Thursday, November 2, 2017

ဂျူနီယာဝင်း ● အိပ်မက်တွေကို အကောင်အထည် ဖော်ပေးခဲ့ကြသူများ

ဂျူနီယာဝင်း ● အိပ်မက်တွေကို  အကောင်အထည် ဖော်ပေးခဲ့ကြသူများ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၇ (အတွေးအမြင် နိုဝင်ဘာ ၂ဝ၁၇)
(ဒီဆောင်းပါးကို ဆင်းရဲတွင်းနက်နေသူများ (၂) လို့ အမည်တပ်ရမှာဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နေသူများ အမည်တပ် ဆောင်းပါးတစ်ပုဒ်က Jeffrey Sachs ရေးသားသော The End of Poverty စာအုပ်နိဒါန်း (အဆိုတော် ဘိုနို (Bono) ရေး) တာကို ဘာသာပြန်ခဲ့တာ ဖြစ်ပါတယ်။)

● မင်းအိပ်မက်က ဘာလဲ ?

ဒီမေးခွန်းက ကမ္ဘာပေါ်မှာ အလုပ်မရှိတဲ့လူတွေ၊ အလုပ်လက်မဲ့တေနဲ့ ဆင်းရဲတဲ့လူတန်းစားတရပ်ကို မေးလိုက်တာပါ။ သည် တော့ မေးခွန်းက သူတို့အတွက် ရယ်စရာကောင်းနေလား။ သူတို့ကို  ဘယ်လိုအလုပ်မျိုးကို စတင်လုပ်ချင်သလဲလို့မေးပြီး အလုပ်အကိုင်တစ်ခုခုပေးပြီး သူတို့ဆီက ဘယ်လိုမျော်လင့်ချက်ထားကြမလဲ။

၁၉၇၉ ခုနှစ် မှာ Trickle Up ပရိုဂရမ် စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား မိုင်းဒရပ်နဲ့ဂလန်လိသ် (Mildred and Glen Leet) တို့စုံတွဲက တိုင်းပြည် ၉၉ နိုင်ငံမှာ အကြိမ်ပေါင်း ၇ဝဝဝ မက အဲဒီ မေးခွန်းတွေကို မေးပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့တတွေက ဆင်းရဲသားတွေအပြင် စာမတတ်ပေမတတ် လူတန်းစားတွေကိုတောင် တွေ့ပြီး အဖြေ ထုတ်ခဲ့ကြပါတယ်။ လိသ်ဟာ ကာရီဘီရန်အရပ်က အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်တဲ့ ဒိုမီနီကာကိုခရီးထွက်ခဲ့စဉ်မှာ Trickle Up မွေးဖွားလာဖို့ အကြောင်းတွေ ဖြစ်ခဲ့ပါတယ်။
”ကျွန်တော်တို့က မတူညီတဲ့လုပ်ငန်း ၁ဝဝ အတွက် ဒေါ်လာ ၁ဝဝ သုံးခဲ့တယ်။ ရခဲ့တဲ့ အတွေ့အကြုံတွေက ဒီထက်မက တန်ဖိုးရှိတယ်။ ဘာနဲ့မှ နှိုင်းလို့မရပါဘူး။” ဂလန်လိသ်က ဆက်ပြောရာမှာ ”ကာရီဘီရမ်အရပ်က ဒိုမီနီကာဆိုတဲ့ ကျွန်းလေး တစ်ကျွန်းကို စစချင်းတုန်းက ကျွန်တော်တို့ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်နေရာမှာ အလုပ်လက်မဲ့တွေ သိပ်ကို ထူထပ်တယ်။ သူတို့ရဲ့ဝင်ငွေကလည်း အနိမ့်ဆုံးအဆင့်လောက်ပဲ ရှိတယ်။”
အဲဒီမှာ ဆင်းရဲတဲ့သူတွေကို ကူညီပေးမယ့် ပရိုဂရမ်တွေ ဘာမှမရှိဘူး။ သူတို့က ရိုးရိုးရှင်းရှင်းပဲ စခဲ့ကြတာပါ။ သူတို့ကိုယ်ပိုင် ပိုက်ဆံ ဒေါ်လာ ၁ဝဝ နဲ့ လူ ၁ဝ ယောက်စီကိုပေးပြီး ကိုယ်ပိုင်အလုပ်လေး စလုပ်ခိုင်းခဲ့ကြတယ်။ ကြက်ဥ၊ ယိုနဲ့ ကျောင်းသုံး ပစ္စည်းလေးတွေ ရောင်းဖို့စီစဉ်ပေးခဲ့တယ်။ အဲသည်အလုပ်လေးက ယနေ့တိုင် တည်တန့်နေတယ်။ ပြောရရင် ရလဒ်တွေက အံ့သြစရာကောင်းလောက်အောင် တိုးတက်လာတယ်ပေါ့။ အခု Trickle Up အကြောင်းလေးကို အစပြန်ဖော်ကြည့်ပါမယ်။
Trickle Up ဆိုတဲ့ အဓိပ္ဗါယ်ရဲ့ နောက်မှာ လက်တွေ့ကျတဲ့သီအိုရီ တစ်ခုရှိနေတယ်။ ”လူတစ်ယောက်ကို ငါးတစ်ကောင်ပေးပြီး ထမင်းတနပ်ကျွေးမလား၊ ဒါမှမဟုတ် သူ့ဘဝနေထိုင်စားသောက်ဖို့ ငါးများနည်း သင်ပေးမလား” တဲ့။ လိသ်က ”လူတိုင်း လူတိုင်းမှာ” တဲ့၊ ”ဘယ်လိုပဲ အဖိနှိပ်ခံနေရပါစေ၊ ကောင်းမွန်တဲ့ ဘဝအိပ်မက်တွေနဲ့ အလုပ်ကောင်းကောင်းလုပ်ဖို့ ချန်ပီ ယံ ဖြစ်ဖို့ အခွင့်အရေးရရင်လုပ်မှာပဲ ဆိုတဲ့ အိပ်မက်တွေ ရှိနေကြပါတယ်” လို့ပြောတယ်။
Trickle Up ရဲ့မူရင်းအဓိပ္ပါယ်ကို ဖော်ကြည့်လိုက်တော့ ”အပြည်ပြည်ဆိုင်ရာ အကျိုးအမြတ်မယူပဲ လူ့ဘဝကောင်းမွန်တိုး တက်ဖို့ လုပ်ဆောင်ပေးနေသော အဖွဲ့အစည်း” လို့ ဘာသာပြန်ပါတယ်။ အဲဒီအဖွဲ့အစည်းက အလွန့် အလွန် ဆင်းရဲမွဲတေ ပါတယ်ဆိုတဲ့သူတွေကို အဓိကပစ်မှတ်ထားပါတယ်။ – သူတို့သတ်မှတ်တဲ့ ဆင်းရဲတဲ့သူတွေဆိုတာ တစ်နေ့ကို ဒေါ်လာ ၂ ဒေါ်လာအောက် (၁.၉ ဒေါ်လာ) လောက်ပဲ ဝင်ငွေရှိတဲ့သူတွေ – ဖြစ်ပါတယ်တဲ့။ စစချင်းမှာတော့ အားနွဲ့တဲ့ အမျိုးသမီးတွေ၊ ကိုယ်ခန္ဓာချို့ယွင်းနေတဲ့သူတေနဲ့ အမေရိက၊ အာဖရိကနဲ့အိန္ဒိယက ခိုလှုသူတွေဆီ ချဉ်းကပ်ပါတယ်။ ဆင်းရဲလွန်းလို့ အတိ ဒုက္ခရောက်နေသူတွေဖြစ်ပြီး သူတို့ဟာ အစိုးရရေးဆွဲတဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပတ်သက်ဖို့တောင်မှ အလှမ်းဝေးနေသူ တွေဖြစ်ပြီး NGO (Non-government Organization) ဆိုတဲ့ ”အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း” တွေနဲ့လည်း ဘယ်လိုမှ မ တွေ့နိုင်တဲ့ မဆုံဆည်းနိုင်တဲ့သူတွေ ဖြစ်ပါတယ်။
United Nations Relief and Rehabilitation Agency (ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ ကူညီထောက်ပံ့ရေး အေဂျင်စီ) မှာ သူ့ဘဝတလျောက်လုံး လုပ်ကိုင်ခဲ့တဲ့ ကာလတလျောက်လုံးမှာ ကမ္ဘာအနှံ့က တိုင်းပြည်ပေါင်း ၅ဝနိုင်ငံ ကိုခရီးထွက်ပြီး လူတွေရဲ့ ဘဝတွေကို လေ့လာစမ်းစစ်ပြီး အဖြေတစ်ခုထုတ်နိုင်ဖို့ မျော်လင့်ချက်တေနဲ့ ကြိုးစားခဲ့ကြပါ့တယ်။
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မိုင်းလ်ဒရပ်နဲ့သူ (လိသ်) တို့နှစ်ဦးသားဟာ ”အပြည်ပြည်ဆိုင်ရာ ညိမ်းချမ်းရေး အဆင့်မြင့် ကော်မတီ” ရဲ့ နောက်ခံနဲ့ကြီးမားတဲ့ အစီအစဉ်တစ်ခုကို ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ သူတို့က ပိုက်ဆံမရှိ၊ ဆင်းရဲတဲ့လူတန်းစားတွေကို တွေ့တယ်၊ မေးခွန်းတွေမေးတယ်၊ သူတို့ရဲ့အိပ်မက်ကဘာလဲလို့ ဖြေခိုင်းကြည့် တယ်၊ သူတို့လက်ထဲ ပိုက်ဆံထည့်ပြီး ဒါဟာ တကယ်ကူညီတာ၊ ဟန်ဆောင်မေးနေတာမဟုတ်ဖူးလို့ သက်သေပြခဲ့တယ်။
”ကျွန်တော်တို့က ဒေသဆိုင်ရာ (ကာရီဘီရန်အရပ်က အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်တဲ့ ဒိုမီနီကာ) အစိုးရအဖွဲ့တွေ၊ အရာ ရှိတွေနဲ့ တွေ့ပြီး သူတို့နေရာက လူတွေအကြောင်းကို အသေးစိတ်မေးမြန်းကြပါတယ်။ ဒေသခံလူတေနဲ့တွေ့ဆုံမူတွေ မရေတွက်နိုင်အောင် လုပ်ရပါတယ်။ တချို့က ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ကြတယ်။ တချို့ကတော့ ဟာသတွေ လာလုပ် နေတယ်ဆိုပြီး စိတ်ဆိုးကြတယ်။ အဲသည်လိုလူတွေ ကြားထဲကမှ အနည်းငယ်သော ၁ဝယောက်လောက်သာ ရှိတဲ့ အလုပ် လက်မဲ့၊ အိမ်ထောင်မရှိတဲ့ အမျိုးသမီးအုပ်စုတစ်စုကို တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို မေးကြည့်တယ် — ”ခင်ဗျား တို့ကို အလုပ်တစ်ခုခု တစ်ယောက်ယောက်က ပေးမယ်လို့ မျော်လင့်ပြီး စောင့်နေကြတာ ဘယ်လောက်ကြာပြီလဲ၊ ကိုယ့်ဘာ သာကိုယ် ရောလုပ်ဖို့စိတ်ကူးမရှိဘူးလား”
”ဒီမေးခွန်းက သူတို့အတွက် စိတ်အနှောက်အယှက်လည်း ဖြစ်တယ်၊ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ သူတို့က ဖြေတယ် – ”ကျွန်မတို့လုပ်ချင်တာပေါ့။ ကျွန်မတို့က ဝိုင်ကောင်းကောင်း လုပ်တတ်တယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း သိတယ်။” ဆိုပြီး အစီအစဉ်တစ်ခုကို ကောက်ကြောင်းဆွဲပြတယ်။ ကျွန်တော်တို့က သူတို့အတွက် ရင်းနှီးငွေ ထုတ်ပေးလိုက် ပါတယ်။ ဒါဟာ သူတို့ရဲ့အိပ်မက်ကို ဆွဲထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ စာချုပ်တစ်ခုချုပ်တယ် – လက်မှတ်ထိုးကြတယ် – သူတို့အတွက်ပိုက်ဆံ ထုတ်ပေးတယ်။ သူတို့စိတ်ထဲ အလုပ်တစ်ခုလုပ်ရတော့မယ်ဆိုပြီး ခံစားမိသွားကြတယ်ပေါ့။”
