Wednesday, December 13, 2017

ဂျူနီယာဝင်း – အသက်အန္တရာယ်ကုုိ ချိမ်းခြောက်ခံနေရခြင်း


ဂျူနီယာဝင်း – အသက်အန္တရာယ်ကုုိ ချိမ်းခြောက်ခံနေရခြင်း
(အတွေးအမြင် ၂၀၁၇ နုုိဝင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇





ဂျူနီယာဝင်း – အသက်အန္တရာယ်ကုုိ ချိမ်းခြောက်ခံနေရခြင်း
(အတွေးအမြင် ၂၀၁၇ နုုိဝင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇

၁၉၈၉ ခုုနှစ်ဂျွန်လ ၁၉ ရက်နေ့ထုုတ် American Weekly Newsletter မှာ ဂျင် ဖူလာ (Jim Fuller) ရေးသားထားတဲ့ ဆောင်းပါးတစ်ပုုဒ်ကုုိ ကိုုးကားတင်ပြသွားမှာ ဖြစ်ပါတယ်။ သူက လူတွေဟာ အသက်ကုုိ စတေးပြီး ဘဝကုုိ ရှင်သန်နေကြပါတယ်တဲ့။ အဲသည်အမှန်တရားနဲ့ လူတွေရဲ့ နေထုုိင်မူပုုံစံကုုိ လေ့လာပြီး ရေးသားထားတာပါ။
စျေးထဲမှာ ဆေးဝါးတွေကုုိ ရောင်းချခွင့်ပြုထားပါတယ်တဲ့။ အဲသည်ဆေးဝါးတွေဟာ နောက်ဆက်တွဲဆုုိးကျိူးတွေ ရှိနေတာကိုု သိရက်နဲ့ ရောင်းချခွင့်ပေးထားတာ ဖြစ်ပါတယ်တဲ့။ အဲဒါကုုိ ခွင့်ပြုသင့်ပါသလားတဲ့။ နယူကလီယားဟာ လူတွေရဲ့အသက်တွေကုုိ များစွာ ဆုုံးရှူံးနုုိ်င်တဲ့ အင်အားကြီးမားတဲ့ လက်နက်ဖြစ်ပါတယ်တဲ့။ အဲဒါကုုိ တားမြစ်သင့်တယ် မဟုုတ်လားတဲ့။ စုုိက်ပျိူးရေးထွက်ကုုန်တွေ တော်တော်များများဟာ ဓာတုုဗေဒပစ္စညး်တွေ ပါနေတာကုုိ သိရက်သားနဲ့၊ ဒါတွေဟာ ကင်ဆာဖြစ်စေနုုိင်တဲ့ဆီကုုိ ဦးတည်လာနုုိင်တယ် ဆုုိတာကုုိ သိနေရက်သားနဲ့ စျေးတွေမှာ ရောင်းချခွင့်ပြုထားတာတွေ အားလုုံးကုုိ ပြန်သိမ်းသင့်တယ် မဟုုတ်လားတဲ့။ နေရောင်ခြည်ကြောင့် အသားအရည်လောင်နုုိင်ပြီး ဒါဟာ ကင်ဆာကုုိ ဖြစ်စေနုုိင်တယ်ဆုုိတာ ဟုုတ်ပါသလားတဲ့။
သူကမေးခွန်းတွေနဲ့ သူ့ဆောင်းပါးကုုိ အစချီထားတာပါ။ ဒီမေးခွန်းတွေဟာ သုုတေသနပညာရှင်တွေ ဖြေဆုုိဖုုိ့ ကြိုုးစားနေဆဲဖြစ်ပြီးတော့ သူတုုိ့တွေ စဉ်းစားနေဆဲ မေးခွန်းပေါင်းမြောက်များစွာတွေထဲက အနည်းငယ်လောက် နမူနာ ထုုတ်ပြထားတာပါ လုုိ့ဆုုိထားပါတယ်။ အကျိူးနဲ့ အဆုုိးကုုိ ဒွန်တွဲစဉ်းစားနေတဲ့ အန္ထရယ်များတဲ့ အခြေအနေ တစ်ရပ်ကုုိ တင်ပြထားတာပါ။ ခေတ်မှီုတုုိးတက်လာလေ၊ မေးစရာမေးခွန်းတွေများလာလေ၊ လူတွေဟာ အသက်ကုု ိဖက်နဲ့ထုုတ်ပြီး နေနေရလေပဲ ဖြစ်ပါတယ်။
လူတချိူ့ကတော့ အဲသည်အချက်တွေကုုိ စဉ်းစားခန်းဝင်လုုိက်မိတာ တော်တော်လေး တုုန်လှူပ်ခြောက်ခြားကုုန်ကြပါတယ်။ ရရှိလာတဲ့ အကျိူးရယ်၊ နောက်ဆက်တွဲ လုုိက်ပါလာတဲ့ ဆုုိးကျိူးရယ်နဲ့ ရှူပ်ထွေးကုုန်ကြပါတယ်။ ဒီတော့ လုုံးဝဥသုုံ အသက်အန္တရာယ်ကင်းလွတ် စေတဲ့ ဆေး၊ အစားအစာ၊ ရေ နဲ့ မနေထုုိင်သင့်ကြဘူးလား။
သုုိုု့သော်လည်း လူတွေဟာ နေ့စဉ်နဲ့အမျှ အိပ်ရာကနုုိးလာတဲ့ အချိန်ကစလုုိ့ ကိုုယ့်အသက်တွေကုုိ စိန်ခေါ်ပြီး နေလာကြတာပါ။ အမေရိကအိ်မ်တွေမှာတဲ့၊ လှေကားပေါ်ကပြုတ်ကျလုုိ့ သေတဲ့သူ နှစ်စဉ် ၇၀၀၀ ရှိပါသတဲ့။ ၀ါယာကြိုးအဟောင်းတွေ နဲ့အိ်မ်တွေမှာ လျှပ်စစ်ဓါတ် အန္တရယ်ကြုံလုုိ့ သေဆုုံးနုုိင်တဲ့ အခြေအနေက ရာခုုိင်နှူန်း အနည်းငယ်တော့ ရှိနုုိင်ပါတယ် တဲ့။ အလုုပ်တုုိ့ကျောင်းတုုိ့ကုုိ လမ်းလျောက်သွားတဲ့သူတွေ ကားတုုိက်လုုိ့ လည်းသေဆုုံးနိုုင်ပါတယ်တဲ့။ အမေရိကန်ပြည်ထောင်စုုရဲ့ နှစ်တစ်နှစ်မှတ်တမ်းအရ လမ်းလျောက်သူ လူ၂သောင်း၄ထောင်မှာ ၁ ယောက် ကားတိုုက်ပြီး သေဆုုံးပါတယ် လုုိ့ဆုုိတယ်။ တချိူ့သော အနည်းငယ်သော အနည်းငယ်လူတချိူ့ကတော့ အဲသည် အန္တရယ်တွေအားလုုံးကုုိ ရှောင်ကြဉ်ပြီး နေထုုိင်ဖုုိ့ ကြိုးစားခဲ့ကြပါတယ်တဲ့။
အဲသည်လုုိ ဆုုိးကျိူးတွေ၊ အသက်အန္တရယ်ဖြစ်နုုိင်တာတွေကုုိ လုုံးဝဥသုုံ ရှောင်မယ်၊ ဖယ်မယ် ဆုုိတဲ့ (ဖြစ်နုုိ်င်တာ မဖြစ်နုုိင်တာ အပထားလုုိ့ပေါ့) အဲသည်လုုိ အခြေအနေတရပ်ကုုိ အကောင်အထည်ဖော်ဆောင် ခြင်းကုုိ အမေရိကက ပညာရှင်တွေက “မိမိအသက်ကုုိ တန်ဖုုိးထား စောင့်ရှောက်ခြင်း“ လုုိ့ အမည်ပေးပြီး ယင်းကုုိ စည်းကမ်းဘောင်တွေနဲ့သတ်မှတ် ခဲ့ကြပါတယ်။ (ရေကုုိကြိုချက်သောက်၊ အိမ်ကုုိ တထပ်ပဲဆောက်၊ အော်ဂဲနစ်ကုုိပဲ အားပေး၊ နောက်ဆက်တွဲဘေးဖြစ်စေတဲ့ ဆေးဝါးတွေကုုိ မသောက်၊ အထပ်မြင့်တွေ မတက်ပဲနေ၊ လျှပ်စစ်ပစ္စည်းတွေ ဝေးရာနေ…. စသဖြင့် စသဖြင့်။)
ရော်ဘင် ဂရီဂုုိရီ(Robin Gregory) လုုိ့ခေါ်တဲ့ အမျိူးသားသိပ္ဗံနဲ့ စီမံခန့်ခွဲမူ ဖောင်ဒေးရှင်းက တွဲဖက်ဒါရုုိက်တာက အသက်ကုုိ တန်ဖုုိးထားဖုုိ့၊ အန္တရာယ်ရှိတာတွေ ဖယ်ရှားဖုုိ့ဆုုိတဲ့ ဆုုံးဖြတ်ချက်တွေချမှတ် အကောင်အထည်ဖော်ဖုုိ့ အခုုလုုိဆုုိခဲ့ပါတယ်။ သူက ပထမဦးဆုုံး လုုပ်ရမှာက အသက်အန္တရာယ်ရှိတာတွေ၊ ကုုိယ့်အသက်ကုုိ ချိမ်းခြောက်ခံနေကြရတာတွေက ဘာတွေလဲဆုုိတာ သိအောင်လုုပ်တာဖြစ်တယ်၊ ပြီးရင် ဒါတွေကုုိမလုုပ်ပဲ ရှောင်ရှားတာဖြစ်တယ်၊ နောက်တော့ တဖြေးဖြေးနဲ့ ညဏ်ရှိတဲ့အတွေးတွေ ဝင်လာပြီး ပုုိကောင်းတဲ့ နည်းသစ်တွေ၊ အကြံညဏ်တွေ ရလာနိုု်င်ပါတယ်လိုု့ ဆုုိပါတယ်။ သူ စဉ်းစားပြတဲ့အထဲမှာ နယူးကလိယားစက်ရုုံတွေ လည်းပါပါတယ်။ စကတည်းက လူတွေ အန္တရယ်ရှိသလားမရှိဘူးလား ဆုုိတာကုုိ စဉ်းစားသင့်ပါတယ်လုုိ့ ပြောပါတယ်။
ဟားဗက်တက္ကသုုိလ်ထွက် ရစ်ချက်ဝီလ်ဆင် (Richard Wilson)ဟာ သိပ္ဗံမဂ္ဂဇင်းတစ်စောင်မှာ နှစ်စဉ်ဖြစ်ပျက်တတ်တဲ့ အသက်အန္တရယ် ဆုုံးရှူံးမူတွေကုုိ အကြမ်းဖျင်း သုုတေသနလုုပ်ပြ ခဲ့ပါတယ်။ နေရာတုုိင်း၊ အချိန်တုုိင်းမှာ ဖြစ်တတ်၊ ပျက်တတ် တာတွေပါ။
– ရုုိးရုုိးရေကုုိ သန့်စင်ဖုုိ့ဆုုိပြီး ဓါတုုပစ္စည်း တမျိူးဖြစ်တဲ့ ကလုုိရင်း (Chlorie) (Cl) သုုံးရပါတယ်။ ဒီရေသန့်ကုုိ သောက်သုုံးလုုိ့ လူ ၁ရသိန်းမှာ ၁ယောက်သေဆုုံးပါတယ်။
– တစ်နေ့ကုုိ ပဲထောပတ် စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်းစားသုုံးသူ လူ၁သိန်း၂သောင်း ၅ထောင်(၁၂၅၀၀၀)မှာ ၁ယောက်သေဆုုံးပါတယ်။
– အိမ်အတွင်းမှာ ဖြစ်တတ်တဲ့ မတော်တဆထိခုုိက်မူများ (ဥပမာ-လှေကားပေါ်က ပြုတ်ကျတာမျိူး)ကြောင့် လူ၉ ထောင်မှာ ၁ယောက်သေဆုုံးပါတယ်။
– အမေရိကန်ပြည်ထောင်စုု အရှေ့ဖက်ပိုုင်းက မသန့်ရှင်းတဲ့လေတွေကုုိ ရှူရှိူက်မူတွေကြောင့် လူ ၅ထောင်မှာ ၁ ယောက်သေဆုုံးပါတယ်။
– ပုုလိပ်တွေ ဂျူတီဝင်ရင်း အသတ်ခံရမူတွေမှာ လူ ၄ ထောင့် ၅ ရာ (၄၅၀၀)မှာ ၁ယောက်သေဆုုံးပါတယ်။
– ကားမတော်တဆမူတွေကြောင့် လူ ၄ထောင်မှာ ၁ယောက်သေဆုုံးပါတယ်။
– တောင်တက်ရင်းနဲ့ သေဆုုံးမူက လူ ၁၇၀၀ မှာ ၁ယောက် ဖြစ်ပါတယ်။
– စီးကရက်သောက်မူကြောင့် ကင်ဆာဖြစ်ပြီးသေဆုုံးတာ လူ၃၀၀ မှာ ၁ယောက် ဖြစ်ပါတယ်။
ဒါ့ထက်မက ပြင်းထန်ပြီး ကျယ်ပြန့်တဲ့ အချက်အလက်တွေကုုိ ကြည့်လုုိက်တော့ အမေရိကလူဦးရေဟာ အချိမ်းခြောက်ခံနေရပြီး မလုုံခြျုံတော့ဖူးလုုိ့ သူက (ဂျင်ဖူလာ) ကောက်ချက်ချပါတယ်။ လေဖြတ်တာနဲ့ နှလုုံးရောဂါတွေကြောင့် သေဆုုံးမူနှူန်းဟာ မြင့်မားလာတယ်လိုု့ ဆုုိတယ်။
သိပ္ဗံပညာရှင်တွေရဲ့လေ့လာ တွေ့ရှိချက်တွေအရ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပွားတဲ့ သေဆုုံးမူတွေမှာ အသက်အရွယ်ငယ်ငယ်နဲ့ သေဆုုံးမူတွေကုုိ လေ့လာကြည့်လုုိက်တော့ ဆေးလိပ်သောက်တာ၊ အဆီများတဲ့အစားအစာတွေ စားသုုံးတာ၊ လေ့ကျင့်ခန်းနည်းတာ၊ အရက်သေစာ သောက်စားတာတွေကြောင့် ဖြစ်ကြပြီး အဲသည်အချက်တွေဟာ အခုုမှ မဟုုတ်ပဲ လွန်ခဲ့တဲ့ နှစ်ရာစုုတွေကတည်းက အခြေခံလာတဲ့အချက်တွေ ဖြစ်တယ်လုုိ့ သုုံးသပ်ပြပါတယ်။ သည်တော့ ဒါတွေကုုိ သေသေချာချာ ရှောင်ရှားလုုိ့ရနုုိင်တယ် ဆုုိတာကုုိ ချပြပြီး လူတွေကုုိ လက်တွေ့ကျကျ ကျင့်သုုံးခုုိင်းလုုိက်တော့ အမေရိက ကျမ်းမာရေးစစ်တမ်းအရ အဲသည်နှစ်တွေမှာ တကယ်ပဲ ကျမ်းမာရေး တုုိးတက်လာတယ်လိုု့ ဆုုိပါတယ်။
ဆေးသောက်သုုံးမူ၊ အစားအစာစားသောက်မူ တွေအတွက် ရေရှည်ထိမ်းချူပ်နုုိ်င်ဖုုိ့ကုုိ တော့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ဓါတုုဗေဒဆေးတွေ(ပိုုးသတ်ဆေးတွေ) ပါဝင်တဲ့ အသီးအနှံတွေ၊ အစားအသောက်တွေကုုိ အဆင့်မှီပြန်လည် သုုံးသပ်ဖုုိ့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဆုုိင်ရာ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဖရင့်ရန်း (Frank Young) ကတင်ပြပါတယ်။ သူကဆက်လက်တင်ပြမူမှာတော့ အဲသည်လိုု ပုုိးမွှားတွေသတ်ဖိုု့သုုံးတဲ့ ဆေးတွေဟာ အသီးအနှံတွေထဲ၊ အစားအသောက်တွေထဲ ပါလာတယ်၊ ဒါကုုိစားသုုံးရင် အသက်အန္တရယ်ရှိနုုိင်တယ်၊ ကင်ဆာဖြစ်ပွားမူတွေကုုိ လျော့ကျဖုုိ့ ဒီလုုိအစားအသောက်တွေ မစားသင့်မသုုံးသင့်ကြောင်းတွေကုုိ အချက်အလက်များနဲ့ တိတိကျကျ လူထုုရှေ့ချပြဖုုိ့ လုုိအပ်တယ်လိုု့ ဆိုုထားပါတယ်။
လူတွေကတော့ အသက်အန္တရာယ်ရှိတာကုုိ သိရဲ့နဲ့လည်း ရှေ့တုုိးနေကြတုုန်းပဲလိုု့ ပညာရှင်တွေက ဆုုိတယ်။ ဥပမာတစ်ခုု ထောက်ပြရရင် ဆေးလိပ်သောက်သုုံးတာ အသက်အန္တရယ်ရှိပါတယ် ဆုုိတာကုုိ သိကြသောလည်း၊ ဆေးလိပ်သောက်သုုံးသူတွေရဲ့ ၃၀ ရာခုုိင်နှူန်းဟာ ဆေးလိပ်သောက်သုုံးမူကြောင့် ဆက်စပ်ဖြစ်လာတတ်တဲ့ ရောဂါတွေကြောင့် အသက်ဆုုံးရှူံးတာကုုိ သိကြသောလည်းပဲ လူတွေက ကျန်တဲ့ ၇၀ ရာခုုိင်နှူန်းကုုိ အားကုုိးပြီး ဆေးလိပ်သောက်သုုံးနေ ကြပါသေးတယ်။ ဒါ့အပြင် လူ၁သန်းမှာ ၁ယောက် ဖြစ်တတ်တဲ့ ကင်ဆာလုုိရောဂါဆုုိးကြီးဟာ ဓာတုုဗေဒပစ္စည်းတွေပါတဲ့ ရေသန့်တွေကုုိသောက်သုုံးလုုိ့ဆုုိတဲ့ အချက်ကုုိ လူတွေကုုိ သိအောင်လုုပ်ခဲ့ပေမယ့် လူတော်တော်များများက ဒီ ရေကုုိ သောက်သုုံးသူတုုိင်းမဖြစ်ကြတာကိုုပဲ အဓိကထား ကြည့်ခဲ့ကြပါတယ်တဲ့။ (လူ၁သန်းမှာ ၁ယောက်ဖြစ်တာပဲ အဲသည်ထဲ ငါမပါဘူး ဆုုိတာမျိူးတွေးကြပုုံပါပဲ။)
သည်တော့ လူတွေ အသိတရားရလာအောင် ဘယ်လုုိလုုပ်ရမလဲဆုုိပြီး အမျိူးသားသိပ္ဗံပညာဆုုိင်ရာ ဖောင်ဒေးရှင်းက အဲသည်ကွက်လပ်ကုုိ ဖြည့်ဖုုိ့ ကြိုးစားကြပါတယ်။ အဲသည် နယ်ပယ်ကိုု “အသက်အန္တရယ်ရှိတဲ့ အခြေအနေတစ်ခုုကိုု လူထုုကြား ဆက်သွယ်တင်ပြမူ” (Risk Communication) လုုိ့အမည်ပေးလုုိက်ပါတယ်။ သည်အဓိပ္ဗါယ်ကုုိ ဖော်ဆောင်လုုိက်ရင် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လူထုုကြားမှာ သတင်းအချက်အလက်တွေကုုိ ပေးမယ်၊ အကြံညဏ်တွေ ပေးမယ်၊ ဆွေးနွေးမယ်၊ တုုိင်ပင်မယ်။ ပြီးရင် အသက်အန္တရယ်ရှိတဲ့ အခြေအနေတွေကုုိ လူတွေက သိမြင်လာပြီး ကိုုယ့်ကိုုယ်ကုုိယ်တင်မက၊ ကုုိယ်ချစ်တဲ့သူတွေကုုိပါ ကာကွယ်ဖုုိ့ ဆုုံးဖြတ်ချက်တွေချကြမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ Risk Communication ကုုိလုုပ်ကြတာ ဖြစ်ပါတယ်။ သူတုုိ့ကုုိ အင်တာနက်တွေ၊ အွန်လုုိင်းတွေကတဆင့် စိတ်ပါဝင်စားသူတွေ ဆက်သွယ်လာဖုုိ့လည်း ကြိုဆုုိနေကြပါတယ်တဲ့။ တချိူ့သော တက္ကသုုိလ်တွေမှာလည်း ဒီဘာသာရပ်ကုုိ တင်ပြဆွေးနွေးသွားဖုုိ့ မျော်လင့်ချက်နဲ့ ဆက်လက်ကြိုးစားနေကြပါတယ်။
ဂျူနီယာဝင်း
(Ref ; 1989 June 19 American Weekly Newsletter မှ Jim Fuller ၏ Expert Study Reality and Perception Life’s Risk နှင့် ၂၀၁၇ Risk Communication ကုုိမှီညမ်းဘာသာပြန်ထားပါသည်။)

Thursday, November 2, 2017

ဂျူနီယာဝင်း ● အိပ်မက်တွေကုုိ အကောင်အထည် ဖော်ပေးခဲ့ကြသူများ

ဂျူနီယာဝင်း ● အိပ်မက်တွေကုုိ  အကောင်အထည် ဖော်ပေးခဲ့ကြသူများ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၇ (အတွေးအမြင် နုုိဝင်ဘာ ၂ဝ၁၇)
(ဒီဆောင်းပါးကုုိ ဆင်းရဲတွင်းနက်နေသူများ (၂) လို့ အမည်တပ်ရမှာဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နေသူများ အမည်တပ် ဆောင်းပါးတစ်ပုုဒ်က Jeffrey Sachs ရေးသားသော The End of Poverty စာအုုပ်နိဒါန်း (အဆိုုတော် ဘုုိနုုိ (Bono) ရေး) တာကိုု ဘာသာပြန်ခဲ့တာ ဖြစ်ပါတယ်။)

