ကျွန်မဘဝ၏ စာမျက်နှာများ ဂျူနီယာဝင်း
ကျွန်မဘဝ၏ စာမျက်နှာများ
(အမှတ် ၂၃၂၊ အတွေးအမြင်)
ကျွန်မဘဝ၏ စာမျက်နှာများကို တစ်ရွက်ချင်းလှန်ကာကြည့်ပါက အဖြစ်အပျက်များစွာသည် Truth is stranger than fiction. (တကယ့်အဖြစ်အပျက်များသည် စိတ်ကူးယဉ်ထက်တောင် ဆန်းကြယ်သည်) ဟူသကဲ့သို့ပင် ဖြစ်ရလေသည်။ ယခုတင်ပြထားသော စာမျက် နှာများကား ကျွန်မ M.Sc (Maths) ဘွဲ့ရခဲ့ပြီး လုပ်သားကောလိပ်နှင့် လှိုင်နယ်မြေတွင် အချိန်ပိုင်းနည်းပြ လုပ်ခဲ့ရသည်မှ စပါသည်။ အချိန်ပိုင်းဘဝဟူသည် တက္ကသိုလ်များဖွင့်ချိန်မှာ ကူျတိုရီရယ် အချိန်များတွင် ပေးထားသော မေးခွန်းများကို ကျောက်သင်ပုန်းပေါ် တက်ရေး ကာ အဖြေလွှာများ ကောက်သိမ်းသော အလုပ်နှင့် စာမေးပွဲစစ်ချိန်မှာ စာမေးပွဲခန်းစောင့်။ တက္ကသိုလ်များ ပိတ်သောအခါ ကိုယ့်အိမ်ကိုယ်ပြန် ထိုင်ကာ အချိန်ပြည့်ကူျတာဖြစ်ဖို့ စိတ်ကူးယဉ်ရင်း အချိန်ကုန်သွားသော ဘဝများဖြစ်ပါသည်။ ဘဝ၏ ရည်မှန်းချက်တစ်ခုဖြစ်ခဲ့သော ပညာ ရေး လမ်းထဲခြေစုံရပ်ဖို့ လှမ်းလိုက်၊ ဘေးကို ရောက်သွားလိုက်ဖြစ်နေခဲ့သော ဘဝစာမျက်နှာများအကြောင်း ဖြစ်ပါသည်။
စာမျက်နှာတစ်
၁၉၉၇-၉၈ ခုနှစ်များတွင် ကျွန်မသည် လှိုင်တက္ကသိုလ်နယ်မြေတွင် အချိန်ပိုင်းနည်းပြလုပ်နေစဉ် ကျွန်မ၏ ဂုဏ်သိက္ခာ၊ ကျွန်မ ဘိုးဘွားများ၏ ဂုဏ်သိက္ခာ၊ ကျွန်မမိဘများ၏ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တဆိုင်ရာ ကျဆင်းဖွယ်ဖြစ်စေသော စာတစ်စောင်ကြောင့် အချိန် ပိုင်း အလုပ်မှ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ကျွန်မသည် ကျောင်းအုပ်ကြီးထံ ထိုကိစ္စနှင့် သွားတွေ့ရပါသည်။ ချက်ချင်းဆုံးဖြတ်ခဲ့သော ကိစ္စ ဖြစ်၍ ကျွန်မကို အိမ်က မိဘများနှင့် တိုင်ပင်ဖို့ ပြောပါသည်။ ကျွန်မသည် ခေါင်းမာစွာ ထွက်စာကိုရေးကာ တင်ပေးခဲ့ပါသည်။
ထိုနေ့က ကျွန်မဘယ်လို အိမ်ပြန်ရောက်လာမှန်းပင် မသိပါ။ ဘတ်စ်ကားစီးခဲ့သလား၊ လမ်းလျှောက်ပဲ ပြန်လာသလား၊ ကားခရော ပေးမိရဲ့လား ဆိုတာကအစ အသိစိတ်မရှိခဲ့ပါ။ ကျွန်မဘဝ၏ မှတ်ကျောက်တင်လာမည့် ရည်မှန်းချက်ပြည့်စေမည့် အလုပ်တစ်ခုကို ဖြတ် တောက်ပစ်ခဲ့မိသော ကိုယ့်ကိုကိုယ်ပင် နားမလည်ခဲ့ပါ။ ကျွန်မသတိထားမိချိန်တွင် အဘွား၏ အခန်းတွင်းရောက်နေပြီး ကျွန်မခံစားမိသမျှကို မျက်ရည်များဖြင့် ရင်ဖွင့်မိနေပြီဖြစ်ပါသည်။ မေမေကြီးသည် အဖြစ်အပျက်ကို နားထောင်ကာ ကျွန်မဆုံးဖြတ်ချက်အတွက် အားပေးခဲ့ပါသည်။ ကျွန်မ ဖေဖေ ပြန်ရောက်လာသောအခါ ထိုကိစ္စကိုကြားပြီး အလွန်စိတ်ဆိုးကာ သူလက်ရှိတာဝန်ထမ်းဆောင်နေသော ရန်ကုန်တက္ကသိုလ် ပါမောက္ခရာထူးမှထွက်ဖို့ ချက်ချင်းဆုံးဖြတ်ခဲ့ပါသည်။ နောက်တစ်နေ့တွင်မှာ ဖေဖေသည် သူ့စာအုပ်စာတမ်းများကို ဌာနမှ အကုန်သယ်ချလာ ကာ ဌာနသို့ လုံးဝမသွားတော့ဘဲ ထွက်စာကို တင်လိုက်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဖေဖေ့ကိုခေါ်ကာ ပြန်ရုပ်သိမ်းဖို့ ပြောပါသည်။ ဖေဖေသည် ကျွန်မထံသို့ ပေးပို့လိုက်သော လှိုင်တက္ကသိုလ်မှ စာကို ရုပ်သိမ်းမည်ဆိုလျှင် ဆက်လုပ်မည်ဟုသာ ပြောခဲ့ပါသည်။ ကျွန်မတို့ သားအဖသည် သင်္ချာနှင့်ပတ်သက်၍ သံယောဇဉ်တိခနဲ ဖြတ်နိုင်ခဲ့သော်လည်း မေမေမှာတော့ ကျွန်မတို့၏ ကြိုးစားခဲ့သော မှတ်တိုင်များစွာ သည် တစ်ခဏချင်းမှာ အဆုံးသတ်သွားခြင်းအတွင် မျက်ရည်စက်လက်ဖြစ်ခဲ့ရပါသည်။
စာမျက်နှာနှစ်
၁၉၉၅ တွင် တစ်ကြိမ်၊ ၁၉၉၈ ခန့်တွင် တစ်ကြိမ် Full time (tutor)အလုပ်ကို လျှောက်ခဲ့သော်လည်း မရရှိခဲ့ပါ။ ဤနေရာတွင် ထူးဆန်းတာ တစ်ခုက ၁၉၉၈တုန်းက ကူျတာလျှောက်စဉ်က စုစုပေါင်း ၆၃ ယောက်ရှိခဲ့ပြီး ၆၂ ယောက်ခန့်တာမှာ ကျွန်မ မပါခြင်းဖြစ်ပါ သည်။ B.Sc (Hons) အောင်ပြီး ပူပူနွေးနွေးလေးများပင် အောင်ကြရာ ကျွန်မလို M.Sc လည်းရပြီးသား... အင်း... ကျွန်မ ဖေဖေမှာ ရန်ကုန် တက္ကသိုလ် သင်္ချာပါမောက္ခရာထူးမှ ထွက်ခွင့်ရခါစဖြစ်နေရာ... တော်တော်များများကလည်း အောင်မှာပဲဟု စောင့်ကြည့်နေကြသူများလည်း ရှိလေရာ မအောင်သဖြင့် အံ့သြစရာတော့ ဖြစ်စရာဖြစ်ခဲ့ပါသည်။ ဤနေရာတွင် ''အံ့သြစရာတော့ ဖြစ်စရာ ဖြစ်ပါသည်''ဟု ဆိုခြင်းမှာ ကျွန်မတို့ မိသားစုမှ လွဲ၍မည်သူမျှ မအံ့သြကြသောကြောင့် ဖြစ်ပါသည်။
ကျွန်မအပါအဝင် M.Scအောင်ပြီးသားတခို့ျမှာ သိပ္ပံနှင့် နည်းပညာဌာနတွင် Ph.D ဆက်တက်ဖို့ စာမေးပွဲအောင်ထားလို့ စောင့်နေကြ သူများရှိလေသည်။ ထိုကဲ့သို့နှစ်ဖက်ခွကာ အလုပ်နှစ်ခုကို စောင့်နေရာမှ ကူျတာစာမေးပွဲအောင်စာရင်းထွက်၍ အောင်ကြသူများအားလုံး ရန်ကုန်တက္ကသိုလ်ဘက်ကို ရွေးချယ်သွားကြပါသည်။
