Friday, July 7, 2017

ဂျူနီယာဝင်း – စာအုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက်


( အတွေးအမြင် အုပ် ၃၀၀ ပြည့်၊ ဇူလိုင်) မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၇
ပြင်သစ် စာရေးဆရာမ ဖရွန်ဆွာစ် ဆာဂန်က ပြောတယ်။
“ကျွန်မစာမရေးဖြစ်ခဲ့ရင် ကျွန်မဘ၀ဟာ ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာသေချာတယ်။  ကမ္ဘာပေါ်မှာ ကျွန်မဆိုတဲ့သူ ပေါ်မလာ ဖြစ်လည်း စာတော့ ရအောင်ရေးမှာပဲ”။ တဲ့။
စာရေးဆရာ အီးဘီဝိုက် က
“စာရေးတယ်ဆိုတာ ကံပါလာလို့သာဖြစ်တာ။ အဲဒါအမှန်တရားပဲ။”
ကော်လင်းဆဲလ် ဆိုတဲ့စာအုပ်ထုတ်ဝေသူလည်းဟုတ်၊ စာအုပ်အယ်ဒီတာ လည်းဟုတ်တဲ့ စာရေးဆရာမတစ်ယောက်က စာအုပ်တစ်အုပ်ရဲ့ အမှာစာမှာ အခုလို ရေးထားတာတွေ့တယ်။ သူက စာရေးဆရာ၊ အယ်ဒီတာ၊ နံမယ်ခံစာရေးဆရာလည်းဟုတ်တဲ့ မဂ္ဂဇင်းအယ်ဒီတာ၊ ကော်လံစာရေးဆရာ၊ ဂျာနယ်သတင်းထောက်အပြင် သတင်းရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက စာရေးဆရာဖြစ်ဖို့ ဆိုတာထက် စာရေးချင်လွန်းလို့ စာရေးနေကြတဲ့စာရေးဆရာတွေ အယောက် ၅၀ကျော်လောက်ရဲ့ စာတွေကို ဖတ်ပြီး ကောက်ချက်ချ အားပေးထားတယ်ပေါ့။
စာရေးဆရာရဲ့ဘ၀ကို သူတို့ဘယ်လို မှတ်ယူကြသလဲဆိုတာကို သူက ခံစားပြီး တင်ပြထားတာပါ။ ဒီစာအုပ်ထဲက စာရေးဆရာတွေဟာ နယ်နယ်ရရတော့မဟုတ်ကြပါဘူး။ အွန်လိုင်းအယ်ဒီတာတွေ၊ နံမယ်ကြီးဘလော့ဂါတွေ၊ စာပေဆုရဘူးတဲ့သူတွေ၊ အပျော်တမ်းစာရေးတဲ့သူတွေ၊ အငြိမ်းစား ဆရာကြီးတွေ၊ ကျောင်းဆရာတွေ၊ မဂ္ဂဇင်းအယ်ဒီတာတွေ၊ သတင်းထောက်တွေ စသည်ဖြင့် ဖြစ်ပြီးတော့ အားလုံးဟာ စာရေးသက် စာရေးအတွေ့အကြုံ ရင့်ကျက်နေကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ စာတွေကို စုဆောင်းပြီးတော့ ကော်လင်းဆဲလ်က အခုလို မိတ်ဆက်ရေးထားတာ ကို အတွေးအမြင်အမှတ် ၃၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဘာသာပြန်ပေးလိုက်ပါတယ်။
“စာရေးဆရာအများစုလိုပဲ ပြောရရင် ကျွန်မဟာ စာရေးဆရာဖြစ်လာတာမဟုတ်ပါဘူး စာရေးတဲ့သူသက်သက်ဖြစ်လာတာပါ လို့ပြောရမှာပေါ့။ ဒါအမြဲတန်းမှန်ပါတယ်။ နောက်လည်း အမြဲမှန်နေဦးမှာ။ ကျွန်မစာရေးတယ်။ ဘာကြောင့်လဲ။ စာရေးနိုင်လို့ ရေးတာပါ။