● မင်းအိပ်မက်က ဘာလဲ ? 
ဒီမေးခွန်းက ကမ္ဘာပေါ်မှာ အလုုပ််မရှိတဲ့လူတွေ၊ အလုုပ်လက်မဲ့တေနဲ့ ဆင်းရဲတဲ့လူတန်းစားတရပ်ကုုိ မေးလုုိက်တာပါ။ သည် တော့ မေးခွန်းက သူတို့အတွက် ရယ်စရာကောင်းနေလား။ သူတို့ကုုိ  ဘယ်လုုိအလုုပ်မျိုးကုုိ စတင်လုုပ်ချင်သလဲလို့မေးပြီး အလုုပ်အကုုိင်တစ်ခုုခုုပေးပြီး သူတို့ဆီက ဘယ်လုုိမျော်လင့်ချက်ထားကြမလဲ။
၁၉၇၉ ခုုနှစ် မှာ Trickle Up ပရုုိဂရမ် စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်နုုိင်ငံသား မုုိင်းဒရပ်နဲ့ဂလန်လိသ် (Mildred and Glen Leet) တို့စုုံတွဲက တုုိင်းပြည် ၉၉ နုုိင်ငံမှာ အကြိမ်ပေါင်း ရဝဝဝ မက အဲဒီ မေးခွန်းတွေကုုိ မေးပြီး အကောင်အထည်ဖော်ဖုုိ့ ကြိုးစားခဲ့ကြတယ်။ သူတို့တတွေက ဆင်းရဲသားတွေအပြင် စာမတတ်ပေမတတ် လူတန်းစားတွေကုုိတောင် တွေ့ပြီး အဖြေ ထုုတ်ခဲ့ကြပါတယ်။ လိသ်ဟာ ကာရီဘီရန်အရပ်က အဆင်းရဲဆုုံး ဒေသတစ်ခုုဖြစ်တဲ့ ဒုုိမီနီကာကုုိခရီးထွက်ခဲ့စဉ်မှာ Trickle Up မွေးဖွားလာဖုုိ့ အကြောင်းတွေ ဖြစ်ခဲ့ပါတယ်။
”ကျွန်တော်တို့က မတူညီတဲ့လုုပ်ငန်း ၁ဝဝ အတွက် ဒေါ်လာ ၁ဝဝ သုုံးခဲ့တယ်။ ရခဲ့တဲ့ အတွေ့အကြုံတွေက ဒီထက်မက တန်ဖုုိးရှိတယ်။ ဘာနဲ့မှ နှိုင်းလို့မရပါဘူး။” ဂလန်လိသ်က ဆက်ပြောရာမှာ ”ကာရီဘီရမ်အရပ်က ဒုုိမီနီကာဆုုိတဲ့ ကျွန်းလေး တစ်ကျွန်းကိုု စစချင်းတုုန်းက ကျွန်တော်တို့ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆုုိတော့ အဲသည်နေရာမှာ အလုုပ်လက်မဲ့တွေ သိပ်ကုုိ ထူထပ်တယ်။ သူတို့ရဲ့ဝင်ငွေကလည်း အနိမ့်ဆုုံးအဆင့်လောက်ပဲ ရှိတယ်။”
အဲဒီမှာ ဆင်းရဲတဲ့သူတွေကုုိ ကူညီပေးမယ့် ပရုုိဂရမ်တွေ ဘာမှမရှိဘူး။ သူတို့က ရိုးရိုးရှင်းရှင်းပဲ စခဲ့ကြတာပါ။ သူတို့ကိုုယ်ပုုိင် ပုုိက်ဆံ ဒေါ်လာ ၁ဝဝ နဲ့ လူ ၁ဝ ယောက်စီကုုိပေးပြီး ကိုုယ်ပုုိင်အလုုပ်လေး စလုုပ်ခုုိင်းခဲ့ကြတယ်။ ကြက်ဥ၊ ယုုိနဲ့ ကျောင်းသုုံး ပစ္စည်းလေးတွေ ရောင်းဖုုိ့စီစဉ်ပေးခဲ့တယ်။ အဲသည်အလုုပ်လေးက ယနေ့တုုိင် တည်တန့်နေတယ်။ ပြောရရင် ရလဒ်တွေက အံ့သြစရာကောင်းလောက်အောင် တုုိးတက်လာတယ်ပေါ့။ အခုု Trickle Up အကြောင်းလေးကုုိ အစပြန်ဖော်ကြည့်ပါမယ်။
Trickle Up ဆုုိတဲ့ အဓိပ္ဗါယ်ရဲ့ နောက်မှာ လက်တွေ့ကျတဲ့သီအုုိရီ တစ်ခုုရှိနေတယ်။ ”လူတစ်ယောက်ကုုိ ငါးတစ်ကောင်ပေးပြီး ထမင်းတနပ်ကျွေးမလား၊ ဒါမှမဟုုတ် သူ့ဘဝနေထုုိင်စားသောက်ဖုုိ့ ငါးများနည်း သင်ပေးမလား” တဲ့။ လိသ်က ”လူတုုိင်း လူတုုိ်င်းမှာ” တဲ့၊ ”ဘယ်လုုိပဲ အဖိနှိပ်ခံနေရပါစေ၊ ကောင်းမွန်တဲ့ ဘဝအိပ်မက်တွေနဲ့ အလုုပ်ကောင်းကောင်းလုုပ်ဖုုိ့ ချန်ပီ ယံ ဖြစ်ဖုုိ့ အခွင့်အရေးရရင်လုုပ်မှာပဲ ဆုုိတဲ့ အိပ်မက်တွေ ရှိနေကြပါတယ်” လို့ပြောတယ်။
Trickle Up ရဲ့မူရင်းအဓိပ္ပါယ်ကိုု ဖော်ကြည့်လုုိက်တော့ ”အပြည်ပြည်ဆုုိင်ရာ အကျိုးအမြတ်မယူပဲ လူ့ဘဝကောင်းမွန်တုုိး တက်ဖုုိ့ လုုပ်ဆောင်ပေးနေသော အဖွဲ့အစည်း” လို့ ဘာသာပြန်ပါတယ်။ အဲဒီအဖွဲ့အစည်းက အလွန့် အလွန် ဆင်းရဲမွဲတေ ပါတယ်ဆုုိတဲ့သူတွေကုုိ အဓိကပစ်မှတ်ထားပါတယ်။ – သူတို့သတ်မှတ်တဲ့ ဆင်းရဲတဲ့သူတွေဆုုိတာ တစ်နေ့ကုုိ ဒေါ်လာ ၂ ဒေါ်လာအောက် (၁.၉ ဒေါ်လာ) လောက်ပဲ ဝင်ငွေရှိတဲ့သူတွေ – ဖြစ်ပါတယ်တဲ့။ စစချင်းမှာတော့ အားနွဲ့တဲ့ အမျိူးသမီးတွေ၊ ကုုိယ်ခန္ဓာချို့ယွင်းနေတဲ့သူတေနဲ့ အမေရိက၊ အာဖရိကနဲ့အိန္ဒိယက ခုုိလှုသူတွေဆီ ချဉ်းကပ်ပါတယ်။ ဆင်းရဲလွန်းလို့ အတိ ဒုုက္ခရောက်နေသူတွေဖြစ်ပြီး သူတို့ဟာ အစုုိးရရေးဆွဲတဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပတ်သက်ဖုုိ့တောင်မှ အလှမ်းဝေးနေသူ တွေဖြစ်ပြီး NGO (Non-government Organization) ဆုုိတဲ့ ”အစုုိးရမဟုုတ်တဲ့ အဖွဲ့အစည်း” တွေနဲ့လည်း ဘယ်လုုိမှ မ တွေ့နုုိင်တဲ့ မဆုုံဆည်းနုုိင်တဲ့သူတွေ ဖြစ်ပါတယ်။
United Nations Relief and Rehabilitation Agency (ကမ္ဘာ့ကုုလသမဂ္ဂ ဆုုိင်ရာ ကူညီထောက်ပံ့ရေး အေဂျင်စီ) မှာ သူ့ဘဝတလျောက်လုုံး လုုပ်ကုုိင်ခဲ့တဲ့ ကာလတလျောက်လုုံးမှာ ကမ္ဘာအနှ့့ံက တုုိင်းပြည်ပေါင်း ၅ဝနုုိင်ငံ ကုုိခရီးထွက်ပြီး လူတွေရဲ့ ဘဝတွေကုုိ လေ့လာစမ်းစစ်ပြီး အဖြေတစ်ခုုထုုတ်နုုိင်ဖုုိ့ မျော်လင့်ချက်တေနဲ့ ကြိုုးစားခဲ့ကြပါ့တယ်။
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မုုိင်းလ်ဒရပ်နဲ့သူ (လိသ်) တို့နှစ်ဦးသားဟာ ”အပြည်ပြည်ဆိုုင်ရာ ညိမ်းချမ်းရေး အဆင့်မြင့် ကော်မတီ” ရဲ့ နောက်ခံနဲ့ကြီးမားတဲ့ အစီအစဉ်တစ်ခုုကုုိ ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ သူတို့က ပုုိက်ဆံမရှိ၊ ဆင်းရဲတဲ့လူတန်းစားတွေကုုိ တွေ့တယ်၊ မေးခွန်းတွေမေးတယ်၊ သူတိုု့ရဲ့အိပ်မက်ကဘာလဲလို့ ဖြေခုုိင်းကြည့် တယ်၊ သူတို့လက်ထဲ ပုုိက်ဆံထည့်ပြီး ဒါဟာ တကယ်ကူညီတာ၊ ဟန်ဆောင်မေးနေတာမဟုုတ်ဖူးလို့ သက်သေပြခဲ့တယ်။
”ကျွန်တော်တို့က ဒေသဆုုိင်ရာ (ကာရီဘီရန်အရပ်က အဆင်းရဲဆုုံး ဒေသတစ်ခုုဖြစ်တဲ့ ဒုုိမီနီကာ) အစုုိးရအဖွဲ့တွေ၊ အရာ ရှိတွေနဲ့ တွေ့ပြီး သူတိုု့နေရာက လူတွေအကြောင်းကိုု အသေးစိတ်မေးမြန်းကြပါတယ်။ ဒေသခံလူတေနဲ့တွေ့ဆုုံမူတွေ မရေတွက်နိုုင်အောင် လုုပ်ရပါတယ်။ တချို့က ယဉ်ယဉ်ကျေးကျေး တုုံ့ပြန်ကြတယ်။ တချို့ကတော့ ဟာသတွေ လာလုုပ် နေတယ်ဆုုိပြီး စိတ်ဆုုိးကြတယ်။ အဲသည်လုုိလူတွေ ကြားထဲကမှ အနည်းငယ်သော ၁ဝယောက်လောက်သာ ရှိတဲ့ အလုုပ် လက်မဲ့၊ အိမ်ထောင်မရှိတဲ့ အမျိုးသမီးအုုပ်စုုတစ်စုုကုုိ တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကုုိ မေးကြည့်တယ် — ”ခင်ဗျား တို့ကုုိ အလုုပ်တစ်ခုုခုု တစ်ယောက်ယောက်က ပေးမယ်လို့ မျော်လင့်ပြီး စောင့်နေကြတာ ဘယ်လောက်ကြာပြီလဲ၊ ကိုုယ့်ဘာ သာကုုိယ် ရောလုုပ်ဖုုိ့စိတ်ကူးမရှိဘူးလား”
”ဒီမေးခွန်းက သူတို့အတွက် စိတ်အနှောက်အယှက်လည်း ဖြစ်တယ်၊ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ သူတို့က ဖြေတယ် – ”ကျွန်မတို့လုုပ်ချင်တာပေါ့။ ကျွန်မတို့က ဝုုိင်ကောင်းကောင်း လုုပ်တတ်တယ်။ ဘယ်လုုိလုုပ်ရမလဲ ဆုုိတာလည်း သိတယ်။” ဆုုိပြီး အစီအစဉ်တစ်ခုုကိုု ကောက်ကြောင်းဆွဲပြတယ်။ ကျွန်တော်တို့က သူတို့အတွက် ရင်းနှီးငွေ ထုုတ်ပေးလုုိက် ပါတယ်။ ဒါဟာ သူတို့ရဲ့အိပ်မက်ကုုိ ဆွဲထုုတ်ပေးလုုိက်တာ ဖြစ်ပါတယ်။ စာချုပ်တစ်ခုုချုပ်တယ် – လက်မှတ်ထုုိးကြတယ် – သူတို့အတွက ်ပုုိက်ဆံ ထုုတ်ပေးတယ်။ သူတို့စိတ်ထဲ အလုုပ်တစ်ခုုလုုပ်ရတော့မယ်ဆုုိပြီး ခံစားမိသွားကြတယ်ပေါ့။”
မုုိင်းလ်ဒရက်က ”သူတို့ အခုဆက်လက် အလုုပ်လုုပ်နေကြဆဲပါပဲ။” ”အရသာရှိတဲ့ဝုုိင်ကုုိ သူတို့ကောင်းကောင်းလုုပ်နုုိင်ကြ ပြီ၊ ကျွန်မတောင် မြည်းကြည့်တာ တော်တော် ကောင်းတာပဲ။ ”။
သူတို့လုုပ်ငန်းမှာ ၃ ပု့ ၂ ပုုံက အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဂလန်လိသ်က ”ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေကုုိ  – ပေါင်မုုန့် ကောင်းကောင်းဖုုတ်တတ်ရင် ပေါင်မုုန့်ဆုုိင်တစ်ဆုုိင်ဖွင့်လုုိက်တော့ – တဲ့။ ဒါမှမဟုုတ် – ကောင်းကောင်း အချုပ်အလုုပ်တတ်ရင် စီးပွားရေးတစ်ခုုခုု စတင်လုုိက်တော့ – တဲ့။ အဲဒါ အမျိုးသမီးတွေရဲ့ ခေါင်းထဲမှာ ရှိနေတာ။ ကျွန်တော်တို့က သူတိုု့ကိုု ”ခင် ဗျားတို့ခေါင်းထဲ ရှိတာ ချရေးလုုိက်ပါ၊ ကျွန်တော်တို့က ဒေါ်လာ ၅ဝ အရင်းပြုမယ်။ ၃ လကျော်ရင် ခင်ဗျားတို့ရလာတဲ့ အကျိုး အမြတ်ထဲက ၂ဝ ရာခုုိင်နှုန်းကုုိ ပြန်ပြီးအရင်းအနှီးထပ်လုုပ်။ ဒါဆုုိ ခင်ဗျားတို့ကို နောက်ထပ် ဒေါ်လာ ၅ဝ ထပ်ပေးမယ်” လို့ပြောလုုိက်တယ်။” မုုိင်းဒရက်က ”ဒီလုုိစပြောလုုိက်တော့  ပထမဦးဆုုံးအကြိ်မ် ဆင်းရဲသားတွေဟာ သေသေချာချာ အာရုံ စုုိက်ပြီး နားထောင်လာတယ်၊ လေးလေးနက်နက် စဉ်းစားလာတာ တွေ့ရပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေနဲ့ ၅ဝ ဒေါ်လာ နဲ့အလုုပ်စလုုပ်မယ်။ ဒါဟာ လွယ်တော့မလွယ်ဘူးပဲ”
”စစချင်းမှာတော့ သူတို့ကုုိယ်ပုုိင် စီမံကိန်းနဲ့လုုပ်ကြတာပေါ့။ အမေရိကန်က စီးပွားရေးသမားတွေ စီးပွားရေး စလုုပ်တဲ့ သူ တွေလုုိပေါ့ဗျာ။” ဂလန်က ဆက်ပြောတယ်။” ဒါပေမယ့် လုုပ်ငန်းရဲ့ ၃ ပုုံ ၂ ပုုံလောက်ပဲ အကြမ်းအားဖြင့် သွားနေတယ်။ သူ တို့ဆွဲထားတဲ့အတုုိင်းဖြစ်မလာရင် တစ်ဝက်လောက်မှာ နောက်တစ်ခုုကိုု စလုုပ်ဖုုိ့ အကြံပေးလုုိက်ပါတယ်။” ”ဘာဖြစ်လို့လဲ ဆုုိတော့ သူတို့မှာ ဒီအတုုိင်း ဆက်လက်သွားနေဖုုိ့ အတွေ့အကြုံတို့၊ ဘာတို့ ယူဖုုိ့ အချိန်သိပ်ပေးလို့မရဘူးလေ။ မျော်လင့် ချက်တို့၊ မုုိးပေါ်ကကျလာတဲ့ ကံကောင်းမှုတို့ကိုု စောင့်နေလို့မရဘူးဗျ။”
သူတို့ စတင်လမ်းခင်းပေးတဲ့အလုုပ်တွေထဲမှာ ဆုုိင်သေးသေးလေး စဖွင့်တာ၊ ကြက်နဲ့ဆိတ်တွေ ရောင်းခုုိင်းတာ၊ အဝတ်အထည်တွေကုုိ ဒေသဆုုိင်ရာစျေးမှာ နေရာရှာပေးပြီး  တင်ရောင်းခုုိင်းတာတွေပါပါတယ်။ ဒါ့အပြင် ပုုိက်ဆံကုုိ ဘယ် လုုိ စုုဆောင်းရမယ်၊ အကြွေးကုုိ ဘယ်လုုိယူပြီး ကိုုယ်ပုုိင်အရည်အချင်းနဲ့တုုိးပွားအောင် ဘယ်လုုိလုုပ်သင့်တယ်၊ အနာဂတ်အ တွက် အစီအစဉ်ဆွဲတတ်ဖိုု့ စသဖြင့် ရှင်းပြသင်ကြားပေးကြပါတယ်။ အရေးကြီးဆုုံးကတော့ ကိုုယ့်ကိုုယ်ကုုိယ် ယုုံကြည်မူရှိဖုုိ့ ဖြစ်ပါသတဲ့။
သူတိုု့လုုပ်ငန်းတွေဟာ United Nation ‘s Development Forum magazine (ကမ္ဘာ့ကုုလသမဂ္ဂ ဆုုိင်ရာ တုုိးတက်ရေး ဆုုိ်င်ရာ ဆွေးနွေးပွဲ) မဂ္ဂဇင်းမှာ Trickle Up အကြောင်းတွေ ဆောင်းပါးတွေ ပါလာတော့ပုုိပြီး လူတွေ အာရုုံစုုိက်မိလာပါတယ်။ ချက်ချင်းလက်ငင်းကုုိ မီဒီယာတွေက စိတ်ဝင်စားလာတယ်။ သူတိုု့ရဲ့ အောင်မြင်မူတွေကုုိ လူတွေ သိချင်လာကြတယ်။ ကမ္ဘာအနှံ့အပြားက ကမ်းလှမ်းလာတာတွေ၊ ဒီအလုုပ်ကုုိ လှူချင်တမ်းချင်တာတွေ ထိဖြစ်လာတယ်။ မုုိင်းဒရပ်က ”ကျွန်မတို့ မူလအစမှာ ဒေါ်လာ ၁ဝဝဝ နဲ့ စလှူခဲ့ကြတာပါ” လို့ပြန်ပြောင်းပြောပြပါတယ်။ ”နောက်တော့ UN (United Nation) (ကမ္ဘာ့ ကုုလသမဂ္ဂ) က ဒေါ်လာ ရဝဝဝထည့်ဝင်ခဲ့တယ်။ သူတို့ နှစ်ပေါင်းများစွာ ဆက်လက် အကျိုးပြုပေးခဲ့တာ ဒေါ်လာ ၇ သောင်းခွဲလောက် ရှိပါပြီ။ ဒါပေမယ့် မနှစ်ကဆုုိ နယ်သာလန်က လုုပ်ငန်းတစ်ခုုက ၄ နှစ်စီမံကိန်းအတွင်း ဒေါ်လာ ၆ သောင်း ပြန်ရခဲ့ပါတယ်။ ဒါဟာ နှစ်တွေကြာလာလေ၊ ပုုိပြီး လုုပ်ငန်းက ကြီးထွားလာလေ၊ အမြတ်များများရလေ ပေါ့။ စစချင်း ကိုုယ်တတ်နိုုင်သလောက်လေးနဲ့စပေးခဲ့ရာကနေ ခုုဆိုု ၂ ဆ ပြန်ရတယ်။”
ဟုုတ်ပါတယ်။ နှစ်စဉ် ဒေါ်လာ ၅ သောင်းနဲ့လူတွေကုုိ လုုပ်ငန်းတွေ စတင်ပေးခဲ့တာ လာမယ့်နှစ်အနာဂတ်မှာ ဒေါ်လာ ၁ သန်းရမယ်လိုု့ လိသ်က မျော်လင့်နေပါတယ်။
Trickle Up က အမေရိကန်ပြည်ထောင်စုုမှာလည်း အလုုပ်ဖြစ်နေပါတယ်။ မုုိင်းဒရပ်က ”နယူးယောက်ရဲ့အဆင်းရဲဆုုံး နေရာလေးတစ်ခုုမှာ လုုပ်ငန်း ၄ဝ စတင်ခဲ့ပါတယ်။ အခုုဆုုိရင် မြင်တဲ့အတုုိင်းပဲလေ – ၂ဆ ၂ဆ ရနေပြီ။ ဒါဟာ ပထမတစ်နှစ် စာလောက်လေး တွက်ပြတာပါ။ ဒိအရင်စခဲ့တဲ့ စီမံကိန်းတွေဆုုိ ပြောမပြတတ်လောက်အောင် အောင်မြင်နေပါပြီ။ ဒိထက်မ က ပြောစရာတွေ အများကြီးပါပဲ။”
”အင်း… ကျွန်တော်တို့ကတော့ မီဒီယာကုုိ သည်လူတေနဲ့ ပေးမတွေ့စေချင်ဘူး။ သည်လုုိလုုပ်လုုိက်တာဟာ သူတို့လေးတွေ ရဲ့ ရှေ့ရေးကိုဖျက်စီးပစ်ရာရောက်ပါတယ်။ လုုပ်ငန်းအတွက် အကူအညီလည်းမဖြစ်ပါဘူူး။ အစုုိးရ ဝါဒဖြန့်တဲ့ ပုုံစံမြင်ရပါများ ရင် ယုုံကြည်မူကင်းမဲ့သွားမှာကုုိ စုုိးရိမ်ပါတယ်။ ခနတော့ စတားတွေ ဖြစ်သွားမှာပေါ့လေ။ ဒါဟာ သူတိုု့အတွက် ရှေ့အလား အလာ အခွင့်အရေးတွေ ဆုုံးရှုံးသွားလိမ့်မယ်။”
မုုိင်းဒရက် က ”ဒေါ်လာ ၅ဝတို့ ၊ ၅ဒေါ်လာတို့ဆိုုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ လူ့ရဲ့ခံစားချက်တွေကုုိ ဖွင့်ပေးလုုိက်ဖုုိ့ သာ အဓိကပါ။ သူတို့အတွက် လေးစားမူနဲ့ဂုုဏ်သိက္ခာကို ရရှိခံစားပေးလုုိက်ခြင်းသာလျင် လုုပ်ငန်းရဲ့ အောင်မြင်မှုဖြစ်ပါ တယ်။”
၁၉၇၉ခုုနှစ်မှာစတင်ခဲ့တဲ့ Trickle Up ဟာ အမျိုးသမီး ၂ သိန်းခွဲကုုိ ကူညီပေးနုုိင်ခဲ့ပြီး မိသားစုုတွေအတွက် ကိုုယ့်ကိုုယ်ကုုိယ် ယုုံကြည်မူ၊ အလုုပ်ကျွမ်းကျင်မူတေနဲ့ စီးပွားရေးအလုုပ်တွေ ပုုိင်နုုိင်သွားစေယုုံမက လူမှုဆက်ဆံရေးနယ်ပယ်ပါ ကျယ်ပြန့် လာစေခဲ့ပါတယ်။ စဉ်းစားကြည့်လေ – အမျိုးသမီးတွေ အောင်မြင်ရင် သူတို့ရဲ့ သားသမီးတွေနဲ့ မိသားစုုတွေပါ ပါလာပြီပေါ့။ ပထမ ၃ရနှစ်အတွင်းမှာ  လူပေါင်း ၁ သန်းရဲ့ဘဝတွေကုုိ ကယ်တင်ပေးနုုိင်ခဲ့ပါတယ်။
အခုုဆုုိရင် Trickle Upဟာ အဖွဲ့တွေဖွဲ့ပြီး လုုပ်ငန်းတွေ ဆက်လုုပ်နုုိင်နေပါပြီ။ သူတို့ဟာ လုုပ်ငန်းတွငး်သင်တန်းများပေးတယ်၊ ကျွမ်းကျင်ဖုုိ့ ကွင်းဆင်းလုုပ်ကြရပါတယ်။ အနာဂတ်အတွက် အစီအစဉ်တွေကုုိ ချပေးပါတယ်။ ဒါ့အပြင် Trickle Up ဟာ မိမိတို့နေထုုိင်ကြတဲ့ မြို့ရွာက လူတွေအချင်းချင်း ဆက်သွယ်ရေး၊ ကိုုယ့်အသိစိတ်ဓါတ်နဲ့အလုုပ်လုုပ်ချင်လာအောင် ကြိုးစား ချင်စိတ်ရှိလာအောင် အားပေးကြတယ်။ ပြောရရင်တော့ ဆင်းရဲတာဟာ ပုုိက်ဆံမရှိလို့မဟုုတ်လား။ ဒါကုုိ ဖြည့်ပေးဖုုိ့ဆုုိရင် တကယ့်ကုုိ သူတို့နဲ့ပွင့်လင်းမြင်သာဖုုိ့လည်း လုုိတယ်လေ။
Trickle Up  က နောက်လာမယ့် သက္ကရာဇ် ၂ဝ၃ဝ မှာ တကမ္ဘာလုုံးဆုုိင်ရာ ဆင်းရဲမွဲတွေမူ ကင်းစင်ဖုုိ့ မျော်လင့်လျက်ရှိပါတယ်တဲ့။  နောက် ၅ နှစ်အတွင်းမှာတောင် အဆင်းရဲဆုုံးလူ၁သန်းကုုိ ထပ်မံကယ်တင်ပေးနုုိင်မယ်လို့ ကြွေးကျော်ထားပါတယ်။ အ ကယ်၍များ သူတို့မှန်းထားတဲ့အတုုိင်းများဖြစ်ခဲ့ရင် သူတို့ရဲ့ Trickle Up ဟာ တကမ္ဘာလုုံးက အာရုုံစုုိက်လာပြီး သူတို့လုုပ်ငန်း ကုုိလည်း သည့်ထက်တုုိးချဲ့လာနုုိင်၊ အောင်မြင်လာနုုိင်ပြီးတော့ ဆင်းရဲတဲ့နေရာတွေဆီကုုိ ဒိထက်မက ပုုိပြီးရောက်ရှိ ပြန့်နှ့ံ သွားတော့မှာ ဖြစ်ပါတယ်။
ဂျူနီယာဝင်း
REF : 1989 June American Newsletter, Sherrey Henry’s What is your dream? ကုုိ မှီငြမ်းဘာသာပြန်ထားကာ Trickle Up Wiki မှအချက်အလက်များ ဖြည့်စွက်ထားပါတယ်။

Tuesday, October 31, 2017

ခံစားမိတဲ့ အနုပညာ ၈ျူနီယာ၀င်း



ခံစားမိတဲ့ အနုပညာ

(ရနံ့သစ်၊ ၂ဝ၁၁ ခုနှစ်၊ မတ်လ။)



အော်စကာဝိုင်း (Oscar Wilde) သည် ၁၈၉၅ မေလမှစ၍ ၂ နှစ်တိုင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခဲ့ရသည်။ ထိုအတောအတွင်း သူ့ခံစားချက်များကို ရေးသားထားသော De Profoundis ဆောင်းပါးရှည်သည် ၁၉ဝ၅ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ ယခုဘာသာပြန်ထား သည်မှာ နိဒါန်းမျှသာ ဖြစ်ပါသည်။ သူသည် စာရေးဆရာဖြစ်ခြင်းကြောင့် သူ၏ ခံစားချက်များကို စာဖွဲ့၍ မကုန်ဖြစ်ခဲ့လေသည်။ Wilde တစ်ယောက် ၁၈၉၅ ခုနှစ် အကျဉ်းကျစဉ်မှာ သူသည် စာပေ ပညာရှင်တစ်ဦးအနေနှင့် ထိပ်ဆုံးရောက်နေချိန်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်း မှာလည်း အချစ်တော် ဖြစ်နေချိန် ဖြစ်သည်။ ထို့ပြင် စကားလုံးလှလှ တီထွင်ရေးသားမှုမှာလည်း ဆရာတစ်ဆူ ဖြစ်နေသည်။ အကျဉ်းထောင်ထဲတွင် လူ့ကျက်သရေဟူသမျှ ခွာချခဲ့ရကာ ကာလကြာရှည်စွာ စာရေးခွင့်မရရှိခဲ့ချေ။ သူဦးစွာ စာရွက်နှင့် ရေးစရာ ရလာချိန် မှာတော့ သူ့မိတ်ဆွေ Douglas ထံသို့ 

''ခင်ဗျားရဲ့နှလုံးသားထဲကို ခါးသီးစရာတွေ ပစ်သွင်းလိုက်တာ မဟုတ်ရပါဘူး။ ကျွန်တော့် နှလုံးသားထဲကနေ ဆွဲထုတ်ပစ်လိုက်တာဖြစ်ပါတယ်''ဟု ရေးသားခဲ့ပါသည်။ 

De Profoundis ထဲက ဝမ်းနည်းစိတ်မကောင်းဖြစ်ရသော စာသားများသည် ရယ်သွမ်းသွေးဖွယ်ဖြစ်လာရာမှ ငိုချင်စရာဖြစ်ရသည်။ တစ်ခါတစ်ရံ ရှေ့က သူရေးခဲ့သော အရေးအသားများဖြင့် ထိုးနှက် လိုက်သကဲ့သို့ ဖြစ်ရသည်။ 

''မငိုဘဲနဲ့နေတဲ့ အကျဉ်းထဲက နေ့တစ်ရက်ဟာ သူ့အသည်း နှလုံးက မာကျောနေလို့ဖြစ်တယ်။ သူပျော်နေလို့ မဟုတ်ဘူး''

ထိုစာအုပ်သည် အနှိမ်ခံ၊ သစ္စာဖောက်ခံ၊ ဂုဏ်ကျက်သရေ ညှိးနွမ်းအောင်လုပ်ခံရသူတိုင်း၏ ရင်ကို ထိခတ်လိုက်သော သံစဉ်များ ဖြစ်ပါသည်။ ၁၉ ရာစု၏ စိတ်မကောင်းစရာအဖြစ်ကို ညဏ်အမြော်အမြင်ဖြင့် စာကြီးပေကြီး ခေတ်ကို ကိုင်လှုပ်လိုက်သော စာအုပ်တစ်အုပ် လည်း ဖြစ်ပါသည်။

Wilde အကျဉ်းကျခြင်းနှင့် ပတ်သက်၍ ပြောစရာများ ဖြစ်ခဲ့ရသည်။ သူ့ဘဝကို အမည်းရောင်စွန်းထင်းခဲ့သော်လည်း အမှန်တကယ် သူကူျးလွန်ခဲ့လေသလား။ သို့တည်းမဟုတ် အသရေဖျက်ခံခဲ့ရသည်လား ဆိုတာကတော့ သူမှတစ်ပါး မသိပါချေ။

သူသည် ထောင်တွင်းစာများကို နောင်တချပြီး ရေးခဲ့သည်လား၊ နာကျည်းပြီး ရေးသားခဲ့တာလားဆိုတာကိုတော့................

