အဖိုးတနျ စကားတစျခှနျး ဂျူနီယာ၀င်း
(ပိတောက်ပွင့်သစ်၊ ဧပြီလ၊ ၂ဝဝ၆ ခုနှစ်။)
အဖိုးတန် စကားတစ်ခွန်း
If ဟူသည့် အသုံးတစ်ခုကို လေ့လာရင်းနဲ့ စိတ်ဝင်စားစရာတွေ တွေ့လာရပါသည်။ If ကို ''ဒါဖြင့်ရင်... ဒါဖြစ်သည်''ဟူသော အသုံးမိုျးတွင် သုံးလေ့ရှိပါသည်။ ''အကယ်၍များ''၊ ''ဒါဖြင့်ရင်...'' စသည်တို့သည် သူ့အဓိပ္ပာယ်ဖြစ်သည်။ If it rains… ဆိုလျှင် ''မိုးရွာလို့ရှိရင်...''၊ ''အကယ်၍ မိုးရွာရင်...''ဟု ဆိုလိုသည်။ အမှန်တော့ If ဆိုသည့်စကားလုံးကို Rudyard Kipling ၏ If ကဗျာကို ဖတ်ရင်းနှင့် အတွေးတွေ ပေါ်လာတာဖြစ်သည်။
Rudyard Kipling ၏ Ifအကြောင်းမစခင်မှာ အမည်မသိကဗျာဆရာတစ်ဦး၏ If ကဗျာတစ်ပုဒ်ကို စဉ်းစားကြည့်ပါမည်။ သူ့ ကဗျာမှာ If ကို သုံးထားပုံက ယခုလိုဖြစ်သည်။
"If all the men were one man,
What a great man that would be."
ဟု သုံးထားသည်။
''အကယ်၍များ လူတွေအားလုံးက တစ်ယောက်တည်းဖြစ်သွားရင်
ဘယ်လောက်ကြီးတဲ့လူ အကြီးကြီးဖြစ်မလဲ''ဟု ဆိုလိုသည်။
"If all the men were one man,’ဟူသော စာကြောင်းတစ်ဝက်ကို ဘာသာပြန်ကြည့်လျှင် ''အကယ်၍များ လူတွေအားလုံးက တစ်ယောက်တည်း ဖြစ်သွားရင်''ဟူ၍ ဖြစ်သည်။ ထိုစာကြောင်း မဆုံးသေးပါ။ သို့သော် ထိုစာကြောင်း တစ်ဝက်ကို အဓိပ္ပာယ်ပြန်ကြည့် လျှင် ထိုကဲ့သို့ တစ်ဝက်တစ်ပျက်တော့ ရေးလို့ရသည်။ နောက်ဆက်တွဲစာကြောင်းကို ဖြည့်ရေးမှ အဓိပ္ပာယ်က ပြည့်စုံသွားသည်။ ပထမတစ် ပိုင်းဖြင့် အဓိပ္ပာယ်မပြည့်စုံကြောင်း လူတိုင်းသိပါသည်။ Rudyard Kipling၏ If ကဗျာတွင် ထိုကဲ့သို့ သော တစ်ဝက်တစ်ပျက် စာကြောင်း ဆယ်ကြောင်းမကဖြင့် တည်ဆောက်ထားသည်။ သူ့ကဗျာတွင် ''အကယ်၍များ''ဟူသော တစ်ဝက်စာကြောင်းများ များစွာပြီးမှ နောက်ဆုံးအပိုဒ်တွင်မှ '' ... ဖြစ်သည်'' ဟု ကဗျာ၏ အစကတည်းက ချီလာသော Ifစာကြောင်းများ၏ အပိတ်အဖြစ် အဆုံးသတ်ထား သည်။
"If you can keep your head when all about you
Are losing theirs and blaming it on you;"
စာကြောင်းကမဆုံးသေးကြောင်း ရှင်းပါသည်။ သူ့ အဓိပ္ပာယ်မှာ ဤသို့ဖြစ်၏။
''အကယ်၍များ
မင်းနံဘေးက လူတွေက စိတ်မထိန်းနိုင်ဖြစ်တဲ့အခါ
မင်းက မင်းရဲ့စိတ်ကို ထိန်းထားနိုင်လို့ရှိရင်...''
''မင်းရဲ့စိတ်ကို ထိန်းထားနိုင်လို့ရှိရင်...'' ဘာဖြစ်မလဲဟု သိချင်လာရမည်။ သို့သော် ရှေ့ကပြောထားသလို If ပုံစံတွင် အဖြေက နောက်မှကပ်၍ ပါမလာပါ။ နောက်ထပ် If စာကြောင်းတွေ ရှိနေသေးသည်။
"If you can trust yourself when all men doubt you.
But make allowance for their doubting too."
