Thursday, December 3, 2015

ဆရာကြီးဦးသက်ထွန်းသို့အမှတ်တရ ဂျူနီယာဝင်း



(ဆရာကြီးဦးသက်ထွန်း အမှတ်တရစာအုပ်)


ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသက်ထွန်း၊ ဆွစ်ဇာလန်နိုင်ငံ စပိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသက်ထွန်း ဟူသော ဆရာကြီးဦးသက်ထွန်းကို ကျွန်မစတင်သိကျွမ်း ခင်မင်ခွင့်ရခဲ့ချိန်မှာ ဆရာကြီး ဒါရိုက်တာအဖြစ် ထွန်းဖောင်ဒေးရှင်းဘဏ်တွင် တာဝန်ယူစဉ်က ဖြစ်ပါသည်။ အချိန်ကာလအားဖြင့် ၂၀၀၈ ခုနှစ်လောက်မှာ ဖြစ်ပါသည်။


(ဆရာကြီးဦးသက်ထွန်းနှင့် ၂၀၀၈ခုနှစ် တုန်းက အမှတ်တရ နောက်တွင် ရပ်နေသူမှာ ကျွန်မ၏ဖခင် ဒေါက်တာခင်မောင်ဝင်း)
(ထိုဓါတ်ပုံမှာ ဆရာကြီး ဦးသော်ကောင်းက ရိုက်ပေးခဲ့တာ ဖြစ်ပါသည်။)
ကျွန်မဘာသာပြန်ရေးသားခဲ့သော Lewis Carroll ‘s Alice in Wonderland ကို “အဲလစ်နှင့် အံ့ဖွယ်ကမ္ဘာ“ စာအုပ်လေးအား ထွန်းဖောင်ဒေးရှင်းမှ ၂၀၀၈ ခုနှစ်အတွက်ကလေးစာပေ ဆုချီးမြင့် ခဲ့သည်ဟု ကြားသိခဲ့ရစဉ်တွင် ကျွန်မတို့ မိသားစုအတွက် ဆရာကြီးဦးသက်ထွန်း နှင့်ရင်းနှီးခွင့်ရဖို့ အခွင့်အရေး ရခဲ့သည်ဟု ဆိုရပါလိမ့်မည်။ ဆရာကြီးနေထိုင်သော လမ်းသွယ်သည် ကျွှန်မတို့ အိမ်နှင့် တလမ်းသာခြားပါသည်။ ထိုဆုရသော “အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ“ စာအုပ်ကို ဆ၇ာကြီးက လက်မှတ်ထိုး၍ လာပို့ပေးစေလိုကြောင်းဆိုသဖြင့် ဆရာကြီး အိမ်ကို ပထမဦးဆုံးရောက်ဖူး ခဲ့ပါသည်။ ကျွန်မသည် သံအမတ်ကြီးဦးသက်ထွန်း ဟူသော ဂုဏ်ပုဒ်ကြီးကြောင့် တွေ့ဆုံရမည့်အရေး အလွန်ပဲ ကြောက်ခဲ့မိသည်။ ဆရာကြီး၏ အိမ်ကလေးသည် သစ်ရိပ်ပင်ရိပ်ဖြင့် သာသာယာယာ အေးချမ်းလှသောကြောင့် ကျွန်မစိတ်ထဲက စိုးရိမ်မူများ များစွာသက်သာ ရာရခဲ့ပါသည်။ (သြော်…. မြို့ကြီးပြကြီး ထဲက အေးချမ်းတဲ့ အရိပ်အာဝါသဟာ လူ့ရဲ့စိတ်ကို ပြောင်းလဲစေသတဲ့လား။)