''ကျွန်တော့်ရဲ့နေရာဟာ အမှန်တော့ပြင်သစ်စာရေးဆရာကြီးတွေ ရှိတဲ့နေရာမိုျးမှာ ဖြစ်ရမှာပေါ့။ အဲဒါမိုျးဆို အကောင်းဆုံးပေါ့။ ကျွန်တော့်မှာ စောဒကတတ်ဖို့ ဆန္ဒမရှိပါဘူး။ သင်ခန်းစာရတဲ့နေရာတွေထဲမှာ ထောင်ထဲမှာရတဲ့ သင်ခန်းစာကတော့ အရာရာတိုင်းဟာ ဒါပဲ၊ နောက်လည်းဒါပဲဆိုတာပါပဲ။ ကျွန်တော့်မှာ အလယ်ခေတ်က ဘုရားသခင် ကယ်ခဲ့တယ်ဆိုတဲ့ အနူတစ်ယောက်ရှိခဲ့တယ် ဆိုတာကိုရော၊ သမိုင်းပုံပြင်တွေထဲက ပညာပေးစာသားတွေကိုရော ယုံကြည်မှုကင်းမဲ့ခဲ့တဲ့ ခံစားချက်မိုျးရှိခဲ့ပါတယ်လို့ မပြောဝံ့ပါဘူးဗျာ။

အဲဒီလို ယုံကြည်ခဲ့တာ မနှစ်က ဒီထဲမရောက်ခင်အထိပါပဲလို့ ဆိုပါတော့။ ဘဝရဲ့မြစ်တစ်စင်းဟာ ကျွန်တော်နဲ့ ဟိုးဝေးကွာလှတဲ့ ရက်စွဲတွေ ကြားထဲမှာ စီးဆင်းနေပါတယ်။ ကြည့်စမ်းပါဦး ဘယ်လောက်တောင်များ အကိုျးမရှိ ကုန်လွန်ခဲ့ရတဲ့ပမာဏ။ ဒါပေမဲ့ ဒါကို ကျွန် တော်က ဒီလိုယူဆတယ်။ ကျွန်တော်က မနေ့က အကြောင်းကို မပြောဘူး။ ဒီနေ့ကိုပဲ ပြောမယ့်။ ခံစားမှု ဝေဒနာဆိုတာ သိပ်ကို ရှည်လျား လိုက်တဲ့ အရာတစ်ခု။ ဒါကို ရာသီဥတုနဲ့လည်း ပိုင်းခြားလို့မရ။ ဒါကို သူ့ရဲ့လှုပ်ရှားမှုတွေ၊ တစ်ပတ်ပြန်လည်မှုတွေနဲ့သာ မှတ်တမ်းတင်ထား လို့ ရနိုင်တယ်။ ကျွန်တော်တို့အတွက် အချိန်ဆိုတာ တိုးတက်မှုမရှိတဲ့ အရာတစ်ခု။ သူက လည်ပတ်နေတယ်။ သူက နာကြင်ခြင်းဆိုတဲ့ ဗဟို ချက်မှာ လည်ပတ်နေတဲ့စက်ဝိုင်း။ ဘယ်တော့မှ ပြောင်းလဲခြင်းမရှိတဲ့ ပုံစံခွက်ထဲမှာ ဘယ်တော့မှ မလှုပ်ရှား မရွေ့လျားစွာနဲ့ လည်ပတ်နေတဲ့ အရာ။ ဒီတော့ ကျွန်တော်တို့က စားတယ်၊ သောက်တယ်၊ လဲလျောင်းတယ်၊ ဘုရားဝတ်ပြုဆုတောင်းတယ်၊ ဒူးတုပ်ထိုင်ပြီးတော့ ဆုတောင်း တယ်။ ဒါတွေက သံမဏိလို မာကျောတဲ့ ပုဒ်မတွေနဲ့ တည်ဆောက်ထားတဲ့ လည်ပတ်မှု။ ဒီလိုဆိုးရွားပြင်းထန်တဲ့ နေ့ရက်တွေမှာ မိနစ်တိုင်း ကို ညီအစ်ကိုလိုပေါင်းဖက်လို့ အချိန်တိုင်းကို အသေးစိတ်မှတ်သားလို့ ဘယ်တော့မှ လှုပ်ရှားမှုမရှိတဲ့ နေ့ရက်တွေကို ရေတွက်လို့။ သူ့ရဲ့ အနှစ်သာရတည်ရှိခြင်းက ဘာလဲဆိုတော့ အမြဲတမ်းရပ်တန့်နေတဲ့ ပြောင်းလဲမှု။ ကောက်ရိတ်သိမ်းပွဲဆိုတဲ့ ကောက်ပဲသီးနှံရာသီတွေ၊ ကောက် ကွေးလာတဲ့ သီးနှံပင်ရဲ့ အကိုင်းလေးတွေ ရိတ်သိမ်းချိန် ဒါမှမဟုတ်ရင်လည်း စပျစ်သီးတွေမှည့်လို့ အသီးတွေခူးဆွတ်ရတဲ့ကာလ၊ အသီးအနှံ ပင်တွေဆီကနေ မှည့်ရင့်လို့ မြက်ခင်းပေါ်ကို ေြွကကျတဲ့အခါ ဒါတွေကို ကျွန်တော်တို့ ဘာဆိုဘာမှမသိ၊ သိလည်း မသိနိုင်တဲ့အဖြစ်။

ကျွန်တော်တို့အတွက် ရာသီက တစ်ခုပဲရှိတယ်။ ဝမ်းနည်းကြေကွဲခြင်းတဲ့။ ဝမ်းနည်းမှုဆိုတဲ့ရာသီ။ တစ်ခုတည်းသော လမင်းကြီးနဲ့ တစ်ခုတည်းသော နေမင်းကြီးက ကျွန်တော်တို့ဆီက ဖယ်ခွာသွားပြီ။ အပြင်မှာတော့ နေ့ရက်တွေဟာ အပြာရောင်ဖြစ်ချင်ဖြစ်မယ်။ ရွှေရောင် ဖြစ်ချင်ဖြစ်မယ်။ သံမဏိတိုင်တွေမှန်သားပြင်တွေ ကြားက ချဉ်းနင်းဝင်ရောက်လာတဲ့ အလင်းရောင်ဖျဖျ မီးခိုးရောင် ညိုမည်းမည်း ညစ်နွမ်းနွမ်း ကြားထဲကို ပုန်းလှိုျးကွယ်လှိုျး ဝင်လာတဲ့ အလင်းရောင်။ အဲဒါသည် သူတစ်ယောက်၏ အခန်းထဲမှာ အမြဲရှိနေတဲ့ ဆည်းဆာ။ ပြီးတော့ သူတစ်ယောက်၏ အသည်းနှလုံးထဲမှာ အမြဲရှိနေတဲ့အလင်းရောင်။ အဲဒီအတွေးစက်လုံးထဲမှာ၊ အဲဒီအချိန်၏ စက်လုံးဆိုတာထက် လည်း မလျော့တဲ့၊ ဘယ်တော့မှလည်း မလှုပ်ရှားတဲ့ အတွေးတွေသာရှိတယ်။ အရာရာဟာ လွန်ခဲ့တဲ့အချိန်တွေ ကြာသွားလို့ ဒါတွေကို ကိုယ့် ဘာသာကိုယ် မေ့လျော့သွားမယ်။ ဒါမှမဟုတ်လည်း လွယ်လွယ်ကူကူနဲ့ မေ့ဖျောက်နိုင်မယ်ဆိုတာ အခုတော့ ကျွန်တော့်အတွက်တော့ တကယ် ဖြစ်လာပြီ။ မနက်ဖြန်ကျရင်လည်း အဲသည်လို ဆက်ဖြစ်ဦးမှာ။ ကျွန်တော်ဘာလို့ရေးရသလဲဆိုတာကို နားလည်လာမှာပါ။

တစ်ပတ်လောက်အကြာမှာ ဒီနေရာကို ပြောင်းခဲ့ရတယ်။ ၃ လလောက်အကြာမှာ ကျွန်တော့် အမေဆုံးတယ်။ ကျွန်တော် သူ့ကို ဘယ် လောက်ချစ်တယ်။ ဘယ်လောက်ဂုဏ်ယူတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ အမေသေဆုံးခြင်းဟာ ကျွန်တော့်ကို ပူပြင်းလောင်မြိုက် သွားစေပါတယ်။ ဒါကို စကားလုံးအက္ခရာတွေရဲ့ ဘုရင်လို့ ကိုယ့်ကိုယ်ကိုယ် တင်စားခဲ့တဲ့ ကျွန်တော်ဟာ ဘယ်လိုစကားလုံးတွေနဲ့ ကျွန်တော့် ရဲ့ ပူဆွေးခြင်းနှင့် ရှက်ခြင်းဆိုတဲ့ အရာကို ဖော်ပြစရာ စကားလုံးမရှိဖြစ်သွားစေတယ်။ ကျွန်တော့်ရဲ့ အနုပညာသမားဆိုတဲ့ ပြီးပြည့်စုံတဲ့ ဂုဏ်ပုဒ်ထဲမှာ ကျွန်တော့်ရဲ့ စိတ်ခံစားမှု၊ လေးလံမှုကို ထိရောက်တဲ့ စကားလုံး ရှာမတွေ့ခဲ့ဘူး။ ကျွန်တော့်ရဲ့ ဘယ်လိုပြောရမှန်းမသိတဲ့ ဝမ်း နည်းမှုကို ဖော်ပြတဲ့ မြင့်မြတ်တဲ့ တော်ဝင်စာသားများနဲ့ တည်ဆောက်ထားတဲ့ ဂီတသံစဉ်လည်း ရှာမတွေ့တော့ဘူး။ ကျွန်တော့် မိခင်နဲ့ ဖခင် တို့ဟာ ကျွန်တော့်ကို မြင့်မြတ်သော၊ ဂုဏ်ရှိသောဆိုတဲ့ အဓိပ္ပာယ်များနဲ့ ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အမည်၊ စာကြီးပေကြီး၊ အနုပညာ၊ သုတေသနပညာ၊ သိပ္ပံပညာဆန်ဆန်သာမက ကျွန်တော့် တိုင်းပြည်ရဲ့ သမိုင်းမှာပါ တွင်လောက်စေတဲ့ အမည်မိုျးကို ပေးခဲ့တယ်။ ကျွန်တော် ဟာ သည်အမည်ကိုဖြင့် အရှက်ရစေခဲ့ပြီ။ ကျွန်တော်ဟာ နိမ့်ကျတဲ့လူတမ်းစားတွေ အလယ်မှာ ပိုပြီးနိမ့်ကျအောင် လုပ်ခဲ့မိပြီ။ ဒီအမည်ကိုဖြင့် ကျွန်တော်ကပင် နိမ့်ကျအောင် ဆွဲချပစ်ခဲ့မိပြီ။ ဒီနာမည်ကို ယုတ်မာရိုင်းစိုင်းအောင်၊ ပြီးတော့ သူတို့လက်ထဲမှာ ယုတ်မာသထက် ယုတ်မာ အောင်၊ ရူးသွပ်သွားအောင် ပြောင်းလဲပစ်ခဲ့မိပြီ။ ကျွန်တော် ခံစားနေရတာတွေ အခုလည်း ခံစားနေရဆဲ။ ဒါကို စာရေးဖို့ခဲတံမရှိလို့၊ မှတ်တမ်း တင်ဖို့ စာရွက်မရှိလို့ အဲဒါတွေကြောင့် မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဇနီးသည် ကျွန်တော့်အပေါ် နူးညံ့ သိမ်မွေ့စွာ၊ ကြင်နာစွာ အမြဲ ဆက်ဆံတတ်သူဆီက ဟောဒီထောင်ထဲကနေ အင်္ဂလန်ကို အသွားအပြန်လုပ်ရင်း ဆန့်ကျင်ဘက် နှုတ်ခမ်းများက သတင်းစကားတွေ ကြားခဲ့ရ တယ်။ ဆုံးရှုံးမှု ဒဏ်ရာတွေ ရိုက်ခတ်ထားလို့ နာကျင်နေတဲ့ စကားလုံးတွေ၊ ကျွန်တော့်ကို အပြင်က ချစ်ခင်စွာနဲ့ ရှိနေဆဲဆိုတဲ့ သတင်းတွေ ကို သူက သယ်လာပေးတယ်။ ကျွန်တော့်ကို လူကိုယ်တိုင်မသိပေမယ့် ကျွန်တော့်ရဲ့ အဖြစ်တွေကို ကြားသိပြီး သူတို့ရဲ့ ဝမ်းနည်းမှုစကား လက်ဆောင်တွေ ပါးလိုက်ကြတယ်။ ၃ လတော့ ကုန်သွားခဲ့ပြီ။ ကျွန်တော့်ရဲ့ နေ့စဉ်ဝတ္တရားတွေ၊ အလုပ်ချိန်ဇယားတွေက ကျွန်တော့်ရဲ့ အခန်းအပြင်တံခါးဝမှာ အမြဲချိတ်ထားတယ်။ ကျွန်တော့်ရဲ့ အမည်၊ ကျွန်တော့်ရဲ့ ပြစ်ဒဏ်၊ မေလတုန်းက ဒီလိုမှတ်တမ်းတွေနဲ့အတူ။

ဘုရားသခင် ဖန်တီးပေးလိုက်တဲ့ အရာတွေ အားလုံးထဲမှာ တိုးတက်ကြီးပွားချမ်းသာ၊ အခွင့်အရေး၊ အောင်မြင်မှုဆိုတာတွေကို အသီး အပွင့်တွေ အသာလေး ခူးဆွတ်စားသုံးရသလို ဖြစ်ပေမယ့် ဝမ်းနည်းကြေကွဲခြင်းဆိုတဲ့ အရာကတော့ အလွန်ကို ထိခိုက်ခံစားရဆုံးပါပဲ။ ဝမ်းနည်းကြေကွဲရခြင်းဆိုတဲ့အရာက တုန်ခါမှုပြင်းထန်လိုက်တာ ကမ္ဘာကြီးကိုတောင် လှုပ်ခတ်သွားစေလိုက်တာများ ဒီထက်ပြင်းထန်တဲ့ ခံစား ချက်မိုျးဆိုတာ မရှိနိုင်ပါဘူး။ ရွှေအဆင်းရှိတဲ့ သစ်ရွက်ပါးပါးလေးတစ်စ လွင့်ပါးသွားလိုက်တာ ဘယ်ဆီဘယ်ဝယ်ကိုလည်းလို့ သာမန်မျက်စိ နဲ့ မမြင်နိုင်သကဲ့သို့ ဝမ်းနည်းမှုဆိုတဲ့ လမ်းကြောင်းလေး ရွေ့လျားသွားမှုဟာ လိုက်လို့မမီနိုင်ပါလား။ ချစ်ခြင်းမေတ္တာဆိုတဲ့ လက်ကလေးနဲ့ ထိမိမှသာ သွေးစိမ်းရှင်ရှင် ထွက်ရလောက်အောင် ဒဏ်ရာတွေရလာလိုက်တာ သွေးတွေ ထပ်ခါထပ်ခါ ထွက်နေတာတောင်မှ ရုပ်ပိုင်းဆိုင်ရာ မှာ နာကြင်မှုမရှိ။

ဝမ်းနည်းခြင်းဆိုတဲ့အရာရှိရင် အဲသည်မှာ မြင့်မြတ်တဲ့အကြောင်းအရာတွေရှိတယ်။ အဲဒါကို သာမန်လူတွေ တခို့ျပေါ့နားလည်ပါလိမ့် မယ်။ ဘဝဆိုတာ ဘာမှန်းမသိပေမယ့် သိတော့သိတယ်ဆိုတာလို သဘာဝတရားကို သိတယ်။ ဒါဆို နားလည်တယ်ဆိုတာလို ကျွန်တော့ကို ပုလိပ် ၂ ယောက် ခြံရံပြီး ဘတ်စ်ကာဘီ တရားရုံးကို ခေါ်သွားတုန်းကပေါ့။ ကြီးမားတဲ့ လူအုပ်ကြီးရှေ့ ဝရံတာမှာ စောင့်ဆိုင်းနေတုန်း အင်မတန် ခိုျမြိန်ပြီး ရိုးရှင်းတဲ့ လှုပ်ရှားမှုတစ်ခုက တိတ်ဆိတ်မှုထဲမှာ ဖြစ်ပျက်သွားတယ်။ သူက သူ့ဦးထုပ်အလေးအနက် 'မ'ပြီး ကျွန်တော့်ကို ……လက်ထိတ်ခတ်ခံထားရတဲ့ကျွန်တော့်ကို…. ဦးခေါင်းငိုက်စိုက်နဲ့ ကျွန်တော့်ကို ….အရိုအသေပေးတယ်။ ကျွန်တော် သူ့ကို ကျော်ဖြတ်လာခဲ့တယ်။ လူတွေဟာ ဒီထက် သေးမွှားတဲ့ အရာတွေအတွက် ကောင်းကင်ဘုံကို သွားနိုင်တယ်။ အဲဒီစိတ်၊ အဲဒီချစ်ခြင်းမေတ္တာဆိုတဲ့ အပြုအမူ။ ဒါဟာ ဘာနဲ့အလား သဏ္ဌာန်တူသလဲဆိုရင် သူဆင်းရဲရဲ့ ခြေအစုံကို သူတော်စင်တွေက ဒူးတုပ်ပြီး ဆေးကြောပေးသလို အနူတစ်ယောက်ရဲ့ ပါးပြင်ကို နမ်းသွားတဲ့ ရုတ်တရက်ပြုမူမှု၊ သူ ကျွန်တော့်ကို ပြုမူလိုက်တဲ့ အပြုအမူလေးကို ဘယ်လို စကားလုံးနဲ့မှ ဖော်ပြလို့မရနိုင်ဘူး။ အဲဒီအချိန်ပိုင်းလေးတုန်းမှာ သူရော ကျွန်တော်က သူ့ရဲ့ အပြုအမူလေးကို ဘယ်လောက်ခံစားသွားသလဲဆိုတာ သိပါ့မလား။ ဒါကို ဘယ်လိုစကားများနဲ့ ဖော်ပြရမလဲ။ စကားလုံးများနဲ့ ရောဖော်ပြလို့ ရနိုင်မှာမဟုတ်။ ဒါကို ကျွန်တော့်ရဲ့နှလုံးသားထဲမှာ အဖိုးတန်ရတနာတစ်ခုလို သိမ်းဆည်းခဲ့တယ်။ ကျွန်တော် ဘယ်တော့မှ ပြန်မဆပ်နိုင်တော့မယ့်၊ကျေကျေနပ်နပ်ကြီးယူထားလိုက်မိတဲ့လျိူ့ဝှက်သောအကြွေးအဖြစ်သိမ်းဆည်းထားတယ်။ မျက်ရည် စက်ပေါက်များစွာနဲ့ မွမ်းမံပေါင်းထည့်သွားပြီး တဖြည်းဖြည်း တန်ဖိုးကြီးမားလာမယ့် အဖိုးတန်ရတနာ။

ကျွန်တော့်အတွက် အသိပညာဆိုတာနဲ့ အကိုျးမပေးဘူးဆိုတဲ့ အချိန်ကျရင် အတွေးအခေါ်တွေ ပျက်သုဉ်း၊ စကားပုံတွေ၊ စာသားတွေ ကျွန်တော့် နှုတ်ဖျားမှာ ဖုန်တွေပြာတွေအဖြစ် ဖြစ်သွားတဲ့အခါကျရင် ဟောဒီချစ်ခြင်းမေတ္တာ၊ တိတ်ဆိတ်စွာ ပြသသွားတဲ့ ချစ်ခြင်းဆိုတဲ့အရာ ဟာ ကျွန်တော့်ရဲ့ရင်မှာ ဖွင့်ဟလိုက်ပါစေ။ သဲကန္တာရထဲမှာ နှင်းဆီပန်းကလေး ပွင့်ဖူးလာသလို ဟောဒီ ခါးသည်းတစ်ကိုယ်တည်း အထီး ကျန် ဖြစ်ကာ ဒဏ်ရာဒဏ်ချက်တွေ၊ ကိုျးပဲ့မှုတွေနဲ့ အဖော်လုပ်နေရတဲ့ ဒီကမ္ဘာထဲကနေ ဆွဲထုတ်ပေးလိုက်စမ်းပါ့။ လူတွေဟာ ဒီလူရဲ့ ပြုမူမှု လေးကို နားလည်နိုင်ရင်တောင်မှ ကျွန်တော့်အတွက် ဘာလို့ အဓိပ္ပာယ်ရှိသလဲဆိုတာကို သိပါ့မလား။ အမြဲတမ်းကို အဓိပ္ပာယ်ရှိသလဲဆိုတာကို သိပါ့မလား။ အမြဲတမ်းကို အဓိပ္ပာယ်ပြည့်ဝနေတယ်ဆိုတာကို သူတို့လည်း ဘာလို့ ဆိုတာကို နားလည်ချင် နားလည်လာလိမ့်မယ်။ ဘယ်လို စိတ်ခံစားမှုက ကျွန်တော့်ကို အုပ်မိုးလိုက်သလဲဆိုတာကို သိချင်သိလာမယ်။

