Monday, December 31, 2018

ဂျူနီယာဝင်း – ငရဲခန်းတဖြစ်လဲ အလုပ်ခန်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(3)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (3)

ဂျူနီယာဝင်း – ငရဲခန်းတဖြစ်လဲ အလုပ်ခန်း

Leo L. Beranek

(အတွေးအမြင်၊ ဒီဇင်ဘာ ၂၀၁၈) မိုးမခ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၈(2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine မှ In The Dungeon ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့ လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။)



(အရင်တလကျော်က “အိပ်မက်ထဲက စက်ပစ္စည်း“ အမည်နဲ့ သည်စာအုပ်ကို မိတ်ဆက်ထားတယ်။ ပြီးခဲ့တဲ့လမှာတော့ “မစ်ဇူရီကကောင်ကလေး“ လစ် ကိုမိတ်ဆက်ထားပါတယ်။ သူ့မိသားစုတွေနဲ့မိတ်ဆက်ပေးထားတယ်။ သူဟာ ဒေါက်တာဘွဲ့ရပီးလို့ သူ့ဘဝကို ထိမ်းကျောင်းတော့မယ့်အချိန် ၁၉၄၂ ကာလတွေမှာ မလွဲသာမရှောင်သာ ကမ္ဘာစစ်ကြီးနဲ့ တိုးခဲ့တယ်ပေါ့။ သူတစ်ဦးသာ မဟုတ်ပါဘူး။ ပညာရှင်တွေ ပညာတတ်တွေ အနုပညာသမားတွေ ဟာ သည်လိုစစ်ကြီးအတွင်းမှာ ဘယ်လို ဆက်လက် နေထိုင်နေကြသလဲ ဆိုတာကို အခုလမှာ ဆက်ပါမယ်။ ဘာသာပြန်တင်ဆက်မူရဲ့ တတိယပိုင်းလို့ ပြောလို့ရပါတယ်။ အဓိက ဇာတ်ကောင်ကတော့ လစ် ပါ။)

(Joseph Carl Robnett Licklider (J.C.R Licklider) (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ ။ သူ့ကုုိ အတိုုကောက် J.C.R ဒါမှမဟုုတ် ‘Lick’ လစ် လိုု့သိထားပါတယ်။ သူက အမေရိကန်လူမျိူး စိတ်ပညာပညာရှင်၊ ကွန်ပြူတာသိပ္ဗံပညာရှင် တစ်ဦးဖြစ်ပါတယ်။ အခုဘာသာပြန်တင်ဆက်မူမှာ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို အခုလို ကွင်းစကွင်းပိတ်များနဲ့ ဖော်ပြသွားပါ့မယ်။ ရည်မှန်းချက်ကြီးမားတဲ့ သူတစ်ယောက်ရဲ့ အသံတွေကို ကြားနေရမယ့် သူ့အကြောင်းတွေပါ။ ခံစားကြည့်ကြပါ။ )

ဆူညံပွက်လောရိုက်နေတဲ့ စစ်ပွဲတွေကို အသွင်ပြောင်းဖို့ဆိုပါတော့။ အမေရိကန်က ဒုတိယကမ္ဘာစစ်ထဲ စတင်ဝင်ရောက်လာတော့ လေတပ် စစ်စခန်းဟာဖြင့် ဘယ်လောက်တောင် နားငြီးလောက်စရာ ကောင်းလိုက်မလဲလို့ တွေးသာကြည့်လိုက်ပါတော့။ အင်ဂျင်စက်ကြီးတွေရဲ့ ကြောက်မက်ဖွယ် အသံတွေ၊ အချင်းချင်း ပစ်ခတ်ကြတဲ့ ပေါက်ကွဲသံတွေ ကဗျာတစ်ပုဒ် စာတစ်ပုဒ် စပ်အုံးမလား။ နည်းပညာဆိုင်ရာ ဆက်သွယ်ရေးဆိုင်ရာ စက်မူပိုင်းဆိုင်ရာ တိုးတက်မြင့်မားလာမူအောက်မှာ တုန်ခါသံတွေကလည်း တိုးလာတယ် ဆိုပါတော့။ လေယာဉ်မူူးတွေလည်း ဒါတွေကို တော့ဖြင့်ငြီးငွေ့လာကြပီပေါ့။ စစ်အတွင်း အမေရိကန်လေယာဉ်ပျံတွေဟာ ခက်ခက်ခဲခဲနဲ့ ဆင်းသက်ရ၊ ဘေးမသီရန်မခ ဆိုတာဟာ တော်တော်လေး ရှားပါးတယ် လို့ဆိုရမှာပါ။

၁၉၄ဝခုနှစ် နွေအကုန်လောက်မှာ ဆိုပါစို့။ ဗြိတိသ ျှစစ်တပ်ဟာ လန်ဒန်ကို အစောကတည်းက သိမ်းခဲ့ပီးသားဖြစ်ပါတယ်။ သည်တော့ အမေရိကားမှာလည်း လေတပ်ဟာ စစ်အတွက် ကြိုတင်ပြင်ဆင်မူတွေ လုပ်ထားသင့်တယ်လို့ ဆုံးဖြတ်ထားပါတယ်။ အချိန်အနည်းငယ်အတွင်းမှာ တိုက်ခိုက်မူတွေမှာ အသုံးတည့်မယ့် သုတေသနပညာရှင်တွေ၊ ထိမ်းသိမ်းရေးမှူးတွေလိုအပ်တယ်လို့ စဉ်းစားနေကြတဲ့အခိုက် ဒီအလုပ်ကို ခေါင်းဆောင်ပေးမယ့်သူ Leo Beranek (လီရို ဘားနက်) ဆီရောက်လာတယ်။ သူက ဟားဗက်က ရူပဗေဒပညာရှင်ဖြစ်ပီး သိပ္ပဒီဂရီဆိုင်ရာ ဒေါက်တာ ပူပူနွေးနွေးလေး ဖြစ်ပါတယ်။ ဘားနက်က ရုတ်တရက်ဆိုသလို သူ့ကို တာဝန်ပေးအပ်ခံရတာအပေါ် နည်းနည်းတော့ စိတ်လှူပ်ရှားမိတယ်ပေါ့။ သူက ချက်ချင်းဆိုသလို လေတပ်နဲ့ စကားပြောဖို့ လုပ်တယ်။ စိတ်ပညာဗေဒနဲ့ ရူပဗေဒဆိုင်ရာ ထိပ်တိုက်ဗေဒ ဆိုပါတော့လေ။ အသံ၏ သဘောတရားကို ဆွေးနွေးဖို့ လေ့လာဖို့ ။ အဲသည် ဌာန ၂ခု ကို ပေါင်းစီးလိုက်တော့ ဘာတဲ့ “စိတ်ပညာ-အသံဗေဒ“ ဆိုပီး ပေါ်လာတယ်။ ဘားနက်က သူ့စိတ်ကြိုက် ဟားဗက်က စိတ်ပညာရှင် အသက် ၃၇ နှစ်အရွယ် Stanley Smith (စတန်လီစမစ်) ကို ရွေးတယ်။ စတန်လီစမစ် ခေါ် စမစ်တီ ခေါ် စတီဗင် တဲ့။

ရွေးတာတော်ပါတယ်။ အဲသည်စတီဗင်ဆိုတဲ့သူက ကြံ့ခိုင်တယ်၊ သူ့အဖိုးဆီက ခရစ်ယာန်ဘာသာဆိုင်ရာ ဘာသာရေးအမွေတွေရထားတယ်။ ပြီးတော့ သူကရိုးရိုးဘွင်းဘွင်းသမား။ သူက အလုပ်ကို စိုက်စိုက်မတ်မတ်လုပ်တတ်တယ်။ သူက ပြောထားရင် ပြောတဲ့အတိုင်း တသွေမသိန်း လုပ်လိုက်ရမှ။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး စိတ်ပညာဗေဒပညာရှင် လို့မှတ်ယူရမယ့်သူပါ။ စတီဗင်လုပ်ရတာက ရှင်းပါတယ်။ အရည်အချငး်ရှိတဲ့ သူတွေကိုငှားမယ်၊ လိုအပ်တဲ့ ပစ္စည်းကရိယာ ဝယ်မယ်၊ သူတို့ကို ၁နေ့ ၁၄နာရီခိုင်းမယ်။ ပထမကမ္ဘာစစ်အပြီးမှာ စတီဗင့်အလုပ်ရုံမှာ သုတေသနပညာရှင် အယောက် ၅ဝနီးပါး မွေးထားပီးပီ။

ကဲ စဉ်းစားကြည့်လိုက်ရအောင်။ ပထမဦးဆုံး သူ့အလုပ်ရုံမှာ ခန့်ခံခဲ့ရသူဘယ်သူ ဖြစ်မလဲလို့။ အသက် ၂၇ နှစ်အရွယ် J.C.R Licklider( ဂျေ-စီ-အာ် လစ်လီဒါ ) ပေါ့။ (ဒီစာအုပ် ရဲ့ ဇာတ်လိုက်ဖြစ်လာမယ့်သူ)။ သူနဲ့၅ မိနစ်လောက် စကားပြောအပြီးမှာ ရွေးဖို့ဆုံးဖြတ်ဖြစ်သွားတယ်ပေါ့။ ၁၉၄၂ခုနှစ် နွေဦးရာသီကာလရဲ့ အင်တာဗျူးအပြီးမှာ သူက “ကျွန်တော့အတွက် သည်ကောင်လေး လိုအပ်တယ်၊ ကျွန်တော့်အတွက် တပည့်တစ်ယောက် ရပါပီ“ လို့ထုတ်ပြောခဲ့ပါတယ်။

