ေခတ်တစ်ခေတ်၏ သူရဲကောင်းများ
ဂျူနီယာဝင်း
(အတွေးအမြင် အမှတ်-292, 2016 Oct)
ပြင်သစ်စာရေးဆရာကြီး အလက်ဇန်ဒါဂျူးမား (Alexandre Dumas) (၁၈၀၂-၁၈၇၀) ရေးသားသော Three Musketeers (သူရဲကောင်းသုံးယောက်) သည် ၁၈၄၄ မှာ ထွက်ရှိခဲ့သည်။ ဝတ္တုသည် သမိုင်းရာဇဝင်စွန့်စားခန်းဖြစ်သည်။ ဖတ်လို့အလွန်ကောင်းသည်။ ပြင်သစ်ဘုရင်လူဝီ-၁၃ (Louis XIII) (၁၆၁၀) လက်ထက်ကို နောက်ခံထားထားသော ဝတ္တုကြီးဖြစ်သည်။ လူဝီ-၁၃၏ ဝန်ကြီးချုပ် ရစ်ချလူးသည် ၁၆၂၅ တွင် အာဏာရလာချိန်တွင် ဒါးတညန် အမည်ရှိ လူငယ်လေးက ပါရီသို့ ရောက်လာသည်။ ဒါးတညန် နှင့် ဘုရင့်သူရဲကောင်းသုံးယောက်ဖြစ်သော အော်သို၊ ပေါသို၊ အာရမီ တို့နှင့် တွေ့ဆုံခဲ့ကာ သူတို့လေးဦး စွန့်စားခန်းများဖြင့် ပရိသတ်များကို မိတ်ဆက်ပေးထားသည်။
ခေါင်းစဉ်အားဖြင့် သူရဲကောင်းသုံးဦးဟု တပ်ထားသည်။ ဒါးတညန်သည် နောက်မှ ပေါက်သောရွှေကြာပင် ဖြစ်သည်။ သို့သော် တစ်ဦးနှင့်တစ်ဦး သံယောဇဉ်တွယ်ကာ ဓားရေးကျမ်းကျင်သော သူရဲကောင်းများအဖြစ် တိုင်းပြည်ကို ကာကွယ်ကြပုံများအဖြစ် မြင်တွေ့ကြရသော ဝတ္တုကြီးဟု ဆိုနိုင်ပါသည်။ သူတို့၏ ကြွေးကြော်သံမှာ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟု ဖြစ်သည်။ သူတို့ထဲက တစ်ဦးဦး ဒုက္ခရောက်ပါက အားလုံးနဲ့ဆိုင်သည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ တစ်ဦးကိုတစ်ဦး အသက်ပေး၍ ကာကွယ်ပေးကြမည်ဟူသောသဘော ဖြစ်သည်။ ဝတ္တုကို ဘာကြောင့် The Four Musketeers သူရဲကောင်းလေးယောက်ဟု မတပ်သလဲဟု တွေးစရာဖြစ်သည်။ ဂျူးမားသည် သူရဲကောင်းသုံးယောက်ကိုသာ အဓိကထားလိုသည်ဟု မြင်သည်။ ဒါးတညန်သည် သူတို့ဘဝထဲကို နောက်မှ ဝင်လာသည့်လူတစ်ဦးဖြစ်ကာ၊ ဒါးတညန်ကို တူသားတစ်ဦးလို ချစ်ခင်ပြီး၊ သူလုပ်သမျှတွေကို ၀ိုင်းဝန်းကူညီပေးကြသူများအဖြစ် တွေ့မြင်ရသည်။ သို့သော် နောင်တစ်ချိန်တွင် ဒါးတညန်သည် သူတို့အား ဒုက္ခပြန်ပေးလိမ့်မည်ဟု စာဖတ်သူများပင် မရိပ်မိအောင် ဂျူးမားက ရေးသားနိုင်စွမ်းရှိပါသည်။
