Saturday, May 30, 2015

ဂျူနီယာဝင်း – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ

ဂျူနီယာဝင်း  – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ
(မိုးမခ) မေ ၁၄၊ ၂၀၁၅
ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိုးချစ်တို့ရဲ့ နှစ်တစ်ရာ ပြည့်အမှတ်တရအတွက် ရည်ရွယ်ရေးသားခဲ့တဲ့စာအုပ် A Memory of my Grandparents ကိုဘဘကြီးမေမေကြီးတို့ရဲ့ မိတ်ဆွေများ၊ စာပေသမားများ၊ သူတို့ကိုလေးစားချစ်ခင်သူများကိုလက်ဆောင်ပေးမယ်လို့ ၂၀၁၄ မေလမှာစတင် ရေးသားခဲ့ကတည်းက တွေးထားခဲ့တာပါ။ 
ကျွန်မကို ဘာကြောင့် မြန်မာလိုမရေးပဲ အင်္ဂလိပ်လိုရေးရတာလဲဆိုတဲ့ မေးခွန်းဟာ စရေးကတည်းကအမေးခံခဲ့ရပါတယ်။ ကျွန်မရဲ့ အင်္ဂလိပ်လို ဘလော့လေးတစ်ခုမှာ စတင်စမ်းသပ်ကာ အင်္ဂလိပ်လို ၂၀၁၁ နဲ့၂၀၁၂ မှာရေးသားဖြစ်ခဲ့ပါတယ်။ အဲသည်တုန်းကဆိုရင် အင်္ဂလိပ်လိုရေးရတာ မြန်မာလိုရေးရတာထက် ပိုပြီးလွတ်လပ်တဲ့ ခံစားချက်တွေရှိတာကြောင့် အင်္ဂလိပ်လိုပဲ ရေးချင်တဲ့စိတ်တွေ တောင်ဖြစ်လာရပါတယ်။ ဒါကြောင့်လဲဘဘကြီးမေမေကြီး တို့အကြောင်း နှစ်တရာပြည့်အမှတ်တရေ၇းမယ် လို့စိတ်ကူးလိုက်ချိန်မှာ ကိုယ့်ရဲ့အတွေးကိုယ့်ရဲ့ စိတ်ကူးတွေကိုလွတ်လပ်တဲ့ အတွေးတွေ နဲ့ရေးချင်တဲ့အတွက်အင်္ဂလိပ်လိုရေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သည်စာအုပ်လေးကို ရေးသားထုတ်ဝေပြီးတဲ့ အချိန်ကျရင် အနီးအဝေးကဆွေမျိုးတွေ၊ စာပေသမားတွေကို လက်ဆောင်ပို့ပေးကြရအောင်လို့ အချင်းချင်းပြောကြပါတယ်။ ပြည်ရိပ်သာခြံထဲတော့ ရာပြည့်ပွဲ လုပ်ဖို့စိတ်ကူးမရှိပါဘူး။ မေမေကတော့ လုပ်ဖြစ်ရင်တော့ ခြံထဲမှာလုပ်ချင်တယ်။ ကျွန်မကသိပ်မလုပ်ချင်ဖူး။ အကိုမောင်ရစ်လဲ အစတော့သဘောမတူဘူး။
၂၀၁၅ ကိုရောက်လာချိန်မှာ ကျွန်မအကိုမောင်ရစ်ကနေ ဘဘကြီးမေမေကြီးတို့ရဲ့ ခေတ်ပြိုင်စာပေပညာရှင်တွေ ရဲ့ ဓါတ်ပုံတွေကို ပြည်ရိပ်သာခြံကလေးမှာ ပြသဖို့ တိုင်ပင်ကြတော့ ဒါကိုစဉ်းစားနေမိကြပါတယ်။ လုပ်ဖို့စဉ်းစားလိုက်တော့လဲလုပ်နိုင်မယ်လို့ တွေးပါတယ်။ ကျွန်မစာအုပ်ကလဲ မတ်လမှာထွက်ဖို့စီစဉ်ထားတာမှာ အကြောင်းအမျိုးမျူိုးကြောင့်……. အဲသည်ထဲမှာ ကျွန်မရဲ့ လေးအောက်အချိုးများ မှားယွင်းနေတာ ပြင်ဆင်ရတာတွေ၊ စာမျက်နှာတချို့ အရောင်များ ပြင်ဆင်ရတာတွေ၊ စာမျက်နှာများပျောက်နေတာတွေ ပြင်ရတာတွေ ပါပါတယ်၊ စာအုပ်ကမထွက်နိင် မထွက်နိုင်နဲ့ နောက်ဆုံးမေလပထမပတ်ကျမှ စာအုပ်ထွက်ပါတယ်။ လုပ်ဖြစ်မယ့် မေလ၉ ရက်နေ့တောင်မှီပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ နေခဲ့ရတာတွေ ဟာစာအုပ်တွေ့မှ သက်ပြင်းချနိုင်ပါတယ်။ 
သည်လိုနဲ့ မေလဆိုတာကိုမှတ်မိနေကြသူတွေ၊ ဘဘကြီးမေမေကြီးတို့ရဲ့ နှစ်တစ်ရာပြည့်ကို သတိတရရှိနေသူတွေနဲ့ စစီစဉ်ဖြစ်ကြပါတယ်။ ကိုမောင်ရစ်ကခေတ်ပြိုင်စာရေးဆရာများ၏ ဓါတ်ပုံပေါင်း ၈၀ကျော်နဲ့ သတူို့ရဲ့မွေးခုနှစ် ကွယ်လွန်ခုနှစ်တွေ ကိုရှာဖွေစုဆောင်းပါတယ်။ ကျွန်မကထွက်ရှိလာတဲ့ ကျွန်မရဲ့စာအုပ်ကိုမေတ္တာလက်ဆောင်ပေးဖို့ အခွင့်အရေးရပြီလို့ အတွေးနဲ့ စိတ်ကူးနေမိပါတယ်။ ကိုမောင်ရစ်ကတော့ အွန်လိုင်းကနေ ၉ရက်နေ့ ကိုကြေငြာထားပြီး ဖြစ်ပါတယ်။ ကျွန်မတို့မိဘများကတော့ သူတို့ရင်းနှီးရာတချို့ကို နှစ်တစ်ရာပြည့်ရှိမှန်းသိလို့ မေးမြန်းနေသူတွေကို ရက်သတ်မှတ်ထားပြီးကြောင်း ပြောဖြစ်သွားတယ်။ ဖိတ်စာမရိုက်ဖြစ်ပါဘူး။ အနီးက ၀ဂ္ဂီရပ်ကွက်ထဲက မေမေကြီးတို့နားနေခဲ့သူ မဖြူကသတိတရနဲ့ တခြားသောတပည့်တပန်းများကို သူဖိတ်ပေးရမလားလို့ ပြောလာတော့ ၀မ်းသာအားရ ဖိတ်ခိုင်းရပါတယ်။ မေ့နေတာတော့မဟုတ်ပေမယ့် ရာပြည့်ပွဲအတွက် လုံးပန်းနေရတာအားလုံးရဲ့ စိတ်တွေကပုံမှန်မဟုတ်တော့ဘူးလေ။ ဖိတ်သာဖိတ် ခွင့်တောင်းမနေနဲ့လို့ လူတိုင်းကို စကားပါးနေဖြစ်ပါတယ်။ 
