Monday, February 4, 2019

ဂျူနီယာဝင်း – အယ်ဒီတာများ



ဂျူနီယာဝင်း – အယ်ဒီတာများ


(အတွေးအမြင်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၉) မိုးမခ၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၉

(”Journalism“ (သတင်းစာပညာ) လို့အမည်ပေးထားတဲ့ စာအုပ်ကို James Glen Stovell (ဂျိမ်းစ် ဂလန် စတိုဗယ်) ကရေးပါတယ်။ အခု သူရေးထားတာတွေထဲက စိတ်ဝင်စားမယ့် အကြောင်းအရာများကို သင့်လျော်သလို ဘာသာပြန်ပေးထားတာပါ။ စာရေးသူဖြည့်စွက်ထားတာတွေကို ကွင်းစကွင်းပိတ်နဲ့ လုပ်ပေးထားပါတယ်။)

(‘၂၁ရာစု ဂျာနယ်လစ်ဇင်’အမည်နဲ့ ပထမပိုင်း ဘာသာပြန်စာအုပ် ထွက်တယ်။ အခု တင်ဆက်ထားတာတွေက စာအုပ်ထဲမပါပါဘူး။ ဒုတိယအပိုင်းတွေ ဖြစ်ပါတယ်။ အယ်ဒီတာတွေ အကြောင်း ပါ။ သူဆိုလိုတဲ့ အယ်ဒီတာဆိုတာ သတင်းအေဂျင်စီတွေ၊ သတင်းလုပ်ငန်းတွေနဲ့ ဆိုင်တဲ့ အယ်ဒီတာတွေ ဖြစ်ပါတယ်။ သို့သော် အယ်ဒီတာတွေရဲ့ သဘောသဘာဝတွေကတော့ အတူတူပါပဲ ဆိုတာ တွေ့ရပါတယ်။)

( အယ်ဒီတာ ဆိုတာ … တဲ့။ )

၁။ အယ်ဒီတာ – သတင်းလုပ်ငန်းမှာ တာဝန်ရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူက ဌာနကြီးတစ်ခုလုံး လည်ပတ်မူကို တာဝန်ယူရပါတယ်။ အယ်ဒီတာများဟာ ဂျာနယ်လစ်ဇင်လုပ်ငန်းစဉ် ရဲ့ အဓိက ကိုင်တွယ်သူလည်း ဖြစ်ပါတယ်။ (ဂျာနယ်လစ်ဇင် journalism ကို သတင်းစာပညာ လို့ တိုက်ရိုက်ဆိုရပါမယ်။ အဲသည်ထဲမှာ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ သတင်းလုပ်ငန်းနဲ့ဆိုင်တဲ့ မီဒီယာများ၊ သတင်းထုတ်လွှင့်မူများ အကုန်ပါပါတယ်။ အဲသည်ဌာန အသီးသီးတွေမှာ အယ်ဒီတာအဖြစ် တာဝန်ယူလုပ်ဆောင်နေသူတွေကို ရည်ညွှန်းပါတယ်။ အခုသည်အပိုင်းမှာ တင်ပြတဲ့ အယ်ဒီတာ ဆိုတာက သတင်းလုပ်ငန်းပိုင်း ကို အဓိက ရည်ရွယ်ထားပါတယ်။)

၂။ ကော်ပီအယ်ဒီတာ – သတင်းထောက်တွေ၊ တခြားသောအယ်ဒီတာတွေ ရေးသားတာတွေကို စီစစ်ရတဲ့ အဓိကပုဂ္ဂိုလ်ပါ။ သူတို့မှာ ကျယ်ပြန့်တဲ့ အသိပညာရှိထားရမယ်။ ဘာသာစကားအသုံးပြုပုံတွေကို နားလည် သုံးတတ်ရမယ်။ (ကော်ပီအယ်ဒီတာ ဟာ အယ်ဒီတာလောက်တော့ သြဇာမညောင်းဘူးလို့ နောက်ပိုင်း သူ ရေးသားထားတာတွေအရ ယူဆပါတယ်။ အယ်ဒီတာတစ်ယောက်ဖြစ်ချင်ရင် ကော်ပီအယ်ဒီတာ အဆင့်တစ်ခုကို ကျော်ဖြတ်ရပါတယ်။)

