မျှော်လင့်ချက်များဖြင့် စဉ်းစားကြ ပါတော့သည်။
ဦးဘကြည်၏ အနုုပညာ
ပန်းချီဆရာကြီးဦးဘကြည်သည် မြန်မာပြည်တွင် အလွန်နံမယ်ကြီးသော ပန်းချီဆရာတစ်ဦးဖြစ်ပါသည်။ သူကလစဉ် မဂ္ဂဇင်းမျက်နှာဖုုံးကုုိဆွဲပေးပါသည်။ ဦးဘကြည် သည်လစဉ်ပါလာမည့် အတွင်းကဆောင်းပါးများကာတွန်းများ ဝတ္ထုများ ရေးထားသမျှကုုိ ဂရုုတစ်စုုိက် လေ့ လာပါသည်။ အားလုုံးကုုိသေချာဖတ်ပြီးမှ မျက်နှာဖုုံးအတွက် ဘာဆွဲရမည်ဆုုိတာကုုိ စဉ်းစားပါသည်။ အတွင်းမှာဖော်ပြမည့် ဆောင်းပါး များ ဇာတ်ကောင်များနှင့်ပတ်သက်သော အချက်အလက်များဖြင့် မျက်နှာဖုုံးကိုုရေးဆွဲပါသည်။ ထုုိ့ကြောင့်ပင် စာဖတ်သူများသည် အတွင်း မှာ ဘာတွေပါဝင်နေသလဲဆုုိတာကုုိ မျက်နှာဖုုံးကုုိကြည့်ရုုံနှင့် လွယ်ကူူစွာသိသွားနိုုင်ပါသည်။ ကာတွန်းဆရာများနှင့် ပန်းချီဆရာများစာရေးဆရာများ
ဦဘကြည်၊ ကျော်စိန်၊ တင်ဝင်းတုုိ့သည် မဂ္ဂဇင်း၏ ပုုံမှန်ပင်တို်င်ရေးဆွဲနေသော ပန်းချီဆရာကာတွန်းဆရာများ ဖြစ်ပါသည်။ ပန်းချီတင်ဝင်း၏ “တူးမာနဲ့ အင်္ဂလိပ်စာ” တစ်မျက်နှာ ကာတွန်းက ယနေ့ခေတ် ကာတွန်းမောင်ရစ် ရေးဆွဲနေသော “ရွှေမိနဲ့ အင်္ဂလိ်ပ်စာ” ပုံစံနှင့် အတူတူ ဖြစ်ပါသည်။ ကာတွန်း ကျော်ဆန်း (ကဆ) (မီးပုန်းပျံဦးကျော်ရင်၏ သား) ၏ “မိမော် ကဆ” ကာတွန်း၊ ဦးလေးမှူးတင် (သိပ္ပံမှူးတင်)-ပန်းချီတင်ဝင်း သိပ္ပံဇာတ်တမ်းသရုပ်ဖော်များကား စိတ်ဝင်စားဖွယ် အပြည့်ဖြစ်ပါသည်။ ပန်းချီဆရာ ကာတွန်းဆရာများက အခန်းဆက် တွေရော တစ်မျက်နှာကာတွန်းတွေရောလစဉ် ရေးဆွဲကြခြင်းဖြစ်ပါသည်။ တချိူ့နေရာများတွင် စာဖတ်သူများကုုိ အင်္ဂလိ်ပ်စာသင်ခန်းစာများ ပေးပါသည်။ တချိူ့မှာရှိတ်စပီးယား၏ ပြဇာတ်များကုုိ သရုုပ်ဖော်ထားပါသည်။ သူတုုိ့ဆွဲထားတာများ အလွန်ကောင်းပါသည်။ သိပံဝတ္ထု များ စုုံထောက်ဝတ္ထုသရုုပ်ဖော်များပါဝင်ပါသည်။ ကျွန်မအဘွားသည် ရှိတ်စပီးယား၏ ပြဇာတ်များဖြစ်သော မစ်ဆမ်းမားနုုိက်ဒရင်း၊ မားချန့် အော့ဖ်ဗင်းနစ်၊ မက်ဘက်ပြဇာတ်များကုုိဘာသာပြန်ကာ ဦးဘကြည်က ရေးဆွဲပါသည်။စာရေးဆရာသော်တာဆွေသည် ဝတ္ထုတိုများနှင့် တခါတရံ မြန်မာ့ရုုိးရာယဉ်ကျေးမူဆုုိင်ရာအကြောင်းများကုုိ ဝင်ရေးသားပါသည်။ ကျွန်မတုုိ့အဘုုိး ဦးခင်မောင်လတ်သည် အင်္ဂလိပ်စာသင်ခန်း စာများကုုိ သူ့မြေးအမွှာနှစ်ကောင်ကိုု သင်ပေးသောပုုံစံဖြင့် ရေးသားပေးပါသည်။ ကျွန်မဖခင်သည် ထုုိအချိန်တုုန်းက စီးပွားရေးတက္က သိုုလ်တွင် သချင်္ာဆရာတစ်ဦးဖြစ်ပြီး ပျော်တော်ဆက်အတွက် မောင်ပညာအမည်ဖြင့် “သချာင်္ပုံပြင်” ဟူ၍ သချင်္ာညဏ်စမ်းများကုုိ ရေးပေးခဲ့ ပါသည်။ ဒိုင်းခင်ခင် မလှသန်း၊ မောင်ခင်မင်၊ တိမ်မိုးလှိုင်၊ သခင်သန်းဖေ (မန္တလေး) တက္ကသိုလ်ကြည်မာ၊ မင်းသုဝဏ်တို့အပြင် တခြားသော ဝုုိင်းဝန်းရေးသားပေးကြသော ပညာရှင်များစာရေးဆရာများ များစွာရှိပါသေးသည်။
ပျော်ဖို့အတွက် စာဖတ်ပါ