သူတို့နှစ်ယောက် ရင်ဘတ်ချင်း တူတယ်တဲ့။ လစ် ရဲ့ အမြင်နဲ့ စတီဗင်လုပ်နေတဲ့ အလုပ်နဲ့ ဘက်ညီတယ် ဆိုပဲ။ စိတ်ကူးဆိုင်ရာ အမြင်တွေကို အပြင်ကို ဆွဲထုတ်ပေးဖို့ လစ် က တာဝန်ယူမယ်၊ ဘားနက်ရဲ့ အလုပ်ရုံမှာ ရူပဗေဒပညာရှင်တွေနဲ့ လ ျှပ်စစ်အင်ဂျင်နီယာတွေနဲ့ ဆက်သွယ်ပေးမယ်။ စတီဗင် ကမ်းလှမး်ထားတဲ့ “စိတ်ပညာဆိုင်ရာ အသံဗေဒ အလုပ်ရုံ“မှာ ၁၉၄၂နွေရာသီကစလို့ အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ပေးဖို့ လစ်က ချက်ချင်းလက်ခံလိုက်တယ်။

ဟားဗက် တက္ကသိုလ်ရဲ့ အဲသည်တုန်းက ခေတ်ကာလ ဆိုင်ရာအရ ပြောရရင်တော့ အဲသည်အလုပ်ရုံဆိုတာဟာ ပတ်ဝန်းကျင်််််််််််အားဖြင့် ဆိုးဝါးတယ် စိတ်ဝင်စားဖွယ်မကောင်းပဲ ညီးငွေ့ဖွယ် ဖြစ်ပါသတဲ့။ ဒါကြောင့် ဝန်ထမး်တွေက ငရဲခန်း လို့ခေါ်ကြတယ်။ ခေါ်လောက်ပါတယ်။ သုတေသနလုပ်ရတဲ့ အဲသည် ဟားဗာ့ ရိပ်သာဟာဖြင့် စစ်ဖက်ပိုင်းဆိုင်ရာ အချက်အလက်တွေအတွက် နေရာလုံးဝမရှိသလောက်ပါပဲ။ ဒါကို ဘယ်သူမှလည်း သဘောမကျပါဘူး။ ဒါ့အပြင် အသံပိုင်းဆိုင်ရာ သုတေသနလုပ်ရတဲ့ အလုပ်ခန်းက ဟားဗက်ရိပ်သာ ရဲ့ ပြင်ပက ဝင်ရတဲ့ တံခါးပေါက်။ အဲသည် နေရာဟာ ဗစ်တိုးရီးယားတို့ ဂေါသစ်တို့ခေတ်က အမှတ်တရ ခန်းမကြီးရဲ့ မြေအောက်ခန်း လို့ဆိုပါတယ်။ သည်တော့ အုတ်နီခဲရောင် ဘုရားရှိခိုးကျောင်းကို မျက်စိထဲမြင်ကြည့်လိုက်ပါ။ စစ်ပွဲတွေ ဆင်နွဲခဲ့ရတဲ့ နန်းတော်ပုံစံမျိူး။ အပြင်ဘက်ထုတ်ထားတဲ့ မြေအောက်ခန်းတံခါး ကနေကြည့်ုလိုက်ရင် ဘယေ်နရာကု ိရောက်လို့ ဘယ်ပေါက်နေတယ်ဆိုတာ မသိနိုင်မမြင်နိုင်တဲ့ အနေအထားပါ။ အတွင်းကို ဝင်ကြည့်လိုက်ဦးမလား။ စတီဗင်ကိုယ်တိုင်တော့ အဲသည်ထဲ ဝင်သွားရတာကိုက တကယ့်ကို ငရဲတွင်းထဲပါပဲတဲ့။ လစ် တစ်ယောက်ရဲ့ ပထမဦးဆုံး ရုံးတက်တာကို ပြောရရင် သူလည်းပဲ လောင်ကျွမ်းနေတဲ့ ပိုက်လုံးကြီးထဲက ကျိူးပဲ့နေတဲ့ ရုံးခန်းတွေကြားထဲ ရောက်သွားရသလိုပါ။ အလုပ်ခန်းထဲကို ခပ်သွက်သွက် ဝင်လိုက်မိတော့ ဖုန်အလိမ်းလိမ်းတက်နေတဲ့ အဆောက်အဦပျက် ကြီးဖြစ်နေတယ်။

စတီဗင်ကတော့ ဒီပြဿနာကို ခပ်မြန်မြန်ပဲ ဖြေရှင်းတယ်။ စတီဗင် ဟာ တဲ့။ သူရင်ဆိုင်နေရတဲ့ အဓိကလုပ်ငန်းစဉ်ကို ခပ်သွက်သွက်ပဲ လုပ်သွားတယ် လို့ Georgw Miller (ဂျော့မေလာ) က စတီဗင် ၁၉၇၃ ခုနှစ်ကွယ်လွန်ချိန်တုန်းက အမှတ်တရပြောပြသွားတယ်။ “ပြောရရင် သူအလုပ်လုပ်ပုံက ပြေးလွှားနေသလို အားကုန်မောင်းနေတာပါ“ ။ စတီဗင့် ဘွဲ့က “ဒါရိုက်တာ“ ပါ။ သူက အဲဒီလိုကြီး နေတာမဟုတ်ဘူး ဆိုပါတော့။ မုန်တိုင်းကြားထဲ ရှိရှိသမ ျှ တာဝန်ယူပြီး သိမ်းကြုံးလုပ်နေသလိုပါပဲ။ မြန်မြန်လုပ်ရင် မြန်မြန်ပီးမယ် မြန်မြန်ငရဲတွင်းထဲက ထွက်ရမယ် အဲသလိုခံယူထားပုံပါ။

မစ်လာရယ် လစ်ရယ် ပြီးတော့ နောက်အဖွဲ့သားတွေရယ်ဟာ အဲသည် ပတ်ဝန်းကျင်ဆိုးထဲမှာ စီမံခန့်ခွဲမူ တွေနဲ့ အတူတကွ လုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ စတီဗင့်ကို ကြည့်ပီး အားလုံးစိတ်ပါလက်ပါ ဖြစ်သွားကြတယ်လို့ ပြောလို့ရပါတယ်။ သူကလေ.. ရုံးခန်းတံခါးဝကို ဖြတ်ကနဲရောက်လာပီး “ခင်ဗျားတို့ ဘာလုပ်ရမယ်ဆိုတာ သိတယ်မဟုတ်လား“ လို့ အသံဗြဲကြီးနဲ့ အော်ပါတယ်။ ပြောရရင် လူလိုသူလို နှူတ်ဆက်ကြတဲ့ “ဂွတ်မောနင်း“ ဆိုတဲ့ အခြေခံယဉ်ကျေးမူ စကားလုံး မျိူးကို ဟန်ဆောင်ပန်ဆောင် ပြောမနေဘူးပေါ့။ အရေးကြီးတာ သူ့ အလုပ်ခန်း အသက်ဝင်နေဖို့။ “ အဲသည်အလုပ်ခန်းဟာဖြင့် သူ့မိသားစုပဲ။ အဖွဲ့သားတွေဟာ ကိုယ့်တာဝန်ကိုယ်ယူကြ။ သူတို့ဟာ သည်မိသားစုဝင်တွေဖြစ်တယ် တူတွေ မောင်နှမဝမ်းကွဲတွေ ဆွေမျိူးတွေ”လို့ မစ်လာက ရေးခဲ့တယ်။ “စည်းနဲ့ကမ်းနဲ့ သည်ခရီးကို ဆက်လျောက်နေကြပါတယ်။ အဖွဲ့သားတွေ အားလုံး ကောင်းကျိူးအတွက်ပါ။ “ မိသားစုဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီတဲ့ ပျော်ပွဲစားထွက်တာ ညစာထွက်စားကြတာ စနေတနင်္ဂနွေ ခရီးထွက်ရင်းနဲ့ အလုပ်တွေပါ သယ်ပီး လုပ်ကြတာ နွေရာသီနဲ့ ဆောင်းရာသီတွေမှာ စကိတ်စီးကြတာတွေလည်း ပါပါတယ်။

