(2010 သြဂုတ်လတုန်းကစိတ်ကူးချိူချိူ၁၁နှစ်ပြည့်ထုတ်စာအုပ်ထဲက“ရဲစွမး်သတ္တိ”
ဆိုတဲ့စာအုပ်အတွက်“သတ္တိရှိခြင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ပဲဆောင်းပါးအသစ်တစ်ပုဒ်ရေး
ပေးဖူးတယ်။အခုဆောင်းပါးကတော့လွန်ခဲ့တဲ့၉နှစ်တုနး်ကရေးခဲ့တဲ့ဆောင်းပါးပါ။
လွန်ခဲ့တဲ့၉နှစ်တုန်းကရေးခဲ့တဲ့အခုဆောင်းပါးကိုအရင်တစ်ခါတင်ဖူးပြီးသား
“သတ္တိရှိခြင်း”(2010ခုနှစ်ကဆောင်းပါး)နဲ့ယှဉ်ဖတ်ကြည့်ပါလား။)
အမှတ်၁၄၈၊2001 ခုနှစ်မတ်လထုတ်အတွေးအမြင်မဂ္ဂဇင်းမှ
သတ္တိရှိခြင်း”
ဂျူနီယာဝင်း
သတ္တိရှိတာနဲ့မရှိတာကိုအမျိူးမျိူးအဓိပ္ပါယ်သတ်မှတ်ကြပါတယ်။ဘယ်လိုပဲအဓိပ္ပါယ်သတ်မှတ်
ပါစေ၊သတ္တိရှိတာကိုပဲကြိုက်နှစ်သက်ကြပါတယ်။ကျွန်မတို့သည်လည်းသတ္တိရှိတဲ့လူတစ်ယောက်
ပဲဖြစ်ချင်ကြပါတယ်။ဒါကြောင့်ဒီသတ္တိဆိုတာဘယ်လောက်တောင်အင်အားကြီးလို့လွှမ်းမိုးနေတာ
ပါလိမ့်လို့စဉ်းစားမိတယ်။
ကလေးဘဝကတည်းကဆရာစာမေးရင်ရဲရဲဝံ့ဝံ့ထဖြေရဲ့တာ၊ကျောင်းအုပ်ဆရာမကြီးအခန်းကို
ကိစ္စရှိလို့သွားရရင်သတ္တိရှိတဲ့သူကိုပဲရွေးချယ်သွားခိုင်းတတ်တာကစလို့သတ္တိဟာတော်တော်
အရေးပါနေပါတယ်။တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြတဲ့အခါဗလကောင်းတဲ့ကလေးက
အနို်င်ရသွားရင်ဒါကိုပဲသတ္တိလို့ခေါ်ဝေါ်သလားလို့ထင်ခဲ့မိတယ်။ရူံးမယ်မှန်းသိလျက်နဲ့ကိုယ့်
ထက်ဗလကောင်းတဲ့သူကိုပြိုင်ချရဲသူကိုရောသတ္တိရှိတယ်လို့ခေါ်သလား။ဒါတွေးစရာပါပဲ။
အဲဒီအတွက်OliverGoldsmith (1728-1774)ရဲ့စာကြောင်းအချိူ့ကိုထည့်စဉ်းစားကြရပါမယ်။
For he who fights and runs away,
Lives to fight another day.
အဓိပ္ပါယ်ကရှင်းပါတယ်။လူဆယ်ယောက်နဲ့ကိုယ်တစ်ယောက်ဆိုရင်ဘယ့်နှယ်လုပ်ပါ့မလဲ။
ထွက်ပြေးမှာပေါ့။ဒါကိုသတ္တိမရှိဘူးလို့မဆိုနိုင်ပါဘူး။မိမိမှာရှိတဲ့ညဏ်တစ်မိုက်လေးနဲ့မိုက်ရူး
ရဲဆန်တဲ့လုပ်ရပ်ကိုမလုပ်တာဟာကိုယ့်အသက်ဆက်ရှင်ဖို့၊ရင်ဆိုင်ဖို့အင်အားတွေရလိုက်
တာပဲဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာတစ်ခုခုကိုဆုံးဖြတ်ချက်ချဖို့ချီတုံချတုံဖြစ်နေတတ်ကြပါတယ်။အဲဒီအခါမှာ
တစ်ယောက်တစ်ယောက်ကသတ္တိဆိုတဲ့စကားလုံးနဲ့ကိုင်လိုက်ရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်
တွေတောင်ကိုယ်တကယ်လုပ်ချင်နေတာကနေသွေဖည်သွားတာတွေဖြစ်တတ်ပါတယ်။
William Shakespeare(1564-1616)ရေးတဲ့Julius Caesarပြဇာတ်မှာ ဂျူးလိယက်ဆီဇာ
JuliusCaesarရဲ့သတ္တိကိုအဓိပ္ပါယ်ဖွင့်ဆိုပုံကြောင့်သူ့ကုုိသူ့လူတွေသတ်ဖြတ်မယ့်အစီ
အစဉ်ထဲတိုးဝင်သွားခဲ့ရပါတယ်။
မတ်လ၁၅ ရက်သို့မဟုတ် The Ides of March မနက်မှာCaesarရဲ့ဇနီး Calpurniaဟာ
အိပ်မက်ဆိုးတစ်ခုမက်ခဲ့ပါတယ်။အိပ်မက်အရထိုနေ့မှာကျင်းပမယ့် Senate House
အစည်းအဝေးကိုတက်ရောက်မယ့်Caesar အတွက်နိမိတ်မကောင်းဘူးလို့ဆိုပါတယ်။
ဒါကြောင့် Caesar ကိုအိမ်ပြင်မထွက်ဖို့ဝိုင်းတားကြပါတယ်။Caesarကတော့အခုလို
ယူဆပါတယ်။
“Cowards die many times before their death. The valiant never taste
of death but once.”
“သူရဲဘောကြောင်သူများဟာအကြိမ်ပေါင်းများစွာသေပါတယ်။သတ္တိရှိသူများဟာ
တစ်သက်မှာတစ်ခါသာသေပါတယ်။”
သတ္တိရှိတယ်ဆိုတာဟာအန္တရယ်ကိုမကြောက်ခြင်းနဲ့ရင်ဆိုင်ခြင်းဖြစ်တယ်လို့
Caesar ကဆိုပါတယ်။“အန္တရယ်ကောင်နဲ့ဆီဇာနဲ့ဟာတစ်ရက်တည်းမွေးခဲ့တဲ့
ခြသေ့င်္နှစ်ကောင်ဖြစ်ပါတယ်။ပြီးတော့ ဆီဇာ ဟာအကြီးဖြစ်ပြီးပိုပြီးတော့ကြောက်
ဖွယ်ကောင်းပါတယ်။”
We are two lions litter’d in one day,
And I the elder and more terrible.
နောက်တော့တားမြစ်သံတွေသတိပေးသတွေကြားထဲမှာ Caesar ဝေ့လည်လည်
ဖြစ်နေစဉ်မှာ Decius ဆိုသူပုဂ္ဂိုလ်ကအခုလိုဆွလိုက်ပါတယ်။သူက-
“Caesar မိန်းမရဲ့အိပ်မက်ကြောင့် Caesar ကြီးရောက်မလာတာကိုသာသိသွား
ခဲ့ရင်နောက်တစ်ခါစည်းဝေးပွဲမှာ Caesar ရဲ့မိန်းမအိပ်မက်လှလှမက်ပါစေလို့
ဆုတောင်းပေးကြရတော့မယ်ထင်ပါတယ်။”
လို့ဆိုလိုက်ပါတယ်။
လူငယ်တွေအချင်းချင်းဆေးလိပ်သောက်ဖို့ဆွယ်တာ၊အရက်သောက်ဖို့တိုက်တွန်း
တာကိုမပြောနဲ့၊Caesarလိုပုဂ္ဂိုလ်ကြီးတောင်မှဒီလိုစကားမျိူးပြောတာမခံနိုင်ပါဘူး။
ဘယ်သူကရောသူရဲဘောကြောင်သူဖြစ်ချင်မှာလဲ။အထူးသဖြင့်ဆီဇာ့လိုပုဂ္ဂိုလ်ဟာ
လူပုံအလယ်မှာအရှက်မရချင်ပါဘူး။ဒီလိုအပြောမျိူးတွေကိုဆင်ခြင်ပြီးခံနိုင်တာကို
ရောသတ္တိလို့ခေါ်နိုင်သလားလို့ကျွန်မစဉ်းစားမိပါတယ်။
George Bernard Shaw (1856-1950)ရဲ့ Androcles and the lion ပြဇာတ်မှာ
ခြသေ့င်္အစာကျွေးခံရတဲ့ခရစ်ယာန်တွေအကြောင်းတွေ့ရမှာဖြစ်ပါတယ်။ရောမအင်
ပါယာဟာခရစ်ယာန်များကိုသူတို့ကိုလွှမး်မိုးဖို့ကြိုးစားနေကြသူများဟုယူဆပြီး
သတ်ဖြတ်နှိမ်နင်းပစ်ခဲ့ကြပါတယ်။ခရစ်ယာန်များဟာရောမနတ်ဘုရားများကိုကန်
တော့ခြင်း၊အမွေးတိုင်ပူဇော်ခြင်းများကိုပြုလုပ်ဖို့ငြင်းဆန်ခဲ့ကြပါတယ်။အဲဒီအတွက်
အမျိူးမျိူးသတ်ဖြတ်ခံရမူများထဲမှာခြင်္သေ့စာကျွေးခြင်းလည်းအပါအဝင်ဖြစ်ပါတယ်။
ခရစ်ယာန်များကသူတို့ရဲ့အသက်ပေးမူကိုChristဘုရားသခင်၏ကယ်တင်ခြင်း
ဟုယူဆပြီးစိတ်အားထက်သန်လျက်ရှိနေကြကြောင်းကိုG.B.Shawကသူ့ပြဇာတ်ထဲမှာ
ရေးဖွဲ့ထားပါတယ်။
G.B.Shaw ရဲ့ဇာတ်ကောင်ခရစ်ယာန်တွေရဲ့သတ္တိနဲ့ပတ်သက်ပြီးသူတို့ကိုထိန်းသူ
ကပ္ပတိန်ကအခုလိုမှတ်ချက်ချပါတယ်။“မင်းတို့ခရစ်ယာန်တွေရဲ့သတ္တိဟာအမှန်တော့
မိုက်မဲမူသာဖြစ်ပါတယ်။မင်းတို့ဟာကမ္ဘာပေါ်မှာအမိုက်မဲဆုံးသတ္တဝါတွေပဲ”။
ခရစ်ယာန်အမျိူးသမီး Laviniaလာဗီနီရာကိုလည်းဒိုင်ယာနာနတ်သမီးရုပ်တုရှေ့မှာ
အမွှေးတိုင်ထွန်းပြီးသူ့ကိုသာလက်ထပ်လိုက်ရင်ခြင်္သေ့စာကျွေးလည်းမခံရတော့ဘူး
လို့ကပ္ပတိန်ကဆိုပါတယ်။အဲဒီလိုလုပ်လိုက်ဖို့လည်းအကြိမ်ကြိမ်တောင်းဆိုခဲ့ပါ