ဆ၇ာကြီးဦးသက်ထွန်းသည်ကျွန်မပေးသော စာအုပ်လေးကို လက်ခံယူရင်း ဆုရရှိသူတစ်ဦး ဖြစ်တာကြောင့် ဆက်လက် လုပ်ဆောင်စရာများစွာ ရှိသေးကြောင်း ရှင်းပြပါသည်။ ဆရာကြီးကို တွေ့မြင်ရသည်မှာ မာန်မာနမရှိပဲ၊ ကျွန်မလို ဘာမဟုတ်သည့် သူတစ်ယောက်အပေါ် ယခုလို နွေးနွေးထွေးထွေး စကားပြောတာ၊ တရင်းတနှီး ရှိနေတာကို ကျွန်မအတွက် ဂုဏ်ယူစရာ ဖြစ်ရပါသည်။ ဆရာကြီးနှင့်စကားပြော နေရင်း ကျွန်မအဘို ဘဘကြီးဦးခင်မောင်လတ် ကို မြင်ယောင်နေမိပါသည်။ (ဘဘကြီးလဲ အဲသည်လိုပဲ။ သူ့တပည့်တပန်းတွေနဲ့ စကားပြောရင် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိတယ်။) နောက်ပိုင်းမှာ ဆရာကြီးနှင့် တွေ့ဆုံဖို့ အခွင့် အလန်းများကြုံလာတိုင်း အနားကပ်ဖို့ ကြောက်မိသောလည်း ဆရာကြီးအနားသွားကာ ဂရုတစိုက် နှူတ်ဆက်ဖြစ်ခဲ့ပါသည်။ ကျွန်မတို့က ဆရာကြီးနှင့် နှူတ်ဆက် စကားသွားပြောတိုင်း ၀မ်းသာအားရ လက်ခံ ပြန်ပြောပါသည်။

ကျွန်မက ထွန်းဖောင်ဒေးရှင်းကပေးသော ကလေးစာပေဆုရသဖြင့် ကျွန်မ၏ မိတ်ဆွေများကို ဖိတ်ကာ အိမ်မှာ ကြက်ဆီထမင်း ၀ယ်ကြွေးဖြစ်ပါသည်။ ဆရာကြီးလို ဧရာမ ပုဂ္ဂိလ်ကြီးကို အိမ်သို့ မဖိတ်ဝံ့ပါ။ ထိုနေ့က ဆရာကြီးထံ ကြက်ဆီထမင်းထုတ်များ ကိုင်ကာ ကိုယ်တိုင်သွားပို့ ဖြစ်ပါသည်။ ကျွန်မမှတ်မိနေတာက အဲသည်နေ့က ဆရာကြီးနှင့်အတူ ဧည့်သည်တစ်ယောက် ရှိနေပါသည်။ ကျွန်မသည် ဆုရလို့ကျွေးတာပါဟု စကားဆိုရင်း စကားပြော နေတာ အနှောက်အယှက် ဖြစ်မှာ စိုးသဖြင့် ချက်ချင်းပြန်ဖို့ ထရပါသည်။ ဆရာကြီးသည် ပြုံးကာ နှူတ်ဆက်ရင် နှင့် “အတော်ပဲ - ဧည့်သည်ကို ပါ ကြက်ဆီထမင်း ကျွေးတာပေါ့“ ဟုပြောလိုက်တာ ကျွန်န်မ အခုထိ အမှတ်ရနေပါသည်။ (ဆရာကြီး နှင့်တွေ့ရလေ၊ ကျွန်မအဘိုး ကိုပိုပြီးသတိရလေပါပဲ။)

ဆရာကြီးကွယ်လွန်သွားပြီဟု သတင်းကြားချိန်မှာ ကျွန်မအဘိုးနှင့် တူတဲ့သူတစ်ဦး အဖြစ်လေးစား ချစ်ခင်ရသူသည် လောကကြီးထဲ မရှိတော့ ပါလားဟု များစွာ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။ အခုတော့ ဆရာကြီး ကွယ်လွန်သွားခဲ့တာ သုံးနှစ်တောင်ရှိပါပီ။ သံအမတ်ကြီးတစ်ဦး၏ အမှတ်တရ စာအုပ်တစ်အုပ်မှာ ကျွန်မလို ဘာမဟုတ်တဲ့ သူတစ်ယောက်က အခုလို ရေးခွင့်ကြုံကာ ရေးခွင့် ပေးခံရတာကို ကျွန်မမှာ မတန်မရာ နေရာရသလိုပင် ခံစားနေမိပါသည်။ စိတ်သဘောထား အေးချမ်းသော၊ နွေးထွေးသော ဆရာကြီး အတွက် အမှတ်တရစကားဆိုရင်းနှင့် ဆရာကြီး၏ စာဖတ်ပရိသတ်တစ်ဦးအနေဖြင့် ခင်မင်လေးစားရသူ စာပေပညာရှင်ကြီးတစ်ဦးအား သတိတရရှိနေဆဲ ရှိပါကြောင်းဖြင့်…….။



No comments: