Showing posts with label Memories. Show all posts
Showing posts with label Memories. Show all posts

Thursday, November 5, 2020

ဒေါ်မြင့်မြင့် အတွေးအမြင် ဂျူနီယာဝင်း



ဒေါ်မြင့်မြင့် အတွေးအမြင်



ဂျူနီယာဝင်း



အန်တီမြင့်နှင့် တလတခါ စာမူတောင်းသည့်အခါတိုင်း ဖုန်းပြောရပါသည်။ သည်လိုနှင့် ကိုဗစ် ပထမလှိုင်း ကာလ စလို့ စကားလက်ဆုံကျလာပါသည်။ သည်တော့ ပိုရင်းနှီးလာပါသည်။ ခံစားချက်တွေ ဖလှယ်ကြတာ ပျော်စရာ ဖြစ်လာပါသည်။ ပြောစရာတွေကလည်း ရှိရှိနေပါသည်။ သည်လိုနှင့် အန်တီမြင့်နှင့်စကားစုံ ပြောဖြစ်ကြပါသည်။ စကားတွေ ပြောမဆုံးပါ။ အဲသည်လို ရင်းနှီးလာတာ သိပ်တော့မကြာသေး လပိုင်းလောက်သာ ရှိပါသေးသည်။



စကားတွေ အပြောများလာတော့ သည်တော့ အန်တီမြင့်ကို သိပ် မကြောက်တော့ပါ။ ဒါဆို အရင်တုန်းက ကြောက်တာပေါ့ ဆိုရင် ဟုတ်တယ် လို့ပဲ ဖြေရပါမည်။ စာမူတောင်းတဲ့အခါတိုင်း အချိန်မှီပေးဖို့ အန်တီနဲ့ ဖုန်းပြောတိုင်း ရင်ခုန်ပါသည်။ ဘာမှန်းမသိ အချိန်မှီမရောက်ရင် ဆူမှာကြောက်ပါသည်။ အပြင်မှာလည်း ခနခန တွေ့ဖူးတာ အများအားဖြင့် လူကြီးတွေ အချင်းချင်း ပြောဆိုနေကြတာ နားထောင်တာများလို့ဖြစ်ပါမည်။ အကိုမောင်ရစ်နဲ့ ရောက်တုန်းကလည်း ဘာမှ ၀င်မပြောဖြစ်ပါ။ သည်လိုပဲ နားထောင် ဓတ်ပုံရိုက်ပေးတာပဲလုပ်ဖြစ်ပါသည်။



 (အကို မောင်ရစ်နဲ့ အန်တီမြင့် ။)



ဒါကြောင့် အခုလတ်တလော ရင်းနှီးလာတာလေးကို အခုပြန်စဉ်းစားမိတိုင်း အန်တီမြင့်အသံကို ကြားနေမိပါသည်။ အခု ပိုသတိရနေပါသည်။ အန်တီ့အကြောင်း ဘာရေးရမှန်းလည်းမသိပါ။ လတ်လတ်တို့ ထိုက်တို့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိပါ။ အခုကာလမှာ ကြောက်ဒူးတုန်လွန်းလို့ အပြင်လည်းမထွက်နိုင်ပါ။ သတင်းဖတ်ပီး မျက်ရည်ကျရတာကိုတော့ ယုံပါလို့ပဲ ပြောရပါမည်။ ဖေဖေကလည်း စိတ်မကောင်းဖြစ်နေပါသည်။ မိသားစုဝင်တစ်ဦးဆုံးပါးသွားရသလို ခံစားရပါတယ်လို့ ဖေဖေက ၀မ်းနည်းစွာ ပြောပါသည်။



အန်တီမြင့် ပြောခဲ့တဲ့ စကားတစ်ခွန်းကို အခု ပြန်အမှတ်ရနေပါသည်။ မိခင်ဆုံးရှူံးရလို့ စိတ်ဓါတ်ကျဆင်းနေတဲ့သူတစ်ယောက်က အခုကစပီး ဘာစာမှမရေးတော့ဘူး စာမူလည်း မပို့တော့ဘူးလို့ပြောတော့ အန်တီမြင့်က ပြောတယ် ‘ဘာဆိုင်လို့လဲ စာရေးစရာရှိတာ ဆက်ရေးရမှာ ကိုယ့်အလုပ် ။ ဆက်သာရေး ။ စာမူဆက်ပို့ ဒါပဲ ‘ လို့ ရာဇသံပေးခဲ့ပါသည်။ ဒါကြောင့်လည်း အဲသည်နောက်ပိုင်း ဆက်ရေးဖြစ်နေတာတွေ ဟာ အန်တီမြင့်ကြောင့်ပါ။ ကျေးဇူးတင်ပါတယ် အန်တီ။ ဒီစကားတွေ အန်တီမှတ်မိမယ် ထင်ပါတယ်။




အရင်ဦးဆုံး စာမူ စတင်ဖော်ပြပေးခဲ့တဲ့ အတွေးအမြင် ဖန်တီးရှင် ဦးဦးနဲ့ အန်တီတို့ကျေးဇူးတွေ စာရေးရင်းနဲ့ ဆပ်သွားမယ်လေ။



Friday, January 8, 2016

“လူသူဝေးကွာရိပ်သာယာ” ဂျူနီယာဝင်း


Junior Win ၏ A Memory of My Grandparents ကို မြန်မာပြန်လိုက်တဲ့

လူသူဝေးကွာရိပ်သာယာ

ဂျူနီယာဝင်း


ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ ၂၀၁၅နှစ်တစ်ရာပြည့်အတွက် ရည်ရွယ်ကာ ဘာသာပြန်ထားတာဖြစ်ပြိး ယခုထွက်ရှိလာပြီဖြစ်ပါသည်။ မေလ ၂၀၁၅ခုနှစ်တွင် A Memory of My Grandparents စာအုပ်ထွက်ရှိခဲ့ကာ မေလ ၉ ရက်နေ့တွင် နှစ်တစ်ရာပြည့်အဖြစ် ပြည်ရိပ်သာခြံဝင်းထဲမှာ ပြုလုပ်ကျင်းပခဲ့ပါသည်။ အင်္ဂလိပ်စာအုပ်သည် ၂၀၁၄ မေလ ၁ ရက်နေ့ကမှ စတင်ရေးသားခဲ့ကာ ၈လကျော်အချိန်ယူကြာမြင့်ခဲ့ပြီး တစ်နှစ်ကြာမှ ၂၀၁၅မေလအမှီ ထွက်လာတာဖြစ်ပါသည်။ သို့သော် ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားစဉ်က မြန်မာဘာသာဖြင့် ဘာသာပြန်ဖို့ စိတ်ကူးမရှိခဲ့ပါ။ 2015 သြဂုတ်လ ၂၄ ရက်နေ့သည် ဘဘကြီးဦးခင်မောင်လတ်၏ နှစ်တစ်ရာပြည့်ခဲ့သော နေ့ဖြစ်သည်။ ၂၀၁၄ မေလ ၁ ရက်ရောက်စဉ်က မေမေကြီးဘဘကြီးတို့၏ နှစ်တစ်ရာ ၂၀၁၅ရောက်ရင် ဆိုပြီးစာအုပ်ရေးဖို့ အတွက်စဉ်းစားမိသလို ဘဘကြီးနှစ်တစ်ရာရောက်တော့ အမှတ်တရတစ်ခုခု ဘာလုပ်ရင်ကောင်းမလဲ ဟုစဉ်းစားမိရာက ထိုစာအုပ်ကို မြန်မာလိုစပြန်ဖို့ စိတ်ကူးကို အကောင်အထည်စဖော်မိခြင်းဖြစ်ပါသည်။ 

အင်္ဂလိပ်ဘာသဖြင့် ရေးသားစဉ်က စိတ်ကူးအတွေးများကို အင်္ဂလိပ်စာကြောင်းများဖြင့်သာ တွေးယူစဉ်းစားရေးသားခဲ့တာများဖြစ်တာကြောင့် မြန်မာဘာသာဖြင့် ပြန်ဆို၇ာတွင် ကိုယ့်စာကို်ယ်ပြန်ရတာ ဖြစ်သောလဲ အခက်အခဲများတွေ့ခဲ့ရပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားစဉ်က စိတ်ကူးအတွေးများသည် ဘာအနှောင်အဖွဲ့မှမရှိပဲ ကျယ်ပြောသည့် ကောင်းကင်ထဲ လွတ်လပ်စွာ ၀ဲပျံနေရသလိုခံစားခဲ့ရပါသည်။ ယခုတော့ ဆေးရောင်စုံကမ္ဘာထဲကနေ အဖြူအမဲသို့ ရုတ်တရက်ပြောင်းသွားသော ရုပ်ရှင်ကားချပ်တစ်ခုကြည့်ရသလို ဖြစ်သွားပါသည်။ 