မိုင်းလ်ဒရက်က ”သူတို့ အခုဆက်လက် အလုပ်လုပ်နေကြဆဲပါပဲ။” ”အရသာရှိတဲ့ဝိုင်ကို သူတို့ကောင်းကောင်းလုပ်နိုင်ကြ ပြီ၊ ကျွန်မတောင် မြည်းကြည့်တာ တော်တော် ကောင်းတာပဲ။ ”။
သူတို့လုပ်ငန်းမှာ ၃ ပု့ ၂ ပုံက အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဂလန်လိသ်က ”ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေကို  – ပေါင်မုန့် ကောင်းကောင်းဖုတ်တတ်ရင် ပေါင်မုန့်ဆိုင်တစ်ဆိုင်ဖွင့်လိုက်တော့ – တဲ့။ ဒါမှမဟုတ် – ကောင်းကောင်း အချုပ်အလုပ်တတ်ရင် စီးပွားရေးတစ်ခုခု စတင်လိုက်တော့ – တဲ့။ အဲဒါ အမျိုးသမီးတွေရဲ့ ခေါင်းထဲမှာ ရှိနေတာ။ ကျွန်တော်တို့က သူတို့ကို ”ခင် ဗျားတို့ခေါင်းထဲ ရှိတာ ချရေးလိုက်ပါ၊ ကျွန်တော်တို့က ဒေါ်လာ ၅ဝ အရင်းပြုမယ်။ ၃ လကျော်ရင် ခင်ဗျားတို့ရလာတဲ့ အကျိုး အမြတ်ထဲက ၂ဝ ရာခိုင်နှုန်းကို ပြန်ပြီးအရင်းအနှီးထပ်လုပ်။ ဒါဆို ခင်ဗျားတို့ကို နောက်ထပ် ဒေါ်လာ ၅ဝ ထပ်ပေးမယ်” လို့ပြောလိုက်တယ်။” မိုင်းဒရက်က ”ဒီလိုစပြောလိုက်တော့  ပထမဦးဆုံးအကြိမ် ဆင်းရဲသားတွေဟာ သေသေချာချာ အာရုံ စိုက်ပြီး နားထောင်လာတယ်၊ လေးလေးနက်နက် စဉ်းစားလာတာ တွေ့ရပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေနဲ့ ၅ဝ ဒေါ်လာ နဲ့အလုပ်စလုပ်မယ်။ ဒါဟာ လွယ်တော့မလွယ်ဘူးပဲ”
”စစချင်းမှာတော့ သူတို့ကိုယ်ပိုင် စီမံကိန်းနဲ့လုပ်ကြတာပေါ့။ အမေရိကန်က စီးပွားရေးသမားတွေ စီးပွားရေး စလုပ်တဲ့ သူ တွေလိုပေါ့ဗျာ။” ဂလန်က ဆက်ပြောတယ်။” ဒါပေမယ့် လုပ်ငန်းရဲ့ ၃ ပုံ ၂ ပုံလောက်ပဲ အကြမ်းအားဖြင့် သွားနေတယ်။ သူ တို့ဆွဲထားတဲ့အတိုင်းဖြစ်မလာရင် တစ်ဝက်လောက်မှာ နောက်တစ်ခုကို စလုပ်ဖို့ အကြံပေးလိုက်ပါတယ်။” ”ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ ဒီအတိုင်း ဆက်လက်သွားနေဖို့ အတွေ့အကြုံတို့၊ ဘာတို့ ယူဖို့ အချိန်သိပ်ပေးလို့မရဘူးလေ။ မျော်လင့် ချက်တို့၊ မိုးပေါ်ကကျလာတဲ့ ကံကောင်းမှုတို့ကို စောင့်နေလို့မရဘူးဗျ။”
သူတို့ စတင်လမ်းခင်းပေးတဲ့အလုပ်တွေထဲမှာ ဆိုင်သေးသေးလေး စဖွင့်တာ၊ ကြက်နဲ့ဆိတ်တွေ ရောင်းခိုင်းတာ၊ အဝတ်အထည်တွေကို ဒေသဆိုင်ရာဈေးမှာ နေရာရှာပေးပြီး  တင်ရောင်းခိုင်းတာတွေပါပါတယ်။ ဒါ့အပြင် ပိုက်ဆံကို ဘယ် လို စုဆောင်းရမယ်၊ အကြွေးကို ဘယ်လိုယူပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တိုးပွားအောင် ဘယ်လိုလုပ်သင့်တယ်၊ အနာဂတ်အ တွက် အစီအစဉ်ဆွဲတတ်ဖို့ စသဖြင့် ရှင်းပြသင်ကြားပေးကြပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူရှိဖို့ ဖြစ်ပါသတဲ့။
သူတို့လုပ်ငန်းတွေဟာ United Nation ‘s Development Forum magazine (ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ တိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ) မဂ္ဂဇင်းမှာ Trickle Up အကြောင်းတွေ ဆောင်းပါးတွေ ပါလာတော့ပိုပြီး လူတွေ အာရုံစိုက်မိလာပါတယ်။ ချက်ချင်းလက်ငင်းကို မီဒီယာတွေက စိတ်ဝင်စားလာတယ်။ သူတို့ရဲ့ အောင်မြင်မူတွေကို လူတွေ သိချင်လာကြတယ်။ ကမ္ဘာအနှံ့အပြားက ကမ်းလှမ်းလာတာတွေ၊ ဒီအလုပ်ကို လှူချင်တမ်းချင်တာတွေ ထိဖြစ်လာတယ်။ မိုင်းဒရပ်က ”ကျွန်မတို့ မူလအစမှာ ဒေါ်လာ ၁ဝဝဝ နဲ့ စလှူခဲ့ကြတာပါ” လို့ပြန်ပြောင်းပြောပြပါတယ်။ ”နောက်တော့ UN (United Nation) (ကမ္ဘာ့ ကုလသမဂ္ဂ) က ဒေါ်လာ ၇ဝဝဝထည့်ဝင်ခဲ့တယ်။ သူတို့ နှစ်ပေါင်းများစွာ ဆက်လက် အကျိုးပြုပေးခဲ့တာ ဒေါ်လာ ၇ သောင်းခွဲလောက် ရှိပါပြီ။ ဒါပေမယ့် မနှစ်ကဆို နယ်သာလန်က လုပ်ငန်းတစ်ခုက ၄ နှစ်စီမံကိန်းအတွင်း ဒေါ်လာ ၆ သောင်း ပြန်ရခဲ့ပါတယ်။ ဒါဟာ နှစ်တွေကြာလာလေ၊ ပိုပြီး လုပ်ငန်းက ကြီးထွားလာလေ၊ အမြတ်များများရလေ ပေါ့။ စစချင်း ကိုယ်တတ်နိုင်သလောက်လေးနဲ့စပေးခဲ့ရာကနေ ခုဆို ၂ ဆ ပြန်ရတယ်။”
ဟုတ်ပါတယ်။ နှစ်စဉ် ဒေါ်လာ ၅ သောင်းနဲ့လူတွေကို လုပ်ငန်းတွေ စတင်ပေးခဲ့တာ လာမယ့်နှစ်အနာဂတ်မှာ ဒေါ်လာ ၁ သန်းရမယ်လို့ လိသ်က မျော်လင့်နေပါတယ်။
Trickle Up က အမေရိကန်ပြည်ထောင်စုမှာလည်း အလုပ်ဖြစ်နေပါတယ်။ မိုင်းဒရပ်က ”နယူးယောက်ရဲ့အဆင်းရဲဆုံး နေရာလေးတစ်ခုမှာ လုပ်ငန်း ၄ဝ စတင်ခဲ့ပါတယ်။ အခုဆိုရင် မြင်တဲ့အတိုင်းပဲလေ – ၂ဆ ၂ဆ ရနေပြီ။ ဒါဟာ ပထမတစ်နှစ် စာလောက်လေး တွက်ပြတာပါ။ ဒိအရင်စခဲ့တဲ့ စီမံကိန်းတွေဆို ပြောမပြတတ်လောက်အောင် အောင်မြင်နေပါပြီ။ ဒိထက်မ က ပြောစရာတွေ အများကြီးပါပဲ။”
”အင်း… ကျွန်တော်တို့ကတော့ မီဒီယာကို သည်လူတေနဲ့ ပေးမတွေ့စေချင်ဘူး။ သည်လိုလုပ်လိုက်တာဟာ သူတို့လေးတွေ ရဲ့ ရှေ့ရေးကိုဖျက်စီးပစ်ရာရောက်ပါတယ်။ လုပ်ငန်းအတွက် အကူအညီလည်းမဖြစ်ပါဘူး။ အစိုးရ ဝါဒဖြန့်တဲ့ ပုံစံမြင်ရပါများ ရင် ယုံကြည်မူကင်းမဲ့သွားမှာကို စိုးရိမ်ပါတယ်။ ခနတော့ စတားတွေ ဖြစ်သွားမှာပေါ့လေ။ ဒါဟာ သူတို့အတွက် ရှေ့အလား အလာ အခွင့်အရေးတွေ ဆုံးရှုံးသွားလိမ့်မယ်။”
မိုင်းဒရက် က ”ဒေါ်လာ ၅ဝတို့ ၊ ၅ဒေါ်လာတို့ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ လူ့ရဲ့ခံစားချက်တွေကို ဖွင့်ပေးလိုက်ဖို့ သာ အဓိကပါ။ သူတို့အတွက် လေးစားမူနဲ့ဂုဏ်သိက္ခာကို ရရှိခံစားပေးလိုက်ခြင်းသာလျင် လုပ်ငန်းရဲ့ အောင်မြင်မှုဖြစ်ပါ တယ်။”
၁၉၇၉ခုနှစ်မှာစတင်ခဲ့တဲ့ Trickle Up ဟာ အမျိုးသမီး ၂ သိန်းခွဲကို ကူညီပေးနိုင်ခဲ့ပြီး မိသားစုတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူ၊ အလုပ်ကျွမ်းကျင်မူတေနဲ့ စီးပွားရေးအလုပ်တွေ ပိုင်နိုင်သွားစေယုံမက လူမှုဆက်ဆံရေးနယ်ပယ်ပါ ကျယ်ပြန့် လာစေခဲ့ပါတယ်။ စဉ်းစားကြည့်လေ – အမျိုးသမီးတွေ အောင်မြင်ရင် သူတို့ရဲ့ သားသမီးတွေနဲ့ မိသားစုတွေပါ ပါလာပြီပေါ့။ ပထမ ၃၇နှစ်အတွင်းမှာ  လူပေါင်း ၁ သန်းရဲ့ဘဝတွေကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
အခုဆိုရင် Trickle Upဟာ အဖွဲ့တွေဖွဲ့ပြီး လုပ်ငန်းတွေ ဆက်လုပ်နိုင်နေပါပြီ။ သူတို့ဟာ လုပ်ငန်းတွင်းသင်တန်းများပေးတယ်၊ ကျွမ်းကျင်ဖို့ ကွင်းဆင်းလုပ်ကြရပါတယ်။ အနာဂတ်အတွက် အစီအစဉ်တွေကို ချပေးပါတယ်။ ဒါ့အပြင် Trickle Up ဟာ မိမိတို့နေထိုင်ကြတဲ့ မြို့ရွာက လူတွေအချင်းချင်း ဆက်သွယ်ရေး၊ ကိုယ့်အသိစိတ်ဓါတ်နဲ့အလုပ်လုပ်ချင်လာအောင် ကြိုးစား ချင်စိတ်ရှိလာအောင် အားပေးကြတယ်။ ပြောရရင်တော့ ဆင်းရဲတာဟာ ပိုက်ဆံမရှိလို့မဟုတ်လား။ ဒါကို ဖြည့်ပေးဖို့ဆိုရင် တကယ့်ကို သူတို့နဲ့ပွင့်လင်းမြင်သာဖို့လည်း လိုတယ်လေ။
Trickle Up  က နောက်လာမယ့် သက္ကရာဇ် ၂ဝ၃ဝ မှာ တကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတွေမူ ကင်းစင်ဖို့ မျော်လင့်လျက်ရှိပါတယ်တဲ့။  နောက် ၅ နှစ်အတွင်းမှာတောင် အဆင်းရဲဆုံးလူ၁သန်းကို ထပ်မံကယ်တင်ပေးနိုင်မယ်လို့ ကြွေးကျော်ထားပါတယ်။ အ ကယ်၍များ သူတို့မှန်းထားတဲ့အတိုင်းများဖြစ်ခဲ့ရင် သူတို့ရဲ့ Trickle Up ဟာ တကမ္ဘာလုံးက အာရုံစိုက်လာပြီး သူတို့လုပ်ငန်း ကိုလည်း သည့်ထက်တိုးချဲ့လာနိုင်၊ အောင်မြင်လာနိုင်ပြီးတော့ ဆင်းရဲတဲ့နေရာတွေဆီကို ဒိထက်မက ပိုပြီးရောက်ရှိ ပြန့်နှံ့ သွားတော့မှာ ဖြစ်ပါတယ်။
ဂျူနီယာဝင်း
REF : 1989 June American Newsletter, Sherrey Henry’s What is your dream? ကို မှီငြမ်းဘာသာပြန်ထားကာ Trickle Up Wiki မှအချက်အလက်များ ဖြည့်စွက်ထားပါတယ်။