အခု လစ် အကြောင်းကို ပြောရရင် သူကလည်း လူတမျိူးပါ။ သူကလည်း စတီဗင့်လောက်တော့ အသာလေး။ သူက ပိုသာတာက ပျော်တတ်တယ်။ “လစ်အကြောင်း မှတ်မိသလောက် ပြောရရင် သူ အလုပ်ခန်းမှာ လုပ်ရင်းက စမစ်ရဲ့ သဘာတူချက်နဲ့ ရန်ပုံငွေထားတဲ့ စနစ်ကို လုပ်တယ်။ မိသားစု ဘဏ္ဍာငွေစုခြင်းပေါ့။“ လို့ Karl Kryter (ကားလ်ခရစ်တာ) ကပြောပြတယ်။ သူက ရော့ချက်စတာ တက္ကသိုလ်မှာတုန်းက လစ်ရဲ့ အခန်းဖော်လဲဖြစ် အရင်းနှီးဆုံးသူငယ်ချင်းလည်း ဖြစ်ခဲ့တယ်။ “သူက တနေ့တော့ အဝတ်ရောင်းတဲ့ဆိုင်ကို သွားပီး ၀ါယာကြိုးလို ဟာတွေ ဝယ်လာတယ်။ ပြီးတော့ အလုပ်ခန်းထဲမှာ အဲဒါတွေနဲ့ အလုပ်လုပ်နေလိုက်တာ နောက်တနေ့ ကူူးတဲ့တိုင်အောင်ပဲ။ အဲဒီ ဟာကို သူက စနက်ပီ လို့အမည်ပေးလိုက်တယ်။ ပြောရရင် ဒါမျိူး ကို တက္ကသိုလ်မှာ စမ်းသပ်ခန်းသုံးဖို့ အပ်ရင် ၂လကနေ ၃လ ကြာတယ်။ သူကအဲဒါကို လွယ်လွယ်ကူကူလုပ်လိုက်တာ။ အဲသည်ဝါယာကြိုးအဆက်တွေနဲ့ သူဟာ အသံချဲ့စက်တွေမှာ သုံးလို့ရအောင် လုပ်ပေးတယ်။ သူလိုချင်တဲ့ ပုံစံကို တီထွင်လိုက်တာ ဖြစ်ပါတယ်။“

အဲသည် “စိတ်ပညာဆိုင်ရာ အသံဖွဲ့စည်း တည်ဆောက်မူ အလုပ်ခန်း“ သုတေသနမှာ လစ်လုပ်ခဲ့တာတွေက အသံလှိူင်းတွေကို နားလည်စေတဲ့ လုပ်ငန်းစဉ်ပါတယ်၊ ရေဒီယို တယ်လီဖုန်း အချက်ပြအမှတ်အသားတွေက နားဆင်သူရဲဲ့ လက်ခံပေးမူဆိုင်ရာ ခံစားမူစွမ်းရည်ကို သိရှိစေတဲ့ သုတေသနတွေ ဖြစ်တယ်။ သူကိုယ်တိုင်တောင်မှ အဲသည်တွေ့ရှိမူ သုတေသနတွေကို အံ့သြမိတယ်ဆိုတယ်။ တခြားသူတွေတော့ ဆိုဖွယ်ရာမရှိဘူး ဆိုပါတော့။

သူက A E I O U (အေ အီး အိုင် အို ယူ) ဆိုတဲ့ အင်္ဂလိပ်စာလုံးတွေကို အခြေခံပီး အသံထွက်စနစ်နဲ့ တည်ဆောက်တဲ့ ပုံစံကို တွေ့ရှိခဲ့တယ်။ အဲသည်စနစ်ကို သုံးပြီး နောက်ခံ အသံကို ထုတ်တယ်။ အဲသည် တွေ့ရှိချက်က ထိုဓါတ်ခွဲခန်း အလုပ်ရုံအတွက် သိပ်ကို ရှေ့ရောက်သွားစေတယ်။ ဒါကို လစ်က လူတိုင်း နားလည်မယ့် စကားလုံး Peak Clipping “ ပိခ် ကလစ်ပင်း “ လို့ခေါ်လိုက်တယ်။ (ပိခ် ကလစ်ပင်းဆိုပြီး လူတိုင်းနားလည်တဲ့စကား လို့ဆိုလိုက်သောလည်း ကိုယ့်မှာ နားမလည်ဘူး ဖြစ်သွားတယ်။ သချာင်္ဘာသာရပ်မှာ ဆိုရင် (ဆိုင်းဥပဒေသ) Sine Rule ကို ဂရပ်ဆွဲပြပြီး ရှင်းပြရင်ပိုလွယ်တယ်။ လူတိုင်း နားလည်အောင်လည်း ရှင်းမပြတတ်ဘူး။ သူ့အဓိပ္ပါယ်ကို အတိအကျဖော်ထုတ်ပါက peak ဆိုတာ အမြင့်ဆုံး ထိပ်ဆုံးကို ပြောတာပါ။ အသံလှိူင်း၏ အမြင့်ဆုံးနေရာပေါ့။ clipping က ဖြတ်တာ၊ တိတာ။ ဆိုတော့ အသံလှိူင်းထိတ်ဆုံးပိုင်းကို တိချလိုက်တာ ဖြတ်ချလိုက်တာ။ သည်လို အသံလှိူင်းဆိုင်ရာ အခြေခံသဘောတရားတွေနဲ့ လစ် က ဂရပ်တွေဆွဲခဲ့တယ်၊ အသံလှိူင်းတွေကို ဖော်ထုတ်ခဲ့တယ်လို့ ပဲဆိုကြပါစို့။) ဒီတွေ့ရှိချက်အကြောင်းပြောတာနဲ့ လစ် ဆိုတဲ့နံမယ်က တွဲပီး ပါလာရတော့တာပါပဲ။

သူ့အကြောင်း ဆက်ရရင် သူက… လစ် က.. မွေးရာပါ ခေါင်းဆောင် ဖြစ်လာသူလို့ ဆိုရမှာပါ။ နောက်တော့ လစ်ရယ်၊ ခရစ်တာရယ်၊ သုတေသနပညာရှင် တော်တော်များများရယ် အပါအဝင်တို့ကို အဲဒီအလုပ်ခန်းကနေပီးတော့ ဖလော်ရီဒါမှာ အခြေစိုက်တဲ့ လေတပ်စခန်းဆီကို အခေါ်လွှတ်ကာ စစ်ပိုင်းဆိုင်ရာ ရေဒီယိုအချက်ပြ စခန်းဆီကို ပို့ခဲကြရပါတယ်။ အဲသည်အဖြစ်တွေဟာ လစ်အတွက် နောက်ပိုင်းကျတော့ စိတ်ဝင်စားဖွယ် ဝတ္တုဇာတ်လမ်းတွေ ဖြစ်လာပါတယ်။ အဲသည်စခန်းကို ရောက်ရောက်ချင်း တစ်ဦးချင်းဆီကို သူတို့ရာထူးက ဘာလဲ ဘယ့်နဲ့ နဲ့စစ်ဆေးခံရတော့ သူတို့က သူတို့ကိုယ်သူတို့ “ဗိုလ်” လို့ဖြေကြတော့ သူတို့ကို အခန်းကျဉ်းကလေးတွေဆီ ပို့လိုက်တယ်ပေါ့။ အဲ … ဒါပေမယ့် လစ် ကတော့ သူ့ကိုယ်သူ “ဗိုလ်မှူး“ လို့ဖြေလိုက်တယ်။ ဒါနဲ့ သူက အရာရှိတွေ ရိပ်သာမှာ အခန့်သားနေရာပေးခံရပါတယ်။ သို့ပေမယ့် သူတို့အားလုံး ညစဉ် တွေ့ဆုံပျော်ပါးကြတော့ အတူတူပါပဲ။ လစ်က အိပ်တောင်အိပ်ရဲ့လားမသိ၊ အလုပ်တွေလည်းလုပ် ပါတီပွဲတွေလည်း ညစဉ်နွဲပေါ့။

လစ် ဟာ Louise Carpenter Thomas (လူဝှစ် ကာပန်ဒါသောမတ် ) ဆိုတဲ့ အသက် ၂၃နှစ်အရွယ် အမျိူးသမီးအတွင်းရေးမှူးမလေးနဲ့ ခင်မင်ရင်းနှီးခဲ့ကြတယ်။ အဲသည်တုန်းက အတွင်းရေးမှူးမိန်းခလေးဆိုလို့ ၂ယောက်ပဲရှိပါတယ်။ (သည်နေရာမှာ ဘာသာပြန်သူအနေနဲ့့ ဖြတ်ပြောရရင်တော့ သူတို့၂ယောက် အကြောင်းတွေကို စာရေးဆရာက စာ၂မျက်နှာလောက် ကျယ်ကျယ်ပြန့်ပြန့်ရေးထားပါတယ်။ အဒီမိန်းခလေးမှာ အိမ်ထောင်ရှိတယ်။ သူတို့၂ယောက်က အလုပ်ခန်းမှာ တွေ့ကြတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတယ်။ လူဝှစ် က လစ်ကို ရယ်စရာမောစရာတွေ ပြောတတ်တဲ့သူတစ်ယောက်အဖြစ် မြင်တယ်။ ပျော်ပျော်နေတတ်တယ်၊ အကြံညဏ်တွေလည်း ထုတ်နေတတ်တဲ့သူ လို့ဆိုထားပါတယ်။ နောက်တော့ လူဝှစ်ဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ ၁၉၄၄မှာ ကွာရှင်းခဲ့ကာ လစ်နဲ့ ၁၉၄၅ ခုနှစ် ဇန်နဝါရီ ၂ဝမှာ လက်ထပ်ခဲ့ပါတယ်။ ဒါလောက် အတိုချူပ်ပဲ သိထားရင် ဖြစ်တာကြောင့် ယခု ငရဲခန်းက အကြောင်းတွေ ဆက်ပါ့မယ်။)