မဂ္ဂဇင်းတစ်အုုပ်လုုံးကုုိလေ့လာကြည့်လျှင် ရုုပ်ပုုံများ သရုုပ်ဖော်ကားချပ်များကုုိ အလွယ်တကူတွေ့ကြရပါသည်။ တခါတရံ စာတစ်မျက်နှာလုုံးတွင် သိပ္ပံပညာရှင်တစ်ဦး၏ နံမယ်ကျော်အဆုုိအမိန့်တစ်ခုုကုုိ စာတစ်ကြောင်းမျှဖြင့် တင်ပြထားပြီး စာမျက်နှာ လေးပုံတစ်ပုုံက ထုုိ သိပ္ဗံပညာရှင်၏ ကာတွန်းရုုပ်ပုုံ သိုု့မဟုုတ် ဓါတ်ပုုံကုုိ တင်ပြထားပါသည်။ ကျန်သောနေရာက ကွက်လပ်အတုုိင်းထားပါသည်။ ထုုိအခါ စာဖတ်သူသည် ထုုိစာကြောင်းကုုိ အဆုုိအမိန့်ကုုိ ဖတ်မိယုုံမက စာမျက်နှာ၏ ထူးခြားသောဒီဇုုိင်းကြောင့် ထုုိထင်ရှားသော သိပ္ပံပညာရှင် ကုုိလည်းမှတ်မိသွားကာ သူ့အဆုုိအမိန့်ကုုိလည်း အလွတ်ရသွားနုုိင်ပါသည်။ ပါဝင်သောဆောင်းပါးများ ပုုံဝတ္ထုများကုုိလည်း ရုုပ်ပုုံများ ဖြင့်စိတ်ဝင်စားစရာ တင်ပြထားကာစာကြောင်းများသည် စာမျက်နှာများထဲ ချောင်ချောင်ချိချိပင် တွေ့ကြရမည်ဖြစ်ပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာများသည် ရှင်းရှင်းနှင့် ခေါင်းထဲလွယ်လင့်တကူ ဝင်ရောက်သွားနုုိင်အောင် တင်ပြမူများကား ဤမဂ္ဂဇင်းလေး၏ ထူးခြားမူများ ဖြစ်ပါသည်။ တခါတရံ နံမယ်ကျော် ရှိတ်စပီးယား ပြဇာတ်တစ်ပုဒ်ဖြစ်သော တန်းပက်စ်ပြဇာတ်ကို အင်္ဂလိပ်လိုသာတင်ပြထားသော အင်္ဂလိ်ပ်စာ အဖတ်လေ့ကျင့်ဖို့ ကဏ္ဍကို တွေ့ဖူးပါသည်။
မေမေကြီးဒေါ်ခင်မျိုးချစ် မကြာခဏပြောလေ့ရှိသောစကားကုုိ ပြန်ကောက်ရရင်တော့ စာဖတ်တယ်ဆုုိတာပျော်ဖို့ပါ။ ဒီစာအုုပ်လေးကုုိလည်း ဖတ်သူတွေ ပျော်ဖို့ပါ။ ဒါဟာဒီမိသားစုုပျော်တော်ဆက် ဟာသစာစောင် ထုုတ်ရခြင်းပါပဲ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ ဒါကုုိဖတ်ရင်း ပညာရတယ်တုုိ့ ပညာတုုိးတယ်တုုိ့ ဆိုုတာတွေက နောက်ဆက်တွဲတွေပါ။ အဓိကကတော့ ပျော်ဖို့အတွက် စာဖတ်ပါ။
သူတုုိ့၏အိပ်မက်
မဂ္ဂဇင်းထွက်လာတာ လအနည်းငယ်ရှိပြီ ဖြစ်ပါသည်။ သိုု့သော် ထုုတ်ဝေသူမှာ ငွေသောက်သောက်လဲ ရှုံးလျှက်ရှိပါသည်။ သုုိ့သော် သူတုုိ့ အားလုုံးစိတ်ဓါတ်မကျပါ။ သူတုုိ့က မဂ္ဂဇင်းလေးထွက်လာတာကုုိ ကြည့်ပြီး ပျော်ရွှင်လျှက်ရှိနေကြပါသည်။ သူတုုိ့မျှော်လင့်သလုုိ တစ်နေ့မှာဖြစ်လာပါလိမ့်မည်……. မဝေးတော့ပါ… ဟူ၍ စိတ်ကူးယဉ်လျက် ရှိနေကြပါသည်။
တကယ်ပဲဖြစ်လာပြီလား
စာဖတ်သူများသည် စစချင်းမှာတော့ သည်မဂ္ဂဇင်းလေးကုုိ ဂရုုမစုုိက်မိကြပါ။ သူတုုိ့ကမဂ္ဂဇင်းလေးကုုိတွေ့တော့ ကောက်ကုုိင်ကာ ဖတ် ကြည့်ကြပါသည်။ သူတုုိ့ကသည် မဂ္ဂဇင်းလေးဟာဖြင့် အနုုပညာစိတ်အပြည့်အဝရှိကြသော စာရေးဆရာတွေ ပန်းချီဆရာတွေ၏ ကြိုးပမ်းမူ ဖြစ်တယ် ဆုုိတာကုုိမစဉ်းစားမိကြပါ။ ၈ လ သုုိ့မဟုုတ် ၉ လခန့်ကြာသောအခါ စာဖတ်သူတွေ က မဂ္ဂဇင်းကုုိအာရုုံစုုိက်မိသွားကာ ဝယ်ဖတ်ဖို့ စဉ်းစားလာကြပါသည်။ တချို့က ထုုိမဂ္ဂဇင်းများကုုိစုုကာ သူတုုိ့စာကြည့်တုုိက်မှာ ထားကြပါသည်။ တချိူ့ကအရှေ့ကထွက်ပြီးသား မဂ္ဂဇင်းများကုုိ ပြန်ရှာဝယ်ကြပါသည်။ ဒါဟာအောင်မြင်ဖို့အတွက် လမ်းပွင့်လေပြီဟုု ထင်စရာဖြစ်ပါသည်။
ဝမ်းနည်းဖွယ် အဆုုံးသတ်
ပရိသတ်ဆီက စိတ်ဝင်စားလာသော တရှိန်ထိုးတုုန့်ပြန်မူများ ရခဲ့သည့်အချိန်အခိုက်အတန့်လေးတွင် ထုုိ “ပျော်တော်ဆက်”  မိသားစုုမဂ္ဂဇင်း လေးသည် နားလည်ဖို့ ညဏ်မမှီနုုိင်သည့် ထုုတ်ဝေသည့်ဥပဒေတစ်ခုုနှင့် ညိကာအပိတ်ခံလုုိက်ရပါသည်။
အုုိ … ပျော်တော်ဆက်လေး…. 