မေလတစ်ရက်နေ့ကနေစလို့ ကိုမောင်ရစ်နဲ့ သူ့မိုးမခမိတ်ဆွေများနဲ့ အပေါင်းအသင်းရှားပါးတဲ့ ကျွန်မလဲ ၀င်ရောက်ပူးပေါင်းရင်း စလုပ်ဖို့ တိုင်ပင်ကြပါတယ်။ သူ့ဓါတ်ပုံတွေကို သူပဲဓါတ်ပုံဆိုင်သွားဘောင်လုပ်၊ သွားရွေး။ အမိုး၊ခုန်၊ စားပွဲတွေလဲသူပဲသွားမှာ။ နေပူပူမှာပင်ပန်းပေမယ့် ဇောနဲ့မို့ လုပ်ရတာမောပုံမရပါ။ ကျွန်မကတော့ ပန့်ဖလက်ကိစ္စ၊ ဖော့ပန်းကန်ခွက်ယောက်များကိစ္စ၊ ရေခဲမှာတာတွေကို မတတ်တတတ်နဲ့ ၀င်ကူညီပေးဖြစ်ခဲ့တယ်။ ကံကောင်းချင်တော့ ဓူဝံစာပေက ဦးဝင်းချိုကဓါတ်ပုံတွေကပ်ဖို့ ဘောင်တွေ ငှားပေးပါတယ်။ ကားနဲ့ လာပို့ ပြန်ယူတော့ကျွန်မတို့ အများကြီးသက်သာသွားပါတယ်။ ကဗျာဆရာကြီးဦးတင်မိုးရဲ့ သမီး အမမိုးမိုးစံတို့ ဦးသန်းညွန့်တို့မိသားစုကအအေးဗူးများ လှူပါတယ်။ ကိုမောင်ရစ်သူငယ်ချင်းဘွန်းက ရေပုလင်းများလာပို့သွားပါတယ်။ မယု၊ မနီနီမာတို့မိသားစုမှ လဘက်များပို့ပေးတယ်။ ကျွန်မတို့ရဲ့ ၀မ်းကွဲညီမ ခင်သစ္စာကရင်ပတ်မှာကပ်ဖို့ စတစ်ကာများလုပ်ပေးပါတယ်။ အစကဗမာမုန့်ကျွေးမယ်လို့ စဉ်းစားရာက ကိုမောင်ရစ်က မုန့်ဟင်းခါးကျွေးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဗမာမုန့်လဲစားချင်ပြန်တော့ ဗမာမုန့်ကိစ္စကို ကိုရန်နောင့် တာဝန်ဖြစ်သွားတယ်။ ခြံကိုရှင်းဖို့ တာဝန်ကို မယုကအလုပ်သမားခေါ်လာပေးလို့ စိတ်အေးသွားရတယ်။ 
မေလ ၈ရက်နေ့မှာ ကျွန်မအဒေါ်တစ်ယောက်နဲ့ ညီမငယ်တစ်ယောက်ရော၊ အိမ်နီးချင်းညီမတစ်ယောက်ကို လှမ်းခေါ်ကာဓါတ်ပုံတွေအောက်မှာ စာတွေကပ်ဖို့ အကူအညီတောင်းရတော့တယ်။ မိုးမခ၀ိုင်းတော်သားများလဲ ခြံထဲခုန်များနေရာချ၊ စားပွဲခင်းအမိုးများချ၊ ခြံတွေရှင်းလင်းရနဲ့ မနားတမ်းလုပ်နေကြတော့ သူတို့လဲတော်တော်မောနေကြပါပြီ။ ကပ်ဖို့ စာရွက်တွေ စစချင်းကွန်ပြူတာထုတ်ဖို့ စဉ်းစားပေမယ့် အချိန်မရှိတော့လို့ လက်ရေးနဲ့ ရေးဖို့ ပဲဆုံးဖြတ်ကြတယ်။ အစကတော့ လက်ရေးတူအောင်၊ မှင်တူအောင် ဆိုပြီးစဉ်းစားကြပေမယ့် နောက်တော့ မတတ်နိုင်တော့ပဲ ကြုံသလိုရေးခိုင်းရတယ်။ ကိုမောင်ရစ်ကဘုတ်တစ်ခုမှာကပ်တဲ့ဓါတ်ပုံ ၇ပုံ ၈ပုံဆိုတာ ကြုံရာကပ်တာမဟုတ်ဘူးတဲ့။ သူ့ခေတ်သူ့အလိုက် ဒါမှမဟုတ် စာပေအလိုက်၊ ချိတ်တာဖြစ်တယ်တဲ့။ သည်တော့ သူကပ်ထားတဲ့အတိုင်း ကျွန်မတို့က နံမယ်တွေလိုက်ကပ်နေရတော့ အမှားအယွင်းများ ဖြစ်မှာကိုစိုးရိမ်နေကြတယ်။ ညနေ ၆နာရီအထိ ဘုတ်တစ်ခုအောက်မှာ ဘာမှမကပ်ရသေးဘူး။ သည်တော့ လိုက်ရှာုပြီးနံမယ်ရေး၊သူတို့ စာအုပ်နံမယ်ရေး ကိုယ့်သဘောနဲ့ကိုယ်ကပ်ကြတယ်။ မှောင်ထဲမှာ လက်နှိတ်ဓါတ်မီးထိုးပြီး ကပ်ကြတော့ မှားကပ်မိရင်ဆိုပြီးးစဉ်းစားမိသေးတယ်။ ကြည့်လိုက်တော့ သည်ဘုတ်က မိုးမခနာယကဘုတ် ဖြစ်နေတယ်။ ကိစ္စမရှိပါဘူးလေ။ ကိုယ့်အဘိုးအဘွားတွေကသူတို့ မြေးလေးတွေ မှားရေးမိမှားကပ်မိလဲခွင့်လွတ်ပါတယ်။ စိတ်ပူစရာမလို။
အန်တီရွှေကူမေနှင်းလဲ ခြံထဲဖုန်မထအောင် ရေများလာဖြန်းပေးပါတယ်။ စာအုပ်မှာထုဖို့ မေတ္တာလက်ဆောင် တုံးစာလုံးလဲရပါပြီ။ စာအုပ် များကိုလဲတုံးထုပြီးပါပြီ။ မိုးမခမဂ္ဂဇင်းများလဲ မေတ္တာလက်ဆောင်တုံးများထုပြီး။ ပန်ဖလက်တွေလဲခေါက်ပြီးပြီ။ ရန်အောင်စာပေက မောင်ပြည့်ကျော်လဲ စာအုပ်ကြော်ငြာဗီနိုင်းများလာပို့သွားပြီ။ ဗမာမုန့်များက မိုးမခအဖွဲ့နဲ့အတူ မနက်၇နာရီရောက်မယ်။ ရေခဲတုံးကမနက် ၇နာရီခွဲ၊ မုန့်ဟင်းခါးက မနက်၈နာရီခွဲရောက်မယ်။ မနက်ဖြန်ကျရင် အားလုံးအဆင်ပြေပါလိမ့်မယ်။ သည်လိုနဲ့ပဲမေလ ၉ရက်နေ့ကို ရောက်လာပါပြီင်္။
ဖိတ်ထားသူတွေရော၊ သတင်းကြားလို့ ရောက်လာသူတွေ အားလုံးကို ကြိုဆိုပါတယ်။ A Memory of My Grandparents စာအုပ်မေတ္တာလက်ဆောင်ပေးဖို့ အခွင့်အရေးတစ်ခုရလိုက်လို့ ဘဘကြီးမေမြေဲကီးတို့ ကိုယ်စားစာအုပ်လက်ဆောင် ပေးခွင့်ရလို့ စိတ်ချမ်းသာရပါတယ်။ မိုးမခ မေလထုတ် လက်ဆောင်ပေးထဲ့ထဲ ပါပါတယ်။ ရာပြည့်ပွဲကို တချူိ့ကတော့ သိကြသောလဲ တခြားကိစ္စတွေနဲ့တိုက်နေတာကြောင့် မလာနိုင်ကြပါ။ တချို့ကတော့ မသိလိုက်လို့ လွတ်သွားကြတယ်။ တချို့လဲရာသီဥတုပူပူ ကားကြပ်တဲ့ ခေတ်ထဲမှာကျမ်းမာရေးကြောင့် မလာနိုင်ကြသူတွေရှိတယ်။ သို့သော်လဲ အဝေးက ဆွေမျိုးအရင်းအချာတချို့က အကြောင်းမကြားရလေချင်းလို့ ဖုန်းနဲ့ အဆူအဆဲခံရပါတယ်။ အဲသည်လိုစိတ်ဆိုးနေ တဲ့သူတွေကိုတော့ ကျွန်မစာအုပ်လက်ဆောင် ပေးရင်းနဲ့ပဲ တောင်းပန်ရတော့မယ်။ 