(ထိုစဉ်က အခြေအနေကို ရှင်းအောင်ပြောပြရလျှင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရအများအပြားသည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဟူသော အသစ်ဖွင့်လှစ်ကာထားရှိသော ရန်ကုန်စက်မှုတက္ကသိုလ် Ph.D သင်တန်းကြောင့် ဘွဲ့ရများရောက်ကုန်ကြပါသည်။ အသစ်ဖွင့်လှစ်ထားသော ဌာနဖြစ်၍ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရများကို ခေါ်ယူခန့်အပ်လျက်ရှိပါသည်။ ကူျတာလျှောက်ထားသူ အများအပြားပင် ရန်ကုန်တက္ကသိုလ်မှ အလုပ်အောင်စာရင်း နောက်ကျမှု၊ မသေချာမှုများကြောင့် စောင့်မနေတော့ဘဲ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ ကူးပြောင်းသွားကြသူများ ရှိကြပါသည်။)
ကျွန်မက ရန်ကုန်တက္ကသိုလ်ကိုသာ ဦးစားပေးထားသူဖြစ်သော်လည်း သူများယောင်လည်း လိုက်ခါယောင်ဆိုသကဲ့သို့ သူငယ်ချင်းများ က ဟိုက Ph.D လည်း ဖြစ်ကူျတာစာမေးပွဲအောင်စာရင်းကလည်း ကြာနေတာနှင့် လိုက်လျောလိုက်တာဖြစ်ပါသည်။ ထိုစာမေးပွဲ အောင် စာရင်းကလည်း ကြာနေတာနှင့် လိုက်လျောက်လိုက်တာဖြစ်ပါသည်။ ထိုစာမေးပွဲ အောင်စာရင်းနှစ်ခုသည် တစ်ပြိုင်နက် တိုင်ပင်ကာထား သကဲ့သို့ ထွက်လာပါသည်။ ရန်ကုန်တက္ကသိုလ်က ကူျတာအောင်စာရင်းက လည်ပင်းရှည်မတတ်စောင့်ပြီးမှ ထွက်လာတာဖြစ်ပြီး သိပ္ပံနှင့် နည်းပညာ အောင်စာရင်းကတော့ ကြေညာထားသည့်အတိုင်း ချက်ချင်း ထွက်လာတာဖြစ်ပါသည်။ (အကယ်၍များ ကူျတာ အောင်စာရင်းသာ တစ်ရက်နောက်ကျလျှင် ရှိသမျှ ကူျတာများအားလုံး သိပ္ပံနှင့် နည်းပညာဌာနသို့ ရောက်ကုန်ကြမည်ထင်ပါသည်။) ဤသို့နှင့် ရှေ့တွင်ဆိုခဲ့ သလို ကျွန်မတစ်ဦးသာ ကူျတာအောင်စာရင်းမပါဘဲ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ဆီကို မျောက်သစ်ကိုင်းတစ်ဖက်လွတ် ရောက်ခဲ့ခြင်းဖြစ် ပါသည်။ (အင်း... တော်သေးရဲ့... တက်စရာတစ်ခုက ကျန်သေးနေလို့သာဟု သည်တုန်းက အောက်မေ့ရပါသည်) သို့သော်... ကျားကြောက်လို့ ရှင်ကြီးကိုး... ဆိုသကဲ့သို့ပင်... ပြဿနာများသည် လက်ယပ်မခေါ်ဘဲ အလိုလိုရောက်လာသည်။ ထိုဌာနက အဖြစ်အပျက်များကို ယခုပြန်လည် တင်ပြရသည်ရှိသော်... ဟု ဆိုရမည်ဖြစ်ပါတော့သည်။ (စာမျက်နှာသုံးတွင် ဆက်လက်ဖတ်ရှုပါ)