မင်းကပန်းတစ်ပွင့် ကြွေလွင့်ရသလုုိ…..
အကြွေစောလေခြင်း…. 
ဒါပေမယ့် ….
မင်းသေဆုုံးသွားပေမယ့် …..
ငါတုုိ့က အခုုထိသတိရနေကြဆဲပါပဲလေ….။
သတိရနေဆဲ……ကျွန်မသည် ပျော်တော်ဆက် မဂ္ဂဇင်းဟောင်းအကြွင်းအကျန်များကုုိ ကျွန်မအဘုုိးအဘွားများဆီက တွေ့ဖူးပါသည်။ မဂ္ဂဇင်းထဲတွင် မြန်မာ ပညာရှင်ကြီးများဖြစ်သော ဆရာဦးကုုိကိုုကြီး၊ သခင်သိန်းဖေ၊ မင်းသူရိန် အစရှိသည်တုုိ့၏ ဆောင်းပါးများကုုိတွေ့ရပါသည်။ ကျွန်မဖတ် ရတာ အလွန်နှစ်ခြိုက်လှပါသည်။ ပျော်တော်ဆက်ကုုိမမေ့တာ ကျွန်မတစ်ယောက်တည်း မဟုုတ်ပါ။ 
တချို့သော လူငယ်လူရွယ်လေးများလည်း ပျော်တော်ဆက်အကြောင်းကုုိ သတိရနေဆဲပြောနေကြဆဲ ဖြစ်ပါသည်။ တချိူ့မှာသူတိုု့ အိမ် က စာအုုပ်စင်လေးတွေမှာရှိနေဆဲ ဖြစ်ပါသည်။ တချို့လည်း စာအုုပ်အဟောင်းအရောင်းဆုုိင်တွေမှာတွေ့ရင် ဝယ်ယူနေကြဆဲ ဖြစ်ပါသည်။ “ပျော်တော်ဆက်” ကား တချို့သော စာဖတ်သူများရင်ထဲရှိနေဆဲ အမှတ်ရနေဆဲ ဖြစ်ပါသည်။

video on YouTube in 2022

Friday, May 9, 2014

ေ(အေးရိပ်သာ၊ ဦးလေးကိုဝင်းတင်နှင့် ပါတီစုံ ဒေါက်တာခင်မောင်ဝင်း (သချာင်္)၊



(အေးရိပ်သာ၊ ဦးလေးကိုဝင်းတင်နှင့် ပါတီစုံ
ဒေါက်တာခင်မောင်ဝင်း (သချာင်္)၊ ဧပြီ ၂၆၊ ၂၀၁၄
ကျနော် ငယ်စဉ်က ကလေးဘဝမှ စ၍ ဦးလေးကိုဝင်းတင်ဟုခေါ်သော ပုဂ္ဂိုလ်ကို အများက ဟံသာဝတီဦးဝင်းတင်ဟု သိကြပါသည်။ ဦးလေးကိုဝင်းတင်သည် မိုးမခမဂ္ဂဇင်းတွင် နောက်ဆုံးရေးသားခဲ့သော “မိုးမခ လမ်းမှန်ပါစေ” ဟူသောဆောင်းပါးတွင် ၁၉၉၀ ကာလက သူ၏ဘဝနှင့် ပတ်သက်၍ ဤသို့ ရေးသားထားပါသည်။
“အဲဒီအချိ်န်က လွတ်လပ်ရေးတိုက်ပွဲဝင် စာရေးဆရာမကြီး ဒေါ်ခင်မျိူးချစ်တို့ မိသားစု ရန်ကုန်တက္ကသိုလ် တကောင်းဆောင်ဝင်းကြီးထဲမှာ နေတယ်။ အေးရိပ်သာဆိုတဲ့ တန်းလျားလေးမှာ။ စာရေးဆရာသော်တာဆွေတို့၊ ကဗျာဆရာမကြည်အေးတို့၊ နာမည်ကျော်အနုပညာရှင် တက္ကသိုလ်ကျောင်းသူ မလှသန်း (နောင် လေတပ်ဗိုလ်ကြီးမမ)။ ပြီးတော့ ကျုပ်တို့ရဲ့ စားအိမ်၊ သောက်အိမ်၊ အိပ်အိမ်၊ နားအိမ်၊ ကဗျာအိမ်၊ အကအိမ်၊ အလှအိမ်ပေါ့။ ကျုပ်က အဲဒီအချိန်က သထုံဆောင်မှာ နေတယ်” …  “အေးရိပ်သာဆိုတာက ဆရာကြီးမင်းသုဝဏ်ရဲ့ အေးရိပ်သာတဲ့ ပင်ညောင်ညို ဆိုတဲ့ ကဗျာကို ပဲ့တင်သံ ရောင်ပြန်ဟပ်နေတဲ့ နေရာကလေးပေါ့” …
ဤသည်ကား ဦးလေးကိုဝင်းတင်ရေးခဲ့သော အေးရိပ်သာအကြောင်း ဖြစ်ပါသည်။ အေးရိပ်သာအမည်ရှိသော ပျဉ်ထောင်အိမ်ကလေးမှာ ယခု မရှိတော့ပါ။ ထိုနေရာကို ယခုရှိနေသောနေရာများကိုညွှန်း၍ ပြောရလျင်၊ ၎င်းတည်နေရာမှာ ယခုအဝေးသင်တက္ကသိုလ်ရှိသော နေရာ၏ အနောက်မြောက်ဘက်၊ ဘီအိုစီကောလိပ်၏ အနောက်တောင်ထောင့် ဖြစ်ပါသည်။