ကမ္ဘာကြီးကိုပေးပို့လိုက်တဲ့ ဒီလိုလူသားတစ်ဦးရဲ့ ရင်တွင်းခံစားမှုများဟာ နွေဦးရာသီရဲ့ အဖူးအပွင့်တွေလို ဖြစ်ချင်ဖြစ်မယ်။ စိတ်ဓာတ် ပြုပြင်ရေးစခန်းက အေးမြတဲ့ မြက်ခင်းလေးနဲ့ တူချင်တူမယ်။ ဒါမှမဟုတ်ရင်လည်း လယ်ကွင်းထဲက လှပတဲ့ အဝါရောင် ပန်းကလေးတွေလို ''ဝမ်းနည်းပူဆွေးစရာကောင်းလှတဲ့ သံသရာ စက်ဝိုင်းထဲမှာ ပိုပြီးလေးလံသွားစေမယ့် အရာတော့ မဟုတ်ဘူး။ စိတ်ထိခိုက်ဖွယ် စက်ကွင်းထဲ မှာ ပိုပြီးဆိုးဝါးသွားအောင် ဖိစီးပေးမယ့်အရာမိုျး မဟုတ်ဘူး။ ဒါဟာ ဟိုးအဝေးကြီးကနေ သတင်းစကား သယ်ယူလာပေးတဲ့ တေးသီ ငှက် ကလေးရဲ့ နှုတ်က ဖွင့်ဟလိုက်တဲ့ စကားလုံးလေးတွေဖြစ်တယ်။ သို့သော်လည်း ဒါဟာ လေးနက်တဲ့ အနုပညာမြောက်တဲ့ အမှားမိုျးဖြစ်ချင် ဖြစ်မယ်။ ဒီစာလုံးတွေနဲ့ တည်ဆောက်ထားပေမယ့် လွဲမှားစွာတိုက်ခတ်ခဲ့တဲ့ လေထုလို့ဆိုချင်ဆိုမယ်။ ဒါမှမဟုတ်လည်း ခေတ်မီတဲ့ အနုပညာ မြောက် လေကောင်းလေသန့်လို့ ဆိုချင်ဆိုမယ်။ ခေတ်မီတဲ့ ဘဝဆိုတာဟာ ရှုပ်ထွေးပြီး အပြောင်းအလဲတွေများတယ်။ သို့သော်လည်း ခေတ်မီ တဲ့ ကမ္ဘာထဲမှာ ဂီတအနုပညာသမား၊ ပန်းပုအနုပညာသည်တွေလို သူတို့ထုဆစ်ဖွဲ့နွဲ့လိုက်တဲ့ အနုပညာဟာ အများကို ဖော်ပြခြင်းဆိုတဲ့ အနု ပညာမိုျးလို့ဆိုရင် စာပေဟာလည်း ကိုယ့်ခံစားချက်များ၊ ရင်တွင်းရိုက်ခတ်မှုများကို စကားလုံးများနှင့် ဖော်ပြလိုက်တာပါပဲလို့''

De Profoundis 'from the depths'(အကျဉ်းထောင်ထဲက ရေးတဲ့စာများ) စာစုမှ ဘာသာပြန်သည်။'




Friday, October 27, 2017

ကိုယ်တိုင်ရေးပုံတူများ ရေးဆွဲခဲ့သူ ၈ျူနီယာ၀င်း



ကိုယ်တိုင်ရေးပုံတူများ ရေးဆွဲခဲ့သူ

Abrecht Durer (ဂျူရာ) (၁၄၇၁-၁၅၂၈) သည် ဂျာမန်လူမိုျး ပန်းချီဆရာတစ်ဦးဖြစ်ရုံမက သစ်သားထွင်းပုံနှိပ်ပန်းချီကားများကို လည်း ရေးဆွဲထွင်းတတ်သူဖြစ်ကာ သီအိုရီဆန်ဆန် စဉ်းစားတွေးခေါ်တတ်သူလည်း ဖြစ်ပါသည်။ ဖခင်ဖြစ်သူသည် ရွှေပန်းထိမ်ဆရာ တစ်ဦး ဖြစ်သည်။ သူ့ကို မေလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သားသမီး ၁၈ ယောက်ထဲတွင် သူက ဒုတိယမြောက်ဖြစ်လေသည်။ ဖခင်ဖြစ်သူ၏ ရွှေပန်းထိမ်အတတ်ပညာ၊ ပန်းချီပညာများအပြင် သူ၏ ခေါင်းကိုင်ဖခင်တစ်ဦးဖြစ်သူ Antonkoberger ၏ ပုံနှိပ်ထုတ်လုပ်ငန်းများတွင်လည်း ပါဝင် လုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါသည်။

သူ့ဘဝအကိုျးပေးအတိုင်းပင် ငယ်ရွယ်စဉ်ကပင် ပုံနှိပ်လုပ်ငန်း၊ အက္ခရာထွင်းလုပ်ငန်းများတွင် ကျွမ်းကျင်ခဲ့သူဖြစ်လေသည်။ ထိုခေတ် က Nurenberg တွင် နာမည်ကျော်ပန်းချီဆရာ Michael Wolgemut ထံတွင် သူအသက် ၁၅ နှစ်အရွယ်ကစ၍ တပည့်ခံခဲ့သည်။ သူ၏ ပထမဦးဆုံးသော ကိုယ်တိုင်ရေးပုံတူမှာ ၁၄၈၄ ခုနှစ် သူ့အသက် ၁၃ နှစ်အရွယ်မှာ ရေးဆွဲသော ငွေရောင်မင်သုံးပန်းချီ ဖြစ်လေသည်။ နောက်ပိုင်းတွင် ယင်းကို 'ကျွန်တော် ကလေးဘဝတုန်းက'ဟု အမည်ပေးခဲ့ပါသည်။

ဂူျရာသည် ၁၄၉ဝ ပြည့်နှစ်နောက်ပိုင်းတွင် ကျောက်ထွင်းပန်းပု ထုပညာရှင် Martin Schongauer သို့ ပညာဆည်းပူးဖို့ ဥရောပ မြောက်ပိုင်းသို့ သွားခဲ့သည်။ သို့သော် သူ မရောက်မီ Martin ကွယ်လွန်ခဲ့ရာ Martin ၏ ညီအစ်ကိုများထံတွင် ဆက်လက် ပညာသင်ယူခဲ့ သည်။ ၁၄၉၃ ခုနှစ် သူ အသက် ၂၂ နှစ်အရွယ်တွင် ဆေးရောင်စုံဖြင့် ကိုယ်တိုင်ရေး ပုံတူဆေးရေးကို ရေးဆွဲခဲ့သည်။ 



ဂူျရာသည် ထိုမှ တစ်ဖန် အီတလီ၊ ဗင်းနစ်မြို့များမှသည်Nurenberg သို့ ပြန်ရောက်လာသည့် ကာလတစ်လျှောက်လုံးတွင် ပန်းချီကား များများစွာ ရေးဆွဲခဲ့ ကာ သစ်သားထွင်း လက်ရာများလည်း အများအပြား ရေးဆွဲခဲ့သည်။ သူရေးဆွဲသော လက်ရာများမှာ အထူးသဖြင့် လူ့ကိုယ်ခန္ဓာ ပုံပန်းများ သည် ထိုခေတ်က နာမည်ကျော်ပန်းချီဆရာများဖြစ်သည့် Lorenzo dei Credi, Mantegna တို့၏ သြဇာသက်ရောက်မှုများ လွှမ်းမိုးနေသည် ဟု ဆိုကြသည်။ ၁၄၉၁ ခုနှစ်မှာ ထပ်မံရေးဆွဲသော ပုံတူသည်လည်း လူသိများသော ပုံတူဖြစ်သည်။

၁၅ဝဝ ပြည့်နှစ် သူ့အသက် ၂၉ နှစ်ရွယ်တွင် ဂျူရာသည် ကိုယ်တိုင်ရေးပုံတူကို ထပ်မံရေးဆွဲခဲ့သည်။ 

ထိုပန်းချီကား ၃ ခုကို ယှဉ်ကြည့်ခြင်းဖြင့် သူ့ အသက်အရွယ်အလိုက် ပြောင်းလဲမှုကို တွေ့ကြရမည်ဖြစ်ပါသည်။ ဂျူရာ့အကြောင်းကို စဉ်းစားလိုက်လျှင် ထိုကိုယ် တိုင်ရေး ပုံတူပန်းချီကား ၃ ခု အပြင် သူ၏ အကောင်းဆုံးနှင့် နာမည် အကြီးဆုံး သစ်သားထွင်း ပုံနှိပ်ပန်းချီကားကို မေ့ထား၍ မရနိုင်ချေ။ 

၁၅၁၄ ခုနှစ်မှာ ရေးခဲ့သော ထို Melen-collia တွင် ထူးခြားသော Magic square (အံ့ဖွယ်စတုရန်း) (၄ x ၄ စတုရန်းကွက်) ပါဝင်နေပေ သည်။ ၄င်းသည် ပုံ၏လယ်ယာ အပေါ်ဘက်တွင် ထွင်းထားသည်။ အံ့ဖွယ်စတုရန်းဟူသည်ကား ၁.၂.၃.၄ ---၁၆ ထိ ပါဝင်သော ကိန်းဂဏန်း များကို စတုရန်းတွင် အတန်းလိုက်၊ ဒေါင်လိုက် ထောင့်ဖြတ်လိုက် ထည့်ထားရာ ပေါင်းလဒ်သည် အားလုံး ၃၄ ဖြစ်စေသော စတုရန်းကိုခေါ် သည်။ ၄င်းအံ့ဖွယ်စတုရန်းကို ရေးသားခဲ့သော ခုနှစ် ၁၅၁၄ သည် အောက်ဆုံးတန်းတွင် ပါဝင်သည်။ ၃ x ၃ အံ့ဖွယ်စတုရန်းများ ပေါ်လာပြီး နောက် ဂျူရာသည် ပထမဦးဆုံး ၄ x ၄ အံ့ဖွယ်စတုရန်းကို ရေးသားဖော်ထုတ်ခဲ့သူအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ ဂျူရာက ဘယ်လိုလုပ် ပြီး စဉ်းစားလိုက်သလဲဆိုတာကတော့ ပဟေဠိဖြစ်နေဆဲဖြစ်ပါသည်။

ဂျူရာ၏ အစွမ်းပြချက်များတွင် အထူးခြားဆုံးလက်ရာမှာ 'ဆံပင်' ရေးဆွဲခြင်းဖြစ်သည်။ ခေတ်ပြိုင်ပန်းချီဆရာများပင် သူ၏ ဆံပင်ရေးဆွဲသော စုတ်တံကို အထူးစိတ်ဝင်စားခဲ့ကြလေသည်။ ပန်းချီဆရာBellini က ဂျူရာ့ကို ''ခင်ဗျားဆံပင်ပုံတွေကို ဆွဲတဲ့စုတ်တံ တစ်ချောင်းပေးပါ''ဟု ဆိုရာ ဂျူရာက အနားရှိ စုတ်တံများကို ကောက်ယူပြီး ''ဟောဒီထဲက ကြိုက်ရာယူပါ''ဟု ပြောလေသည်။ ထိုအခါ Bellini က ''ဒါတွေမဟုတ်ဘူး။ ခင်ဗျား ဆံပင်ပုံတွေဆွဲတဲ့ အထူးစီမံထားတဲ့ စုတ်တံကိုပြောတာ''ဟု ဆိုလေသည်။ ဂူျရာက သူ့မှာ အထူး စီမံထားတဲ့ စုတ်တံမရှိကြောင်း၊ မယုံလျှင်ဆွဲပြမည်ဟုဆိုကာ ကျပန်းရွေးလိုက်သော စုတ်တံတစ်ချောင်းဖြင့် အလွန်လှပသော ဆံပင်ပုံများကို ဆွဲပြလိုက်လေသည်။ Bellini သည် သူကိုယ်တိုင်မြင်၍သာ ဒါကို ယုံရတော့သည်ဟု ဝန်ခံပြောဆိုခဲ့ပါသည်။

ယခုတင်ပြထားသော ဂျူရာ၏ ကိုယ်တိုင်ရေးပုံတူများကို ကြည့်ပြီး သူ၏ ဆံပင်ဆွဲပုံ ပြောင်မြောက်ပုံကို တွေ့ကြရမည်ဖြစ်ပါသည်။ ထို့ပြင် ပန်းချီကား၏ ထောင့်ဘက်အပေါ်နားတို့တွင် သူ၏ လက်မှတ်နှင့် ရေးဆွဲသော ခုနှစ်ကိုလည်း တွေ့နိုင်ကြပေမည်။ နောက်ဖော်ပြထား သော အံ့ဖွယ်စတုရန်းလေးကိုလည်း Melencollia ကားချပ်တွင် ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မည်။



ရနံ့သစ်၊ ၂ဝ၁၁၊ မေလ။

Thursday, October 26, 2017

ပန်းချီကား၏လိုက်ဖက်မှု ၈ျူနီယာ၀င်း



ပန်းချီကား၏လိုက်ဖက်မှု

'မနက်ခင်း၊ နေ့လည်နေ့ခင်း၊ ညအိပ်ရာဝင်ချိန် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းစီးသံများ သို့မဟုတ် ထာဝရ ဘုရား သခင်ကို အောက်မေ့သတိရစွာဖြင့် ကျေးဇူးတင်ဝတ်ပြုဆုတောင်းခြင်း'ဟု အဓိပ္ပာယ်သက်ရောက်သော ‘The Augelus’ အမည်ရှိပန်းချီကား ကို Jean Francois Millet (ရွန် ဖရွန်ဆွားမီလေ) (၁၈၁၄-၁၈၇၅)က ရေးဆွဲခဲ့သည်။ သူသည် ပြင်သစ်ပန်ချီးဆရာတစ်ဦးဖြစ်ကာ နာမည်ကျော် (ဘာဘီဇွန်) School ကျောင်းသား အဖွဲ့ဝင်တွေထဲက ဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

Babizon(Barizon) School ဟူသည် ၁၉ ရာစုလောက်က ပြင်သစ်ပန်းချီဆရာများ (Corot. Millet, Daubigny, Rosseau အစရှိသော နာမည်ကျော်များ) စုပေါင်း၍ ၁၈၃ဝ မှ ၁၈ရဝ ကြား ပြင်သစ်နိုင်ငံ ဘာဘီဇွန်အရပ်တွင် ဖွဲ့စည်းခဲ့သော အဖွဲ့တစ်ခု ဖြစ်ပါသည်။ ၄င်းတို့သည် တိရစ္ဆာန်များ၊ တောသဘာဝမြင်ကွင်းကျယ်များ၊ လူများ၊ အရပ်ဒေသများကို ထိုအရပ်တွင် ရေးဆွဲခဲ့ကြသည်။ သူတို့အဖွဲ့သည် စတူဒီယိုအတွင်းမှာထက် အပြင်ထွက်၍ တကယ့်အဖြစ်များကို ခံစားရေးဆွဲသူများဖြစ်သည်။

ထို့ကြောင့်ပင် Millet ရေးဆွဲသောပန်းချီကားများသည် သဘာဝတရားနှင့် စစ်မှန်သော အဖြစ်အပျက်များထဲမှ လှုပ်ရှားများပါဝင်နေ သည်။ Millet ၏ ဖခင်သည် ရိုးရိုးသာမန်လယ်သမားတစ်ဦးဖြစ်သည်။ သူကြီးပြင်းခဲ့ရသော တောဓလေ့ပတ်ဝန်းကျင်ကြောင့် သူ့ပန်းချီကားများတွင် တောင်သူလယ်သမားများ၏ နိစ္စဓူဝအဖြစ်တွေကို တွေ့မြင်ကြရသည်။ သူလျှောက်လှမ်းခဲ့သော ဘဝခရီးလမ်းပေါ်မှ သဘာဝတရားကို ဖော်ဆောင်မှုများအပြင် လယ်ကွင်းထဲမှ တောသူတောင်သားများ၏ ဘဝများ၊ ဆင်းရဲစွာနေထိုင်ရခြင်း၊ ရိုးသားစွာဖြင့် ကျင့်ကြံခြင်းတို့သည် သူ့ပန်းချီကားထဲမှာ နစ်ဝင်လျက် ရှိလေသည်။

Millet သည် ၁၈၃၇ တွင် ပါရီ၌ ပြင်သစ်ပန်းချီဆရာ Paul Delaroche ထံတွင် ၁၂ နှစ်ကြာ ပန်းချီပညာကို သင်ကြားခဲ့သည်။ ထို့နောက် Babizon School နှင့် ဆက်သွယ်၍ အဖွဲ့ဝင်ဖြစ်သွားကာ သဘာဝမြင်ကွင်းကျယ်များကို ရေးဆွဲခဲ့သည်။ ထို့ပြင် လယ်ကွင်းထဲမှ လယ်သမားများ အလုပ်လုပ်ပုံများကို များစွာရေးဆွဲခဲ့ပါသည်။

သူရေးဆွဲသော ပန်းချီကားများတွင် 'နွားနို့ပို့သူမိန်းကလေး' 'ထင်း သယ်လာသူများ' 'သိုးကျောင်းသား' စသည် စသည်ဖြင့် စိတ်ဝင် စားဖွယ် တောဓလေ့၊ တောစရိုက်များ များစွာ စီးဝင်နေသည်ကို တွေ့ရသည်။ တောသဘာဝ ဘာသာသည်ကား Millet ၏ ၁၈၅ဝ အစော ပိုင်းကာလက အဓိကထားသော ဘာသာရပ်ဖြစ်ခဲ့ပါသည်။

၁၈၆၈ ခုနှစ်တွင် သူ၏ ပန်းချီကားများကို စတင်၍ တရားဝင် အသိအမှတ်ပြုခဲ့ရသည်။ ၁၈၆၇ ခုနှစ်တွင် ကျင်းပခဲ့သော ပန်းချီပြပွဲ အတွက် သူ၏ အဓိကကျသော ပန်းချီကား ၉ ချပ် ပြသအပြီးမှာ ထိုသို့ရလဒ်များ ရရှိခဲ့ခြင်းဖြစ်ပါသည်။ Millet ၏ ပန်းချီကားများကို Louvre, Boston ပြတိုက်များတွင် တွေ့ရှိရမည်ဖြစ်ပါသည်။

Millet သည် သာမန်ဘဝ နေရာ ဒေသထဲကနေ ကြီးပြင်းလာပြီး သူ ရေးဆွဲလိုက်သော ပန်းချီများတွင် ရိုးသားမှုနှင့် သာမန်အမြင် များသည် မြင့်မြတ်ကြီးကျယ်မှုကို ဖော်ထုတ်ပြနိုင်စွမ်းရှိသည်ဟု ချီးကူျးခြင်းခံရသူဖြစ်ပါသည်။ Millet ၏ ပန်းချီကားများကို ကြည့်ပြီး 'သူ့ပန်းချီကားတွေဟာ ဒဏ်ရာများထဲမှ မျှော်လင့်ချက်ကို သိမ်းဆည်းပေးထားတယ်။ ဝမ်းနည်းစရာတွေလို့ ခံစားမိနေရာက သနားမှုကို ဖြစ် ပေါ်လာစေတယ်။ စိတ်ကူးတွေပါပဲလို့ အပေါ်ယံတွေးမိနေရာကနေ သဘာဝတရားရဲ့ အစစ်အမှန်တွေပဲလို့ အမှတ်တရ ဖြစ်သွားရပါတယ်' ဟူ၍ သူ့ပန်းချီကားချစ်သူများက မှတ်ချက်ချကြလေသည်။

ထို ‘The Augusekus’ ပန်းချီကားသည် Millet ၏ အကောင်းဆုံး လက်ရာ ၃ ခုတွဲထဲမှ တတိယတစ်ချပ်ဖြစ်သည်။ ပထမ တစ်ကားမှာ (ကောက်ပဲသီးနှံပိုျးများ ကြဲနေသောလယ်သမား) ဖြစ်ပြီး ဒုတိယ တစ်ကားမှာ ‘The Gleaner’ (ကောက်ရိတ်သိမ်းချိန်အပြီး ဆင်းရဲသားအမိုျးသမီးလေးများ သီးနှံများကောက်နေပုံ) ဖြစ်သည်။

နောက်ဆုံးဖြစ်သောကား The Angeluy’ သည် သူ၏ လက်ရာတွေထဲမှာ ပေါ်ပြူလာအဖြစ် ဆုံးဖြစ်သည်။ သဘာဝအတိုင်းပင် ရိုးသားခြင်းနှင့် ဘာသာတရား ရိုသေကိုင်းရှိုင်းခြင်းကို အပြည့်အဝဖော်ဆောင် ထားခြင်း ဖြစ်သည်။ Millet ၏ ဆန္ဒမှာ ထိုပန်းချီကားများကို ကြည့်နေသူတွေ၏ စိတ်ထဲ ဓမ္မတေးသီဆိုချိန်လေးပဲဟု နားလည် လက်ခံပေးမှု၊ ညင်သာ သော ဂီတသံလေးက အလုပ်ကြမ်းလုပ်နေကြသူတွေအား ကျေးဇူးတင်စရာ အနားယူခွင့်လေးပေးချိန်အဖြစ် ခံစားပေးမှုကို ဖြစ်ပေါ်လာစေလို ခြင်း ဖြစ်ပါသည်။

ထို တောင်ယာသမားတို့မှာ အလုပ်တွေ ကောင်းကောင်း လုပ်ကိုင်ခဲ့ကြကာ ၄င်းတို့၏ မျက်စိရှေ့မှာ သီးနှံတွေတောင် လိုရာလို ပုံခဲ့ကြ ပြီး ယခုအချိန်မှာတော့ ဘုရားသခင်ထံမှ ထိုထိုသော လက်ဆောင်များ ရရှိခြင်းအတွက် ဦးခေါင်းများ ညွတ်ကာ ကျေးဇူးတင်စကား ဆိုနေကြ ဟန် ဖြစ်ပါသည်။ အရှည် ၂၅ လက်မ၊ အနံ ၂၁ လက်မရှိသော သေးငယ်သည့် အဲသည်ကင်းဗတ်စ်ပေါ်က ပန်းချီကားတွင် ပန်းချီ ဆရာက တောင်းဆုပြုသူများကို သရုပ်ဖော်ထားပြီး ဆေးရောင်စုံများ ခံနိုင်ရည်ရှိသ၍ ဤခွန်အားရှိသော ဆုတောင်းပို့သမှုက မပြီးဆုံးနိုင်ပါဟူသော ယုံကြည်မှုကို ဆုပ်ကိုင်လျက်ရှိလေသည်။

ထိုပန်းချီကားကို စာရေးဆရာကြီး Thomas Hardy (သောမတ်စ်ဟာဒီ) ၏ Far from the madding crowd အမည်ရှိ ဝတ္ထုရှည်ကြီး မျက်နှာဖုံးမှာ တွေ့ခဲ့ရပါသည်။ Thomas Hardy သည် တောနေ သဘာဝ၊ တောသူတောင်သား၊ လယ်သမားတို့ကြားက အချစ်ဇာတ်လမ်းများကို ရေးဖွဲ့ရာ၌ ထူးခြားပြောင်မြောက်သော စာရေးဆရာတစ်ဦးဖြစ်သည်။ စာဖတ်သူသည် တောနေဓလေ့စရိုက် သဘာဝ အလှသစ်ပင်ပန်းမန်များ၊ ရာသီလိုက်ပွင့်ဖူးသော ပန်းများ၊ သစ်သီးသစ်ဖုများ၊ စိုက်ပိုျးရေးလုပ်ငန်းများ၊ ပြောင်းလဲနေသော ရာသီဥတုများ၊ လယ်သမားတောင်သူများ နေ့စဉ်နေထိုင် အသက်ရှင်နေမှုများ၊ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသူများကြားက သမားရိုးကျ အချစ်ဇာတ်လမ်း တစ်ပုဒ်ကို စိတ်ဝင်စားဖွယ် ဖန်တီးတင်ပြမှုများကို တွေ့မြင်ကြရသည်။

Thomas Hardy ၏ ထူးခြားချက်မှာ သူ၏ အရေးအသားဖြစ်သည်။ သူရေးသားထားသော ဇာတ်လမ်းဝတ္ထုကြီးကို အတိုခုံျးထား သည့် ရေးသားချက်များကို ဖတ်မိလျှင် ဘာမှစိတ်ဝင်စားစရာမရှိဘဲ ငြီးငွေ့စရာပင်ကောင်းသည်။ ထို့ပြင် အတိုခုံျးထားသည်များကို ဖတ်ပြီး မူရင်းကိုပင် ဖတ်ချစ်စိတ် ပျောက်ပျက်သွားနိုင်သည်။ သို့သော် သူ၏ မူရင်းလက်ရာကို ဖတ်ကြည့်မှသာ အင်္ဂလိပ်လူမိုျး စာရေးဆရာတစ်ဦး၏ လက်ရာကောင်းလက်ရာမွန်ကို သိမြင်ခံစားမိကာ စွဲလမ်းနှစ်သက်ဖွယ်ဖြစ်ကြရ၏။ သူရေးဖွဲ့ထားသော တောသူတောင်သားများ၏ သဘာဝကို လှပသော အင်္ဂလိပ်စာ အရေးအသားနှင့် ဒွန်တွဲဖတ်ရသည်မှာ အလွန်အရသာရှိလှ၏။