ဓါတ်ပုံများကအစ မူရင်းစာအုပ်တွင် ပါဝင်ထားသော ပုံစံမျိုးမဟုတ်တော့ပဲ များစွာ အပြောင်းအလဲများ လုပ်ထားပါသည်။ ၂၀၁၅ မေလ ၉ ရက်နေ့တုန်းက ကျင်းပဖြစ်ခဲ့သော နှစ်တစ်ရာပွဲ အကြောင်းကိုဖြည့်စွက်ထားပါသည်။ မူရင်းအင်္ဂလိပ်စာအုပ်တွင် အချိန်မရှိသောကြောင့် မထည့်လိုက်ရသော သူတို့၏ရက်စွဲမှတ်တမ်းအပြင် ဓါတ်ပုံအင်ဒက်စ်ကိုလည်း ထည့်ထားပါသည်။ ထို့အပြင် အင်္ဂလိပ်လို စာအုပ်ရေးသားစဉ်တုန်းက မမှီလိုက်သော အကြောင်းအရာတချို့နှင့် ဓါတ်ပုံတစ်ချို့ကိုလဲ ဖြည့်ထားပါသည်။ အတွင်းပုံများကို လိုအပ်သောပုံများ ကာတွန်းမောင်ရစ်က ဆွဲပေးပါသည်။ သူ့ပုံများကြောင့် စာအုပ်သည် အသက်ဝင်သွားပါလိမ့်မည်။ မျက်နှာဖုံးပန်းချီကို ဆရာယဉ်မင်းပိုက်က မေတ္တာဖြင့် ရေးဆွဲပေးတာကြောင့် ယင်းအပေါ်တွင် ဒီဇိုင်းတစ်ခုကိုဒီဇိုင်းဆရာ နေလင်း ကဖန်တီးပေးပါလိမ့်မည်။ ရှိရှိသမျှသော တောက်ပခြင်း၊ လင်းလက်ခြင်းတွေနဲ့ စာအုပ်ကလေးကို ထင်ရှားစွာ ရှိစေချင်ပါသည်။ 

အခုမြန်မာဘာသာပြန်သည် ၂၀၁၅ဒီဇင်ဘာလဆန်းတွင် စာမူအပ်ဖို့အဆင့်ကို ရောက်ခဲ့ရာယခုတော့ စာဖတ်သူများလက်ထဲသို့ မကြာမီ ရောက်လာတော့မည်ဖြစ်ပါသည်။ စိတ်တိုင်းကျပါသည်။ ဘာသာပြန် နေစဉ်ကာလများကား ဘဘကြီးမေမေကြီးတို့ အကြောင်းတွေကို ထပ်မံခံစားနေမိကာ လွမ်းစရာကောင်းလှပါသည်။ မူရင်းတုန်းက ဆေးရောင်စုံကားချပ်သည် ကျွန်မအတွက် လွမ်းမောဖွယ်ဖြစ်ခဲ့သည် ဆိုပါလျှင် ယခုအဖြူအမဲကားချပ်သည်ကား ကျွန်မကို သူ၏ထင်ရှားစူးရှသောအလှဖြင့် ဖမ်းစားခဲ့ပါတော့သည်။

စာဖတ်သူများလည်း လူသူဝေးကွာ ရိပ်သာယာ ကိုခံစားကြည့်ကြပါဦးလေ။

Thursday, December 3, 2015

ဆရာကြီးဦးသက်ထွန်းသို့အမှတ်တရ ဂျူနီယာဝင်း



(ဆရာကြီးဦးသက်ထွန်း အမှတ်တရစာအုပ်)


ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသက်ထွန်း၊ ဆွစ်ဇာလန်နိုင်ငံ စပိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသက်ထွန်း ဟူသော ဆရာကြီးဦးသက်ထွန်းကို ကျွန်မစတင်သိကျွမ်း ခင်မင်ခွင့်ရခဲ့ချိန်မှာ ဆရာကြီး ဒါရိုက်တာအဖြစ် ထွန်းဖောင်ဒေးရှင်းဘဏ်တွင် တာဝန်ယူစဉ်က ဖြစ်ပါသည်။ အချိန်ကာလအားဖြင့် ၂၀၀၈ ခုနှစ်လောက်မှာ ဖြစ်ပါသည်။


(ဆရာကြီးဦးသက်ထွန်းနှင့် ၂၀၀၈ခုနှစ် တုန်းက အမှတ်တရ နောက်တွင် ရပ်နေသူမှာ ကျွန်မ၏ဖခင် ဒေါက်တာခင်မောင်ဝင်း)
(ထိုဓါတ်ပုံမှာ ဆရာကြီး ဦးသော်ကောင်းက ရိုက်ပေးခဲ့တာ ဖြစ်ပါသည်။)
ကျွန်မဘာသာပြန်ရေးသားခဲ့သော Lewis Carroll ‘s Alice in Wonderland ကို “အဲလစ်နှင့် အံ့ဖွယ်ကမ္ဘာ“ စာအုပ်လေးအား ထွန်းဖောင်ဒေးရှင်းမှ ၂၀၀၈ ခုနှစ်အတွက်ကလေးစာပေ ဆုချီးမြင့် ခဲ့သည်ဟု ကြားသိခဲ့ရစဉ်တွင် ကျွန်မတို့ မိသားစုအတွက် ဆရာကြီးဦးသက်ထွန်း နှင့်ရင်းနှီးခွင့်ရဖို့ အခွင့်အရေး ရခဲ့သည်ဟု ဆိုရပါလိမ့်မည်။ ဆရာကြီးနေထိုင်သော လမ်းသွယ်သည် ကျွှန်မတို့ အိမ်နှင့် တလမ်းသာခြားပါသည်။ ထိုဆုရသော “အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ“ စာအုပ်ကို ဆ၇ာကြီးက လက်မှတ်ထိုး၍ လာပို့ပေးစေလိုကြောင်းဆိုသဖြင့် ဆရာကြီး အိမ်ကို ပထမဦးဆုံးရောက်ဖူး ခဲ့ပါသည်။ ကျွန်မသည် သံအမတ်ကြီးဦးသက်ထွန်း ဟူသော ဂုဏ်ပုဒ်ကြီးကြောင့် တွေ့ဆုံရမည့်အရေး အလွန်ပဲ ကြောက်ခဲ့မိသည်။ ဆရာကြီး၏ အိမ်ကလေးသည် သစ်ရိပ်ပင်ရိပ်ဖြင့် သာသာယာယာ အေးချမ်းလှသောကြောင့် ကျွန်မစိတ်ထဲက စိုးရိမ်မူများ များစွာသက်သာ ရာရခဲ့ပါသည်။ (သြော်…. မြို့ကြီးပြကြီး ထဲက အေးချမ်းတဲ့ အရိပ်အာဝါသဟာ လူ့ရဲ့စိတ်ကို ပြောင်းလဲစေသတဲ့လား။)

