Friday, July 7, 2017

ဂျူနီယာဝင်း – စာအုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက်


( အတွေးအမြင် အုပ် ၃၀၀ ပြည့်၊ ဇူလိုင်) မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၇
ပြင်သစ် စာရေးဆရာမ ဖရွန်ဆွာစ် ဆာဂန်က ပြောတယ်။
“ကျွန်မစာမရေးဖြစ်ခဲ့ရင် ကျွန်မဘ၀ဟာ ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာသေချာတယ်။  ကမ္ဘာပေါ်မှာ ကျွန်မဆိုတဲ့သူ ပေါ်မလာ ဖြစ်လည်း စာတော့ ရအောင်ရေးမှာပဲ”။ တဲ့။
စာရေးဆရာ အီးဘီဝိုက် က
“စာရေးတယ်ဆိုတာ ကံပါလာလို့သာဖြစ်တာ။ အဲဒါအမှန်တရားပဲ။”
ကော်လင်းဆဲလ် ဆိုတဲ့စာအုပ်ထုတ်ဝေသူလည်းဟုတ်၊ စာအုပ်အယ်ဒီတာ လည်းဟုတ်တဲ့ စာရေးဆရာမတစ်ယောက်က စာအုပ်တစ်အုပ်ရဲ့ အမှာစာမှာ အခုလို ရေးထားတာတွေ့တယ်။ သူက စာရေးဆရာ၊ အယ်ဒီတာ၊ နံမယ်ခံစာရေးဆရာလည်းဟုတ်တဲ့ မဂ္ဂဇင်းအယ်ဒီတာ၊ ကော်လံစာရေးဆရာ၊ ဂျာနယ်သတင်းထောက်အပြင် သတင်းရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက စာရေးဆရာဖြစ်ဖို့ ဆိုတာထက် စာရေးချင်လွန်းလို့ စာရေးနေကြတဲ့စာရေးဆရာတွေ အယောက် ၅၀ကျော်လောက်ရဲ့ စာတွေကို ဖတ်ပြီး ကောက်ချက်ချ အားပေးထားတယ်ပေါ့။
စာရေးဆရာရဲ့ဘ၀ကို သူတို့ဘယ်လို မှတ်ယူကြသလဲဆိုတာကို သူက ခံစားပြီး တင်ပြထားတာပါ။ ဒီစာအုပ်ထဲက စာရေးဆရာတွေဟာ နယ်နယ်ရရတော့မဟုတ်ကြပါဘူး။ အွန်လိုင်းအယ်ဒီတာတွေ၊ နံမယ်ကြီးဘလော့ဂါတွေ၊ စာပေဆုရဘူးတဲ့သူတွေ၊ အပျော်တမ်းစာရေးတဲ့သူတွေ၊ အငြိမ်းစား ဆရာကြီးတွေ၊ ကျောင်းဆရာတွေ၊ မဂ္ဂဇင်းအယ်ဒီတာတွေ၊ သတင်းထောက်တွေ စသည်ဖြင့် ဖြစ်ပြီးတော့ အားလုံးဟာ စာရေးသက် စာရေးအတွေ့အကြုံ ရင့်ကျက်နေကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ စာတွေကို စုဆောင်းပြီးတော့ ကော်လင်းဆဲလ်က အခုလို မိတ်ဆက်ရေးထားတာ ကို အတွေးအမြင်အမှတ် ၃၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဘာသာပြန်ပေးလိုက်ပါတယ်။
“စာရေးဆရာအများစုလိုပဲ ပြောရရင် ကျွန်မဟာ စာရေးဆရာဖြစ်လာတာမဟုတ်ပါဘူး စာရေးတဲ့သူသက်သက်ဖြစ်လာတာပါ လို့ပြောရမှာပေါ့။ ဒါအမြဲတန်းမှန်ပါတယ်။ နောက်လည်း အမြဲမှန်နေဦးမှာ။ ကျွန်မစာရေးတယ်။ ဘာကြောင့်လဲ။ စာရေးနိုင်လို့ ရေးတာပါ။