စာမျက်နှာသုံး
၁၉၉၈ က Ph.D တက်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် ကျွန်မသည် နည်းပညာဌာနက ကျင်းပသော ရေးဖြေစာမေးပွဲများကို အောင်မြင်ခဲ့ပြီးသကာလ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖွင့်လှစ်ထားသော Ph.D သင်တန်းသို့တက်ဖို့ ရောက်လာခဲ့ရပါသည်။ သို့သော် တက်ခွင့်ချက်ချင်းမရဘဲ သိပ္ပံနှင့် နည်းပညာဌာနတွင် ရူပဗေဒဘွဲ့ရ ၃ဝ ခန့်နှင့် သင်္ချာဘွဲ့ရ ကျွန်မအပါအဝင်သုံးဦးသည် တစ်နှစ်ခန့် ရူပဗေဒ ဘာသာသင်ယူခဲ့ရပါသည်။ အကြိုသင်တန်းဟုဆိုကာ ရူပဗေဒကို သင်ယူရသည်မှာ ရူပဗေဒအဓိက ကျောင်းသားများအနေနှင့် မထောင်းတာ ဘဲ ကျွန်မတို့လို သင်္ချာကျောင်းသားများအတွက် တောင်တော်လေးစိတ်ညစ်ခဲ့ရပါသည်။ သို့သော် နောင်နှစ်တက်ရမှာပဲဟု စိတ်တင်းကာ မှန်မှန်တက်ခဲ့သည်။ ဘတ်စ်ကားကျပ်ကျပ်ကို အသက်အောင့်ကာစီးရင်း ကျော်လွန်ဖြတ်သန်းခဲ့ရသော ထိုရှစ်လတာ သင်တန်းအကြောင်း စဉ်းစားမိလိုက်တိုင်း အသက်ရှူကျပ်နေဆဲဖြစ်ပါသည်။
Ph.D တက်ရမည့် ကာလကို ရောက်လာသောအခါ တက်ခွင့်မပေးဘဲ စာမေးပွဲထပ်ဖြေခိုင်းမည်ဟု ဆိုပါသည်။ စာမေးပွဲကျရင်တော့ ဝန်ထမ်းဘဝနှင့်သာ အရိုးထုတ်ရမည်တဲ့။ အောင်မှ Ph.D သင်တန်းကို တက်ခွင့်ပေးမည်ဟု ဆိုသည်။ ကျွန်မသည် စာမေးပွဲအောင်ပြီးသား များအပေါ် ယခုလိုဆုံးဖြတ်ခြင်းကို သဘောမကျသဖြင့် ကျွန်မ၏ သူငယ်ချင်းများကို စည်းရုံးကြည့်မိပါသည်။ စည်းရုံးရေးအလွန် ညံ့ဖျင်းကြောင်း အဲသည်တုန်းက သိခဲ့ရပါသည်။ ကျွန်မတစ်ဦးတည်းသာ ထွက်ခဲ့ပြီး ကျန်တဲ့သူများ သည်အတိုင်းကျန်ခဲ့ကြပါသည်။ နောက် ဘာတွေ ဆက်ဖြစ်ကုန်သလဲ မသိတော့ပါ။ သို့သော် လူဆိုသည်မှာ မိမိ၏ ယုံကြည်ချက်ကို မိမိကိုယ်တိုင်သာ အကောင်အထည်ဖော်ခြင်းဖြင့် ရပ်တည်သင့်ကြောင်း သင်ခန်းစာရခဲ့ပါသည်။