“ကျွန်မစာအကြာကြီးမရေးဖြစ်ဖူးဆိုရင် ကျွန်မတော့ သွားတာပဲ။ တကယ့်ကို သွားပြီ။ စိတ်ဆင်းရဲ စိတ်မကောင်း စိတ်ညစ် အကုန်ဖြစ်တော့တာပဲ။ ဒါပေမယ့် ကိုယ်ရေးချင်တာတွေကို မရေးဘူး သိမ်းမထားဘူး ဒါတွေကို ဂရုမစိုက်ဘူး လွှတ်ပစ်လိုက်တယ်ဆိုတာတောင်မှ ….. အခုတော့မဟုတ်ပါဘူး…. ကျွန်မအခု သိပ်ပင်ပန်းနေတယ် ပြီးတော့ အရမ်းကိုအလုပ်များနေတယ် အလုပ်ထဲမှာ သိပ်ကို ပိမိနေတယ် ဘ၀ကိုလည်းသိပ်စိတ်ကုန်နေတယ်.. ဆိုတာတောင်မှ… ရေးစရာကလေးပေါ်လာရင်တောင်မှ …. မောင်းထုတ်ပစ်လိုက်တယ်။ အမှန်တော့လည်း အဲဒီပေါ်လာတာလေးကို အာရုံစိုက်မိတယ်.. စကားလုံးတွေအဖြစ် ပြောင်းလိုက်တယ် ဒီတော့ အဲဒီရေးစရာလေးက ရုပ်လုံးပေါ်လာတယ်.. ဒီတော့ ကျွန်မချရေးတယ်… ကျွန်မစာရေးမှ ဖြစ်တော့မယ်။
“အခုထိပေါ့လေ… ကျွန်မအတွက် သဘောပေါက်လာတာ တစ်ခုက စာရေးတဲ့အလုပ်က ကျွန်မလုပ်စရာတစ်ခုအဖြစ် တည်ရှိနေတာသက်သက်မဟုတ်ပဲ ကျွန်မဘာကောင်လဲဆိုတာကို ပြတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်နေတာပဲ။ ကျွန်မရဲ့စာရေးတဲ့ဘ၀ဟာ ကျွန်မသက်တန်းတလျောက်လုံးထက် ပိုပြီးတော့တောင် တည်ရှိနေဦးမှာ။
“ကျွန်မ တစ်ခါ တစ်ခါ စဉ်းစားမိတယ်။ ကျွန်မဘ၀က စာရေးဆရာဘ၀တစ်ခုတည်း မဟုတ်ဘူး။ သမီးတစ်ယောက်ရဲ့ တာဝန်၊ အိမ်ထောင်ဦးစီးတာဝန်၊ အိမ်တာဝန်၊ ခြံတာဝန်၊ အလုပ်တာဝန်၊ အိမ်ထောင်တာဝန်တွေအပြင် မိတ်ဆွေ၊ သူငယ်ချင်း၊ ညီမ၊ အဒေါ် ဆိုတဲ့ ပတ်သက်ရာ ပတ်သက်ရာ တာဝန်တွေကိုလည်း ထမ်းဆောင်နေရသေးတယ်။
“စဉ်းစားကြည့်တော့ ဒါတွေအကုန် တာဝန်ကြေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား လို့ထင်စရာ။ အဲဒီဘ၀တွေ အများကြီးထဲကမှ စာရေးဆရာဘ၀ကိုတော့ဖြင့် “ပုံမှန်ဘ၀“ လို့ခံယူရွေးချယ်ခဲ့တယ်။ တခါတခါတော့လည်း ကိုယ်ဟာ သည်လိုလူတွေကြားထဲမှာ တခြားကမ္ဘာက ဂြိုလ်သားတစ်ယောက်လို ခံစားမိတယ်။ ဒီလိုနဲ့ တခြားသော စာရေးဆရာတွေအကြောင်းကို လေ့လာဆန်းစစ် မိတော့မှပဲ ကိုယ်နဲ့ဘ၀တူတဲ့ သူတွေကို တွေ့လာရတော့တယ်။