ဒါးတညန်သည် တော်ဝင်မိသားစုမှမွေးဖွားလာသူ အဓိကဇာတ်ကောင်အဖြစ် တွေ့ကြရသည်။ သူ၏အိပ်မက်က နန်းတော်မှာ သစ္စာရှိသူရဲကောင်းအဖြစ် အလုပ်အကျွေးပြုလိုသည်။ ဖခင်ဖြစ်သူက မိတ်ဆွေဟောင်းဖြစ်သော ပြင်သစ်သူရဲကောင်းများ၏ ကပ္ပတိန်ထံ စာတစ်စောင်ပေးကာ သူ့သားကို လွှတ်လိုက်သည်။ စာကို ဒါးတညန်လက်ထဲကနေ အခိုးခံလိုက်ရသည်။ ယင်းသည် နောက်ပိုင်း သူရဲကောင်းသုံးဦးနှင့် တွေ့ဆုံကြဖို့ ဇာတ်ကွက်များ ဖြစ်လာသည်။
ဂျူးမားသည် သူ၏သူရဲကောင်းများကို ယခုလိုပုံဖော်ရေးသားခဲ့သည်။ ဒါးတညန်က စူးရှထက်မြတ်သော အသက်၁၆နှစ်- ၁၈နှစ် အရွယ်သာသာ လူငယ်ကလေး၊ အော်သိုက စကားအပြောအဆိုနည်းပြီး၊ အရေးတကြီးစကားအပြောအဆိုနည်းပြီး၊ အရေးတကြီးကိစ္စများတွင်သာ လက်ဟန်ခြေဟန်၊ မျက်နှာရိပ် မျက်နှာကဲဖြင့်သာ အပြောအဆိုရှိသူ၊ ပေါ်သိုကတော့ အဝတ်အစားဖက်ရှင်ကျကျ ဝတ်ဆင်ရတာ နှစ်သက်သူ၊ အာရမီကတော့ ဘုရားရှိခိုးကျောင်းက ဘုန်းတော်ကြီးအဖြစ် သူ့ဘဝကို တည်ဆောက်ချင်သူ စသည်ဖြင့် သူတို့၏ပုံပန်းများကို မှန်းဆကြည့်ရမည်ဖြစ်လေသည်။ သူတို့အားလုံး၏ တူညီသောအချက်က ဓားရေး အလွန်ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ သို့သော် အသက်အငယ်ဆုံး ဒါးတညန်သည် သူရဲကောင်းသုံးယောက်နှင့် ယှဉ်ခုတ်နို်င်သူအဖြစ် တွေ့ကြရသည်။
ဇာတ်လမ်းသည် ရှေးခေတ်နိုင်ငံရေးသမိုင်းဝင်အဖြစ်များကို ပြန်ပြောင်းမြင်ယောင်စေသည်။ ထိုခေတ်က သူရဲကောင်းတွေကသည်လိုပါလား ဟု အထင်ကြီးဖွယ်ဖြစ်အောင် ရေးသားထားသည်။ ဝတ္တုထဲတွင် မီလာဒင် ဟူသော အမျိုးသမီးဇာတ်ကောင်ပါသည်။ မီလာဒီသည် တစ်ချိန်တုန်းက အော်သို၏ဇနီးဖြစ်ခဲ့ဖူးပြီး၊ မကောင်းမှုများစွာကို လျို့ဝှက်စွာ ကျူးလွန်ခဲ့သူဖြစ်သည်။ နောက်တော့ ဝင်တာမြို့စားနဲ့လက်ထက်ခဲ့ကာ သူ့နောက်ကြောင်းကို မြှုပ်ထားသည်။ မြို့စားကွယ်လွန်သွားတေ့ာ ကာဒိနယ်ရစ်ချလူးထံ သူလျှို၊ သတင်းပေး၊ လူသတ်စသော မကောင်းမှုများ လုပ်ပေးခဲ့လေသည်။