''အကယ်၍များ
သူတို့မင်းကို သံသယရှိနေတဲ့အခါ
မင်းက မင်းရဲ့ယုံကြည်မှုအပြည့်နဲ့ သူတို့ကို
နားလည်နိုင်လို့ရှိရင်...''
ထိုကဲ့သို့သော If... အကယ်၍များ ဆိုသည့် စာကြောင်းတစ်ဝက်များ ဆယ်ကြောင်းမကပြီးမှ အဖြေက နောက်ဆုံးအပိုဒ်တွင်ရှိသည်။ နောက်ဆုံးစာကြောင်းကို ကျော်ဖတ်လို့ရသည်။ အဲဒီလို ကျော်မဖတ်ခင်မှာ ယခုလို စဉ်းစား၍ရသည်။
''အကယ်၍ မင်းရဲ့နံဘေးကလူတွေက
စိတ်မထိန်းနိုင်ဖြစ်ချိန်မှာ
မင်းက မင်းရဲ့စိတ်ကို ထိန်းထားနိုင်ရမည်။
အကယ်၍ သူတို့က
မင်းကို သံသယရှိ နေတဲ့အခါ
မင်းက မင်းရဲ့ယုံကြည်မှု အပြည့်နဲ့
သူတို့ကို နားလည်နိုင်ရမည်''
ထိုအခါ အဓိပ္ပာယ်ပြည့်စုံသော စာကြောင်းများအဖြစ် မြင်တွေ့ကြရသည်။ သို့သော် If ကဗျာမူရင်း အဓိပ္ပာယ်မပြည့်စုံပါ။ ဤသို့ စဉ်းစား၍ရသော်လည်း မူရင်းအဓိပ္ပာယ်မဟုတ်ပါ။ ကဗျာ၏ ပထမအပိုဒ်ကို လေ့လာပြပါမည်။ အထက်ဖော်ပြထားသော If စာကြောင်း နှစ်ကြောင်းကို ထပ်မဖော်ပြတော့ပါ။
"If you can wait and not be tired by waiting.
Or.being lied about, don't deal in lies.
Or, being hated, don't give way to hating.
And yet don't look too good, nor talk too wise;"
''အကယ်၍များ...
မင်းမှ စိတ်ရှည်သည်းခံမှုစိတ် အပြည့်ရှိလို့ရှိရင်...
ဒါမှမဟုတ်
သူများတွေက လိမ်ညာပေမယ့်
မင်းက လိမ်ညာလို့ ရှိရင်...
ဒါမှမဟုတ်
သူများတွေက မုန်းတီးနေပေမယ့်
မင်းက မမုန်းတီးဘဲနေနိုင်လို့ရှိရင်...
ပြီးတော့
မင်းက အေးအေးဆေးဆေးနေနိုင်ပြီး
သူများတွေကို ဆရာမလုပ်ဘဲ
နေနိုင်လို့ရှိရင်...''
အဲဒီလိုနေနိုင်လို့ရှိရင် ဘာဖြစ်မှာလဲဟု ကဗျာဖတ်သူက သိချင်လာရမည်။ အဖြေကို သိချင်လျှင် နောက်ဆုံးအပိုဒ်ကို ကျော်ဖတ်ရလိမ့် မည်။
".....
Yours is the Earth and everything thatls in it.
And-which is more-you'll be a Man, my son!"
''အဲဒီအချက်တွေ အားလုံးပြီးပြည့်စုံပြီ
ဆိုရင်တော့...
တစ်လောကလုံးကို မင်းပိုင်ပြီ။
ဒီထက်မက ပြောရရင်တော့...
မင်းလူဖြစ်ပြီ... လူကလေး''
ကဗျာတစ်ခုလုံးကို နိဂုံးခုျပ်ပေးလိုက်သော If ပုံစံ၏ စာကြောင်းနောက်ဆက်တွဲအပိတ်ဖြစ်ပါသည်။ ထိုနောက်ဆုံးစာကြောင်းရောက်မှ သာလျှင် ''သြော်... ဒီလိုကိုး''ဟု ကဗျာဖတ်သူက တလေးတနက် တွေးပြီး ကျေနပ်သွားရသည်။ ထိုစာကြောင်းရောက်မှပဲ သက်ပြင်းချရ သည်။ ယင်းသည် ထို If ကဗျာ၏ စတိုင်လ် ဖြစ်ပါသည်။ သို့သော် ရှေ့တုန်းကပြောထားသလို If ကဗျာတွင် တစ်ပိုင်းတစ်စစာကြောင်း ဆယ်ကြောင်းမကရှိနေသည်။ ထို့ကြောင့် ကျော်သွားသော ကဗျာ၏ ဒုတိယအပိုဒ်၊ တတိယအပိုဒ်နှင့် နောက်ဆုံးအပိုဒ်ကို ယခု ဖော်ပြသွားပါ မည်။
ဒုတိယအပိုဒ်
"If you can dream- and not make dreams your master;
If you can think-and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to be broken.