Saturday, October 14, 2017

ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း

ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း

(အတွေးအမြင် အောက်တိုဘာ ၂၀၁၇) မိုးမခ၊ အောက်တိုဘာ ၆၊ ၂၀၁၇ 


၁၉၈၄ ခုနှစ်နိုဝင်ဘာလထုတ် American Weekly Newsletter မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ။ အမေရိကန်သတင်းစာ အယ်ဒီတာ တစ်ဦးရေးတဲ့စာလို့ ဆိုရမယ် ထင်ပါတယ်။ သူက သတင်းစာဖတ်သူတွေက သတင်းစာတွေမှာ ဘာကို ဖတ်ချင်ကြမလဲ လို့ ခေါင်းစဉ်တပ် မေးခွန်းထုတ်ထားပါတယ်။ သတင်းစာဆိုတာ နေ့စဉ်သတင်းစာပေါ့။ နေ့စဉ် ထွက်နေတဲ့ သတင်းစာဆိုတော့ လူတွေက ဘာကို ဦးစားပေးပြီးဖတ်မှာလဲ။ လူတွေဦးစားပေးဖတ်တဲ့ အကြောင်းအရာဆိုတာ လူတွေဖတ်ချင်တဲ့အရာဖြစ်မှာပါ။ သူရေးတဲ့ ဆောင်းပါးကို ကိုးကားပြီး တင်ပြသွားမှာပါ။
သူက အမေရိကန်လူမျိုးတွေက သူတို့တိုင်းပြည်က နေ့စဉ်ထုတ်သတင်းစာတွေကို ဘယ်လိုသဘောထားကြမှာပါလိမ့် တဲ့။ ဟောဒီ နေ့စဉ်ထွက်နေတဲ့ သတင်းစာတွေက တရားမျှတမူရှိရဲ့လား ? ရိုးသားဖြောင့်မတ်ရဲ့လား ? တဲ့။ အဲသည် သတင်းစာတွေကကော စာဖတ်သူတွေတကယ်ဖတ်ချင်တာတွေ တကယ်ရောပေးရဲ့လား တဲ့ စသည်ဖြင့် အစချီထားပါတယ်။ ဒီနေရာမှာ စာဖတ်သူဆိုတာ သတင်းစာဖတ်သူတွေကို ဆိုလိုပါတယ်။
အဲသည်အချက်အလက်တွေနဲ့ ပတ်သက်လို့ အဖြေမှန်ရရှိဖို့ ဆိုပြီး အပြည်ပြည်ဆိုင်ရာ သတင်းထုတ်ပြန်မူဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သတင်းစာအယ်ဒီတာတွေဟာ နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် စုံစမ်း ရှာဖွေကြပါတယ်။ ရလဒ်တွေကို လူထုရှေ့ ချပြမယ်လို့ ဆိုတယ်။ အင်တာဗျူးသမားတွေက ကမ္ဘာအနှံ့သွားပြီး အမျိုးသားနဲ့ အမျိုးသမီး ၁၂၀၁ ဦးခန့်ပါဝင်တဲ့ အုပ်စု ၆အုပ်စုနဲ့ စကားပြောခဲ့ကြတယ် လို့ဆိုပါတယ်။ သည်တော့ ၁၉၇၈ ခုနှစ် လေ့လာမူတွေအရ နိဂုံးချူပ်လိုက်တော့ သတင်းစာတွေဟာ အလုပ်ကောင်းကောင်း လုပ်ကြပါတယ်တဲ့၊ လေးစားစရာလည်း ကောင်းပါသတဲ့ ဆိုတဲ့ အဖြေရလာပါတယ်။ ဒါပေမယ့် သတင်းစာတွေမှာ ပြဿနာလေး နည်းနည်းပါးပါးတော့ ရှိနေသေးတုန်းပါပဲ ဆိုတာ သုတေသနလုပ်တဲ့သူတွေက သတိထားမိနေကြပါတယ်။
၁၉၇၈ခုနှစ် စစ်တမ်းက ဘာကို ပြသလဲဆိုရင် အမေရိကန်လူမျိုးတွေဟာ သူတို့ရဲ့ သတင်းစာတွေနဲ့ အယ်ဒီတာတွေနဲ့ စိမ်းနေတယ်၊ မရင်းနှီးဘူး ဆိုတာကိုပြနေပါတယ်။ သူတို့က သတင်းစာတွေအကြောင်း အမြင်တွေကို ပြောရာမှာ အဖြေတွေကို ကြည့်လိုက်တာနဲ့ ဒီကောက်ချက်ကို ချပြလိုက်တာပါ။ ဟုတ်တယ် စဉ်းစားကြည့်လေ။ ကောင်းပါတယ် လေးစားစရာပါ အရမ်းကောင်းပါတယ် အဟုတ်ကောင်းပါတယ် ဘာမှအပြစ်ပြောစရာ မရှိပါဘူး ဆိုတဲ့ အဖြေတွေကိုက မသင်္ကာစရာကောင်းနေတယ်။ သည်တော့ အယ်ဒီတာတွေက အခုလိုတွေးတယ်။ စာဖတ်သူတွေဟာ သူတို့ဘာလိုချင်တယ်ဆိုတာကို၊ ဘာစာမျိုးကို ဖတ်ချင်တယ်ဆိုတာကို၊ ဒါမှမဟုတ် ဘယ်လိုသတင်းမျိုးကို အလိုရှိတယ် ဆိုတာကို၊ ပြင်းပြင်းထန်ထန်ပြောတာမျိုးကို ဖြစ်စေချင်တယ်။ မညှာမတာ ဝေဖန်တာမျိုးကို လိုချင်ပါတယ်။ အခုလို ကမ္ဘာအနှံ့ လူတွေနဲ့ လိုက်တွေ့ပြီး အင်တာဗျူးလိုက်လုပ်တာဟာ ဘာနဲ့တူသလဲဆိုတော့ အဖြေလှလှလေးတွေ ကြားချင်လို့ လိုက်ရှာသလိုဖြစ်နေပြီး တကယ်စာဖတ်သူတွေဆီက ဘာလိုချင်လဲ ဆိုတဲ့ အဖြေမရပဲ သူတို့လုပ်ခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားရတယ်၊ သူတို့ရည်ရွယ်ချက် မအောင်မြင်ဖူးလို့ ဆိုရမှာပါပဲ။
အခုနှစ် ၁၉၈၄ ခုနှစ်မှာတော့တဲ့။ ထပ်ပြီး ရလဒ်ကောင်းတွေရဖို့ ကြိုးစားကြပါတယ်တဲ့။ အခုတစ်ခေါက်ကတော့ နည်းနည်း မတူတဲ့ အသံလေးတွေ ကြားရပုံပါပဲ။ ပြောရရင်တော့ အရင်က သင်ခန်းစာကိုယူပြီး မေးခွန်းပုံစံတွေ ပြောင်းမေးလိုက်ပါတယ်။ စာဖတ်သူတွေဆီက သိလိုက်ရတာက သူတို့က ပြည်တွင်းပြည်ပသတင်းတွေ၊ နိုင်ငံတကာသတင်းတွေ ကိုစိတ်ဝင်စားကြတယ် ဆိုတာပါပဲ။ ဒါ့အပြင် စာဖတ်သူများက ကျမ်းမာရေး၊ သိပ္ဗံပညာနဲ့နည်းပညာ သတင်းများကို သတင်းစာတွေက ပေးသင့်တယ်လို့ ဆိုကြပါတယ်။ အဲသည်ဆောင်းပါးတွေဟာ သူတို့အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ချပေးနိုင်တယ်လို့ ဆိုတယ်။
သတင်းစာဖတ်တဲ့ သူတွေကို လေ့လာကြည့်လိုက်တော့ သူတို့တတွေက အယ်ဒီတာတွေကို သိပ်ပြီး စိတ်မ၀င်စားအာရုံမစိုက် မိကြပါဘူးဆိုတာပါပဲ။ သတင်းစာကို ကောက်လှန်ပြီးသူတို့ဖတ်ချင်တာ ဖတ်ကြမယ် အဲဒါပဲ။ ဒီသတင်းစာတစ်စောင်ဖြစ်လာဖို့ အယ်ဒီတာတစ်ယောက်ရဲ့ လက်ကို သိပ်ပြီး မမြင်ကြပါဘူး။
ဒါဆိုရင် စာဖတ်သူတွေက ဘာတွေကို ပိုပြီး ဖတ်ချင်ကြပြီး ဘယ်လိုဟာတွေကို သိပ်မဖတ်ကြဘူးလဲ။
စာဖတ်သူတွေက ပြောတာတော့ အလုပ်အကိုင်နဲ့ ပတ်သက်တာ၊ စီးပွားရေးအရာင်းအ၀ယ်ကိစ္စတို့၊ ကျမ်းမာရေး၊ ပညာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာတွေ ကိုပိုပြီး သဘောကျကြတယ်။ ထူးဆန်းတာတစ်ခုက စာဖတ်သူတွေက အယ်ဒီတာ့အာဘော် ဆိုတဲ့ အပိုင်းကိုလည်း အရင်ကထက်ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ အမျိုးသမီးများဟာ သတင်းတွေထက် အလုပ်အကိုင်၊ စတော့ဈေးကွက်နဲ့ အားကစားဆိုင်ရာ တွေကို ပိုပြီး ဖတ်ချင်ကြတယ်။ သူတို့က အားကစားသတင်းကို လိုလိုလားလားနဲ့ စိတ်ဝင်စားလာတာကိုတွေ့ကြရတယ်။ ပြောရရင် အမျိုးသားမှ၊ အမျိုးသမီးမှ ဆိုတဲ့ သဘောတရားခွဲခြားလို့မရတော့တဲ့ သဘောဖြစ်နေတယ်။
ဒီတော့ ဘောလုံးသတင်းဆိုပြီး အမျိုးသားတွေကြီးပဲ ဖတ်ကြမယ်လို့ ယူဆလို့မရတော့ဘူး။ အဲသည်လို အမျိုးသား အမျိုးသမီး ခွဲခြားမူ ဆိုတဲ့ ဘောင်ကကျဉ်းလာတာတင်မက အမျိုးသမီးများဟာ အလှအပနဲ့ ဖက်ရှင်တွေကို တောင်မှ တရှိုက်မက်မက် ဖတ်တာ နည်းသွားတာကို ပြလာပါတယ်။ အမျိုးသားရော၊ အမျိုးသမီးများပါ အကြံညဏ်ပေးတဲ့ကော်လံမျိုးတွေ၊ ဆရာလုပ်တဲ့ စာမျိုးတွေ၊ အပျော်အပါးသတင်းတွေ၊ မင်္ဂလာဆောင်နဲ့ စေ့စပ်ကြောင်းလမ်း သတင်းတွေကို စိတ်ဝင်စားမူလျော့နည်းလာကြပါတယ်။
လွန်ခဲ့တဲ့ ၅နှစ် (၁၉၇၈ခုနှစ် ကိုဆိုလိုတာပါ) တုန်းက ရလဒ်တွေကိုပြန်ကြည့်တော့ ၅၃ ရာခိုင်နှူန်းက ရုပ်မြင်သံကြားက သတင်းတွေက ငြီးငွေ့စရာကောင်းတယ်လို့ ဆိုကြတာ တွေ့ရပါတယ်တဲ့။ (ဒါဟာ သတင်းစာတွေကို ပိုပြီးအကောင်းမြင်တဲ့သဘောလို့ ဆိုရပါလိမ့်မယ်။) အခုနှစ် (၁၉၈၄ ခုနှစ် ကိုဆိုလိုတာပါ) ကျတော့ ၆၄ ရာခိုင်နှူန်းထိ မြင့်သွားပါတယ်။ ဒါကို တခြားတဖက်က ဘယ်လိုကောက်ချက်ချ လို့ရသလဲဆိုတော့ လွန်ခဲ့တဲ့ ၅နှစ်တုန်းကတော့ ကျန်တဲ့ ၄၀ ရာခိုင်နှူန်းကျော်လောက်က သတင်းစာက သတင်းတွေဟာ ငြီးငွေ့စရာကောင်းပါတယ် အခုတော့ ၃၀ ရာခိုင်နှူန်းကျော်လောက်ပဲ ငြီးငွေ့ကြပါတယ်ပေါ့။ ဒါက သတင်းစာတွေဘက်ကို အားရှိအောင် တွေးယူကြည့်တဲ့သဘောပါ။
အခုနှစ် (၁၉၈၄ကိုဆိုလိုတာပါ။) လေ့လာမူ ရလဒ်ထဲမှာ စိတ်ဝင်စားစရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အမေရိကန်လူမျိုးတွေက သတင်းစာတွေကို တကယ်ဖတ်တာမဖတ်တာထက် အကောင်းမြင်တဲ့ သဘောတော့ ရှိတယ် ဆိုတာပါပဲ။ သူတို့က သတင်းစာတွေဆီက တရားမျှတမူရှိဖို့၊ ဘက်မလိုက်ဖို့တို့ စသည်ဖြင့် စကားကြီးစကားကျယ်တွေ တောင်းဆိုနေကြပေမယ့်လည်း သတင်းစာကို နေ့တိုင်း အချိန်မှီဖတ်လိုက်ရမှ၊ (ဘာတွေပဲရေးထားထားပေါ့လေ) ဖတ်ပြီးတော့ ကျေနပ်မူရနေကြတာကိုတော့ မညင်းနိုင်ပါဘူး။
၂၀၁၇ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့မှာ အေရာဇ်နန်ဂျီ (Ayaz Nanji) ဆိုတဲ့ဆောင်းပါးရှင်တစ်ဦးက Nielsen (နယ်ဆန်) သတင်းစာဆိုင်ရာ သုတေသနစစ်တမ်းကို အခြေခံပြီး ရေးသားထားကို တွေ့လိုက်ရပါတယ်။ သူ့ဆောင်းပါးက သတင်းစာဖတ်သူများရဲ့ အသက်အရွယ်နဲ့ ပလက်ဖောင်းကို ချပြသွားတာပါ။ သုတေသနပညာရှင်တွေက တဲ့၊ လွန်ခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်းမှာ (ဒါက ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းကာလ ဒီဇင်ဘာလ လောက်ကို ဆိုလိုပုံရပါတယ်။) သတင်းစာတွေနဲ့ပတ်သက်တဲ့ ၀က်ဆိုက်တွေ၊ မိုဘိုင်းသုတေသနတွေ၊ ပုံနှိပ်မှတ်တမ်းတွေကို လေ့လာပြီး အမေရိကန်ပြည်ထောင်စုက လူကြီးပိုင်းတွေရဲ့သတင်းစာတွေအပေါ်မှာ စိတ၀င်စားမူတွေကို မှတ်တမ်းတင်ခဲ့ပါတယ် လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လစဉ်လိုလိုပဲ လူသန်းပေါင်း ၁၆၉ သန်းလက်ထဲကို ပုံနှိပ်သတင်းစာတွေ ရောက်ပါတယ်လို့ ဆိုပါတယ်။ အသက် ၅၀နဲ့အထက် တွေရဲ့ ၅၄ ရာခိုင်နှူန်းက ပုံနှိပ်သတင်းစာတွေကို ဖတ်ကြပြီး အသက် ၅၀အောက်တွေရဲ့ ၆၆ ရာခိုင်နှူန်းက ဒစ်ဂျစ်တယ်သတင်းစာတွေကို ဖတ်ကြပါတယ်တဲ့။ ဒစ်ဂျစ်တယ်ဆိုတာ မိုဘိုင်းဖုန်းတွေကနေတဆင့် ဖတ်ကြတာ၊ အင်တာနက်ဝက်ဆိုက် တွေကနေ ဖတ်တာ၊ အွန်လိုင်းသတင်းကွန်ယက်တွေကနေ ဖတ်ကြတာ ဖြစ်ပါတယ်။ သည်နေရာမှာလည်း သတင်းစာ ဆိုတဲ့သဘောတရားက ပုံနှိပ်သတင်းစာနဲ့ ဒစ်ဂျစ်တယ် သတင်းစာ ဆိုပြီး အဓိပ္ဗါယ် ၂မျိုးထွက်သွားပြန်ပါတယ်။ ဒီတော့ စာဖတ်သူတွေ၇ဲ့ ၃၀ ရာခိုင်နှူန်းလောက်သာ ပုံနှိပ်နဲ့ ဒစ်ဂျစ်တယ် ၂မျိုးစလုံးအားပေး ကြပါတယ် ဆိုတဲ့အဖြေထွက်လာပါတယ်။
နယ်ဆန်သတင်းမီဒီယာကနေ ထုတ်ပြန်တဲ့ သတင်းတရပ် (၂၀၁၆ခုနှစ် ဒီဇင်ဘာ) မှာဖော်ပြချက်ကို ကိုးကားရရင် သတင်းစာဖြန့်ဝေမူက ရှိနေတုန်းပဲ၊ လစဉ်သတင်းစာတွေကို မှာယူ ဖတ်သူ ၈၁ ရာခိုင်နှူန်းရှိလျက်ပါပဲတဲ့။ အဲသည်မှာ အသေအချာ ဆိုထားတာက သတင်းစာ ဖတ်တဲ့သူဟာ သတင်းစာမဖတ်တဲ့သူတွေထက် ပိုပြီး ပညာတတ်တယ်၊ တော်တယ် ဆိုပဲ။ ဒစ်ဂျစ်တယ်သတင်းစာတွေ ပေါ်လာတော့ သတင်းတွေဟာ လူငယ်ပိုင်းတွေကို ပိုပြီး ဆွဲဆောင်လာနိုင်တယ်၊ သတင်းကွန်ယက်ကို ပိုပြီး ဖော်ဆောင်လာနိုင်ပါတယ် လို့ဆိုသောငြားလည်းပဲ ပုံနှိတ်သတင်းစာဖတ်သူတွေရဲ့ အဆင့်အတန်းကိုတော့ မမှီသေးပါဘူးတဲ့။ ပုံနှိတ်သတင်းစာဖတ်သူတွေက အသက်အရွယ်ကြီးတယ်၊ ရင့်ကျက်တယ်၊အရေအတွက် များပါသတဲ့။ ဥပမာဆိုရရင် အမေရိကန်ပြည်ထောင်စုလူဦးရေရဲ့ ၁၃ ရာခိုင်နှူန်းဟာ အသက်၇၀ကျော်တွေဖြစ်ကြပြီး သူတို့ဟာ ပုံနှိပ်သတင်းစာ လစဉ်ယူဖတ်လျက်ရှိတဲ့ ပရိသတ်ဖြစ်နေပါတယ်။ အဲဒီပမာဏဟာ နေစဉ်သတင်းစာလစဉ်ယူတဲ့ ၁၅ ရာခိုင်နှူန်းရှိနေပါတယ်။ အဲသည်အားပေးစကားကြောင့် သူတို့ဆီမှာ အတော်လေး အကျူိးရှိသွားပုံပါပဲ။
ပုံနှိပ်တဲ့ခေတ်က ကုန်သွားပြီလား လို့မေးခွန်းမျိုးကို ကြားရတဲ့အခါတိုင်း သတင်းစာတွေ ယူနေသေးတဲ့ စာရင်းတွေ၊ ရာခိုင်နှူန်းအတိအကျတွေနဲ့ ကိုင်ပြီး သတင်းစာတွေ ဖတ်တဲ့လူတွေရှိပါတယ် လို့ သူတို့က ပြန်ဖြေကြပါတယ်။ အဲသည်ဆောင်းပါးမှာလည်း အဲသည်လ်ိုအစချီကာ စာရင်းဇယားနဲ့ ကိုးကားပြထားတာပါ။ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာပေလောကတွေနဲ့ နှိုင်းယှဉ်ပြပြီး ပုံနှိပ်သတင်းစာဟာ ရှေ့မှာပြေးနေသေးတာ ငြင်းမရပါဘူး တဲ့။ အခု သတင်းစာပုံနှိတ်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက်လို့ သူတို့ဆီမှာ အကြီးအကျယ်ကို အငြင်းပွားနေခဲ့ရတဲ့ “ပုံနှိပ်ခေတ် သေဆုံးပြီလော“ ဆိုတဲ့ ပြဿနာတစ်ခုကို နယ်ဆင်သတင်းသုတေသန ရလဒ်က အဖြေထုတ်ပေးလိုက်တော့ ပုံနှိပ်သတင်းစာခေတ်ကတော့ မသေဆုံးသေးပါဘူး၊ သတင်းစာပုံနှိပ်ထုတ်ဝေတဲ့ လုပ်ငန်းရှင်တွေ အထုပ်ပြင်ဖို့မလိုသေးပါဘူး၊ ဆက်လုပ်ကြပါ အရှူံးမပေးပါနဲ့ ဆိုတဲ့ သတင်းကောင်းကြားလိုက် ရတာဖြစ်ပါတယ်။ ဒီမှာလည်း စာအုပ်တွေနဲ့ ပတ်သက်လို့ သုတေသနလုပ်ကြည့်ရင် ဘယ်လိုအဖြေတွေထွက်လာမှာပါလိမ့်၊ အပင်ပန်းခံပြီး သုတေသန လုပ်စရာတောင်မလိုပါဘူး၊ အဖြေကရှင်းနေတာပါပဲလေ။