၁၈၅၄တွင် Twenty Years After (နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက်) ဟူသော ဝတ္တုကြီး ထွက်ပေါ်လာသည်။ သူရဲကောင်းသုံးယောက်၏ အဆက်ဖြစ်သည်။ ဒါးတညန်နှင့် သူရဲကောင်းသုံးယောက်တို့သည် တစ်ဦးနှင့်တစ်ဦး ခွဲခွာခဲ့ကြပြီးနောက်၊ နှစ်ပေါင်းနှစ်ဆယ် ကြာပြီးနောက်၊ ၁၆၄၈-၄၉ ကျမှ ပြန်တွေ့ကြလေသည်။ ၄င်းတို့သည် ထိုကာလအတွင်း အင်္ဂလန်နိုင်ငံ၏ ပြည်တွင်းစစ်ထဲ ပါဝင်လှုပ်ရှားကြပုံများဖြစ်သည်။
ဂျူးမားသည် လွန်ခဲ့သောနှစ် ၂ဝကျော်က သမိုင်းဝင်အဖြစ်အပျက်များနှင့် ယခုနောက်နှစ်၂ဝကြာပြီးနောက် ပြောင်းလဲသွားသော နောက်ခံသမိုင်းအကြောင်းများကို အချိတ်အဆက်မိမိ ရေးသားသွားသည်။ ဘုရင်လူဝီ-၁၅၏ ကလေးဘဝ၊ အင်္ဂလန်ပြည်တွင်းစစ် အဆုံးသတ်၊ တော်လှန်ရေးကို ဦးဆောင်သူ အော်လီဗာခရွန်းဝဲလ်၏ အောင်မြင်မှုများရဖို့ ဦးတည်လာပုံ၊ ဘုရင် ချား (၁) ကွပ်မျက်ခံရပုံ၊ ပြင်သစ်နိုင်ငံမှ သမိုင်းဝင်အဖြစ်များကို တွေ့ကြရသည်။
ဇာတ်အိမ်သည် နိုင်ငံရေးအရရော၊ သမိုင်းအရပါ ရှုပ်ထွေးလှသည်။ သြစတြီးယားဘုရင်မ အမ်၊ ဝန်ကြီးချုပ် မာဇာရင်၊ ဘာစ်တီးအကျဉ်းထောင်မှ လူဝီ-၁၃ ၏ သစ္စာခံ ကာဒီနယ်ဒီရစ်ချလူးတို့အပြင် မိခင်ဖြစ်သူ မီလာဒီ သေဆုံးမှုအတွက် လက်စားချေဖို့ စိတ်အားထက်သန်နေသူ သားဖြစ်သူက အော်သိုကို လက်တုုံ့ပြန်မှုများက စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းများ ဖြစ်သည်။
ဝတ္တုကြီးထဲတွင် စစ်ပွဲအတွင်း ဒါးတညန်၊ ပေါ်သိုတို့ကတစ်ဖက်၊ အာရာမီနှင့် အော်သိုက တစ်ဖက် ဖြစ်ခဲ့သော်လည်း၊ စစ်မြေပြင်တွင် သူတို့လေးဦးဆုံတွေ့သောအခါ ပြန်လည်ပေါင်းစည်းမိကြကာ ဘုရင်ချား (၁) ဘက်က တိုက်ခဲ့ကြသည်။ ဘုရင်ချား (၁) ကွပ်မျက်ခံရမည့် ကိစ္စတွင် ကယ်တင်ဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် မအောင်မြင်ပဲ သူတို့ပြင်သစ်သို့ ပြန်လာကြသည်။ နောက်ဆုံးခန်းတွင် ဒါးတညန်က ပါရီတွင် နေရစ်ကာ ဘုရင့်အမှုတော်ထမ်းသည်။ အော်သိုနဲ့ပေါ်သိုတို့က သူတို့နေရပ်သို့ ပြန်သွားသည်။ အာရာမီက ဘုရားရှိခိုးကျောင်းတွင် ဘုန်းတော်ကြီးလုပ်သည်။
