ဆရာမင်းလူအတွက် နှူတ်ဆက်ဂါရဝဖြင့်
ဂျူနီယာဝင်း၊ သြဂုုတ် ၁၆၊ ၂၀၁၃
ဆရာမင်းလူ၏ စာပေရပ်တည်မူနှင့် ဆရာ့ယုံကြည်ချက်ရပ်တည်မူများကို လေးစားမိပါသည်။ ဆရာကွယ်လွန်သွားသောအခါ ကျွန်မ၏ရင်ထဲ ဆရာ့အကြောင်းများစဉ်းစားရင်း ဆရာ့အတွက် Henry Austin Dobson၏ “Friend And Friendship“ ဟူသော ကဗျာတစ်စကို သတိရမိပါသည်။
အဲသည်ကဗျာဆရာက ဆရာ့လိုပါပဲ။ ကျော်ကြားမူကို စားသုံးနှစ်မွန်းနေသူတွေကို အားမကျပါဘူး။ အဲသည်လူတန်းစားနံဘေးက လူတွေဟာ အေးစက်တောင့်တင်းတဲ့ မိတ်ဆွေတွေပါပဲတဲ့။ အနှစ်သာရမရှိ၊ နွေးထွေးလှိူက်လဲမူမရှိ။ သူ့အတွက်တော့ ကျော်ကြားမူဆိုတဲ့အရာကို မမက်မောပါဘူး။ အောင်မြင်ကျော်ကြားခြင်း၏ နံဘေးမှာ ဝိုင်းရံနေသူ အပေါင်းအပါဆိုတာကို သူမုန်းတီးစက်ဆုပ်လှပါ၏ ဟူ၍ ခပ်ရှင်းရှင်းပင်ဆိုထား၏။ ဒါပေမယ့် သူတန်ဖိုးထားသူဆိုတာတွေဟာ စေတနာမေတ္တာများဖြင့် တည်ဆောက်ထားသော မိတ်ဆွေအဖြစ်ပါ။
အို… မိ်တ်ဆွေအဖြစ်ဟာ ပိုပြီးမြင့်မြတ်ပါရဲ့။ မိတ်ဆွေဖြစ်ခြင်း တေးသီချင်း ဆိုလို့ ကောင်းရဲ့။ လူ့သက်တမ်းကုန်သွားတဲ့အခါ င့ါမိတ်ဆွေတွေရဲ့ မှတ်ညဏ်ထဲ သူက ရှင်သန်။ သူ့ရဲ့ ကောင်းကွက်ကလေးတွေကို သတိရလို့၊ သူပြုခဲ့တဲ့ အမှားအယွင်းလေးတွေတော့ သဂြိုလ်လိုက်ပြီပေါ့ … တဲ့။
ဆရာ့ကိုသည် ကဗျာတစ်စဖြင့် ဂုဏ်ပြုလိုက်ပါတယ်ဆရာ။
“ကျော်စောမူသည် အသက်မရှိသူတွေရဲ့အစာ။
ငါ့မှာအဲဒီအစာအတွက် ဝမ်းဗိုက်မရှိ။
မီးမရှိ ကျဉ်းမြောင်းတဲ့အခန်းထဲ အဲဒီအစာကို ငတ်မွတ်စွာ စားသုံးနေကြလေရဲ့။
ဒီစားသောက်ပွဲကို ပျော်ရွှင်စွာအားပေးတဲ့ သစ္စာရှိအဖော်ရဲ့ကြင်နာသံအနားမှာ မရှိ။”
“ငါ့အတွက် စစ်မှန်တဲ့မိတ်ဆွေအဖြစ်က ပိုပြီးမြင့်မြတ်ပါရဲ့။
မိတ်ဆွေဖြစ်ခြင်း တေးသီချင်းဆိုလို့ ကောင်းရဲ့။
အမှန်အားဖြင့် လူ့ဘဝကုန်သွားတဲ့အခါ ငါ့မိတ်ဆွေတွေရဲ့မှတ်ညဏ်ထဲ ငါက ရှင်သန်၊
ငါ့ရဲ့ကောင်းကွက်လေးတွေကို သူတို့က သတိရလို့၊
ငါ့ရဲ့အမှားအယွင်းလေးတွေတော့ သူတို့က သဂြိုလ်လိုက်ကြပြီပေါ့။”
(သရုုပ်ဖော် - Suu Chit Thu, Fscebook, Yu Ya Facebook)