၃။ အယ်ဒီတာများဟာ သတင်းထောက်တွေနဲ့ ယုံကြည်မူ တည်ဆောက်ထားရမယ်။ တစ်ဦးအပေါ်တစ်ဦး စိတ်ချင်းဆက်နေသလို နားလည်မူ ယုံကြည်မူတွေ ရှိထားရမယ်။ သတင်းထောက်များဟာ အယ်ဒီတာရဲ့ အလုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မူ၊ ထောက်ပံ့မူအပေါ်မှာ အားထားသင့်တဲ့ အနေအထားမျိုးနဲ့ နေရပါတယ်။

၎။ အယ်ဒီတာများဟာ သတင်းလုပ်ငန်းမှာ တာဝန်ရှိသူဖြစ်သလို၊ သတင်းကို စားသုံးသူ ပရိသတ်တွေအပေါ်မှာလည်း တာဝန်ရှိပါတယ်။ သည်လို ပရိသတ်တွေကို အကောင်းဆုံးသတင်းတွေကို ပေးရမယ် ဘယ်လိုပေးရမလဲ ဆိုတာ သူတို့တာဝန်ဖြစ်ပါတယ်။

၅။ အယ်ဒီတာတွေရဲ့ ရိုးသားဖြောင့်မတ်မူ၊ သတင်းနယ်ပယ်ဆိုင်ရာမှာ အသိပညာရှိမူတွေဟာ သတင်းလုပ်ငန်းကြီး ရဲ့အဆင့်အတန်းကို ရော၊ နံမယ်ကိုပါ ကိုယ်စားပြုလျက်ရှိနေပါတယ်။

မီဒီယာလောက၏ အရေးအကြီးဆုံးအလုပ်
ယနေ့မီဒီယာ လောကမှာ အယ်ဒီတာထက် အလုပ်ပိုများတဲ့သူ၊ အရေးကြီးတဲ့ အလုပ်ဟာဖြင့် မရှိတော့ပါဘူး။ အယ်ဒီတာတွေက စာရေးဆရာတွေ ထက်တောင် တာဝန်ကြီးပါသတဲ့။ (သည်နေရာမှာ စာရေးဆရာ ဆိုတာ အများ သိထားနားလည်ထားတဲ့ ၀တ္တုရေးတဲ့သူ၊ ကဗျာဆရာ၊ စာရေးဆရာ ဆိုတဲ့အဓိပ္ဗါယ်တွေ အပြင် သတင်းရေးသားသူတွေ ပါပါတယ်။ သည်အပိုင်းမှာ သတင်းကို စီကာပတ်ကုံး လူနားလည်အောင် ရေးသားတင်ပြသူတွေ ကို စာရေးဆရာတွေလို့ ကင်ပွန်းတပ်ထားတာ ဖြစ်ပါတယ်။ သူတို့ကို writer – ရိုက်တာ – စာရေးသူတွေ- စာရေးဆရာတွေ- လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာ စာရေးဆရာ လို့ခေါ်ထားတာတွေကို တွေ့ရင် သတင်းနဲ့ဆိုင်တဲ့ စာရေးဆရာတွေလို့ နားလည်ပေးဖို့ ကြိုတင်ပြောထားပါရစေ။)

သတင်းထောက်တွေ၊ သတင်းရေးဆရာတွေရဲ့ အလုပ်တွေရဲ့တာဝန်ဆိုတာ အယ်ဒီတာတွေ အိပ်နေသလောက်ပါပဲ။ အယ်ဒီတာတွေဟာ သတင်းစားသုံးသူ ပရိသတ်တွေနဲ့ သတင်းထုတ်လုပ်မူတွေကို ကောင်းကောင်းကြီးနားလည်း ချည်းကပ်တတ်ရပါတယ်။ အယ်ဒီတာများဟာ ဘာသာစကားတွေ နားလည်ထားပီး ထုတ်လုပ်မူပိုင်းဆိုင်ရာ ဥပဒေသတွေ၊ စတိုင်တွေကိုသိထားရပါတယ်။ သူတို့က ဦးဆောင်နိုင်ရမယ်၊ ချော့တတ် ပေါင်းတတ်ရမယ်၊ အယ်ဒီတာတွေဟာ သူတို့ဆီ သတင်းရေးသားပေးပို့တဲ့ စာရေးဆရာတွေကို လည်း အလုပ်ကောင်းကောင်း ခိုင်းတတ်ရပါမယ်။