ဂျူနီယာဝင်း

Sunday, September 24, 2017

ဂျူနီယာဝင်း – ပြတိုက်ပေါ်တင်လိုက်တဲ့ အိုလီဖင့်၏နိုင်ငံရေးကာတွန်းများ


ဂျူနီယာဝင်း – ပြတိုက်ပေါ်တင်လိုက်တဲ့ အိုလီဖင့်၏နိုင်ငံရေးကာတွန်းများ 
(အတွေးအမြင်၊ စက်တင်ဘာ၊ ၂၀၁၇) မိုးမခ၊ စက်တင်ဘာ ၁၁၊ ၂၀၁၇


ပြတိုက်တွေမှာ နိုင်ငံရေး ကာတွန်းတွေကို ပြသထားဖို့ သဘောတူပါသလား တဲ့။ ဒီမေးခွန်းကို စမေးသူကတော့ အိုလီဖင့်ရဲ့ ကာရီကေးချားပုံများ နှစ်အစိတ်ခရီးဆိုပြီး ပြသခဲ့တဲ့ ၀ါရှင်တန်က အမျိုးသားပြတိုက် – ခေါ် – ပုံတူများပြသခန်း ဥက္ကဌတွေ ဖြစ်ပါတယ်။
အဖြေကတော့ ဒီကာတွန်းတွေဟာတဲ့၊ လူတွေကို စိတ်ပျော်ရွှင်စေတယ်။ နောက်တစ်ချက်က စာဖတ်သူတွေအတွက် သည်လို နိုင်ငံရေးကာတွန်းတွေ ကိုဖတ်ပြီး သူတို့ရင်ထဲက မကျေနပ်မူတွေကို လက်စားခြေလိုက်ရသလို ခံစားမူတွေ ပေးပါသတဲ့။
ဒါပေမယ့် နိုင်ငံရေးကာတွန်းတွေဟာ သည့်ထက်မကသော အခွင့်အရေးတွေကို ပေးနေပါသေးတယ်။ တော်တော်လေး သေသပ်တဲ့ နိုင်ငံေ၇းကာတွန်းများဟာ လူတွေရဲ့ နေပုံထိုင်ပုံတွေရဲ့ အပြစ်အနာအဆာတွေနဲ့ ပတ်သက်ပြီးတော့လည်း သင်ခန်းစာပေးတယ်။ လူတွေကိုစဉ်းစားစရာ၊ တွေဝေစရာ၊ တွေးစရာတွေဟာ ရယ်စရာမောစရာတွေထဲ ရောနှောဝင်ရောက်နေဦးမှာ ဖြစ်ပါတယ်။
သည်လို နိုင်ငံရေးကာတွန်းတွေကို ပြတိုက်မှာ ထားတာဟာ ပြတိုက်ဆိုတဲ့ အဆင့်အတန်းကို မညှိုးနွမ်းစေပါဘူးလို့ ဆိုတယ်။ အဲဒီရဲ့ ဆန့်ကျင်ဖက်တောင် ဖြစ်လိုက်ပါသေးတယ်။ အဲဒီကာတွန်းတွေကနေ ကျွနု်ပ်တို့ သတိမမူမိလိုက်တာတွေကို တွေ့မြင်သွားစေတယ်။ ဒီလိုနဲ့ နိုင်ငံရေးကာတွန်းဘ၀ဟာ သည့်ထက် အဒွန့်ရှည်သွားပါဦးမယ်။
၁၉၆၄ခုနှစ်မှာ ပြခန်းဥက္ကဌများက ပက်ထရစ်အိုလီဖင့်ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ နိုင်ငံရေးကာတွန်း ၄၀ကို စုစည်းခဲ့ကြတယ်။ အဲဒီထဲမှာ သူ့လက်ရာ ပန်းပု ရုပ်တုတွေပါတယ်။ အဲဒီပန်းပုလက်ရာတွေဟာ သူရေးဆွဲတဲ့ နိုင်ငံေ၇းပုဂ္ဂိုလ်များရဲ့ ကယ်ရီကေးချားပုံတွေကနေ ထွက်ပေါ်လာတာတွေဖြစ်ပါတယ်။ ဒါတွေကို ကာတွန်းလက်ရာတွေနဲ့ ယှဉ်တွဲပြထားတာကိုက သူဟာ အနုပညာအလုပ် ၂ခုလုပ်တယ်လို့ ဖော်ညွှန်းရာရောက်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့တချို့သော မှတ်စုတွေကိုလည်း ပြသထားပါတယ်။
ဒီဆောင်းပါးကို ရေးနေရင်းနဲ့ ၁၉ ရာစု ပြင်သစ်ကာတွန်းဆရာ၊ ပန်းချီဆရာ အိုနော်ရေး ဒိုမီရေး ဆိုတဲ့ နိုင်ငံရေးသရော်တဲ့ကာတွန်းပညာရှင် တစ်ယောက်ကို သတိရမိတယ်။ သူရဲ့ ပန်းချီလက်ရာ၊ ပန်းပု၊ ပုံဆွဲလက်ရာတွေတင်မက သူ့ရဲ့အနုပညာတွေဟာ လေးနက်မူရှိတယ်ဆိုသောလည်း အိုလီဖင့် ရဲ့ လက်၇ာတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်တော့ အိုလီဖင့်ဖန်တီးထားတဲ့ သရုပ်ဖော်ပုံတွေက အတွေးပေါင်းစုံနဲ့ လူတွေကို စိတ်ကူးတွေအမျိုးမျိုး ပိုပြီး ပေးလိုက်နိုင်ပါတယ်တဲ့။
အိုလီဖင့်ရဲ့ ကာတွန်းလက်ရာတွေဟာ ပြတိုက်မှာ တင်လိုက်ရင် လူတွေဟာ အဲသည် လက်ရာတွေကို ဂရုပြုမိလောက်အောင် ဆွဲဆောင်မူတွေရှိနေတယ်။ သူ့ကာတွန်းတွေက သတင်းစာတို့ မဂ္ဂဇင်းတို့မှာ တွေ့ရတဲ့အခါ ရေးဆွဲသူရဲ့စုတ်ချက်လက်ရာတွေထက် အနုပညာသမားတစ်ယောက်ရဲ့ လှူပ်၇ှားမူ၊ ရွေ့လျားမူတွေဟာ စာမျက်နှာအပြည့်မှာ ဖြန့်ကျက်သက်ဝင်နေတာကို သတိထားမိကြရတယ်။ အဲသည်စာမျက်နှာဟာ သာမန်မဟုတ်တဲ့ ထူးခြားမူကို ပြသသွားတယ်။ နိုင်ငံရေးပုဂ္ဂိုလ်များ (အထူးသဖြင့် အမေရိကန်သမ္မတများ) ရဲ့အတွင်းအပြင်ကို ထဲထဲဝင်ဝင် ရှူမြင်သွားအောင် သူ့စုတ်ချက်ထဲ လှူပ်ရှားသက်ဝင်နေကြတာကိုက လူတွေအတွက် ဖတ်မိကြည့်မိချင်စရာဖြစ်သွားတယ်။
အဲသည် အိုလီဖင့်ရဲ့ လက်ရာမြောက်တဲ့ အရည်အသွေးတွေကို ၀ါရှင်တန် ပြတိုက်က ဆွဲယူ ပုံဖော်ပေးသွားပါတယ်။ လူထုကြားထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသွင်သဏာန်တွေကို ကလီဇာထဲအထိ အတွင်းထဲလှိုက်စားပြရုံတင်မက အဓိပ္ဗါယ်တွေကို အများကြီး ဖွဲ့ဆိုသွားတာကို တွြေ့ကရတယ်။ သူ့ရဲ့လက်ရာများ လူရာဝင်သွားပုံက ကမ္ဘာ့စာကြီးပေကြီးထဲမှာ အိုလီဖင့်ရဲ့ စွယ်စုံကျမ်းလို့တောင် ခေါ်ဝေါ်သုံးစွဲနေခဲ့ရပြီ ဖြစ်ပါတယ်။ သူ့ရဲ့သမိုင်းမှာတော့ နိုင်ငံရေးကာတွန်းဆိုတဲ့ ဘာသာရပ်တစ်ခုကို သူက အရောင်တင်ပေးလိုက်တာပဲလို့ ပြောစမတ်ပြုခဲ့ကြရပါတယ်။
သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာက သူ့အတွက်တော့ ပန်းပုထုခြင်းနဲ့ ပုံဆွဲခြင်းဟာ မတူညီတဲ့ အလုပ်တွေ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် သူရေးဆွဲတဲ့ ရုပ်ပုံတွေကို ကြည့်လိုက်ရင် ခွန်အားရှိတဲ့ သဘောတရားတွေ တွေ့မြင်နေရပြီး ဒါကို ပန်းပုတစ်ခုအဖြစ် ဖန်တီးဖို့ ကြိုးစားချင်တဲ့စိတ်တွေ သူ့မှာဖြစ်ပေါ်လာစေတယ် ဆိုတာ လူတွေက သိမြင်နေကြရပါတယ်။
သူရေးဆွဲလိုက်တဲ့ ရုပ်ပုံတွေက တကယ့်ကို အပြင်ကို ထွက်လာတော့မယ့် ပန်းပုလက်ရာတွေအဖြစ် အသွင်ဆောင်နေပါတယ်။ ကာတွန်းထဲမှာ အလင်းနဲ့အမှောင်ဆိုတဲ့ ဆန့်ကျင်ဖက်နှစ်ခုကို ထူးထူးခြားခြား ရေးဆွဲပြထားတာကိုက သူ့စိတ်တိုင်းကျ ရုပ်တုတစ်ခုကို ထုဖို့ရည်ရွယ်နေသလိုပါပဲတဲ့။ သူဟာ အဖြူနဲ့အမဲအရောင်၂ခုကို ကျွမ်းကျင်စွာ ပိုင်နိုင်မူရှိတယ်။ သူ့ရဲ့ခဲခြစ်ရာတွေဟာ သာမန်မဟုတ်ဘူး။ ဆံပင်၊ အသားအရည်၊ အမွှေးအမြှင်များနဲ့ မျက်နှာပေါ်ကအရေးအကြောင်းတွေကို အသေးစိတ်ပုံဖော်ထားပုံဟာ သူ့ရင်ထဲက အနုပညာကို လေးစားမူ၊ စာဖတ်သူအပေါ်တန်ဖိုးထားမူတွေ ပေါ်လွင်နေပါတယ်။
ထူးခြားတဲ့ လုပ်၇ပ်တစ်ခုကတော့ အမေရိကန်သမတ ဂျယ်ရယ်ဖို့ရဲ့ဦးခေါင်းပုံကို ခဲတံတစ်ချောင်း၊ ခဲဖျက်တစ်ခုနဲ့ ရုတ်တရက် ရေးဆွဲဖြစ်တဲ့အခိုက် ရုပ်တုတစ်ခု ထုဖို့ စိတ်ကူးတွေ ရလိုက်တာဖြစ်ပါတယ်။ ရုပ်ပုံတစ်ခုလုံး ပြီးသွားတော့ မကြာမှီမှာ ရုပ်တုတစ်ခု ထုလုပ်ဖြစ်ဖို့ ဖြစ်လာတယ်လို့ ဆိုရမှာပါ။ ဒါနဲ့ပဲ သူဟာ ပန်းပုပညာရှင်တစ်ယောက်အဖြစ် ကာတွန်းပညာရှင်ဆိုတဲ့ နဘေးမှာ ကပ်ပြီး ပါလာတော့တာပါပဲ။
Patrick Oliphant (ပက်ထရစ်အိုလီဖင့်) (၁၉၃၅ခုနှစ် ဂျူလိုင် ၂၄ ရက်တွင်မွေးဖွားသူ) ကအမေရိကန် သြစတေးလျ နိုင်ငံသား ဖြစ်ပြီး ကာတွန်းဆရာတစ်ယောက်ဘ၀အဖြစ် နေထိုင်လာတာ နှစ်ပေါင်း ၅၀ ကြာပီဖြစ်ပါတယ်။ ၁၉၅၂ခုနှစ်လောက်ကစလို့ အနုပညာအလုပ်တွေ စလုပ်ခဲ့တာဖြစ်ပါတယ်။ အခုအခါ အသက် ၈၁ နှစ်အရွယ်ရောက်ရှိနေပြီး ကာတွန်းများရေးသားနေဆဲ လို့ယူဆရမှာဖြစ်ပါတယ်။ သူ့ကို အယ်ဒီတာ့အာဘော် ဆိုင်ရာ နိုင်ငံရေးကာတွန်းသမားလို့ လူတိုင်း သိကြပါတယ်။ သရော်တော်တော်နဲ့ သူ့ရဲ့စတိုင်ရေးဆွဲမူတွေက စာရေးဆရာ၊ အနုပညာသမား အဖြစ်လူတိုင်းက တံဆိပ်ကပ်ပေးလိုက်တာကို ခံရသူဖြစ်ပါတယ်။ သူ့ရဲ့အမှတ်အသားက Punk ပင်ကွင်းငှက်ကလေးပါ။ တခါတလေ သူ့လက်ရာတချို့မှာ တွေ့ရတတ်ပါတယ်။ ၁၉၉၀ခုနှစ် နယူးယောက်တိုင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ သူ့ကို “ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး သတင်းကာတွန်းသမား ရောက်လာပါပီ“ လို့ရေးသားထားပါတယ်။ ၁၉၆၇ ခုနှစ်မှာ ၁၉၆၆ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ ဖော်ပြခဲ့တဲ့ အယ်ဒီတာ့အာဘော်ဆိုင်ရာ ကာတွန်းဆု အဖြစ် Pultizer Prizeရခဲ့ပါတယ်။
သူ့လက်ရာတွေ လူကြိုက်များသလို အဝေဖန်ခံခဲ့ရတာတွေလည်း ရှိပါတယ်။ သူ့ရဲ့ကယ်ရီကေးချားလက်ရာ များကို “စည်းကျော်တဲ့ လက်ရာတွေ“ လို့အမေရိကန်-အာရှဆိုင်ရာ ဂျာနယ်လစ် အဖွဲ့အစည်းတစ်ခုက စွပ်စွဲခဲ့ပါတယ်။ အမေရိကန်-အာရပ် ဆိုင်ရာ တန်းတူညီမျမူကို ဖော်ဆောင်သော ကော်မတီတစ်ခုကဆိုရင် အိုလီဖင့်ရဲ့ ကယ်ရီကေးချားများဟာ အယူသည်းတယ်၊ အမြင်စောင်းတယ် လို့ဖော်ပြထားကြတယ်။ ဒါ့အပြင် လူတွေကို တလွဲဦးဆောင်နေတယ်လို့တောင် ပြောကြပါတယ်။ သူဟာအစ္စရေးတို့ ဂါဇာတိုက်ပွဲကို ကာတွန်းဆွဲပြီးသရော်ခဲ့သေးတယ်။ အဲသည်ကာတွန်းဟာ အမေရိကန်ဂျူးလူမျိုးတွေကြား မီးပွားစင်သွားတဲ့အထိ ထိရောက်ခဲ့ပါတယ်။ လော့အိန်ဂျယ်လစ်မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ဂျူးလူမျိုးများရဲ့လူ့အခွင့်အရေုးဆိုင်ရာ အဖွဲ့အစည်းဗဟိုဌာနချူပ်တစ်ခု ကပြောရာမှာ သူ့ကာတွန်းဟာဆိုရင် အစ္စရေးကို မကောင်းဆိုးဝါးတွေအဖြစ် သိက္ခာချထားပြီး နာဇီတွေရဲ့လုပ်ပုံလုပ်နည်းတွေကို အတုခိုးထားတဲ့သူတွေအဖြစ် ရေးဆွဲထားတယ် လို့ဆိုတယ်။ အဲဒီတုန်းကဆို နယူးယောက်တိုင်းသတင်းစာနဲ့ မီဒီယာအုပ်စုများကို သူတို့ရဲ့ဝက်ဆိုက်တွေထဲကနေ အဲသည်ကာတွန်းကို ထုတ်ပစ်ဖို့ သတိပေးခံခဲ့ရပါတယ်။
သူက အမေရိကန်သမ္မတများကို ကယ်ရီကေးချားအဖြစ် အသက်သွင်းခဲ့တာ ၁၉၆၄ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၀ါရှင်တန်ပြတိုက်ကနေ တလေးတစားနဲ့ အိုလီဖင့် လက်ရာများကို လူထုကို စုစည်း ပြသပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးဆိုင်ရာ ကာတွန်းဆရာ ပက်ထရစ်အိုလီဖင့်တစ်ယောက် အမေရိကန်သားအဖြစ်နဲ့ မွေးဖွားလာကာ အမေရိကန်သမ္မတများကို သူ့လက်ခုတ်ထဲက ဇာတ်ကောင်တွေအဖြစ် ဖန်တီးနေခြင်းဟာ အမေရိကန်အတွက် ကံဆိုးတာလား၊ ကံကောင်းတာလားဆိုတာ ကာယကံရှင်သမ္မတများပဲ ဖြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