သိပ်တော့မလွယ်ဘူးလေ။ စဉ်းစားကြည့် သည်လောက် အလုပ်တွေများ၊ ခက်ခဲ ပီး ငရဲလိုအခန်းမှာ အလုပ်လုပ်နေကြရတဲ့ အချိန်မှာ သူက (လစ်ကို ပြောတာပါ) အချစ်ရေးကိစ္စတွေ၊ အိမ်ထောင်ရေးကိစ္စတွေက ပါဝင်ပတ်သက်လာနေတယ်ဆိုတော့။ ဒါပေမယ့် အဲသလိုဆုုိပီး သူ့ကို အလုပ်မှာ လစ်ဟာသွားတဲ့သူလို့ပြော လို့မရအောင် လစ် ဟာ သူ့အချိန်တွေ ကို အလစ်မပေးပဲ အဆုံးမရှိ အလုပ်တွေလုပ်နေတယ်။

“သူက အလုပ်ခန်းထဲမှာ တချိန်လုံး နှစ်မြုပ်နေတာပါပဲ” လို့ သူနဲ့အတူတူလုပ်တဲ့ လီရို ဘားနက်က ပြောပြပါတယ်။ သူ့ဇနီးဖြစ်လာတဲ့ လူဝှစ် ကလည်း သူ့ယောကျင်္းက တချိန်လုံး တွေးခေါ်ကြံဆနေတာ၊ အကြံညဏ်တွေ ထုတ်နေတာ ကို သိတယ်။

“သူက ဘာဆက်လုပ်ရမယ် ဆိုတာကို တချိန်လုံး တွေးနေတော့ကာ ခုနက ရတဲ့ စိတ်ကူးတောင် ဟောင်းသွားပီ။ သူစိတ်ဝင်စားပါတယ်ဆိုတာကလည်း ဖြတ်ကနဲဆို သိပ်စိတ်မဝင်စားတော့ဘူး ဖြစ်သွားတတ်ပါတယ်။ သူက ရူပဗေဒကို လေ့လာချင်တယ်။ သချာင်္ဘာသာကိုလည်း လေ့လာကြံဆချင်တယ်။ သူက တစ်ခုခုကို လေ့လာချင်ပြီဆိုရင် အဲဒီဘာသာရပ်မှာ ထိတ်ဆုံးရောက်နေတဲ့သူနောက်ကို လိုက်တော့တာပဲ။ “ လို့ လစ်ရဲ့ ဇနီးသည် လူဝှစ် က လစ် အကြောင်းတွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

မမေ့သွားအောင် ထပ်ပြောရရင်တော့ လစ်က ကွန်ပြူတာတွေနဲ့ ပတ်သက်တဲ့ ရှည်လျားတဲ့ လမ်းတစ်ခုကို ဖောက်နေတာပါ။ ကွန်ပြူတာဆိုတဲ့ ပန်းတိုင်ကိုရောက်မယ့် ကြီးကျယ် တဲ့ လမ်းတစ်ခုကို ဖောက်နေတာပါ။ သူက သူစိတ်ဝင်စားတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်လို့ ထိတ်ဆုံးရောက်နေတဲ့သူတွေဆီ မရရအောင် လိုက်နေတယ် ဆိုတာက သူ့ကို တစ်ခုခု သင်ပေးဖို့၊ သူ ဟားဗက်မှာ သင်ကြားခဲ့တာတွေနဲ့ မတူတဲ့ အကြောင်းအရာတွေကို သူ့ကို ပို့ချဖို့ ဖြစ်ပါတယ်။ သည်လိုနဲ့ သူဟာ ယခု ရောက်ရှိနေတဲ့ ကန်းဘရစ်ကနေ ၂မိုင်အကွာက မက်ဆက်ချူးဆက် စက်မူတက္ကသိုလ် Massachusetts Institute of Technology (MIT) က သူ့ကို ပညာတွေသင်ပေးမယ့်သူတွေရှိရာအရပ်သို့ တပည့်ခံရန် သွားခဲ့ပါတော့တယ်။

(ဖြည့်စွက်ချက်။ လစ်ဟာ ဟားဗက်တက္ကသိုလ် က အလုပ်ခန်းမှာ ၁၉၄၃မှ ၁၉၅၀ သုတေသနဆိုင်ရာ အလုပ်လုပ်သူအနေနဲ့ တာဝန်ယူထားရုံမက ကထိက အဖြစ်လည်း စိတ်ပညာဆိုင်ရာ အသံဗေဒ ဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။)

ဂျူနီယာဝင်း
(ဆက်လက်ဖော်ပြပါမည်)

Thursday, December 6, 2018

ဂျူနီယာဝင်း – မစ်ဇူရီကကောင်ကလေး. သို့မဟုတ်- ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(2)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(၂)

ဂျူနီယာဝင်း – မစ်ဇူရီကကောင်ကလေး
(အတွေးအမြင် အမှတ် ၃၁၆ ၂၀၁၈ ဒီဇင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၅၊ ၂၀၁၈



(2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine မှ Missouri Boys အခန်းကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့ လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။)

(Joseph Carl Robnett Licklider (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ ။ သူ့ကုုိ အတိုုကောက် J.C.R ဒါမှမဟုုတ် ‘Lick’ လစ် လိုု့သိထားပါတယ်။ သူက အမေရိကန်လူမျိူး စိတ်ပညာပညာရှင်၊ ကွန်ပြူတာသိပ္ဗံပညာရှင် တစ်ဦးဖြစ်ပါတယ်။ အခုဘာသာပြန်တင်ဆက်မူမှာ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို အခုလို ကွင်းစကွင်းပိတ်များနဲ့ ဖော်ပြသွားပါ့မယ်။ ခံစားဖတ်ကြည့် ကြတာပေါ့)

ဂျိူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ ကလူတွေအထင်ကြီးအောင် မလုပ်ဘူး။ သူ လူတွေဘာမှန်းမသိသေးတဲ့ ကွန်ပြူတာကြီး တွေကြားထဲ အလုပ်လုပ်နေတုန်းကတောင် အရာရာကို ဒါတွေက အလွယ်လေးတွေပါ ဆိုတဲ့အနေနဲ့ လုပ်နေတာ။
“လစ်က ကျွန်တော်သိသမျှသူတွေထဲမှာ ဉာဏ်ကြီးရှင်အကြီး တက အကြီးဆုံးပါပဲဗျာ” လို့ William McGill (ဝီလီယမ် မတ်ဂီးလ်) က သူမကွယ်လွန်ခင် ၁၉၉ရခုနှစ် သူ့အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။ (ဝီလီယမ် မတ်ဂီးလ် အကြောင်းပြောရရင် သူက အမေရိကန် စိတ်ပညာပညာရှင်၊ ကိုလန်ဘီယာတက္ကသိုလ်၏ ၁၆ယောက်မြောက် ဥက္ကဌဖြစ်ခဲ့သူ။) မတ်ဂီးလ် ကပြောပြရာမှာ သူက (လစ်ကိုုပြောတာပါ) ၁၉၄၈ခုနှစ် ဟားဗတ်တက္ကသိုလ်ကို စိတ်ပညာတက္ကသိုလ် ကျောင်းသားတစ်ယောက်အဖြစ် ရောက်လာတုန်းကပေါ့လို့ ဆိုပါတယ်။

“လစ်က သချာင်္ပညာနဲ့ ပတ်သက်တဲ့ သက်သေပြချက်တွေကို သိနေတယ်၊ သူက သေချာတွက်ချက်တာမျိူး မဟုတ်ပဲနဲ့ သူ့အသိက အလိုလို သိနေတာမျိူးပေါ့။ လူတွေက သချာင်္သင်္ကေတတွေနဲ့ ဆက်စပ်ပုံတွေကို တွက်ချက်နေတုနး်မှာ သူက အဲသည်ဆက်သွယ်ချက်တွေကို သိနေတာ။ ပြောရရင်တော့ သူဟာ သင်္ကေတတွေနဲ့ ပတ်သက်လာရင် လျိူ့ဝှက်ချက်တွေကိုတောင် သိနေလောက်အောင် ဉာဏ်ကြီးရှင် ဖြစ်နေတာဗျ။ အဲဒါဘယ်လိုလုပ်သိသလဲ လစ်က အဲဒါတွေ မသင်ကြားရပဲ အလိုလို ဘယ်လိုလုပ်မြင်နေတာတုန်း။”