And stoop and build'em up with wornout tools;"
''အကယ်၍များ
မင်းစိတ်ကူးတွေ များစွာရှိသော်လည်း
စိတ်ကူးထဲမှာကြီးပဲ မျောမနေလို့ရှိရင်...
အကယ်၍များ
မင်းမှာ အတွေးတွေ ရှိသော်လည်း
အတွေးတွေထဲမှာပဲ နစ်မွမ်းမနေလို့ရှိရင်...
အကယ်၍များ
မင်းကြုံတွေ့ရတဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကို
အယောင်ဆောင်နေတဲ့
အရာတွေပဲလို့ ထပ်တူထပ်မျှ
မင်းသဘောထားနိုင်လို့ရှိရင်...
အကယ်၍များ မင်းပြောတဲ့အမှန်စကားကို
ကြားလူတွေက အထင်အမြင်မှားအောင်
လှည့်ပတ်ပြောဆိုပြီး
မင်းကို ထောင်ခြောက်ဆင်တာကို
မင်းခံနိုင်ရည်ရှိလို့ရှိရင်...
ဒါမှမဟုတ်
မင်းအသက်နဲ့လဲပြီး တည်ဆောက်ခဲ့တာတွေ
သဲထဲရေသွန်သလို အလဟဿဖြစ်သွားတာကို
ကြည့်နိုင်လို့ရှိရင်... ပြီးတော့...
အဲဒါတွေကို ပင်ပင်ပန်းပန်းပြန်ပြီး
မင်းကိုယ်တိုင် တည်ဆောက် နိုင်စွမ်း
ရှိလို့ရှိရင်...''
တတိယအပိုဒ်
"If you can make one heap of all your winnings.
And risk it on one turn of pitch-and- toss,
And lose and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone.
And so hold on when there is nothing in you.
Except the Will which say to them: "Hold on"
''အကယ်၍များ
ကိုယ်ရလာတဲ့ စီးပွားဥစ္စာတွေ
အကုန်လုံးကို စွန့်စားပြီး ရင်းနှီးမြှုပ်နှံလို့ရှိရင်
အဲဒီရင်းနှီးမြှုပ်နှံထားတာတွေ အကုန်လုံး
တစ်နေရာထဲမှာ ဆုံးရှုံးသွားလို့ရှိရင်
မင်းဟာ အစကနေပြန်စရဲတဲ့ သတ္တိရှိပြီးတော့
မင်းရှုံးနိမ့်မှုတွေရဲ့ အကြောင်းကိုလည်း
ဘာတစ်ခွန်းမှ ပြန်မပြောဘဲနေနိုင်လို့ရှိရင်...
အကယ်၍များ
မင်းကိုယ်မင်း 'တောင့်ထားစမ်း' ဆိုပြီး
တင်းထားတဲ့စိတ်ကလွဲလို့
တခြားဘာမှ မကျန်တော့တာတောင်မှ
မင်းဟာ အရှုံးမပေးဘဲ နေနိုင်လို့ရှိရင်...''
စတုတ္ထအပိုဒ်
"If you can talk with crowds and keep your virtue,
Or walk with kings-nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run-
Yours is the Earth and everything thatls in it,
And- which is more-you'll be a Man, my son!"
''အကယ်၍များ
မင်းသာ သာမန်လူတွေနဲ့
ဆက်ဆံတဲ့အခါဖြစ်ဖြစ်၊ ဘုရင်တွေနဲ့အတူ
လမ်းလျှောက်တဲ့ အခါဖြစ်ဖြစ်၊
မင်းရဲ့အကျင့် သီလနဲ့ မင်းရဲ့ဂုဏ်သိက္ခာကို
ဆက်လက်ပြီး ထိန်းထားနိုင်လို့ရှိရင်...
အကယ်၍များ
မင်းရဲ့ရန်သူတွေ အပေါ်မှာရော၊
မင်းချစ်တဲ့ သူငယ်ချင်းတွေ အပေါ်မှာပါ၊
မင်းရဲစိတ်က
တစ်သမတ်တည်း ထားနိုင်လို့ရှိရင်
ဆိုလိုတာက မင်းရဲ့ရန်သူပဲဖြစ်ဖြစ်၊
မင်းချစ်တဲ့ သူငယ်ချင်းကဖြစ်ဖြစ်
မင်းကို ဘယ်လိုမှ
ထိခိုက်အောင် မလုပ်နိုင်လို့ရှိရင်...