(Ref: Cartoons as teachers; By Eric Gibson (American Weekly Newsletter, 1991) ကို မှီငြမ်း ဘာသာပြန်ထားပြီး Pat Oliphant (2017 American-Australian Editorial Cartoonist Wiki) ကနေဖြည့်စွက်ထားပါတယ်။)
ဂျူနီယာဝင်း

Wednesday, August 9, 2017

ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ

ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ

(အတွေးအမြင်၊ သြဂုတ်၊ ၂၀၁၇) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇
 
၁၉၉၁ ခုနှစ်ထုတ် အမေရိကန်အပတ်စဉ် သတင်းဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတဲ့ နည်းပညာသတင်းတစ်ပုဒ်ပါ။ ရေးသူက ဒယ်နီရယ် ခါဂန် (Dania Kagan) ဖြစ်ပါတယ်။ သူက မီးလောင်တာ၊ ရေကြီးတာ၊ ငလျင်လှူပ်တာ၊ ဟာရီကိန်းမုန်ုတိုင်းဒဏ်တွေ၊ ဓါတ်ငွေ့ပေါက်ကွဲမူတွေ၊ လေဆင်နှာမောင်းတိုက်ခံရတာတွေ အစရှိတဲ့ ဘေးဒုက္ခတွေကို ကြုံကြရရင် ဒါတွေအတွက် ဆုံးရှူံးမူဒဏ် ခံရဖို့ပဲရှိတယ်လို့ လူတော်တော်များများ ကတွေးကြပါတယ်တဲ့။ ဒီဘေးတွေကြောင့် ဖြစ်လာရတဲ့ ဆုံးရှူံးမူတွေကို ဘယ်လို ဖြေရှင်းကြမလဲတဲ့။
သူ့ဆောင်းပါးအစမှာ အဲသလို မေးခွန်းထုတ်ထားပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုးတွေအတွက် ဖြေရှင်းပေးဖို့ဆိုပြီး ကုမ္မဏီတွေ တော်တော်များများက နည်းလမ်းတွေရှာပြီး အမြတ်ထုတ်ကြပါတယ်။ အဲဒီထဲမှာ “ဘလက်မိုး မိုရင်း စတင်မစ်တစ် ဘေးအန္တရယ်များ ကြောင့်ဖြစ်သော ဆုံးရှူံးမူများကို ပြန်လည်ပြုပြင်ပေးသော ကုမဏီ“ (Blackmon Mooring Streamatic Castrophe Inc.) (BMS CAT) လည်းပါပါတယ်။ သူတို့က ၂၄နာရီ ၀န်ဆောင်မူပေးမယ်လို့ဆိုတယ်။ လေဘေး၊ ရေဘေး၊ မီးဘေး၊ ဓါတုဗေဒဘေး အစရှိတာတွေ ခံလိုက်ရတဲ့ နေရာတွေအတွက် ဆုံးရှူံးသွားတာတွေကို ဘေးဒဏ်တွေ ခံပြီးပြီးချင်းမှာ အတတ်နို်င်ဆုံး ပြန်လည် ရရှိအောင် လုပ်ပေးမယ်လို့ ကြေငြာထားပါတယ်။
အမေရိကန်ကမြို့နယ်တော်တော်များများမှာ ရှိတဲ့ BMS CAT ကုမဏီတွေအပြင် အန္တလန်တာအရပ်ဒေသက TRC ကုမဏီတို့က ရေ၊လေ၊မီး၊ ဓါတုဗေဒ၊ ဓါတ်ငွေ့တွေကြောင့် ပျက်ဆီးသွားတဲ့ ကွန်ပြူတာတွေ၊ လျပ်စစ်ပစ္စည်းတွေ၊ စက်မူဆိုင်ရာ ပစ္စည်းအကြီးစားတွေကို အမြန်ဆုံး ပြန်လည်အသုံးချ၊ အလုပ်ပြန်လုပ် နိုင်အောင် ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ “ပျက်စီးဆုံးရှူံးသွားတာတွေကို ပြန်လည်အလုပ်လုပ်နိုင်အောင် ပြုပြင်ပေးသော BMS CAT, TRC ကုမဏီ” တွေအကြောင်းကို အခုဆောင်းပါးမှာ အသေးစိတ်တင်ပြသွားမှာဖြစ်လို့ BMS CATနဲ့ TRC လို့ဆိုလိုက်ရင် စာဖတ်သူများ က ဘေးဒဏ်ကြောင့် ပျက်စီးသွားတာတွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ပေးတဲ့ ကုမဏီတွေအဖြစ် နားလည်ပေးကြရန် ဖြစ်ပါတယ်။
BMS CAT နဲ့ TRC တို့ဟာ ရေဘေးဒဏ်သင့်လို့ ပျက်စီးသွားတဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွေကို စိတ်ရှည်လက်ရှည်နဲ့ သန့်စင်ပေးမှာပါ။ အဆောက်အဦရဲ့ တစ်လက်မ စတုရန်းကွက်ကလေးတကွက်စီကိုလည်း သေချာစီစစ်ရာမှာ ပျက်စီးသွားတဲ့ ကော်ဇောတွေ၊ ပရိဘောဂတွေ၊ မျက်နှာကျက်တွေ၊ နံရံတွေ၊ ကြမ်းပြင် တွေကို သေချာဂရုတစိုက် ပြုပြင်ပေးကြပါတယ်။ သူတို့လုပ်ငန်းဟာ ၁၀နှစ်အတွင်းကို အထူးအောင်မြင်ပြီး ကျယ်ပြန့်လာတယ် လို့ဆိုပါတယ်။ BMS CAT နဲ့ TRC တွေ အောင်မြင်လာရတဲ့ အကြောင်းတစ်ချက်ကတော့ ကုမ္မဏီလုပ်ငန်း တွေအတွက် ဘေးဒဏ်တွေကြောင့် ပျက်စီးသွားတဲ့ ကွန်ပြူတာတွေ၊ လျပ်စစ်ပစ္စည်းတွေကို အသစ်ပြန်လည် ၀ယ်ထည့်တာဟာ ပျက်စီးသွားတာတွေကို ပြန်လည်အသုံးချနိုင်အောင် BMS CAT နဲ့ TRC တွေကို အပ်လိုက်တာက ပိုလည်းမြန်ဆန်ပြီး ပိုက်ဆံသက်သာလို့ ဖြစ်ပါတယ်။
အာမခံလုပ်ထားတဲ့အတွက် အာမခံကုမဏီတွေအတွက်လည်း ပိုပြီး တွက်ခြေကိုက်တယ်လို့ ဆိုတယ်။ ပျက်စီးသွားတာတွေ ပြန်လည်အသုံးချအောင် ပြင်ဆင်ပေးတဲ့ BMS CAT နဲ့ TRC တို့တွေ ရှိလာတဲ့အတွက် ပိုပြီးစိတ်ချရ၊ ပိုက်ဆံလည်းသက်သာ၊ မြန်လည်းမြန်ဆန်တာကြောင့် အကြိုက်တွေ့လာကြတာ ဖြစ်ပါတယ်။ ငွေသန်းချီပြီး တော့သက်သာသွားတာပါပဲလို့ အာမခံကုမဏီက တာဝန်ရှိသူတွေက ပြောလာကြပါတယ်။
BMS CAT နဲ့ TRC တို့တွေကြောင့် ကုမဏီလုပ်ငန်း ကြီးငယ်မရွေးအတွက်လည်း ရေ၊လေ၊ဓါတုဗေဒ ဘေးဒဏ်တွေကြောင့် ပျက်စီးသွားရလို့ ဒေ၀ါလီခံကြရမယ့်ကိစ္စမှာ သက်သာသွားရတာတွေ ကြုံကြရပါတယ်။ ရေတွေနဲ့ ပျက်စီးသွားတဲ့ထဲ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ စာချူပ်တွေဟာ BMS CAT တို့လို ကုမဏီတွေကိုအပ်နှံပေးလိုက်လို့ ပြန်ရခဲ့ရတဲ့ မှတ်တမ်းတွေ အများကြီး ဖြစ်လာပါတယ်။
ဆွစ်ဇာလန်အပ်ချူပ်စက်ကုမဏီတစ်ခုဟာ မီးလောင်မူဖြစ်ပွားပြီးတဲ့နောက်မှာ နောက်ဆက်တွဲ မီး၊ ရေ၊ မီးခိုးနဲ့ ပြာတွေ အလိမ်းလိမ်းဖြစ်ပြီး ဘာမှသုံးမရဖြစ်ခဲ့ရတာတွေကို ၁၆ ပတ်အတွင်းမှာ အလုပ်ပြန်လုပ်နိုင်အောင် BMS CATနဲ့ TRC တို့က ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ စက်ရုံဟာ ရက်အနည်းငယ်အတွင်းမှာ ပြန်လည်အသက်ဝင်လာခဲ့တယ်။ အလုပ်လည်း ပြန်လည်တွင်သွားတယ်။ အာမခံလည်း သိပ်မကုန်တော့ဘူး။ TRC ကုမဏီက အရာရှိတစ်ဦးဖြစ်သူ ဂျွန် ဆိုက်တာ က ပြောရာမှာ သိပ်ကိုကြီးမားတဲ့ လုပ်ငန်းတစ်ခု ပျက်စီးသွားလို့ ပြန်လည်တည်ထောင်မယ်ဆိုရင် ၁၈လလောက်က တော့ကြာမယ်။ ဒါပေမယ့် ပျက်စီးသွားတာတွေကို စိတ်ရှည်လက်ရှည်နဲ့ ပြန်ပြုပြင်မယ်ဆိုရင် ဒိထက်မြန်မြန် အလုပ်ပြန်လုပ်လို့ရမှာပဲ လို့ဆိုပါတယ်။
ဒီလို BMS CAT နဲ့ TRC အဖွဲ့ကိုအပ်လိုက်တာက ဈေးကြီးတာတော့မှန်တယ် ဒါပေမယ့် အသစ်ပြန်လည် ၀ယ်ထည့်တာထက်တော့ သက်သာပါတယ်တဲ့။ မှန်းပြောရရင်တော့ ၁၀% ကနေ ၆၀% လောက်ကို သက်သာသွားမှာဖြစ်ပါတယ်။ ပျမ်းမျှ ၂၅ % သက်သာမှာမို့ သူတို့လုပ်ငန်းတွေ တိုးတက်လာတာ အမှန်ပါပဲ။ BMS ကုမဏီဥက္ကဌဖြစ်တဲ့ ကာ့ဘလက်မွန်က ဥပမာတစ်ခုကို ပြန်လည်ပြောရာမှာ ကွန်ပြူတာကုမ္မဏီတစ်ခု မီးလောင်သွားတဲ့အတွက် ကွန်ပြူတာအခြေခံပစ္စည်း ၂၅ခု၊ အလုပ်ရုံ ၁၅၀ ဆုံးရှူံးခဲ့ရာမှာ ဒါတွေကို သူတို့ အဖွဲ့ထဲ အပ်လိုက်တဲ့အတွက် ဒေါ်လာ ၁၀သန်း ကွန်ပြူတာတွေနေရာမှာ ဒေါ်လာ သိန်း၇၀၀ ကျသင့်ပြီး မူရင်းအတိုင်း ပြန်လည် လည်ပတ်နိုင်ခဲ့တယ် လို့ဆိုခဲ့ပါတယ်။