“လစ်နဲ့ ပုစ္ဆာတစ်ပုဒ်ကို ပြောကြတော့…”  မကြာမီ ကိုလန်ဘီယာတက္ကသိုလ်မှာ ကျောင်းအုပ်ဖြစ်လာမယ့် မတ်တ်ဂီးလ် ကဆက်ပြောပါတယ်။ “ကျွန်တော့်ကိုယ်တိုင် တောင် စမ်းသပ်ကြည့်မှ အဖြေရမယ့် IQ ပုစ္ဆာတွေတွက်တာ သူက အမှတ်တွေ ၃၁ မှတ် အပြည့်ပေးနိုင်လောက်အောင် သူက အဖြေကို သိနေတယ် သူဟာ တကယ် ဉာဏ်ကြီးရှင် ပါပဲ။“

ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဟားဗတ်က စိတ်ပညာ-အော်ဂတ်စတစ် ဓါတ်ခွဲခန်းမှာ အတူလုပ်ခဲ့ဖူးတဲ့ George A. Miller (ဂျော့ အေမီလာ) ကလည်း လစ်အပေါ် လေးစားလောက်တဲ့ အမြင်မျိူး ချခဲ့ဖူးပါတယ်။ (ဂျော့အေမီလာ အကြောင်း ပြောရရင်တော့ သူကလည်းအမေရိကန် စိတ်ပညာရှင်တစ်ဦး၊ စိတ်ပညာဆိုင်ရာ နယ်ပယ်တစ်ခုကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။)

“လစ်ဟာ အမေရိကန်သားကလေးပါ။ အရပ်ရှည်ရှည်၊ အသားလတ်လတ်၊ ကြည့်ကောင်းတဲ့ ကောင်ကလေးပေါ့။ သူဘာလုပ်လုပ် အဆင်ပြေတဲ့ပုံပေါ့။“ မီလာက နောက်နှစ်တွေကြာလာတော့လည်း အခုလို မှတ်ချက်ချပါတယ်။ “သူကတကယ့်ကို အလွန့်အလွန်ကို ညဏ်ရည်ထက်မြက်သူပါပဲ။ ဖန်တီးရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူကလေ … ဥပမာဗျာ တစ်ယောက်ယောက်က အမှားတစ်ခုလုပ်မိတယ်ဆိုရင် သူက အဲဒါကို ရယ်စရာအဖြစ် ပြောင်းပီး ဟာသလုပ်လုုိက် တတ်တယ်။ လစ်က ရယ်စရာဟာသတွေကို သဘောကျပါတယ်။ သူ့လက်တစ်ဖက်မှာ ကိုကာကိုလာ ပုလင်းလေးကို ကိုင်ပီး နေတတ်တဲ့ပုံက သူ့စတိုင်လို့ပြောရမလားပဲ။“

သူက လူတွေကို သရော်တဲ့သဘောမဟုတ်တာတော့ သေချာပါတယ်။ မီဇူရီအရပ်က ကောင်ကလေးက သူ့ဘေးကလူတွေကို ပြုံးသွားအောင် လုပ်တတ်တာပါ။ သူက ကမ္ဘာကြီးထဲကို အထီးကျန်စွာ ရောက်လာတာပါ။ သူနဲ့တွေ့သမ ျှလူတိုင်းဟာ သူ့အတွက်တော့ ကြီးကျယ်ပါသတဲ့။

ဟုတ်ပါတယ်။ သူကမစ်ဇူရီသားလေးပါ။ (Missouri ဆိုတဲ့အရပ်ဒေသက အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းမှာ တည်ရှိပါတယ်။ အဲသည်မှာ သူကကြီးပြင်းခဲ့တာဖြစ်ပါတယ်။) သူ့အမည်ရင်းက လစ်- ကလီဒါ။ သူ့မိသားစုက ပြင်သစ်-ဂျာမန် နှစ်နယ်စပ်ထားတာပါ။ သူက မစ်ဇူရီမှာ ပြည်တွင်းစစ် မဖြစ်မှီကတည်းက နေခဲ့တာပါ။ သူ့ဖခင် Joseph Licklider (ဂျိူးဇက်လစ်ကလီဒါ) က လယ်ယာလုပ်တဲ့သူပါ။ ဂျိူးဇက်က (သူက လစ်ရဲ့ဖခင်ပါ) စိတ်ဓါတ်ကြံံ့ခိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ၁၈၈၅ခုနှစ် သူ့ဖခင်ဟာ (အဲဒါ လစ်ရဲ့အဖုုိးကိုုပြောတာပါ) မြင်းတွေနဲ့ အလုပ်လုပ်ရင်း မတော်တဆဖြစ်ပြီး သေဆုံးသွားတယ်။ အဲသည်တုန်းက ဂျိူးဇက် က ၁၂နှစ် (လစ်ရဲ့ဖခင်) ။ သူ့စိတ်ထဲ မိသားစုတာဝန်ဟာ သူယူရမယ်လို့ ဆုံးဖြတ်ချက်ချတယ်။ သူ့မိခင်နဲ့ သူ့ညီမဟာ သည်လယ်ယာအလုပ်ကို မဦးဆောင်နိင်ဘူးလို့ သူတွေးတယ်။ မိသားစုုလုုိက် စိန့်လူဝီဒေသကို ပြောင်းသွားဖို့ လုပ်တယ်။ သူ့ညီမကို ဒေသဆိုင်ရာ ကျောင်းတက်ခုုိင်းရုုံတင်မက ကောလိပ် ပါတက်ခိုင်းတယ်။ သူက ဒေသဆိုင်ရာ ရထားလမ်းမှာ အလုပ်လုပ်တယ်။ သူ့ဘာသာသူတော့ စာရေးစာဖတ်နဲ့ ဒီဇိုင်းပညာ ကို သင်ယူတယ်။ လေ့လာတယ်။ ဒီပညာနဲ့ အလုပ်လုပ်ရာက စိန့်လူဝစ်မှာ စီးပွားရေးဆိုင်ရာ ကုန်သည်အလုပ်မှာ ဆရာကြီးဖြစ်လာတယ်။

သည်လိုနဲ့ မစ္စစ် Margaret Robnett (မာဂရက် ရိုနက်) နဲ့တွေ့တယ်။ “သူ့အသံလေးက သာယာလှတယ်။ သီချင်းဆိုနေတဲ့ အတိုင်းပါပဲ။ သူဟာ ကျွန်တော့ရဲ့ဖူးစာရှင်ပါပဲ။” လို့သူက မြင်မြင်ခြင်း သဘောကျသွားခဲ့တယ်။ နောက်မကြာမီ သူတို့လက်ထက်ခဲ့ကြတယ်။ တစ်ဦးတည်းသော သားတစ်ယောက်ထွန်းကားတယ်။ ၁၉၁၅ခုနှစ် မတ်လ ၁၁ ရက်နေ့။ သူ့နံမယ်ကို ဖခင်ရဲ့အမည် ဂျိူးဇက်၊ မိခင်ရဲ့ ကွယ်လွန်သွားတဲ့ မောင်ရဲ့အမည် Carl Robnett (ကားလ်ရော့ဘ်နက်) အမည်ပါအောင် ပေးလိုက်ပါတယ်။ (အဲဒါ အခုဆောင်းပါးရဲ့ဇာတ်လိုက် ဖြစ်လာမယ့် သူ မွေးဖွားလာပုံ။ Joseph Carl Robnett Licklider (ဂျိူးဇက် ကားလ် ရော့ဘ်နက် လစ် ကလီဒါ။)

ကလေးလေးက အထီးကျန်ဆန်နေတဲ့ ပုုံပေါက်နေတာကုုိတော့ နားလည်လောက်ပါတယ်။ သူ့ဖခင်က အသက်၄၂နှစ် မိခင်က ၃၄နှစ်ဆုုိတဲ့ အသည်ခုုနှစ် အဲသည်ခေတ်ကာလ အရပြောရရင် အသက်ကြီးမှ ပထမဆုုံးရတဲ့ ကလေးလည်းဖြစ်ပြန်တော့ ကလေးလေးအပေါ် အလုုိမလုုိက်၊ စည်းကမ်းတင်းကြပ်၊ သူတုုိ့ဘာသာရေးအတွေးအခေါ် ကြားထဲ သွန်သင်ဆုံးမမူအောက်မှာ ကြီးပြင်းခဲ့ရပါတယ်။ ဒါပေမယ့် သူတုုိ့က နွေးထွေးပီး ကြင်နာတတ်တဲ့ သူတွေပါ။ သူတုုိ့သားလေးကိုု ချစ်ပြီး တလျောက်လုုံး ဂရုုတစုုိက်မွေးခဲ့ကြပါတယ်။ လစ် ကလေးကလည်း နှစ်ဖက်မိဘတွေအတွက် တဦးတည်းသော မြေးကလေးဖြစ်နေပြန်တယ်။ သူကြီးပြင်းလာတဲ့အခါ မိဘတွေက စန္ဒယားတီး၊ တင်းနစ်ရုုိက်ဖုုိ့ စသဖြင့် သူလုုပ်ချင်တာတွေ လုုပ်ကြည့်ဖုုိ့ သင်ဖုုိ့အားပေးတယ်။ အထူးသဖြင့် သူလုုပ်ချင်တာက နည်းပညာနဲ့ပတ်သက်တာမှန်သမ ျှ အကုုန်ဆုုိပါတော့။ သူကလည်း ဘယ်သူ့ကုုိမှ စိတ်ပျက်အောင်မလုုပ်ဖူး။ သူက ထက်မြက်တယ်၊ တက်ကြွတယ်၊ ဟာသဉာဏ်ရှိတယ်၊ သိချင်စပ်စုုချင်တယ်၊ အတတ်ပညာ နည်းပညာတွေကုုိ အကုုန်ကြိုက်တယ်။