ထိုဝတ္တုသည် ဂျူးမားရေးသားသော ဝတ္တုတွေထဲမှာ ဖတ်လို့အကောင်းဆုံးအဖြစ် ခံစားမိသည်။ ထပ်ကာတလဲလဲပြန်ဖတ်ချင်သည်။ ဂျူးမားသည် သူဖန်တီးသော ထိုသူရဲကောင်းများကို စာဖတ်သူများအား သံယောဇဉ်ဖြစ်သွားအောင်၊ ချစ်ခင်သွားအောင် ပြုစားလိုက်သော အရေးအသားများအဖြစ် မှတ်ကျောက်တင်ရမည်ဖြစ်လေသည်။ ထိုကဲ့သို့သော စာဖတ်သူများအား ဆွဲဆောင်လိုက်သော၊ သူတို့ကို သံယောဇဉ်ဖြစ်ကာ သက်ရှိလူသားများ၊ သူရဲကောင်းများသဖွယ် ဖြစ်သွားရသော သူတို့ကိုTwenty Years After ပြီးနောက် ဘာများဆက်ရေးလေမလဲ စိတ်ဝင်တစား ရှိလာကြစဉ်မှာ နောက်ဝတ္တုထွက်ပေါ်လာသည်။ ထိုဝတ္တုသည် စာဖတ်သူများ၏ နှလုံးသားကို ကွဲကြေသွားစေခြင်းသည် ဂျူးမား၏ The Three Musketeers ကနေ ဆွဲယူလာသော ရည်ရွယ်ချက်များ ဖြစ်လေမလားဟု သံသယဖြစ်ခဲ့ရပါသည်။
Twenty Years After ပြီးနောက်သိပ်မကြာမီမှာပင် ဂျူးမား၏ The Man In The Iron Mask (သံခေါင်းစွပ်မင်းသား) ဝတ္တုကြီး ထွက်ပေါ်လာသည်။ ယင်းတွင် သူရဲကောင်းသုံးယောက်နှင့် ဒါးတညန်တို့ကို ၁၆၆၁ ခုနှစ်တွင် ပြန်လည်တွေ့ကြရပုံဖြစ်သည်။ သူတို့၏ ကြွေးကြော်သံ One for All, All for One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဖြင့် ပြန်လည်အသက်သွင်းပေးလိုက်သည်ဟု ဆိုနိုင်သည်။ ဇာတ်လမ်းထဲတွင် ဒါးတညန်နဲ့ သူ့ရဲဘက်တွေက အခုနောက်နှစ် ၃၅ နှစ်ကြာမှာ ပြန်တွေ့ကြတော့ သူတို့ဘာတွေ ဖြစ်နေကြပြီလဲဟု စိတ်ဝင်စားဖွယ် ဖြစ်စေသော ဇာတ်လမ်းဖြစ်သည်။ အသက်အရွယ်အားဖြင့် လူကြီးပိုင်း အရွယ်ရောက်နေကြပြီဖြစ်သော သူရဲကောင်းသုံးယောက်အနက် အာရာမီကတော့ ဘုန်းတော်ကြီး၊ ပေါ်သိုက ချမ်းသာသော မြို့စားကြီး၊ အော်သိုက သားဖြစ်သူ သူရဲကောင်း ရာအို နဲ့အတူတကွ နေထိုင်လျက်ရှိကာ၊ ယခုအခါ အသက် ၅၀ နီးပါးအရွယ် ရှိနေသည့် ဒါးတညန်က ဘုရင်လူဝီ-၁၄၏ ကိုယ်ရံတော်ဖြစ်နေကာ သူရဲကောင်းများ၏ ကပ္ပတိန်ဖြစ်နေသည်။