နောက်ဥပမာတစ်ခုပြရရင် ၁၉၈၈ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လော့အိန်ဂျယ်လစ် ဘဏ်တာဝါတစ်ခု မီးလောင်ခဲ့ရာမှာ အထပ်ပေါင်း ၆၂ထပ်ရဲ့ ကြမ်းပြင် ၄ခုစာ ဟာ ပျက်စီးသွားခဲ့ရတယ်။ မီးလောင်မူကြောင့် အပေါ်ထပ်တွေဟာ မီးဒဏ်သင့်ခဲ့ရတယ်။ အောက်ကအထပ်တွေဟာ ရေဒဏ်သင့်ခဲ့ရတယ်ပေါ့။ ဒါတွေကို အလျင်အမြန်ပြုပြင်ဖို့ လိုအပ်လာပြီ။ ဒေါ်လာ ၂၂သန်းတန်ကွန်ပြူတာစနစ်တွေ ပျက်စီးသွားခဲ့ရတယ်။ BMS CAT ဟာ ဘဏ်ရဲ့ အဓိကအရေးကြီးအစိတ်အပိုင်းတွေကို အလျင်အမြန်ပြုပြင်ပေးနိုင်ခဲ့တယ်။ အားလုံးကို နေသားတကျဖြစ်ဖို့ ဒေါ်လာ ၁၀သန်းကျော် ကုန်ကျခဲ့တယ်။ TRC က ဘဏ်အဆောက်အဦရဲ့ ပျက်စီးမူတွေကို ပြန်လည် ပြုပြင်ပေးခဲ့တယ်။ အားလုံးစုစုပေါင်း ဒေါ်လာ ၁၄ သန်းကုန်ကျခဲ့ပါတယ်။
အရင်ဆုံး တာဝန်ရှိသူ ကြီးကျပ်သူက အပေါ်စီးကနေ လေယျာဉ်နဲ့ ပျက်စီးသွားတဲ့နေရာကို ကြည့်ရူရတယ်။ BMS CAT ကုမဏီတွေဟာ အပြင်ဖက်က မီးအရှိန်ဟပ်မူကြောင့် ပျက်စီးနေတဲ့ သစ်ပင်တွေ၊ အိမ်တွေ၊ လမ်းတွေ၊ ခြံစည်းရိုးတွေမှာ ပေကျံနေတဲ့ အရာအားလုံးကို ဆီတစ်မျိုးနဲ့ သုတ်သင်ရှင်းလင်းပစ်ပါတယ်။ သူတို့အတွက် လူအကူ တွေငှားပြီး မီးလောင်မူ ဖြစ်ပွားတဲ့ အတွင်းပိုင်းထဲကို ၀င်ခိုင်းပြီး လေကောင်းလေသန့်ဝင်တဲ့ စနစ်တစ်ခုနဲ့ အတွင်းထဲက အပူဓါတ်ကို ထုတ်ပြီး အေးမြအောင်လုပ်ရပါတယ်။ အတွင်းထဲက ကွန်ပြူတာနဲ့ ပတ်သက်တဲ့ ဖလော်ပီဒစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေ၊ နံရံ၊ ကြမ်း၊ ကော်ဇော၊ မီးလုံးတွေကအစ သန့်ရှင်းရေး လုပ်ပါတယ်။ အဲဒီအတွက် ရေစုတ်ကရိယာနဲ့ ကျပ်ခိုးတွေဖယ်ပစ်တဲ့ စနစ်တွေကို သုံးရပါတယ်။ ဒီလိုနေရာမှာ သုံးဖို့ လူတွေ့စစ်ဆေးမူတွေ လုပ်ထား၇ပါတယ်။ လူ၂၀၀ သုံးမယ်ဆိုရင် လူ၈၀၀ အင်တာဗျူးပါတယ်။ ၂ရက်အတွင်း အလုပ်စလုပ်ပါတယ်။ အလုပ်ဟာ အနည်းဆုံး ၂ပတ်တော့ ကြာပါတယ်။ ဦးစီးတဲ့သူ ၂၅၀လောက်ခန့်ပါတယ်။ တစ်နှစ်ကို အကြိမ် ၁၀၀လောက် လုပ်ငန်းခွင် ၀င်ကြရပါတယ်။ သူတို့မှာ လူ၄၀လောက်နဲ့ဖွဲ့စည်းထားတယ်။ ဓါတုဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ တခြားသော ကျွမ်းကျင်ပညာရှင်တွေကို လည်းငှားထားရပါတယ်။
၆၂ထပ်မှာ အဓိကအားဖြင့် ပြဿနာကတော့ ကျပ်ခိုးတွေပေကြံနေတဲ့ စားပွဲတွေ၊ ဘီဒိုတွေ၊ အံဆွဲတွေဖြစ်တယ်။ ဒါ့အပြင်ရေတွေကြောင့် ပျက်စီးနေတဲ့ ဆက်သွယ်ရေးစနစ်တွေ၊ အချက်အလက်တွေသိမ်းဆည်းထားတဲ့ ဖိုင်တွေပါပဲ။ TRC ဟာ တောင်တက်သမားတွေငှားပြီး ၃၃ထပ်က နေစလို့ ဓါတ်လှေကားတစ်လျောက်ကို တက်ခိုင်းပီး သူတို့အဖွဲ့သားတွေအတွက် လမ်းဖွင့်ခိုင်းပါတယ်။ အဖွဲ့သားတွေဟာ ဂါလန် ၅၀၀၀လောက်ရှိတဲ့ ဆီချေးတွေကို ဖျက်တဲ့ အဆီကို သုံးပြီး ဓါတုဗေဒဆိုင်ရာ စုတ်တဲ့ ပစ္စည်း ၁၇၉ ၄၅ခု၊ ပေါင် ၁၅၄၀၀ စာလောက်ရှိတဲ့ အ၀တ်စတွေ၊ ထောင်ချီတဲ့ သပွတ်တံတွေ၊ ခြောက်အောင်လုပ်တဲ့ ကရိယာတွေ၊ ၀ါယာာကြိုးတွေနဲ့ ဂွမ်းတွေ အသုံးပြုကြရတယ်။ ဓါတုဗေဒပစ္စည်းတွေ၊ လှေကားတွေ၊ ခံနိုင်ရည်ဦးထုတ်တွေ၊ ခြင်းတွေ၊ တောင်းတွေနဲ့ ကိုယ့်ကျရာ ကဏ္ဍကို လုပ်ဆောင်ကြရတယ်။
သူတို့လုပ်ရတဲ့ အမြန်နှူန်းဟာ အရေးကြီးပါတယ်။ မြန်လေ၊ ကောင်းကောင်း ပြန်ရလေဖြစ်တယ်။ ပျက်စီးမူနှူန်းဟာ မြန်တယ်။ ဒါကြောင့် ဒီ့ထက်ပိုမပျက်စီးခင် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် အလုပ်လုပ်ရပါတယ်။ ဘေးဒဏ်တစ်ခုကြုံပြီဆိုတာနဲ့ တန်ဖိုးရှိတာတွေ ပြန်ရစေချင်ရင် သူတို့လက်ထဲ အမြန်အပ်လိုက်တာ အကောင်းဆုံးပါပဲ။ အဖြစ်အပျက်ပေါ်မူတည်ပြီး ဈေးနှူန်းတွေက ကွာပါတယ်။ ဆုံးရှူံးမူ အသေးအမွှား လောက်ပဲ ပြုပြင်မူတွေဆိုရင်တော့ အနည်းဆုံး ဒေါ်လာ ၃သောင်းခွဲကနေ ဒေါ်လာ သန်းအနည်းငယ် တော့ကုန်မှာဖြစ်တယ် လို့တွက်ပြထားတယ်။ အဲဒီအဖွဲ့တွေဟာ ဘယ်လောက်သေးတဲ့ ပျက်စီးမူပဲဖြစ်ဖြစ် သေချာ ကောင်းကောင်းမွန်မွန် လက်ခံဆောင်ရွက်ပေးတယ် လို့ဆိုတယ်။
တခါတရံမှာလည်း ဓါတုဗေဒပစ္စည်းတွေကြောင့် ပျက်စီးရတာတွေရှိပါတယ်။ သိပ်ကို တန်ဖိုးရှိပြီး နုနယ်တဲ့ စက်ရုံထုတ်ပစ္စည်းတွေဆိုရင်လည်း သူတို့က အသေးစိတ်ဆောင်ရွက်ပေးပါတယ်။ အက်စစ်ဓါတ်ငွေ့တွေကြောင့် မီးလောင်မူတွေဖြစ်လို့ ရေဂါလန်တွေ ထောင်နဲ့ချီပြီး ငြိမ်းသတ်ခဲ့ရတဲ့ အဖြစ်တွေ ကြုံရတတ်ပါတယ်။ စက်ရုံအတွင်းပိုင်းတွေဟာ ပင်လယ်ထဲက ရေတွေနဲ့ ငြိမ်းသတ်ခဲ့ရတာကြောင့် မီးငြိမ်းသွားတဲ့အခါ ပင်လယ်ရေညှိတွေတက်နေတဲ့ ရေညစ်တွေကြားထဲ တော်တော် ပျက်စီးသွားခဲ့ရတယ်။ အဲယားကွန်းစက်တွေ၊ လျှပ်စစ်လှေကားတွေ၊ ဓါတ်လှေကားတွေ၊ မော်တာတွေ၊ အစားအစာလုပ်တဲ့ ပစ္စည်းကရိယာတွေ အစရှိသဖြင့်ဟာ သုံးမရတော့လောက်အောင် ဒုက္ခရောက်နေတာတွေ တွေ့မြင်ကြရတယ်။ ဒါတွေအတွက်လည်း သူတို့ဟာ အသေးစိတ်ဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ ဆန်ဖရန်စစ်စကို က ငလျင်ဘေးတုန်းကဆိုရင် BMS CAT နဲ့ TRC အဖွဲ့တွေဟာ အများကြီး လှူပ်ရှားခဲ့ရပါတယ်။
BMS CAT ဟာ အခု ၂၀၁၇ ဆိုရင် သက်တမ်းအားဖြင့် ၆၉ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၄၈ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူတို့စစချင်းလုပ်ငန်းဟာ အိမ်တွေ၊ ဆိုင်တွေ၊ ကုမဏီတွေအတွက် အိမ်ထောင်ပရိဘောဂများသန့်စင်ခြင်း၊ အရောင်တင်ခြင်း ဖြစ်ပါတယ်။ ဒီလိုနဲ့တဖြေးဖြေး မီးဘေး၊ရေဘေးဒဏ်သင့်လို့ ပျက်စီးသွားတာတွေကို ပြန်လည်အသုံးချလို့ရအောင် ပြုပြင်ပေးတဲ့ လုပ်ငန်းတွေအဖြစ် တိုးချဲ့လာတယ်။ ၁၉၈၁ခုနှစ်ကစလို့ ကမ္ဘာနိုင်ငံတွေကြားထဲ အသိအမှတ်ပြုလာတဲ့ လုပ်ငန်းဖြစ်လာပြီး အာရုံစိုက်ခံခဲ့ရတာပါ။ ဒါဟာ ကမ္ဘာအနှံ့အပြား ကြုံတွေ့နေကြရတဲ့ သဘာဝဘေးတွေကြောင့်လည်း လုပ်ငန်းဟာ ပိုတွင်ကျယ်လာရတာ ဖြစ်ပါတယ်။ သူတို့တတွေရဲ့ ကြွေးကြော်သံကတော့ သူတို့ဟာ စေတနာရှိတယ်။ သူတို့အလုပ်ကို ချစ်မြတ်နိုးတယ်။ တန်ဖိုးထားတယ်။ ဒါဟာ သူတို့အလုပ်အောင်မြင်လာရတဲ့သော့ချက် ဖြစ်ပါတယ်တဲ့။
မီး၊ ရေ၊ လေ၊ သဘာဝ ဘေးသင့်လို့ တစ်ခုခုဖြစ်ရင် ဘာမှပြန်မရတော့ဘူးလို့ လူတွေက အလွယ်တကူတွေးပြီး ပျက်စီးသွားတာတွေကို လွှတ်ပစ်လိုက်ဖို့ပဲ တွေးကြတာများပါတယ်။ နာဂစ်မုန်တိုင်းကျတုန်းက တန်ဖိုးရှိစာအုပ်တွေဟာ ရေဒဏ်ကြောင့် စာမျက်နာတွေကပ်ပြီး ခွာမရတော့လို့ နမြောသာလည်း လွှတ်ပစ်ခဲ့ရတာတွေ ပြန်မြင်ယောင်နေမိတယ်။ BMS CAT နဲ့ TRC လိုအဖွဲ့တွေ ငါတို့မြန်မာပြည်မှာ ရှိရင်တော့ ယနေ့ခေတ်မှီလာတဲ့ နည်းပညာတွေနဲ့ဆို ပြန်ရချင်လည်း ရနိုင်တာပေါ့လေ လို့သည်ဆောင်းပါးလေးရေးရင် တွေးနေမိပါတယ်။

