တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး
ဂျူနီယာဝင်း
(အတွေးအမြင် အမှတ် ၂၈၈ ၊ ၂၀၁၆ ဇွန်လ)
Nighteen – Eighty – Four ( တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး ) (1984) အမည်တွင်သော စာအုပ်တွင် အစစ အရာရာဆိုးရွားနေသော ခေတ်တစ်ခေတ်ကို George Orwell က ပုံဖေါ်ရေးသားထားသည်။ လက်တစ်ဆုပ်စာ လူနည်းစုတစ်စုက တို်င်းပြည်ကြီးတစ်ခုလုံး ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိန်းချုပ်လျှှက်ရှိသော အခြေအနေ တစ်ခုကို တွေ့ရသည်။
Oceanian အမည်ပေးထားသော ဒေသတစ်ခုမှာ မပြီးဆုံးသော စစ်ပွဲတစ်ခုကို တိုက်လျှက်ရှိသည်။ Big Brother ဟူသော ‘ သင်တို့အား စောင့်ကြည့်နေသော မျက်လုံးများ’ က လူ့အဖွဲ့အစည်းတစ်ခုလုံး၏ နေရာ တိုင်းမှာ ရှိနေသည်။ မိမိတို့အား အုပ်ချုပ်လျှက်ရှိသူကို မတွေ့သော်လည်း ကိုယ့်ကို မယုံသင်္ကာစွာကြည့်နေ သော မျက်လုံးများရှိနေတာကို သိနေရသည်။ လှုပ်ရှားသွားလာလျှက်ရှိသော လူတွေ၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ််ပိုင်းဆိုင်ရာ စိတ်ယန္တရားကြီး တစ်ခုလုံးကိုပင် လွှမ်းမိုးလျှက်ရှိသည်။ လမ်းပေါ်မှာ ၊ လမ်းကြားထဲမှာ ၊ စျေး မှာ ၊ အိမ်ရှေ့ခန်းမှာ ၊ ထမင်းစားခန်း ၊ အိပ်ခန်း ၊ အိမ်သာပါမကျန်စေရ။ နံရံတွေ၏နောက်ဘက်မှာ ၊ စား သောက်ဆိုင်တွေ၏နံရံတွေမှာပင် မျက်လုံးတွေရှိနေသည်။ သင့်ကိုစောင့်ကြည့်နေသော ရုပ်မြင်သံကြားစက် တွေကို ပိတ်ပစ်ဖို့တော့ စိတ်မကူးလိုက်ပါနှင့်။ သင်တို့စကားပြောတာ မျက်လုံးချင်းနှုတ်ဆက်တာကအစ မလွတ် စေရပါ။ သင့်လှုပ်ရှားမှုတွေကိုလည်း ထိုရုပ်မြင်သံကြားစက်ကနေ ဝေဖတ်ထောက်ပြနေဦးမည်ဖြစ်သည်။ သင်္ကာမကင်းခံရလို့ကတော့ ချက်ချင်းလက်ငင်း အဖမ်းခံရဖို့သာရှိသည်။ ထို့ပြင် ဝါဒဖြန့်စကားလုံးတွေ ၊ ပါတီ၏ သဘောထားတွေ ၊ အတွေးအခေါ်တွေကိုလည်း မပြတ်ထုတ်လွှင့်နေမည်ဖြစ်သည်။
သင်သွားသည့်နေရာတိုင်းတွင် ‘ Big Brother က စောင့်ကြည့်နေသည်’ ဟူသော ပိုစတာများ ၊ ဆိုင်း ဘုတ်များ ၊ ဖန်သားမျက်နှာပြင်များ ရှိနေမည်ဖြစ်သည်။ ပါတီခေါင်းဆောင်ကို ဆန့်ကျင်တော်လှန်မှုများလုပ်ဖို့ စိတ်နှင့်တောင် မပြစ်မှားလိုက်ပါနှင့်။ ထောင်နန်းစံကာ အနှိပ်စက်ခံရဖို့သာရှိသည်။ ထို့ထက်အရေးကြီးသောအ ချက််ကတော့ လက်ရှိအခြေအနေနှင့် အတိတ်ကသမိုင်းကို ယောင်လို့တောင် စိတ်မဝင်စားမိစေရန်ဖြစ်သည်။ Oceanian က လူများသည် ထိုအခြေအနေအောက်တွင် နေသားကျလျှက်ရှိသည်။