ဦးလေးကိုဝင်းတင်ရေးခဲ့သည့်အတိုင်း ‘တကောင်းဆောင်ဝင်းကြီးထဲ’ ဟူသည်မှာလည်း မှန်ပါသည်။ ပို၍ အတိအကျပြောရလျင် တကောင်းဆောင်၏ အရှေ့ဘက်၊ ၅မိနစ်လောက် လျှောက်လျှင် အေးရိပ်သာကို ရောက်ပါသည်။ ထိုအချိန်က ဦးလေးကိုဝင်းတင်သည် သထုံဆောင်တွင် နေသည်ဟု သူကိုယ်တိုင် ရေးသားထားသည်ကို ဖတ်ရပါသည်။ သူနေသော သထုံဆောင်မှ တောင်ဘက်တည့်တည့် လျှောက်လာမည်ဆိုလျင် ရှေးဦးစွာ ကုက္ကိုင်းလမ်းကို ကူးရပါပြီ။ ထိုအခါ တက္ကသိုလ်ရေကူးကန်နှင့် ပိတောက်ပင်များရှိသောလမ်းကို ရောက်ပါလိမ့်မည်။ ထိုလမ်းအတိုင်း တင်းနစ်ကွင်းများ၊ ဘော်လုံးကွင်းတို့ဘေးမှ ဖြတ်သွားလျင် ဘီအိုစီကောလိပ်ကို ရောက်ပါသည်။ ဘီအိုစီကောလိပ်ဘေးရှိ ခရေပင်များရှိသော လမ်းအတိုင်းလျှောက်လျင် ထိုလမ်းအဆုံး၊ ညာဖက် (အနောက်ဘက်)တွင် အေးရိပ်သာဟူသော ပျဉ်ထောင်အိမ်လေးကို တွေ့ပါမည်။ သထုံဆောင်မှ စ၍ ၁၅မိနစ်လောက် လျှောက်လျှင် ရောက်ပါသည်။
ကျနော်တို့မိသားစုနှင့် ရင်းနှီးသောမိတ်ဆွေများ၏ ပတ်ဝန်းကျင်တွင် ဦးဝင်းတင်ကို ‘အေးရိပ်သာအုပ်စု’၏ အုပ်စုဝင်ဟု သတ်မှတ်ပါသည်။ ယခုအခါတွင် အေးရိပ်သာဟူသောအမည်ကိုပင် ဘယ်သူမှ မသိကြတော့ပါ။ သို့သော်လည်း ကျနော်တို့၏ ကျဉ်းမြောင်းသော ပတ်ဝန်းကျင်တွင် အေးရိပ်သာအုပ်စုထဲတွင် ပါဝင်ခြင်းကို ဂုဏ်တရပ်အဖြစ် မှတ်ယူကြပါသည်။
ဦးဝင်းတင်၏ ကိုယ်ရေးအထုပ္ပတ္တိအရ ၁၉၅၀ မှ ၁၉၅၄ တွင် စာပေဗိမာန်တွင် လက်ထောက်အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ၁၉၅၃တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံတွဲတို့ဖြင့် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုကာလတွင် အေးရိပ်သာအုပ်စုထဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။ ဦးဝင်းတင်ပါဝင်သော အေးရိပ်သာအုပ်စုထဲတွင် ဦးဝင်းတင်၏ ဆောင်းပါးတွင် ရေးသားသောသူများအပြင် အခြားပုဂ္ဂိုလ်အချို့၏ အမည်များကို ဖော်ပြရသော် – ရုပ်ရှင်ဒါရိုက်တာ ဦးသုခ၊ ဦးဝင်းဖေ (စာရေးဆရာမြဇင်)၊ ကာတွန်းဦးဘဂျမ်း၊ ဦးဇော်ဝိတ် (လက်ဝှေ့ချန်ပီယံ)၊ တက္ကသိုလ်ဘုန်းနိုင်၊ အဆိုတော် တက္ကသိုလ်ကြည်မာ၊ နောင်အခါ ဂီတနယ်တွင် မြန်မာပညာရှိဟူသောအမည်ဖြင့် ထင်ရှားလာသူ ဦးဂုဏ်ဘန်၊ ဓမ္မိကဦးဘသန်းတို့ ဖြစ်ပါသည်။ ကာတွန်းဦးဘဂျမ်းနှင့် ဦးဇော်ဝိတ်တို့သည် ထိုအချိန်ကပင် ထင်ရှားကျော်ဇောသော ပုဂ္ဂိုလ်များဖြစ်ခဲ့ပါသည်။ ကျန်ပုဂ္ဂိုလ်များမှာ အနုပညာနယ်ပယ်အသီးသီးတို့တွင် စတင်အခြေချနေသူများ ဖြစ်သည်။ ဤသည်ကား ထိုအချိန်က ဦးဝင်းတင်၏ ပတ်ဝန်းကျင်ဖြစ်ပါသည်။