အယ်ဒီတာများဟာ သတင်းအဖွဲ့အစည်းတွေ တင်ပြတဲ့ သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို နားလည်ရမယ်။ သူတို့က သတင်းအချက်အလက်တွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေမူတွေကိုလည်း ချက်ဆို နားခွက်က မီးတောက်ဆိုသလို အကင်းပါးနေဖို့ လိုပါတယ်။ ဒါ့အပြင် ယခုလက်ရှိနဲ့ ဒိအရင်က အဖြစ်အပျက်တွေကိုလည်း မှတ်မိတဲ့ မှတ်ညဏ်ကောင်းရတယ်။ ဒါမှလည်း အခြေအနေကို သုံးသပ်တတ်မယ်၊ ဆုံးဖြတ်တတ်မယ်၊ ယခုလက်ရှိအဖြစ်အပျက်က အမှန်အကန် တကယ့် ပုံစံကို ဖော်တတ်မှာ ဖြစ်ပါတယ်။

ဂျာနယ်လစ်ဇင် ဆိုတဲ့ သတင်းစာပညာပိုင်းဆိုင်ရာ အခြေအနေများကို နှိုက်နှိုက်ချွတ်ချွတ် တူးဖော်ထားပီး အယ်ဒီတာတွေရဲ့ သဘောသဘာဝအတိုင်း တိကျပြတ်သားမူ၊ လုပ်ငန်းဆက်သွယ်မူနဲ့ ရှေ့လျောက် ဘာဆက်လုပ်ရမယ် ဆိုတာတွေကို အကြမ်းအားဖြင့် ဆုံးဖြတ်နိုင်စွမ်းရှိရပါမယ်။ သူတို့က ပရိသတ်ရဲ့ ယုံကြည်မူနဲ့ သတင်းအားထားမူတွေ အပေါ်မှီခိုနေပါတယ်။

(သည်တော့ တိုတိုပြောရရင်) အယ်ဒီတာတွေဆိုတာ မဂ္ဂဇင်းမှ၊ သတင်းစာမှ မဟုတ်ပါဘူး။ သူတို့ကို တစ်ခုခုရဲ့ အယ်ဒီတာ လို့ခေါင်းစဉ်တပ် လိုက်တာနဲ့၊ ခေါ်ဝေါ်လိုက်တာနဲ့ အယ်ဒီတာရဲ့ အရည်အချင်းတွေ အရည်အသွေးတွေ အကုန်လုံးပါသွားတော့တာပါပဲ။ အဲသလို ပါဝါရှိတယ်ပေါ့။ သတင်းခေတ်ဆိုတာ သူတို့မပါပဲ ဘာမှ အလုပ်မဖြစ်ပါဘူး။

အယ်ဒီတာဆိုတာ ဘယ်သူလဲ
ဂျာနယ်လစ်ဇင် ခေတ်မှာ အယ်ဒီတာဆိုတာ သတင်းအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ လုပ်ငန်း သေးသေးလေးကနေ လုပ်ငန်းကြီးတိုင် အဲသလိုပဲ သတ်မှတ်ပါတယ်။ တချို့သော ထုတ်လုပ်သူတွေကတော့ သူတို့ကို “ထောက်ပံ့ကူညီပေးသူ အယ်ဒီတာများ“ လို့ဂုဏ်တင်ပီး ခေါ်ကြပါတယ်။ အမှန်တော့ သူတို့က အဲသလောက်ကြီးတော့ မဟုတ်ကြပါဘူး။

(သည်နေရာမှာ ဖြတ်ပြောရရင် ထုတ်လုပ်သူ ဆိုတာ သတင်းစာထုတ်လုပ်သူ၊ သတင်းလုပ်ငန်း ထုတ်လုပ်သူ တွေကို ခေါ်ပါတယ်။ ကုမ္မဏီပိုင်ရှင် သဌေးပေါ့။ သတင်းလုပ်ငန်း လည်ပတ်စေဖို့ ပိုက်ဆံထုတ်ပေးသူပေါ့။ သူက ကောင်းပေ့တော်ပေ့ ဆိုတဲ့ အယ်ဒီတာကို ငှားထားပါတယ်။ ဒါကြောင့် သူတို့သတင်းလုပ်ငန်း အောင်မြင်ဖို့ဆိုရင် အယ်ဒီတာကောင်းကောင်း ခန့်ထားရတယ်ပေါ့။)