ဇာတ်လမ်းအရရော၊ သမိုင်းအရပါ လူဝီ-၁၄က အသက် ၂၀ အရွယ်မှာ ထီးနန်းရသည်။ ဝတ္တုထဲတွင် သူမွေးကာစတုန်းက လူဝီ-၁၄မှာ သူနှင့်ချွတ်စွပ်တူသော အမြွှာလူဝီတစ်ယောက် ရှိခဲ့ပြီး၊ ၄င်းသည် မွေးခါစကတည်းက ထီးနန်းပြဿနာဖြစ်မည်စိုးကာ ဘာစတီးအကျဉ်းထောင်ထဲ သံခေါင်းစွပ်ထားကာ အသက်ရှင်နေခဲ့ရသည်ဟု ဂျူးမားက ဖန်တီးရေးသားထားသည်။ ယခုအခါ ထိုအမြွှာလေးသည် အသက် ၂၀ အရွယ်ရောက်နေပြီဖြစ်သည်။ တိုင်းပြည်ကို ကောင်းစွာမအုပ်ချုပ်သော လက်ရှိဘုရင်လူဝီ-၁၄ကို ထီးနန်းချပြီး၊ ထိုသံခေါင်းစွပ်မင်းသားလေးကို ထီးနန်းတင်ဖို့အကြံကို သူရဲကောင်းအာရာမီက ကြံစည်သည်။ အာရာမီနှင့်အတူ ပေါ်သိုက ပူးပေါင်းခဲ့သည်။ ယင်းအဖြစ်သည် ဘုရင့်အမှုတော်ထမ်း ဒါးတညန်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ အော်သိုတို့သားအဖမှာ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံကို သစ္စာရှိစွာဖြင့် ထိုကိစ္စထဲ ဝင်ပါလာသည်။
ဝတ္တုကြီးသည် အလွန်ရှုပ်ထွေးသော နိုင်ငံရေးဇာတ်အိမ်ကြီးဖြင့် တည်ဆောက်ထားသည်။ ဖတ်လို့တော့ အတော်ကောင်းသည်။ သို့သော် နောက်ဆုံးတွင် သူရဲကောင်းသုံးယောက်မှာ တိုင်းပြည်ကို သစ္စာဖောက်သူများဟူသော တံဆိပ်တပ်ခံရသည်။ ဒါးတညန်ဦးဆောင်သော သူရဲကောင်းစစ်တပ်၏ အဝိုင်းခံလိုက်ရကာ၊ သူရဲကောင်းသုံးယောက်ထဲက ခွန်အားဗလကြီးမားဆုံး ပေါ်သိုက အရင်သေသည်။ နောက်တော့ အော်သို သေသည်။ ဒါးတညန်သည် နောက်ဆုံးတော့လည်း One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံကို ရင်ထဲမှာပဲ သိမ်းထားလိုက်ရသည်။ သူ့မိတ်ဆွေများကို ကယ်တင်ဖို့ မအောင်မမြင်ဖြစ်သွားသည်။ နောက်ဒါးတညန်သည် ဘုရင့်အမှုတော် တာဝန်ဆက်ထမ်းရင်း သေဆုံးသွားသည်။ ဇာတ်သိမ်းမှာတော့ ပြဿနာကိုစခဲ့သူ အာရာမီတစ်ဦးသာ ကျန်ရစ်ခဲ့သည်။
The Three Musketeers မှသည် ယခုနောက်ဆုံးဝတ္တုကြီးအထိ သူရဲကောင်း ဇာတ်လမ်းများကို အသေးစိတ် သုံးသပ်ကြည့်ပါက၊ သူရဲကောင်းများသည် ဘုရင်အဆက်ဆက် အမှုထမ်းနေကြသော သစ္စာရှိသူရဲကောင်းများဖြစ်ကာ၊ ၄င်းတို့သည် တိုင်းပြည်အရေးထက် ဘုရင်တွေရဲ့ လူမှုရေးပြဿနာတွေ၊ တိုင်းရေးပြည်ရေးနဲ့မဆိုင်တဲ့ လူမှုရေးကိစ္စများကိုသာ အသက်ပေးပြီး၊ လုပ်ဆောင်နေကြသူများဖြစ်သည်ဆိုတာကို ပြသသွားသည်ဟု ဆိုရမည်။ ယခု The Man In The Iron Mask မှာ အသိသာဆုံး ဖြစ်သည်။ တိုင်းပြည်အတွက် အသက်ပေးဝံ့လေသော သူရဲကောင်းကြီး ဒါးတညန်ဟာ နောက်ဆုံးတော့လည်း ဘုရင်လူဝီရဲ့လူမှုရေးကိစ္စများနဲ့ ခိုင်းစေသမျှကို အသက်ဆုံးသည်အထိ လုပ်ပေးသွားသူအဖြစ် မြင်ကြရသည်။ ဘုရင်လူဝီ-၁၄ သည် စာဖတ်သူများ၏ ဟီးရိုးကြီး ဒါးတညန်ကို - မင်းဟာ နောက်ဆုံးတော့လည်း ငါ့ကိုယ်ရံတော်ဆိုတဲ့ ရာထူးမက်တဲ့ သာမန်လူတစ်ယောက်ပါပဲလား - ဟု ရယ်သွမ်းသွေးသွားတာကို ရင်နာနာနဲ့ စာဖတ်သူများ လက်ခံလိုက်ရခြင်းသည် ဂျူးမား၏ စာဖတ်သူများကို ပေးလိုက်သော မက်ဆေ့ချ်တစ်ခု ဖြစ်လေသည်။ သူရဲကောင်းလေးဦးရဲ့ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံသည်လည်း ငယ်ငယ်တုန်းက သီဆိုခဲ့သည့် စိတ်ကူးယဉ်တီးလုံးပမာ ပျက်ပြယ်သွားရလေသည်။
Man In The Iron Mask သည် အမှန်တော့ သူရဲကောင်းများဇာတ်သိမ်းဟု ဆိုရမည်ဖြစ်ပါသည်။ ဝတ္တုကို လေ့လာသုံးသပ်ကြည့်ပါ ‘သံခေါင်းစွပ်နဲ့လူ’ ဆိုတာ ဘာမှအရေးမပါလှပါ။ လွမ်းမောဖွယ် အချစ်ဇာတ်လမ်း၊ စွန့်စားခန်း၊ နိုင်ငံရေး၊ ဂုဏ်သိက္ခာ အစရှိသော အဖြစ်အပျက်များသည်သာ မှတ်ကျောက်တင် ကျန်ရစ်မည် ဖြစ်ပါသည်။ စာရေးဆရာကြီး ဂျူးမားသည် သူမွေးဖွားခဲ့သော သူရဲကောင်းများကို နောက်ဆုံးဇာတ်သိမ်းမကောင်းစွာ အဆုံးသတ်ပေးလိုက်ပါသည်။ တိုင်းပြည်ရဲ့ သူရဲကောင်းလို့ ကြွေးကြော်နေကြသူတို့ဟာ အမှန်တော့ တိုင်းပြည်ကောင်းစားဖို့ထက် အုပ်ချုပ်သူဘုရင်တွေ၊ ဘုရင်မတွေရဲ့ လူမှုရေးကိစ္စများနဲ့သာ အချိန်ကုန်ပြီး၊ အသက်စွန့်နေကြသူတွေသာ ဖြစ်ပါတယ်လို့ စာရေးဆရာကြီး ဂျူးမား၏ The Three Musketeers uae The Man In The Iron Mask အထိ သူရည်ရွယ်ချက်ရှိရှိ ဖန်တီးမွေးထုတ်ခဲ့တဲ့ သူရဲကောင်းတွေကို သူ့လက်နဲ့ပဲ သူဇာတ်သိမ်းခဲ့သော အဆုံးသတ်ကတော့ စာဖတ်သူများ၏ နှလုံးသားအား ကလောင်တံဖြင့် ထိုးနှက်လိုက်ခြင်း ဖြစ်ပါတော့သည်။
ဂျူနီယာဝင်း

No comments:
Post a Comment