အတွေးအမြင်မဂ္ဂဇင်း အမှတ်စဉ်၂၃၂, ၂၀၁၁ခုနှစ် ဂျူလိုင်လတွင်ဖော်ပြခဲ့သောဆောင်းပါး။
ကျွန်မဘဝ၏စာမျက်နှာများ
ဂျူနီယာဝင်း
ကျွန်မဘဝ၏စာမျက်နှာများစွာကိုတစ်ရွက်ချင်းလှန်ကာကြည့်ပါကအဖြစ်အပျက်များစွာသည်Truth is
stranger than fiction . (တကယ့်အဖြစ်အပျက်များသည်စိတ်ကူးယဉ်တာထက်တောင်ဆန်းကြယ်သည်)
ဟူသကဲ့သို့ပင်ဖြစ်ရလေသည်။ယခုတင်ပြထားသောစာမျက်နှာများကားကျွန်မMSc(Maths)ဘွဲ့ရခဲ့ပြီး
နောက်လုပ်သားကောလိပ်တွင်အချိန်ပိုင်းခနလုပ်ခဲ့ပြီးလှိူင်နယ်မြေတွင်တဖန်အချိန်ပိုင်းအဖြစ်ဆက်လုပ်ခဲ့ရ သည်မှစပါသည်။အချိန်ပိုင်းဘဝဟူသည်တက္ကသိုလ်များဖွင့်ချိန်မှာခေတ္တဝင်ကာကျူတိုရီရယ်အချိန်များတွင်
ပေးထားသောမေးခွန်းများကိုကျောက်သင်ပုန်းပေါ်တက်ရေးကာအဖြေလွှာများကောက်သိမ်းသောအလုပ်နှင့်
စာမေးပွဲစစ်ချိန်မှာစာမေးပွဲခန်းစောင့်။ဤသို့နှင့်တက္ကသိုလ်များပိတ်သောအခါကိုယ့်အိမ်ကိုယ်ပြန်ထိုင်ကာ
အချိန်ပြည့်ကျူတာဘဝကိုရောက်ဖို့စိတ်ကူးယဉ်ရင်းနှင့်အချိန်ကုန်သွားသောဘဝများဖြစ်ပါသည်။ဘဝ၏
ရည်မှန်းချက်တစ်ခုဖြစ်ခဲ့သောပညာရေးလမ်းထဲခြေစုံရပ်ဖို့လှမ်းလိုက်၊ဘေးကိုရောက်သွားလိုက်ဖြစ်နေခဲ့သော
ဘဝစာမျက်နှာများအကြောင်းဖြစ်ပါသည်။
စာမျက်နှာတစ်။
၁၉၉ရခုနှစ်၉၈ခုနှစ်များတွင်ကျွန်မသည်လှိူင်တက္ကသိုလ်နယ်မြေတွင်အချိန်ပိ်ုင်းနည်းပြလုပ်နေစဉ်ကျွန်မ၏ဂုဏ်သိက္ခာ၊ကျွန်မဘိုးဘွားများ၏ဂုဏ်သိက္ခာ၊ကျွန်မမိဘများ၏ဂုဏ်သိက္ခာနှင့်အကျင့်စာရိတ္တဆိုင်ရာကျဆင်းဖွယ်
ဖြစ်စေသောစာတစ်စောင်ကြောင့်အချိန်ပိုင်းအလုပ်မှထွက်ဖို့ဆုံးဖြတ်ခဲ့ပါသည်။ကျွန်မသည်လှိူင်တက္ကသို်လ်
နယ်မြေဆိုင်ရာလှိူင်ကျောင်းအုပ်ကြီးထံထိုကိစ္စနှင်သွားတွေ့ရပါသည်။ချက်ချင်းဆုံးဖြတ်ခဲ့သောကိစ္စဖြစ်၍
ကျွန်မကိုအိမ်ကမိဘများနှင့်တို်င်ပင်ဖို့ပြောပါသည်။ကျွန်မသည်ခေါင်းမာစွာပင်ထွက်စာကိုရေးကာတင်ပေးခဲ့
ပါသည်။
ထိုနေ့ကကျွန်မသည်လှိူင်တက္ကသိုလ်နယ်မြေမှပြန်လာရာမည်သို့အိမ်ပြန်ရောက်လာမှန်းပင်မသိပါ။ဘတ်စ်
ကားစီးခဲ့သလား၊လမ်းလျောက်ပဲပြန်လာသလား၊ကားခရောပေးမိရဲ့လားဆိုတာကအစအသိစိတ်မရှိခဲ့ပါ။ကျွန်မဘဝ၏မှတ်ကျောက်တင်လာမည့်ရည်မှန်းချက်ပြည့်စေမည့်အလုပ်တစ်ခုကိုဖြတ်တောက်ပစ်ခဲ့မိသောကိုယ့်ကိုယ်ကိုယ်ပင်နားမလည်ခဲ့ပါ။ကျွန်မသတိထားမိချိန်တွင်ကျွန်မသည်ကျွန်မအဘွား၏အခန်းတွင်းရောက်နေပြီးကျွန်မခံစားမိသမျှကိုမျက်ရည်များဖြင့်ရင်ဖွင့်မိနေပြီဖြစ်ပါသည်။မေမေကြီးသည်အိပ်ယာမှနိုးလာရင်းအဖြစ်အပျက်ကို
နားထောင်ကာကျွန်မဆုံးဖြတ်ချက်အတွက်အားပေးခဲ့ပါသည်။ကျွန်မဖေဖေပြန်ရောက်လာသောအခါထိုကိစ္စကို
ကြားပြီးအလွန်စိတ်ဆိုးကာဖေဖေသည်သူလက်ရှိတာဝန်ထမ်းဆောင်နေသောရန်ကုန်တက္ကသိုလ်ပါမောက္ခရာထူးမှထွက်ဖို့ချက်ချင်းဆုံးဖြတ်ခဲ့ပါသည်။နောက်တစ်နေ့တွင်မှာပင်ဖေဖေသည်သူ့စာအုပ်စာတမ်းများကိုဌာနမှအကုန်သယ်ချလာကာဌာနသို့လုံးဝမသွားတော့ပဲထွက်စာကိုသာတင်လိုက်ပါသည်။ထိုကိစ္စနှင့်ပတ်သက်၍
ဖေဖေ့ကိုခေါ်ကာပြန်ရုတ်သိမ်းဖို့ပြောပါသည်။ဖေဖေသည်ကျွန်မထံသို့ပေးပို့လိုက်သောလှိူင်တက္ကသိုလ်မှစာကိုရုတ်သိမ်းမည်ဆိုလျှင်ဆက်လုပ်မည်ဟုသာပြောခဲ့ပါသည်။ကျွန်မတို့သားအဖသည်သချင်္ာနှင့်ပတ်သက်၍
သံယောဇဉ်တိကနဲဖြတ်နိုင်ခဲ့သောလည်းကျွန်မမေမေမှာတော့သချင်္ာဘာသာရပ်အပေါ်ကျွန်မတို့၏ကြိုးစားခဲ့
သောမှတ်တို်င်များစွာသည်တခနချင်းမှာအဆုံးသတ်သွားခြင်းအတွက်နှမျောကာမျက်ရည်စက်လက်ဖြစ်ခဲ့ရပါ
သည်။
စာမျက်နှာနှစ်။
ကျွန်မသည်၁၉၉၅ခုနှစ်တွင်တစ်ကြိမ်၊၁၉၉၈ခုနှစ်ခန့်တွင်တစ်ကြိမ်FullTimeTutorအလုပ်များကိုလျောက်ခဲ့ပြီး
မရရှိခဲ့ပါ။ဤနေရာတွင်ထူးဆန်းတာတစ်ခုကတော့၁၉၉၈ခုနှစ်တုန်းကကျူတာလျောက်စဉ်ကစုစုပေါင်း၆၃
ယောက်ရှိခဲ့ပြီး၆၂ယောက်ခန့်တာမှာပင်ကျွန်မ မပါခြင်းဖြစ်ပါသည်။အဲသည်တုန်းကBSc(Hons)အောင်ပြီးပူပူ
နွေးနွေးလေးများပင်အောင်ကြရာကျွန်မလိုMSc လည်းရပြီးသား…အင်း…ကျွန်မဖေဖေမှာရန်ကုန်တက္ကသိုလ်မှာ
ပါမောက္ခရာထူးမှထွက်ခွင့်ရခါစဖြစ်နေရာ…..တော်တော်များများကလည်းအောင်မှာပဲဟုစောင့်ကြည့်နေကြသူ
များလည်းရှိလေရာမအောင်သဖြင့်အံ့သြစရာတော့ဖြစ်စရာဖြစ်ပါသည်။ဤနေရာတွင်“အံ့သြစရာတော့ဖြစ်စရာ
ဖြစ်ပါသည်”ဟုဆိုခြငး်မှာကျွန်မတို့မိသားစုကလွဲ၍မည်သူမျှမအံ့သြကြသောကြောင့်ဖြစ်ပါသည်။
ထိုအချိန်တုန်းကကျွန်မအပါအဝင်MScအောင်ပြီးသားတစ်ချိူ့မှာသိပ္ပံနှင့်နည်းပညာဌာနတွင်PhDဆက်တက်ဖို့
စာမေးပွဲအောင်ထားလို့စောင့်နေကြသူများရှိလေသည်။ထိိုကဲ့သိုနှစ်ဖက်ခွကာအလုပ်နှစ်ခုကိုစောင့်နေရာမှကျူတာစာမေးပွဲအောင်စာရင်းထွက်၍အောင်ကြသူများအားလုံးမှာရန်ကုန်တက္ကသိုလ်ဘက်ကိုပင်ရွေးချယ်သွားကြ
ပါသည်။
(ထိုစဉ်ကအခြေအနေကိုရှင်းအောင်ပြောပြရလျှင်ရန်ကုန်တက္ကသိုလ်မှဘွဲ့ရများအများအပြားသည်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဟူသောအသစ်ဖွင့်လှစ်ကာထားရှိသောရန်ကုန်စက်မူတက္ကသို်လ်မှာPhDသင်တန်းများစွာ
ကြောင့်တော်တော်များများဘွဲ့ရများရောက်ကုန်ကြပါသည်။သူတို့ကလည်းအသစ်ဖွင့်လှစ်ထားသောဌာနဖြစ်၍ရန်ကုုန်တက္ကသိုလ်ကပညာတတ်အများအပျားကိုအသင့်ကောက်ယူကာခေါ်ယူခန့်အပ်လျက်ရှိပါသည်။ဤသို့
ရန်ကုန်တက္ကသိုလ်ကဘွဲ့ရများသာမက၊ကျူတာလျောက်ထားသူအများအပြားပင်ရန်ကုန်တက္ကသိုလ်ကအောင်
စာရင်းနောက်ကျမူ၊မသေချာမူများကြောင့်စောင့်မနေတော့ပဲသိပ္ပံနှင့်နည်းပညာတက္ကသိိုလ်ကြီးဆီသို့ကူးပြောင်းသွားကြသူများရှိကြပါသည်။)
ကျွန်မကတော့စကတည်းကရန်ကုန်တက္ကသိုလ်ကိုသာဦးစားပေးထားသူဖြစ်သောလည်းသူများယောင်လည်း
လိုက်ခါယောင်ဆိုသကဲ့သို့ကျွန်မသူငယ်ချငး်များကဟိုကPhDဆိုလည်း(ကျူတာစာမေးပွဲအောင်စာရင်းက
လည်းကြာနေတာနှင့်ဝင်ဖြေရင်း)လိုက်လျောက်လိုက်တာဖြစ်ပါသည်။သို့နှင့်ထိုစာမေးပွဲအောင်စာရင်းနှစ်ခု
သည်တပြိုင်နက်ထဲပင်တိုင်ပင်ကာထားသကဲ့သို့ထွက်လာပါသည်။ရန်ကုန်တက္ကသိုလ်ကကျူတာအောင်စာရင်းကတော့လည်ပင်းရှည်မတတ်စောင့်ပြီးမှထွက်လာတာဖြစ်ပြီးသိပ္ပံနှင့်နည်းပညာအောင်စာရင်းကတော့ကြေငြာထားသည့်အတိုင်းချက်ချင်းထွက်လာတာဖြစ်ပါသည်။(အကယ်၍များကျူတာအောင်စာရင်းသာတစ်ရက်နောက်ကျလျှင်ရှိသမျှကျူတာများအားလုံးသိပ္ပံနှင့်နည်းပညာဌာနသို့ရောက်ကုန်ကြမည်ထင်ပါသည်။)ဤသို့နှင့်ရှေ့
တွင်ဆိုထားသလိုကျွန်မတစ်ဦးသာကျူတာမပါပဲနှင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဆီသို့မျောက်သစ်ကိုင်းတစ်
ဖက်လွတ်ကာရောက်ခဲ့ခြင်းဖြစ်ပါသည်။(အင်း..တော်သေးရဲ့…တက်စရာတစ်ခုကကျန်သေးနေလို့သာဟုအဲ
သည်တုန်းကအောက်မေ့ရပါသည်…သို့သော်..ကျားကြောက်လို့ရှင်ကြီးကိုး..ဆိုသကဲ့သို့ပင်…)ပြဿနာများ
သည်လက်ယက်မခေါ်ပဲအလိုလိုရောက်လာသကဲ့သို့ပင်ထိုဌာနကအဖြစ်အပျက်များကိုယခုပြန်လည်တင်ပြရသည်ရှိသော်….ဟုဆိုရမည်ဖြစ်ပါတော့သည်။(စာမျက်နှာသုံးတွင်ဆက်လက်ဖတ်ရူပါ)
စာမျက်နှာသုံး။
၁၉၉၈ခုနှစ်ခန့်ကPHDတက်ရမည်ဟူသောမျော်လင့်ချက်ဖြင့်ကျွန်မသည်နည်းပညာဌာနကကျင်းပသောရေးဖြေစာမေးပွဲများကိုအောင်မြင်ခဲ့ပြီးသကာလရန်ကုန်စက်မူတက္ကသိုလ်တွင်ဖွင့်လှစ်ထားသောPhDသင်တန်းသို့တက်ဖို့ရောက်လာခဲ့ရပါသည်။သို့သော်တက်ခွင့်ချက်ခြင်းမရဘဲသိပ္ပံနှင့်နည်းပညာဌာနကြီးတွင်ရူပဗေဒအယောက်
၃ဝခန့်သချင်္ာကျွန်မအပါအဝင်သုံးဦးသည်တစ်နှစ်ခန့်ရူပဗေဒဘာသာကိုရူပဗေဒဆရာများနှင့်သင်ယူခဲ့ရဘူးပါသည်။တက်ရောက်ရမည့်ကျောင်းသားများမှာအကြိုသင်တန်းအဖြစ်ရူပဗေဒကိုသင်ယူရသည်မှာရူပဗေဒ
ကျောင်းသားများအနေနှင့်မထောင်းတာပဲကျွန်မတို့လိုသချင်္ာကျောင်းသားများအတွက်တောင်တော်လေးစိတ်
ညစ်ခဲ့ရပါသည်။သို့သော်နောက်နှစ်တက်ရမှာပဲဟုစိတ်ကိုတင်းကာမှန်မှန်တက်ခဲ့ရဘူးသည်။ဘတ်စ်ကားကျပ်ကျပ်ကိုအသက်အောင့်ကာစီးရင်းနဲ့ကျော်လွန်ဖြတ်သန်းခဲ့ရသောထို၈လတာသင်တန်းအကြောင်းကိုစဉ်းစားမိလိုက်တိုင်းယခုတိုင်အသက်ရူူကျပ်နေဆဲဖြစ်ပါသည်။
အမှန်တကယ်phDတက်ရမည့်ကာလကိုရောက်လာသောအခါတက်ခွင့်မပေးပဲစာမေးပွဲထပ်ဖြေခိုင်းမည်ဟုဆိုပါသည်။စာမေးပွဲကျရင်တော့ဝန်ထမ်းဘဝနှင့်သာအရိုးထုတ်ရမည်တဲ့။အောင်ရင်တော့ရန်ကုန်စက်မူတက္ကသိုလ်မှာဖွင့်လှစ်ထားသောPHDသင်တန်းကိုတက်ခွင့်ပေးမည်ဟုဆိုသည်။ကျွန်မသည်တခါစာမေးပွဲအောင်ပြီးသားများအပေါ်ယခုလိုဆုံးဖြတ်ခြင်းအပေါ်သဘောမကျသဖြင့်ကျွန်မ၏သူငယ်ချင်းများကိုစည်းရုံးကြည့်မိပါသည်။အမှန်
တော့ကျွန်မတို့အုပ်စုကPHDတက်ခွင့်ရပြီးသားမဟုတ်လား။ထပ်ပြီးဖြေခိုင်းခြင်းမှာသဘာဝမကျ။ကျွန်မသည်
စည်းရုံးရေးအလွန်ညံ့ဖျင်းကြောင်းအဲသည်တုန်းကသိခဲ့ရပါသည်။ကျွန်မတစ်ဦးတည်းသာထွက်ခဲ့ပြီးကျန်တဲ့သူ
များသည်အတိုင်းကျန်ခဲ့ကြပါသည်။နောက်ဘာတွေဆက်ဖြစ်ကုန်သလဲတော့မသိတော့ပါ။သို့သော်လူဆိုသည်
မှာမိမိ၏ယုံကြည်ချက်ကိုမိမိကိုယ်တို်င်သာအကောင်အထည်ဖော်ခြင်းဖြင့်သာရပ်တည်သင့်ကြောင်းသင်ခန်းစာတစ်ခုတော့ရခဲ့ပါသည်။
အကြိုသင်တန်းတက်ရောက်နေခြင်းမှထွက်ဖို့ရန်ထွက်စာသွားတင်သောနေ့ကကျွန်မကိုရူပဗေဒဒေါက်တာဘွဲ့ရဆရာကြီးတစ်ဦးကစကားခနပြောရအောင်ဟုဆိုကာဌာနဝရံတာဆီသို့ခေါ်ပါသည်။ကျွန်မအားဆုံးဖြတ်ချက်မ
ပြင်တော့ဘူးလားဟုမေးပါသည်။ကျွန်မက“စာမေးပွဲထပ်မစစ်ဘူးဆိုရင်တော့ကျွန်မထွက်စာတင်စရာအ
ကြောင်းမရှိဘူး”ဟုသာပြောမိပါသည်။ဆရာသည်အပြင်ဘက်ကိုငေးနေရင်းကဒါတော့ဆရာတို့လည်းမပိုင်ဘူးကွယ်။မင်းအရွယ်ကတော့ဘာမဆိုကိုယ်ဆုံးဖြတ်တဲ့အတိုင်းလုပ်နိုင်လေတော့ဆရာမတားပါဘူး။ဆရာ့မှာတား
ခွင့်လည်းမရှိပါဘူး။အစစအရာရာအဆင်ပြေပါစေ။ဟုနှူတ်ဆက်စကားပြောခဲ့ပါသည်။၈လတာရူပဗေဒဘာသာကိုသင်ကြားပေးခဲ့သောဆရာတစ်ဦးသံယောဇဉ်အရပြောခဲ့သောစကားများကိုယနေ့တိုင်မမေ့နိုင်ပဲမြင်ယောင်
နေဆဲဖြစ်ပါသည်။
စာမျက်နှာလေး။
ဤသို့နှင့်ကျွန်မသည်အလုပ်လက်မဲ့ဘဝဖြင့်မေမေကြီးဒေါ်ခင်မျိူးချစ်ကိုအဖော်ပြုကာစာများရေးသားစပြုနေခဲ့
သောကာလများကိုကျော်ဖြတ်ခဲ့ရပါသည်။
စာမျက်နှာငါး။
၁၉၉၉ခုနှစ်ဇန်နဝါရီလ၂ရက်နေ့မှာမေမေကြီးဒေါ်ခင်မျိူးချစ်ကွယ်လွန်ခဲ့ပါသည်။မကွယ်လွန်ခင်နေ့များကကျွန်မ မကြာမှီမှာတက်ယူရမည့်MSc(Maths)ဘွဲ့အတွက်စိတ််လှူပ်ရှားစွာမေမေကြီးနှင့်ပြောခဲ့ဘူးကြပါသည်။ဘွဲ့
တက်ယူတဲ့အခါမေမေကြီးပါအတူတူတက်ဖို့။
သို့သော်ကျွန်မဘွဲ့မယူခင်လေးမှာမေမေကြီးကွယ်လွန်ခဲ့ပါသည်။ကျွန်မသည်မေမေကြီးမကွယ်လွန်ခင်ကဘွဲ့တက်ယူဖို့လျောက်လွှွှာတင်ပြီးဖြစ်၍သာဘွဲ့တက်ဖို့ဝတ်စုံထုတ်ဖို့တို့စသည့်ကိစ္စများကိုစိတ်မပါပဲလုပ်နေခဲ့ရပါသည်။ဝတ်စုံကိုမြို့ထဲကကုန်တိုက်၁တွင်(ထင်ပါသည်)ထုတ်ဖို့သွားပါသည်။ကျွန်မအားMSc အတွက်ဝတ်စုံများ
မရှိကြောင်းနှင့်၊BSc ဝတ်စုံကိုသာဝတ်တက်ဖို့ပြောပါသည်။ကျောင်းသားတစ်ယောက်ရသင့်ရထိုက်ပြီးသား အခွင့်အရေးတစ်ခုကိုဤသို့အလွယ်တကူပြောထွက်ခြင်းအပေါ်ကျွန်မနားမလည်သောလည်းMSc ဝတ်စုံကို
သာရဖို့ထပ်ပြောသောအခါနောက်တစ်ကြိမ်ထပ်ချိန်းပါသည်။
ဤသို့နှင့်သုံးကြိမ်မြောက်ရောက်လာပါသည်။MSc ဝတ်စုံမရှိဘူး။BSc ဝတ်စုံဝတ်တက်လိုက်လည်းဘာဖြစ်သ
လဲဟုပြောပါသည်။ကျွန်မနေနှင့်အပြင်မှာဌားလည်းရမှန်းသိပါသည်။သို့သော်ပိုက်ဆံအပိုအကုန်လည်းမခံနို်င်ပါ။သူကကျွန်မဘက်ကအလျော့မပေးသောအခါနောက်တစ်ကြိမ်ထပ်လာဖို့ပြောပါသည်။ကျွန်မသည်ကျွန်မတစ်သက်တွင်တကြိမ်တစ်ခါမှအသုံးမချခဲ့ဘူးသောကျွန်မဘိုးဘွားများအမည်ကိုဝမ်းနည်းစွာသုံးလိုက်မိပါသည်…
ကျွန်မအဘွားဒေါ်ခင်မျိူးချစ်စာရေးဆရာမကြီးဆုံးတာရက်ပိုင်းပဲရှိသေးတယ်…ကျွန်မအမှန်ပြောရရင်ဒီဘွဲ့ကို
တက်ယူဖို့စိတ်ကူးတောင်မရှိဘူး…တင်ပြီးသားဖြစ်နေလို့သာအခုလိုလိုက်လုပ်နေမိတာဖြစ်တယ်…အကယ်၍ဒီနေ့မှာဒီဝတ်စုံမရရင်ကျွန်မဒီဘွဲ့တက်မယူတော့ဘူး…ဟုဒေါသအလျောက်ပြောမိကာမျက်ရည်ဝဲခဲ့ရပါသည်။ထိုသို့ပြောလိုက်ခြင်းမှာလည်းဝတ်စုံရပါစေတော့ဟူသောစိတ်နဲ့မဟုတ်ပါ။မခံနိုင်လွန်းလို့ထွက်သွားသောစကား
များသာဖြစ်ပါသည်။ထိုဦးလေးကြီးသည်အနညး်ငယ်တုန်လှူပ်သွားဟန်ရှိပြီးနောက်၁၅မိနစ်အတွင်းမှာကျွန်မအတွက်MSc ဝတ်စုံကိုထုတ်ပေးလိုက်ပါသည်။
(အင်း..မေမေကြီးသာကြားလို့ကတော့“အမယ်..တယ်စွမ်းတဲ့ငါပါလား”ဟုရယ်လျက်ပြောပေလိမ့်မည်ထင်ပါ
သည်။)
ကျွန်မနှင့်အတူပါလာသောသူငယ်ချင်းလညး်MSc ဘွဲ့ဝတ်စုံရပါသည်။သူငယ်ချင်းသည်ကျွန်မကိုအထူးပင်
ကျေးဇူးတင်လျက်ရှိကာ“နင့်ကျေးဇူးကြောင့်ရတာပဲ။ဒီလိုမှန်းသိရင်နင့်အဘွားနံမယ်အစောကြီးထဲကပြောလိုက်ပါလား”ဟုပြောနေပါသည်။ကျွန်မသည်ကွယ်လွန်သွားပြီဖြစ်သောမေမေကြီးအမည်ကိုသုံးလိုက်မိခြင်းအပေါ်
ဘယ်လောက်ခံစားနေမိတယ်ဆိုတာသူမသိလေခြင်းဟုစိတ်ထဲခံရခက်မိပါသည်။ကျွန်မတို့သည်မိမိတို့၏မွေး
ရာပါအခွင့်အရေးအတိုင်းရသည့်အဖြစ်ကိုပင်ဆုလာဒ်ကြီးပမာကျေးဇူးတင်နေရသောအဖြစ်ကိုနားလည်သဘောပေါက်ခဲ့ရပါသည်။
စာမျက်နှာငါး။
ကျွန်မသည်မေမေကြီးကွယ်လွန်ခဲ့ပြီးနောက်မှာစာရေးနေရင်းဖြင့်သာအချိန်ကုန်ခဲ့ပါသည်။စာရေးနေရင်းနှင့်ဟုဆိုလိုက်သည်ကိုအထင်မကြီးစေချင်ပါ။ကျွန်မရေးသောဆောင်းပါးများမှာအတွေးအမြင်မဂ္ဂဇင်းတွင်သာပင်တိုင်
ရေးဖြစ်နေခြင်းသာဖြစ်ပါသည်။ထိုကာလသည်စာရေးဖို့အတွက်အချိန်များရလာခဲ့ပြီးစာရေးဖို့အရှိန်ရလာခါစ
ပြုခဲ့သောကာများဟုသာခေါ်ရမည်ဖြစ်ပါသည်။
စာမျက်နှာခြောက်။
ထို၁၉၉၉ခုနှစ်တွင်ပင်သိပ္ပံနှင့်နည်းပညာမှPhDကျောင်းသားများခေါ်ယူကြောင်းသတင်းစာထဲပါလာကြောင်း
ကျွန်မမေမေကပြောပါသည်။သည်တစ်ခါခေါ်ပုံကားအပြင်ကျောင်းသားများသည်မိမိ၏ကျောင်းလခကိုယ့်ဘာ
သာပေးစနစ်ဖြင့်တက်ခွင့်ပေးမည်ဟုပါလေရာကျွန်မသည်သချာင်္ကိုသံယောဇဉ်မပြတ်ပဲစာမေးပွဲဝင်ဖြေဖို့ဆုံး
ဖြတ်ခဲ့ပြန်ပါသည်။အင်္ဂလိပ်စာဖြေရပါသည်။အောင်စာရင်းထွက်သောအခါတခြားဘာသာရပ်ဆိုင်ရာများလည်းသူ့ဆိုင်ရာဆိုင်ရာထွက်သကဲ့သို့သချင်္ာလည်းထွက်ခဲ့ပါသည်။သည်တစ်ခေါက်မှာအပြင်ကျောင်းသားဟူ၍ကျွန်မတစ်ဦးသာအောင်သည်။ကျန်၂၂ယောက်စလုံးမှာဌာနကဝန်ထမ်းများဖြစ်ပါသည်။သို့နှင့်အင်တာဗျူးဖြေရသည်။ထိုစဉ်ကအင်တာဗျူးလုပ်သူသချင်္ာဆရာများပါလေရာကျွန်မကိုသိသောဆရာတစ်ချိူ့က“ညီးဒီတခါတော့တ
ကယ်တက်မှာလား”ဟုမေးပါသည်။ကျွန်မနှင့်ကျူတာအင်တာဗျူးများမှာတွေ့ဖူးနေသောကြောင့်တခါမှတက်ခွင့်မရခဲ့သောကျွန်မကိုမှတ်မိနေပုံရပါသည်။သည်တစ်ခါသေချာတာပေါ့ဆရာရယ်။အင်တာဗျူးသာဆရာတို့အ
အောင်ပေးလိုက်ရင်ဆရာနဲ့တွေ့ကြမှာပါဟုရယ်မောရင်းဖြေခဲ့မိသေးသည်။တစ်ယောက်ကတော့“ကျောင်း
လခ ဘယ်သူပေးမှာလဲ”ဟုမေးပါသည်။“ကျွန်မအကိုကပေးမှာပေါ့။စိတ်မပူပါနဲ့ဆရာ“ဟုပြန်ဖြေဖြစ်ခဲ့လေ
သည်။
အင်တာဗျူးမေးခွန်းများဖြေပြီးနောက်မကြာမှီရက်ပိုင်းအတွင်းမှာပင်အောင်စာရင်းထွက်ရာကျွန်မလည်အောင်ပါသည်။သည်တော့သည့်ထက်သေချာတာရှိမလား။ကျွန်မတကယ်PhDတက်ခွင့်ရပြီ။သို့နှင့်သတ်မှတ်ထားသည့်အတိုင်းကျောင်လခသုံးလစာဖြင့်ကျောင်းလခသွားသွင်းပါတော့သည်။ထိုနေ့ကကျောင်းစတက်ရမည့်နေ့။သို့
သော်ကျောင်းသားရေးရာကလက်မခံပါ။သချင်္ာပါမောက္ခနှင့်သွားတွေ့ရမည်ဟုပြောပါသည်။ဤသို့ကြုံရခြင်းမှာကျွန်မတစ်ဦးတည်းမဟုတ်ပါ။ဌာနဆိုင်ရာအသီးသီးကအပြင်ဖြေအောင်ကျောင်းသားများအားလုံးရင်ဆိုင်ကြရ
ခြင်းဖြစ်ပါသည်။ကျွန်မလည်းသချင်္ာပါမောက္ခဆီသွားတွေ့ရပြန်ပါသည်။ပါမောက္ခကအခုမူပြောင်းသွား၍ပြင်ပ
ကျောင်းသားများလက်မခံတော့ဟုပြောပါသည်။ဒါကြောင့်အသေးစိတ်သိချင်ရင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုသွားမေးဖို့ပြောပါသည်။သို့နှင့်ကျွန်မသည်ကျွန်မဦးလေးကွန်ပြူတာဌာနကပါမောက္ခဦးစိုးမြင့်ရယ်၊ကျွန်မအကိုရယ်နှင့်ချီတက်သွားကြပါသည်။သို့သော်မထူးပါ။ဝန်ထမ်းများသာတက်ခွင့်ရသောမူဖြစ်၍အကယ်၍ကျွန်မဝန်
ထမ်းဆိုရင်တော့ရမည်။သို့သောယခုတော့ဝန်ထမ်းလည်းခန့်ဖို့မရှိဟုပြောပါသည်။
ဤကားကျွန်မပညာရေးနယ်ပယ်ထဲကနေလုံးဝဥဿုံကျောခိုင်းဖြစ်ခဲ့သောအကြောင်းများဖြစ်ပါသည်။ထိုအတွေ့အကြုံများကြောင့်ပင်ပညာရေးနှင့်ပတ်သက်သည့်ကိစ္စများကိုလုံးဝအယုံအကြည်မရှိတော့ခြင်း၊ကျွန်မကိုပညာ
ရေးလမ်းပေါ်မှာရှိနေဆဲသူတစ်ယောက်လိုအဆက်ဆံခံရသည်ကိုပင်ခါးသီးစွာနာကျင်မိခြငး်များကိုလွန်သည်ဟု
မပြောပါနှင့်တော့ဟုသာဆိုရပေတော့မည်။
စာမျက်နှာခုနှစ်။
သိပ္ပံနှင့်နည်းပညာဌာနကပြင်ပကျောင်းသားများလက်မခံသောနေ့နှင့်ကျွန်မတို့အိမ်နားကAllianceFrancaise
ခေါ်ပြင်သစ်စာသင်တန်းကျောင်းတွင်ကျောင်းသားလက်ခံသည့်နောက်ဆုံးနေ့ကတစ်ရက်တည်းဖြစ်ပါသည်။
ကျွန်မသည်သိပ္ပံနှင့်နည်းပညာဆီကPhDတက်ဖို့မဖြစ်နို်င်ကြောင်းသေချာသွားသည်နှင့်ကျွန်မစိတ်ထဲတွင်စာ
နှင့်ပတ်သက်၍တစ်ခုခုကိုလုပ်ချင်နေသောစိတ်ကိုဖြေပေးသည့်အနေနှင့်ထိုပြင်သစ်စာသင်တန်းကျောင်းကို
သွားခဲ့ပါသည်။သိပ္ပံနှင့်နည်းပညာဌာနကနေတန်းကာသွားသောကြောင့်ကျောင်းလခအက်အီးစီလည်းပါမသွား
ခဲ့ပါ။သို့သော်ကြိုတင်ပြီးအပ်လို့ရသဖြင့်တော်ပါသေးသည်ဟုဆိုရပေမည်။
သို့နှင့်ကျွန်မသည်ရသေ့စိတ်ဖြေပြင်သစ်စာသင်တန်းကိုတက်ခဲ့ပါသည်။အမှန်ပြောရရင်ဖြင့်ကျွန်မ၏စိတ်အခြေ
ခံသည်ကျွန်မ မရရှိခဲ့သောအရာများနေရာမှာအစားထိုးဖို့ဟူသောရည်ရွယ်ချက်ကလွှမ်းမိုးလျက်ရှိနေလေသည်။ ကျွန်မ၏ပတ်ဝန်းကျင်သစ်သည်အတိတ်ကဒဏ်ရာများကိုမေ့ပျောက်ဖို့များစွာအကူအညီပေးခဲ့ပါသည်။သို့ရာ
တွင်အပျော်အဖြစ်တက်ခဲ့သော်လည်းပျော်သင့်သလောက်မပျော်ခဲ့ရပဲနောက်ဆုံးတွင်အရူံးပေးကာကျွန်မ၏
မူရင်းစာရေးသောအလုပ်ဖြစ်သောလူမှန်နေရာမှန်ဆီကိုသာပြန်ရောက်ခဲ့ပါတော့သည်။
ကျွန်မကြုံခဲ့ရသောအဖြစ်များသည်ဘဘကြီးအမြဲလိုလိုဆုံးမခဲ့သောBlessingInDisguise“အဆိုးထဲကအ
ကောင်း”ဟူသောဆုံးမစကားကြောင့်သာမဟုတ်လျှင်ရူးသွပ်သွားနိုင်လောက်ပါသည်။သို့သော်ကြုံခဲ့ရသောအ
ဖြစ်များကိုရယ်သွမ်းသွေးကာခံနိုင်ရည်ရှိခဲ့ခြင်းကားဘဘကြီး၏ဆုံးမစကား၊မေမေကြီး၏အားပေးစကားများနှင့်
ကျွန်မ၏ဆုံးဖြတ်ချက်များအပေါ်အမြဲလိုလိုနားလည်ပေးခဲ့သောကျွန်မ၏မိဘများကြောင့်ပဲဖြစ်ပါတော့သည်။
(အင်း…ကျွန်မအကိုကသူ့နံမယ်မပါလို့ပြောဦးမည်ထင်သည်။သည်တော့…..)ကျွန်မဘာလုပ်လုပ်ကျွန်မဘက်ကရပ်တည်ကာနင့်သဘောပဲ၊နင်စိတ်ပါမှလုပ်၊စိတ်မပါပဲဘာမှမလုပ်နဲ့ဟုအကိုမောင်ရစ်ပြောတတ်သောစကား
များသည်ကျွန်မအတွက်အားဆေးတစ်ခွက်ဖြစ်ခဲ့ပါကြောင်း…….။
ဂျူနီယာဝင်း