“ကျွန်မစာအကြာကြီးမရေးဖြစ်ဖူးဆိုရင် ကျွန်မတော့ သွားတာပဲ။ တကယ့်ကို သွားပြီ။ စိတ်ဆင်းရဲ စိတ်မကောင်း စိတ်ညစ် အကုန်ဖြစ်တော့တာပဲ။ ဒါပေမယ့် ကိုယ်ရေးချင်တာတွေကို မရေးဘူး သိမ်းမထားဘူး ဒါတွေကို ဂရုမစိုက်ဘူး လွှတ်ပစ်လိုက်တယ်ဆိုတာတောင်မှ ….. အခုတော့မဟုတ်ပါဘူး…. ကျွန်မအခု သိပ်ပင်ပန်းနေတယ် ပြီးတော့ အရမ်းကိုအလုပ်များနေတယ် အလုပ်ထဲမှာ သိပ်ကို ပိမိနေတယ် ဘ၀ကိုလည်းသိပ်စိတ်ကုန်နေတယ်.. ဆိုတာတောင်မှ… ရေးစရာကလေးပေါ်လာရင်တောင်မှ …. မောင်းထုတ်ပစ်လိုက်တယ်။ အမှန်တော့လည်း အဲဒီပေါ်လာတာလေးကို အာရုံစိုက်မိတယ်.. စကားလုံးတွေအဖြစ် ပြောင်းလိုက်တယ် ဒီတော့ အဲဒီရေးစရာလေးက ရုပ်လုံးပေါ်လာတယ်.. ဒီတော့ ကျွန်မချရေးတယ်… ကျွန်မစာရေးမှ ဖြစ်တော့မယ်။
“အခုထိပေါ့လေ… ကျွန်မအတွက် သဘောပေါက်လာတာ တစ်ခုက စာရေးတဲ့အလုပ်က ကျွန်မလုပ်စရာတစ်ခုအဖြစ် တည်ရှိနေတာသက်သက်မဟုတ်ပဲ ကျွန်မဘာကောင်လဲဆိုတာကို ပြတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်နေတာပဲ။ ကျွန်မရဲ့စာရေးတဲ့ဘ၀ဟာ ကျွန်မသက်တန်းတလျောက်လုံးထက် ပိုပြီးတော့တောင် တည်ရှိနေဦးမှာ။
“ကျွန်မ တစ်ခါ တစ်ခါ စဉ်းစားမိတယ်။ ကျွန်မဘ၀က စာရေးဆရာဘ၀တစ်ခုတည်း မဟုတ်ဘူး။ သမီးတစ်ယောက်ရဲ့ တာဝန်၊ အိမ်ထောင်ဦးစီးတာဝန်၊ အိမ်တာဝန်၊ ခြံတာဝန်၊ အလုပ်တာဝန်၊ အိမ်ထောင်တာဝန်တွေအပြင် မိတ်ဆွေ၊ သူငယ်ချင်း၊ ညီမ၊ အဒေါ် ဆိုတဲ့ ပတ်သက်ရာ ပတ်သက်ရာ တာဝန်တွေကိုလည်း ထမ်းဆောင်နေရသေးတယ်။
“စဉ်းစားကြည့်တော့ ဒါတွေအကုန် တာဝန်ကြေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား လို့ထင်စရာ။ အဲဒီဘ၀တွေ အများကြီးထဲကမှ စာရေးဆရာဘ၀ကိုတော့ဖြင့် “ပုံမှန်ဘ၀“ လို့ခံယူရွေးချယ်ခဲ့တယ်။ တခါတခါတော့လည်း ကိုယ်ဟာ သည်လိုလူတွေကြားထဲမှာ တခြားကမ္ဘာက ဂြိုလ်သားတစ်ယောက်လို ခံစားမိတယ်။ ဒီလိုနဲ့ တခြားသော စာရေးဆရာတွေအကြောင်းကို လေ့လာဆန်းစစ် မိတော့မှပဲ ကိုယ်နဲ့ဘ၀တူတဲ့ သူတွေကို တွေ့လာရတော့တယ်။
“ဒီစာအုပ်မှာ ကျွန်မရှာဖွေတွေ့ခဲ့ရတဲ့ တခြားသော စာရေးဆရာတွေအကြောင်းကို တွေ့ကြရမယ်။ အော်… ဒါဟာ စာရေးဆရာရဲ့ဘ၀တွေပဲ လို့ဖြစ်လာရတယ်။ စာရေးခြင်းဆိုတာရယ်၊ ဘ၀မှာနေထိုင်ခြင်းဆိုတာရယ် နှစ်ခုကြားကို ချိန်ခွင်မှာညှိပေးတယ် လို့တော့မဟုတ်ပါဘူး။ စာရေးခြင်းနဲ့ ဘ၀မှာ နေထိုင်ခြင်း ဆိုတဲ့အဲသည်၂ခုကို ရောစပ်ပေးတာပါ။ ဟုတ်တယ်.. အဲဒီလို လုပ်ဖို့က လွယ်တယ်လေ… ။ ဒါကြောင့် ကျွန်မတို့တွေက စာရေးတဲ့ဘ၀ကို တစ်ယောက်နဲ့တစ်ယောက် မျှဝေရင်း၊ ဖောက်သည်ချနေရင်းနဲ့ နေကြည့်ကြတာပေါ့။