ဦးဝင်းတင်၏ မိုးမခဆောင်းပါးတွင် ရေးထားသည့်အတိုင်း အေးရိပ်သာသည် ‘ကဗျာအိမ်၊ အကအိမ်’ စသည်တို့ ဖြစ်ခဲ့သည်မှာ မှန်ပါသည်။ ထိုအချိန်က စာရေးဆရာပြဇာတ်များ ခေတ်စားသည့်အချိန်ဖြစ်ရာ ကျနော့်မိဘများနှင့်အတူ စာရေးဆရာပြဇာတ်တွင် ပါဝင်ခဲ့သော စာရေးဆရာများ ပြဇာတ်များစွာတို့ကို ဇာတ်တိုက်ရာ နေရာလည်း ဖြစ်ခဲ့ပါသည်။
၁၉၅၃ နောက်ပိုင်း အေးရိပ်သာမရှိတော့သည့်နောက်ပိုင်းတွင် ဦးလေးကိုဝင်းတင်နှင့် ဆယ်လက်၍ အဆက်အသွယ်ရှိနေခဲ့ပါသည်။ ၁၉၆၈ မှ ၁၉၇၈ အတွင်းတွင် ဦးဝင်းတင်သည် ဟံသာဝတီသတင်းစာ (မန္တလေး) အယ်ဒီတာချုပ်အဖြစ် အမှုထမ်းခဲ့စဉ် ကျနော်တို့မိသားစုသည် မန္တလေးသို့ အယလ်သွားခဲ့ပါသည်။ ထိုအချိန်က မန္တလေးအရှေ့ကျုံးလမ်းတွင် ရှိသော ဦးဝင်းတင်၏ နေအိမ်တွင် တည်းခိုခဲ့ကြပါသည်။ ဟံသာဝတီသတင်းစာသည် ထိုအချိန်က အစိုးရသတင်းစာဖြစ်ပါသည်။ အစိုးရသတင်းစာကို အစိုးရက ပိတ်ပစ်ပြီး အယ်ဒီတာချုပ်ကို ဖြုတ်ပစ်၍ အရေးယူသည့်အဖြစ်ကို ရောက်ခဲ့သည်ကို ကြည့်လျင် ဦးဝင်းတင်၏ အရည်အချင်းကို သိနိုင်ပါသည်။
ဦးလေးကိုဝင်းတင်နှင့် ၁၉၈၈တွင် ပါတီစုံဒီမိုကရေစီတောင်းဆိုသော လူထုအုံကြွမှုကာလတွင်းလည်း ပြန်လည်၍ တွေ့ဆုံပါသည်။ ထိုအချိန်က ပါတီစုံစနစ်ကို တောင်းဆိုကြသော ကြေငြာစာတမ်းကို လက်မှတ်ထိုးရန်အတွက် ဦးဝင်းတင်နှင့် စာရေးဆရာအချို့ အိမ်ကို ရောက်လာကြပါသည်။
ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ဦးဝင်းတင်၏ မိုးမခမဂ္ဂဇင်းဆောင်းပါးတွင် ဤသို့ ရေးသားထားသည်ကို ဖတ်ရပါသည်
” … ရှစ်လေးလုုံးအရေးတော်ပုုံကြီးရဲ့ အစဦးပိုု်င်းရက်တွေမှာ စာပေစာနယ်သမားတွေ လက်တွဲဆန္ဒဖော်ထုုတ်မှု ပေါ်ပေါက်လာတယ်။ အာဏာ ရှင်တွေက လူထုုအုုံကြွမှုကြီးကိုု အကြမ်းဖက်ဖြိုခွဲခဲ့တယ်။ အဲဒီရက်ရက်စက်စက် ချေမှုန်းမှုကြီးကိုု စာပေစာနယ်ဇင်းသမားတွေက ဆန့်ကျင် ကန့်ကွက်ခဲ့ကြတယ်။ ဒီမိုုကရေစီတောင်းဆိုုချက်တွေ ဖော်ထုုတ်ခဲ့ကြတယ်။
ကျုပ်တိုု့ (ဝင်းခက်ရယ်၊ လေသူရဲတဦးရယ်) ဒေါ်ခင်မျိုးချစ်အိမ်ရောက်သွားတယ်။ နေ့လည်ပိုုင်းက မောင်သော်ကအိမ်မှာ ကျုပ်ရယ်၊ မောင်သော်ကရယ်၊ မောင်ကိုုယုုရယ်၊ ဝင်းခက်ရယ်၊ လေသူရဲတဦးရယ်၊ စာပေစာနယ်ဇင်းသမားတွေရဲ့ ဆန္ဒသဘောထား ကျေညာချက် စာတန်းကိုု ရေးဆွဲ လက်မှတ်ထိုုးခဲ့တယ်။ အဲဒီကတဆင့် ကာတွန်းငွေကြည်အိမ်သွားတယ်။ သဘောတူ လက်မှတ်တောင်း တယ်။ ဒုုတိယ ဆရာကြီး မင်းသုုဝဏ်အိမ်သွားတယ်၊ လက်မှတ်တောင်းတယ်။ ဒေါ်ခင်မျိုးချစ်အိမ်က တတိယရောက်တဲ့ အိမ်ပဲ။
