Showing posts with label Potrait. Show all posts
Showing posts with label Potrait. Show all posts

Friday, October 25, 2024

Monday, January 10, 2011

Junior Win - Farewell to Maung Wunna


စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ
ဂျူနီယာဝင်း
ဇန်န၀ါရီ ၁၁၊ ၂၀၁၁ (Photo - Junior Win)
ဆရာ့ကို ကျွန်မ စတင်မြင်ဘူးခဲ့တာက ကာတွန်းဆရာကြီး ဦးဖေသိန်းမွေးနေ့မှာပါ။ ဆရာက ကျွန်မကို
“မင်းရေးတဲ့ အဲလစ်စာအုပ်ကို မင်းလက်မှတ်ထိုးပြီးပေးမှ ယူမှာကွ။ ဒီအတိုင်း မယူဘူး။” လို့ပြောခဲ့တယ်။ အဲသည်စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မသိတယ်။
ကျွန်မကလည်း “ပေးပါ့မယ်” ပေါ့။
ဆရာဘေးက ဆရာဇနီးနဲ့ နှူတ်ဆက်ရင်း
”မောင်စိန်သောင်း မနှင်းရည်” ၀တ္ထုတိုများကို ကြိုက်နှစ်သက်ကြောင်း ပြောဖြစ်ခဲ့ပါတယ်။
ဆရာ့ရဲ့ရုပ်ရှင်ကားများကိုတော့ ကျွန်မအဘိုး ဘဘကြီး ဦးခင်မောင်လတ် အသည်းစွဲခဲ့ပုံကတော့ အခုထိ ကျွန်မမိဘများ ပြောနေဆဲပါ။
“ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဆိုတဲ့ရုပ်ရှင်က ကျွန်မတို့မမွေးခင်က မြန်မာပြည်မှာပြခဲ့ပါတယ်။ အဲသည်ကားကို ကြိုက်လွန်းလို့တဲ့ ဘဘကြီးက သူ့တပည့်များကို မြေနီကုန်းရုပ်ရှင်ရုံတစ်ရုံရဲ့ DC (Dress Circle) လို့ ခေါ်တဲ့ အပေါ်ထပ်တစ်ထပ်လုံးကို ငှားပြီး ခေါ်ပြသတဲ့။ ကျွန်မမိဘများလည်း မနေရပါဘူး။ ဖေဖေနဲ့ မေမေကလည်း ကြိုက်ကြောင်း ပြောကြပါတယ်။ ဘဘကြီး ဘယ်လောက်တောင် ကြိုက်သလဲဆိုတာ။ ကျွန်မတော့ မကြည့်ဖူးခဲ့ပေမယ့် ဘဘကြီးရဲ့အသည်းစွဲရုပ်ရှင်ဆိုတာ ပြောပြောနေတာနဲ့ ကြားဖူးနေပါတယ်။
ကျွန်မသိခဲ့ဖူးတဲ့ ရုပ်ရှင်ကတော့ “ချစ်တဲ့သူငယ်လေ”၊ “ပန်းတွေနဲ့ ဝေ”တို့ ပါပဲ။ အမှန်ပြောရရင် အဲသည်ကားများကို ကျွန်မဦးလေး တက္ကသိုလ်ကျောင်းသားများ အလွန်နှစ်သက်ကြတယ်ဆိုတာကိုတော့ မှတ်မိနေခဲ့တယ်။ ကျွန်မကြည့်ခဲ့ဖူးသလောက် မှတ်မိသလောက် စဉ်းစားမိသလောက်ကတော့ ကျောင်းသွားတဲ့ သစ်ပင်တွေအောက်က လမ်းတစ်လျောက်မှာ မင်းသားနဲ့ မင်းသမီး မေ၀၀င်းမောင်နဲ့ မောင်ရူပ လမ်းလျောက်တာ၊ ကျောင်းသွား ကျောင်းပြန် လုပ်ကြတာတွေတော့ မြင်နေတယ်။ အဲသည်တုန်းက ပျင်းလိုက်တာမှ။ ကျွန်မဦးလေးကတော့ ဘယ်လောက်အဓိပ္ပါယ်ရှိကြောင်းတွေ ပြောနေလေရဲ့။ ကျွန်မတို့က သိပ်ငယ်သေးလို့ ထင်ပါရဲ့။ အဲ … ပျင်းတာပဲ မှတ်မိတော့တယ်။