ဝထ္ထုထဲကဇာတ်ကောင် Winston Smith ၏ဘဝကို ၁၉၈၄ ခုနှစ် ဧပြီလ ၄ရက်နေ့ကစထားသည်။ Smith သည် သူ၏ကလေးဘဝက ၁၉၄၉ မှ ၁၉၅၃ ကြားကာလကို ဥရောပ ၊ ရုရှအနောက်ဘက်နှင့် မြောက်အ မေရိကတို့မှာ အဏုမြူစစ်ပွဲကြီး ကျင်းပခဲ့ချိန်အတွင်း ကုန်လွန်ခဲ့ရတာကို မှတ်မိနေသည်။ သို့သော် သူ့စိတ်ထဲ တွင် ပြည်တွင်းစစ်က အရင်လား ၊ အမေရိကက ဗြိတိသျှအင်ပါယာကို စတိုက်တာလား ၊ ‘ ကိုချက်စတာ’ ဟူ သောဒေသကို ဗုံးကြဲတာက အရင်လား စတာတွေကို သဲသဲကွဲကွဲမမှတ်မိပါ။ သို့သော်လည်း နူကလီးယားစစ်ပွဲ ကအရင်ဖြစ်လိမ့်မည်ဆိုတာကိုတော့ သူ့မိသားစုတွေ တကွဲတပြားဖြစ်သွားတာကို စဉ်းစားမိတော့ အဖြေပေါ်လာ သလိုပဲ။ ဟုတ်တယ် …… နောက်မှပြည်တွင်းစစ်ကဖြစ်တာ။ အဲဒီတော့ လန်ဒန်ဟာ ပျက်စီးသွားတယ်ပေါ့။ Smith ဟာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ကြီးပြင်းလာတယ်။ တော်လှန်ရေးအတွင်းမှာ ပါတီကအာဏာရလာ တယ်။ Smith သည် အတိတ်ကိုစဉ်းစားရင်း သမိုင်းကြောင်းကိုသိချင်လာသည်။ တကယ်ဘာတွေဖြစ်ခဲ့လဲ။
Winston Smith ဆိုတာ သာမန်အဆင့်နိမ့်လူတန်းစား ၊ အလုပ်သမား ။ လက်လုပ်လက်စား။ တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ အလုပ်သမားတစ်ယောက်။ သူ့လိုလူတန်းစားက ဒါတွေကိုစိတ်ဝင်စားလာတာ ဘာဖြစ် စရာရှိလဲ။ ဒါတွေသိတော့ကော ကမ္ဘာကြီးက ပြောင်းပြန်လည်သွားမှာမှမဟုက်တာ။ နေကရော အနောက်ဘက် ကထွက်မှာမှမဟုက်တာ။ ဒါပေမယ့် သူနေထိုင်တဲ့အရပ်က ‘ သင့်ကိုစောင့်ကြည့်နေသည်’ ဆိုတဲ့ စာတန်းတွေ စကားလုံးတွေ ဝိုင်းရံနေတဲ့တိုင်းပြည်။
သူ့ရဲ့အလုပ်ချိန် အားချိန်လေးအတွင်းမှာ သမိုင်းကြောင်းကို စဉ်းစားမိလာပြီး အတွေးဝင်လာသည်။ အမှန်တရားကဘာလဲ။ သမိုင်းဆိုတာကို သူလိုလူအဆင့်က သိချင်လာတာကိုက မတန်မရာဖြစ်လာသလား။ တိုင်းပြည်ရဲ့အခြေအနေကို သုံးသပ်ကြည့်ရအောင်။