တယ်။ဒါပေမယ့်Lavinia ရဲ့နောက်ဆုံးပြန်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်
ကပ္ပတိန်ဟာ Lavinia သာအမွှေးတိုင်ထွန်းခဲ့ရင်တောင်သူဘယ်လိုမှခွင့်လွှတ်မှာ
မဟုတ်ဘူးဖြစ်သွားခဲ့ရပါတယ်။
“အကယ်၍ ကျွန်မက ဒီအမွေးတို်င်ကိုထွန်းပြီးဒီပွဲကိုအဆုံးသတ်လိုက်မယ်…
နောက် ကပ္ပတိန်နဲ့လက်ထပ်လိုက်မယ်ဆိုရင် နောင်တစ်ချိန်ကျွန်မမွေးလာတဲ့
သားတွေကို ကျွန်မလို သူရဲဘောနည်းသူတွေအဖြစ်ခံယူခိုင်းလိုက်မှာလား”တဲ့။
G.B.Shaw ဟာသူ့ရဲ့ပြဇာတ်မှာရောမခေတ်ကပုံရိပ်တွေကိုထင်ဟပ်ပြီးဟာသ
ဆန်ဆန်ရေးဖွဲ့ထားပါတယ်။ခရစ်ယာန်ဘာသာကိုလွတ်လွတ်လပ်လပ်ကိုးကွယ်
ခွင့်ရဖို့နှစ်ပေါင်း၃ဝဝလောက်ကြာခဲ့တယ်လို့လေ့လာခဲ့ဘူးပါတယ်။နောက်ဆုံး
ကြီးမားတဲ့ပြောငး်လဲမူကတော့အင်ပါယာ Constantine လက်ထပ်မှာဖြစ်ပါတယ်။
သူကိုယ်တိုင်လည်းခရစ်ယာန်ဖြစ်လာပြီးခရစ်ယာန်ဘာသာဟာရောမလူမျိူးအား
လုံးရဲ့တစ်ခုတည်းသောဘာသာဖြစ်လာပါတယ်။
သတ္တိ(courage)ဆိုတဲ့ noun ကို abstract noun သဘောတရား၊အတွေးအခေါ်၊
ခံစားမူစသည်တို့ကိုပြသောနာမ်လို့ခေါ်ပါတယ်။ဆိုလိုတာကကိုင်တွယ်ပြီးပြလို့
မရတဲ့နာမ်လို့ဖြစ်ပါတယ်။သူနဲ့အဓိပ္ပါယ်တူတဲ့စကားလုံးတွေက valiant, brave
တို့ဖြစ်ပါတယ်။ကိုင်တွယ်ချိန်တွယ်ပြီးပြလို့မရပေမယ့်သတ္တိရှိတယ်၊မရှိဘူးဆိုတာ
ကိုတော့ကိုယ့်ဘာသာကိုယ်သတ်မှတ်ထားခဲ့ကြပါတယ်။ဘယ်လိုပဲသတ်မှတ်ပါစေ
သတ္တိရှိတာကိုတော့ပိုကြိုက်ကြပါတယ်။
Caesar ဟာသူ့မိန်းမရဲ့အိပ်မက်ကိုအယူသီးပြီးအပြင်မထွက်လို့သေဘေးကလွတ်
သွားတယ်ဆိုတဲ့အပြောမျိူးခံရမှာထက်အခုဆိုရင်ရာဇဝင်မှာသူ့ရဲ့သူရဲဘောမနည်း
တဲ့စိတ်ဓါတ်ကတွင်ကျန်ရစ်ခဲ့ပါတယ်။ခရစ်ယာန်တွေဟာသူတို့ရဲ့ဘာသာကိုအသက်
ထက်တောင်တန်ဖိုးထားကြပါလားဆိုတဲ့သူတို့ရဲ့သတ္တိဟာလည်းယနေ့တိုင်ပြော
စမှတ်ပြုနေကြရပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းမတူကြလို့
သူတို့ကိုချီးမွမ်းချင်ချီးမွမ်းမယ်၊ကဲ့ရဲ့ချင်ကဲ့ရဲ့ကြမယ်။ဒါပေမယ့်သူတို့ရဲ့“သတ္တိ”
ဆိုတဲ့အရာကိုအရောင်ဆိုးလို့မရတာကတော့သေချာပါတယ်။
No comments:
Post a Comment