တောစရိုက်၊ တောသဘာဝများအကြောင်း ပိုင်နိုင်စွာရေးတတ်သော ထိုစာရေးဆရာကြီးတစ်ဦး၏ လက်ရာ ဝတ္ထုကြီးတစ်ပုဒ်၏ မျက်နှာ ဖုံးသည် နာမည်ကျော် တောသဘာဝ ပန်းချီများရေးဆွဲသူ ပန်းချီဆရာကြီး၏ လက်ရာနှင့်သာလျှင် ပနာရကာ တင့်တယ်ပေလိမ့်မည်ဟု Millet ၏ The Angelus ပန်းချီကားကို ကြည့်၍ ခံစားနားလည်လိုက်မိပါတော့သည်။

Tuesday, October 24, 2017

မွန်တီခရစ်စတိုမြို့စားကြီးဝတ္ထုုနှင့် ရုပ်ရှင် ကွာခြားမှု ဂျူနီယာဝင်း



မွန်တီခရစ်စတိုမြို့စားကြီးဝတ္ထုုနှင့် ရုပ်ရှင် ကွာခြားမှု

ပန်းအလင်္ကာ၊ ၂ဝ၁ဝ၊ စက်တင်ဘာလ။

The Count of Monte Cristo (မွန်တီခရစ်တိုမြို့စားကြီး) ဟု အမည်ရှိသော ဝတု္ထုကြီးကို ပြင်သစ်စာရေးဆရာကြီး Alexandre Dumas (၁၈ဝ၂-၁၈ရဝ) က ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့က ၁၈၄၄-၁၈၄၆ တွင် ထုတ်ဝေခဲ့သည်။ ဝတ္ထု၏ အမိုျးအစားမှာ သမိုင်းဝင်၊ စွန့်စားခန်းနှင့် အချစ်ဇာတ်လမ်းများဖြင့် တည်ဆောက်ထားသည်။ Dumas (ဂျူးမား) သည် 'မွန်တီခရစ်တို'ဟု အမည်တွင်သော ကျွန်း၏ အမည်ကို ကြားခဲ့စဉ်က ထိုကျွန်းနောက်ခံထားပြီး ဝတ္ထုတစ်ပုဒ်ရေးဖို့ စိတ်ကူးရခဲ့ပေသည်။ ဝတ္ထုထဲတွင် ရတနာသိုက်၊ ကျေးဇူးရှင်၊ ကျေးဇူး ကန်းသူ၊ ထောင်သွင်းအကျဉ်းမှ လွတ်မြောက်ခဲ့ပုံ၊ ရတနာသိုက်ရှာပုံတော်၊ လက်စားချေခြင်းနှင့် ရိုးသားအပြစ်ကင်းခြင်းများကို ဇာတ်ကောင် တစ်ခုစီတွင် ပေါ်လွင်အောင်ရေးသားထားသည်ကို တွေ့ရသည်။

ဝတ္ထု၏ တည်နေရာဒေသမှာ မြေထဲပင်လယ်အရပ်က ပြင်သစ်အီတလီတို့မှာ အခြေခံထားသည်။ ခုနှစ်အားဖြင့် ၁၈၁၅-၁၈၃၈ ပြင်သစ်လူဝီ- ဖိလစ်ဘုရင်အုပ်ခုျပ်သည့်ခေတ်သို့ ဦးတည်လာသည့် ကာလမတိုင်မီလောက်ဟု ဆိုထားသည်။ ထိုကဲ့သို့သော သမိုင်းဝင် နောက်ခံ ဇာတ်ခုံကြီးကား စာအုပ်၏ အခြေခံအမြစ်များဖြစ်လေသည်။ စွန့်စားခန်း ဝတ္ထုများကဲ့သို့ပင် မျှော်လင့်ချက်၊ အမှန်တရား၊ လက်စား ချေမှု၊ သနားကြင်နာခြင်း၊ ခွင့်လွတ်ခြင်းနှင့် သေဆုံးခြင်းတည်းဟူသော သဘောတရားများက အဓိကစီးဝင်လျက်ရှိပါသည်။

ထို့ပြင် Dumasသည် ပြင်သစ်စစ်ဗိုလ်ခုျပ်နပိုလီယမ်-၁၊ ၁၈၁၅ ခုနှစ် Elba ကျွန်းမှ ထွက်ပြေးခဲ့သော ခုနှစ်ကာလကို နောက်ခံယူ လျက် ဝတ္ထုဇာတ်လမ်းကို စထားပါသည်။ ဝတ္ထု၏ အဓိကဇာတ်ကောင် Edmond Dantes (အက်ဒ်မွန်ဒွန်တက်စ်) သည် သင်္ဘောအမှုထမ်း အဖြစ်ဖြင့် တာဝန်များ ပြီးဆုံး၍ Moidellillesဆိပ်ကမ်းသို့ ပြန်လာသည်။ ထိုသို့ပြန်လာချိန်တွင် သူ့မှာ ကွယ်လွန်သွားသူကပ္ပတိန် Leclere (လကလဲ) (နပိုလီယမ်-Napoleon-I ပြည်နှင်ခံထားရသူ နပိုလီယမ်စစ်ဗိုလ်ခုျပ်ကို ထောက်ခံသူ)မှ ပေးလိုက်သော တာဝန်နှစ်ခုပါလာသည်။ တစ်ခုမှာ နပိုလီယမ်နှင့်အတူ Elbaကျွန်းသို့ အပို့ခံလိုက်ရသော Marecheal Bertrand အတွက်နှင့်Elba ကျွန်းမှ ပါရီရှိအမည်မသိသော သူထံ ပို့ရမည့်စာဖြစ်သည်။ ထိုအမည်မသိစာတစ်စောင်သည် ဒွန်းတက်စ်ကို သစ္စာဖောက်အဖြစ် စွပ်စွဲနိုင်သော စာတစ်စောင်ဖြစ်ခဲ့လေသည်။

Marseille ဆိပ်ကမ်းသို့ ရောက်လာသူ ဒွန်းတက်စ်အတွက် အတွေ့ချင်ဆုံးနှစ်ဦးအား ဖခင်ကြီးနှင့် ချစ်သူ Mercedes (မာဆေးဒဲစ်) ဖြစ်လေသည်။ ထိုအချိန်မှာ သူ့ကို မနာလိုသူများ၏ အကွက်ကျကျစီစဉ်ခဲပုံများကား စိတ်ဝင်စားဖွယ်များဖြစ်ပါသည်။ ဤနေရာတွင် Mercedes ကို တစ်ဖက်သတ်ချစ်ကြိုက်နေသူ ဝမ်းကွဲအစ်ကို Fernand Mondegoနှင့် မူလအားဖြင့် ဖြောင့်မတ်သူဖြစ်သော်ငြားလည်း ထိုအမည်မသိ ရည်ရွယ်သော စာမှာဖခင်ဖြစ်သူကိုရေးသော စာဖြစ်သဖြင့် မတတ်သာပဲစာကို ဖျက်စီး၊ ဒွန်တက်စ်ကို ထောင်ချပစ်ခဲ့သော Marselle ဆိပ်ကမ်းမြို့မှ တရားသူကြီး Villefort ထို့အပြင် ဒွန်တက်စ်ကို မုန်းနေသူများ ပေါင်းစည်းမိခြင်း၊ လူ့အကျင့်၊ လူ့သဘာဝ စိတ်ခံစားမှု အကျင့်စရိုက်များကို ကွက်ကွက်ကွင်းကွင်းပင် ပေါ်လွင်အောင် ရေးသားထားသည်များကို တွေ့ရပါသည်။

ဝတ္ထုထဲတွင် ရေတွက်၍ မရနိုင်သော ဇာတ်ကောင်များ ပါဝင်ထားကြသည်။ ထိုအထဲက အရေးပါသော ဇာတ်ကောင်များသည် ရုတ်တရက်ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ဇာတ်လမ်းထဲတစ်ထောင့်တစ်နေရာကနေ လိုက်ပါလာရာမှ သူ၏ အရေးကြီးသော အခန်းကဏ္ဍကို တွေ့မြင်လာရသည်။ ဝတ္ထု၏ အစပိုင်းလောက်မှာပင် ဒွန်တက်စ်ကို မနာလိုသော်လည်း မကောင်းမှုလုပ်ဖို့ တွေဝေနေသူ Fernand အား ဒွန်းတက်စ်ကို ချောက်ချလိုသူများက စကားဖြင့် ဆွယ်ယူကာ သူတို့နှင့် တစ်ပေါင်းတည်းဖြစ်အောင် ကြံကြလေသည်။ ဤအခန်းများသည် လူသဘာဝလူ့စရိုက်၊ မကောင်းသောစိတ် မထားသော်လည်း တဖြည်းဖြည်းနှင့် မကောင်းမှုကူျးလွန်လိုက်ဖို့ စိတ်ပါလာပုံများကား ဂူျးမား၏ ထူးခြားပြောင်မြောက်လှသော အရေးအသားများပင် ဖြစ်ပါတော့သည်။

‘Fernandရေ... ကြည့်စမ်းပါဦး... အခုဆိုရင် ရာထူးလည်းတိုး အင်မတန်ရဲရင့်ပြီး သတ္တိရှိလှတဲ့ Marseille(မာဆဲရီး) ဆိပ်ကမ်းမြို့ ကလေးက သာမန်ငါးဖမ်းသမားလေးက Mercedes (မာဆေးဒဲစ်)ဆိုတဲ့ အလွန်လှပချောမောပြီး အပြစ်ပြောစရာမရှိတဲ့ မိန်းကလေးနဲ့ တွဲဖက်ရတယ်။ အို... တော်လိုက်တဲ့ကောင်ကလေး။ အခုဆိုရင် ဒီမိန်းကလေးက ရာထူးတိုးခံလိုက်ရတဲ့ ကောင်ကလေးရဲ့ ချစ်သူဖြစ်သွားပြီ။ စဉ်းစားကြည့်စမ်း... ဟော... မကြာခင် သူတို့လက်ထပ်ကြတော့မယ်။ မင်းဘာလုပ်ဖို့ စဉ်းစားထားလဲ'

'ဒါ ကျွန်တော့် ကိစ္စပါ။ ကျွန်တော် သူ့ကို ချစ်တယ်။ ကျွန်တော့်လက်ထဲကဓားနဲ့ အဲဒီအကောင်ကို ထိုးပစ်လိုက်မယ်။ ဒါပေမဲ့ ခက် တာက မာဆေးဒဲစ်က ပြောတယ်။ အဲဒီလို ကံဆိုးမိုးမှောင်အဖြစ်မိုျး ကြုံရရင်သူ့ကိုယ်သူ သတ်သေလိုက်မယ်တဲ့'

'အို... ကျွတ်... ကျွတ်။ အဲဒါမိန်းမတိုင်း ဒီလိုပြောတာပဲ။ ဒါပေမယ့် သူတို့ဘယ်တော့မှ အဲသလိုမလုပ်ဘူးကွ'။

'ခင်ဗျား မာဆေးဒဲစ်အကြောင်းမသိလို့ပါ။ သူက တကယ်လုပ်မှာဗျ'

'အရူးပဲ။ ဒွန်တက်စ်က ကပ္ပတိန်ရာထူးမတိုးရင် သူက ယူမှာပဲလား'

'အို... မာဆေးဒဲစ် မသေခင် ကျွန်တော်သေမှာပဲ'

'အိုး... အချစ်... အချစ်။ လာစမ်းပါ... ငါမင်းကို အကြံပေးမယ်။ ဒွန်တက်စ်မသေဘဲနဲ့ သူတို့ ၂ ယောက်ကွဲအောင် ငါလုပ်ပေးမယ်။ ဒွန်တက်စ်မသေဘူးဆိုရင် မာဆေးဒဲစ်လည်း သက်သေမှာမဟုတ်ဘူး... ဟုတ်တယ်မဟုတ်လား'

'အို... သေခြင်းတရားကပဲ သူတို့ ၂ ယောက်ကို ကွဲအောင်လုပ်နိုင်မှာပါ'

'ဒီမှာ ကောင်ကလေးရဲ့။ တစ်ယောက်နဲ့တစ်ယောက် မတွေ့တော့တဲ့ အခြေအနေမိုျးကို ဖန်တီးပေးမယ်။ တစ်ယောက်နဲ့တစ်ယောက် ရှင်ကွဲခြင်းဟာ သေတာထက်တောင် ပင်ပန်းဆင်းရဲတယ်။ ဒွန်တက်စ်နဲ့ မာဆေးဒဲစ်တို့ ၂ ယောက်ကြားမှာ ထောင်နံရံကြီးသာ ခြားပေးလိုက် ရင် သင်္ခိုျင်းမြေဟိုဘက် သည်ဘက်ကာပေးလိုက်တာနဲ့ အတူတူပဲ'

'ဒါပေမဲ့ ခက်တာက ဒွန်တက်စ်က ဓားပြလည်းမတိုက်။ လူလည်းမသတ်။ ခိုးလည်းမခိုး... ဆိုတော့...။ အို သူမရှိအောင် ဘယ်လိုလုပ် ရပါ့'

'ဒါတွေမလုပ်ဘဲနဲ့ ထောင်ကျအောင်လုပ်တဲ့နည်းရှိတယ်။ ကိစ္စတစ်ခုထဲမှာ သူ့ကို ချောက်ချအောင် ထိုးထည့်လိုက်မယ်'

'ကျွန်တော်နဲ့သူ့ကြားမှာ ရိုးရိုးသာမာန်လူငယ်ချင်း မုန်းတီးတာပဲရှိတာပါ'

'အိုး... ငါက ဒွန်တက်စ်ကို မုန်းလို့ပြောတာမဟုတ်ဘူးကွ။ အို... တကယ်ပါ။ မင်းကမပျော်မရွှင်ဖြစ်နေတယ်။ မင်းရဲ့ မပျော်ရွှင်မှုကို ငါက စိတ်ဝင်စားမိတယ်။ အဲဒါပဲ။ မင်းက ငါ့အတွက်ပြောတာလို့ ထင်နေပုံရတယ်။ တော်... တော်... သူငယ်ချင်းရေ။ ထားလိုက်ပါတော့... ဒီစကားဒီတင်ရပ်တော့မယ်...'

'နိုး ... နိုး။ နေပါဦးဗျာ။ ခင်ဗျားက ဒွန်တက်စ်ကို မုန်းတီးစရာဘာမှမရှိဘူးဆိုတာ ကျွန်တော်သိပါတယ်ဗျာ။ စိတ်မဆိုးလိုက်ပါနဲ့။ ကျွန်တော် သူ့ကိုမုန်းတယ်။ ဒါကိုဝန်ခံတယ်ဗျာ။ နည်းလမ်းသာရှာပေးစမ်းပါ။ ကျွန်တော်လုပ်မယ်။ သူ့ကို မသတ်ဘူး။ မာဆေးဒဲစ်က ဒီကောင် သေရင် သူ့ကိုယ်သူ သတ်သေလိမ့်မယ်။ နည်းလမ်းသာ ပြောပါတော့...'

ဤသို့ဖြင့် ဒွန်းတက်စ်တစ်ယောက် မကောင်းကြံသူတို့၏ အကွက်ထဲဝင်မိသွားပုံ ထောင်ထဲမှာ သူ့လိုပင် အကျဉ်းကျခံထားရသူ Abbe Faria နှင့် တွေ့ဆုံမိကာ သူ့ဘဝမှာ တစ်ခါမှ မသင်ယူဖူးခဲ့သော ဓားခုတ်၊ လှံထိုးအတတ်များအပြင် ပြင်သစ်၊ ဂျာမဏီ၊ အီတလီအစရှိသော ဘာသာစကားများ သင်ယူခဲ့ရ၊ ဘာသာရေးကိုလည်း သင်ယူမှတ်သားခဲ့ရ၊ ထိုကျေးဇူးရှင်သေဆုံးတော့ ထိုအလောင်းနေရာမှာဝင်ကာ အကျဉ်းမှ လွတ်မြောက်ခဲ့ပုံများအပြင် Faria ပြောပြပေးအပ်ခဲ့သော မွန်တီခရစ်တိုကျွန်းက ရတနာသိုက်ကို ရှာဖွေကာ မြို့စားဖြစ်လာပုံ၊ သူ့အမည်ရင်း ကို လျိူ့ဝှက်ထားကာ ၁၄ နှစ်ကြာ အကျဉ်းခံခဲ့ရသော သူ့ဘဝကို လက်စားချေဖို့ ကြိုးစားပုံများကား ဝတ္ထုကြီး၏ ဇာတ်လမ်းကြောရိုးပင် ဖြစ် ပါသည်။

ဒွန်တက်စ်၏ ချစ်သူမာဆေးဒဲစ်ကား ဒွန်တက်စ်အစွပ်စွဲခံရပြီး အကျဉ်းချခံရပြီး ၁၈ လ အကြာမှာ Fernand Mondego နှင့် လက်ထပ်လိုက်ကာ ဒွန်တက်စ်ထောင်မှ ထွက်ပြေးလွတ်လာချိန်မှာတော့ Countess de Morcerf (မြို့စားကတော်) ဘွဲ့ဖြင့် သားတစ်ဦး Albert ထွန်းကားလျက်ရှိနေပြီဖြစ်လေသည်။

ဒွန်တက်စ်နှင့် သူ၏ အပေါင်းအသင်းများ၊ ဒွန်တက်စ်၏ မိသားစု၊ ဒွန်တက်စ်အပေါ် ယုံကြည်သစ္စာရှိသော Morrelမိသားစု၊ ဒွန်တက်စ်ကို မုန်းတီးကာချောက်ချသူ Fernand ၊ ဒွန်တက်စ်ကို အပြစ်ဖို့အကျဉ်းချပစ်သူ Villefortမိသားစု အများအပြားအပြင် ဒွန်တက်စ် သည် သူ့အပေါ်သစ္စာမဲ့သူ အဖြစ် လက်စားချေမည့် စာရင်းသွင်းခံရသူ မာဆေးဒဲစ်နှင့် သူ၏ သားတို့ ဇာတ်လမ်းများကား ရှုပ်ထွေးသော ဇာတ်အိမ်များဖြစ်သော်လည်း နောက်ဆုံးတွင် စာဖတ်ပရိသတ်အကြိုက်သိမ်းခဲ့သည်ဟု ဆိုရပေမည်။

ထိုဝတ္ထုကြီးကို ရုပ်ရှင်များအဖြစ် ဖန်တီးခဲ့ကြရာ မှတ်မှတ်ရရ ၁၉၄ဝ နှစ်တုန်းကရိုက်ခဲ့သော ကားနှင့် ပြင်သစ်ကား တစ်ကားနာမည် ကျော် ပြင်သစ်မင်းသား Gerard Depardio ပါဝင်ခဲ့သော ထိုနှစ်ကားကို ကြည့်ဖူးခဲ့သည်။ သို့သော် ဝတ္ထုထဲက ဇာတ်ကောင်အများအပြား ပါမလာသည့်အပြင် ဒွန်တက်စ်၏ ချစ်သူမာဆေးဒဲစ်မှာ ဝတ္ထုထဲတွင် ပြန်မညားဘဲ ဇာတ်သိမ်းခဲ့သည်ကို ရုပ်ရှင်တွင်တော့ မာဆေးဒဲစ်ရခဲ့သော သား Albert ကို ဒွန်တက်စ်နှင့်ရသော သားအဖြစ်ပြောင်းပစ်ကာ မင်းသားနှင့်မင်းသမီးကို ပြန်ပေါင်းထုတ်ထားသည်ကို တွေ့လိုက်ရပါ သည်။ ဒွန်တက်စ်သည် ဝတ္ထုထဲတွင် သူ့အပေါ် သစ္စာမရှိသော မာဆေးဒဲစ်ကို စွန့်ပစ်ခဲ့ကာ သူ့ကို ချစ်နေသော သူကယ်တင်ခဲ့သူ မင်းသမီး လေး Hayde နှင့် လက်ထက်ခဲ့လေသည်။ ဤကား ဝတ္ထုနှင့်ရုပ်ရှင်အသွင်ပြောင်းရာတွင် မတူညီသော အချက်များအဖြစ် အချက်တစ်ခုကို ထောက်ပြခြင်းသာ ဖြစ်ပါသည်။ ဒီထက်မကသော မတူညီမှုများကား မူရင်းဝတ္ထုနှင့် ရုပ်ရှင်ကို ယှဉ်ကြည့်၍သာ ကြည့်ကြလျှင် ပိုကောင်းပေ လိမ့််မည်။

ပန်းအလင်္ကာ၊ ၂ဝ၁ဝ၊ စက်တင်ဘာလ။








Monday, October 23, 2017

ရုပ်ရှင်ထဲက သမိုင်း၊ သမိုင်းထဲက ရုပ်ရှင် HOUSE OF SADDAM ဂျူနီယာဝင်း



ရုပ်ရှင်ထဲက သမိုင်း၊ သမိုင်းထဲက ရုပ်ရှင်

HOUSE OF SADDAM




(ပြည်သူ့ခေတ်ဂျာနယ်

၂ဝ၁ဝ၊ စက်တင်ဘာလ၊ ၃ဝ ရက်)




ယခုတင်ပြလိုက်သောHouseOfSaddamရုပ်ရှင်ကားမှာအမေရိကန်ကားတစ်ကားဖြစ်၍၂၀၀၈ခုနှစ်မှာထွက်ရှိခဲ့သည်ဟုဆိုထားပါသည်။ပြသချိန်ကတော့မိနစ်၆ဝသာရှိပါသည်။အဓိကသရုပ်ဆောင်မှာYigal Naorဖြစ်ပါသည်။

ဤရုပ်ရှင်သည်အီရတ်သမ္မတဆဒ္ဒါန်ဟူစိန်(SaddamHussein)၏အတက်အကျဘဝကိုရိုက်ကူးထားသောBBCတီဗီစီးရီးတစ်ခုဖြစ်သည်။BBCTwo(အမေရိကန်ပြည်ထောင်စု)တွင်အပိုင်း၄ပိုင်းခွဲ၍ပထမဦးစွာ၂၀၀၈ခုနှစ်ဇူလိုင်၃ဝမှသြဂုတ်လ၂ဝအထိလေးပိုင်းခွဲ၍ပြသခဲ့ရာအာရပ်ကမ္ဘာမှာပင်လူကြိုက်အများဆုံးဖြစ်ခဲ့သည်။

SaddamHussein(ဆဒ္ဒါန်ဟူစိန်)(၁၉၃၇..၂၀၀၆)သည်အီရတ်သမ္မတအဖြစ်၁၉၇၉မှ၂၀၀၃ခုနှစ်ကြားအုပ်ချူပ်ခဲ့ကာအီရတ်စစ်ပွဲများကိုဦးဆောင်ခဲ့သူဖြစ်သည်။သူသည်ဘက်ဒက်မြို့မြောက်ဘက်Tikritဒေသတွင်လယ်သမားမိသားစုမှမွေးဖွားခဲ့သူဖြစ်ပြီးမိထွေးဖြစ်သူလက်ထဲမှာကြီးပြင်းခဲ့သည်။၁၉၅၅ခုနှစ်တွင်Bagdad(ဘက်ဒက်)သို့ရောက်ရှိခဲ့ကာနိုင်ငံရေးအခန်းဂဏတွင်ပါဝင်ခဲ့သည်။အတိုက်အခံBaathပါတီအာရပ်လူမျိူးရေးလှူပ်ရှားမူတွင်အဖွဲ့ဝင်ဖြစ်လာသည်။၁၉၅၉ခုနှစ်တွင်အီရတ်စစ်ဗိုလ်ချူပ်AbdulKarimQassinကိုလုပ်ကြံသည့်အဖွဲ့အစည်းကိုဦးဆောင်ခဲ့သည်။Kassemသည်ဒဏ်ရာရပြီးဆဒ္ဒါန်ကSyriaသို့ထွက်ပြေးသွားသည်။ထို့နောက်အီဂျစ်သို့ကူးခဲ့ကာ၁၉၆၂..၆၃တွင်Carioဥပဒေကျောငး်တွင်တက်ရောက်ခဲ့သည်။ထို့နောက်ဘက်ဒက်ဥပဒေကောလိပ်တွင်ဆက်လက်ပညာသင်ခဲ့သည်။၁၉၆၃တွင်Qassimကိုစစ်အရာရှိများဖြင့်ချီနှောင်နေသောBaathပါတီကချူပ်ကိုင်လွှမ်းမိုးလိုက်သည်။Baathပါတီဥက္ကဌအသစ်AbdulSalamarifသည်နောက်ပိုင်းတွင်Baathပါတီခေါင်းဆောင်များကိုထုတ်ပစ်ကာဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။ဆဒ္ဒါန်သည်အီရတ်သို့ပြန်လာသည်။သို့သော်၁၉၆၄တွင်ထောင်ချခံခဲ့ရသည်။၁၉၆ရတွင်လွတ်လာပြီးဆဒ္ဒါန်သည်Baathပါတီခေါင်းဆောင်ဖြစ်လာသည်။ပါတီစည်ပြန်လည်၍အင်အားကြီးမားလာသည်။ဆဒ္ဒါန်သည်AhmadHassanAlBakrဦးဆောင်သောအဖွဲ့၏AbdulSalamArifကိုဖြုတ်ချရာတွင်ဝင်ရောက်ပါဝင်ခဲ့သည်။Al.Bakrသည်သမ္မတဖြစ်လာသည်။ဆဒ္ဒါန်သည်အီရတ်သမ္မတAl.Bakrနှင့်အပြိုင်သြဇာညောင်းလာခဲ့သည်။၁၉၇၉တွင်အီရတ်သမ္မတAl-Bakrသည်ရာထူးမှအနားယူလိုက်ပြီးဆဒ္ဒါန်ကသမ္မတဖြစ်လာသည်။