မှတ်မိသလောက်ပြောရရင် ဆရာရိုက်တဲ့ “ဓါတ်ခဲ” ဆိုတဲ့ ရုပ်ရှင်ကားဟာ မြန်မာပြည်မှာ Best Audience ရခဲ့တယ်။ စာရေးဆရာ ဦးသုမောင် အိမ်ကိုလာတုန်းက ပြောတာ မှတ်မိနေတယ်။ အဲသည်ကားက အရမ်းအောင်မြင်ခဲ့တာ မောင်ဝဏ္ဏတစ်ယောက် ဒီပရက်ရှင် ဖြစ်သွားသတဲ့။ ဒိလောက် ငွေရေးကြေးရေးအရ အောင်မြင်တယ်။ ပရိသတ်တွေကလည်း အားပေးလိုက်တာမှ။ ရုံပေါ်ကနေ အပတ်ပေါင်းများစွာ တင်ထားရတယ်။ ဒါတောင် ပရိသတ်က အားမရသေးဘူး။ ဒါလောက် ရှမ်းရှမ်းတောက် ဖြစ်တာကို ဒီပရက်ရှင် ဘာကြောင့် ဖြစ်၇သလဲ။ ဒါကိုတော့ အနုပညာသည်များသာလျှင် နားလည်ပေလိမ့်မယ်။
“ခုနှစ်စဉ်အလွမ်း” ကိုတော့ အရမ်းကြိုက်တယ်။ အကယ်ဒမီရတယ် ဆိုတော့လည်း ၀မ်းသာမိတယ်။ သုမောင် မင်းလူ မောင်ရူပ စတဲ့ ညီအကိုများ ပါဝင်ထားတဲ့ရုပ်ရှင်တကားအဖြစ် အမှတ်တရဖြစ်ခဲ့ရပါတယ်။
အမှန်ပြောရရင် မောင်ဝဏ္ဏဆိုတာကို စာရေးဆရာအဖြစ်နဲ့ ပိုပြီး သတိထားမိခဲ့တယ်။ ဆရာရေးတဲ့ ၀တ္ထုများဟာ မဂ္ဂဇင်းကို လှန်လိုက်တိုင်း မောင်ဝဏ္ဏဆိုတဲ့ အမည်တွေ့တာနဲ့ အရင်ဆုံးကောက်ဖတ်ချင်ရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ စာရေးဆ၇ာပဲဆိုတာအမှန်ပါပဲ။ တော်တော်လေး အနှစ်သက်ဆုံးထဲမှာ ပါပါတယ်။ ဆရာရေးတဲ့ အချစ်ဝတ္ထုများကို သိပ်ကြိုက်ခဲ့ရပါတယ်။ ဆရာ့ရဲ့ရေးတဲ့စတိုင်ဟာ သဘာဝကျတယ်။ ပေါ့ပါးတယ်။ ပြီးတော့ အဆန်းထွင်လုပ်ဇာတ်များ မပါဘူး။ ရိုးစင်းတဲ့ အချစ်ဇာတ်လမ်းများနဲ့ မောင်စိန်သောင်း မနှင်းရည်ဝတ္ထုများလို အိမ်ထောင်ရေးဇာတ်လမ်းများဟာလည်း အင်မတန် ဖတ်လို့ ကောင်းခဲ့ပါတယ်။
အထူးသဖြင့် Dialogueတွေမှာ ဆရာဟာ အလွန်ပိုင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါဟာ ဆရာတို့ရဲ့ဖခင်ကြီး ဦးသာဓုရဲ့ သွေးတွေ စီးဆင်းနေလို့ပဲပေါ့။
ဆရာ ကွယ်လွန်တယ် ဆိုတော့ ဒါတွေကတော့ ခေါင်းထဲမှာ ပေါ်လာတာတွေပါ။ ဆရာ့ရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ခံစားမိတာတွေပါပဲ။
အနုပညာသည်စစ်စစ်တယောက်ဆိုတာရဲ့ အဓိပ္ပါယ်ဘာလဲ ဆိုတာပြခဲ့တဲ့ ဆရာ့ကို မမေ့တော့ပါဘူး။ ဆရာ ကောင်းမွန်ရာကို ရောက်ပါစေ။