“ဒီစာအုပ်မှာ ကျွန်မရှာဖွေတွေ့ခဲ့ရတဲ့ တခြားသော စာရေးဆရာတွေအကြောင်းကို တွေ့ကြရမယ်။ အော်… ဒါဟာ စာရေးဆရာရဲ့ဘ၀တွေပဲ လို့ဖြစ်လာရတယ်။ စာရေးခြင်းဆိုတာရယ်၊ ဘ၀မှာနေထိုင်ခြင်းဆိုတာရယ် နှစ်ခုကြားကို ချိန်ခွင်မှာညှိပေးတယ် လို့တော့မဟုတ်ပါဘူး။ စာရေးခြင်းနဲ့ ဘ၀မှာ နေထိုင်ခြင်း ဆိုတဲ့အဲသည်၂ခုကို ရောစပ်ပေးတာပါ။ ဟုတ်တယ်.. အဲဒီလို လုပ်ဖို့က လွယ်တယ်လေ… ။ ဒါကြောင့် ကျွန်မတို့တွေက စာရေးတဲ့ဘ၀ကို တစ်ယောက်နဲ့တစ်ယောက် မျှဝေရင်း၊ ဖောက်သည်ချနေရင်းနဲ့ နေကြည့်ကြတာပေါ့။
“စာရေးဆရာဟာ စာရေးဆရာအချင်းချင်း တွေ့တယ်။ တခြားသောသူတွေလို တွေ့ပုံမျိုးတော့ မဟုတ်ဘူး။ အဲဒီအချက်က အရေးကြီးတယ်။ စာရေးဆရာတွေ အချင်းချင်း တွေ့ကြတဲ့အခါ အတွေ့အကြုံတွေ ဖလှယ်တယ်။ ခံစားချက်တွေ ဝေမျှတယ်။ ငါတို့ရဲ့  အောင်မြင်မူတွေ၊ စိန်ခေါ်မူတွေကို ပြန်ပြောကြတယ်။ စာရေးဆရာတွေရဲ့ဘ၀ဟာ ဒါတွေလို့ အမှန်အတိုင်း ၀န်ခံကြတယ်ပေါ့။
“အခုနောက်ကလိုက်လာမယ့် စာမျက်နှာတွေမှာ စာရေးဆရာအယောက် ၅၀ကျော်ရဲ့ စာရေးဆရာဖြစ်လာခြင်း၊ စာရေးဆရာဆိုတာရဲ့ အဓိပ္ဗယ်တွေကို ကိုယ်ပိုင်အတွေးအမြင်တွေနဲ့ ဖော်ပြထားကြတယ်။ သတို့ရဲ့ဖြောင့်ချက်တွေက ကျွန်မကို ဘားနက် မားလ်လမတ်ဒ် ရဲ့ စကားတစ်ခုကို သတိရစေတယ်။
“သူ့ကို ကျွန်မက စာရေးခြင်းဟာ သင့်အတွက် ဘယ်လိုများ အဓိပ္ဗါယ်ရှိစေလဲ လို့မေးလိုက်တော့ သူက “ကျွန်တော်ပြောဖို့စိတ်လှူပ်ရှားလိုက်တာဗျာ” တဲ့။ ကျွန်မလည်း ဒီစာအုပ်လေးကိုပြုစုတော့ တကယ့်ကို စိတ်လှူပ်ရှားရပါတယ်။ စာဖတ်သူများလည်း စိတ်လှူပ်ရှားကြမှာ သေချာပါတယ်။“
ကော်လင်းဆဲလ်ရဲ့ စာက အဲသည်မှာ အဆုံးသတ်ပါတယ်။ သူ့ရဲ့စာအုပ် စီးရီးတွေ အများကြီးအောင်မြင်တယ်။ စာရေးဆရာဖြစ်လာဖို့ ကံတရားအတိုင်း လိုက်သွားဖို့က မလွယ်ပါလားဆိုတာ စာရေးဆရာတိုင်းသိကြပါတယ်တဲ့။ သင်ဟာ စာရေးဖို့စိတ်ထက်သန်သူ ဖြစ်ခဲ့မယ်ဆိုရင် စာမျက်နာ အလွတ်တစ်ရွက်ကနေ စပေတော့တဲ့။ အဲဒီစကားက မေမေကြီး ဒေါ်ခင်မျိုးချစ်ပြောဖူးတာ သွားသတိရတယ်။ “စာရွက်လွတ်တွေမြင်ရတာ ကြည့်မရလို့ စာရေးဆရာဖြစ်လာတာဟေ့” ဆိုတာလိုပေါ့။