သူတို့ရဲ့တိုင်းပြည်မှာ အုပ်ချုပ်တဲ့အပိုင်းမှာ လူမှုအဖွဲ့အစည်းရေးရာ အဆင့် (၃) ဆင့်ရှိသည်။ (၁) ပထ မတန်းစားအဆင့်ကို ပါတီအတွင်းရေးဟုခေါ်သည်။ (၂) အလယ်အလတ်တန်းစား အဆင့်ကို ပါတီပြင်ပဟုခေါ် သည်။ (၃) အဆင့်နိမ့်လူတန်းစား ၊ အလုပ်သမား ၊ လက်လုပ်လက်စား အဆင့်အတန်း။ Smith က အဲဒီအဆင့် နိမ့်အတန်းအစားပေါ့။ တိုင်းပြည်လူဦးရေ၏ ၈၅ရာခို်င်နှုန်းက အဆင့် (၃) လူတန်းစားဖြစ်သည်။ စားဖို့သောက်ဖို့ နေဖို့လောက်သာသိတဲ့ အဲဒီအဆင့်နိမ့်လူတန်းစားက သမိုင်းကို စိတ်ဝင်စားလာတော့ကော ဘာများထူးပြီး ကောင်းလာမှာလဲ။
ပါတီသည် ဝန်ကြီးဌာနလေးခုဖြင့် အုပ်ချုပ်လျှက်ရှိသည်။ ၄င်းတို့ှမှာ ငြိမ်းချမ်းသာယာရေးဝန်ကြီးဌာန ၊ ပေါများကြွယ်ဝသော ဝန်ကြီးဌာန ၊ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော ဝန်ကြီးဌာနနှင့် အမှန်တရားဝန်ကြီးဌာနုတို့ ဖြစ်သည်။ ဝထ္ထုုထဲက အဓိကဇာတ်ကောင် Winston Smith သည် အမှန်တရားဝန်ကြီးဌာန ( Ministry of Truth ) တွင် အလုပ်လုပ်လျှက်ရှိသည်။ သူ့အလုပ်က သမိုင်းဝင်မှတ်တမ်းများကို ပြန်လည်တည်းဖြတ်ရသော အယ်ဒီတာဖြစ်သည်။ အတိတ်ကဖြစ်ရပ်များနှင့် ယခုဖြစ်ပျက်နေတာတွေကို ဟန်ချက်ညီအောင်စီစစ်ခြင်း ၊ နေ့ စဉ်နှင့်အမျှ ပြောင်းလဲမှုတွေထဲက တရားဝင်ပုဂ္ဂိုလ်များ၏ အမည်များကို ပြောင်းလဲသင့်ရင် ပြောင်းလဲပစ် ဖြုတ် ပစ်တန်ရင် ဖြုတ်ပစ်ကာ အသိအမှတ်မပြုဘဲဖယ်ပစ်ရသောအလုပ်။ Smith သည် သမိုင်းကြောင်းများကို စိစစ် တည်းဖြတ်ရာကနေ တကယ် ဘာဖြစ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားလာသည်။ ထိုသို့စိတ်ဝင်စားလာရာကနေ သူသိချင် တာတွေနောက်ကိုလိုက်ရင်း Big Brother ၏ ဖမ်းဆီးခြင်းကိုခံရကာ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော ဝန်ကြီးဌာ န ( Ministry of Love ) တွင် ညှဉ်းပန်းနှိပ်စက်ခံရသည်။
Smith က စကတည်းကိုက လူဆင်းရဲအရပ်သားတစ်ဦးသာဖြစ်သည်။ သူ့ခေါင်းထဲမှာဝင်နေသော သိ ်ချင်စူးစမ်းလိုစိတ်များကို ဖျောက်ဖျက်ပစ်လိုက်ဖို့ ၊အလွယ်တကူစွန့်လွှတ်ဖို့ အသင့်ဖြစ်နေတော့သည်။ Smith သည် ပါတီအပေါ်မယုံကြည်သော အတွေးများဝင်လာမှုဖြင့် ချစ်ခြင်းမေတ္တာဝန်ကြီးဌာနတွင် အနှိပ်စက်ခံရကာ ပါတီအပေါ်မုန်းတီးမှုကို ဆေးကြောပစ်ခဲ့ရသည်။ သူအကျဉ်းကျနေစဉ်တွင် အဆင့်သုံးဆင့်ကို ကျော်ဖြတ်ရ သည်။ ၄င်းတို့မှာ ‘ သင်ယူခြင်း ၊ နာလည်လာခြင်း ၊ လက်ခံခြင်း’ တို့ဖြစ်သည်။ Smith သည် သူမလုပ်ခဲ့သော အပြစ်တွေကို ကျူးလွန်မိကြောင်းဝန်ခံရသည်။ ယင်းသည် ပထမအဆင့်သင်ယူခြင်းဟုခေါ်သည်။ ဒုတိယအ ဆင့်တွင် သူချစ်ခဲ့သော ဂျူလီယာကို မေ့မရဖြစ်နေရတာကို ဖျောက်ခြင်းဖြစ်သည်။ ဂျူလီယာသည် သူစိတ်ဝင် စားလာမိသော ၊ စူးစမ်းမိသော သမိုင်းခြေရာများနောက်တွင် ကပ်လျက် အလိုလိုလိုက်ပါနေသည်။ ဤအဆင့်ကို မကျော် နိုင််ပါက Room 101 သို့် အပိုု့ခံရမည်ဖြစ်သည်။ သို့သော် ဂျူလီယာကိုမေ့မရဘဲ စွဲလမ်းနေသေးရာ အဆိုးရွား ဆုံးနှိပ်စက်ခန်း Room 101 ကိုအပို့ခံရတော့မည်ဟူသော ကြောက်ရွံ့စိတ်ဖြင့် ဂျုလီယာကို သူ့အပြစ်တွေကို ပုံ ချပစ်လိုက်ကာ ကိုယ်လွတ်ရုန်းစိတ်များ ဖြစ်လာသည်။ ထိုအချိန်မှာဖြစ်ပေါ်လာသော ကြောက်ရွံ့စိတ်သည် ဂျူ လီယာ့ကို လုံးဝဥသုံ စွန့်ပစ်ချင်စိတ်များ နိုးကြားလာကာ ပါတီ၏အယူဝါဒများကို အကြွင်းမဲ့လက်ခံလာပြီး Big Brother ကို ချစ်မြတ်နိုးစိတ်များဖြစ်လာသောကြောင့် တတိယအဆင့်ထိအောင်မြင်သွားသည်။
ထိုကဲ့သို့ Brain Wash ( ဦးနှောက်တွင်းရှိနေသောစိတ်များအားဆေးကြောပစ်ခြင်း) အဆင့်များတွင် အမှန်တကယ်ရှိနေသော Smith ၏ အတွေးများကို စစ်ဆေးမေးမြန်းနေသူ O’brain က နားလည်နေသောသ ဘောများတွေ့နေရပါသည်။
Smith သည် သူအသက်ရှင်ဖို့အတွက် သူချစ်ခဲ့သော ဂျူလီယာကို ပျော်ပျော်ကြီးစွန့်လွတ်ခဲ့ကာ ပါတီ ၏ အယူဝါဒများကို အသက်နှင့်ယှဉ်ကာ ယုံကြည်သွားသည်။
သူတို့နှစ်ဦးပြန်လည်တွေ့ဆုံခန်းကား ပျော်ရွင်စွာဇာတ်ပေါင်းခြင်းဆိုတာထက် ပို၍ကြေကွဲဖွယ်ကောင်း နေသည်။
‘ ကျွန်မက ရှင့်ကို သစ္စာဖောက်ခဲ့တယ်’ ဟု ဂျူလီယာက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
‘ ကျွန်တော်လည်း ခင်ဗျားကို သစ္စာဖောက်ခဲ့တယ်’ ဟု သူကပြောလိုက်ပါသည်။
‘ တစ်ခါတလေကျတော့’ ဟု ဂျူလီယာကပြောသည်။
‘ သူတို့ကရှင့်ကို စဉ်းတောင်မစဉ်းစားမိတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ ခြိမ်းခြောက်ကြတယ်။ ကျွန်တော့်ကို မလုပ်ပါနဲ့ ၊ တစ်ခြားတစ်ယောက်ကိုလုပ်ပါ စသည်ဖြင့် ရှင်ပြောထွက်လာတယ်။ တကယ်တော့ ဒါရှင့်ကိုယ်ရှင် ကာကွယ်တာဖြစ်ကောင်းဖြစ်ပေမယ့် လှည့်စားမှုသက်သက်သာဖြစ်တယ်။ သူတို့ရှင့်ကို နှိပ်စက်နေတာတွေ ရပ် တန့်သွားအောင် လုပ်တယ်ဆိုတာ …….ဒီလိုရှောင်ဖယ်လိုက်လို့ လွတ်သွားမယ်၊ တခြားနည်းလမ်းမရှိတော့ဘူး လို့ တွေးမိမယ်။ တခြားသူဖြစ်ချင်တာဖြစ် ရှင်မဖြစ်ရင်ပြီးရော အဲသလိုပေါ့’