သည်တော့ ပြောရရရင် အများအားဖြင့် သူတို့ကို အယ်ဒီတာချူပ် လို့နံမယ်တပ်ပီး ခေါ်ဝေါ်ကြတယ်။ သူ့အောက်မှာ အမည်မျိုးစုံတပ်ထားတဲ့ အယ်ဒီတာတွေလည်း ရှိပါတယ်။ ဌာနတစ်ခုခု ရဲ့ နေရာမှာ အယ်ဒီတာအဖြစ်လုပ်နေတယ်လို့ အမည်တပ်လိုက်တယ်ဆိုတာက သူသည် ထို ဘာသာရပ်အတွက် တာဝန်ရှိသူ လို့ခေါ်လိုက်တာပါပဲ။စီမံခန့်ခွဲမူ အယ်ဒီတာ၊ အားကစား အယ်ဒီတာ စသဖြင့် စသဖြင့်။ သူက အဲသည်နေရာနဲ့ သက်ဆိုင်သမျှအတွက် တာဝန်ဟူသမျှ ယူပေတော့ ဆိုတဲ့သဘော။

အခု သတင်းထုတ်လုပ်ရေး မှာ အယ်ဒီတာများလို့ ဆိုလိုက်တော့ သတင်းအယ်ဒီတာများ၊ အားကစားဆိုင်ရာ အယ်ဒီတာများ၊ အလုပ်စီးပွားရေး ဆိုင်ရာ အယ်ဒီတာများ၊ ဘ၀တက်လမ်းဆိုင်ရာ အယ်ဒီတာများ၊ ဂရပ်ဖစ်ဆိုင်ရာ အယ်ဒီတာများ၊ ဓါတ်ပုံ အယ်ဒီတာများ ဆိုပြီး ထွက်လာတာပါပဲ။ သူတို့ဟာ သတင်းထောက်တွေနဲ့ သူတို့လိုအယ်ဒီတာတွေ အားလုံးနဲ့ ပတ်သက်တဲ့ တာဝန်အပြည့် ယူထားရပါတယ်။ သူတို့ထမ်းဆောင်နေတဲ့ ဧရိယာ နယ်ပယ်အတွင်းမှာ တိကျတဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ သတင်းတွေကို ကိုင်ထားပါတယ်။ အဲသည်အယ်ဒီတာ တစ်ယောက်ချင်းမှာလည်း အယ်ဒီတာအရည်အချင်းတွေ အပြည့်အ၀ရှိနေရပါတယ်။

အယ်ဒီတာများရဲ့ သဘောသဘာဝများ
အယ်ဒီတာတွေဟာ ပါးနပ်ရမယ်၊ စူးရှထက်မြက်တဲ့ စိတ်ရှိရမယ်။ အချက်အလက်တွေနဲ့ ပတ်သက်လို့ သူတို့က ချက်ချင်းလက်ငင်း အသုံးချတတ်၊ မြင်တတ်ရမယ်။ သမိုင်းကြောင်းတွေကိုလည်း သိထားပီး စာပေပညာကိုလည်း နှံ့စပ်နေရမယ်။ သဒ္ဒါပိုင်းဆိုင်ရာ (သည်နေရာမှာ အင်္ဂလိပ်စာ ဘာသာသဒ္ဒါကို ဆိုလိုပါတယ်။ မြန်မာဘာသာအရဆိုရင် စာလုံးပေါင်း သတ်ပုံ သဒ္ဒါ တွေ အကုန်ပါမယ်) နဲ့ စကားလုံး အဖြတ်အတောက် တွေကိုလည်း သေသေချာချာ တတ်သိနားလည် ထားဖို့လိုပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာ စာလုံးပေါင်းတွေကို တော့ အကုန် ကျွမ်းကျွမ်းကျင်ကျင် သိထားဖို့မလိုပါဘူး။ ဖြစ်တတ်တဲ့ အမှားတွေကို လောက် သိထားရင်တော်ပါပီ။