သူအသက်၁၂နှစ်မှာ ဆုုိပါတော့။ စိန့်လူးဝစ်ဒေသမှာ သူနဲ့ ကောင်ကလေးတွေ လေယျာဉ်ပျံ ပုုံစံတုုတစ်ခုုကိုု တည်ဆောက်ကြဖိုု့ စိတ်ဝင်စားကြတယ်။ သူတုုိ့အရပ်ဒေသက လေယျောဉ်ပျံစက်မူလုုပ်ငန်းနဲ့ ပတ်သက်ပြီး စတင်တုုိးတက်ဖုုိ့တာစူနေတဲ့ကာလ ဖြစ်လုုိ့လဲ ဖြစ်နုုိင်သလိုု ချားလ် လင်းဘတ်ကလည်း ပူပူနွေးနွေး သူ့တကုုိယ်တောင် တစ်ယောက်စီး Spirit of Saint Louis (စပရစ်အော့် စိန့်လူးဝစ်) လေယျောဉ်လေးနဲ့ အန္တလန်တိတ်ကုုိ ဖြတ်သန်းပျံပြတာ အောင်မြင်ကာစ ဖြစ်တာကြောင့်လည်း ဖြစ်နုုိင်ပါတယ်။

ဘာပဲဖြစ်ဖြစ်လေ စိန့်လူးဝစ်က ကောင်ကလေးတွေက လေယောဉ်ပျံပုုံစံထုုတ်ဖုုိ့ အရူးအမူးဖြစ်နေကြတာတော့ အမှန်ပဲ။ ဘယ်သူမှ ရော့ဘ်နက် လစ် ကလီဒါ (လစ် ကိုုပြောတာပါ) ထက်တော့ ပုုိကောင်းအောင် မလုုပ်နိုုင်ကြဘူး။ သူ့ရဲ့မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ သူ့အခန်းကုုိ လင်းဘတ်စတိုုခန်းလိုု ပေါ့ပါးတဲ့ သစ်တုုိသစ်စ သစ်သားတွေနဲ့ အလုုပ်လုုပ်လုုိ့ရတဲ့ ပုုံစံပြောင်းလုုိက်တယ်။ သူ့ကုုိယ်ပုုိင် ပုုံတွေဆွဲ၊ ဒီဇုုိင်းဆွဲ၊ အသေးစိတ်လုုပ်ပါတော့တယ်။ တညလုုံး အစိတ်အပုုိင်းတွေကုုိ ဖြတ်တောက်ပုုံဖော် နဲ့။ အတောင်ပံတွေတပ်။ ကော်ပတ်တွေစား။ ကော်အကောင်းစားတွေသုုံး။ အင်ဒီယာနာပုုိလီမှာ လေယျောဉ်ပျံပြပွဲလုုပ်တော့ ကုုမ္မဏီတစ်ခုုက သူ့ကုုိ ကူညီပေးခဲ့ပါတယ်။

သူ့ရဲ့၁၆နှစ်ပြည့် မွေးနေ့နီးကပ်လာချိန်မှာ သူ့စိတ်ဝင်စားမူက (လေယောဉ်ပျံကနေ) မော်တော်ကားတွေဆီ ရောက်သွားပြန်ပါတယ်။ သူက မော်တော်ကားတွေ လျောက်မောင်းချင်လိုု့ မဟုုတ်ပါဘူးတဲ့။ သူက မော်တော်ကားတွေအကြောင်း နားလည်ချင်တာ။ အတွင်းရော အပြင်ရော သိချင်တာ။ သည်တော့ သူ့မိဘတွေက ကားအုုိဟောင်းတစ်စီး ဝယ်ပေးရပါတယ်။ သူ့ကိုု သည်အနီးအနား မျက်စိတပြအတွင်းမှာပဲ မောင်းခွင့်ပေးတယ်။ သည့်ထက်တော့ မမောင်းရ – အဲဒါကိုု လုုိက်နာမှ။ ရော့ဘ်နက် လေးကတော့ (လစ်ကိုုပြောတာပါ) ကားကိုု အစိတ်အပိုုင်းတွေ ဖြုတ်၊ ပြန်တပ်ပြန်ဆင်နဲ့ အတော်ပျော်သွားပါတယ်။ “အော်… သူကဒီလိုုကိုုး၊ ဟောဒါက သည်လိုု အလုုပ်လုုပ်တာကိုုး။ အုုိကေ…” သူ့မိခင် မာဂရက်က သူ့သားလုုပ်သမ ျှ နဘေးကရပ်ကြည့်၊ သူ့သားလှမ်းတောင်းတဲ့ ကရိယာတန်ဆာပလာတွေကိုု ယူပေး။ သားဖြစ်သူကုုိ နည်းပညာရပ်ဆုုိင်ရာမှာ ပံံ့ပိုုးမြေတောင်မြှောက်ပေးခဲ့တဲ့ အကျိူးတွေပေါ့။ အဲဒါ သူ (လစ်ကုုိပြောတာပါ) ၁၆နှစ်ကုုိ ရောက်လာတဲ့ နေ့။ ၁၉၃၁ခုုနှစ် မတ်လ ၁၁ ရက်နေ့ သားဖြစ်သူ လိုုင်စင် ရတဲ့နေ့။

အသက်၁၆နှစ်သား ရော့ဘ် (လစ် ကုုိဆိုုလုုိပါတယ်) က အရပ်ရှည်ရှည်၊ ရုုပ်ရည်သန့်သန့်၊ အားကစားသမားတစ်ယောက်လုုိ၊ မျက်လုုံးပြာပြာ၊ အရောင်ရင့်ရင့်ဆံပင်တွေနဲ့ လင်းဘတ် (Charles Lindbert ကိုပြောတာပါ။ စိန့်လူးဝစ်က လေယျာဉ်ပျံမောင်းသမား သူရဲကောင်းလေး) နဲ့ဆင်တူသူအဖြစ် လူတွေ သတိထားမိကြတဲ့ပုုံစံလိုု သူ့ကျောင်းနေဘက်တွေက သူ့ကုုိ သတိထားမိလာကြတယ်။ အဲသည်တုန်းက သူက တင်းနစ်ကုုိ သဲကြီးမဲကြီးကစားခဲ့တယ်။ သူအသက် ၂၀ ကျောဘက်ပိုုင်းမှာ ဒဏ်ရာရခဲ့ပြီးတဲ့နောက်ပုုိင်းမှပဲ တငး်နစ်ကစားတာကုုိ နားခဲ့တယ်။

သူက တောင်ပုုိင်းသားတုုိ့ရဲ့ ယဉ်ကျေးတဲ့ အမူအယာကတော့ အပြည့်အဝရှိသူပါ။ ဆုုိလုုိတာက သူတုုိ့ရဲ့ ၀ါရှင်တန်တက္ကသိုုလ်နားက အိမ်ကြီးမှာ သူ့မိခင်ရဲ့ ညီမလင်မယားရယ်၊ လက်မထပ်ရသေးတဲ့ ညီမတစ်ယောက်ရယ် အတူတကွနေကြပါတယ်။ ရော့ဘ် ၅နှစ်သားတုုန်းကပေါ့၊ ညနေစာစားချိန် သူ့အဒေါ်ငယ်ကုုိ ထမင်းစားပွဲကုုိ လက်တွဲခေါ်လာပီး ကုလားထုုိင်မှာ နေရာချပေးပုုံက တကယ့်လူကြီး လူကောင်းတစ်ယောက်လုုိ။ သူလူကြီးဖြစ်လာတာတောင် သူက ယဉ်ကျေးတဲ့သူ၊ စဉ်းစားတတ်တဲ့သူ၊ အိမ်မှာ နေတာတောင် ကုုတ်အကျီကုုိ ရုုိရုုိသေသေဝတ်၊ နုုိက်တုုိင်ကုုိ သပ်သပ်ရပ်ရပ်တပ်လုုိ့ အမျိူးသမီးများ နေရာမယူသေးရင် သူက အရင်ထုုိင်ပီး မနေတတ်တဲ့ သူတစ်ယောက်ပါ။ စိတ်ဆုုိးလုုိ့အော်ဟစ်တာမျိူးက ပိုုလုုိ့တောင် တွေ့ရခဲပါသတဲ့။