သည်ပွဲလေးကပရိသတ် ၂၀၀ ကျော်နဲ့ ဖုန်ထနေတဲ့သည် ခြံကလေးမှာ ကသုတ်ကရက်ကျင်းပလိုက်ရတာပါ။ ပရိသတ်က စိတ်ဝင်တစားရှိနေတာကို သိလိုက်ရတော့ ၀မ်းသာမိပါတယ်။ သည်အမှတ်တရပွဲကလေး ကိုတက်ရောက်ခဲ့ကြသော ဘဘဦးတင်ဦး၊ ဘကြီးမိုး၊ ဒေါ်စန်းစန်း၊ အန်တီစမ်းစမ်းနွဲ့သာယာဝတီ၊ အန်ကယ် ဦးအောင်ငြိမ်းနှင့် အန်တီဒေါ်သန်းသန်းနု၊ အန်တီ ဒေါ်ချိုချိုကျော်ငြိမ်း၊ (ဒေါ်)ဒေါက်တာခင်လင်္ကျာ၊ အန်တီ ဒေါ်ဒေ၀ီသန့်စင်၊ ကာတွန်း အော်ပီကျယ်၊ ဦးမော်လင်း၊ ဆရာမ မစန္ဒာ၊ ဆရာမ သန်းမြင့်အောင်၊ စာရေးဆရာကြီး ဦးဇော်ဇော်အောင်၊ ဦးဝင်းဖေ(မြဇင်)၊ ဦးသန်းဝင်းလှိုင်၊ ဦးညွန့်ဝေမိုး၊ ရန်အောင်စာပေမှ ဦးလှတိုး၊ Unity စာပေမှ ဦးသန်းဆွေ၊ ဓူဝံစာပေမှ ဦးဝင်းချို၊ ပြည်သူ့ခေတ်မှ လွတ်လပ်စိုး၊ ပါရမီစာပေမှ ဦးကျော်ဦး၊ လင်းလွန်းခင်စာပေမှ ဦးသိန်းလွင်၊ ကဗျာဆရာ ဖျာပုံနီလုံဦး၊ (ဦး) ၀င်းငြိမ်း၊ (ဦး)စိုးဝင်းငြိမ်း၊ အန်တီရွှေကူမေနှင်း၊ မမွှေး၊ မဖြူဖြူသင်း၊ အန်တီစမ်းသုမောင်၊ ကာတွန်းဝင်းအောင်၊ သွေး(စစ်ကိုင်း)၊ ငြိမ်းသစ်၊ မောင်ဇေယျာ၊ သားကြီးမောင်ဇေယျ၊ (ဦး)ထွန်းဝင်းငြိမ်း၊ ကိုရာဇာ၊ ဓါတ်ပုံ (ဦး) ထိန်ဝင်း၊ အမ ဇွန်ပွင့် (ရုပ်ပြောင်စာပေ)၊ (ဦး)ထင်အောင်၊ ကိုမင်းကိုနိုင်တို့ နှင့်တကွ တက်ေ၇ာက်ခဲ့ကြသော ဧည့်သည်များနှင့် ဂျာနယ်တိုက်များဖြစ်သော the Irrawaddy, ဒီလှိုင်း၊ ပြည်သူ့အရေး၊ လူ့ဘောင်သစ၊် ကမာရွတ်မီဒီယာ တို့အပြင် skynet, 5 Plus 5network  မီဒီယာအဖွဲ့များအပါအ၀င် ပွဲအစအဆုံးတိုင် အဆင်ပြေပြေဖြစ်သွားအောင် အစစအရာရာမေတ္တာနဲ့ ၀ိုင်းဝန်းကူညီပေးခဲ့ကြသော မိုးမခ၀ိုင်းတော်သားများနဲ့ တကွ ကျွန်မတို့၏ ဆွေမျိုးသင်္ဂဟများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အိမ်နီးနားချင်းများကို ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးစကားဆိုလိုက်ပါရစေ။

အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော်


တက္ကသိုလ်ရွှေရီဝင်း ၏ အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော် –  
(မိုးမခစာအုပ်စင်) ဧပြီ ၂၅၊ ၂၀၁၅
စာအုပ်အမည် – အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော်
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း
မူရင်းများ – Jumas’s Black Tulips, and Louis May Alcott’s Little Women
ထုတ်ဝေသူ – ဒေါ်စန်းစန်းဝေ။ အမွှာညီနောင်စာပေ
အမှတ် ၄၇၉/၄၈၁ လမ်း၃၀ နှင့် ဗိုလ်ဆွန်ပက်လမ်းကြား။ မဟာဗန္ဓုလ လမ်းမကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
စီစဉ်သူ – ကြည်နိုင်
မျက်နှာဖုံး ပန်းချီ – အံ့ဘွယ်ဇင်
တန်ဖိုး – ၂၅၀၀ကျပ်။ အုပ်ရေ – ၅၀၀
ဖြန့်ချီရေး – အမွှာညီနောင်စာပေတိုက်။ ဖုံး ၂၄၅၃၆၈။၀၉ -၄၉ ၂၇၇၃၅။ ၀၉ – ၈၆၃၃၀၄၄။
စာမျက်နှာ – ၂၉၅
စာအုပ်ပုံစံ – အင်္ဂလိပ်မြန်မာ နှစ်ဘာသာ
ဝတ္တုနှစ်ပုဒ်လုံးသည် ရီတိုးခေါ် မူရင်းဝတ္တုကို ဇာတ်လမ်းမပျက်အောင်ရေးသား ထားသော ဇာတ်လမ်းအနှစ်ချူပ် ကို ဘာသာပြန်ဆိုမူ ဖြစ်သည်။ သို့သော်မူရင်းဝတ္တု၏ အရေးကြီးသော မူရင်းအင်္ဂလိပ်စာ ကြောင်းများ၊ ဇာတ်ဝင်ခန်းများကို မပျက်အောင် ရေးသားထားသော အရသာတမျိုးပေးစွမ်းသည့်  ရေးသားမူ ဖြစ်ပါသည်။ ထိုဝတ္ထု ၂ပုဒ်စလုံးကို တက္ကသိုလ်ရွှေရီဝင်းက မူရင်းရသမပျက်စေပဲ ရီတိုး၏ အနှစ်သာရပေါ်လွင်အောင် ရေးသား ပြန်ဆိုထားရာ အင်္ဂလိပ်မြန်မာနှစ်ဘာသာ လေ့လာလိုသူများရော၊ ဇါာတ်လမ်းကို စိတ်ဝင်စားသူများအတွက်ပါ စိတ်ဝင်တစား ဖတ်ရူနိုင်မည့် စာအုပ်တစ်အုပ်အဖြစ် ရည်ညွန်းလိုက်ရပါသည်။
ပထမ၀တ္တုသည် နိုင်ငံရေးအရူပ်ဇာတ်လမ်းထဲ ပါဝင်ပတ်သက်မိသူ ကျူးလစ်ပန်းစိုက်ဝါသနာရှင်ကလေး တစ်ယောက်နှင့် မိန်းခလေး ရိုစာ တို့၏ ဇာတ်လမ်း ဖြစ်သည်။ ၀တ္တုထဲတွင် ကျူးလစ်ပန်းနက် အကြောင်းများနှင့် ပန်းစိုက်ပျိုးဖို့ရန် ၀ါသနာကြီးမားသူတစ်ယောက်၏ ရိုးသားသော စိတ်ဓါတ်များကို တွေ့ကြရပါမည်။ ရူပ်ထွေးသော နိုင်ငံရေး အလှည့်အကွက်များနှင့် တိုင်းပြည်တွင်းက တိုင်းသူပြည်သားများ ၏အသိညဏ်နည်းပါးမူများကြောင့် အပြစ်မရှိသော သူများဒုက္ခရောက်ရကာ အသက်အန္တရာယ်ကျရောက်ရပုံများကို ၀တ္ထု ဖတ်ရင်းခံစားနိုင်မည် ဖြစ်ပါသည်။