အယ်ဒီတာများဟာ လူမူ ဆက်ဆံရေးမှာမရှိမဖြစ် လိုအပ်တဲ့ လူမူရေးသဘောတရားနဲ့ ပထ၀ီဝင်အနေအထား (အဲဒါက ကြည့်ရတာတော့ ဘယ်နေရာဒေသမှာ ဘာဖြစ်တယ် ဆိုတာနဲ့ မြေပုံကို မြင်တတ်နေရမယ့်သဘောထင်ပါတယ် အခုခေတ်တော့ ဂူးဂဲလ် မက် ပေါ့။) တွေကို သိထားသင့်ပါတယ်။ ဘယ်နေရာမှာ အချက်အလက် တွေ သတင်းတွေရမယ် ဆိုတာကို သိထားရပုံဟာ သတင်းထောက်တွေလိုပဲ ဖြစ်ပါတယ်။ အချိန်တွေ ဘယ်လောက်ကုန်ကုန် သတင်းအချက်အလက်တွေရဖို့ဆို ပေးဆပ်ဖို့ အသင့်ဖြစ်နေရပါတယ်။

အယ်ဒီတာများဟာ သူတို့စားပွဲပေါ်ရောက်လာတဲ့ အချက်အလက်တွေမှန်သမျှကို နားမလည်ရင် နားမလည်သလို မေးခွန်းထုတ်မယ်၊ အမှားရှာမယ်။ သတင်းတစ်ပုဒ်ကို သူတို့နားမလည်ဘူးဆိုတာဟာ သတင်းဖတ်သူအနည်းငယ်လည်း နားမလည်လောက်ပါဘူး ဆိုတဲ့သဘောဖြစ်ပါတယ်။ အယ်ဒီတာတွေလည်းပဲ အနည်းနဲ့အများတော့ လူတိုင်းနားလည်တာမျိုးကို နားမလည်တာမျိုးလည်း ဖြစ်တတ်တာပါပဲ။ ဒါလေးတောင် မသိဘူးလားလို့ တဖက်သားက မြင်တာမျိုးမဖြစ်အောင် ဂရုစိုက်ဖို့တော့ လိုပါတယ်။

ဒါ့အပြင် သူတို့ရဲ့ ထူးခြားတဲ့ အသိပညာဆိုတာက သတင်းဖတ်သူတွေရဲ့ အမြင်၊ စိတ်ပိုင်းဆိုင်ရာကို သိနေရတာ ဖြစ်ပါတယ်။ သည်တော့ ဘယ်သတင်းဟာဖြင့်၊ ဘယ်စာဟာဖြင့် ဆိုပီး လူတွေသိချင်တယ်၊ မသိချင်ဖူး၊ စိတ်မ၀င်စားဖူး ဆိုတာကို သူတို့က ကျွမ်းကျင်စွာ ဆုံးဖြတ်တတ်ရပါတယ်။ ဒါဟာ ထုတ်လုပ်ရေးအောင်မြင်မူ အတွက် အရေးပါတဲ့ စိတ်ဓါတ်ဆိုင်ရာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အယ်ဒီတာတွေရဲ့ အတွေ့အကြုံဟာ ရင့်ကျက်လေ အယ်ဒီတာကောင်းဖြစ်လေ ပါပဲ။ သည်တော့ အယ်ဒီတာ ဖြစ်ချင်ကြတဲ့ ယနေ့ခေတ်လူငယ်တွေ အနေနဲ့ ကိုယ့်ရဲ့ အရည်အချင်းကို သွေးပီးရင်းသွေးနေရမယ်၊ အသိပညာကိုလည်း ဆွဲဆန့်နိုင်သမျှ ဆွဲဆန့်နေရမယ်၊ အရည်အချင်းကိုလည်း တိုးတက်အောင် ရယူပီးရင်းကို ရယူနေရပါမယ်။

အယ်ဒီတာနဲ့ စာရေးဆရာတို့ရဲ့ ဆက်သွယ်မူ
(စာရေးဆရာ ဆိုတဲ့အဓိပ္ဗါယ် ရှေ့မှာ ရှင်းပြထားပီးဖြစ်လို့ ထပ်မရှင်းတော့ပါ။)