ဆ၇ာကြီးဦးသက်ထွန်းသည်ကျွန်မပေးသော စာအုပ်လေးကို လက်ခံယူရင်း ဆုရရှိသူတစ်ဦး ဖြစ်တာကြောင့် ဆက်လက် လုပ်ဆောင်စရာများစွာ ရှိသေးကြောင်း ရှင်းပြပါသည်။ ဆရာကြီးကို တွေ့မြင်ရသည်မှာ မာန်မာနမရှိပဲ၊ ကျွန်မလို ဘာမဟုတ်သည့် သူတစ်ယောက်အပေါ် ယခုလို နွေးနွေးထွေးထွေး စကားပြောတာ၊ တရင်းတနှီး ရှိနေတာကို ကျွန်မအတွက် ဂုဏ်ယူစရာ ဖြစ်ရပါသည်။ ဆရာကြီးနှင့်စကားပြော နေရင်း ကျွန်မအဘို ဘဘကြီးဦးခင်မောင်လတ် ကို မြင်ယောင်နေမိပါသည်။ (ဘဘကြီးလဲ အဲသည်လိုပဲ။ သူ့တပည့်တပန်းတွေနဲ့ စကားပြောရင် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိတယ်။) နောက်ပိုင်းမှာ ဆရာကြီးနှင့် တွေ့ဆုံဖို့ အခွင့် အလန်းများကြုံလာတိုင်း အနားကပ်ဖို့ ကြောက်မိသောလည်း ဆရာကြီးအနားသွားကာ ဂရုတစိုက် နှူတ်ဆက်ဖြစ်ခဲ့ပါသည်။ ကျွန်မတို့က ဆရာကြီးနှင့် နှူတ်ဆက် စကားသွားပြောတိုင်း ၀မ်းသာအားရ လက်ခံ ပြန်ပြောပါသည်။

ကျွန်မက ထွန်းဖောင်ဒေးရှင်းကပေးသော ကလေးစာပေဆုရသဖြင့် ကျွန်မ၏ မိတ်ဆွေများကို ဖိတ်ကာ အိမ်မှာ ကြက်ဆီထမင်း ၀ယ်ကြွေးဖြစ်ပါသည်။ ဆရာကြီးလို ဧရာမ ပုဂ္ဂိလ်ကြီးကို အိမ်သို့ မဖိတ်ဝံ့ပါ။ ထိုနေ့က ဆရာကြီးထံ ကြက်ဆီထမင်းထုတ်များ ကိုင်ကာ ကိုယ်တိုင်သွားပို့ ဖြစ်ပါသည်။ ကျွန်မမှတ်မိနေတာက အဲသည်နေ့က ဆရာကြီးနှင့်အတူ ဧည့်သည်တစ်ယောက် ရှိနေပါသည်။ ကျွန်မသည် ဆုရလို့ကျွေးတာပါဟု စကားဆိုရင်း စကားပြော နေတာ အနှောက်အယှက် ဖြစ်မှာ စိုးသဖြင့် ချက်ချင်းပြန်ဖို့ ထရပါသည်။ ဆရာကြီးသည် ပြုံးကာ နှူတ်ဆက်ရင် နှင့် “အတော်ပဲ - ဧည့်သည်ကို ပါ ကြက်ဆီထမင်း ကျွေးတာပေါ့“ ဟုပြောလိုက်တာ ကျွန်န်မ အခုထိ အမှတ်ရနေပါသည်။ (ဆရာကြီး နှင့်တွေ့ရလေ၊ ကျွန်မအဘိုး ကိုပိုပြီးသတိရလေပါပဲ။)

ဆရာကြီးကွယ်လွန်သွားပြီဟု သတင်းကြားချိန်မှာ ကျွန်မအဘိုးနှင့် တူတဲ့သူတစ်ဦး အဖြစ်လေးစား ချစ်ခင်ရသူသည် လောကကြီးထဲ မရှိတော့ ပါလားဟု များစွာ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။ အခုတော့ ဆရာကြီး ကွယ်လွန်သွားခဲ့တာ သုံးနှစ်တောင်ရှိပါပီ။ သံအမတ်ကြီးတစ်ဦး၏ အမှတ်တရ စာအုပ်တစ်အုပ်မှာ ကျွန်မလို ဘာမဟုတ်တဲ့ သူတစ်ယောက်က အခုလို ရေးခွင့်ကြုံကာ ရေးခွင့် ပေးခံရတာကို ကျွန်မမှာ မတန်မရာ နေရာရသလိုပင် ခံစားနေမိပါသည်။ စိတ်သဘောထား အေးချမ်းသော၊ နွေးထွေးသော ဆရာကြီး အတွက် အမှတ်တရစကားဆိုရင်းနှင့် ဆရာကြီး၏ စာဖတ်ပရိသတ်တစ်ဦးအနေဖြင့် ခင်မင်လေးစားရသူ စာပေပညာရှင်ကြီးတစ်ဦးအား သတိတရရှိနေဆဲ ရှိပါကြောင်းဖြင့်…….။