ရော့ဘ်နက် လစ် ကလီဒါ က သူ့ကိုုယ်ပုုိင် အရည်အချင်းအရည်အသွေးနဲ့ စိတ်ဓါတ်ပုုိင်းဆုုိင်ရာမှာ ရင့်ကျက်လာသူပါ။ လူငယ်လေးတစ်ယောက်ဖြစ်လာတော့ သေသေသပ်သပ်နဲ့ ရင့်ကျက်လာတယ်။ သူ့ဖခင်က ဒေသဆုုိင်ရာ ဘုုရားရှိခုုိးကျောင်းမျာ တရားဟောဆရာအဖြစ် လုုပ်တုုန်းက သူက သူ့ဖခင်နဲ့အတူ လုုိက်ပါဖူးတယ်။ ဖခင်ဖြစ်သူ ဂျိူးဇက်က တရားဟောနေချိန်မှာ သူက အော်ဂန်ရဲ့ ကီးဘုုတ်ကုုိ လုုိက်မှတ်ပေးရတယ်။ ဘုုရားရှိခိုုးကျောင်းက အော်ဂန်တီးရတဲ့ အမျိူးသမီးက သိပ်ကောင်းကောင်း မလုုပ်တတ်တာလည်း ပါတယ်။ တခုုသောနေ့မှာ သူ့ခေါင်းက ငိုုက်ပီး အော်ဂန်ကီးဘုုတ်ပေါ် ဒေါင်ကနဲ ပြုတ်ကျဘူးပါရဲ့။ အဲဒီအဖြစ်ကလည်း သူ့ကုုိ သိပ္ဗံနည်းပညာတွေ ပေးလုုိက်စေပါတယ်။ ကီးဘုုတ်ကုုိ အခုုလုုိ ပြင်းပြင်းထန်ထန် ထိခုုိက်မိတဲ့အခါ ထွက်လာတဲ့အသံမျိူးက သူ့ဘဝမှာ တစ်ခုုခုုကုုိ စဉ်းစားစရာ ပေးမယ့်သဘောလိုု့ ဆိုုပါတယ်။ သူက တချိန်ကျရင် “ကွန်ပြူတာ နက်ဝေါ့အလုုပ်လုုပ်ပုုံ” တုုိ့၊ “စစ်စတန်မက်တစ်” တုုိ့၊ “၀ါယာလက်စ်” တုုိ့ဘာတုုိ့ကုုိ မိတ်ဆက်ပေးမယ့် အလုုပ်တွေ လုုပ်မယ့်သဘော။

သူ့ကိုအိမ်မှာ ရော့ဘ်နက် လို့ခေါ်တယ်။ ရော့ဘ် ဆိုပြီး ကျောင်းက သူငယ်ချင်းတွေက ခေါ်တယ်။ ဒါပေမယ့် နောက်တော့ သူကော်လိပ်ကျောင်းသားဖြစ်လာတော့ အခေါ်အဝေါ်တွေ သူ့ဘာသာပြောင်းပစ်လိုက်တယ်။ သူ့ကိုယ်သူ ပုံစံသစ်နဲ့ သွားမယ်ဆိုတဲ့အနေနဲ့ “ကျွန်တော့်ကို လစ် လို့ခေါ်ကြပါ” လို့နံမယ်ပြောင် သဘောမျိူး ခေါ်ခိုင်းတယ်။ သူ့ကိုယ်သူ မိတ်ဆက်ရင် “လစ်” လို့ မိ်တ်ဆက်တယ်ပေါ့။ သူ့သူငယ်ချင်း ဟောင်းတွေလောက်သာ “ရော့ဘ် လစ် ကလီဒါ” ဆိုတဲ့အမည်ကို နည်းနည်းလောက်သာ ရေးတေးတေး ပေါ်လာလောက်တော့တယ်။

ဟောသည် ကော်လိပ်ကျောင်းသားကြီးက ဘာလုပ်မလဲ ဆိုတော့ သူတတ်နိုင်သလောက် မေဂျာတွေ ရနိုင်သမ ျှ သင်ယူပါတယ်။ သူက ဘယ်ဘာသာရပ်ကိုမဆို လေ့လာလိုက်စားဖို့ စိတ်ဝင်စားနေတယ်။ တစ်ယောက်ယောက်ဆီက တစ်ခုခု ကြားလိုက်ရရင်တောင် သူကလိုက်လုပ်ကြည့်ချင်တတ်တယ်။ သူဖရှက်ရှာ ကျေင်းသားဘဝမှာ အနုပညာဘာသာရပ်က မေဂျာယူပီး အင်ဂျင်နီယာဘာသာက နောက်တွဲဖြစ်ပါတယ်။ နောက်ပိုင်း ရူပဗေဒနဲ့သချာင်္ပါလာတယ်။ အဓိကအချက်ကဘာလဲဆိုတော့ သူသည် လောကကြီးနဲ့ပတ်သက်လို့ မေဂျာယူထားပါတယ်ပေါ့။ လောကကြီးအကြောင်းကို သူသိလာရပုံကတော့ သူ့ဖခင်ရဲ့ အာမခံကုမဏီအလုပ်က တနေ့တော့ ပိတ်သိမ်းရတယ်။ ဂျိူးဇက် (လစ်ရဲ့ဖခင်) ဟာ အလုပ်ကထွက်လိုက်ရပီး သားဖြစ်သူ (လစ်ကို ပြောတာပါ) အတွက် ကျူရှင်လခတောင်မပေးနိုင်တော့ဘူး။ လစ်ဟာ အဲသည်နှစ်မှာ ကျောင်းနားလိုက်ရတယ်။ ဂျိူးဇက် (လစ်ဖခင်) ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ရပီး တခြားအလုပ်တွေ လျောက်လုပ်နေရင်းက စိတ်ကျရောဂါဖြစ်လာတယ်။ နောက်တော့ ဘုရားရှိခိုးကျောင်းမှာ တရားဟောဆရာလိုတယ်ဆိုတော့ ဝင်လုပ်ဖြစ်တယ်။ ဇနီးသည်မာဂရက်နဲ့ အတူ သူတို့ဘဝတွေဟာ ဘုရားရှိခိုးကျောငး်တွေ တကျောင်းပြီးတကျေင်း လှည့်လှည် ဝင်လုပ်နေလိုက်ကြတာ သူတို့အတွက် ဘဝမှာ အပျော်ဆုံးကာလတွေ ဖြစ်လာပါသတဲ့။

လစ်တစ်ယောက်လည်း နောက်တော့ ကောလိပ်ပြန်တက်တယ်။ စိတ်သစ်လူသစ်နဲ့ အချိန်ပိုင်းအလုပ်တွေလုပ်ခဲ့တာမှာ စိတ်ပညာဌာနရဲ့ တိရိစ္ဆာန်များဆိုင်ရာ စမ်းသပ်ခန်းမှာ စောင့်ရှောက်ရေးတာဝန်လည်း လုပ်ခဲ့ပါတယ်။ ဆရာများရဲ့ သူတေသနလုပ်ငန်းများကို နားလည်လာပြီး သူ့ဘဝအတွက် ဒီလောက်ဒီအလုပ် တော်ပီလို့ သူတွေးခဲ့ပါတယ်။ သူက ဦးနှောက်နဲ့ ဖန်ရှင်ပို်င်းဆိုင်ရာတွေကို အသေးစိတ်လေ့လာခဲ့ဖူးတယ်။ ယနေ့ခေတ်မှာ ဒီပညာတွေက တကယ့်ကို တိုးတက်နေတဲ့ ပညာရပ်တွေ ဖြစ်လာပါတယ်။ သူကတော့ ဒါတွေကို အဲသည်တုန်းက အတိုင်းအတာတစ်ခုအထိ မှတ်ယူခဲ့ဖူးတယ်ပေါ့။ ယနေ့ခေတ် ဦးနှောက်ကို အသေးစိတ်လေ့လာ စကင်ဖတ်တဲ့နည်းပညာ အီလက်ထရွန်ဆက်စာလိုဂရပ်ဖီ ဆိုတဲ့ EEG (အီးအီးဂျီ) ရိုက်တဲ့ စနစ်ဟာ ၁၉၃ဝခုနှစ်ကာလတုန်းက ရေဒီိယို တယ်လီဖုန်း ဆက်သွယ်ရေးအီလက်ထရောနစ် နည်းပညာကနေ ဆင့်ပွားလာတာတွေ ဖြစ်ပါတယ်။ ကဲ… လစ် အကြောင်း ဆက်ပါမယ်။