အကယ်၍များ
လူတွေအားလုံး မင်းအတွက်
အရေးကြီးတာပဲဆိုပေမယ့်
အဲဒီအရေးကြီးမှုဟာ
သိပ်အများကြီးမဟုတ်ဘူးဆိုတာကို
မင်းက သဘောပေါက်ထားလို့ရှိရင်...
အကယ်၍များ
မိနစ်တိုင်း၊ စက္ကန့်တိုင်းကို မင်းအတွက်
အရေးပါအောင် သုံးနိုင်ပြီဆိုလို့ရှိရင်...
အထက်က အချက်တွေအားလုံး
မင်းပြည့်စုံပြီ ဆိုရင်တော့
တစ်လောကလုံးကို မင်းပိုင်ပြီ။
ဒီထက်မက ပြောရရင်တော့
မင်းလူဖြစ်ပြီ... လူကလေး။''
နောက်ဆုံးစာကြောင်းသည် ကဗျာတစ်ခုလုံး၏ အဆုံးသတ်စကားဖြစ်၏။ If ဟူသော အသုံးများအားလုံးကို ပြည့်စုံအောင် ဖြည့်ပေး လိုက်သော အဖြေတစ်ခုပင် ဖြစ်သည်။ Rudyard Kipling ၏ If ကဗျာသည် နာမည်ကျော်ကဗျာတစ်ပုဒ်ဖြစ်သည်။ သူ့ကဗျာကို ဖတ်ပြီး ခွန်အားသစ်တွေရလာ၏။ တွေဝေနေသူများကို လမ်းပြပေးရာရောက်၏။ ထိုကဗျာနှင့် ပတ်သက်ပြီး အတိုင်းတိုင်း၊ အပြည်ပြည်မှ ကဗျာချစ်သူ တို့၏ ခံစားရပုံများစွာကို Internetတွင် ရှာဖွေဖတ်ရှုနိုင်ကြသည်။
ကဗျာချစ်သူတစ်ဦးက Ifကဗျာပထမအပိုဒ်ကြောင့် ကျွနု်ပ်မှာ အင်အားတွေ တိုးလာရပါသည်။ အဲဒီလိုကျင့်သုံးနိုင်ခြင်းဖြင့် ကျွနု်ပ်တို့ ဘယ်လောက်ခွန်အား ရှိသလဲဆိုတာကို တွေ့မြင်စေ၏။ ၄င်းတို့၏ ရှက်ဖွယ်ကောင်းလှသော အပြုအမူများကို သူတို့ဘာသာတွေ့မြင်ရသွားစေ ၏။ လူတစ်ယောက်လျှောက်ရမည့်လမ်းကို ခင်းပေးလိုက်သော ကဗျာတစ်ပုဒ်ဖြစ်ပေသည်''ဟု ဆိုထားပါသည်။ ကဗျာ၏ ဒုတိယအပိုဒ်နှင့် ပတ်သက်၍ ''ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို ညီတူညီမျှသော အမြင်ဖြင့် ကြည့်ရှုနိုင်ဖို့ ကဗျာက ဆိုထားပါသည်။ ဒါတွေဟာ တကယ် မဟုတ်ဘူး။ အယောင်ဆောင်တွေပဲလို့ သတိပေးလိုက်တာပဲ ဖြစ်ပါသည်''
ကဗျာ၏ တတိယအပိုဒ်နှင့် ပတ်သက်၍ ''ကဗျာဟာ ကိုယ်ရဲ့ အကျင့်သီလနှင့် ဂုဏ်သိက္ခာ မထိပါးမိစေဖို့ပဲ သတိပေးထားပါသည်။ ကဗျာဆရာဟာ လူတစ်ယောက်၏ ပန်းချီကားကို ကောင်းစွာချယ်မှုန်းပြသထားပါသည်။ ဒါတွေဟာ လိုက်နာကျင့်သုံးအပ်သော သီလသမာဓိ များပဲ ဖြစ်ပါသည်'' နောက်ဆုံးအပိုဒ်နှင့် ပတ်သက်၍ ''ကျွနု်ပ်တို့သည် ဘဝ၏ အချိန်တိုင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းစွာအသုံးချ တတ်ရပါမည်။ ကောင်းသောအချိန်အခါနှင့် ဆိုးရွားကြမ်းတမ်းသော အချိန်အခါကို ထပ်တူတန်ဖိုးရှိသော ဘဝ၏ မှတ်တိုင်တွေအဖြစ် ယူဆသတ်မှတ်ထားရမည်''ဟု ဆိုထားကြပါသည်။
စာဖတ်သူများအနေနှင့်လည်း တန်ဖိုးရှိသော ကဗျာတစ်ပုဒ်၏ အဖိုးတန်မှတ်သားရသမျှကို ခံစားဖတ်ရှုခြင်းဖြင့် ကျေနပ်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။