ကျွမ်းကျင်တဲ့ စာရေးဆရာတွေ (သတင်းရေးဆရာ တွေထဲမှာလည်း သိပ်ကို တော်ပြီး ပြည့်စုံတဲ့ တင်ပြမူတွေနဲ့ ရေးတတ်သားတတ်သူတွေကိုဆိုလိုပါတယ်။ စာရေးဆရာတွေလို အရည်အချင်း ပြည့်ဝသူတွေ) အတွက် သူတို့စာကို သူတို့ စီစစ်ပီး သားဖြစ်ပါတယ်။ (ဆိုလိုတာက အယ်ဒီတာက ဘာမှသိပ်ပြင်စရာမလိုတော့ဘူး။) အများအားဖြင့်တော့ သတင်းရေးဆရာအများစုမှာ သူုတို့ကိုယ်ပိုင်ရေးတဲ့ စာဆိုတာ မရှိပါဘူး။ (ဆိုလိုတာက သတင်းကို အချက်အလက်ပြည့်စုံအောင် ရေးသားတင်ပြတယ်။ အယ်ဒီတာက စီစစ်တည်းဖြတ်၇တယ်။ ဒီတော့ သူတို့ရေးတဲ့စတိုင် စာ ဆိုတာ မရှိဘူး။) အယ်ဒီတာက သူတို့ရေးထားတာတွေကို စီစစ် တည်းဖြတ် အမှားကင်းအောင် လုပ်ပါတယ်။ ဒါကြောင့် သူတို့ဟာ သတင်းစာလုပ်ငန်းမှာ အယ်ဒီတာတွေပေါ် မှီခိုနေကြရပါတယ်။ ဒိလိုနဲ့ အယ်ဒီတာ-စာရေးဆရာ တွေဆက်ဆံရေး ဆိုတာ ပေါ်လာပါတယ်။

သူတို့နှစ်ဦးနှစ်ဖက်ဟာ ဒီလုပ်ငန်းအဆင်ပြေဖို့ တက်ညီလက်ညီကျော်ဖြတ်ရတယ်ပေါ့။ သတင်းရေးသူဟာ ဒီအကြောင်းအချက်အလက်နဲ့ ပတ်သက်လို့ ကျွမ်းကျင်နေရမယ်၊ ဒါကို ရေးသားတဲ့နေရာမှာလည်း အချက်အလက်စုံလင်ရမယ်။ အယ်ဒီတာရဲ့ တည်းဖြတ်မူအောက်မှာ သည်လို စုံစုံစိစိ ရေးထားတဲ့ ဆောင်းပါးဟာ သိပ်ကို ပြိးပြည့်စုံတဲ့ သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။

သူရေးတဲ့စာကို အယ်ဒီတာက စဖတ်လိုက်တာနဲ့ ဘာမှမသိတဲ့ အကြောင်းအရာတစ်ခုကို မိတ်ဆက်တာကို ချက်ချင်း သိမယ်။ သတင်းဖတ်သူတွေ သိချင်မယ့် မေးခွန်းတွေပေါ်လာမယ်။ သည်တော့ မေးလေ့ရှိတဲ့ မေးခွန်းက “သည်အကြောင်းအရာက အဓိပ္ဗါယ်ရှိရဲ့လား“။ ဒါက သတင်းဖတ်သူတွေဆီက ဖြစ်လာမယ့် တုန့်ပြန်မူတစ်ခု။

ဟုတ်တယ်လေ အယ်ဒီတာတွေက ချက်ချင်းလက်ငင်း ပေါ်လာတဲ့ ဖတ်တဲ့သူတွေဆီက အတွေးတွေကို ဖမ်းဆုပ်နိုင်စွမ်းရှိတယ်။ ရှင်းလင်းပြတ်သားမူမရှိတာကို မြင်တယ်။ သတင်းေ၇းတဲ့သူနဲ့ အယ်ဒီတာဆိုတာ နှစ်ဦးနှစ်ဖက် ဘက်မျှနေတယ်။ အယ်ဒီတာက ဖတ်သူတွေရဲ့ အဆင့်အတန်းကို သိတယ်၊ သတင်းဖတ်သူတွေက ဘာကို လက်ခံတယ် လက်မခံဖူးဆိုတာကိုသိတယ်။ စာဖတ်ပရိသတ်က ဘယ်သူတွေလဲ ဘယ်လို အဆင့်အတန်းလဲ ဘယ်လို အကျိုးသက်ရောက်သလဲ သည်သတင်းစာ၊ သတင်း ထုတ်လုပ်မူရဲ့ နံမယ်ဟာ သူတို့အပေါ်တည်နေတယ်။