လစ် တစ်ယောက်ကတော့ သူသင်ယူခဲ့ဖူးတဲ့ စိတ်ပညာဆိုင်ရာ ဇီဝဗေဒပညာကို တကယ်နှစ်သက်ခဲ့ပါတယ်။ ဒါ့အပြင် သချာင်္၊ လ ျှပ်စစ် ပညာတွေကလည်း သူ့ကို စိန်ခေါ်နေပါတယ်။ အဲသည်တုနး်ကတော့ ဒါတွေဟာ တနေ့ သူအသုံးချလာနို်င်တာတွေပဲလို့ မသိခဲ့ပါဘူး။ သူ့အတွက်တော့ ပင်တာဂွန်ကို ခြေချမိခြင်းဟာ တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းကြီး တစ်ခု ဖြစ်လာပါတယ်။ နောက်ဘာတွေ ဆက်ဖြစ်မယ် ဆိုတာတော့ နောက်မှ စဉ်းစားကြတာပေါ့တဲ့။ အနှစ် ၂ဝလောက် လေ့လာ မှတ်သားခဲ့တဲ့ အရာတွေက တနေ့ဘာဖြစ်လာမှာလဲ။ သူလေ့လာခဲ့တဲ့ စိတ်ပညာဆိုင်ရာ ပညာရပ်ဟာ ကွန်ပြူတာတွေကို သူလေ့လာခဲ့တဲ့ဆီမှာ တကယ်ပဲ အသုံးဝင်လာတယ် လို့ဆိုနိုင်ပါတယ်။ ၁၉၄၀ ၁၉၅၀ လောက်မှာ သချာင်္၊ ရူပဗေဒ၊ လ ျှပ်စစ်အင်ဂျင်နီယာပညာတွေ နောက်ခံနဲ့ သူလေ့လာနေတဲ့ နယ်ပယ်ဟာ တနေ့ကျရင် ကြီးကျယ်တဲ့ နည်းပညာပြောင်းလဲမူတွေ ဖြစ်လာမှာပါတဲ့။ သူ့ရဲ့ လက်ရှိအသုံးချနေတဲ့ ကြီးမားတဲ့ စက်ကြီးတွေက (သူကအဲဒါကိ ုကွန်ပြူတာ လို့စတင်ခေါ်ဝေါ်နေပါပီ) ကွန်ပြူတာဆိုတဲ့ စွမ်းရည်တွေ စတင်ပြသနေပီ၊ ကမ္ဘာကြီးကို စိန်ခေါ်နေပီ၊ စသဖြင့် သူကတော့ ကြွေးကျော်နေပါပီ။

အဲ… အခု ၁၉၃ရခုနှစ်ကိုပြန်သွားမယ်။ လစ် လျောက်နေတဲ့လမ်းက ရှင်းပါတယ်။ ၀ါရှင်တန်တက္ကသိုလ်က ရူပဗေဒ၊ သချာင်္နဲ့ စိတ်ပညာ ဒီဂရီ ၃ခု နဲ့ကျောင်းပီးခဲ့လို့ ဘွဲ့ရပီ။ သူက နောက်တစ်နှစ်ကို စိတ်ပညာ မာစတာဆက်တက်တယ်။ သူကို “ရော့ဘ်နက် လစ် ကလီဒါ“ ဆိုတဲ့ အမည်နဲ့ စိတ်ပညာမာစတာ ဘွဲ့ပေးခဲ့တော့ အဲသည်အမည်က စာရွက်ပေါ် နောက်ဆုံး တင်ကျန်ခဲ့တဲ့ အမည်ဖြစ်လာတယ်။ ၁၉၃၈ခုနှစ် နယူးယောက်က ရော့ချက်စတာတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ယူဖို့ တက်လှမ်းခဲ့တယ်။ သူ့ရည်ရွယ်ချက်က ဦးနှောက်ရဲ့ အကြားအာရုံဆိုင်ရာ အပိုင်းကို သုတေသနလုပ်ဖို့။ ကျွနိုပ်တို့ ဘယ်လိုကြားပီး အဓိပ္ပါယ်ဖော်သလဲ။ အဲသည်အပိုင်းကို အဓိကထား သုတေသနလုပ်ဖို့။

လစ် တစ်ယောက် မစ်ဇူရီကနေ ထွက်လာတယ်ဆိုတာ နေရပ်လိပ်စာ တစ်ခုတည်း ပြောင်းလိုက်တာမဟုတ်ပဲ သူ့ဘဝပါပြောင်းလဲလာတာလို့ ဆိုပါတယ်။ ရှေ့က နှစ် ၂၀ သူ့မိဘ၂ပါးရဲ့ ပုံစံခွက်ထဲမှာ နေနေရာကနေ ထွက်လာတာပါ။ တစ်ပတ်တခါ မိဘတွေနဲ့ ဘုရားရှိခိုးကျောင်း်မှာ လိုက်ပါပီး ကူညီတက်ရောက်ခဲ့ရတဲ့ ဘဝကနေ ထွက်လာခဲ့တာပါ။ သူအိမ်ကထွက်လာပြီးတော့ ဘုရားရှိခိုးကျောင်းဆီ ခြေဦးမလှည့်တော့ပါဘူး။ သူ့မိဘတွေကိုတော့ သူ့ရဲ့ယုံကြည်မူပြောင်းလဲသွားပီ ဆိုတာကို အသိမပေးခဲ့ပါဘူး။ သူ့ရဲ့ဘဝမှာ နာကြင်မူတွေ၊ သူပြင်းပြင်းထန်ထန် စိတ်ဆင်းရဲခဲ့ရတာတွေ ကို မိဘတွေကို ဘာမှမပြောခဲ့ဘူး။ ဒါပေမယ့် တင်းကြပ်တဲ့ တောင်ပိုင်းသားတွေရဲ့ ဘာသာရေးဆိုင်ရာ အထိန်းအကွပ်တွေကြားထဲ သူကြီးပြင်းလာရတာကိုတော့ သူမမေ့ပါဘူး။ သူ့ရဲ့ ဘုရားရှ်ိခိုးကျောင်းတုန်းက ဘုရားစာရွတ်ဖတ်ခဲ့ရတဲ့ ကာလတွေအကြောင်း သူ့ကို မေးရင် သူက “ဒါတွေက ပီးသွားပါပြီ။“ လို့ခပ်တိုတိုပဲ ပြန်ဖြေခဲ့ပါတယ်။
သူ့ဘဝမှာ ပြောင်းလဲမူတွေ အများကြီးကြုံခဲ့ရ ပြောင်းလဲခဲ့ရသောလည်း မပြောင်းပဲရှိခဲ့တဲ့အရာ တစ်ခုတော့ရှိတယ်။ လစ် က ၀ါရှင်တန်တက္ကသိုလ်က စိတ်ပညာဌာနှမှာ စတား ဖြစ်နေဆဲပဲ။ ရော့ချက်စတာမှာလည်း စတားပဲ။ သူလေ့လာလိုက်စားခဲ့တဲ့ အကြားအာရုံဆိုင်ရာ တုန့်ပြန်မူ ပိုင်း ဘာသာရပ်မှာ ရေးဆွဲခဲ့တဲ့ မြေပုံကားချပ်ဟာ သူ့ရဲ့ဒေါက်တာဘွဲ့တက်လှမ်းဖို့ လမ်းပွင့်ခဲ့ပါတယ်။

သူက ၁၉၄၂ခုနှစ် ဒေါက်တာဘွဲ့ရခဲ့ပီးတဲ့နောက် ဖီလန်ဒါဖီးယားမြို့ပြင်က ဆွာ့မိုးလ် ကောလိပ်မှာ ပူပူနွေးနွေးဒေါက်တာလေးအဖြစ် ယာယီအလုပ်ဝင်ခဲ့ရတုန်းကလည်း သူကနံမယ်ကြီးဖြစ်နေတယ်။ အဲသည်အချိန်တိုတိုကလေးမှာ လူ့ဦးနှောက်နဲ့ပတ်သက်တဲ့ အသေးစိတ် စနစ်တွေကို သံမဏိကြိုးခွေတွေနဲ့ သရုပ်ပြခဲ့ပါတယ်။

အားလုံးကို ခြုံပြီးပြောရရင်တော့ ၁၉၄၂ခုနှစ်ဟာ လစ် အတွက် နှစ်ကောင်းတစ်ခုတော့မဟုတ် ခဲ့ပါဘူးလေ။ တခြားသော သုတေသနပညာရှင်တွေလိုပဲ သူ့ရဲ့ အလုပ်ပိုင်းဆိုင်ရာမှာ သိပ်ကို ကြီးကျယ်တဲ့ အချိူးအကွေ့ ကြီး တစ်ခု ဖြစ်ခဲ့ကျော်ဖြတ်ခဲ့ရပါတယ်။

(ဒီနေရာမှာ အခန်းကို အဆုံးသတ်ထားပါတယ်။ ဒါကို အဓိပ္ပါယ်ဖော်ရရင်တော့ ကြီးမားတဲ့အချိူးအကွေ့ ဆိုတာ ဒုတိယကမ္ဘာစစ် ကို ပြောတာပါ။ သူဟာ စစ်အတွင်းမှာ သူ့ရဲ့အလုပ် သူ့ရဲ့ သုတေသနလုပ်ငန်းတွေဟာ တခြားသော ပညာရှင်ကြီးတွေ၊ ဉာဏ်ကြီးရှင်တွေလိုပဲ အဖျက်အဆီး အနှောက်အယှက်တွေ ကြုံကြရတယ်။ ဒါကို နောက်အခန်းတွေမှာ ရေးသားထားပါလိမ့်မယ်။ အခုတင်ပြခဲ့တဲ့အခန်းက သူ့ရဲ့ မိသားစုအရေးနဲ့ ပညာရေးပိုင်းလို့ ဆိုရမှာပေါ့။ ဒါ့အပြင်သူ့ဘဝ အချိူးအကွေ့တွေပါလာတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ မှန်းဆလို့ရတယ်ပေါ့။ နောက်ပို်ငး် အခန်းတွေတော့ စိတ်ဝင်စားရင် ဆက်ပြန်ကြည့်ပါဦးမယ်။)

ဂျူနီယာဝင်း