ဒုတိယအပုဒ်ဖြစ်သော ညီအမလေးဖော်ကား ပထမဇာတ်လမ်း နှင့်ဆန့်ကျင်ဖက်ဖြစ်သည်။ မိသားစု၏ သာမန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ မိသားစုတစ်စုက ညီအမလေးဖော်အကြောင်း၊ သူတို့တွေ၏ သံယောဇဉ်များကို ဖတ်ရူကြရမည် ဖြစ်ပါသည်။ ညီအမလေးဖော်ထဲက ဒုတိယ ဂျိုသည် စာရေးဆရာ ဖြစ်လာပါသည်။ စာရေးဆရာက သူ၏ဇာတ်ရုပ်ကို ဂျို့မှာ ထည့်သွင်းရေး သားထားသည်ဟု ဆိုကြပါသည်။ ထိုဝတ္ထုသည် ကမ္ဘာ့ကလေးစာပေ စာရင်းတွင် ထည့်သွင်းခံရသည် ဆိုသော အချက်သည် ထူးခြားသော သူ၏ရေးသားမူ၊ ကလေးလူကြီးမရွေး ဖတ်ရူကာ နှစ်သက်သည်ဆိုသော စာပေအဆင့်အတန်းတစ်ခု ကို ပြသရာ ရောက်နေပါသည်။

တစ်မိနစ် အိပ်ရာဝင်ပုံပြင်များ – စာအုပ်ရီဗျူး

တက္ကသိုလ်ရွှေရီဝင်း ၏ တစ်မိနစ် အိပ်ရာဝင်ပုံပြင်များ – 
(မိုးမခစာအုပ်စင်) ဧပြီ ၁၊ ၂၀၁၅
စာအုပ်အမည် – တစ်မိနစ်အိပ်ရာဝင်ပုံပြင်
မူရင်းစာအုပ် – One-Minute Favorite Fairy Tales by Shari Lewis
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း
ထုတ်ဝေသူ – ရန်အောင်စာပေ
ပထမအကြိမ် ၂၀၁၅ မတ်လ၊  အုပ်ရေ – ၁၀၀၀
ထုတ်ဝေသူ – ဦးလှတိုး ၊ တိုက် ၁၇၊ အခန်း ၂၃၊ ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း၊ ရန်ကုန်
တန်ဖိုး – ၁၀၀၀ ကျပ်၊ စာမျက်နှာ – ၁၃၀
ပုံပြင်များ – အပုဒ် ၂၀ (အင်္ဂလိပ် မြန်မာ တွဲလျက်)

ကလေးများအတွက် မရိုးနို်င်သော ပုံပြင်များကို အမည်မျိုးစုံတပ်ကာ ပြောခဲ့ကြာတာတွေကို ပုံပြင်ရေးဆရာများက ရေးသားခဲ့ကြတာတွေကို ကလေးများက ကြိုက်နှစ်သက်စွာ ဖတ်ခဲ့နားဆင်ခဲ့ကြတာ နှစ်ပေါင်း များစွာ ရာထောင်ချီခဲ့ပြီဖြစ်ပါသည်။ ပုံပြင်တိုကလေးတွေ နဲ့ ပုံပြင်ရှည် ဘယ်ဟာကို ပိုကြိုက်ခဲ့ပါသလဲ။ မြန်မြန်ပြီးတာ ကြိုက် ပါသလား။ သို့မဟုတ် ပုံပြင်ရှည်တွေမှ ဖတ်ချင်ပါသလား။ အိပ်ရာဝင်ပုံပြင်ဆိုတော့ မြန်မြန်ပီးတာ ပိုကောင်းမည်ထင်သလား။ ရှည်ရှည်ဖတ်ရင်းအိပ်ငိုက်သွားတာ ပိုကြိုက်ပါသလား။ သည်စာအုပ်က တစ်မိနစ်ပုံပြင်ဆိုတော့ ငြီးငွေ့ဖို့ အချိန်မရှိပါ။ ချက်ချင်းပုံပြင်တစ်ပုဒ်ပြီးသွား ကာမြန်မြန်အိပ်ပျော်ပါလိမ့်မည်။ သို့မဟုတ် နောက်တစ်ပုဒ်ဆက်ဖတ်ရင်း အိပ်ငိုက်လာမည် ထင်ပါသည်။

ဂျူနီယာဝင်း – နိုင်ငံရေး သရုပ်ဖော်ဟု ထောက်ပြခံရသော ပုံဝတ္ထုကြီး


ဂျူနီယာဝင်း  – နိုင်ငံရေး သရုပ်ဖော်ဟု ထောက်ပြခံရသော ပုံဝတ္ထုကြီး
၂၀၁၄ နိုဝင်ဘာ အတွေးအမြင် အမှတ် ၂၇၁

The Wizard of Oz အမည်ရှိ ရုပ်ရှင်ကားကို ငယ်စဉ်က ကြည့်ခဲ့ဖူးသည်။ သူ၏ မူရင်းမှာ အမေရိကန်စာရေးဆရာ L.Frank Baun (1856-1919)၏ ‘The Wonderful Wizard of Oz’  ဖြစ်သည်။ စာအုပ်အမျိုးအစားကို ကလေးများအတွက် ပျော်ရွှင်ဖွယ် ၀တ္ထုဟု ဆိုထားသော်လည်း စာအုပ်ထွက်ရှိသော ၁၉ ၀၀ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံရေးသဘောတရား အဓိပ္ဗယ် ဖွင့်ဆိုချက်တွေ ထွက်ပေါ်လာသည်။
Oz (အောဇ့်)သည် မှော်ဆရာကြီးတစ်ဦး၏ အမည်ဖြစ်သည်။ ၁၉၀၂ ခုနှစ် မှာပင် ဇာတ်စင်ပေါ် ကပြခဲ့ရာ ကလေးများအသည်းစွဲ ဇာတ်ကောင် ဖြစ်လာသည်။ စာအုပ်သည် ထွက်ထွက်ချင်းမှာပင် ထပ်ခါတလဲလဲ ရိုက်နှိုပ်ခဲ့ရလေသည်။ ၀တ္ထု၏ အဓိက ဇာတ်ကောင်မှာ Dorthy (ဒေါ်ရသီ) အမည်ရှိကလေးမလေး ဖြစ်ပြီး မှော်ဆရာကြီး အော့ဇ်၏ နယ်မြေထဲ ရောက်သွားပုံ ဖြစ်ပါသည်။
ဒေါ်ရသီသည် Kansas  ဒေသတွင် ဦးလေး ဟင်နရီ၊ အဒေါ် အန်၊ ခွေးကလေး (ToTo) တို့နှင့်အတူ နေထိုင်လျက် ရှိသည်။ တစ်နေ့ ဒေါ်ရသီ တို့လယ်တောထဲ လေဆင်နှာမောင်း ၀င်တိုက်ရာ ဒေါ်ရသီ နှင့် တိုတို တို့အိမ်ကလေးခေါ်ရာ ပါသွားသည်။ သူတို့ သတိရလို့ ကြည့်လိုက်တော့ အော့ဇ် နယ်မြေထဲက Munchkins (မန်ခ်ျကင်) လူပူလေးတွေ၏ ဒေသ ဖြစ်နေသည်။ မြောက်ပိုင်း နယ်က နတ်သမီးလေးက ဒေါ်ရသီ  ကိုသေဆုံးသွားပြီ ဖြစ်သော အရှေ့ပိုင်း မှော်ဆရာမကြီး၏ ငွေသားဖိနပ်ကို ပေးလိုက်သည်။ ဒေါ်ရသီမှာ သူ့ဒေသ Kansas ကိုပြန်သွားဖို့ မှော်ဆရာအော့ဇ် ထံသွားဖို့ နတ်သမီးက အကြံ ပေးလိုက်သည်။