‘HouseOfSadda’ရုပ်ရှင်သည်ဤနေရာမှစသည်ဟုဆိုနိုင်သည်။သို့သောစပြပြချင်းမှာ၂၀၀၃ခုနှစမေလအမေရိကန်သမ္မတGeorgeW.Bush(ေ၈ျာ့ဘွတ်ချ်)၏ရုပ်မြင်သံကြားမှကြေငြာချက်ကိုဆဒ္ဒါန်တို့အဖွဲ့ကြည့်ရူနေကြသည်မှစသည်။ဆဒ္ဒန်နှင့်သူ့သားများအားအီရတ်မှ၄၈နာရီအတွင်းဆုတ်ခွာဖို့နောက်ဆုံးရာဇသံဖြစ်သည်။ထို့နောက်Bagdad(ဘက်ဒက်)သို့ဗုံးများကြဲလာသည်နှင့်တပြိုင်နက်ဆဒ္ဒါန်နှင့်သူ့မိသားစုပစ္စည်းများကောက်သိမ်းကာဘက်ဒက်မှထွက်ပြေးဖို့ပြင်ကြသည်။

ထိုအခန်းပြီးနောက်မှာမ၁၉၇၉ခုနှစ်စက်တင်ဘာလတွင်ဆဒ္ဒါန်၏သမီးKala၏ရနှစ်ပြည့်မွေးနေ့ကျင်းပရာဆဒ္ဒါန်၏နေအိမ်မှာသူ့အဖွဲ့များစုဝေးနေသည်ကိုတွေ့ရသည်။ထိုမွေးနေ့ပွဲတက်လာသူပရိသတ်များထဲတွင်အီရတ်သမ္မတAl.Bakrပါဝင်လေသည်။မွေးနေ့လာပရိသတ်များနှင့်ခွဲထွက်ကာအီရတ်သမ္မတal.Bakrကိုဆဒ္ဒန်နှင့်သူစည်းရုံးသိမ်းသွင်းထားသောအရေးပါသောခေါင်းဆောင်ပုဂ္ဂိုလ်များကသီးသန့်အခန်းတစ်ခုတွင်တွေ့ဆုံကြသည်။ထိုတွေ့ဆုံပွဲကားအီရတ်သမ္မတAl.Bakrကိုရာထူးမှအနားယူဖို့ချိမ်းခြောက်ပြောဆိုကြသောအခန်းဖြစ်သည်။Al.Bakrသည်သူ့ဘက်မှရပ်တည်မည်ဟုယုံကြည်ထားသူများကသူ့အပေါ်သစ္စာမရှိကြောင်းသိသွားသောအခါမတတ်သာပဲလက်ခံလိုက်ရသည်။နောက်နေ့တွင်ဆဒ္ဒါန်၏ဆဒ္ဒအတိုင်း“ကျမ်းမာရေးမကောင်းလို့ရာထူးမှအနားယူမည်။ဆဒ္ဒါန်ဟူစိန်ကိုသူ့နေရာဆက်ခံစေမည်“ဟုကြေငြာလိုက်ရသည်။ဆဒ္ဒါန်သည်သမ္မတကြီး၏ဆဒ္ဒနှင့်ဆုံးဖြတ်ချက်ုိလေးစားရမည်ဟုကန့်ကွက်နေသူများအားပြောကြားလိုက်သည်။ဤကားဆဒ္ဒန်ဟူစိန်အီရတ်သမ္မတဖြစ်လာပုံကိုရိုက်ကူးတင်ပြခြင်းဖြစ်သည်။တကယ့်လက်တွေ့တွင်သည်အတိုင်းဟုတ်မဟုတ်တော့မသိပါ။ဒါရိုက်တာလိုင်စင်ဖြင့်ပရိသတ်လက်ခံနိုင်လောက်အောင်ရိုက်ထားခြင်းဖြစ်လေသည်။

ဆဒ္ဒါန်အာဏာရလာပြီးနောက်သူ့ကိုဆန့်ကျင်သူများသဘောမကျသူများစိတ်မချရသူများကိုပြောင်ပြောင်တင်းတင်းပင်ဖမ်းဆီးကာသတ်ပစ်ခဲ့သည်။သူနှင့်ရဲဘော်ရဲဘက်စိတ်ဓါတ်ဖြင့်ဆဒ္ဒါန်အလိုအတိုင်းတသွေမသိမ်းလုပ်ပေးခဲ့သူAdnanHamdaniကိုဆဒ္ဒါန်ကိုယ်တိုင်သတ်ပစ်ခဲ့သည်။ထိုသို့သတ်ပစ်လိုက်ခြင်းမှာသူနှင့်ပြိုင်ဘက်အဖြစ်တချိန်ချိန်မှာသူ့ထက်သျှမ်းသျှမ်းတောက်ဖြစ်လာမည်၊သူ့ထက်တန်ခိုးကြီးလာမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ဆဒ္ဒါန်ဟာသူ့ရဲ့ညာလက်ရုန်းဖြစ်တဲ့Hamdaniကိုဘာကြောင့်သတ်ပစ်ခဲ့ရသလဲဟုဆဒ္ဒါန်၏သွေးချင်းများ၊ဆဒ္ဒါန်၏လက်ရုန်းများအချင်းချင်းဆွေးနွေးခဲ့ကြလေသည်။

အီရတ်သမ္မတဆဒ္ဒါန်ဟူစိန်၏နိုင်ငံရေးလှူပ်ရှားမူပြကွက်အစစ်အမှန်များကိုသတင်းအဖြစ်ထည့်သွင်းပြထားသောသမိုင်းဝင်အခန်းများပါဝင်ထားသည်။ဆဒ္ဒါန်သမ္မတဖြစ်လာပြီးတနှစ်အတွင်းမှာအိမ်နီးချင်းအီရန်နိုင်ငံနှင့်သွေး

ချောင်းစီးရက်စက်သောစစ်ပွဲများစတင်ခဲ့သည်။အီရတ်သည်စစ်ပွဲအတွင်းဓာတုလက်နက်များကိုအသုံးချကာတိုက်ပွဲဆင်နွဲခဲ့သည်။၈နှစ်ကြာသောအီရန်..အီရတ်စစ်ပွဲ၏အကျိူးဆက်ကားမရေတွက်နို်င်သောလူရာပေါင်းထောင်ပေါင်းများစွာသေကြေခဲ့ကြကာအပျက်အဆီးများထောင်ချီခဲ့သည်။အကြွေးဒေါ်လာရ၅သန်းတင်ခဲ့သည်။တိုင်းပြည်သည်ဘာတိုးတက်မူမှမရှိပဲဆင်းရဲမွဲတေသွားသည်။ဆဒ္ဒါန်ကတော့ဒါကိုအောင်မြင်မူဟုကြွေးကျော်ခဲ့သည်။ဆဒ္ဒါန်သည်သူ၏အာဏာကိုသုံးကာနိုင်ငံငယ်ကလေးKuwaitကိုအကြွေးဆပ်ရာတွင်အတူဆပ်ပေးဖို့ချိမ်းချောက်ခဲ့သည်။ထိုParsianGulfWarစစ်ပွဲငယ်လေးသည်အီရန်အီရတ်စစ်ပွဲလောက်မကြီးကျယ်သောလည်းအပျက်အဆီးများခဲ့သည်။အမေရိကန်မှဦးဆောင်သောမဟာမိတ်အဖွဲ့မှဝင်ရောက်ဖြန်ဖြေရာဆဒ္ဒါန်သည်နိုင်ငံတကာပိတ်ဆို့မူခံခဲ့ရကာအထီးကျန်ဖြစ်သွားသည်။၁၉၉ဝနောက်ပိုင်းတွင်တိုင်းပြည်သည်ဆဒ္ဒါန်၏သူ့လက်သူ့ခြေဖြစ်သွားသည်။ဆဒ္ဒါန်ဘက်ကသာအလျော့ပေးပြီးလက်တွဲလျှင်စီးပွားရေးပိတ်ဆို့မူများဖယ်ပေးမည်ဟုသောတောင်းဆိုချက်ကိုဆဒ္ဒါန်ကညင်းပယ်ခဲ့သည်။

ဆဒ္ဒါန်၏အိမ်တွင်းရေးများဖြစ်သောဆဒ္ဒါန်နှင့်သူ့မိထွေးဆက်ဆံရေး၊သမီးဖြစ်သူအားဆဒ္ဒါန်၏ညီအကိုတော်စပ်သူBarzan၏သားနှင့်လက်ထပ်ပေးဖို့စီစဉ်ပုံ၊သားUDayနှင့်အာရပ်တခွင်အမဲလိုက်ခန်းများ၊သားအဖနှစ်ယောက်စကားပြောခန်းများအရဆဒ္ဒါန်သည်ငယ်စဉ်ကပထွေး၏အရိုက်အနှက်ခံခဲ့ရကာကြီးပြင်းခဲ့ရကြောင်းများသိလာရပုံ၊ကျောင်းဆရာမတစ်ဦးနှင့်တွေ့ဆုံကာအိမ်ထောင်သည်ဖြစ်သောလည်းလက်ထပ်ခဲ့ပုံများအပြင်အီရတ်စစ်ဗိုလ်ချူပ်နှစ်ဦးအားအီရတ်စစ်တပ်များဆုတ်ခွာဖို့အမိန့်ပေးခဲ့သဖြင့်သတ်မိန့်ချခဲ့ပုံများတွေ့ကြရမည်ဖြစ်ပါသည်။

နောက်ပိုင်းတွင်ဆဒ္ဒါန်၏သွေးချောင်းစီးနှိတ်ကွပ်မူများ၊သမီးများနှင့်ခင်ပွန်းသည်များသူ့ထံမှထွက်ပြေးစွန့်ခွာ၊မိသားစုပြိုကွဲခဲ့ရပုံများ၊၂၀၀၃ခုနှစ်အမေရိကန်တပ်များဝင်ရောက်လာသဖြင့်ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရသည်များနှင့်သူ၏သားများနိဂုံးချူပ်ခဲ့ပုံများပါဝင်ပါသည်။ဆဒ္ဒါန်သည်၂၀၀၃ခုနှစ်နိုဝင်ဘာလတိုင်ပုန်းရှောင်ခဲ့ကာနောက်ဆု့ံးတွင်အမေရိကန်စစ်တပ်ကမိသွားသည်။၂၀၀၆ခုနှစ်ဒီဇင်ဘာလတွင်လူသားများအပေါ်ရက်စက်စွာညင်းပမ်းနှိတ်စက်ခြင်းကြောင့်အပြစ်ရှိသည်ဟုဆုံးဖြတ်ကာကွက်မျက်လိုက်သည်။

ထိုရုပ်ရှင်နှင့်ပတ်သက်၍အပြင်လက်တွေ့နှင့်ကွာခြားမူများကို၂၀၁၀Encyclopediaစွယ်စုံကြမ်းတွင်ထောက်ပြထားသည်များထွက်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ပထမပိုင်းစစချင်းမှာရုပ်မြင်သံကြားသတင်းထဲတွင်လူတွေအော်ဟစ်နေတာက“ခေါင်းဆောင်ကိုဆန့်ကျင်သူတွေသတ်ပစ်”ဟူ၍ဖြစ်သောလည်းစာတမ်းထိုးလိုက်တာက“ဆဒ္ဒါန်၏နောက်လိုက်များကိုသတ်ပစ်”ဟူ၍ဖြစ်နေခြင်း(ထိုအချိန်မှာဆဒ္ဒါန်ကအီရတ်ခေါင်းဆောင်မဖြစ်သေးပါ။)၊၁၉၉၅ခုနှစ်ဆဒ္ဒါန်နှင့်သူ့မိသားစုရုပ်မြင်သံကြားကြည့်နေသောအခန်းတွင်ရုပ်မြင်သံကြားစက်သည်L.Gမြင်ကွင်းပြည့်အပျားတီဗီဖြစ်နေခြင်း(ထိုတီဗီမော်ဒယ်ပေါ်လာတာက၁၉၉ရခုနှစ်မှာဖြစ်သည်။)၊ရုပ်ရှင်ထဲတွင်အသုံးပြုထားသောကားအမျိူးအစားအချိူ့မှာထိုအချိန်တုန်းကမပေါ်သေးသောVolkswagonနှင့်LinconTownCarလူချမ်းသာစီးသောဇိမ်ခံကားများဖြစ်နေခြင်း၊ဆဒ္ဒါန်၏ဒုတိယဇနီးSamiraကိုကျောင်းဆရာမဟုရိုက်ကူးထားသောလည်းအပြင်တကယ့်ဘဝတွင်သူ၏ပထမဇနီးSajidaကအထက်တန်းကျောင်းအုပ်ဆရာမကြီးဖြစ်ကာသူ၏ဒုတိယဇနီးကဆရာဝန်မဖြစ်နေခြင်း၊တနေရာတွင်အသုံးပြုထားသောမော်တော်ကားမှာမြောက်အမေရိကTunisiဒေသသုံးနံပါတ်ပြားချိတ်ထားသောကြောင့်ယင်းအခန်းကိုTunisi၌ရိုက်ထားခြင်းဟုယူဆနိုင်ခြငး်၊ဆဒ္ဒါန်၏သားUDay(အူဒေး)ကိုဖမ်းမိသောအခန်းများအပြည့်စုံခြင်း၊အမေရိကန်တပ်သားသုံးလက်နက်များမှာဗီယက်နမ်ခေတ်သုံးM16များဖြစ်ကာခေတ််မှီသောလက်နက်များမဟုတ်ခြင်း၊၁၉၈၉..၉ဝတွင်ငအီရန်နိုင်ငံခြားရေးဝန်ကြီးTariqAziz၏ဆွစ်ဇာလန်ခရီးစဉ်တွင်စီးသောလေယဉ်မှာB737800နှင့်ဆင်တူနေခြင်း(ထိုကျဉ်းမြောင်းသောသေးသွယ်သောအင်ဂျင်နှစ်လုံးတွဲအမိုးမြင့်လေယဉ်မှာယခုခေတ်နောက်ပိုင်းမှာမှပေါ်လာခြင်းဖြစ်သည်)၊နောက်ဆုံးအပိုင်းဆဒ္ဒါန်ပုန်းအောင်းရာတွင်းထဲတွင်ဆဒ္ဒါန်၏ကော်ဖီအပူပေးခွက်အပေါ်တုန့်ပြန်မူများကထိုမာရေကြောရေရှိသောထိုအီရတ်လူသားတစ်ဦးနှင့်ဘယ်လိုမှမအပ်စပ်ခြင်းစသောအချက်များဖြစ်ပါသည်။ထိုမတူညီချက်များကိုဖတ်ပြီးငယ်စဉ်တုန်းကပုံတူနှစ်ခုကိုယှဉ်ကြည့်ကာမတူသောအချက်များကိုလက်ညှိူးထိုးရှာဖွေထောက်ခဲ့ဖူးသော“SeeTheDifference”ကာတွန်းရုပ်ပုံများကိုသတိရမိသွားပါသည်။

HouseOfSaddamရုပ်ရှင်ကားကမ္ဘာတခွင်သို့ရောက်ခဲ့လေပြီ။တကြိမ်တခါမှာတန်ခိုးအင်အားကြီးမားခဲ့သူတစ်ဦး၏ဘဝအတက်အကျကိုသမိုင်းဝင်ဖြစ်ရပ်မှန်များဖြင့်ရိုက်ကူးထားသောကားတစ်ခုဖြစ်ပါသည်။သူသည်တခါတုန်းကဒီလိုအဆိုအမိန့်တစ်ခုကိုဆိုခဲ့ဘူး၏ 

“The Law is anything I write on a piece of paper.” “စာရွက်အပိုင်းအစတစ်ခုပေါ်မှာကျွနိုပ်ကောက်ရေးလိုက်သမျှသည်ဥပဒေဖြစ်သည်။”(ဆဒ္ဒါန်ဟူစိန်)တဲ့။သည်လိုကြွေးကျော်ခဲ့ဖူးသောလူသားတစ်ဦး၏ဇာတ်သိမ်းကိုဘယ်သူကဒီလိုသိမ်းမည်ဟုထင်ခဲ့မှာတဲ့လဲ။သို့ပါသော်လညး်သူ့ကြောင့်အသက်ဆုံးရူူံးသွားခဲ့ရသောအပြစ်မဲ့လူသားများ၏အသက်များကားဘယ်လိုမှပြန်လည်အစားထိုးမရနိုင်တော့ပါတကားဟုကောက်ချက်ချမိရပါသည်။

(ပြည်သူ့ခေတ်ဂျာနယ်

၂ဝ၁ဝ၊ စက်တင်ဘာလ၊ ၃ဝ ရက်)










သမိုင်းထဲက ရုပ်ရှင်၊ ရုပ်ရှင်ထဲက သမိုင်း GANDHI ဂျူနီယာဝင်း





ပြည်သူ့ခေတ်ဂျာနယ်

၂ဝ၁ဝ၊ သြဂုတ်လ၊ ၁၂ ရက်

Gandhi (ဂန္ဓီ) ဟု အမည်တွင်သော ရုပ်ရှင်ကားကြီးသည် ၂ဝ ရာစု အစောပိုင်းကာလအတွင်း အိန္ဒိယတွင် ဗြိတိသျှအစိုးရအုပ်စိုးစဉ် ကာလ ဗြိတိသျှကို ဆန့်ကျင်ဦးဆောင်ခဲ့သူ အကြမ်းမဖက်သော လူထုခေါင်းဆောင် Mahatma Gandhi(မဟတ္တမဂန္ဓီ)၏ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်သည်။ ဂန္ဓီအဖြစ် Ben Kingsleyက သရုပ်ဆောင်ကာ ဒါရိုက်တာမှာ Richard Attenborough (ထိုဇာတ် ကားတွင် အော်စကာရခဲ့) ဖြစ်လေသည်။

ရုပ်ရှင်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၃ဝ ရက် ဂန္ဓီလုပ်ကြံခံခဲ့ရသော နေ့တွင် စတင်ထားသည်။ ဂန္ဓီသည် သမီးများ၊ ပြုစုသူများ၏ အကူအညီဖြင့် သူ့ကို ထောက်ခံသူ၊ ရိုသေကိုင်းရှိုင်းသူများနှင့် တွေ့ဆုံရန် လမ်းလျှောက်ထွက်လာသည်။ ထိုစဉ် Na- huram Godseအမည်ရှိ လူအုပ်ထဲက သူတစ်ဦးက ဂန္ဓီကို သေနတ်ဖြင့် အလွတ်ပစ်ခတ်ခဲ့သည်။ ဂန္ဓီသည် 'ဘုရားသခင်' (Oh! God) ဟု ညည်းတွားရင်း ပွဲချင်းပြီးသေဆုံးသွားရသည်။ ပြီးနောက် ဂန္ဓီ၏ အသုဘအခမ်းအနားကို ပို့ဆောင်ကြသူ လူအုပ်ကြီးဖြင့် လည်းကောင်း၊ တစ်ကမ္ဘာလုံး၏ နှမြောဝမ်းနည်းခြင်း ဂုဏ်ပြုလွှာများဖြင့်လည်းကောင်း ဆက်လက်ပြသသွားပါသည်။

ရုပ်ရှင်တွင် ဂန္ဓီ၏ အစောပိုင်းဘဝများကို ရိုက်ပြထားခြင်းမရှိပါ။ ဂန္ဓီသေဆုံးသော အခမ်းအနားပြီးနောက် ရှေ့က ၅၅ နှစ်ဆီသို့ အတိတ်ကို ပြန်သွားပါသည်။ ၁၈၉၃ ခုနှစ်တွင် ဂန္ဓီသည် တောင်အာဖရိက ရထားဖြင့် ပထမတန်းစား လက်မှတ်ထိုင်ခုံစီးကာ လိုက်ပါလာ သည်။ အိန္ဒိယနိုင်ငံသားများအား ပထမတန်းလက်မှတ် ထိုင်ခုံထိုင်ခွင့်မရှိကြောင်း လက်မှတ်စစ်က ဥပဒေကို ထောက်ကာ ရထားပေါ်မှ ကန်ချခဲ့သည်။ ယင်းသည် ဂန္ဓီအား တောင်အာဖရိကတွင် အိန္ဒိယလူမိုျးများအားလုံး၏ အခွင့်အရေးအတွက် အကြမ်းမဖက်သော တိုက်ပွဲ စတင်ဖို့ အကြောင်းဖန်လာခြင်းဖြစ်တော့သည်။ ဤနေရာတွင် ဂန္ဓီ၏ ရင်ထဲဖြစ်ပေါ်လာသော စိတ်ဓာတ်သည် အလေးထား စဉ်းစားကြည့်ရ မည့် အချက်ဖြစ်သည်။ တောင်အာဖရိကရှိ လူမည်းများအတွက်သာမက အိန္ဒိယနိုင်ငံသားများ အားလုံးအတွက် အခွင့်အရေးများရရှိစေဖို့ ဂန္ဓီ၏ လုပ်ဆောင်မှုများ၊ မရေတွက်နိုင်သော အဖမ်းအဆီးများကြားမှ ဂန္ဓီသည် အောင်မြင်လာသည်။ ထိုသို့သော အောင်မြင်မှုများကြောင့်ပင် အိန္ဒိယ နိုင်ငံ၏ သူရဲကောင်းဖြစ်လာရသည်။ ဒုတိယကမ္ဘာစစ်၏ သက်ရောက်မှုကြောင့် အခက်တွေ့နေသော ဗြိတိသျှအင်ပါယာကြီးကို ဂန္ဓီသည် အိန္ဒိယလွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ နောက်ဆုံးတွင် လွတ်လပ်ရေးရခဲ့သည်။ အိန္ဒိယသည် ရလဒ်အတွက် အောင်ပွဲခံခဲ့ ကြသည်။ တိုင်းပြည်အနှံ့ အဓိကရုဏ်းများ ဖြစ်ကြသည်။ ဂန္ဒီသည် အစာငတ်ခံကာ အချင်းချင်းတိုက်ပွဲရပ်တန့်ဖို့ ဆန္ဒပြခဲ့သည်။ တိုက်ပွဲကား ရပ်သွားသော်လည်း တိုင်းပြည်သည် ဘာသာရေးကြောင့် နစ်ခြမ်းကွဲသွားသည်။

ထို့ကြောင့် အိန္ဒိယ၏ အနောက်မြောက်ဘက်နှင့် အရှေ့ပိုင်း (ဘင်္ဂလာဒေ့ရှ်)တို့ကို အဓိက မွတ်စလင်များနေထိုင်စေကာ ပါကစ္စတန်ဖြစ် လာသည်။ ယင်းသည် ဘာသာရေးတိုက်ပွဲများ ရပ်တန့်စေဖို့အတွက် ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်ဖြစ်သည်။ ဂန္ဓီသည် ထိုဆုံးဖြတ်ချက်ကို ဆန့် ကျင်ခဲ့သည်။

ဂန္ဓီသည် သူ၏ နောက်ဆုံးနေ့များတွင် အိန္ဒိယနှစ်ပိုင်းစလုံးသို့သွားကာ ငြိမ်းချမ်းရေးကို အပေးအယူလုပ်ဖို့ကြိုးစားခဲ့သည်။ သို့သော် နှစ်ဖက်စလုံးက ဒေါသများဖြင့်သာ တုံ့ပြန်ခဲ့သည်။ ထိုအထဲက ဒေါသမထိန်းနိုင်သူတစ်ဦး၏ သတ်ဖြတ်မှုကြောင့် ဂန္ဓီအသက်ဆုံးခဲ့ရသည်တွင် ရုပ်ရှင်သည် အစမှာပြခဲ့သည်သို့ တစ်ပတ်ပြန်လည်သွားပါသည်။ Godse က ဂန္ဓီကို သေနတ်ဖြင့် ပစ်လိုက်ချိန်မှ ရုပ်ရှင်သည် ဆေးရောင်စုံမှ အဖြူအမည်းသို့ပြောင်းသွားကာ ဂန္ဒီ၏ 'အို ဘုရားသခင်'ဟူသော အသံကို ကြားကြရပေသည်။ ထို့နောက် ဂန္ဓီ၏ပြာကို ဂင်္ဂါမြစ်သို့ ဖြန့်ချ ရင်းဖြင့် ရုပ်ရှင်အဆုံးသတ်စဉ်တွင် ဂန္ဓီ၏အသံ ထွက်ပေါ်လာပါသည်။

'စိတ်ဓာတ်ကျဆင်းနေချိန်မှာ သတိရမိတာက သမိုင်းမှာ အမြဲတမ်း အမှန်တရားနဲ့ ချစ်ခြင်း မေတ္တာကသာ အနိုင်ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ၊ လူသတ်သမားတွေကို တွေ့ရမြင်ရတဲ့အခါ ဘယ်တော့မှ မကျရှုံးတဲ့သူတွေလို့ ထင်မြင်စရာပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ သူတို့လည်း ကျဆုံးရတာပါပဲ။ ဒါကို အမြဲစဉ်းစားကြပါ...'တဲ့။