ထွက်စာသွားတင်သော နေ့က ကျွန်မကို ရူပဗေဒဒေါက်တာဘွဲ့ရ ဆရာကြီးတစ်ဦးက စကားခဏပြောရအောင်ဟုဆိုကာ ဌာနဝရန်တာ ဆီသို့ ခေါ်ပါသည်။ ကျွန်မ၏ ဆုံးဖြတ်ချက်မပြင်တော့ဘူးလားဟု မေးပါသည်။ ကျွန်မက ''စာမေးပွဲထပ်မစစ်ဘူးဆိုရင် ထွက်စားတင်စရာ အကြောင်းမရှိဘူး'' ဟုသာ ပြောမိပါသည်။ ဆရာသည် အပြင်ဘက်ကို ငေးနေရင်း ''ဒါတော့ ဆရာတို့လည်း မပိုင်ဘူးကွယ်။ မင်းအရွယ် ကတော့ ဘာမဆို ကိုယ်ဆုံးဖြတ်တဲ့အတိုင်း လုပ်နိုင်လေတော့ ဆရာမတားပါဘူး။ တားခွင့်လည်းမရှိပါဘူး။ အစစ အရာရာ အဆင်ပြေပါ စေ''ဟု နှုတ်ဆက်စကားပြောခဲ့ပါသည်။ ဆရာတစ်ဦးသံယောဇဉ်အရ ပြောခဲ့သောစကားများကို ယနေ့တိုင် မမေ့နိုင်ပါ။
စာမျက်နှာလေး
ဤသို့နှင့် ကျွန်မသည် အလုပ်လက်မဲ့ဘဝဖြင့် မေမေကြီးဒေါ်ခင်မျိူးချစ်ကို အဖော်ပြုကာ စာများရေးသားစပြုနေခဲ့သော ကာလများကို ကျော်ဖြတ်ခဲ့ရပါသည်။
စာမျက်နှာငါး
၁၉၉၉ ဇန်နဝါရီ ၂ ရက်မှာ မေမေကြီး ဒေါ်ခင်မျိူးချစ် ကွယ်လွန်ခဲ့ပါသည်။ မကွယ်လွန်ခင်နေ့များက ကျွန်မ မကြာမီတက်ယူရမည့် M.Sc (Maths) ဘွဲ့အတွက် စိတ်လှုပ်ရှားစွာ မေမေကြီးနှင့် ပြောခဲ့ဖူးကြပါသည်။ ဘွဲ့တက်ယူတဲ့အခါ မေမေကြီးပါ အတူတူတက်ဖို့။ သို့သော် ကျွန်မ ဘွဲ့မယူခင်လေးမှာ မေမေကြီး ကွယ်လွန်ခဲ့ပါသည်။ မေမေကြီးမကွယ်လွန်ခင်က ဘွဲ့တက်ယူဖို့ လျှောက်လွှာတင်ပြီးဖြစ်၍သာ ဘွဲ့ဝတ်စုံထုတ်ဖို့တို့ စသည့်ကိစ္စများကို စိတ်မပါဘဲ လုပ်နေခဲ့ရပါသည်။ ဝတ်စုံကို မြို့ထဲက ကုန်တိုက် ၁ တွင် ထုတ်ဖို့သွားပါသည်။ ကျွန်မ အား M.Scအတွက် ဝတ်စုံများ မရှိကြောင်းနှင့် B.Scဝတ်စုံကိုသာ ဝတ်တက်ဖို့ ပြောပါသည်။ ကျောင်းသားတစ်ယောက် ရသင့်ရထိုက်ပြီး သား အခွင့်အရေး တစ်ခုကို ဤသို့ အလွယ်တကူ ပြောထွက်ခြင်းကို ကျွန်မ နားမလည်နိုင်ပါ။ M.Scဝတ်စုံကိုသာရဖို့ ထပ်ပြောသောအခါ နောက်တစ်ကြိမ် ထပ်ချိန်းပါသည်။
ဤသို့နှင့် သုံးကြိမ်မြောက်ရောက်လာပါသည်။ M.Scဝတ်စုံမရှိဘူး။ B.Sc ဝတ်စုံဝတ်တက်လိုက်လည်း ဘာဖြစ်သလဲဟု ပြောပါ သည်။ အပြင်မှာ ငှားလည်း ရမှန်းသိပါသည်။ သို့သော် ပိုက်ဆံအပို အကုန်မခံနိုင်ပါ။ သူက ကျွန်မဘက်က အလျှော့မပေးသောအခါ နောက် တစ်ကြိမ်ထပ်လာဖို့ ပြောပါသည်။ ကျွန်မသည် ကျွန်မတစ်သက်တွင် တစ်ကြိမ်တစ်ခါမှ အသုံးမချခဲ့ဖူးသော ကျွန်မဘိုးဘွားများအမည်ကို ဝမ်း နည်းစွာ သုံးလိုက်မိပါသည်။ ''ကျွန်မအဘွား ဒေါ်ခင်မျိူးချစ် စာရေးဆရာမကြီးဆုံးတာ ရက်ပိုင်းပဲရှိသေးတယ်... ကျွန်မအမှန်ပြောရရင် ဒီဘွဲ့ကို တက်ယူဖို့ စိတ်ကူးတောင် မရှိဘူး... တင်ပြီးသားဖြစ်နေလို့သာ အခုလို