‘ မင်းလည်း အဲဒီလိုပဲပေါ့’ ဟု သူက သံယောင်လိုိက်ကာပြောလိုက်သည်။
‘ အခုတော့ရှင့်မှာ တခြားသူတွေအတွက် ဘာခံစားချက်မှ မရှိတော့ဘူူး’
‘ မရှိတော့ဘူး’ ဟု သူကပြောသည်။ ‘ မင်းလည်းအဲဒီလိုပဲ ခံစားမိတာပေါ့’
သူတို့နှစ်ဦးမှာ နောက်ထပ်ပြောစရာစကားမရှိတော့ပါ။ လေက သူတို့ခန္တာကိုယ်ကို ဆန့်ကျင်စွာ တိုက် ခတ်နေသည်။ ယခုလိုနှုတ်ဆိတ်နေရတာ ရှက်စရာကောင်းလာသလိုပဲ။ ရာသီဥတုကလည်း အေးဆေးတည် ငြိမ်လှသည်။ ဂျူလီယာကသူ့ကို တစ်ခုခုပြောဖို့ပြင်ရင်း ထရပ်လိုက်သည်။
‘ ကျွန်တော်တို့ထပ်တွေ့ကြမယ်’ ဟု သူကပြောလိုက်ပါသည်။
‘ အင်း’ သူမကပြောလိုက်သည်။
‘ ကျွန်မတို့ထပ်တွေ့ကြမယ်’
ဒါ သူမနှင့် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်မှာလားဆိုတာကို မရေမရာ အဆုံးသတ်ထားသည်။ Smith သည် အမှန်တရားဝန်ကြီးဌာနတွင် အလုပ်ဆက်လုပ်သည်။ သူ့အလုပ်ထဲမှာနှစ်မြုပ်ရင်း မေးခွန်းတစ်စုံတစ်ရာ ပေါ်လာပါ ကွင်းစ ၊ ကွင်းပိတ်ဖြင့် အတွင်းမှာ ထားလိုက်သည့်အခါထား ၊ ကွင်းအပြင်ကို ပို့သည့်အခါပို့ရင်း နေ့ ရက်တို့သည် ပုံမှန်လည်ပတ်သွားသည်။ အဲဒီလိုဘယ်တော့မှ မပြီးဆုံးသေးသည့်အလုပ်တွေကို စက်ရုပ်တစ် ရုပ်လို လှုပ်ရှားရင်းနဲ့ ကိုယ့်အလုပ်က ဒီနေ့ပြီးသွားတာလားလည်းမသိ၊ နောက်တနေ့ ဆက်ချင်သလိုဆက်နေဦး မည်ကို မစဉ်းစား။ လုပ်ဖော်ကို်င်ဖတ်အချင်းချင်းလည်း တစ်ယောက်နဲ့တစ်ယောက်လည်း အသက်မပါတဲ့ အ ကြည့်တွေနဲ့ပဲ ဆုံစည်းလို့ သရဲတစ္ဆေအချင်းချင်း မတော်တဆဆုံမိကာ ခွဲခွာသွားတဲ့ပုံစံမျိုးလိုလို နေ့ရက်တွေ ကျော်ဖြတ်။ နောက်ဆုံးတော့ ပါတီကိုပဲ ယုံကြည်ကိုးစားကာ Big Brother ကိုပဲချစ်ပါတယ် …. ဟူသောအတွေး များသာ သူ့ဦးနှောက်ထဲမှာ ယိုိစီးနစ်ဝင်မှုသာ ကျန်ရစ်ပြီဖြစ်လေသည်။ တစ်စုံတစ်ယောက်နှင့် ဆွေးနွေးတိုင်ပင် ဖို့ စိတ်တောင်မကူးနဲ့။ သံယောဇဉ်လည်းမတွယ်နဲ့။