ဂျူနီယာဝင်း

Friday, July 7, 2017

ဂျူနီယာဝင်း – စာအုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက်


( အတွေးအမြင် အုပ် ၃၀၀ ပြည့်၊ ဇူလိုင်) မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၇
ပြင်သစ် စာရေးဆရာမ ဖရွန်ဆွာစ် ဆာဂန်က ပြောတယ်။
“ကျွန်မစာမရေးဖြစ်ခဲ့ရင် ကျွန်မဘ၀ဟာ ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာသေချာတယ်။  ကမ္ဘာပေါ်မှာ ကျွန်မဆိုတဲ့သူ ပေါ်မလာ ဖြစ်လည်း စာတော့ ရအောင်ရေးမှာပဲ”။ တဲ့။
စာရေးဆရာ အီးဘီဝိုက် က
“စာရေးတယ်ဆိုတာ ကံပါလာလို့သာဖြစ်တာ။ အဲဒါအမှန်တရားပဲ။”
ကော်လင်းဆဲလ် ဆိုတဲ့စာအုပ်ထုတ်ဝေသူလည်းဟုတ်၊ စာအုပ်အယ်ဒီတာ လည်းဟုတ်တဲ့ စာရေးဆရာမတစ်ယောက်က စာအုပ်တစ်အုပ်ရဲ့ အမှာစာမှာ အခုလို ရေးထားတာတွေ့တယ်။ သူက စာရေးဆရာ၊ အယ်ဒီတာ၊ နံမယ်ခံစာရေးဆရာလည်းဟုတ်တဲ့ မဂ္ဂဇင်းအယ်ဒီတာ၊ ကော်လံစာရေးဆရာ၊ ဂျာနယ်သတင်းထောက်အပြင် သတင်းရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက စာရေးဆရာဖြစ်ဖို့ ဆိုတာထက် စာရေးချင်လွန်းလို့ စာရေးနေကြတဲ့စာရေးဆရာတွေ အယောက် ၅၀ကျော်လောက်ရဲ့ စာတွေကို ဖတ်ပြီး ကောက်ချက်ချ အားပေးထားတယ်ပေါ့။
စာရေးဆရာရဲ့ဘ၀ကို သူတို့ဘယ်လို မှတ်ယူကြသလဲဆိုတာကို သူက ခံစားပြီး တင်ပြထားတာပါ။ ဒီစာအုပ်ထဲက စာရေးဆရာတွေဟာ နယ်နယ်ရရတော့မဟုတ်ကြပါဘူး။ အွန်လိုင်းအယ်ဒီတာတွေ၊ နံမယ်ကြီးဘလော့ဂါတွေ၊ စာပေဆုရဘူးတဲ့သူတွေ၊ အပျော်တမ်းစာရေးတဲ့သူတွေ၊ အငြိမ်းစား ဆရာကြီးတွေ၊ ကျောင်းဆရာတွေ၊ မဂ္ဂဇင်းအယ်ဒီတာတွေ၊ သတင်းထောက်တွေ စသည်ဖြင့် ဖြစ်ပြီးတော့ အားလုံးဟာ စာရေးသက် စာရေးအတွေ့အကြုံ ရင့်ကျက်နေကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ စာတွေကို စုဆောင်းပြီးတော့ ကော်လင်းဆဲလ်က အခုလို မိတ်ဆက်ရေးထားတာ ကို အတွေးအမြင်အမှတ် ၃၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဘာသာပြန်ပေးလိုက်ပါတယ်။
“စာရေးဆရာအများစုလိုပဲ ပြောရရင် ကျွန်မဟာ စာရေးဆရာဖြစ်လာတာမဟုတ်ပါဘူး စာရေးတဲ့သူသက်သက်ဖြစ်လာတာပါ လို့ပြောရမှာပေါ့။ ဒါအမြဲတန်းမှန်ပါတယ်။ နောက်လည်း အမြဲမှန်နေဦးမှာ။ ကျွန်မစာရေးတယ်။ ဘာကြောင့်လဲ။ စာရေးနိုင်လို့ ရေးတာပါ။
“ကျွန်မစာအကြာကြီးမရေးဖြစ်ဖူးဆိုရင် ကျွန်မတော့ သွားတာပဲ။ တကယ့်ကို သွားပြီ။ စိတ်ဆင်းရဲ စိတ်မကောင်း စိတ်ညစ် အကုန်ဖြစ်တော့တာပဲ။ ဒါပေမယ့် ကိုယ်ရေးချင်တာတွေကို မရေးဘူး သိမ်းမထားဘူး ဒါတွေကို ဂရုမစိုက်ဘူး လွှတ်ပစ်လိုက်တယ်ဆိုတာတောင်မှ ….. အခုတော့မဟုတ်ပါဘူး…. ကျွန်မအခု သိပ်ပင်ပန်းနေတယ် ပြီးတော့ အရမ်းကိုအလုပ်များနေတယ် အလုပ်ထဲမှာ သိပ်ကို ပိမိနေတယ် ဘ၀ကိုလည်းသိပ်စိတ်ကုန်နေတယ်.. ဆိုတာတောင်မှ… ရေးစရာကလေးပေါ်လာရင်တောင်မှ …. မောင်းထုတ်ပစ်လိုက်တယ်။ အမှန်တော့လည်း အဲဒီပေါ်လာတာလေးကို အာရုံစိုက်မိတယ်.. စကားလုံးတွေအဖြစ် ပြောင်းလိုက်တယ် ဒီတော့ အဲဒီရေးစရာလေးက ရုပ်လုံးပေါ်လာတယ်.. ဒီတော့ ကျွန်မချရေးတယ်… ကျွန်မစာရေးမှ ဖြစ်တော့မယ်။
“အခုထိပေါ့လေ… ကျွန်မအတွက် သဘောပေါက်လာတာ တစ်ခုက စာရေးတဲ့အလုပ်က ကျွန်မလုပ်စရာတစ်ခုအဖြစ် တည်ရှိနေတာသက်သက်မဟုတ်ပဲ ကျွန်မဘာကောင်လဲဆိုတာကို ပြတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်နေတာပဲ။ ကျွန်မရဲ့စာရေးတဲ့ဘ၀ဟာ ကျွန်မသက်တန်းတလျောက်လုံးထက် ပိုပြီးတော့တောင် တည်ရှိနေဦးမှာ။
“ကျွန်မ တစ်ခါ တစ်ခါ စဉ်းစားမိတယ်။ ကျွန်မဘ၀က စာရေးဆရာဘ၀တစ်ခုတည်း မဟုတ်ဘူး။ သမီးတစ်ယောက်ရဲ့ တာဝန်၊ အိမ်ထောင်ဦးစီးတာဝန်၊ အိမ်တာဝန်၊ ခြံတာဝန်၊ အလုပ်တာဝန်၊ အိမ်ထောင်တာဝန်တွေအပြင် မိတ်ဆွေ၊ သူငယ်ချင်း၊ ညီမ၊ အဒေါ် ဆိုတဲ့ ပတ်သက်ရာ ပတ်သက်ရာ တာဝန်တွေကိုလည်း ထမ်းဆောင်နေရသေးတယ်။
“စဉ်းစားကြည့်တော့ ဒါတွေအကုန် တာဝန်ကြေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား လို့ထင်စရာ။ အဲဒီဘ၀တွေ အများကြီးထဲကမှ စာရေးဆရာဘ၀ကိုတော့ဖြင့် “ပုံမှန်ဘ၀“ လို့ခံယူရွေးချယ်ခဲ့တယ်။ တခါတခါတော့လည်း ကိုယ်ဟာ သည်လိုလူတွေကြားထဲမှာ တခြားကမ္ဘာက ဂြိုလ်သားတစ်ယောက်လို ခံစားမိတယ်။ ဒီလိုနဲ့ တခြားသော စာရေးဆရာတွေအကြောင်းကို လေ့လာဆန်းစစ် မိတော့မှပဲ ကိုယ်နဲ့ဘ၀တူတဲ့ သူတွေကို တွေ့လာရတော့တယ်။
“ဒီစာအုပ်မှာ ကျွန်မရှာဖွေတွေ့ခဲ့ရတဲ့ တခြားသော စာရေးဆရာတွေအကြောင်းကို တွေ့ကြရမယ်။ အော်… ဒါဟာ စာရေးဆရာရဲ့ဘ၀တွေပဲ လို့ဖြစ်လာရတယ်။ စာရေးခြင်းဆိုတာရယ်၊ ဘ၀မှာနေထိုင်ခြင်းဆိုတာရယ် နှစ်ခုကြားကို ချိန်ခွင်မှာညှိပေးတယ် လို့တော့မဟုတ်ပါဘူး။ စာရေးခြင်းနဲ့ ဘ၀မှာ နေထိုင်ခြင်း ဆိုတဲ့အဲသည်၂ခုကို ရောစပ်ပေးတာပါ။ ဟုတ်တယ်.. အဲဒီလို လုပ်ဖို့က လွယ်တယ်လေ… ။ ဒါကြောင့် ကျွန်မတို့တွေက စာရေးတဲ့ဘ၀ကို တစ်ယောက်နဲ့တစ်ယောက် မျှဝေရင်း၊ ဖောက်သည်ချနေရင်းနဲ့ နေကြည့်ကြတာပေါ့။
“စာရေးဆရာဟာ စာရေးဆရာအချင်းချင်း တွေ့တယ်။ တခြားသောသူတွေလို တွေ့ပုံမျိုးတော့ မဟုတ်ဘူး။ အဲဒီအချက်က အရေးကြီးတယ်။ စာရေးဆရာတွေ အချင်းချင်း တွေ့ကြတဲ့အခါ အတွေ့အကြုံတွေ ဖလှယ်တယ်။ ခံစားချက်တွေ ဝေမျှတယ်။ ငါတို့ရဲ့  အောင်မြင်မူတွေ၊ စိန်ခေါ်မူတွေကို ပြန်ပြောကြတယ်။ စာရေးဆရာတွေရဲ့ဘ၀ဟာ ဒါတွေလို့ အမှန်အတိုင်း ၀န်ခံကြတယ်ပေါ့။
“အခုနောက်ကလိုက်လာမယ့် စာမျက်နှာတွေမှာ စာရေးဆရာအယောက် ၅၀ကျော်ရဲ့ စာရေးဆရာဖြစ်လာခြင်း၊ စာရေးဆရာဆိုတာရဲ့ အဓိပ္ဗယ်တွေကို ကိုယ်ပိုင်အတွေးအမြင်တွေနဲ့ ဖော်ပြထားကြတယ်။ သတို့ရဲ့ဖြောင့်ချက်တွေက ကျွန်မကို ဘားနက် မားလ်လမတ်ဒ် ရဲ့ စကားတစ်ခုကို သတိရစေတယ်။
“သူ့ကို ကျွန်မက စာရေးခြင်းဟာ သင့်အတွက် ဘယ်လိုများ အဓိပ္ဗါယ်ရှိစေလဲ လို့မေးလိုက်တော့ သူက “ကျွန်တော်ပြောဖို့စိတ်လှူပ်ရှားလိုက်တာဗျာ” တဲ့။ ကျွန်မလည်း ဒီစာအုပ်လေးကိုပြုစုတော့ တကယ့်ကို စိတ်လှူပ်ရှားရပါတယ်။ စာဖတ်သူများလည်း စိတ်လှူပ်ရှားကြမှာ သေချာပါတယ်။“
ကော်လင်းဆဲလ်ရဲ့ စာက အဲသည်မှာ အဆုံးသတ်ပါတယ်။ သူ့ရဲ့စာအုပ် စီးရီးတွေ အများကြီးအောင်မြင်တယ်။ စာရေးဆရာဖြစ်လာဖို့ ကံတရားအတိုင်း လိုက်သွားဖို့က မလွယ်ပါလားဆိုတာ စာရေးဆရာတိုင်းသိကြပါတယ်တဲ့။ သင်ဟာ စာရေးဖို့စိတ်ထက်သန်သူ ဖြစ်ခဲ့မယ်ဆိုရင် စာမျက်နာ အလွတ်တစ်ရွက်ကနေ စပေတော့တဲ့။ အဲဒီစကားက မေမေကြီး ဒေါ်ခင်မျိုးချစ်ပြောဖူးတာ သွားသတိရတယ်။ “စာရွက်လွတ်တွေမြင်ရတာ ကြည့်မရလို့ စာရေးဆရာဖြစ်လာတာဟေ့” ဆိုတာလိုပေါ့။
သူ့စာအုပ်ကို သူ့ကိုယ်တိုင်ကြော်ငြာထားပုံက စာရေးတယ်ဆိုမှတော့ စာရေးချင်လို့ေ၇းတာကလွဲပြီး ဘာရှိဦးမလဲ။ ဒီစာအုပ်ထဲက စာရေးဆရာ အယောက် ၅၀ကျော်ဟာ သင့်လို စာရေးချင်တဲ့သူတွေကြီးပဲ မဟုတ်လားတဲ့။ သင်ရေးတာတွေ ပုံနှိတ်ခံရပြီးသား ဒါမှမဟုတ် လူတွေကို ချမပြရသေးဘူး ဆိုပါတော့။ သည်စာအုပ်က သင့်ကို ကြိုဆိုပါတယ်။ အားပေးပါတယ်တဲ့။
သည်တော့ မိန်းခလေးတစ်ယောက်ဆီက အမြင်ကြည်ကြည်ရဖို့ဆို ရီးစားစာလှလှပပလေးတော့ ရေးတတ်မှမဟုတ်လား။ ဒီလိုပဲ ရေးရင်းရေးရင်းကနေ သင်ဟာ စိတ်တွေတက်ကြွလာမယ် စကားလုံးအသစ်တွေ ရှာဖွေလာမယ် ဆန်းသစ်တဲ့အရေးအသားတွေကို ဖန်တီးချင်လာမယ် ဒီလိုနဲ့ တဖြေးဖြေး ရေးဖို့တွန်းအားပေးလာမယ်။ စာရေးချင်စိတ်တွေ ပိုပိုပြီးဖြစ်လာမယ်ဆိုတာ အာမခံပါတယ် လို့ဆိုထားပါတယ်။
ဂျူနီယာဝင်း
(အတွေးအမြင် နှစ်များစွာ တိုင်အောင်မြင်စွာ ချီတက်နိုင်ပါစေ။ စာရေးသူများ စုစည်းရာအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေ။)