လိုက်လုပ်နေမိတာဖြစ်တယ်... အကယ်၍ ဒီနေ့မှာ ဒီဝတ်စုံမရ ရင် ဒီဘွဲ့တက်မယူတော့ဘူး''ဟု ဒေါသအလျောက်ပြောမိကာ မျက်ရည်ဝဲခဲ့ရပါသည်။ ထိုသို့ ပြောလိုက်ခြင်းမှာလည်း ဝတ်စုံရပါစေတော့ဟူ သော စိတ်နှင့် မဟုတ်ပါ။ မခံနိုင်လွန်းလို့ ထွက်သွားသော စကားများသာဖြစ်ပါသည်။ ထိုဦးလေးကြီးသည် အနည်းငယ်တုန်လှုပ်သွားဟန်ရှိ ပြီး နောက် ၁၅ မိနစ်အတွင်းမှာ ကျွန်မအတွက် M.Scဝတ်စုံကို ထုတ်ပေးလိုက်ပါသည်။
(အင်း... မေမေကြီးသာကြားလို့ ကတော့ ''အမယ်... တယ်စွမ်းတဲ့ငါပါလား''ဟု ရယ်လျက်ပြောပေလိမ့်မည်ထင်ပါသည်။)
ကျွန်မနှင့်အတူပါလာသော သူငယ်ချင်းလည်း M.Scဘွဲ့ဝတ်စုံရပါသည်။ သူငယ်ချင်းသည် ကျွန်မကို အထူးပင်ကျေးဇူးတင်လျက်ရှိ ကာ ''နင့်ကျေးဇူးကြောင့်ရတာပဲ။ ဒီလိုမှန်းသိရင် နင့်အဘွားနာမည် အစောကြီးတည်းက ပြောလိုက်ပါလား''ဟု ပြောပါသည်။ ကျွန်မသည် ကွယ်လွန်သွားပြီဖြစ်သော မေမေကြီးအမည်ကို သုံးလိုက်မိခြင်းအပေါ် ဘယ်လောက်ခံစားနေမိတယ်ဆိုတာ သူမသိလေခြင်းဟု ခံစားမိခဲ့ပါ သည်။ ကျွန်မတို့သည် မိမိတို့၏ မွေးရာပါ အခွင့်အရေးအတိုင်း ရသည့်အဖြစ်ကိုပင် ဆုလာဘ်ကြီးပမာ ကျေးဇူးတင်နေရသောအဖြစ်ကို နားလည်သဘောပေါက်ခဲ့ရပါသည်။
စာမျက်နှာခြောက်
ကျွန်မသည် မေမေကြီးကွယ်လွန်ခဲ့ပြီးနောက် စာရေးနေရင်းဖြင့်သာ အချိန်ကုန်ခဲ့ပါသည်။ စာရေးနေရင်းနှင့်ဟု ဆိုလိုက်သည်ကို အထင် မကြီးစေချင်ပါ။ ကျွန်မရေးသော ဆောင်းပါးများမှာ အတွေးအမြင်တွင်သာ ပင်တိုင်ရေးဖြစ်နေခြင်းသာ ဖြစ်ပါသည်။ ထိုကာလသည် စာရေးဖို့ အတွက် အချိန်များရလာခဲ့ပြီး စာရေးဖို့ အရှိန်ရလာခါစ ပြုခဲ့သောကာလများဟု ခေါ်ရမည်ဖြစ်ပါသည်။
စာမျက်နှာခုနစ်
၁၉၉၉ တွင်ပင် သိပ္ပံနှင့်နည်းပညာမှ Ph.D ကျောင်းသားများခေါ်ယူကြောင်း သတင်းစာထဲပါလာသည်ဟု ကျွန်မ မေမေက ပြောပါ သည်။ သည်တစ်ခါခေါ်ပုံက အပြင်ကျောင်းသားများသည် မိမိ၏ကျောင်းလခ ကိုယ့်ဘာသာပေးစနစ်ဖြင့် တက်ခွင့်ပေးမည်ဟုပါလေရာ ကျွန်မ သည် သင်္ချာကို သံယောဇဉ်မပြတ်ဘဲ စာမေးပွဲဝင်ဖြေဖို့ ဆုံးဖြတ်ခဲ့ပြန်ပါသည်။ အင်္ဂလိပ်စာဖြေရပါသည်။ သည်တစ်ခေါက်မှာ ပြင်ပကျောင်း သားဟူ၍ ကျွန်မတစ်ဦးသာ အောင်သည်။ ကျန် ၂၂ ယောက်စလုံးမှာ ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ကြသည်။ သို့နှင့် အင်တာဗူျး ဖြေရသည်။ ထိုစဉ်က အင်တာဗူျးလုပ်သူ သင်္ချာဆရာများပါလေရာ ကျွန်မကို သိသောဆရာ တခို့ျက ''ညည်း ဒီတစ်ခါတော့ တကယ်တက်မှာလား''ဟု မေးပါသည်။ ကျွန်မနှင့် ကူျတာအင်တာဗူျးများမှာ တွေ့ဖူးနေသောကြောင့် တစ်ခါမှ တက်ခွင့်မရခဲ့သော ကျွန်မကို မှတ်မိနေပုံရပါသည်။ ''သည်တစ်ခါ သေချာတာပေါ့ဆရာရယ်။ အင်တာဗူျးသာ ဆရာတို့အအောင်ပေးလိုက်ရင် ဆရာနှင့် တွေ့ကြမှာပါ''ဟု ရယ်မောရင်း ဖြေခဲ့မိ သေးသည်။ တစ်ယောက်ကတော့ ''ကျောင်းလခဘယ်သူပေးမှာလဲ''ဟု မေးပါသည်။ ''ကျွန်မအစ်ကိုက ပေးမှာပေါ့။ စိတ်မပူပါနဲ့ ဆရာ'' ဟု ပြန်ဖြေဖြစ်ခဲ့လေသည်။
အင်တာဗူျးမေးခွန်းများ ဖြေပြီးနောက် မကြာမီ အောင်စာရင်းထွက်ရာ ကျွန်မအောင်ပါသည်။ သည်တော့ သည့်ထက်သေချာတာရှိ မလား။ ကျွန်မတကယ် Ph.D တက်ခွင့်ရပြီ။ သို့နှင့် သတ်မှတ်ထားသည့်အတိုင်း ကျောင်းလခသုံးလစာ သွားသွင်းပါတော့သည်။ ထိုနေ့က ကျောင်းစတက်ရမည့်နေ့။ သို့သော် ကျောင်းသားရေးရာက လက်မခံပါ။ သင်္ချာပါမောက္ခနှင့် သွားတွေ့ရမည်ဟု ပြောပါသည်။ ဤသို့ ကြုံရခြင်းမှာ ကျွန်မတစ်ဦးတည်းမဟုတ်ပါ။ ဌာနဆိုင်ရာ အသီးသီးက အပြင်ဖြေအောင် ကျောင်းသားများအားလုံး ရင်ဆိုင်ကြရခြင်းဖြစ်ပါ သည်။ ကျွန်မလည်း သင်္ချာပါမောက္ခဆီ သွားတွေ့ရပြန်ပါသည်။ ပါမောက္ခက ''အခု မူပြောင်းသွား၍ ပြင်ပ ကျောင်းသားများ လက်မခံ တော့''ဟု ပြောပါသည်။ အသေးစိတ်သိချင်ရင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကို သွားမေးဖို့ပြောပါသည်။ သို့နှင့် ကျွန်မသည် ကျွန်မ ဦးလေး ကွန်ပူျတာဌာနက ပါမောက္ခဦးစိုးမြင့်ရယ်၊ ကျွန်မအစ်ကိုရယ်နှင့် ချီတက်သွားကြပါသည်။ သို့သော် မထူးပါ။ ဝန်ထမ်းများသာ တက်ခွင့်ရသောမူဖြစ်၍ အကယ်၍ ကျွန်မဝန်ထမ်းဆိုရင်တော့ရမည်။ သို့သော် ယခုတော့ ဝန်ထမ်းလည်း ခန့်ဖို့မရှိဟုပြောပါသည်။
ဤကား ကျွန်မပညာရေးနယ်ပယ်မှ လုံးဝဥဿုံ ကျောခိုင်းဖြစ်ခဲ့သော အကြောင်းအရာများ ဖြစ်ပါသည်။ ထိုအတွေ့အကြုံများကြောင့် ပညာရေးနှင့် ပတ်သက်သည့် ကိစ္စများကို လုံးဝအယုံအကြည်မရှိတော့ခြင်း၊ ကျွန်မကို ပညာရေးလမ်းပေါ်မှာရှိနေဆဲ သူတစ်ယောက်လို အဆက်အဆံခံရသည်ကိုပင် ခါးသီးနာကျင်မိခြင်းများကို လွန်သည်ဟု မပြောပါနှင့်တော့ဟုသာ ဆိုရပေတော့မည်။