ဒေါ်ခင်မျိုးချစ်က အိပ်ရာထဲ လဲနေတယ်။ ကျုပ်တိုု့အဖွဲ့က စာပေစာနယ်ဇင်းသမားတွေရဲ့ ကျေညာစာတန်းကိုု ပြတယ်။ သဘောတူ လက်မှတ်တောင်းတယ်။ အမကြီးက အပြေးအလွှားဖတ်ကြည့်တယ်။ ဖတ်လဲပြီးရော ငိုုလိုုက်တာ။ ဟီးချလိုု့၊ ချုံးပွဲချလိုု့ ငိုုတာ။ ကျုပ်ကိုု ဖက်အော်တယ်။
“ကိုုဝင်းတင်ရေ … ရှင်လုုပ်ဖော်ရတယ်။ ကျေးဇူးတင်တယ်။ ဝမ်းသာလိုုက်တာ” တဲ့။
သူ့တမျက်နှာလုုံးကတော့ မျက်ရည်အိုုင်ထွန်းလိုု့။ …”
ဤသည်ကား ဦးဝင်းတင်၏ ရေးသားချက်မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ ထိုအချိန်က ဦးလေးကိုဝင်းတင်နှင့် ကျနော်တို့ စကားပြောရာတွင် ကျနော်က ဤသို့ ပြောပါသည်။
” ကျနော်က ဦးလေးကိုဝင်းတင်ကို ပုဂ္ဂိုလ်ရေးအရ ခင်ပြီးသား၊ ယုံကြည်ပြီးသားဆိုတော့ အထူးတိုက်တွန်းစရာ မလိုပါဘူး။ ဦးလေးက လက်မှတ်ထိုးခိုင်းရင် ဘာပဲဖြစ်ဖြစ် ထိုးမှာပါပဲ။ ဒါပေမယ့် ရေရှည်အနေနဲ့ မျှော်ကိုးပြီး ဦးလေးကို တောင်းဆိုချင်တာ ၂ ခု ရှိပါတယ်။ တခုက အခုလောလောဆယ် ပါတီစုံဒီမိုကရေစီတောင်ဆိုတဲ့ ကိစ္စ။ ဒီကိစ္စမှာ တပါတီစနစ်ကို ပယ်ပြီး ပါတီစုံစနစ်ကို ဘာကြောင့် လုပ်သင့်တယ် ဆိုတာကို လူတိုင်းနားလည်တဲ့စကားနဲ့ တိုတိုရှင်းရှင်းလေး ကျနော့်ကို ပြောပြပါ။ နောက်တခုက နိုင်ငံရေးသိပ္ပံဘာသာရပ် ကိစ္စ။ ကျနော်က သချာင်္မှာသာ ပါရဂူဘွဲ့ရထားတာ၊ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာတော့ တကယ့်ငတုံးပဲ။ ဒါကြောင့် ဒီဘာသာရပ်ကို အခြေခံက စပြီး လေ့လာချင်ရင် ဘာတွေကို စ ဖတ်ရမလဲ။ အကြံပေးပါ။”
ပထမမေးခွန်းနှင့် ပတ်သက်၍ ဦးလေးကိုဝင်းတင်က ဤသို့ ရှင်းပြသည်။
” ပါတီစုံစနစ်ရဲ့ ကောင်းကျိုးတွေကို သိပ်ရှည်ရှည်ဝေးဝေး ပြောနေစရာ မလိုပါဘူးကွာ။ အခုတပါတီစနစ်အောက်မှာ ၂၆ နှစ်လုံးလုံး နေလာခဲ့ပြီးပြီ။ ဒီအတွေ့အကြုံအရ တပါတီစနစ်ဟာ ကောင်းသလား၊ ဆိုးသလား၊ ကိုယ်တိုင်ဆုံးဖြတ်ပေါ့။ ဒီနေရာမှာ တပါတီစနစ်က ကောင်းပါတယ်လို့ ယူဆသူတွေကိုတော့ ဘာမှ ပြောစရာမလိုဘူး၊ ဖယ်ထားလိုက် တပါတီစနစ်ဟာ မကောင်းဘူးလို့ ယူဆသူတွေကို ဒီတခုပဲ ပြောဖို့လိုတယ် – ပါတီစုံစနစ်ဟာ တပါတီစနစ်ရဲ့ ဆန့်ကျင်ဘက်ပဲ။ တခုခုဟာမကောင်းဘူး ဆိုရင် အဲဒါရဲ့ ဆန့်ကျင်ဘက်ဟာ ကောင်းရမှာပေါ့။ မောက်းတဲ့စနစ်တခုရဲ့ ဆန့်ကျင်ဘက်ဖြစ်တာကြောင့် ဒီစနစ်ကို ကျင့်သုံးကြည့်ဖို့ အကြောင်းပဲ။ ဒါဟာ အလွယ်ဆုံးနဲ့ အနိမ့်ဆုံးအဆင့်ပါပဲ။ ဒါထက်ပိုပြီး သိဖို့ကတော့ မင်းရဲ့ ဒုတိယမေးခွန်းကို ဖြေရလိမ့်မယ်။ …
ငါတို့တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ပြဌာန်းခဲ့တဲ့ ဖတ်စာအုပ် ၂အုပ် ဖတ်ခဲ့ရတယ်။ အဲဒီစာအုပ်တွေကတော့ Wanlass ရေးတဲ့ Gettell’s History of Political Thought နဲ့ Sabine ရေးတဲ့ History of Political Theory တို့ပဲ။ အဲဒီစာအုပ် ၂အုပ်ကို အရင်ဖတ်ကြည့်ပေါ့ကွာ။”