Monday, July 3, 2017

ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး


(အတွေးအမြင် ဇွန်လထုတ်) မိုးမခ၊ ဇွန် ၉၊ ၂၀၁၇
 
သည်လမ်းလေးကို သွားလာရဖန်များတော့ ရင်းနှီးလာရတဲ့ အရာတွေသိပ်များလာတယ်။ သည်လမ်းအချိုးအကွေ့တစ်ခုမှာ အမှိုက်သိမ်းကားကြီးတွေရပ်ထားတယ်။ ပြီးတော့ ရထားသံလမ်းဘေးကနေ ဖြတ်သွားရတယ်။ တခါတရံ ရထားကြီးဖြတ်သွားသံကို ကြားရမြင်ရတယ်ပေါ့။ ကားဆေးမလားလို့ လက်ပြလှမ်းတားနေကြတဲ့ သူတွေကို လမ်းတလျောက်တွေ့ရပြန်တယ်။
မီးပွိုင့်တစ်ခုကို ဖြတ်လာရတော့ ကားတွေဟာ အလုအယက်မောင်းနေတာမျိုးထက် သက်သက်သာသာပဲ သွားလာနေကြတာတွေ့ရတယ်။ လမ်းဘေးတလျောက်မှာ ကားတွေ အစီအရီ ရပ်ထားကြပေမယ့် ဆဲဆိုသွားတာမျိုးမရှိဘူး။ သူတို့လည်းရပ် ကိုယ်ကလည်းရှောင်ပေါ့ ဆိုတဲ့သဘောမျိုး။ လူတွေကလည်း သူတို့ဘေးကနေ ကားတွေဖြတ်နေကြတာ မကြောက်ဖူး။ ကလေးတွေကို လက်ဆွဲသွားလာနေသူတွေကများ ကလေးကို လမ်းမဘက်ထားပြီး လျောက်နေကြတယ်။ ခွေးတွေကလည်း လမ်းဖြတ်ကူးနေလိုက်ကြတာ မကြောက်မရွံ့။ တခါများ ကြောင်ကလေးတစ်ကောင် ကိုယ့်ရှေ့ဖြတ်ကူးတာ တွေ့လိုက်ရသေး။ ၊ဆိုက်ကားတွေကလည်း လမ်းမပေါ်၊ လမ်းဘေးပေါ်၊ သည်လိုပဲသွားလာနေကြတယ်။ ကားတွေကြားထဲ ဆိုက်ကားစီးကြရတာ၊ စက်ဘီးစီးရတာ၊ လမ်းဖြတ်ကူးနေရတာ အေးအေးလူလူရှိလိုက်တာ။ ဒီလမ်းတလျောက်ဟာ သည်လိုပဲ သက်တောင့်သက်သာ သွားလာနေကြတဲ့သဘော။
အကွေ့တစ်ခုမှာတော့ ဘုန်းတော်ကြီးစာသင်တိုက်တစ်ခုရှေ့မှာ ခိုကလေးတွေ အပြည့်လမ်းပေါ်မှာ မနက်ခင်းနဲ့ နေ့လည်ပိုင်းလောက် အစာစားနေကြ၊ အစာရောင်းသူကလည်း ငုတ်တုတ်ကလေး အမြဲတွေ့ရတယ်။ ခိုကလေးတွေ ကားတိုက်မိမှာစိုးရိမ်စရာမရှိပုံပဲ။ လမ်းအကွေ့မှာမို့ ကားတွေကလည်း ခပ်ဖြေးဖြေးပဲကွေ့နေကြတော့ တော်သေးတာပေါ့လေ။
သည်လိုနဲ့ သစ်ပင်ကြီးတစ်ပင်က သစ်ရွက်တွေကွယ်နေတဲ့ မီးပွိုင့်တစ်ခုရယ်၊ အမြဲတန်း လိမော်ရောင်မီးလုံးပျက်နေတဲ့ မီးပွိုင့်တစ်ခုရယ်၊ မီးပွိုင့်မှာ ပန်းအမြဲရောင်းတဲ့ဦးလေးကြီးရယ်၊ ဖြတ်သွားဖြတ်လာ အထမ်းသမားတွေရယ်၊ ရေသန့်ဗူးတွေသယ်သယ်လာတဲ့ လက်တွန်းလှည်းတွေဟာ နေ့စဉ်မှတ်မိနေတဲ့ အရာတွေဖြစ်လာပါတယ်။
သည်လမ်းကိုပဲ နေ့နဲ့ညနဲ့ မြင်တွေ့ဖြတ်သန်း နေရပုံက နည်းနည်းကွဲပြားတယ်။ မနက်ခင်းနဲ့ နေ့ခင်းဖက်တွေမှာ ဖြတ်သွားတိုင်းတွေ့ရတဲ့ တချို့လမ်းနဘေးဟာ ညဖက်ဆို လက်ဖက်ရည်ဆိုင်လေးတွေ၊ ထမင်းဆိုင်လေးတွေနဲ့ စည်ကားသွားတယ်။ အဲသည်မှာ ဘောလုံးပွဲကို ၀ိုင်းကြည့်နေကြတဲ့ အုပ်စုတွေကိုလည်း တွေ့လာရတယ်။ လမ်းဘေးတနေရာက ဆိုင်ကလေးဆီက တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ပရိတ်တော်ကို ညတိုင်းဖွင့်တာ နာယူသွားရတယ်။ ကွမ်းယာဆိုင်၊ ထီလက်မှတ်ရောင်းဆိုင်၊ အကင်ဆိုင်၊ ပင်လယ်စာဆိုင်၊ စတိုးဆိုင်တွေ၊ ၀က်သားတုတ်ထိုးဆိုင်တွေ၊ အသီးဖျော်ရည်ဆိုင်၊ ဗမာထမင်းဟင်းဆိုင်တွေဟာလည်း စည်ကားလို့။ ညမိုးချူပ်မှ ပြန်လာကြတဲ့ ၀န်ထမ်းမိန်းခလေးတွေ၊ မိသားစုတွေ၊ ကိုယ်ဝန်သည်တွေ၊ ဈေးလာသူတွေ၊ လမ်းဘေးမျက်နှာစာမှာ ထိုင်လို့ အေးအေးလူလူ စားသောက်နေကြသူတွေဟာ လမ်းမတလျောက်မှာ တွေ့နေရတယ်။ လမ်းအပြည့်မှာ လူတွေ၊ ကလေးတွေ၊ စက်ဘီး၊ ဆိုက်ကားတွေက ကားတွေကြားထဲ ရောယှက်လို့ သွားလာနေလိုက်ကြတာ။
ညဖက်ဆိုရင် ဖြတ်နေကျ မီးပွိုင့်တစ်ခုနားအရောက် စားသောက်ဆိုင်တစ်ခုရှေ့ကျတော့ လမ်းနဘေးတလျောက် ကားတွေတန်းစီပြီး ရပ်ထားတာတွေ အပြည့်တွေ့၇တယ်။ တော်တော်ရောင်းကောင်းမယ့်ပုံပဲ။ သည်ကားတွေနဘေးကနေ ခက်ခက်ခဲခဲ ကျော်သွားကြရတဲ့ ကားတွေဟာ သူတို့ တွေ သည်လိုလမ်းနဘေး စည်းမဲ့ကမ်းမဲ့ ရပ်ထားရကောင်းလားလို့ ဘယ်သူကမှ ဆဲဆိုပြောဆိုတာ၊ အပြစ်တင်တာတွေ ကြားမသွားရဘူး။ အံ့သြစရာကောင်းပါတယ်။ သည်လို နားလည်မူမျိုး ဟာ တွေ့ရခဲတယ်။
မနက်မနက် ဖြတ်သွားရင်း ငေးသွားရတဲ့ သည်ဈေးကလေးကတော့ တော်တော်ဆွဲဆောင်မူ ရှိတယ်။ မီးပွိုင့် ၂ခုကြား နေရာတနေရာမှာ ရှည်ရှည်လျားလျားေ၇ာင်းချနေကြတဲ့ ဈေးလေးကို မြင်ရတာ မြန်မာလူမျိုးတွေရဲ့ သဘောသဘာဝ၊ မြန်မာတွေရဲ့ လူနေမူပုံစံကို ထင်ထင်ရှားရှား တွေ့လိုက်ရတာပါပဲ။ ဈေးရှေ့က ချရောင်းနေကြတဲ့သူတွေဟာ လမ်းတဖက်ရဲ့ တ၀က်လောက်ထိ နေရာယူထားကြတယ်။ ဈေးဝယ်လာကြသူတွေရော၊ ဈေးရောင်းနေသူတွေဟာ လိုက်ဖက်ညီတယ်လို့ ဆိုရမယ်။ အသီးအနှံ၊ သားငါး၊ အခြောက်အခြမ်းတွေကို မြင်ရတာနဲ့တင် ကိုယ်ကိုယ်တိုင် ဆင်းပြီး ၀ယ်ချင်မိတယ်။
ဒီလိုမြင်ကွင်းမျိုးကို ကြီးကျယ်ပါတယ်ဆိုတဲ့ ရန်ကုန်မြို့ကြီးမှာ နေ့စဉ်တွေ့မြင်ရတာကို သဘောကျမိတယ်။ ဘုရားပန်းဝယ်မလား၊ မနက်ဈေးလေး ငေးရင်း ၀ယ်မလား။ လတ်လတ်ဆတ်ဆတ်ပေါ့။ ဈေးဝေးတဲ့သူအတွက် သည်လိုအဖြစ်ကို နေ့စဉ်ရရှိနေသူတွေကို တွေ့မြင်ရခြင်းဟာ မဟာကံထူးသူတွေကို တွေ့ရလေခြင်းပေါ့လေ။ ကားနဲ့ဖြတ်သွားသူတွေလည်း လမ်းပေါ်မှာ ခေတ္တခနရပ်နားလို့ ဆင်းဝယ်နေကြတာ တွေ့ရတယ်။ လမ်း၎ပုံ၁ပုံကို ပိတ်ထားလေခြင်းကို ဘယ်သုူမှ အပြစ်မတင်ကြဘူး။ သြော်… လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မူလေးတွေနဲ့နေနေကြရင် ဘ၀ဟာပျော်စရာပဲ။
သည်လိုဈေးလေးက ညဖက်ကျတော့ ပိုလို့တောင်စည်ကားနေသေးတယ်။ ညဖက်ကို ထွက်လေ့မရှိပါဘူးဆိုတဲ့ သူဟာ သည်လို စိတ်ပျော်ရွှင်စရာကောင်းတဲ့ ဈေးလမ်းလျောက်နေကြသူတွေကို မြင်ရတာ အားကျမိပါရဲ့။ ကလေးတွေလည်း ခုန်ပေါက်ပြေးလွှားလို့၊ လက်ဖက်ရည်ဆိုင်ကလည်း စည်ကားလို့၊ စက်ဘီးစီးသူတွေ၊ ဆိုက်ကားစီးသူတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေ ဟာ သူ့နေရာနဲ့သူ စီးချက်ညီနေတယ် လို့ဆိုရမှာပါ။ သည်နားတ၀ိုက် ရပ်ကွက်ထဲက နေကြတဲ့ သူတွေဟာ သည်လို သွားလာနေနိုင်ကြတဲ့ ဘ၀ကို ပိုင်ဆိုင်ရခြင်းဟာ ကံကောင်းတာပေါ့။ ညလေဟာ သစ်ပင်ရိပ်တွေအောက်မှာ တဖြူးဖြူးတိုက်နေတယ်။ အေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုကို ရိုးရိုးရှင်းရှင်း တည်ဆောက်ထားကြတယ်။ ခနလေးဖြတ်သွားရတဲ့သူအတွက် သူတို့ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုကို သည်လောက်ကလေး ပါဝင်ပတ်သက်ခွင့်ရတာဟာ အခွင့်အရေးတစ်ခုလို ခံစားမိပါ၇ဲ့။
လမ်းတလျောက် တွေ့ရတဲ့ ဘတ်စကားတွေက ကြောက်စရာကောင်းလောက်အောင် ဟိုဘက်သည်ဖက် ဖြတ်သန်းမောင်းနှင်နေကြပေမယ့် ဖြေးဖြေးနှေးနှေးနဲ့ သွားတာမို့သိပ်ပြဿနာ မရှိသလိုပဲ။ အကွေ့အကောက်များတဲ့သည်လမ်းဟာ ကားတွေရော၊ လူတွေရော၊ တိရစ္ဆာန်တွေရော အန္တရာယ်ကင်းဖို့ ဖြစ်လာပုံပါပဲ။ ဖြတ်ကနဲ ဖြတ်ကနဲ တိုးဝင်လာတဲ့ ဆိုက်ကားတွေနဲ့ သူတို့ကို လမ်းပေးလိုက်ရတဲ့ ကားတွေနဲ့ အချင်းချင်း ပြေလည်နေကြတာကို မြင်ရတာ စိတ်ချမ်းသာစရာပါပဲ။ လမ်းကြားတွေကလည်း များတာကြောင့် ကြားဖြတ်ဝင်လာတဲ့ကားတွေအတွက် ခက်ခဲမယ် ထင်ထားတာ သူတို့ကို လမ်းမတန်းက လာတဲ့ကားတွေက လမ်းပေးသား။ တခါတရံမြို့ထဲ သွားတဲ့နေ့တွေမှာ သည်လို သက်သက်သာသာ ပေးကြတာ တခါမှ မမြင်ဖူးပါဘူး။ လမ်းကြားထဲက လမ်းမတန်းသွားချင်တဲ့ကားများ တော်တော် မျက်နှာငယ်ရတယ်။ ဒါပေမယ့် သည်လမ်းလေးကတော့ နေ့လည်နေ့ခင်း ကားကြပ်ချိန်မှာတောင် အချင်းချင်း နားလည်မူနဲ့ သွားလာနေကြတာမို့ စိတ်ချမ်းသာပါတယ်။ နှေးလည်းနှေးသလို မြန်လည်း မြန်သလိုမို့ အချိန်တန်တော့လည်း လိုရာခရီးရောက်သွားမှာပေါ့လေ။
တနေ့ကို လေးငါးခြောက်ခေါက်လောက် သည်လမ်းလေးကို ဖြတ်သွားဖြတ်လာလုပ်ရင်း သံယောဇဉ်တောင် ဖြစ်မိပါရဲ့။ ဘာပြီး ဘာလာမယ်၊ ဘာအသံကြားရမယ်၊ ဘာဆိုင်တွေ ရှိတယ်၊ ဒန်ပေါက်ဆိုင်ရယ်၊ ပင်လယ်စာစားသောက်ဆိုင်ရယ်၊ ကားဆီထည့်တဲ့ ဆိုင်ကြီးတစ်ခုရယ်၊ လမ်းဘေးထီဆိုင်တွေရယ်၊ ကြံကြိတ်စက်ကြီးနဲ့ ကြံရည်ဆိုင်တွေရယ်၊ ဘယာကျော်ဆိုင်တွေ၊ အကင်ဆိုင်တွေရယ်ဆီက အနံ့အသက်တွေကိုလည်း ရင်းနှီးခဲ့ရပါတယ်။ တခါတလေများ ဘေးဘီဝဲယာက စက်ဘီးစီးသူတွေ၊ လက်တွန်းလှည်းတွေ၊ ဈေးရောင်းသူတွေ၊ လမ်းလျောက်သူတွေကိုတောင် မျက်မှန်းတန်းနေမိသွားတယ်။ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းကန်များနဲ့ စာသင်တိုက်တွေ၊ အလှူပေးမဏပ်များ၊ စေတီဘုရား၊ ဓမ္မရိပ်သာနဲ့ တရားပွဲတွေကိုလည်း လမ်းတလျောက် ဖြတ်ကနဲ ဖြတ်ကနဲ တွေ့ခဲ့ရတယ်ပေါ့။ တနေ့မနက်ကလည်း ဘုန်းတော်ကြီးတွေ ဆွမ်းခံပြန်လာတာ ဖူးတွေ့ခဲ့ရပါတယ်။
သည်လိုနဲ့ ရက်သတ္တပါတ် ၂ပတ်တောင်ကျော်လာပြီ။ တနေ့ကို အနည်းဆုံး ၄ခေါက်ကနေ ၆ခေါက်၊ တခါတရံ ၈ ခေါက်လောက် သည်လမ်းကို အသွားအပြန် ဖြတ်သွားဖြတ်လာ သွားနေရတော့ ခေါင်းထဲမှာ ဒီမြင်ကွင်းတွေပဲ အစီအရီ ပေါ်ပေါ်လာနေတယ်။ သည်လိုနဲ့ မေမေလည်း နေပြန်ကောင်းလာပြီး နည်းနည်းသက်သာလာလို့ ဆေးရုံကဆင်းရပါတော့မယ်။ ဆေးရုံနဲ့အိမ်ကို ခေါက်တုံ့ခေါက်ပြန် နေ့ရောညပါ သွားလာနေရတဲ့ သည်လမ်းတလျောက်လုံးမှာ ဖြစ်ပေါ်နေတဲ့ စိတ်ပင်ပန်းမူတွေ၊ ပူပင်သောကနဲ့ စိုးရိမ်စိတ်တွေ၊ ၀မ်းနည်းအားငယ်စိတ်တွေကို အနည်းငယ် စိတ်ပြောင်းစိတ်လွဲ ဖြေလျော့ပေးခဲ့တဲ့ သည်လမ်းလေးအကြောင်းကို မေမေသက်သာလာခိုက် ဆေးရုံမှာ ညဖက်စောင့်နေရင်းက ကောက်ရေးနေလိုက်မိပါတယ်။
ဆေးရုံအတွေ့အကြုံတွေဆုံသွားသလို လူတွေဟာ တယောက်နဲ့တယောက် နားလည်မူလေးတွေနဲ့ ကိုယ်ချင်းစာပြီး နေသွားကြရင် ဒါတွေကို တွေ့မြင်သွားတဲ့သူအတွက် စိတ်အပန်းဖြေခွင့်ရပြီး စိတ်အေးချမ်းသွားရကြောင်းလေးကို တွေးနေမိရင်းက အိမ်ကနေ လေး၊ငါး ကီလိုမီတာလောက်ဝေးတဲ့ ခရီးကို နေ့စဉ်သွားခဲ့ရတဲ့ အဲသည်လမ်းလေးကို ပင်ပန်းနေတဲ့စိတ်နဲ့ပဲ ကျေးဇူးတင်နေမိတယ်။ နောက်စဉ်းစားမိတာကတော့ အမြဲလိုလို စိတ်တိုတတ်၊ ဒေါသကြီးတတ်တဲ့သူဟာ မိခင်တစ်ယောက်လုံး မမာမကျန်းဖြစ်တော့မှပဲ စိတ်ကောင်းလေးဝင်လာပြီး အရာရာကို မျက်လုံးစိမ်းနဲ့ မကြည့်မိတော့တာလည်း ဖြစ်နိုင်ပါတယ်။ မေမေ နေကောင်းသွားပြီး နောက်ပိုင်းလည်း သည်လိုအေးချမ်းတဲ့စိတ်မျိုး ဆက်လက်မွေးနိုင်ရင်ကောင်းမှာပဲလို့ တွေးနေမိပါတော့တယ်။




ဂျူနီယာဝင်း

Wednesday, January 25, 2017

Book Review -KMC- Quest for peace

Khin Myo Chit – Quest for Peace
ပထမအကြိမ်
၂၀၁၆ ဒီဇင်ဘာ
ထုတ်ဝေသူ – ဦးကျော်ဦး
ပါရမီ Parami စာပေ
၂၉ လမ်း အမှတ် ၂၃၀ ပန်းပဲတန်း မြို့နယ် ရန်ကုန်
တန်ဖိုး – ၄၀၀၀ကျပ်
အုပ်ရေ –
စာမျက်နှာ – ၂၇၆
စာရေးဆရာမကြီး Khin Myo Chit (ခင်မျိုးချစ်) Working People’s Daily တွင် ၁၉၆၄ ခုနှစ်က အင်္ဂလိပ်လို အပတ်စဉ်ရေးသားခဲ့သော Quest for Peace ဆောင်းပါးများ စုစည်းမူ ဖြစ်သည်။ (ဒေါ်)ခင်မျိုးချစ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဟု ခေါ်ဆိုနိုင်သည်။ ဖြတ်သန်းခဲ့ရသော ကလေးဘ၀ကနေ စလို့ စစ်အတွင်းကာလ အဖြစ်များ၊ ဗုဒ္ဓဘာသာဆိုင်ရာ လျောက်ခဲ့သော ခရီးများ၊ စာရေးဆရာဘ၀၊ စာပေဘ၀နှင့် လူမူရေးဘ၀များကို ပုံဖော်ရေးသားထားသည်။
ထိုဆောင်းပါး ၄၉ ပုဒ် တွင် တချို့သော ဆောင်းပါးများမှာ အတွေးအမြင်တွင် ဒေါက်တာခင်မောင်ဝင်းနှင့် ဂျူနီယာဝင်းတို့က မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ကာ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခုစာအုပ်သည် ဒေါ်ခင်မျိုးချစ်၏ ပုံနှိတ်ဖော်ပြခြင်း ထုတ်ဝေခြင်း မရှိသေးသော ဆောင်းပါးများ အားလုံးအား ပထမဦးဆုံးအကြိမ် ထုတ် စာအုပ်ဖြစ်သည်။
Quest for Peace ဟူသောအမည်အား (ဒေါ်)ခင်မျိုးချစ်က သူ၏ ဆောင်းပါးများခေါင်းစဉ်အဖြစ် အတည်မပြုမှီတွင် ဆရာကြီး ဦးဝင်းဖေ (မြဇင်) နှင့် မစ္စဂေါ်ဝင် တို့က Many a House of Life Hath Me ကဗျာဆန်သောအမည် နှင့် House of Life အမည် ၂ ခု ကြား အငြင်းပွားခဲ့ကြကြောင်း သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၏ အမှာစာတွင် ရေးသားထားသည်။ (ဒေါ်)ခင်မျူိးချစ်အနေနှင့် သူအင်မတန်လေးစားသော ပုဂ္ဂိလ်ကြီးများသဘောကျသော ထိုခေါင်းစဉ် ၂ ခုသည် စာဖတ်သူများအား ရှင်းပြဖို့ရန် လိုအပ်သော လေးနက်သော အဓိပ္ဗါယ်များ စီးဝင်လျက်ရှိနေသောကြောင့် နောက်ဆုံးတွင် Quest for Peace အမည်ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်ဟု သိရပါသည်။