စာမျက်နှာရှစ်
သိပ္ပံနှင့်နည်းပညာဌာနက ပြင်ပကျောင်းသားများ လက်မခံသောနေ့နှင့် ကျွန်မတို့ အိမ်နားက Alliance Francaise ခေါ် ပြင်သစ်စာသင်တန်း ကျောင်းတွင် ကျောင်းသားလက်ခံသည့် နောက်ဆုံးနေ့က တစ်ရက်တည်းဖြစ်ပါသည်။ ကျွန်မသည် သိပ္ပံနှင့်နည်းပညာဆီက Ph.D တက်ဖို့ မဖြစ်နိုင်ကြောင်း သေချာသွားသည်နှင့် ကျွန်မစိတ်ထဲတွင် စာနှင့်ပတ်သက်၍ တစ်ခုခုကို လုပ်ချင်နေသော စိတ်ကို ဖြေပေးသည့် အနေဖြင့် ထိုပြင်သစ်စာသင်တန်းကျောင်းကို သွားခဲ့ပါသည်။ သိပ္ပံနှင့်နည်းပညာဌာနကနေ တန်းကာသွားသောကြောင့် ကျောင်းလခအက်ဖ်အီးစီလည်း ပါမသွားခဲ့ပါ။ သို့သော် ကြိုတင်ပြီး အပ်လို့ရသဖြင့် တော်ပါသေးသည်ဟု ဆိုရပေမည်။
သို့နှင့် ကျွန်မသည် ရသေ့စိတ်ဖြေ ပြင်သစ်စာသင်တန်းကို တက်ခဲ့ပါသည်။ အမှန်ပြောရရင်ဖြင့် ကျွန်မ၏ စိတ်အခြေခံသည် ကျွန်မရရှိ ခဲ့သော အရာများနေရာမှာ အစားထိုးဖို့ဟူသော ရည်ရွယ်ချက်က လွှမ်းမိုးလျက်ရှိနေလေသည်။ ကျွန်မ၏ ပတ်ဝန်းကျင်သစ်သည် အတိတ်က ဒဏ်ရာများကို မေ့ပျောက်ဖို့ များစွာအကူအညီပေးခဲ့ပါသည်။ သို့ရာတွင် အပျော်အဖြစ်တက်ခဲ့သော်လည်း ပျော်သင့်သလောက် မပျော်ခဲ့ရဘဲ နောက်ဆုံးတွင် အရှုံးပေးကာ ကျွန်မ၏ မူရင်းစာရေးသော အလုပ်ဖြစ်သော လူမှန်နေရာမှန်ဆီကိုသာ ပြန်ရောက်ခဲ့ပါတော့သည်။
ကျွန်မ ကြုံခဲ့ရသော အဖြစ်များသည် ဘဘကြီး အမြဲလိုလို ဆုံးမခဲ့သော blessing in disguise ''အဆိုးထဲက အကောင်း''ဟူသော ဆုံးမစကားကြောင့်သာ မဟုတ်လျှင် ရူးသွပ်သွားနိုင်လောက်ပါသည်။ သို့သော် ကြုံခဲ့ရသော အဖြစ်များကို ရယ်သွမ်းသွေးကာ ခံနိုင်ရည်ရှိခဲ့ ခြင်းကား ဘဘကြီး၏ ဆုံးမစကား၊ မေမေကြီး၏ အားပေးစကားများနှင့် ကျွန်မ၏ ဆုံးဖြတ်ချက်များအပေါ် အမြဲလိုလို နားလည်ပေးခဲ့သော ကျွန်မ၏ မိဘများကြောင့်ပဲ ဖြစ်ပါတော့သည်။ (အင်း... ကျွန်မအစ်ကိုက သူ့နာမည် မပါလို့ ပြောဦးမည်ထင်သည်။ သည်တော့...) ကျွန်မဘာလုပ်လုပ် ကျွန်မဘက်က ရပ်တည်ကာ နင့်သဘောပဲ၊ နင်စိတ်ပါမှလုပ်၊ စိတ်မပါဘဲ ဘာမှမလုပ်နဲ့ဟု အစ်ကိုမောင်ရစ် ပြောတတ် သော စကားများသည် ကျွန်မအတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ပါကြောင်း...။