Thursday, September 16, 2010

သခင်အုန်းမြင့် - အမြဲပေါ့ပါးလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦး ဂျူနီယာဝင်း


သခင်အုန်းမြင့် - အမြဲပေါ့ပါးလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦး
ဂျူနီယာဝင်း
စက်တင်ဘာ ၁၇၊ ၂၀၁၀
လူငယ်တွေထက်တောင် ပေါ့ပါးဖြတ်လတ်နေတဲ့၊ အစဉ်အမြဲ တက်ကြွလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦးကို ပြပါဆိုရင် အဘပဲပေါ့။ ပိန်ပိန်ပါးပါးနဲ့ အဘကို မသိဘဲ နေပါ့မလား။ ဘဘကြီးနဲ့ မေမေကြီးတို့ ကို သံယောဇဉ်ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ရင်းနှီးနေခဲ့သူပါပဲ။
ဘဘကြီးနဲ့ မေမေကြီးတို့ ကွယ်လွန်ခဲ့ပြီးနောက်မှာ  ဘဘကြီးနဲ့ မေမေကြီးတို့ရဲ့ နှစ်ပတ်လည်နေ့တွေကို မပြတ်မကွက် ရောက်လာတတ်ပါတယ်။ ဘဘကြီးတို့ မေမေကြီးတို့ အကြောင်းတွေ ပြောပြတတ်တယ်။ ပြီးတော့ လူငယ်တွေကို ညှာတတ်သူတယောက်လည်း ဖြစ်ပါတယ်။
အလွန်ပူအိုက်တဲ့ သည်နှစ် နွေတနေ့မှာ အဘအိမ်ကို ရောက်ခဲ့ဖူးတယ်။ အဘက ဘာလို့ လာရသလဲ၊ ဒီလောက်ပူတာ အိမ်မှာပဲနေလို့ အပြစ်တင်တယ်။ ပြီးတော့ အေးမြတဲ့ သံပုရာရည်နဲ့ ဧည့်ခံတယ်။ သံပုရာရည် ကြိုက်တယ်ဆိုတော့ အဲဒီသံပုရာရည်အနှစ်ပုလင်းတွေ လက်ဆောင်ပေးလိုက်သေးတယ်။ ဒါ့အပြင် သူ့အိမ်မှာ စိုက်ထားတဲ့ သံပုရာအပင်ပေါက်နှစ်ပင်ကို ယူသွားခိုင်းပါတယ်။ ပြီးတော့ သူ့ဆီမလာနဲ့ မလိုဘူးလို့ တဖွဖွ ပြောတယ်။ သူ့အင်တာဗျူးတွေပါတဲ့ ဂျာနယ်တွေအကြောင်း ပြောဖြစ်တယ်။  သံပုရာပင်တွေ အသီးတွေကို ဘယ်လို အလှူတွေလုပ်နေရကြောင်းတွေ တက်တက်ကြွကြွ ပြောပြတယ်။
နောက်ပိုင်း အိမ်ကို အဘကိုယ်တိုင်လာတော့ သူ့လွယ်အိတ်ထဲမှာ သံပုရာပုလင်းတွေ ၅ ပုလင်း တောင် ထည့်လာပြီး ယူလာပေးတယ်။ ကြိုက်မှန်းသိတော့ သူပေးချင်တဲ့ စေတနာပေါ့။ အဘလည်း ကုသိုလ်ရအောင်ဆိုပြီး ဘုန်းကြီးကျောင်းတွေ လှူဖြစ်တယ်လေ။
ပြီးတော့ အင်မတန် ၀တ္တရားကျေတဲ့ သူတဦးလည်း ဖြစ်ပါတယ်။ မှတ်မှတ်ရရတွေ အများကြီးထဲမှာ ကာတွန်းဦးဖေသိန်း ဆုံးတုန်းကလည်း ဆုံဖြစ်ကြသေးတယ်။ လူမူရေးကိစ္စတွေမှာ ပျက်ကွက်တယ် ဆိုတာ မရှိဘူး။
ဥပမာ နာဂစ်ဖြစ်တုန်းက အိမ်ကိုရောက်လာပြီး သတင်း လာမေးတယ်လေ။ ကိုယ်က သူ့အိမ်သတင်း သွားမမေးနိုင်ပေမယ့် အဘက အိမ်အထိ ရောက်လာမေးတယ်။ အဲဒီလောက်ကို ဂရုစိုက်တတ်တဲ့ အဘပါပဲ။
အဘက လူချစ်လူခင် ပေါတယ်။ သူ့ကို မေတ္တာထားတဲ့သူတွေ များတယ်။ ဘယ်မှာဖြစ်ဖြစ် တွေ့လိုက်ရင် သူ့ဘေးမှာ လူငယ် လူကြီး ၀ိုင်းရံလို့။ အဘကို ကြည့်လိုက်ရင် တခါမှ လေးလံနေတာ မတွေ့ရဘူး။ တက်ကြွ လန်းဆန်း နေတာပဲ။ ပြီးတော့ စိတ်ဓါတ်လည်း ဘယ်တော့မှ မကျဘူး။ အမြဲ အင်နဲ့ အားနဲ့ ပြောဆိုတတ်တယ်။ လက်သီးလက်မောင်း တန်းပြီးတော့လည်း အားပါးတရ ပြောဆိုနေတာပဲ။ အဲဒါအဘရဲ့ပုံရိပ်တွေပေါ့။
ဒီနေ့ အဘ ကွယ်လွန်ပြီ လို့ ကြားတယ်။ မျက်စိထဲမှာ အစီအရီ ပေါ်လာတဲ့ တပိုင်းတစ ပုံရိပ်တွေကို ချရေးမိတယ်။
မျက်စိထဲမှာတော့ ပိန်ပိန်ပါးပါး ဘောင်းဘီရှည် မျက်မှန်ကိုင်းထူထူနဲ့ လွယ်အိတ်လွယ်ထားတဲ့ အဘိုးအိုတစ်ဦးပါပဲ။ သွားလာ လှုပ်ရှား သွက်လက် ဖြတ်လတ် လန်းဆန်း နိုးကြားနေတဲ့ အသွင်အပြင်တွေကိုပဲ မြင်မိပါတယ်။ ဒီပုံရိပ်တွေကို ချန်ထားရစ်ခဲ့ပြီလို့ပဲ နှူတ်ဆက်စကား ဆိုချင်ပါတော့တယ်။