သူ့စာအုပ်ကို သူ့ကိုယ်တိုင်ကြော်ငြာထားပုံက စာရေးတယ်ဆိုမှတော့ စာရေးချင်လို့ေ၇းတာကလွဲပြီး ဘာရှိဦးမလဲ။ ဒီစာအုပ်ထဲက စာရေးဆရာ အယောက် ၅၀ကျော်ဟာ သင့်လို စာရေးချင်တဲ့သူတွေကြီးပဲ မဟုတ်လားတဲ့။ သင်ရေးတာတွေ ပုံနှိတ်ခံရပြီးသား ဒါမှမဟုတ် လူတွေကို ချမပြရသေးဘူး ဆိုပါတော့။ သည်စာအုပ်က သင့်ကို ကြိုဆိုပါတယ်။ အားပေးပါတယ်တဲ့။
သည်တော့ မိန်းခလေးတစ်ယောက်ဆီက အမြင်ကြည်ကြည်ရဖို့ဆို ရီးစားစာလှလှပပလေးတော့ ရေးတတ်မှမဟုတ်လား။ ဒီလိုပဲ ရေးရင်းရေးရင်းကနေ သင်ဟာ စိတ်တွေတက်ကြွလာမယ် စကားလုံးအသစ်တွေ ရှာဖွေလာမယ် ဆန်းသစ်တဲ့အရေးအသားတွေကို ဖန်တီးချင်လာမယ် ဒီလိုနဲ့ တဖြေးဖြေး ရေးဖို့တွန်းအားပေးလာမယ်။ စာရေးချင်စိတ်တွေ ပိုပိုပြီးဖြစ်လာမယ်ဆိုတာ အာမခံပါတယ် လို့ဆိုထားပါတယ်။
ဂျူနီယာဝင်း
(အတွေးအမြင် နှစ်များစွာ တိုင်အောင်မြင်စွာ ချီတက်နိုင်ပါစေ။ စာရေးသူများ စုစည်းရာအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေ။)

Monday, July 3, 2017

ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး


(အတွေးအမြင် ဇွန်လထုတ်) မိုးမခ၊ ဇွန် ၉၊ ၂၀၁၇
 
သည်လမ်းလေးကို သွားလာရဖန်များတော့ ရင်းနှီးလာရတဲ့ အရာတွေသိပ်များလာတယ်။ သည်လမ်းအချိုးအကွေ့တစ်ခုမှာ အမှိုက်သိမ်းကားကြီးတွေရပ်ထားတယ်။ ပြီးတော့ ရထားသံလမ်းဘေးကနေ ဖြတ်သွားရတယ်။ တခါတရံ ရထားကြီးဖြတ်သွားသံကို ကြားရမြင်ရတယ်ပေါ့။ ကားဆေးမလားလို့ လက်ပြလှမ်းတားနေကြတဲ့ သူတွေကို လမ်းတလျောက်တွေ့ရပြန်တယ်။
မီးပွိုင့်တစ်ခုကို ဖြတ်လာရတော့ ကားတွေဟာ အလုအယက်မောင်းနေတာမျိုးထက် သက်သက်သာသာပဲ သွားလာနေကြတာတွေ့ရတယ်။ လမ်းဘေးတလျောက်မှာ ကားတွေ အစီအရီ ရပ်ထားကြပေမယ့် ဆဲဆိုသွားတာမျိုးမရှိဘူး။ သူတို့လည်းရပ် ကိုယ်ကလည်းရှောင်ပေါ့ ဆိုတဲ့သဘောမျိုး။ လူတွေကလည်း သူတို့ဘေးကနေ ကားတွေဖြတ်နေကြတာ မကြောက်ဖူး။ ကလေးတွေကို လက်ဆွဲသွားလာနေသူတွေကများ ကလေးကို လမ်းမဘက်ထားပြီး လျောက်နေကြတယ်။ ခွေးတွေကလည်း လမ်းဖြတ်ကူးနေလိုက်ကြတာ မကြောက်မရွံ့။ တခါများ ကြောင်ကလေးတစ်ကောင် ကိုယ့်ရှေ့ဖြတ်ကူးတာ တွေ့လိုက်ရသေး။ ၊ဆိုက်ကားတွေကလည်း လမ်းမပေါ်၊ လမ်းဘေးပေါ်၊ သည်လိုပဲသွားလာနေကြတယ်။ ကားတွေကြားထဲ ဆိုက်ကားစီးကြရတာ၊ စက်ဘီးစီးရတာ၊ လမ်းဖြတ်ကူးနေရတာ အေးအေးလူလူရှိလိုက်တာ။ ဒီလမ်းတလျောက်ဟာ သည်လိုပဲ သက်တောင့်သက်သာ သွားလာနေကြတဲ့သဘော။