ပြောရရင်တော့ အယ်ဒီတာတွေရဲ့ နေရာဟာ သိပ်ကို ထူးခြားပီး ပြောင်မြောက်တဲ့ တာဝန်ကြီးတစ်ခုကို ရွက်ထားရသလိုပဲ။ သတင်းရေးသားတင်ပြသူ (စာရေးဆရာ)တွေထက်ကို သူက အတွေ့အကြုံရင့်နေရမယ်။ သတင်းထုတ်လုပ်ရေးရဲ့ အသက်ဟာ သတင်းရေးသူတွေ၊ စာရေးဆရာတွေထက် မသာရင်သာနေရမယ် လျော့တော့မလျော့ပါဘူး။ ဘာကြောင့်ဆို သတင်းရေးသူတွေ ရေးပေးသမျှကို အယ်ဒီတာတွေကပဲ ဆုံးဖြတ်ချက်ချပီး ပြင်တယ် ဆင်တယ် စီစစ်တယ် တည်းဖြတ်တယ်၊ တခါတလေ အကုန်လုံးနီးပါး ကို ရေးသားတဲ့ပုံစံပါ ပြောင်းပေးရတတ်တာကိုး။

အယ်ဒီတာတစ်ယောက်ဖြစ်လာဖို့
အယ်ဒီတာ အလုပ်ဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ လူတော်တော်များများက သတင်းစာလုပ်ငန်းခွင်ထဲ ၀င်ကြတယ်။ ဘာကြောင့်လဲ – သူတို့က သတင်းတွေကို တင်ပြချင်တယ်၊ သတင်းတွေ ရေးချင်တယ်၊ ဓါတ်ပုံတွေ ရုပ်ပုံတွေနဲ့ ဂရပ်ဖစ်တွေ လုပ်ရတာ သဘောကျတယ်.. စသဖြင့် စသဖြင့်။ သူတို့က သူတို့အလုပ်ကို စိတ်စို်က်ပီး ဖန်တီးကြတယ်၊ တခါတရံ တကိုယ်တော် လုပ်လိုကြတယ် – တကယ့် ပရော်ဖက်ရှင်နယ်တွေလို ပေါ့။- – သူတို့က အယ်ဒီတာတွေလို ကျယ်ပြန့်တဲ့ နယ်ပယ်ထဲ မကူးခတ်ချင်ကြဘူး။ ကိုယ့်နေရာလေးမှာပဲ နေချင် လုပ်ချင်ကြတယ်။ ဒါကြောင့် အယ်ဒီတာအလုပ် လူတိုင်းမလုပ်ချင်ဘူး၊ လူတိုင်းအတွက်လည်း မဟုတ်ဘူး။ အယ်ဒီတာဖြစ်လာဖို့ ရှေ့မှာ တင်ပြထားသလို ပညာတွေအများကြီး ယူထားရဦးမယ်။

တချို့ကကျပြန်တော့ သတင်းစာလုပ်ငန်း (ဂျာနယ်လစ်ဇင် အလုပ်) ကို စိတ်ဝင်စားကြတာက သတင်းဖြန့်ဖြူးမူကို တွင်တွင်ကျယ်ကျယ် လုပ်ပြချင်တာ၊ သူတို့တကိုယ်တော် လုပ်ပြချင်ကြတာမျိုး ဖြစ်တယ်။ သူတို့ကျွမ်းကျင်တဲ့ ဘာသာရပ်ဆိုင်ရာ လေ့လာမူ၊ လိုက်စားမူတွေကို အယ်ဒီတာကွ ဆိုပြီး အသုံးချပြချင်ကြတယ်။ အယ်ဒီတာတွေကို (ပြောရရင်တော့) စာရေးဆရာတွေ၊ သတင်းထောက်တွေထက် ပိုပြီး ပိုက်ဆံပိုပေးရတယ်။ လခပိုရကြတယ်။ ဒါဟာလည်း အယ်ဒီတာ အလုပ် နံမယ်ကြီးတဲ့ အကြောင်းတစ်ကြောင်းပေါ့လေ။