ဦးလေးကိုဝင်းတင်ပြောခဲ့သည့် စာအုပ် ၂အုပ်သည် နိုင်ငံရေးသိပ္ပံဘာသာရပ်နှင့် ပတ်သက်၍ ကျနော် ပထမဦးဆုံး ဖတ်ဖူးသော စာအုပ်များ ဖြစ်လာပါသည်။
နောက်ပိုင်းတွင် ဦးလေးကိုဝင်းတင်နှင့် ပတ်သက်သော အကြောင်းအရာများမှာ အများသိပြီးဖြစ်၍ ထပ်ရေးရန် မလိုတော့ပါ။ ‘ကံကောင်းလျှင်’ အားလုံးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းထဲတွင် ပါဝင်လာပါလိမ့်မည်ဟု မျှော်လင့်လျှက် …။    ။

 

Wednesday, May 7, 2014

မိုးမခ ဆိုတဲ့ မြားတစ်စင်း ဂျူနီယာဝင်း



မိုးမခ ဆိုတဲ့ မြားတစ်စင်း
ဂျူနီယာဝင်း၊ မေ ၆၊ ၂၀၁၄
မိုးမခ အွန်လိုင်းမီဒီယာ တစ်ခုက အခုတော့ အင်လိုင်းမီဒီယာ အဖြစ်နဲ့ ပြည်တွင်းမှာ တကယ်ထွက်ရှိ လာပါတယ်။ အင်တာနက်မလို လိုင်းကောင်းဖို့မလို တယ်လီဖုန်းနဲ့ကြည့်ရလို့ စာလုံးချဲ့ ကြီးစရာမလိုတဲ့ တကယ်ပဲ လက်နဲ့ကိုင်ဖတ်လို့ ရတဲ့စာအုပ်ပါ။ တစ်လတစ်ခါ ထွက်ပါတယ်။ စာအုပ်ထုတ်ဝေသူများ အထူးတလည် ရှောင်ကြတဲ့ ဧပြီလဆိုတဲ့ သင်္ကြန်ကာလအတွင်းမှာ စတင်ပြီးထွက်လာခဲ့တာ ဖြစ်ပါတယ်။ အမှန်တရားအတွက် တစ်သက်လုံး ရပ်တည်သွားခဲ့သူ ဟံသာဝတီဦးဝင်းတင်ကိုယ်တိုင် နောက်ဆုံးရေးပေးခဲ့ အားပေးခဲ့တဲ့ မိုးမခ အထူးဆောင်းပါးကို ရှားရှားပါးပါး ရခဲ့တဲ့ မိုးမခ မဂ္ဂဇင်းပါ။
မိုးမခ ဆိုတဲ့အမည်ကိုက မြန်မာဆန်တယ်။ သည်လို မိုးမခ မြန်မာနံမယ်နဲ့ စာပေလောကထဲ ဝင်လာခဲ့တာကို ကြိုဆိုပါတယ်။ အုပ်ရေ ၁ဝဝဝနဲ့ တန်ဖိုး ၁၅၀၀ ကျပ်ကို မြင်တဲ့သူတိုင်းက တန်တယ်လို့ဆိုကြပါတယ်။ စာအုပ်ထွက်ပြီး စာအုပ်တွေ လက်ဆောင်ပေးတယ်။ ဆိုင်ပေါ်လည်း တင်ပါတယ် ။တစ်ပတ်လောက်နေတော့ စာအုပ်လက်ဆောင်ရတဲ့ သူတွေဆီက စာအုပ်ဖတ်ကောင်းကြောင်း ပြန်ကြားရတယ်။ သည်လိုစာအုပ်မျိူး ထူးခြား ဆန်းပြား ကောင်း သတဲ့။
အင်း…… မိုမခ မဂ္ဂဇင်း လူတွေသိသွားဖို့ စာအုပ်ဆိုင်တွေဆီ စာအုပ်တွေလိုက် မိတ်ဆက်ကြ၊  ချွှေးတလုံးလုံး ပြေးလွှားနေကြတဲ့ မိုးမခဝိုင်းတော်သားတွေကို ကြည့်ပြီး မိုးမခ မဂ္ဂဇင်း ကြော်ငြာပေးတာပါ။ ဟော..အခု ဒုတိယ ခြေလှမ်း နံပါတ်၂ ထွက်လာပါပြီ။ ဒုတိယအုပ်ပေါ့။ နာယက နေရာမှာ ဘဘဦးဝင်းတင် မရှိတော့ဘူး။ ဒါစိတ်မကောင်းစရာပေ့ါ။ ဒါပေမယ့် ဘဘရေ … ဘဘက တသက်လုံး အမှန်တရားအတို်င်းရပ်တည် ခဲ့သလို မိုးမခ လည်းကြိုးစားရပ်တည် နေကြပါတယ်။ သူတို့ ဘယ်လောက်ရှင်သန် သွားနိုင်ကြမလဲ ဆိုတာကတော့ မြန်မာပြည်တွင်းက စာဖတ်သူများရဲ့ အားပေးမူနဲ့ ဆိုင်ပါတယ်။
သည်တော့မိုးမခ မဂ္ဂဇင်း မြန်မာပြည်မှာ ထွက်ပေါ်လာခြင်းနဲ့ ပတ်သက်လို့  H.W.Longfellow ရေးတဲ့ The Arrow and the Song ဆိုတဲ့  ကဗျာလေးကို သတိရမိတယ်။ ကဗျာဆရာက သူရေးလိုက်တဲ့ကဗျာ တစ်ပုဒ်ဟာ တဲ့။ လေထဲကို ပစ်လွှတ်လိုက်တဲ့ မြားလေးတစ်စင်းနဲ့ အလားသဏ္ဍာန်တူပါတယ် တဲ့။ သူဟာ သူ့ကိုယ်သူ များပစ်သမားနဲ့ အတူတူပါပဲ လို့ဆိုလိုပါတယ်။ လေထဲတိုးဝင်သွားတဲ့ မြားဟာ တစ်နေရာရာမှာကျသွားသလို သူရေးလိုက်တဲ့ ကဗျာတစ်ပုဒ်မှာလည်း အကျိူးသက်ရောက်မူ ရှိပါတယ် တဲ့။ တချိန်ချိန်မှာ ဝက်သစ်ချပင်တစ်ပင်မှာ စိုက်နေတဲ့မြား ကို မြားပိုင်ရှင်က ရှာတွေ့ချင်တွေ့နိုင်သလိုပဲ ကဗျာဆရာဟာလည်း သူရေးဖွဲ့လိုက်တဲ့ ကဗျာကို ခံစားဖတ်ရူ နေတဲ့ သူစိမ်းတစ်ယောက်ကို ရှာတွေ့ချင်လည်းတွေ့နိုင်ပါသတဲ့။ နောက်ဆုံးစာကြောင်းလေးကို အခုလိုရေးထားတယ်။….
“ဒီလိုနဲ့ သူဟာ သူစိမ်းတစ်ယောက်နဲ့ သူငယ်ချင်းဖွဲ့လိုက်နိုင်ပါတော့တယ်…“ ။
သည်တော့ အခုလည်း မိုးမခ ဆိုတဲ့ မြားလေးတစ်စင်းကို ပစ်လွတ်လိုက်ကြပါပြီ။ တချိန်ချိန်မှာတော့ ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းကို ပြန်ရှာတွေ့နိုင်သလိုပဲ တချိန်ချိန်မှာလည်း မိုးမခဆိုတဲ့ မဂ္ဂဇင်းကို နှစ်ချိူက်စွာ ဖတ်ရူ ခံစားနေတဲ့ သူစိမ်းတစ်ယောက်နဲ့ …. ဒါမှမဟုတ်လည်း သူစိမ်းတွေနဲ့ ….. တွေ့ချင်လည်း တွေ့နိုင်ပါလိမ့်မယ်။
သည်လိုနဲ့ ဒုတိယခြေလှမ်း လှမ်း……
နောက်ခြေလှမ်းများစွာအတွက်…….။

မိုးမခ မဂ္ဂဇင်း
စထွက်သည့်လ – ၂၀၁၄ ဧပြီ၊ ဒုတိယစာအုပ် ထွက်သည့်လ – ၂၀၁၄ မေ၊
နာယကများ – ဦးဝင်းတင်၊ ဦးမိုးသူ၊ မောင်စွမ်းရည်၊ ဒေါ်မာမာအေး
အတိုင်ပင်ခံ – ဇာဂနာ၊ ထွန်းဝင်းငြိမ်း၊ သားကြီးမောင်ဇေယျ၊ ကိုရာဇာ
အယ်ဒီတာ – မြင့်ကျော် ခင်မောင်ထွေး
အွန်လိုင်းအယ်ဒီတာ – မောင်ရစ် ဆောင်းလူ အိမ့်ခိုင်ဦး
မန်နေဂျာ -  ရန်နော် (ဗိုလ်တထောင်)
သတင်းအဖွဲ့ -  ဟန်သစ်နိုင် ဆူးအယ်လင်း
moemaka.com
moemaka.blogspot.com
ရန်ကုန်ဖုံး ၀၉ ၂၅ ၄၂၀၀ ၆၀၆
စာတိုက်သေတ္တာ ၈၂၅ ရန်ကုန်စာတိုက်ကြီး ရန်ကုန်
HOME အမှတ် ၅၀/၆၀ ဗို်လ်အောင်ကျော်လမ်း အောက်
အုပ်ရေ ၁၀၀၀
ရောင်းစျေး – ၁၅၀၀ ကျပ်
စာမျက်နှာ – ၁၆၀ ခန့်
ကဏ္ဍများ – သက်ကြီးစကား အယ်ဒီတာစကား မျက်မှောက်ရေးရာ တွေ့ဆုံမေးမြန်း အင်တာဗျူး လူမူရူခင်း၊ စာပဒေသာ၊ ရသစာပဒေသာ မိုးမခကဗျာ မိုးမခကာတွန်း စသည်ဖြင့် …
မိုးမခရဲ့  လိုဂို – မြန်မာစာပေ ယဉ်ကျေးမူ အနုပညာ လွတ်လပ်တဲ့လူ့ဘောင်သစ်
မိုးမခရဲ့ အလှူ – စာကြည့်တိုက်၊ စာဖတ်အသင်း၊ လူမူရေး နှင့် အရပ်ဖက်အသင်းအဖွဲ့တွေ အခမဲ့