အကွေ့တစ်ခုမှာတော့ ဘုန်းတော်ကြီးစာသင်တိုက်တစ်ခုရှေ့မှာ ခိုကလေးတွေ အပြည့်လမ်းပေါ်မှာ မနက်ခင်းနဲ့ နေ့လည်ပိုင်းလောက် အစာစားနေကြ၊ အစာရောင်းသူကလည်း ငုတ်တုတ်ကလေး အမြဲတွေ့ရတယ်။ ခိုကလေးတွေ ကားတိုက်မိမှာစိုးရိမ်စရာမရှိပုံပဲ။ လမ်းအကွေ့မှာမို့ ကားတွေကလည်း ခပ်ဖြေးဖြေးပဲကွေ့နေကြတော့ တော်သေးတာပေါ့လေ။
သည်လိုနဲ့ သစ်ပင်ကြီးတစ်ပင်က သစ်ရွက်တွေကွယ်နေတဲ့ မီးပွိုင့်တစ်ခုရယ်၊ အမြဲတန်း လိမော်ရောင်မီးလုံးပျက်နေတဲ့ မီးပွိုင့်တစ်ခုရယ်၊ မီးပွိုင့်မှာ ပန်းအမြဲရောင်းတဲ့ဦးလေးကြီးရယ်၊ ဖြတ်သွားဖြတ်လာ အထမ်းသမားတွေရယ်၊ ရေသန့်ဗူးတွေသယ်သယ်လာတဲ့ လက်တွန်းလှည်းတွေဟာ နေ့စဉ်မှတ်မိနေတဲ့ အရာတွေဖြစ်လာပါတယ်။
သည်လမ်းကိုပဲ နေ့နဲ့ညနဲ့ မြင်တွေ့ဖြတ်သန်း နေရပုံက နည်းနည်းကွဲပြားတယ်။ မနက်ခင်းနဲ့ နေ့ခင်းဖက်တွေမှာ ဖြတ်သွားတိုင်းတွေ့ရတဲ့ တချို့လမ်းနဘေးဟာ ညဖက်ဆို လက်ဖက်ရည်ဆိုင်လေးတွေ၊ ထမင်းဆိုင်လေးတွေနဲ့ စည်ကားသွားတယ်။ အဲသည်မှာ ဘောလုံးပွဲကို ၀ိုင်းကြည့်နေကြတဲ့ အုပ်စုတွေကိုလည်း တွေ့လာရတယ်။ လမ်းဘေးတနေရာက ဆိုင်ကလေးဆီက တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ပရိတ်တော်ကို ညတိုင်းဖွင့်တာ နာယူသွားရတယ်။ ကွမ်းယာဆိုင်၊ ထီလက်မှတ်ရောင်းဆိုင်၊ အကင်ဆိုင်၊ ပင်လယ်စာဆိုင်၊ စတိုးဆိုင်တွေ၊ ၀က်သားတုတ်ထိုးဆိုင်တွေ၊ အသီးဖျော်ရည်ဆိုင်၊ ဗမာထမင်းဟင်းဆိုင်တွေဟာလည်း စည်ကားလို့။ ညမိုးချူပ်မှ ပြန်လာကြတဲ့ ၀န်ထမ်းမိန်းခလေးတွေ၊ မိသားစုတွေ၊ ကိုယ်ဝန်သည်တွေ၊ ဈေးလာသူတွေ၊ လမ်းဘေးမျက်နှာစာမှာ ထိုင်လို့ အေးအေးလူလူ စားသောက်နေကြသူတွေဟာ လမ်းမတလျောက်မှာ တွေ့နေရတယ်။ လမ်းအပြည့်မှာ လူတွေ၊ ကလေးတွေ၊ စက်ဘီး၊ ဆိုက်ကားတွေက ကားတွေကြားထဲ ရောယှက်လို့ သွားလာနေလိုက်ကြတာ။