ရုပ်ရှင်သည် ၃ နာရီကျော် ကြာမြင့်သော်လည်း မအီဘဲ မထတမ်းကြည့်နိုင်သော ဇာတ်ကားကောင်းတစ်ကား ဖြစ်လေသည်။ သရုပ်ဆောင် Kingsley သည် ဂန္ဒီအဖြစ် ၁၈၉၃ ခုနှစ် (ဂန္ဒီ-အသက် ၂၄ နှစ်) အရွယ်မှသည် သေဆုံးချိန် ၁၉၄၈ ခုနှစ် အသက် ၇၉ နှစ် အရွယ်ထိ မိတ်ကပ်ဆရာ၏ လက်စွမ်းပြမှုဖြင့်ရော သူ၏သရုပ်ဆောင်ပိုင်နိုင်မှုနှင့်ပါ သရုပ်ဆောင်သွားသည်ကို တွေ့ကြရပေသည်။ ထို့ပြင် သမိုင်းဝင် ဇာတ်ကောင်တစ်ဦးဖြစ်သော Jawaharlal Nethru (နေရူး)နှင့် ဂန္ဓီတို့၏ ချစ်ခြင်းမေတ္တာသံယောဇဉ် ကြီးမားမှုကိုလည်း တွေ့ရ သည်။






Saturday, October 14, 2017

ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း

ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း

(အတွေးအမြင် အောက်တိုဘာ ၂၀၁၇) မိုးမခ၊ အောက်တိုဘာ ၆၊ ၂၀၁၇ 


၁၉၈၄ ခုုနှစ်နုုိဝင်ဘာလထုုတ် American Weekly Newsletter မှာ ဖတ်လုုိက်ရတဲ့ သတင်းတစ်ပုုဒ်ပါ။ အမေရိကန်သတင်းစာ အယ်ဒီတာ တစ်ဦးရေးတဲ့စာလုုိ့ ဆုုိရမယ် ထင်ပါတယ်။ သူက သတင်းစာဖတ်သူတွေက သတင်းစာတွေမှာ ဘာကိုု ဖတ်ချင်ကြမလဲ လုုိ့ ခေါင်းစဉ်တပ် မေးခွန်းထုုတ်ထားပါတယ်။ သတင်းစာဆုုိတာ နေ့စဉ်သတင်းစာပေါ့။ နေ့စဉ် ထွက်နေတဲ့ သတင်းစာဆုုိတော့ လူတွေက ဘာကုုိ ဦးစားပေးပြီးဖတ်မှာလဲ။ လူတွေဦးစားပေးဖတ်တဲ့ အကြောင်းအရာဆုုိတာ လူတွေဖတ်ချင်တဲ့အရာဖြစ်မှာပါ။ သူရေးတဲ့ ဆောင်းပါးကုုိ ကုုိးကားပြီး တင်ပြသွားမှာပါ။
သူက အမေရိကန်လူမျိူးတွေက သူတုုိ့တုုိင်းပြည်က နေ့စဉ်ထုုတ်သတင်းစာတွေကုုိ ဘယ်လုုိသဘောထားကြမှာပါလိမ့် တဲ့။ ဟောဒီ နေ့စဉ်ထွက်နေတဲ့ သတင်းစာတွေက တရားမျှတမူရှိရဲ့လား ? ရုုိးသားဖြောင့်မတ်ရဲ့လား ? တဲ့။ အဲသည် သတင်းစာတွေကကော စာဖတ်သူတွေတကယ်ဖတ်ချင်တာတွေ တကယ်ရောပေးရဲ့လား တဲ့ စသည်ဖြင့် အစချီထားပါတယ်။ ဒီနေရာမှာ စာဖတ်သူဆုုိတာ သတင်းစာဖတ်သူတွေကုုိ ဆုုိလုုိပါတယ်။
အဲသည်အချက်အလက်တွေနဲ့ ပတ်သက်လုုိ့ အဖြေမှန်ရရှိဖုုိ့ ဆုုိပြီး အပြည်ပြည်ဆုုိင်ရာ သတင်းထုုတ်ပြန်မူဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သတင်းစာအယ်ဒီတာတွေဟာ နုုိင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် စုုံစမ်း ရှာဖွေကြပါတယ်။ ရလဒ်တွေကုုိ လူထုုရှေ့ ချပြမယ်လုုိ့ ဆုုိတယ်။ အင်တာဗျူးသမားတွေက ကမ္ဘာအနှံ့သွားပြီး အမျိူးသားနဲ့ အမျိူးသမီး ၁၂၀၁ ဦးခန့်ပါဝင်တဲ့ အုုပ်စုု ၆အုုပ်စုုနဲ့ စကားပြောခဲ့ကြတယ် လုုိ့ဆုုိပါတယ်။ သည်တော့ ၁၉၇၈ ခုုနှစ် လေ့လာမူတွေအရ နိဂုုံးချူပ်လုုိက်တော့ သတင်းစာတွေဟာ အလုုပ်ကောင်းကောင်း လုုပ်ကြပါတယ်တဲ့၊ လေးစားစရာလည်း ကောင်းပါသတဲ့ ဆုုိတဲ့ အဖြေရလာပါတယ်။ ဒါပေမယ့် သတင်းစာတွေမှာ ပြဿနာလေး နည်းနည်းပါးပါးတော့ ရှိနေသေးတုုန်းပါပဲ ဆုုိတာ သုုတေသနလုုပ်တဲ့သူတွေက သတိထားမိနေကြပါတယ်။
၁၉၇၈ခုုနှစ် စစ်တမ်းက ဘာကုုိ ပြသလဲဆုုိရင် အမေရိကန်လူမျိူးတွေဟာ သူတုုိ့ရဲ့ သတင်းစာတွေနဲ့ အယ်ဒီတာတွေနဲ့ စိမ်းနေတယ်၊ မရင်းနှီးဘူး ဆုုိတာကုုိပြနေပါတယ်။ သူတုုိ့က သတင်းစာတွေအကြောင်း အမြင်တွေကုုိ ပြောရာမှာ အဖြေတွေကုုိ ကြည့်လုုိက်တာနဲ့ ဒီကောက်ချက်ကုုိ ချပြလုုိက်တာပါ။ ဟုုတ်တယ် စဉ်းစားကြည့်လေ။ ကောင်းပါတယ် လေးစားစရာပါ အရမ်းကောင်းပါတယ် အဟုုတ်ကောင်းပါတယ် ဘာမှအပြစ်ပြောစရာ မရှိပါဘူး ဆုုိတဲ့ အဖြေတွေကုုိက မသင်္ကာစရာကောင်းနေတယ်။ သည်တော့ အယ်ဒီတာတွေက အခုုလုုိတွေးတယ်။ စာဖတ်သူတွေဟာ သူတုုိ့ဘာလိုုချင်တယ်ဆုုိတာကုုိ၊ ဘာစာမျိူးကိုု ဖတ်ချင်တယ်ဆုုိတာကုုိ၊ ဒါမှမဟုုတ် ဘယ်လုုိသတင်းမျိူးကုုိ အလုုိရှိတယ် ဆုုိတာကုုိ၊ ပြင်းပြင်းထန်ထန်ပြောတာမျိူးကုုိ ဖြစ်စေချင်တယ်။ မညှာမတာ ဝေဖန်တာမျိူးကုုိ လုုိချင်ပါတယ်။ အခုုလုုိ ကမ္ဘာအနှံ့ လူတွေနဲ့ လုုိက်တွေ့ပြီး အင်တာဗျူးလိုုက်လုုပ်တာဟာ ဘာနဲ့တူသလဲဆုုိတော့ အဖြေလှလှလေးတွေ ကြားချင်လုုိ့ လုုိက်ရှာသလုုိဖြစ်နေပြီး တကယ်စာဖတ်သူတွေဆီက ဘာလုုိချင်လဲ ဆုုိတဲ့ အဖြေမရပဲ သူတုုိ့လုုပ်ခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားရတယ်၊ သူတုုိ့ရည်ရွယ်ချက် မအောင်မြင်ဖူးလုုိ့ ဆုုိရမှာပါပဲ။
အခုုနှစ် ၁၉၈၄ ခုုနှစ်မှာတော့တဲ့။ ထပ်ပြီး ရလဒ်ကောင်းတွေရဖုုိ့ ကြိုးစားကြပါတယ်တဲ့။ အခုုတစ်ခေါက်ကတော့ နည်းနည်း မတူတဲ့ အသံလေးတွေ ကြားရပုုံပါပဲ။ ပြောရရင်တော့ အရင်က သင်ခန်းစာကုုိယူပြီး မေးခွန်းပုုံစံတွေ ပြောင်းမေးလုုိက်ပါတယ်။ စာဖတ်သူတွေဆီက သိလုုိက်ရတာက သူတုုိ့က ပြည်တွင်းပြည်ပသတင်းတွေ၊ နုုိင်ငံတကာသတင်းတွေ ကုုိစိတ်ဝင်စားကြတယ် ဆုုိတာပါပဲ။ ဒါ့အပြင် စာဖတ်သူများက ကျမ်းမာရေး၊ သိပ္ဗံပညာနဲ့နည်းပညာ သတင်းများကုုိ သတင်းစာတွေက ပေးသင့်တယ်လုုိ့ ဆုုိကြပါတယ်။ အဲသည်ဆောင်းပါးတွေဟာ သူတုုိ့အတွက် ကိုုယ်ပုုိင်ဆုုံးဖြတ်ချက်တွေကိုု ချပေးနုုိင်တယ်လုုိ့ ဆုုိတယ်။
သတင်းစာဖတ်တဲ့ သူတွေကုုိ လေ့လာကြည့်လုုိ်က်တော့ သူတုုိ့တတွေက အယ်ဒီတာတွေကုုိ သိပ်ပြီး စိတ်မဝင်စားအာရုုံမစုုိက် မိကြပါဘူးဆုုိတာပါပဲ။ သတင်းစာကုုိ ကောက်လှန်ပြီးသူတုုိ့ဖတ်ချင်တာ ဖတ်ကြမယ် အဲဒါပဲ။ ဒီသတင်းစာတစ်စောင်ဖြစ်လာဖုုိ့ အယ်ဒီတာတစ်ယောက်ရဲ့ လက်ကိုု သိပ်ပြီး မမြင်ကြပါဘူး။
ဒါဆုုိရင် စာဖတ်သူတွေက ဘာတွေကုုိ ပိုုပြီး ဖတ်ချင်ကြပြီး ဘယ်လုုိဟာတွေကုုိ သိပ်မဖတ်ကြဘူးလဲ။
စာဖတ်သူတွေက ပြောတာတော့ အလုုပ်အကုုိင်နဲ့ ပတ်သက်တာ၊ စီးပွားရေးအရာင်းအဝယ်ကိစ္စတုုိ့၊ ကျမ်းမာရေး၊ ပညာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆုုိင်ရာတွေ ကိုုပုုိပြီး သဘောကျကြတယ်။ ထူးဆန်းတာတစ်ခုုက စာဖတ်သူတွေက အယ်ဒီတာ့အာဘော် ဆုုိတဲ့ အပုုိင်းကိုုလည်း အရင်ကထက်ပုုိပြီး စိတ်ဝင်စားလာကြပါတယ်။ အမျိူးသမီးများဟာ သတင်းတွေထက် အလုုပ်အကုုိင်၊ စတော့စျေးကွက်နဲ့ အားကစားဆုုိင်ရာ တွေကုုိ ပုုိပြီး ဖတ်ချင်ကြတယ်။ သူတုုိ့က အားကစားသတင်းကုုိ လုုိလုုိလားလားနဲ့ စိတ်ဝင်စားလာတာကုုိတွေ့ကြရတယ်။ ပြောရရင် အမျိူးသားမှ၊ အမျိူးသမီးမှ ဆုုိတဲ့ သဘောတရားခွဲခြားလုုိ့မရတော့တဲ ့သဘောဖြစ်နေတယ်။
ဒီတော့ ဘောလုုံးသတင်းဆုုိပြီး အမျိူးသားတွေကြီးပဲ ဖတ်ကြမယ်လုုိ့ ယူဆလုုိ့မရတော့ဘူး။ အဲသည်လုုိ အမျိူးသား အမျိူးသမီး ခွဲခြားမူ ဆုုိတဲ့ ဘောင်ကကျဉ်းလာတာတင်မက အမျိူးသမီးများဟာ အလှအပနဲ့ ဖက်ရှင်တွေကုုိ တောင်မှ တရှိူက်မက်မက် ဖတ်တာ နည်းသွားတာကိုု ပြလာပါတယ်။ အမျိူးသားရော၊ အမျိူးသမီးများပါ အကြံညဏ်ပေးတဲ့ကော်လံမျိူးတွေ၊ ဆရာလုုပ်တဲ့ စာမျိူးတွေ၊ အပျော်အပါးသတင်းတွေ၊ မင်္ဂလာဆောင်နဲ့ စေ့စပ်ကြောင်းလမ်း သတင်းတွေကုုိ စိတ်ဝင်စားမူလျော့နည်းလာကြပါတယ်။
လွန်ခဲ့တဲ့ ၅နှစ် (၁၉၇၈ခုုနှစ် ကိုုဆုုိလုုိတာပါ) တုုန်းက ရလဒ်တွေကုုိပြန်ကြည့်တော့ ၅၃ ရာခုုိင်နှူန်းက ရုုပ်မြင်သံကြားက သတင်းတွေက ငြီးငွေ့စရာကောင်းတယ်လုုိ့ ဆုုိကြတာ တွေ့ရပါတယ်တဲ့။ (ဒါဟာ သတင်းစာတွေကုုိ ပုုိပြီးအကောင်းမြင်တဲ့သဘောလုုိ့ ဆုုိရပါလိမ့်မယ်။) အခုုနှစ် (၁၉၈၄ ခုုနှစ် ကိုုဆုုိလုုိတာပါ) ကျတော့ ၆၄ ရာခုုိင်နှူန်းထိ မြင့်သွားပါတယ်။ ဒါကုုိ တခြားတဖက်က ဘယ်လုုိကောက်ချက်ချ လုုိ့ရသလဲဆုုိတော့ လွန်ခဲ့တဲ့ ၅နှစ်တုုနး်ကတော့ ကျန်တဲ့ ၄၀ ရာခုုိင်နှူန်းကျော်လောက်က သတင်းစာက သတင်းတွေဟာ ငြီးငွေ့စရာကောင်းပါတယ် အခုုတော့ ၃၀ ရာခုုိင်နှူန်းကျော်လောက်ပဲ ငြီးငွေ့ကြပါတယ်ပေါ့။ ဒါက သတင်းစာတွေဘက်ကုုိ အားရှိအောင် တွေးယူကြည့်တဲ့သဘောပါ။
အခုုနှစ် (၁၉၈၄ကုုိဆုုိလုုိတာပါ။) လေ့လာမူ ရလဒ်ထဲမှာ စိတ်ဝင်စားစရာတစ်ခုုရှိပါတယ်။ အဲဒါကတော့ အမေရိကန်လူမျိူးတွေက သတင်းစာတွေကုုိ တကယ်ဖတ်တာမဖတ်တာထက် အကောင်းမြင်တဲ့ သဘောတော့ ရှိတယ် ဆုုိတာပါပဲ။ သူတိုု့က သတင်းစာတွေဆီက တရားမျှတမူရှိဖုုိ့၊ ဘက်မလုုိက်ဖုုိ့တုုိ့ စသည်ဖြင့် စကားကြီးစကားကျယ်တွေ တောင်းဆုုိနေကြပေမယ့်လည်း သတင်းစာကုုိ နေ့တုုုုိင်း အချိန်မှီဖတ်လုုိ်က်ရမှ၊ (ဘာတွေပဲရေးထားထားပေါ့လေ) ဖတ်ပြီးတော့ ကျေနပ်မူရနေကြတာကုုိတော့ မညင်းနုုိင်ပါဘူး။
၂၀၁ရခုုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ အေရာဇ်နန်ဂျီ (Ayaz Nanji) ဆုုိတဲ့ဆောင်းပါးရှင်တစ်ဦးက Nielsen (နယ်ဆန်) သတင်းစာဆုုိင်ရာ သုုတေသနစစ်တမ်းကုုိ အခြေခံပြီး ရေးသားထားကိုု တွေ့လုုိက်ရပါတယ်။ သူ့ဆောင်းပါးက သတင်းစာဖတ်သူများရဲ့ အသက်အရွယ်နဲ့ ပလက်ဖောင်းကုုိ ချပြသွားတာပါ။ သုုတေသနပညာရှင်တွေက တဲ့၊ လွန်ခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်းမှာ (ဒါက ၂၀၁၆ခုုနှစ် နှစ်ကုုန်ပုုိင်းကာလ ဒီဇင်ဘာလ လောက်ကုုိ ဆုုိလုုိပုုံရပါတယ်။) သတင်းစာတွေနဲ့ပတ်သက်တဲ့ ဝက်ဆုုိက်တွေ၊ မိုုဘုုိင်းသုုတေသနတွေ၊ ပုုံနှိပ်မှတ်တမ်းတွေကုုိ လေ့လာပြီး အမေရိကန်ပြည်ထောင်စုုက လူကြီးပိုုင်းတွေရဲ့သတင်းစာတွေအပေါ်မှာ စိတဝင်စားမူတွေကုုိ မှတ်တမ်းတင်ခဲ့ပါတယ် လုုိ့ဆိုုပါတယ်။
အမေရိကန်ပြည်ထောင်စုုမှာ လစဉ်လုုိလုုိပဲ လူသန်းပေါင်း ၁၆၉ သန်းလက်ထဲကုုိ ပုုံနှိပ်သတင်းစာတွေ ရောက်ပါတယ်လုုိ့ ဆုုိပါတယ်။ အသက် ၅ဝနဲ့အထက် တွေရဲ့ ၅၄ ရာခုုိင်နှူန်းက ပုုံနှိပ်သတင်းစာတွေကုုိ ဖတ်ကြပြီး အသက် ၅ဝအောက်တွေရဲ့ ၆၆ ရာခုုိင်နှူနး်က ဒစ်ဂျစ်တယ်သတင်းစာတွေကုုိ ဖတ်ကြပါတယ်တဲ့။ ဒစ်ဂျစ်တယ်ဆုုိတာ မုုိဘုုိင်းဖုုန်းတွေကနေတဆင့် ဖတ်ကြတာ၊ အင်တာနက်ဝက်ဆုုိက် တွေကနေ ဖတ်တာ၊ အွန်လုုိင်းသတင်းကွန်ယက်တွေကနေ ဖတ်ကြတာ ဖြစ်ပါတယ်။ သည်နေရာမှာလည်း သတင်းစာ ဆုုိတဲ့သဘောတရားက ပုုံနှိပ်သတင်းစာနဲ့ ဒစ်ဂျစ်တယ် သတင်းစာ ဆုုိပြီး အဓိပ္ဗါယ် ၂မျိူးထွက်သွားပြန်ပါတယ်။ ဒီတော့ စာဖတ်သူတွေရဲ့ ၃၀ ရာခုုိင်နှူန်းလောက်သာ ပုုံနှိပ်နဲ့ ဒစ်ဂျစ်တယ် ၂မျိူးစလုုံးအားပေး ကြပါတယ် ဆုုိတဲ့အဖြေထွက်လာပါတယ်။
နယ်ဆန်သတင်းမီဒီယာကနေ ထုုတ်ပြန်တဲ့ သတင်းတရပ် (၂၀၁၆ခုုနှစ် ဒီဇင်ဘာ) မှာဖော်ပြချက်ကိုု ကုုိးကားရရင် သတင်းစာဖြန့်ဝေမူက ရှိနေတုုန်းပဲ၊ လစဉ်သတင်းစာတွေကုုိ မှာယူ ဖတ်သူ ၈၁ ရာခုုိင်နှူန်းရှိလျက်ပါပဲတဲ့။ အဲသည်မှာ အသေအချာ ဆုုိထားတာက သတင်းစာ ဖတ်တဲ့သူဟာ သတင်းစာမဖတ်တဲ့သူတွေထက် ပုုိပြီး ပညာတတ်တယ်၊ တော်တယ် ဆုုိပဲ။ ဒစ်ဂျစ်တယ်သတင်းစာတွေ ပေါ်လာတော့ သတင်းတွေဟာ လူငယ်ပုုိင်းတွေကိုု ပုုိပြီး ဆွဲဆောင်လာနိုုင်တယ်၊ သတင်းကွန်ယက်ကုုိ ပုုိပြီး ဖော်ဆောင်လာနိုုင်ပါတယ် လုုိ့ဆုုိသောငြားလည်းပဲ ပုုံနှိတ်သတင်းစာဖတ်သူတွေရဲ့ အဆင့်အတန်းကုုိတော့ မမှီသေးပါဘူးတဲ့။ ပုုံနှိတ်သတင်းစာဖတ်သူတွေက အသက်အရွယ်ကြီးတယ်၊ ရင့်ကျက်တယ်၊အရေအတွက် များပါသတဲ့။ ဥပမာဆုုိရရင် အမေရိကန်ပြည်ထောင်စုလူဦးရေရဲ့ ၁၃ ရာခုုိင်နှူန်းဟာ အသက်ရဝကျော်တွေဖြစ်ကြပြီး သူတုုိ့ဟာ ပုုံနှိပ်သတင်းစာ လစဉ်ယူဖတ်လျက်ရှိတဲ့ ပရိသတ်ဖြစ်နေပါတယ်။ အဲဒီပမာဏဟာ နေစဉ်သတင်းစာလစဉ်ယူတဲ့ ၁၅ ရာခုုိင်နှူန်းရှိနေပါတယ်။ အဲသည်အားပေးစကားကြောင့် သူတုုိ့ဆီမှာ အတော်လေး အကျိူးရှိသွားပုုံပါပဲ။
ပုုံနှိပ်တဲ့ခေတ်က ကုုန်သွားပြီလား လုုိ့မေးခွန်းမျိူးကုုိ ကြားရတဲ့အခါတုုိင်း သတင်းစာတွေ ယူနေသေးတဲ့ စာရင်းတွေ၊ ရာခုုိင်နှူန်းအတိအကျတွေနဲ့ ကုုိင်ပြီး သတင်းစာတွေ ဖတ်တဲ့လူတွေရှိပါတယ် လုုိ့ သူတုုိ့က ပြန်ဖြေကြပါတယ်။ အဲသည်ဆောင်းပါးမှာလည်း အဲသည်လ်ုုိအစချီကာ စာရင်းဇယားနဲ့ ကုုိးကားပြထားတာပါ။ ပုုံနှိပ်ထုုတ်ဝေတဲ့ စာအုုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာပေလောကတွေနဲ့ နှိူင်းယှဉ်ပြပြီး ပုုံနှိပ်သတင်းစာဟာ ရှေ့မှာပြေးနေသေးတာ ငြင်းမရပါဘူး တဲ့။ အခု သတင်းစာပုုံနှိတ်တဲ့လုုပ်ငန်းတွေနဲ့ ပတ်သက်လုုိ့ သူတုုိ့ဆီမှာ အကြီးအကျယ်ကုုိ အငြင်းပွားနေခဲ့ရတဲ့ “ပုုံနှိပ်ခေတ် သေဆုုံးပြီလော“ ဆုုိတဲ့ ပြဿနာတစ်ခုုကုုိ နယ်ဆင်သတင်းသုုတေသန ရလဒ်က အဖြေထုုတ်ပေးလုုိက်တော့ ပုုံနှိပ်သတင်းစာခေတ်ကတော့ မသေဆုုံးသေးပါဘူး၊ သတင်းစာပုုံနှိပ်ထုုတ်ဝေတဲ့ လုုပ်ငန်းရှင်တွေ အထုုပ်ပြင်ဖုုိ့မလုုိသေးပါဘူူး၊ ဆက်လုုပ်ကြပါ အရှူံးမပေးပါနဲ့ ဆုုိတဲ့ သတင်းကောင်းကြားလုုိက် ရတာဖြစ်ပါတယ်။ ဒီမှာလည်း စာအုုပ်တွေနဲ့ ပတ်သက်လုုိ့ သုုတေသနလုုပ်ကြည့်ရင် ဘယ်လုုိအဖြေတွေထွက်လာမှာပါလိမ့်၊ အပင်ပန်းခံပြီး သုုတေသန လုုပ်စရာတောင်မလုုိပါဘူး၊ အဖြေကရှင်းနေတာပါပဲလေ။

ဂျူနီယာဝင်း

Friday, October 6, 2017

ဘာသာပြန်ဆရာတစ်ယောက် ကြိုးစားခဲ့ရသမျှ (သို့မဟုတ်) အဲလစ်နှင့်ပတ်သက်သမျှ ဂျူနီယာဝင်း



ဘာသာပြန်ဆရာတစ်ယောက် ကြိုးစားခဲ့ရသမျှ (သို့မဟုတ်)

အဲလစ်နှင့်ပတ်သက်သမျှ

(ချင်းတွင်းမ ဂ္ဂဇင်း ၂၀၀၆)