ဒေါ်ရသီ သွားရာ လမ်းတလျောက်မှာ ကောက်ရိုးများဖြင့် ရှင်သန်လှူပ်ရှားနေသော စာခြောက်ရုပ်၊ သံထည်များ ဖြင့်ပြုလုပ်ထားသော သံလူသားကြီးနှင့် သတ္တိမရှိသော ခြင်္သေ့ကြီး တို့ဖြင့် မိတ်ဆွေ ဖြစ်သွားသည်။ သည်တော့ စာခြောက်ရုပ်က ဦးနှောက်လိုချင်သည်။ သံလူသားကြီးက နှလုံးသားလိုချင်သည်။ ခြင်္သေ့ကြီးက သတ္တိရှိမှ ဖြစ်မည်။ သူတို့၏   ဆန္ဒများပြည့် မြောက်ဖို့ မှော်ဆရာကြီး နှင့်တွေ့မှဖြစ်မည်။ သည်တော့သူတို့အားလုံး အော့ဇ် ဆီခရီးနှင်ကြလေသည်။ လမ်းတစ်လျောက်မှာ အခက်အခဲများ ပြသနာများ အပြင် ဆိုးလှသော အနောက်ပိုင်း နယ်က မှော်ဆရာမကြီး၏ အနှောင့်အယှက်များလည်း ခံကြရသည်။ 
နောက်ဆုံး မှော်ဆရာ အော့ဇ်နှင့် တွေ့ခွင့်ရသွားတော့ သူတို့လိုချင်တာတွေ တောင်းကြလေသည်။ သည်တော့ မှော်ဆရာ Oz (အော့ဇ်) က သူတို့လိုချင်တာ တွေကို ဘယ်လို ဖြေရှင်းပေးခဲ့ပါသလဲ။ မှော် ဆရာကပြောတာတော့ “မင်းတို့မှာ မင်းတို့လိုချင်တဲ့ နှလုံးသားတို့၊ သတ္တိတို့ ရှိပြီးသားပဲကွယ့်။ သတ္တိရှိတယ် ဆိုတဲ့သူတွေကိုတောင်မမှီ ပါဘူး။ ကဲ… သို့သော် လည်း မင်းတို့ ကျေနပ်အောင် ဟောဒီ ဆုတံဆိပ်တွေ ချီးမြှင့်ပေးမယ်….ရစေ“ ဟုဆိုကာ ဆုတံဆိပ်များ ပေးလိုက်တော့ ကျေနပ်သွားကြသည်။ ဒေါ်ရသီသည် သူ့ကို ပေးထားသော မှော်ဆရာမကြီး၏ ငွေရောင်ဖိနပ်လေးကို စီးကာ အိမ်သို့ ပြန်ချင်ကြောင်း ဆိုတောင်းလိုက်သည်။ သူစီးထားသော ဖိနပ်လေးမှာ ဒေါ်ရသီအိမ်ပြန်ခရီးမှာ ပျောက်သွားလေသည်။ 
ထို ‘The Wonderful Wizard of OZ’ ၏ အရေးအသား အရေးအဖွဲ့များနှင့် ပတ်သက်၍ သမိုင်းပညာရှင်၊ စီးပွားရေး ပညာရှင်၊ စာကြီးပေကြီးပညာရှင်များက နိုင်ငံရေးရောယှက်သော ရေးသားချက်များပါသည် ဟုဆိုကြသောလည်း စာဖတ်ပရိသတ် အများစုကတော့ ၀တ္တု၏ အဖိုးတန် ဇာတ်လမ်းကိုသာ ရိုးရိုးသားသား နှင့် နှစ်သက်ခဲ့ကြလေသည်။
ဝတ္တုထဲက အရှေ့ မှော် ဆရာမနဲ့ အနောက်မှော်ဆရာမ ဆိုတာသည် ဒေသတွင်းဘဏ်များ နှင့် မီးရထားသံလမ်း လုပ်ငန်းများကို ဆိုလိုသည်။ ထိုနှစ်ခုစလုံးသည် လယ်သမားများအား အလုပ်လက်မဲ့ ဖြစ်သွားအောင် လုပ်ခဲ့ကြတာကို ရည်ညွှန်းပါသည်။ 
စာခြောက်ရုပ်ဆိုတာ အကြွေးစနစ်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့သော Populist Party ကိုရည်ညွန်းသည်။ သူက အကြွေးစနစ်မရှိအောင် ဆိုကာ ငွေဒင်္ဂါးများထုတ်ကာ စီမံခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်သည် အမှန်တော့ အကြွေးကို ဒင်္ဂါးပြားများ ဖြင့်ဈေးနှိမ်ကာ ဆပ်ခိုင်းသော စနစ်ဖြစ်သွားသည်။ 
သံလူသားသို့မဟုတ် သံဖြစ်ပြုလုပ်ထားသော သစ်ခုတ်သမားဆိုတာ မြောက်ပိုင်းက စက်ရုံ အလုပ်သမားများကို ဆိုလိုတာ ဖြစ်သည်။ ပါတီခေါင်းဆောင်များက သူုတို့ကို အလုပ်များပို ခိုင်းကာ ပိုက်ဆံနည်းနည်း သာပိုပေးပြီး အလုပ်ယနယား လည်ပတ်စေသည်။ ထိုအခါ အလုပ်သမားများ မှာ တဖြည်းဖြည်းနှင့် အသည်းနှလုံးကင်းမဲ့လာကာ စက်ရုပ်လူသားတွေလို ဖြစ်သွားရသည်။ စက်မူတော်လှန်ရေး အကြောင်းများ ဖတ်ရူကြည့်လျှင် ထိုအကြောင်းအရာများ အသေးစိတ် သိနိုင်ပါသည်။
ဝတ္ထုထဲက ခွေးကလေး ToTo (တိုတို)ကား ထိုသို့တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် လုပ်သော နိုင်ငံရေးပါတီ (Populist Party) က ကြမ်းတမ်းသော စရိုက်ရှိသူ William Jennings Bayan ကိုဆိုထားပါသတဲ့။ သူကအရက်သေစာ မသောက်သောသူ teetotaler တစ်ဦး အဖြစ်နေထိုင်သူ ဖြစ်လို့ ToTo ဆိုတာ ထိုစကားလုံး ၏အတိုကောက် ကိုယူထားသည် ဟုဆိုပါသည်။ ထို့ပြင်ထိုလူက သတ္တိမရှိသော ခြင်္သေ့ကြီး အဖြစ်လည်း ရည်ညွှန်းထားပုံ ရပါသည်။ 
Munchkin မန်ခ်ျကင် လူပုလေးများကား သာမန်အရပ်သား လူတန်းစား ကိုဆိုလိုပါသည်။ 