ညဖက်ဆိုရင် ဖြတ်နေကျ မီးပွိုင့်တစ်ခုနားအရောက် စားသောက်ဆိုင်တစ်ခုရှေ့ကျတော့ လမ်းနဘေးတလျောက် ကားတွေတန်းစီပြီး ရပ်ထားတာတွေ အပြည့်တွေ့၇တယ်။ တော်တော်ရောင်းကောင်းမယ့်ပုံပဲ။ သည်ကားတွေနဘေးကနေ ခက်ခက်ခဲခဲ ကျော်သွားကြရတဲ့ ကားတွေဟာ သူတို့ တွေ သည်လိုလမ်းနဘေး စည်းမဲ့ကမ်းမဲ့ ရပ်ထားရကောင်းလားလို့ ဘယ်သူကမှ ဆဲဆိုပြောဆိုတာ၊ အပြစ်တင်တာတွေ ကြားမသွားရဘူး။ အံ့သြစရာကောင်းပါတယ်။ သည်လို နားလည်မူမျိုး ဟာ တွေ့ရခဲတယ်။
မနက်မနက် ဖြတ်သွားရင်း ငေးသွားရတဲ့ သည်ဈေးကလေးကတော့ တော်တော်ဆွဲဆောင်မူ ရှိတယ်။ မီးပွိုင့် ၂ခုကြား နေရာတနေရာမှာ ရှည်ရှည်လျားလျားေ၇ာင်းချနေကြတဲ့ ဈေးလေးကို မြင်ရတာ မြန်မာလူမျိုးတွေရဲ့ သဘောသဘာဝ၊ မြန်မာတွေရဲ့ လူနေမူပုံစံကို ထင်ထင်ရှားရှား တွေ့လိုက်ရတာပါပဲ။ ဈေးရှေ့က ချရောင်းနေကြတဲ့သူတွေဟာ လမ်းတဖက်ရဲ့ တ၀က်လောက်ထိ နေရာယူထားကြတယ်။ ဈေးဝယ်လာကြသူတွေရော၊ ဈေးရောင်းနေသူတွေဟာ လိုက်ဖက်ညီတယ်လို့ ဆိုရမယ်။ အသီးအနှံ၊ သားငါး၊ အခြောက်အခြမ်းတွေကို မြင်ရတာနဲ့တင် ကိုယ်ကိုယ်တိုင် ဆင်းပြီး ၀ယ်ချင်မိတယ်။
ဒီလိုမြင်ကွင်းမျိုးကို ကြီးကျယ်ပါတယ်ဆိုတဲ့ ရန်ကုန်မြို့ကြီးမှာ နေ့စဉ်တွေ့မြင်ရတာကို သဘောကျမိတယ်။ ဘုရားပန်းဝယ်မလား၊ မနက်ဈေးလေး ငေးရင်း ၀ယ်မလား။ လတ်လတ်ဆတ်ဆတ်ပေါ့။ ဈေးဝေးတဲ့သူအတွက် သည်လိုအဖြစ်ကို နေ့စဉ်ရရှိနေသူတွေကို တွေ့မြင်ရခြင်းဟာ မဟာကံထူးသူတွေကို တွေ့ရလေခြင်းပေါ့လေ။ ကားနဲ့ဖြတ်သွားသူတွေလည်း လမ်းပေါ်မှာ ခေတ္တခနရပ်နားလို့ ဆင်းဝယ်နေကြတာ တွေ့ရတယ်။ လမ်း၎ပုံ၁ပုံကို ပိတ်ထားလေခြင်းကို ဘယ်သုူမှ အပြစ်မတင်ကြဘူး။ သြော်… လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မူလေးတွေနဲ့နေနေကြရင် ဘ၀ဟာပျော်စရာပဲ။
သည်လိုဈေးလေးက ညဖက်ကျတော့ ပိုလို့တောင်စည်ကားနေသေးတယ်။ ညဖက်ကို ထွက်လေ့မရှိပါဘူးဆိုတဲ့ သူဟာ သည်လို စိတ်ပျော်ရွှင်စရာကောင်းတဲ့ ဈေးလမ်းလျောက်နေကြသူတွေကို မြင်ရတာ အားကျမိပါရဲ့။ ကလေးတွေလည်း ခုန်ပေါက်ပြေးလွှားလို့၊ လက်ဖက်ရည်ဆိုင်ကလည်း စည်ကားလို့၊ စက်ဘီးစီးသူတွေ၊ ဆိုက်ကားစီးသူတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေ ဟာ သူ့နေရာနဲ့သူ စီးချက်ညီနေတယ် လို့ဆိုရမှာပါ။ သည်နားတ၀ိုက် ရပ်ကွက်ထဲက နေကြတဲ့ သူတွေဟာ သည်လို သွားလာနေနိုင်ကြတဲ့ ဘ၀ကို ပိုင်ဆိုင်ရခြင်းဟာ ကံကောင်းတာပေါ့။ ညလေဟာ သစ်ပင်ရိပ်တွေအောက်မှာ တဖြူးဖြူးတိုက်နေတယ်။ အေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုကို ရိုးရိုးရှင်းရှင်း တည်ဆောက်ထားကြတယ်။ ခနလေးဖြတ်သွားရတဲ့သူအတွက် သူတို့ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုကို သည်လောက်ကလေး ပါဝင်ပတ်သက်ခွင့်ရတာဟာ အခွင့်အရေးတစ်ခုလို ခံစားမိပါ၇ဲ့။
လမ်းတလျောက် တွေ့ရတဲ့ ဘတ်စကားတွေက ကြောက်စရာကောင်းလောက်အောင် ဟိုဘက်သည်ဖက် ဖြတ်သန်းမောင်းနှင်နေကြပေမယ့် ဖြေးဖြေးနှေးနှေးနဲ့ သွားတာမို့သိပ်ပြဿနာ မရှိသလိုပဲ။ အကွေ့အကောက်များတဲ့သည်လမ်းဟာ ကားတွေရော၊ လူတွေရော၊ တိရစ္ဆာန်တွေရော အန္တရာယ်ကင်းဖို့ ဖြစ်လာပုံပါပဲ။ ဖြတ်ကနဲ ဖြတ်ကနဲ တိုးဝင်လာတဲ့ ဆိုက်ကားတွေနဲ့ သူတို့ကို လမ်းပေးလိုက်ရတဲ့ ကားတွေနဲ့ အချင်းချင်း ပြေလည်နေကြတာကို မြင်ရတာ စိတ်ချမ်းသာစရာပါပဲ။ လမ်းကြားတွေကလည်း များတာကြောင့် ကြားဖြတ်ဝင်လာတဲ့ကားတွေအတွက် ခက်ခဲမယ် ထင်ထားတာ သူတို့ကို လမ်းမတန်းက လာတဲ့ကားတွေက လမ်းပေးသား။ တခါတရံမြို့ထဲ သွားတဲ့နေ့တွေမှာ သည်လို သက်သက်သာသာ ပေးကြတာ တခါမှ မမြင်ဖူးပါဘူး။ လမ်းကြားထဲက လမ်းမတန်းသွားချင်တဲ့ကားများ တော်တော် မျက်နှာငယ်ရတယ်။ ဒါပေမယ့် သည်လမ်းလေးကတော့ နေ့လည်နေ့ခင်း ကားကြပ်ချိန်မှာတောင် အချင်းချင်း နားလည်မူနဲ့ သွားလာနေကြတာမို့ စိတ်ချမ်းသာပါတယ်။ နှေးလည်းနှေးသလို မြန်လည်း မြန်သလိုမို့ အချိန်တန်တော့လည်း လိုရာခရီးရောက်သွားမှာပေါ့လေ။
တနေ့ကို လေးငါးခြောက်ခေါက်လောက် သည်လမ်းလေးကို ဖြတ်သွားဖြတ်လာလုပ်ရင်း သံယောဇဉ်တောင် ဖြစ်မိပါရဲ့။ ဘာပြီး ဘာလာမယ်၊ ဘာအသံကြားရမယ်၊ ဘာဆိုင်တွေ ရှိတယ်၊ ဒန်ပေါက်ဆိုင်ရယ်၊ ပင်လယ်စာစားသောက်ဆိုင်ရယ်၊ ကားဆီထည့်တဲ့ ဆိုင်ကြီးတစ်ခုရယ်၊ လမ်းဘေးထီဆိုင်တွေရယ်၊ ကြံကြိတ်စက်ကြီးနဲ့ ကြံရည်ဆိုင်တွေရယ်၊ ဘယာကျော်ဆိုင်တွေ၊ အကင်ဆိုင်တွေရယ်ဆီက