ဒီတော့ အယ်ဒီတာ ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ
အများစုကတော့ သတင်းထောက်တစ်ယောက် ဖြစ်ဖြစ်၊ ကော်ပီ အယ်ဒီတာဆိုတဲ့ သတင်းတွေကို ဖတ်ရူ တည်းဖြတ် စီစစ်တဲ့သူဖြစ်ဖြစ် စတင်ပြီး ခြေလှမ်းလှမ်း ကြပါတယ်။ အဲသည်လို စစချင်း အဆင့်မှာ တော်တော်လေး အလုပ်ဖြစ်လာပီဆိုရင် အဆင့်မြင့်တဲ့ အယ်ဒီတာတစ်ယောက် ဖြစ်လာနိုင်တယ်ပေါ့။ ဒါပေမယ်လည်း သတင်းရေးတဲ့အလုပ်နဲ့၊ စာရေးသားတဲ့အလုပ်တွေမှာ မာစတာဖြစ်မလာလည်း အဲသည်အရည်အချင်းတွေ မပါလည်း အယ်ဒီတာတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက အယ်ဒီတာဖြစ်လာမယ့်သူဟာ သတင်းစာပညာကို တတ်သိနားလည်မယ်၊ ဘာလိုအပ်တယ်ဆိုတာ တောင်းဆိုတတ်တဲ့ အရည်အချင်းရှိရင် ဖြစ်တယ်။ အခြေခံအားဖြင့် အယ်ဒီတာများဟာ ရိုးသားဖြောင့်မတ်မယ် ဆိုရင်ကို အဆင့်မှီတဲ့ သတင်းလုပ်ငန်းကို လုပ်လို့ရပါတယ်။

ဒါ့အပြင် အယ်ဒီတာဖြစ်မယ့်သူတွေဟာ တခြားသော လူတွေနဲ့ အဆင်ပြေပြေ ဆက်ဆံအလုပ်လုပ်နိုင်ရပါမယ်။ ဒါမှ ဘယ်သူတွေက ဘာအရည်အချင်းရှိတယ်၊ ဘယ်သူတွေကို အုပ်စုဖွဲ့ပေးမယ်၊ သူတို့ကို ဘာလုပ်ခိုင်းမယ် ဆိုတာကို အသာလေး လုပ်တတ်ပါမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လေးစားတဲ့ စိတ်ရင်းရှိပြီး ဒါဟာလည်း အယ်ဒီတာတစ်ယောက်ရဲ့ အရည်အချင်းကောင်းတစ်ရပ် ဖြစ်ပါတယ်။

အယ်ဒီတာများဟာ တင်ပြလာတဲ့ သတင်းတွေကို ဖတ်ပီး ပြန်လှန် မေးခွန်းတွေမေးတဲ့အခါမှာ မကျေမနပ်နဲ့ မေးတာမျိုး မဟုတ်ရပါဘူး။ သူတို့ရဲ့ စကားလုံးတွေနဲ့၊ အပြောအဆိုတွေမှာ တဖက်သားရဲ့ အမှားများနဲ့ အပြစ်ပြောစရာတွေကို ထောက်ပြပေးတဲ့ သဘောလောက်ပဲ ဖြစ်ပါတယ်။ တဖက်သားကို နှိမ်ချတဲ့ အမြင်မျိုး မရှိရပါဘူး။ သူတို့ရဲ့ အမူအယာတွေကို ကြည့်လိုက်တာနဲ့ သူတို့ဟာ အယ်ဒီတာဆိုတဲ့ အလုပ်ကို ကောင်းကောင်းလုပ်နေတာပဲလို့ တဖက်က တွေ့မြင်နေကြရတာမျိုး။

နောက်ဆုံးပြောရရင်တော့ အယ်ဒီတာကောင်းတစ်ယောက်ဟာ အယ်ဒီတာ အလုပ်ကို နားလည်ရတယ်၊ ရည်ရွယ်ချက်ကို မမေ့ရဘူး၊ သူတို့လုပ်ပိုင်ခွင့်အောက်မှာ လိုအပ်ရင်လိုအပ်သလို အစီအစဉ်တွေ ပြောင်းတာ၊ ပြင်တာ လုပ်သွားမယ်။ သည်တော့ အယ်ဒီတာတစ်ယောက်ဖြစ်ချင်ရင် အကောင်းဆုံးကတော့ အယ်ဒီတာကောင်းတွေ ဘယ်လိုအလုပ်လုပ်နေကြသလဲ ဆိုတာကို ကြည့်သင့်တယ်၊ လေ့လာသင့်တယ်။ သူတို့လုပ်ပုံကိုင်ပုံတွေကို သေချာစောင့်ကြည့်ကြသင့်ပါတယ် ဆိုတာကို တင်ပြလိုက်ရပါတယ်။

ဂျူနီယာဝင်း