ထိုမြစိမ်းရောင် မြို့ကြီး (မှော်ဆရာကြီးတိုင်းပြည်) ဆိုတာ ၀ါရှင်တန်မြို့ကြီးဖြစ်ကာ ထိုမြို့ကိုအုပ်ချူပ်နေသော OZ မှော်ဆရာကြီးကား တန်ခိုးပါဝါသုံးပြီး လူတွေကို ကြောက်အောင် လုပ်ကာ သူ့ကိုယုံကြည်ဖို့လှည့်ကွက်များ သုံးနေသူ သမ္မတကြီး ဖြစ်သတဲ့။
ထို့အပြင် သဘောကောင်းသော မြောက်ပိုင်း နတ်သမီးလေးက ဒေါ်ရသီကိုပေးသော အနမ်းဆိုတာ မဲဆွယ်တာ ဖြစ်ပြီး အခြေကျနေသော အနောက်ပိုင်းနယ်ကို ဖျက်ဆီးပစ်ရန် ဖြစ်လေသည်။
 ထိုမျှမကသေး Oz ဆိုတာ တန်ဖိုးကြီးလှသေ ငွေဒင်္ဂါးအလေးချိန်ကို တိုင်းတာသေ ယူနစ်အောင်စ (ounce) ၏ အတိုကောက် ဖြစ်သည်ဟူ၍ ထောက်ကြပါသည်။ အမှန်တော့ စာရေးဆရာ ဆိုသည်မှာ သူ၏ အက္ခရာ စဉ်လိုက်စီထားသော ဖိုင်တွဲများထဲမှ o မှ z (o to z) (O – Z) အမည်ပေးထားသော ဖိုင်တွဲကို အစွဲပြုရွေ့ သူ၏ ဇာတ်ကောင်ကို OZ ဟုပေးခဲ့တာ ဖြစ်သည်ဟု ဆိုပါသည်။
ဝတ္တုတစ်ခုလုံး သည် ၁၈၉၁ ခုနှစ် မှ ၁၉၀၈ ခုနှစ်ကြား ခဏတာ ရှင်သန်ခဲ့သော အမေရိကန်ပြည်ထောင်စုရှိ Populist Party နှင့် ၁၉၀၈ ခုနိုင်ငံရေး အခြေအနေများကို မီးမောင်းထိုးကာ ရေးသားထားတာဖြစ်သည်ဟူရွေ့ သတ်မှတ်ခြင်းခံရကာ ရုပ်ရှင်များအဖြစ် ရိုက်ကူးတော့ တစ်ချို့သော အခန်း၊ စကားလုံးများကိုပင် နိုင်ငံရေးရူထောင့်မှ ကြည့်ကာ ချန်လှပ်ပစ်ခဲ့ရသည်ဟူ၏။ Populist ပါတီသည် Political နှင့် People ဟူသော စကားလုံး ကို အတိုကောက်ခေါ်ဝေါ်ထားတာ ဖြစ်လေသည်။ ပါတီတည်ထောင်စဉ်က ဆင်းရဲသား လူတန်းစား များ၊ ဂျူံစိုက်ပျိုးသော ဆင်းရဲသားလယ်သမားများ၊ အလုပ်ကြမ်းသမားများကို အခြေခံကာ ထွက်ပေါ်လာတာ ဖြစ်သည်။ ဘဏ်လုပ်ငန်းများ၊ မီးရထား သံလမ်းလုပ်ငန်းများ၊ စက်မူလုပ်ငန်းများ၊ အလုပ်သမားများအား တစ်နေကုန်ခိုင်းစေခြင်း အစရှိသော အကြောင်းချင်းရာ များကို မုန်းတီးစက်ဆုပ်ကာ စိုက်ပျိုးရေးကို ထောက်ခံသော သဘောတရားများဖြင့် ဖွဲ့စည်းခဲ့တာ ဖြစ်သည်။ 
သို့သော် ပါတီသည် ၁၈၉၂-၉၆ ကြားသာ အရေးပါသော အခန်းကဏ္ဍအဖြစ် ရှိခဲ့ပြီး အဲသည်နောက်ပို်င်း ပါတီခေါင်းဆောင်အသစ် အဖြစ် William Jennings Bayan ကို ၁၈၉၆ ခုနှစ်မှာ ခန့်အပ်ခဲ့ပြီးနောက်မှာ တဖြည်းဖြည်း ဆုတ်ယုတ် မှေးမှိန်သွားခဲ့ပါသည်။ သူက စီးပွားရေး ကျဆင်းမူနှင့် ငွေဒင်္ဂါး အသစ်များ ထုတ်လုပ်ကာ ဖြေရှင်းဖို့ ကြိုးစားခ့သည်။ သူခေါင်းဆောင်ဖြစ်လာတော့ တောင်ဘက်နှင့် အနောက်ဘက်က Populist Party ခေါင်းဆောင်ပိုင်းက လက်ဟောင်းများကို အကြမ်းဖက် ထုတ်ပစ်ခဲ့သည်။ Bayan သည်လူလတ်တန်းစားများကို ပစ်ပယ်သော သဘောကို လက်ခံထားသည်။ 
ဝတ္ထုထဲက ဒေါ်ရသီ စီးလိုက်ရသော ငွေရောင်ဖိနပ်သည် ထိုငွေဒင်္ဂါးခေတ်ကို ရည်ညျွန်းလျက်ရှိကာ ရွှေဝါရောင်လမ်းကြီးက ရွှေခေတ်ကို ဆိုလိုပါသတဲ့။ အော့ဇ်၏ မြစိမ်းရောင် မြို့တော်ကြီးပင် ၀ါရှင်တန်မြို့တော်ကြီးနှင့် ၄င်း၏ အစိမ်းရောင်ငွေစက္ကူပြဿနာကို ပုံဖော်ထားပါသည်။ ထို့ပြင် ၀တ္ထုထဲမှာ ဒေါ်ရသီက အနောက်ပိုင်းဒေသမှော်ဆရာမကြီးအား ရေဖြင့် လောင်းချလိုက်ရာ မှော်ဆရာမကြီးမှာ အရည်ပျော်သွားသည့်အခန်းမှာ ရေဆိုတာ ဟာတကယ်တော့ အဲဒိအချိန်တုန်းက အမေရိကမှာ ရင်ဆိုင်နေရသော လယ်ယာမြေပြဿနာများကို ဆိုလိုတာ ဟူ၍ထောက်ပြ ခြင်းခံရလေသည်။ အနောက်ပိုင်း အရပ်က မှော်ဆရာမဆိုတာဟာ ထိုအချိန်က စီးပွားရေး ပြဿနာများကြောင့် ဖြစ်ပေါ်နေသော ငွေရေးကြေးရေးကိစ္စများဟု မြင်ကြလေသည်။
အကယ်၍ စာဖတ်သူသည် ၁၈၉ ၃ ခုနှစ်မှာ စတင်ဦးတည် ဖြစ်ပွားလာသော အမေရိကန်ပြည် ထောင်စု၏ စီးပွားရေးကပ်ဆိုက်မူကြီး၊ မီးရထားသံလမ်းများ၊ အဆောက်အဦများကို လွန်လွန်ကျူးကျူး ဆောက်လုပ်မူများကြောင့် ဖြစ်ပေါ်လာသော ဘဏ်လုပ်ငန်း ဆုံးရူံးလာမူ ယင်းအဖြစ်တွေကြောင့် ရွှေတွင်းတူးလုပ်ငန်းများ များပြားလာကာ ရွှေဖြင့် လုပ်ငန်းလည်ပတ် လာခြင်း၊ ရင်းနှီးမြှပ်နှံသူများက ရွှေများဖြင့်သာ ရင်းနှီးလာရာ “ရွှေခေတ်” ဆိုတာ တကယ်ပဲ ဖြစ်လာခဲ့ကာ ပြန်ရသေ ၀င်ငွေ အနှူတ်လက္ခဏာပြမူလာမူကြောင့် တစ်ဖန် ငွေဒင်္ဂါး လုပ်ငန်းဖြင့် လည်ပတ်ဖို့ ကြိုးစားရင်း ငွေစက္ကူကျဆုံးခြင်း၊ လယ်သမားများ ကြွေးတင်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ကျဆင်းမူများ၊ လူထုအုံကြွမူများ ဖြစ်လာခြင်းများကို နှိုက်နှိုက်ချွတ်ချွတ် သိရှိထားမည်ဆိုပါလျှင် စာရေးဆရာ Baun ၏ The Wizard of Oz သည်စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံရေးပညာရှင်များ ထင်မြင်ယူဆသလို ပါဝင်သော ဇာတ်ကောင်များ၊ ဖွဲ့စည်းထားသော အနေအထားများက ထိုခေတ်ထိုအခါက အဖြစ်များကို မီးမောင်းထိုးပြလိုက်သလို ကွက်ကွက်ကွင်းကွင်း များပေါ်နေမည်လားမသိပါ။
၁၈၉၀ မှာ ငွေဒင်္ဂါးဈေးသည် တစ်အောင်စ (one ounce) ကို ၁.၁၆ ဒေါ်လာအထိ ကျသွားခြင်း၊ ထိုနှစ်ကုန်မှာ ၀.၆၉  ဒေါ်လာသို့ ဆက်လက်ကျဆင်းသွားခြင်း၊ ၁၈၉ ၄ ဒီဇင်ဘာမှာ ၀.၆၀ ဒေါ်လာသို့ ဆက်ကျသွားခဲ့ရာ အမေရိကန်ပြည်ထောင်စု မှာ ၁၈၉၅ နိုဝင်ဘာလ ၁ ရက်နေ့ မှာငွေဒင်္ဂါး အသစ်များ ထုတ်၍ ဖြေရှင်း ဖို့ကြိုးစားခဲ့ပုံများသည် Baun  ၁၉၀၀ ခုနှစ်ထုတ်စာအုပ်အတွက် ကုန်ကြမ်းတွေရခဲ့သာလားဟု တွေးစရာဖြစ်ရမည် ဖြစ်လေသည်။ 
ဝတ္ထုကြီးသည် ကလေးစာပေဂန္တ၀င်အဖြစ် သတ်မှတ်ခြင်းခံရကာ အကြီးအကျယ်အောင်မြင်မူများရခဲ့သည့် နောက်ကွယ်မှာ နိုင်ငံရေးအမြင်ဖြင့် နိုင်ငံရေးရူထောင့်များစွာ ပေါ်ထွက်ခဲ့ပါသည်။ တစ်ချို့သော ဘာသာရေး အယူဝါဒရှိသူများကပင် ဘာမဆိုင်ညာမဆိုင် Baun ၏ “စိတ်ကောင်းရှိသော မှော် ဆရာများ” ဆိုတာကို လုံးဝဆန့်ကျင်သည် ဟူ၍ ဆိုကြလေသည်။ အမျိုးသမီးစာရေးဆရာမတစ်ဦး – အမျိုးသမီးဝါဒကို စွဲကိုင်သူတစ်ဦးကတော့ Baun ရဲ့ ၀တ္ထုဟာ ပျင်းစရာကောင်းပြီး တစ်ပုဒ်လုံး စက်ကရိယာသံတွေ လွှမ်းနေတဲ့ ပုံဝတ္ထုတစ်ပုဒ် ပဲဟု ဝေဖန်ထားသည်။ ထို့ပြင် အရေးအသားမှာ တုံးတိတိနှင့် စာကြောင်းဖွဲ့စည်းမူ အားနည်းနေသည်ဟု ပင်ဖြည့်စွက်ထားလေသည်။
ကျွန်မ၏ အမြင်ကို ပြောရလျှင်တော့ အဲသည်လို နိုင်ငံရေး အမြင်တွေ ဘာတွေ မသိခင်က ထိုဝတ္ထုကို  ရုပ်ရှင်ကြည့်ရတာရော၊ ဖတ်ရတာပါ အလွန်နှစ်သက်သည်။ နိုင်ငံရေး ရူထောင့်ဖြင့် ကြည်လိုက်တော့ ပို၍ပင် ခံစားမိကာ စာရေးဆရာ Baun ၏ allegory သရုပ်ဆောင်များကို လက်တွေ့နှင့် စိတ်ကူးခံစားရေးမူ အတတ်ပညာကို သဘောကျ မိပါသည်။ 
မည်သို့ပင် ဆိုစေကာမူ စာဖတ်နေစဉ်ရော၊ ရုပ်ရှင် ကြည့်နေစဉ်ပါ ဇာတ်လမ်းကို ခံစားရတာ အရသာတွေ့လှရာ နောက်ဆုံး မှော်ဆရာကြီး အော့ဇ် ကိုသရော် တော်တော် တင်ပြပုံများ အခန်းရောက်တော့ အင်း……. မြစိမ်းရောင်တိုင်းပြည်ကြီးကို အုပ်ချူပ်နေတဲ့ မှော်ဆရာ OZ ကဘာအရည်အချင်းမှ လည်းမရှိပါလား။ သူလုပ်တတ်တာဆိုလို့ ဆုတံဆိပ်တွေ ထုတ်ပေးနေတာပဲ ဟုတွေးမိပြီး ပြုံးမိသွားတာကတော့ နိုင်ငံရေး သဘောတရားတွေ ထည့်ရိုက်ထားမှန်း မသိခင်ကရော၊ သိပြီးသွားတော့ရော မပြောင်းလဲတဲ့ တူညီသော အတွေးတွေ ဖြစ်ပါကြောင်း နိဂုံးချူပ် ဆိုလိုက်ပါရစေ။

ဂျူနီယာဝင်း – ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် နှစ်တစ်ရာပြည့် အမှတ်တရ သို့

ဂျူနီယာဝင်း – ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် နှစ်တစ်ရာပြည့် အမှတ်တရ သို့
(မိုးမခ) ဧပြီ ၅၊ ၂၀၁၅

ဂျူနီယာဝင်း – အရှေ့ကို လျောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်

ဂျူနီယာဝင်း – အရှေ့ကို လျောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၅
၂၀၁၄ ခုနှစ်မေလ ၁ ရက်နေ့ မေမေကြီးဒေါ်ခင်မျိုးချစ်၏ မွေးနေ့မှာ စဉ်းစားမိသွားတဲ့ အကြောင်းအရာက တော့ ဘဘကြီးဦးခင်မောင်လတ်နှင့် မေမေကြီး ဒေါ်ခင်မျိုးချစ်တို့ ၏နှစ်တစ်ရာပြည့် ဟာ ၂၀၁၅ ခုနှစ်မှာ ကျရောက်တော့မည် ဆိုတာပါပဲ။သည်တော့ သူတို့ အကြောင်း အင်္ဂလိပ်လို ရေးဖို့စိတ်ကူးရလာတယ်။ ဒါကို အကောင်အထည်ဖေါ်ဖို့ စိတ်ကူးဟာ ကျွန်မတို့မိသားစုဝင်များ ၏ပံ့ပိုးမူ အကူအညီရမူ ထောက်ပံ့မူ အားပေးမူများ ပေါင်းစည်းပြီးမှ သာတကယ် ဖြစ်လာမှာဖြစ်ပါတယ်။ တကယ်ပဲ အကောင်အထည်ပေါ်လာ တာဟာလည်း မိသားစုအားလုံး၏ ကြိုးပမ်းမုကြောင့်ပါပဲ။
တကယ်တန်းချရေးတော့ အချက်အလက်များ ဓါတ်ပုံများ ကို မိခင်ဖြစ်သူ တက္ကသိုလ်ရွှေရီဝင်းက ရှာပေး ထုတ်ပေးပါတယ်။ လိုရင်လိုသလို အလျင်စလို ကျွန်မက တောင်းလိုက်တိုင်း မညီးမညူရှာပေးသူဖြစ်ပါတယ်။  ကျွန်မ အခန်းများကို စရေးသမျှ ကို ဖတ်ပေး ပြင်ပေးသူက ကျွန်မဖခင် ဒေါက်တာခင်မောင်ဝင်း ပါ။ ဒီလိုနဲ့ ပထမအကြမ်း ထွက်လာတယ်။ ဒါကို ပြန်ပြီး ဖတ်ရင်းနဲ့ တပြိုင်နက်ထဲမှာပဲ သောမတ်ဟာဒ၊ီ ဆာအာသာကို နင်ဒွိင်း၊ အဲလစ်ဇဘက် ၈ါဇ်ကယ်ရေးတဲ့ ရှားလော့ဘရွန်တေ၊ စီစယ် ၀ိုလန်စမစ်ရဲ့ ဖလော်ရင့် နက်တင်းဂေး အထုပ္ပတ္တိများ  ဖတ်ရူလေ့လာရင်းနဲ့ သတူို့ဆီက အထုပ္ပတ္တိရေးတဲ့ ပုံစံ။ ရေးပုံရေးနည်းကအစ တင်ပြပုံများကို လေ့လာရင်း ကိုယ်ရေးပြီးသားများထဲက တော်တော်များများကို စတိုင် ပြန်ပြောင်း ရေးဖြစ်ပြန်ပါတယ်။ အကိုဖြစ်သူ မောင်ရစ်ကိုလဲ လိုအပ်တဲ့ ပုံတွေ ဆွဲခိုင်းဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ဒုတိယအကြမ်းထွက်လာပါတယ်။ ဒုတိယအကြမ်း ပြန်လုပ်ကတည်းက ညီးနေရတဲ့ သီချင်းတစ်ပုဒ်ကတော့ “အရှေ့ကို လျောက်ပါလို့ အနောက်ကိုတဲ့ မျော်လိုက်ရင် ……” ဘဘကြီးတို့ မေမေကြီးတို့အကြောင်းများက ရေးရင်းနဲ့တင် ရှေ့ကိုမတက်နိုင် နောက်ပြန်ပြန်လှန် နေရလို့ အရှေု့ကို လျောက်ရင်းနဲ့ အရှေ့ကို မရောက်နိုင် အနောက်ကိုပဲ ပြန်သွား ပြန်စစ် ပြန်လုပ်နေရလို့ပါပဲ။ ဘဘကြီးတို့ ရဲ့ဘီဒိုဟောင်းတွေ ကြား ကျွန်မလည်း လိုက်ဝင်ရင်း ဟိုအချက်ကလေး မပါသေးပါလား သည်အချက်ကလေးကျန်နေပြန်ပြီနဲ့… မပြီးနိုင် ဖြစ်ရပါတယ်။
ဒီလိုနဲ့ ဒုတိယအကြမ်း နိုဝင်ဘာပထမပတ် မှာ ပြီးတယ်။ အရှေ့ကို လျောက်ရင်းနဲ့ မရောက်နိုင် အနောက်ကိုမျော်တဲ့ တေးသီချင်းညီးနေရင်းကပဲ….။ သည်လိုနဲ့ပဲ နိုဝင်ဘာ လအတွင်းမှာ ပြန်အချောသတ်ထားတဲ့ တတိယအကြမ်းဟာ အခုတော့ ဒီဇင်ဘာထဲ ရောက်လာပြီ။ ဒါကို ဖိုင်နယ်လို့ ခေါ်မလား ။ ဒါကို ကွန်ပလိ လို့ယူဆပြီး ဓါတ်ပုံများနဲ့ စာမျက်နှာအစုံးအလင်နဲ့ ၂ စုံ ပရင့်အောက်ထုတ်တယ်။ အဖေနဲ့အမေလက်ထဲထည့်တယ်။ သူတို့ကိုဖတ်ချိန် ၂ ပတ်ပေးထားတယ်။ ၂၀၁၄ မေလကနေစလို့ သည်အလုပ် စလုပ်ကတည်းက ည၁၂ခွဲ တစ်ချက် အထိ အလုပ်လုပ် ဖြစ်နေတာ အခုမှ နည်းနည်း ပြန်နားရပါတယ်။
စရေးကတည်းက သည်ကာလအတွင်း ရေးရင် ချွတ်ရင်း ဖတ်ရင်း နဲ့ ဘဘကြီး မေမေကြီးတို့ကိုပိုပြီး တိုင်တည် ပိုပြီး သတိရ လွမ်း မျက်ရည်ကျ စိတ်ထဲ မျူိးစုံအောင် ခံစားရတာတွေ ကိုဘယ်လို စာဖွဲ့ရ ပြောရ ကဗျာစပ်ရ မလဲစဉ်းစားမိသေးတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ သူတို့ထားရစ်ခဲ့တဲ့ စာအုပ်ပုံ ဓါတ်ပုံဟောင်းပုံ မှတ်တမ်းမှတ်ရာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အမှိုက်ပုံတွေထဲက ဆွဲထုတ် ပြီး ဘာတွေကဘယ်လို လျို့ဝှက်ထားရမယ်ဆိုတာလဲ နားမလည်၊ ဘာက ဘယ်လိုဖော်ထုတ် ရမယ်ဆိုတာလည်းမသိတဲ့ သူတို့ရဲ့ ခပ်တုံးတုံး မြေးမတစ်ကောင်ရဲ့ လက်ချက်နဲ့ အခုတော့ သူတို့အကြောင်းတွေ လူထုသိအောင် ချပြလိုက်ပါပြီ။
အခုထွက်လာတဲ့ အီးဘုတ်ကတော့ လက်လှမ်းမှီသူများအတွက် နမူနာလောက် ကိုတော့ မြည်းခွင့်ရမှာပါ။ ဖရီးပေးဖို့တော့ မတတ်နိုင်သေးပါဘူး။ သိပ်ပြီး တော့ပေါသွားတဲ့ပုံစံမျိုး မဖြစ်အောင် ကာကွယ်ထားတဲ့သဘောပါပဲ။ ၂၀၁၅ နှစ် ၁၀၀ ပြည့်ကို ရည်ရွယ်ထားတာကြောင့် အခုအီးဘုတ်ဟာ အကြို စာအုပ်ပါပဲ။ ရှေ့ကပြောတဲ့ ကျေးဇူးစကား ပြန်ပြောရရင် သည်စာအုပ်သည်လို ထွက်ရှိလာခြင်းသည် ကျွန်မတစ်ယောက်တည်း၏ ကြိုးပမ်းမူမဟုတ်ပါ။ ကျွန်မဖခင်မိခင် ကျွန်မအကို တို့ အားလုံး တစည်းတလုံးတည်းလုပ်ခဲ့တဲ့ ရလဒ်ပါပဲ။ အဘိုးအဘွားများ၏ ရာပြည့်စာအုပ်ဟာဖြင့် မိသားစု၏လုပ်အားနဲ့ ကင်ဒယ်စာအုပ်ထွက်လာသလို နောက်တော့ မကြာမှီ လက်နဲ့ ကိုင်ဖတ်လို့ရတဲ့ စာအုပ်အဖြစ် ထွက်ရှိမှာ ဖြစ်ပါသည်။ သူတို့ လုပ်အား ကြိုးပမ်းမူမပါပဲ သည်စာအုပ်ဘယ်လိုမှ မထွက်နိုင်ပါ ဆိုတာကတော့ ကျွန်မ၏ ကျေးဇူးတင်စကားပဲ ဖြစ်ပါတယ်။ လက်နဲ့ကိုင်ဖတ်လို့ရတဲ့ စာအုပ်ကတော့…… အဲဒါ မောင်ရစ်ကိုသာ ဘယ်တော့ထွက်မလဲ မေးကြပါတော့။
http://www.amazon.com/Junior-Win-Memory-Grandparests-Anniversary-ebook/dp/B00S1VE8XU/
(သရုပ်ဖော် – အောင်ထက်၊ မျက်နှာဖုံး)