အနံ့အသက်တွေကိုလည်း ရင်းနှီးခဲ့ရပါတယ်။ တခါတလေများ ဘေးဘီဝဲယာက စက်ဘီးစီးသူတွေ၊ လက်တွန်းလှည်းတွေ၊ ဈေးရောင်းသူတွေ၊ လမ်းလျောက်သူတွေကိုတောင် မျက်မှန်းတန်းနေမိသွားတယ်။ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းကန်များနဲ့ စာသင်တိုက်တွေ၊ အလှူပေးမဏပ်များ၊ စေတီဘုရား၊ ဓမ္မရိပ်သာနဲ့ တရားပွဲတွေကိုလည်း လမ်းတလျောက် ဖြတ်ကနဲ ဖြတ်ကနဲ တွေ့ခဲ့ရတယ်ပေါ့။ တနေ့မနက်ကလည်း ဘုန်းတော်ကြီးတွေ ဆွမ်းခံပြန်လာတာ ဖူးတွေ့ခဲ့ရပါတယ်။
သည်လိုနဲ့ ရက်သတ္တပါတ် ၂ပတ်တောင်ကျော်လာပြီ။ တနေ့ကို အနည်းဆုံး ၄ခေါက်ကနေ ၆ခေါက်၊ တခါတရံ ၈ ခေါက်လောက် သည်လမ်းကို အသွားအပြန် ဖြတ်သွားဖြတ်လာ သွားနေရတော့ ခေါင်းထဲမှာ ဒီမြင်ကွင်းတွေပဲ အစီအရီ ပေါ်ပေါ်လာနေတယ်။ သည်လိုနဲ့ မေမေလည်း နေပြန်ကောင်းလာပြီး နည်းနည်းသက်သာလာလို့ ဆေးရုံကဆင်းရပါတော့မယ်။ ဆေးရုံနဲ့အိမ်ကို ခေါက်တုံ့ခေါက်ပြန် နေ့ရောညပါ သွားလာနေရတဲ့ သည်လမ်းတလျောက်လုံးမှာ ဖြစ်ပေါ်နေတဲ့ စိတ်ပင်ပန်းမူတွေ၊ ပူပင်သောကနဲ့ စိုးရိမ်စိတ်တွေ၊ ၀မ်းနည်းအားငယ်စိတ်တွေကို အနည်းငယ် စိတ်ပြောင်းစိတ်လွဲ ဖြေလျော့ပေးခဲ့တဲ့ သည်လမ်းလေးအကြောင်းကို မေမေသက်သာလာခိုက် ဆေးရုံမှာ ညဖက်စောင့်နေရင်းက ကောက်ရေးနေလိုက်မိပါတယ်။
ဆေးရုံအတွေ့အကြုံတွေဆုံသွားသလို လူတွေဟာ တယောက်နဲ့တယောက် နားလည်မူလေးတွေနဲ့ ကိုယ်ချင်းစာပြီး နေသွားကြရင် ဒါတွေကို တွေ့မြင်သွားတဲ့သူအတွက် စိတ်အပန်းဖြေခွင့်ရပြီး စိတ်အေးချမ်းသွားရကြောင်းလေးကို တွေးနေမိရင်းက အိမ်ကနေ လေး၊ငါး ကီလိုမီတာလောက်ဝေးတဲ့ ခရီးကို နေ့စဉ်သွားခဲ့ရတဲ့ အဲသည်လမ်းလေးကို ပင်ပန်းနေတဲ့စိတ်နဲ့ပဲ ကျေးဇူးတင်နေမိတယ်။ နောက်စဉ်းစားမိတာကတော့ အမြဲလိုလို စိတ်တိုတတ်၊ ဒေါသကြီးတတ်တဲ့သူဟာ မိခင်တစ်ယောက်လုံး မမာမကျန်းဖြစ်တော့မှပဲ စိတ်ကောင်းလေးဝင်လာပြီး အရာရာကို မျက်လုံးစိမ်းနဲ့ မကြည့်မိတော့တာလည်း ဖြစ်နိုင်ပါတယ်။ မေမေ နေကောင်းသွားပြီး နောက်ပိုင်းလည်း သည်လိုအေးချမ်းတဲ့စိတ်မျိုး ဆက်လက်မွေးနိုင်ရင်ကောင်းမှာပဲလို့ တွေးနေမိပါတော့တယ်။




ဂျူနီယာဝင်း