George Orwell က ငြိမ်ချမ်းရေးဝန်ကြီးဌာန (Ministry of Peace) ဆိုတာ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ၊ ပဋိပက္ခတွေနှင့် ဆိုင်တယ်။ အမှန်တရားဝန်ကြီးဌာန (Ministry of Truth) ဆိုတာ လိမ်ညာမှုများနဲ့ဖြစ်တယ်။ ချစ်ခြင်းမေတ္တာဝန်ကြီးဌာန (Ministry of Love) ဆိုတာ နှိပ်စက်ညဉ်းပန်းခြင်းဖြစ်ပြီး ပေါများကြွယ်ဝခြင်းဝန် ကြီးဌာန (Ministry of Plenty) ဆိုတ ငတ်မွတ်ခြင်းနှင့်အတူပါပဲဟု စာအုပ်၏ အပိုင်း (၂) အခန်း (၉) တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။
1984 ဝထ္ထုကြီးကို George Orwell က ၁၉၄၉ ခုနှစ်မှာ ရေးသားခဲ့သည်။ သူက ၁၉၈၄ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက အဲဒီလိုအခြေအနေမှာ ရောက်နေလိမ့်မည်ဟု အတွေးအခေါ်မြင့်စွာရေးသားခဲ့သည်။ ကမ္ဘာပေါ်မှာ ခွန်အားကြီးမားတဲ့သူတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့သူတွေနဲ့ စစ်မက်ဖြစ်ပွားဖို့လောက်သာ စိတ်ဝင်စားတဲ့သူတွေ ပဲ ရှိနေမယ်ဟု ဟောကိန်းထုတ်လိုက်တာဖြစ်ပါသည်။ ထို့ပြင် အလွန်အကျွံအလုပ်လုပ်ရခြင်း၊ အစာရေစာလျော့ နည်းစွာ စားသုံးရခြင်း၊ အတိတ်နဲ့အနာဂတ်ကို အဖျက်ဆီးခံထားရခြင်းတွေကြောင့် ပြည်သူပြည်သားများဟာ ပညာညဏ်မဲ့ပြီး စက်ရုပ်တွေဖြစ်လာကာ အစိုးရရဲ့ဖယ်ကြဉ်ခံထားရတဲ့ ကမ္ဘာထဲမှာ ပိတ်မိနေကြလိမ့်မည်ဟု တွက်ပြခဲ့သည်။ အကယ်၍များ ယင်းအဖြစ်ကို တစ်စုံတစ်ယောက်က ဒေါသနဲ့ ဆန့်ကျင်လိုစိတ်ဖြစ်လာမယ်ဆို ရင် သင့်ကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေက သင့်ကိုအပြစ်ပေးဖို့ စောင့်နေလိမ့်မယ်ဟု Orwell က ထောက်ပြ ထားရုံမက တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့များ သယောဇဉ်တွယ်မိရင် ဒါဟာ ပါတီရဲ့အမြင့်ဆုံး ပြစ်ဒဏ်ကို ခံရဖို့သာရှိတယ်ဟု Smith နှင့် ဂျူလီယာတို့၏အဖြစ်ကို ဖော်ပြထားလေသည်။
George Orwell ၏ ‘1984’ ဝထ္ထုကို စိတ်လှုပ်ရှားစရာ အကောင်းဆုံးဝထ္ထုအဖြစ်လည်းကောင်း၊ စာ ဖတ်သူများ ရင်အခုန်ရဆုံးအဆင့်အဖြစ်လည်းကောင်း သက်မှတ်ခြင်းခံရပါသည်။ 1984 စာအုပ်ကို ဖတ်ပြီးတဲ့နောက် စာဖတ်သူတွေက မိမိဘေး ပတ်ဝန်းကျင်ကမ္ဘာကြီးကို စောင်းငဲ့ကြည့်ကာ မဖြစ်နိုင်တာတွေ ရေးဖွဲ့ထားတဲ့ ကမ္ဘာတစ်ခု အကြောင်းပဲဟု … အဲဒီလိုတွေးကြသူတွေများပါသည်။ သင်ရော ဘယ်လိုတွေးမိပါသလဲ။
ဂျူနီယာဝင်း