Lewis Carroll၏ Alice in Wonderland စာအုပ်ကို ဘာသာပြန်ဖို့စပြီး စိတ်ဝင်စားလာခဲ့ပြီးနောက်မှာ ၂ဝဝ၂ ခုနှစ် နှစ်စပိုင်း လောက်မှာ စရေးဖြစ်ခဲ့တယ်။ အဲဒီကနေ မုံရွေးက ဦးတာတို့ လက်ထဲ စာမူအပ်ခဲ့တဲ့ ဇန်နဝါရီလ ၂ဝဝ၅ ဆိုတော့ ၃ နှစ်လောက်ကြာခဲ့ပါ လားလို့ သုံးသပ်မိပါရဲ့။ ဒီကလေးစာအုပ်ကလေးကို ဘာဖြစ်လို့ ဒီလောက်ကြာခဲ့ရသလဲ... ဆိုတော့... ကျွန်မပြောချင်နေတဲ့ အဲလစ်နှင့် ပတ် သက် သမျှ။

ကျွန်မ ဒီစာအုပ်ကို စပြန်တုန်းက စကားပြေဖြစ်လိုက်၊ စကားပြောဖြစ်လိုက်။ စကားပြေနှင့် သင့်တော်မလား၊ စကားပြောနဲ့ သင့်တော် မလားနဲ့ အတော်ကြာကြာ ချီတုံချတုံဖြစ်ခဲ့ရတယ်။ အင်္ဂလိပ်စာပေမှာ စကားပြောနဲ့ စကားပြောဆိုပြီး နှစ်မိုျးမရှိဘူး။ မြန်မာစာပေမှာတော့ရှိ တယ်။ ကျွန်မဟာ ဘယ်လိုဘာသာပြန်သင့်သလဲဆိုတဲ့ အဖြေကို ရှာခဲ့ရာမှာ စစချင်းတော့ စကားပြေနဲ့ အရင်ရေးကြည့်ခဲ့တယ်။ ဖတ်ရတာ အဆင်မပြေဘူး။ ဒီတော့ စကားပြောနဲ့ ပြင်ရေးပြန်တယ်။ ဒါလည်းစိတ်ထဲမှာ သဘောမကျလှဘူး။ အဲဒါဘာကြောင့်လဲ။ ဒီအဖြေကို ရှာမရခဲ့ လို့ သူ့ကို ဒီအတိုင်းရပ်ထားခဲ့ရတာ တစ်နှစ်လောက်ကြာခဲ့တယ်။

ကျွန်မစိတ်ထဲမှာတော့ ဒီစာအုပ်ကို မူရင်းအတိုင်း ကလေးတွေကို ချပြဖို့ ခက်ခဲတယ်လို့ ယူဆမိတယ်။ မြင့်တယ်လို့ သတ်မှတ်ချင် တယ်။ ဒါပေမဲ့ ကျွန်မ စဉ်းစားကြည့်တယ်။ ကလေးတွေအတွက် ဒီလောက်တောင် ဘာသာပြန်ဖို့ အဆင်မပြေတဲ့ စာတစ်ပုဒ်ဟာ လူးဝစ်ကာ ရိုးလ်တို့ ၁၈၆ဝ ခုနှစ် ဝန်းကျင်က ကလေးတွေကို ဘာကြောင့် ဆွဲဆောင်နိုင်ခဲ့သလဲ။ ကလေးတွေက အဲလစ်ကို ဘာကြောင့် ကြိုက်နှစ်သက် သွားရသလဲ။ ကျွန်မ ဘာသာပြန်ဖို့ ဖတ်ကြည့်သလောက်နဲ့တော့ ကလေးတွေ လုံးဝမကြိုက်နိုင်ဘူး။ နံပါတ်တစ်အချက် ပျင်းစရာကောင်း တယ်။ နံပါတ်နှစ်အချက် စိတ်မရှည်ဘူး။ နံပါတ်သုံးအချက် နားမလည်ဘူး။ အဲဒီ အချက် ၃ ချက်က ကျွန်မ ဒီစာအုပ်ထွက်လာရင် ကြားရမယ့် အသံတွေ ဖြစ်လာလိမ့်မယ်။ စာအုပ်ထုတ်တဲ့သူတောင် အရှုံးပေါ်နိုင်တယ်။ သို့သော် ၁၈၆ဝ ခုနှစ်ဝန်းကျင်တုန်းက ကလေးတွေ နှစ်သက်ခဲ့ကြတာ ဘာကြောင့်လဲ။ ဒီအဖြေကို ရှာလို့တွေ့ရင် ကျွန်မ ဒီစာအုပ်ကို ဘယ်လိုစိတ်သွင်းပြီး ဘာသာပြန်ရမလဲဆိုတဲ့ အဖြေရမယ်။ ကျွန်မ အဲဒီအဖြေကို ရှာခဲ့တယ်။

အဲဒီခေတ်က ကလေးတွေဆီကို ကျွန်မသွားကြည့်တယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်၊ တော၊ တောင်၊ ရေ၊ မြေ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ၊ သိုးကျောင်းသားလေးတွေ၊ ယာတော ကျေးတောတွေရှိနေတယ်။ တီဗွီ၊ ဗွီဒီယို၊ ဂိမ်း၊ ကွန်ပူျတာတွေ မပေါ်သေးတဲ့အတွက် ကလေးပုံပြင်စာအုပ်တွေဟာ ကလေးတွေအတွက် အဖော်ဖြစ်နေတယ်။ ပုံပြင်ထဲက ယုန်ကလေး၊ ြွကက်ကလေးဒိုဒိုအပြင် ထူးဆန်းထွေလာ သတ္တဝါတွေကို ဖတ်နေရတာကိုက သူတို့လေးတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေရော့သလား။ အဲလစ်ကလေးအရွယ်အစားကြီးသွားတာ၊ လည်ပင်းရှည် ထွက်သွားတာ အထူးအဆန်းဖြစ်နေကြလား။

ပြီးတော့ လူးဝစ်ကာရိုးလ်ရဲ့ အဲလစ်စာအုပ်ထဲမှာ သုံးထားတဲ့စကားလုံးတွေ... 'ကမ္ဘာကြီးထဲမှာ ငါဘယ်သူဖြစ်နေသလဲ'... 'ကျွန်မ စား တာကို တွေ့တယ်' ဆိုတာဟာ 'ကျွန်မတွေ့တာကို စားတယ်' ဆိုတာနဲ့ အတူတူပဲလို့ ပြောနိုင်သလား'... 'အချိန်ကို သူက သတ်ပစ်တယ်... ဒီတော့ အမြဲတမ်း အခုတိုင် ၆ နာရီပဲကွဲ့'... 'ဒါဆိုရင် ဆယ့်တစ်ရက်မြောက်နေ့က ကျောင်းပိတ်ရက်ဖြစ်ရမှာပေါ့'... ဒီစာကြောင်းတွေကို ကလေးတွေဟာ နားလည်ဖို့ခက်ခဲသော်လည်း အဲဒီခေတ်က ကလေးတွေက ဘာလို့ အဲလစ်ကို ဖတ်ပြီး ကြိုက်ကြသလဲ။ ကျွန်မအနေနဲ့ ဘာ ကြောင့် ဘာသာပြန်ဖို့ မသင့်ဘူးလို့ ယူဆနေမိတဲ့အချက်က ဒီစကားလုံးတွေကို ကလေးတွေ နားမလည်နိုင်ဘူးလို့ ယုံကြည်နေမိလို့ပဲ။ ဒါဆို ရင် လူးဝစ်ကာရိုးလ်က ဘယ်လိုစဉ်းစားသလဲ။ သူ့ရဲ့သင်္ချာအတွေးအခေါ်တွေကို ကလေးတွေ နားလည်ပါ့မလားလို့ သူ လုံးဝဥဿုံမတွေးလို့ ဘဲ။ သူ့စိတ်ထဲမှာ ရှိနေတာက ကလေးတွေအတွက် ပုံပြင်တစ်ပုဒ်ရေးဖို့ပဲ။ အဲဒီစိတ်စေတနာ တစ်ခုတည်းနဲ့ သူရေးသားခဲ့လို့ ဖြစ်တယ်။ ဒါကြောင့် လူးဝစ်ကာရိုးလ်ရဲ့ စိတ်ဟာ ရိုးသားဖြူစင်ပြီး သူရဲ့အရေးအသားဟာ ထူးခြားနေတယ်။ ကျွန်မဟာ လူးဝစ်ကာရိုးလ်ရဲ့ အဲလစ်ကို မူရင်းအတိုင်း စာဖတ်သူတွေကို တင်ပြချင်စိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ အဲဒီအတိုင်း မတင်ပြနိုင်ရင် အဲလစ်ကို ဘာသာမပြန်နဲ့တော့။ အဲဒါ ကျွန်မရဲ့ ဆုံးဖြတ်ချက်ပဲ။

စာမူဟာ တို့လို့တန်းလန်းဖြစ်နေတာ တစ်နှစ်လောက် ကြာခဲ့ပြီ။ ရလာတဲ့ အဖြေတွေက အသုံးမဝင်ဘူး။ ဒါနဲ့ ကျွန်မဟာ Alice in Wonderland (Walt Disneyမှ ရိုက်ကူးသော) ကာတွန်းကားကို ပြန်ကြည့်ခဲ့တယ်။ ဒီတော့ ကာတွန်းကားထဲက အခန်းတွေဟာ လူးဝစ် ကာရိုးလ်မူရင်းထဲက စာသားတွေအတိုင်း မဟုတ်ဘူး။ ပုံစံပြောင်းထားတယ်။ Walt Disney ရိုက်တာ ၂ဝ ရာစု ရောက်ပါပြီ။ ဘာကြောင့် လူးဝစ်ကာရိုးလ်အတိုင်း မရိုက်ရသလဲ။ ကဗျာ၊ တေးသီချင်းအသစ်တွေ ထည့်ရိုက်ထားပြီး ဘာကြောင့် လူးဝစ်ကာရိုးလ်ရေးတဲ့ ကဗျာတွေ မသုံးတာလဲ။ လူးဝစ်ကာရိုးလ်ရဲ့ ကဗျာတွေက ဘာဖြစ်နေလို့လဲ။ ဒါအကြောင်းရှိရမယ်။ အဲဒီမှာ အဖြေတစ်ခု ထွက်လာတယ်။ လူးဝစ်ကာရိုးလ်ရဲ့ စာဟာ စာပေအနေနဲ့ ဖတ်လို့ကောင်းပေမယ့် ကာတွန်းကားအနေနဲ့ တင်ပြတဲ့အခါ နားမလည်နိုင်တာတွေ ပါနေတယ်။ ဒါကြောင့် ပြင်ဆင်ပြီး ရိုက်ရတာဖြစ်တယ်။ ကာတွန်းကား အနေနဲ့ဘာကြောင့် အဲဒီလိုဖြစ်သွားသလဲဆိုတာ ကျွန်မနည်းနည်းတော့ သဘော ပေါက်မိတယ်။ ဒါပေမဲ့ ရုပ်ရှင်မှာ လူးဝစ်ကာရိုးလ်ရဲ့ ဇာတ်လမ်းဇာတ်ကွက်၊ ကျောရိုးတွေဟာ လုံးဝပျောက်မသွားဘူး။ အဲဒီ အတတ်ပညာက တော်တော်မြင့်တယ်။ ကျွန်မက ဒီစာအုပ်ကို စာလုံးတွေအဖြစ်ဘာသာပြန်ရမှာ။ ကာတွန်းကားကို ပြန်မှာမဟုတ်ဘူး။ ဒီတော့... စကားပြေလို့ ရေးရင်ကောင်းမလား... ၊ စကားပြောလိုရေးရင် ကောင်းမလား။ ကျွန်မ ဘယ်လိုမှ စိတ်သွင်းလို့မရခဲ့ဘူး။ ကလေးတွေ လက်ခံနိုင်မယ်မထင် ဘူးဘဲဖြစ်နေတယ်။ ဒါပေမဲ့ လူးဝစ်ကာရိုးလ်ရဲ့ စာကို အဲဒီခေတ်က ဝေဖန်ရေးဆရာတွေက ဝေဖန်ကြပြီး ဘာကြောင့် ကလေးတွေက အပြစ် မမြင်ခဲ့ကြတာလဲ။ အဲဒီအချက်ဟာ တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ ဒီအဖြေကို ရအောင်ရှာရမယ်။ ဒီလိုနဲ့ နောက်တစ်နှစ်ကုန်ခဲ့ပြီ။

ကျွန်မ ငယ်ငယ်တုန်းက အဲလစ်ကို ဘယ်လိုလက်ခံခဲ့သလဲဆိုတဲ့ အဖြေကို ရှာခဲ့တယ်။ ကျွန်မ ကလေးတုန်းက ဖတ်ခဲ့ဖူးတဲ့ အဲလစ်က ဘယ်လိုမိုျးလဲ။ ဘယ်လောက်မှတ်မိခဲ့သလဲ။ ကျွန်မ ဖတ်ခဲ့ဖူးတာဆိုလို့ ဦးဦးပုံပြောမယ်ထဲက ရုပ်ပုံကာတွန်း အဲလစ်ပဲ။ လူးဝစ်ကာရိုးလ်ရဲ့ မူရင်းစာအုပ်မဟုတ်ဘူး။ ဒီတော့ အခုပြန်စဉ်းစားရင် မှတ်မှတ်ရရဖြစ်ခဲ့သလား။ မှတ်မှတ်ရရဖြစ်ရတဲ့ အခန်းလေးတွေ ရှိသလား။ ကျွန်မ သေချာစဉ်းစားလိုက်တော့ အဲလစ်က ကိတ်မုန့်လေးစားပြီး ကြီးလိုက် ငယ်လိုက် ဖြစ်တာမှတ်မိတယ်။ အိမ်သေးသေးလေးထဲမှာ ကိုယ်လုံး အကြီးကြီး အဲလစ်တစ်နေတာရယ်၊ လက်ဆန့်ထုတ်လိုက်လို့ ယုန်ကလေးလွင့်သွားတာရယ် ပြီးတော့ သေသေချာချာ မျက်စိထဲအခုထိ မြင်နေမိ တာက တရားရုံးမှာ အဲလစ် မတ်တတ်ထရပ်လိုက်လို့ ဂူျရီတိရစ္ဆာန်လေးတွေ ဖရိုဖရဲပြုတ်ကျတဲ့ ကာတွန်းပုံပေါ့။ ဒီထက်ဘာ မှတ်မိသလဲ။ အဲလစ်ငိုတာမှတ်မိတယ်။ စက်ဝိုင်းပုံပြေးတဲ့အခန်း မှတ်မိတယ်။ အဲဒီအရွယ်တုန်းက ကလေးတစ်ယောက်အနေနဲ့ ကြိုက်နှစ်သက်ခဲ့သလားလို့ဆို တော့ ကြိုက်နှစ်သက်လှချေရဲ့လို့တော့ ဖြစ်မသွားခဲ့ဘူး။ အဲဒါကတော့ သေချာတယ်။ ဒါဆိုရင် အခုကလေးပရိသတ်ကရော ဘယ်လိုဖြစ်မလဲ။ ကိုယ်ငယ်ငယ်လေးတုန်းကတောင်မှ အမှတ်တမဲ့လောက်ပဲ ရင်းနှီးခဲ့ရတဲ့ အဲလစ်ကို အခုမူရင်းကြီး ချပြလိုက်ရင် ဘာတွေဖြစ်လာမလဲ။

ကျွန်မဘာသာဆက်မပြန်ဖြစ်သေးခင်မှာ အင်တာနက်ကနေ အဲလစ်ရုပ်ပုံကို ဆွဲခဲ့တဲ့ John Tennielရဲ့ အဲလစ်ပုံတွေရှာတယ်။ သူဆွဲခဲ့ တဲ့ ကာတွန်းပုံတွေကို လေ့လာခဲ့တယ်။ ကလေးတွေက အဲဒီကာတွန်းရုပ်တွေကို နှစ်သက်တာ ဘာကြောင့်လဲလို့ စဉ်းစားရတယ်။ သူ့ပုံတွေမှာ ဘယ်လိုဆွဲဆောင်မှုတွေ ရှိနေသလဲ။ အဲလစ်က လှလား။ ချစ်စရာကောင်းရဲ့လား။ ကလေးတွေက အဲလစ်ကိုတွေ့ရင် သဘောကျမလား။ ကာတွန်းကားထဲက အဲလစ်ကတော့ ဆေးရောင်စုံဒီဇိုင်းအသစ်နဲ့မို့ ပိုပြီး ဆွဲဆောင်မှုရှိတယ်။ ဒါပေမဲ့ ကျွန်မကတော့ John Tennielရဲ့ မူရင်း အဖြူ အမည်းရုပ်ပုံတွေကိုပဲ သုံးချင်တယ်။ ဒါမှ အဲဒီခေတ်ရဲ့ ဇာတ်ရုပ်ပေါ်မယ်။ နောက်ပိုင်းပိုပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ပုံတွေကိုJohn Tenniel မဆွဲဘူး။ အဲဒီပုံတွေ ကျွန်မမှာရှိတယ်။ အဲဒီပုံတွေပါ ထည့်လိုက်ရင် ဘာပဲဖြစ်ဖြစ် စာတွေကိုတောင် ပိုနားလည်ပြီး ပိုကြိုက်သွားနိုင် လိမ့်မယ်။ ဒါပေမဲ့ အဲဒီပုံတွေ တစ်ပုံမှ မယူချင်ဘူး။ လိုက်မမီရင် နေပါစေ မူရင်းအတိုင်း ထုတ်ချင်တယ်။ ကျွန်မ သိချင်လာတဲ့ အချက်က ဒီမြန်မာစာဖတ်ပရိသတ်က ဘယ်လောက်အတိုင်းအတာ လက်ခံမလဲ။ မူရင်းအတိုင်းကို တင်ပြချင်စိတ်က အရမ်းကို ထက်သန်လာခဲ့တယ်။ မြန်မာစာဖတ်ပရိသတ်ကို လူးဝစ်ကာရိုးလ်တို့ခေတ်ကအတိုင်း ပေးချင်တဲ့ စေတနာဟာ ကျွန်မမှာ တော်တော်လွန်ကဲခဲ့ပါတယ်။

စာက ဘယ်နေမှန်းမသိဘူး။ စာအုပ်ကို ပုံဖော်နေမိသည်။ အဖုံးကိုတောင် မူရင်းစာအုပ်အဖုံးရုပ်ပုံ လုံးဝမပါတဲ့ ရိုးရိုးကြီးပဲ သုံးမယ်။ ဖြစ်နိုင်ရင် အဲဒီအဖုံးဒီဇိုင်း အတိုင်း၊ အရွယ်အတိုင်း ထုတ်ချင်တယ်။ အဲလစ်ပုံတွေက မူရင်းအဖြူအမည်းပုံတွေပဲ သုံးမယ်။ အရောင်လုံးဝမပါ ဘူး။ အဲဒါ... ကျွန်မစဉ်းစားခဲ့တာတွေ။

နှစ်နှစ်လောက်တောင်ကြာခဲ့ပြီ။ ကျွန်မဟာ လူးဝစ်ကာရိုးလ်ကို စိတ်ထဲ သွင်းယူလို့ မရသေးခဲ့ဘူး။ သူ့အကြောင်းတွေ ရှာဖတ်ခဲ့တယ်။ သူ့ရဲ့ စိတ်နေစိတ်ထားတွေကို လေ့လာခဲ့မိတယ်။ သူ့အကြောင်းတွေ ဖတ်ရင်းကနေ 'လူးဝစ်ကာရိုးလ်ရဲ့ အဲလစ်'ဆိုပြီး အတွေးအမြင်မှာ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ခဲ့သေးတယ်။ သူက ကလေးလေးတွေနဲ့ ပျော်မွေ့တတ်တဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက်ပါပဲ။ 'ကျွန်တော်ဟာ ကလေးများအတွက် ပုံပြင်တစ်ပုဒ်ကို ရေးချင်စိတ်နဲ့... ' ဆိုပြီး လူးဝစ်ကာရိုးလ်ဟာ သူအဲလစ်ကို ဘယ်လိုမွေးဖွားခဲ့ရတယ်ဆိုတာကို ပြောပြထားတယ်။ အဲဒီ 'စိတ်'ဟာ လူးဝစ်ကာရိုးလ်က အဲလစ်ကို ရေးသားဖြစ်ခဲ့တဲ့ စိတ်ခံစားမှုပါပဲ။ အဲဒီစိတ်ဓာတ်ကလေးကို တမင်မွေးယူ ခဲ့တာ မဟုတ်ပါဘူး။ သူ့ရင်ထဲကနေ အလိုလိုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ကျွန်မဟာ သူ့ရဲ့စာကို ဘာသာပြန်သူတစ်ယောက်အနေနှင့်တော့ အဲဒီ စိတ်ကို မွေးယူရလိမ့်မယ်။ ဒီနေရာမှာတော့ ကျွန်မမှာ မြန်မာစာဖတ်ပရိသတ်ကို လူးဝစ်ကာရိုးလ်ရဲ့ မူရင်းအတိုင်း အဲလစ်ကို ချပြချင်တဲ့ စေတနာဟာ ကျွန်မရင်ထဲမှာ အလိုလိုရှိနေပြီးသား ဖြစ်နေခဲ့တယ်။ အဲဒီစေတနာဖြင့် အဲလစ်ကို ဘာသာပြန်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲလစ်ကို စပြီး ဘာသာပြန်ဖြစ်ခဲ့ချိန်ကနေ ၆ လကြာခဲ့ပါတယ်။ ၁၈၆ဝ ခုနှစ်လောက်က ကလေးတွေစွဲလမ်းခဲ့တဲ့ အဲလစ်က ဒီလိုလို့ ပေးလိုက်ချင်တဲ့ စေတနာဖြင့် ကျွန်မ အပြီးသတ်ရေးနိုင်ခဲ့ပါပြီ။ ၁၈၆ဝ ခုနှစ်တုန်းက ကလေးတွေက လက်ခံခဲ့တဲ့ အဲလစ်ကို အရင်းအတိုင်း ကျွန်မပေးဖြစ်ခဲ့ ပါပြီ။



ကျွန်မဖြည့်ထားတာတွေကတော့ John Tenniel ရေးဆွဲခဲ့တဲ့ ကာတွန်းရုပ်ပုံတွေ အောက်က စာသားလေးတွေ ဖြစ်ပါတယ်။ ဒါဟာ မူရင်းစာအုပ်နှင့် မတူတဲ့ အချက်တစ်ခုပါပဲ။ အဲဒီစိတ်ကူးလေးကိုတော့ သူတို့ဆီမှာ Aliceစာအုပ်ကို တခြား ပန်းချီဆရာတွေရဲ့ ရေးဆွဲမှုတွေ နှင့် ထုတ်ထားရာမှာ ပြောင်းလဲထားတဲ့ ကာတွန်းရုပ်ပုံ ဒီဇိုင်းစာသားတွေဆီကနေ ရတာဖြစ်ပါတယ်။ မျက်နှာဖုံးကိုတော့ မူရင်းစာအုပ် ရိုးရိုးကြီးမလုပ်ဖြစ်ဘဲ ဦးတာစိတ်ကြိုက် လုပ်ဖြစ်ခဲ့တယ်။ ကျွန်မပေးတဲ့ အကြံမဟုတ်သော်လည်း စာအုပ်လေးက ပိုလှပြီး ပိုဆွဲဆောင်မှုရှိပြီး အဲလစ်က ပိုပြီးချစ်စရာကောင်းသွားတယ်။ အဲဒါ ဦးတာရဲ့ စေတနာပါ။ ကာတွန်းရုပ်ပုံတွေကို ဦးတာက အရောင်တွေဖြည့်ထားပါတယ်။ မူရင်းအတိုင်း မဟုတ်သော်လည်း ကျွန်မဟာ ဦးတာရဲ့ စေတနာကို မငြင်းတော့ပါဘူး။ အတွင်းက အရေးအသားစတိုင်ဟာ လူးဝစ်ကာရိုးလ်ရဲ့ အရေးအသား အာဘော်အတိုင်းပါပဲ။ အဲဒီအတွက် ကျွန်မ အလွန်ကျေနပ်မိပါတယ်။ စက်တင်ဘာ ၂ဝဝ၆ မှာ စာအုပ်ကလေး ထွက်လာခဲ့ပါပြီ။ ၃ နှစ်လောက် သန္ဓေတည်ပြီး ကြိုးစားထုတ်ဖော်ခဲ့ရတဲ့ လွန်ခဲ့တဲ့ နှစ် ၁ဝဝ ကျော်က လူးဝစ်ကာရိုးလ်ရဲ့ လက်ရာဖြစ်တဲ့ စာအုပ်ကလေး ထွက်ပေါ်လာခဲ့ရပြီပေါ့။ စာဖတ်ပရိသတ်က ဘယ်အတိုင်းအတာ လက်ခံမလဲဆိုတာ ကျွန်မ မမှန်းဆရဲပါဘူး။ အဲလစ်ကို မူရင်းအတိုင်း ထုတ်ပြခဲ့တဲ့ မှတ်တိုင်တစ်ခုစိုက်ခဲ့နိုင်တာကိုက စာဖတ်သူတွေကို ပေးချင်တဲ့ ကျွန်မ၏ စေတနာ ပြည့်ဝခဲ့ခြင်းပါပဲ။