“စာရေးဆရာဟာ စာရေးဆရာအချင်းချင်း တွေ့တယ်။ တခြားသောသူတွေလို တွေ့ပုံမျိုးတော့ မဟုတ်ဘူး။ အဲဒီအချက်က အရေးကြီးတယ်။ စာရေးဆရာတွေ အချင်းချင်း တွေ့ကြတဲ့အခါ အတွေ့အကြုံတွေ ဖလှယ်တယ်။ ခံစားချက်တွေ ဝေမျှတယ်။ ငါတို့ရဲ့  အောင်မြင်မူတွေ၊ စိန်ခေါ်မူတွေကို ပြန်ပြောကြတယ်။ စာရေးဆရာတွေရဲ့ဘ၀ဟာ ဒါတွေလို့ အမှန်အတိုင်း ၀န်ခံကြတယ်ပေါ့။
“အခုနောက်ကလိုက်လာမယ့် စာမျက်နှာတွေမှာ စာရေးဆရာအယောက် ၅၀ကျော်ရဲ့ စာရေးဆရာဖြစ်လာခြင်း၊ စာရေးဆရာဆိုတာရဲ့ အဓိပ္ဗယ်တွေကို ကိုယ်ပိုင်အတွေးအမြင်တွေနဲ့ ဖော်ပြထားကြတယ်။ သတို့ရဲ့ဖြောင့်ချက်တွေက ကျွန်မကို ဘားနက် မားလ်လမတ်ဒ် ရဲ့ စကားတစ်ခုကို သတိရစေတယ်။
“သူ့ကို ကျွန်မက စာရေးခြင်းဟာ သင့်အတွက် ဘယ်လိုများ အဓိပ္ဗါယ်ရှိစေလဲ လို့မေးလိုက်တော့ သူက “ကျွန်တော်ပြောဖို့စိတ်လှူပ်ရှားလိုက်တာဗျာ” တဲ့။ ကျွန်မလည်း ဒီစာအုပ်လေးကိုပြုစုတော့ တကယ့်ကို စိတ်လှူပ်ရှားရပါတယ်။ စာဖတ်သူများလည်း စိတ်လှူပ်ရှားကြမှာ သေချာပါတယ်။“
ကော်လင်းဆဲလ်ရဲ့ စာက အဲသည်မှာ အဆုံးသတ်ပါတယ်။ သူ့ရဲ့စာအုပ် စီးရီးတွေ အများကြီးအောင်မြင်တယ်။ စာရေးဆရာဖြစ်လာဖို့ ကံတရားအတိုင်း လိုက်သွားဖို့က မလွယ်ပါလားဆိုတာ စာရေးဆရာတိုင်းသိကြပါတယ်တဲ့။ သင်ဟာ စာရေးဖို့စိတ်ထက်သန်သူ ဖြစ်ခဲ့မယ်ဆိုရင် စာမျက်နာ အလွတ်တစ်ရွက်ကနေ စပေတော့တဲ့။ အဲဒီစကားက မေမေကြီး ဒေါ်ခင်မျိုးချစ်ပြောဖူးတာ သွားသတိရတယ်။ “စာရွက်လွတ်တွေမြင်ရတာ ကြည့်မရလို့ စာရေးဆရာဖြစ်လာတာဟေ့” ဆိုတာလိုပေါ့။
သူ့စာအုပ်ကို သူ့ကိုယ်တိုင်ကြော်ငြာထားပုံက စာရေးတယ်ဆိုမှတော့ စာရေးချင်လို့ေ၇းတာကလွဲပြီး ဘာရှိဦးမလဲ။ ဒီစာအုပ်ထဲက စာရေးဆရာ အယောက် ၅၀ကျော်ဟာ သင့်လို စာရေးချင်တဲ့သူတွေကြီးပဲ မဟုတ်လားတဲ့။ သင်ရေးတာတွေ ပုံနှိတ်ခံရပြီးသား ဒါမှမဟုတ် လူတွေကို ချမပြရသေးဘူး ဆိုပါတော့။ သည်စာအုပ်က သင့်ကို ကြိုဆိုပါတယ်။ အားပေးပါတယ်တဲ့။
သည်တော့ မိန်းခလေးတစ်ယောက်ဆီက အမြင်ကြည်ကြည်ရဖို့ဆို ရီးစားစာလှလှပပလေးတော့ ရေးတတ်မှမဟုတ်လား။ ဒီလိုပဲ ရေးရင်းရေးရင်းကနေ သင်ဟာ စိတ်တွေတက်ကြွလာမယ် စကားလုံးအသစ်တွေ ရှာဖွေလာမယ် ဆန်းသစ်တဲ့အရေးအသားတွေကို ဖန်တီးချင်လာမယ် ဒီလိုနဲ့ တဖြေးဖြေး ရေးဖို့တွန်းအားပေးလာမယ်။ စာရေးချင်စိတ်တွေ ပိုပိုပြီးဖြစ်လာမယ်ဆိုတာ အာမခံပါတယ် လို့ဆိုထားပါတယ်။
ဂျူနီယာဝင်း
(အတွေးအမြင် နှစ်များစွာ တိုင်အောင်မြင်စွာ ချီတက်နိုင်ပါစေ။ စာရေးသူများ စုစည်းရာအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေ။)

No comments: